Sunday, December 7, 2025

မှော်ကြေးမုံ

 

❝ မှော်ကြေးမုံ ❞
      ( ပုံပြင် )

ဟိုရှေးရှေးတုန်းက ဘုရင်ကြီး တစ်ပါးမှာ သားတော် သုံးပါးရှိသတဲ့ ။ အဲဒီ သားတော် သုံးပါးဟာ အချိန်တန် အရွယ်ရောက်လို့ တော်တော်ကလေး လူလားမြောက်လာတဲ့ အချိန်မှာ ဘုရင်ကြီးဟာ မမာမကျန်းဖြစ်ပြီး မျက်စိ ကွယ်သွားသတဲ့ ။

အဲဒီလို ဘုရင်ကြီး မျက်စိ ကွယ်သွားတော့ တိုင်းပြည် အတွင်းမှာ ရှိကြတဲ့ သမားတော်တွေ ၊ ပညာရှိ သုခမိန်တွေက ငါးတစ်မျိုးနဲ့ ဆေးဖော်ပြီး ကုသရင် ဘုရင်ကြီးရဲ့ မျက်စိတွေဟာ ပြန်ပြီး မြင်လာလိမ့်မယ်လို့ ပြောကြသတဲ့ ။ ဒါပေမယ့် ဒီငါးဟာ အလွန်လည်း ရှား ၊ အလွန်လည်း ထူးဆန်းလို့ မြင်ဖူးတွေ့ဖူးတဲ့လူ သိပ်ရှားသတဲ့ ။ ဒါနဲ့ သားတော်များက ဒီငါးကို သူတို့ ရှာပါ့မယ်ဆိုတော့ ပညာရှိသုခမိန်တွေက ဒီငါးအရုပ်ကို ရေးပြကြရသတဲ့ ။

ဒါနဲ့ သားတော်အကြီးက မြောက်အရပ်ကို ထွက်သွားပြီး မြောက်အရပ်မှာ ရှိတဲ့ မြစ် ၊ ချောင်း ၊ အင်းအိုင်တွေနဲ့ ပင်လယ်နက်ထဲ ထိအောင် ဒီငါးကို ရှာသတဲ့ ။ ဒါပေမယ့် မတွေ့လို့ ပြန်လာခဲ့ရသတဲ့ ။

သားတော်အလတ် ကတော့ အနောက်ရပ်မှာ သွားပြီး အနောက်အရပ်မှာ ရှိတဲ့ မြစ် ချောင်းအင်းအိုင်တွေနဲ့ မြေထဲပင်လယ်ထဲမှာ ရှာသတဲ့ ။ ဒါပေမယ့် အဲဒီငါးကို မတွေ့တာနဲ့ ပြန်လာခဲ့ရတာပဲတဲ့ ။

သားတော် အငယ်ဆုံး ဖြစ်တဲ့ အလီ ဆိုတဲ့ မင်းသားကလေး ကတော့ သူ့သူငယ်ချင်း တစ်ယောက်ကို ခေါ်ပြီး တောင်ဘက်ကို ထွက်သွားသတဲ့ ။ ဒါနဲ့ ရက်ပေါင်း အတော်ကြာ သွားမိတော့ ပင်လယ်နီ ကို ရောက်သွားကြသတဲ့ ။ဒီ အလီ မင်းသားကလေးဟာ ပညာရှိတော့ ပေါင်မုန့်တွေ အများကြီးကို ဖဲ့ဖဲ့ပြီး ပင်လယ်ထဲက ငါးတွေကို ကျွေးသတဲ့ ။ “ ဒီငါးတွေကို တို့က ဒီလိုကျွေးရင် သူတို့က တို့ကိုကျေးဇူးတင်ပြီး ကူညီကြလိမ့်မယ် ” လို့ သူ့သူငယ်ချင်းကို သူကပြောသတဲ့ ။

ငါးတွေကလည်း “ ဒီလူငယ်ဟာ တို့ကို အစာ ကျွေးတယ် ၊ ဒါကြောင့် တို့က သူ့ကို ကူညီကြရမယ် ” လို့ ပြောကြသတဲ့ ။ အဲဒီနောက် အလီ မင်းသားကလေးက ပိုက်ကွန်နဲ့ ပစ်လိုက်သတဲ့ ။ အဲဒီ အလွန် ထူးဆန်းတဲ့ ငါးကလေးဟာ တစ်ခါတည်းနဲ့ ကွန်ထဲမှာ ပါလာသတဲ့ ။ မင်းသားကလေးဟာ ဒီငါးကို အိတ်ထဲမှာ ထည့်ပြီး ယူမယ်လုပ်တော့ “ ငါးကလေးက သူ့ကို မဖမ်းပါ နဲ့ ၊ တစ်နေ့ အသင်ဟာ ကျွန်ုပ်ရဲ့ အကူအညီကို လိုပါလိမ့်မယ် ၊ အဲဒီအခါ ကျတော့ ကျွန်ုပ်က ကူညီပါမယ် ” လို့ ပြောတာနဲ့ မင်းသားကလေးက ဒီငါးကလေးကို ပင်လယ်ထဲ ပြန်ပစ်လိုက်သတဲ့ ။ သူ့ သူငယ်ချင်း ကိုလည်း ဒီအကြောင်း ဘယ်သူ့မှ မပြောပါနဲ့လို့ ပြောထားသတဲ့ ။

နန်းတော် ရောက်တော့ မင်းသားကလေး ကလည်း အဲဒီ ငါးကို သူလည်း မတွေ့ဘူးလို့ လိမ်ပြောတာပေါ့ ။ ဒါပေမယ့် ဘုရင်ကြီးရဲ့ မျက်လုံးများဟာလည်း သမားတော်တွေရဲ့ အစွမ်း နဲ့ ပြန်ပြီး မြင်လာပြန်သတဲ့ ။ မကြာခင် မင်းသားကလေး နဲ့ သူ့သူငယ်ချင်းတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် စကား များကြတော့ သူငယ်ချင်းက ဘုရင်ကြီးကို မင်းသားကလေးဟာ ငါးကို မိခဲ့ရဲ့သားနဲ့ ပင်လယ်ထဲ ပြန်လွှတ်ပစ်ခဲ့တဲ့ အကြောင်း လျှောက်ထားသတဲ့ ။ အဲဒီတော့ ဘုရင်ကြီး က ဒေါသထွက်ပြီး မင်းသားကလေးကို သ,တ်ပစ်ဖို့ရန် အမိန့်ပေးလိုက်သတဲ့ ။

မင်းသားကလေးကို သ,တ်ရမယ့် လူတွေ ကလည်း မင်းသားကလေးကို ချစ်လို့ မသ,တ်ချင်ကြဘူးတဲ့ ။ မင်းသားကလေး ကလည်း သူ့ကို မသ,တ်ပါနဲ့ ၊ သူဟာ ဒီတိုင်းပြည် ကိုလည်း ဘယ်တော့မှ ပြန်မလာပါဘူးလို့ ကတိပေးသတဲ့ ။ ဒါနဲ့ မင်းသားကလေးကို လွှတ်လိုက်ကြတာပေါ့ ။ မင်းသားကလေးလည်း သေဘေးမှ လွတ်တာနဲ့ တစ်ပြိုင်နက် ပြေးတော့တာပေါ့ ။ ဒါနဲ့ တောအုပ်ကြီး တစ်ခုထဲ ရောက်တော့ ဒရယ်ကလေး တစ်ကောင်ကို မုဆိုးတွေက လိုက်နေတာ တွေ့ရသတဲ့ ။ ဒရယ်ကလေးက တောင်းပန်တာနဲ့ မင်းသားကလေးက ဒရယ်လေးရဲ့ အသက်ကို ကယ်လိုက်သတဲ့ ။ ဒရယ်ကလေးက “ တစ်နေ့တော့ အသင့်ရဲ့ အသက်ကို ကျွန်ုပ် ကယ်နိုင်ပါလိမ့်မယ် ” လို့ ပြောပြီး သွားသတဲ့ ။

အဲဒီနောက် အလီ မင်းသားကလေးဟာ ခရီးဆက် သွားပြန်တော့ ညနေစောင်းအချိန်မှာ မြစ်ကလေးတစ်မြစ် အနီး ရောက်သွားသတဲ့ ။ အဲဒီမြစ်ဘေးမှာ သူ ထိုင်နေတုန်း မြေခွေး တစ်ကောင်က ပြေးလာပြီး သူ့ကို မင်းသားတစ်ပါးနဲ့ မင်းသားရဲ့ လူတွေက လိုက်ဖမ်းနေလို့ ကယ်ပါလို့ တောင်းပန်ပြန်သတဲ့ ။ ဒါနဲ့ အလီ မင်းသားကလေးက မြေခွေးကို သူ့အင်္ကျီနဲ့ ဖုံးထားလို့ မြေခွေး ဟာလည်း သေဘေးမှ လွတ်သွားပြန်သတဲ့ ။ မြေခွေး ကလည်း “ အသင့်မှာ အသက်အန္တရာယ် ကျရောက်နေတဲ့ အခါ အသင့်ကို ကျွန်ုပ်က ကယ်ဆယ်ပါမယ် ” လို့ ပြောသွားပြန်သတဲ့ ။

နောက်တစ်နေ့ နံနက် သူ ခရီးဆက်ပြီး ထွက်ခဲ့ပြန်တော့ မြို့ကြီး တစ်မြို့ကို ရောက်သွားသတဲ့ ။ အဲဒီ မြို့ကြီးရဲ့အလယ်မှာ ဖန်တွေ မှန်တွေနဲ့ ဆောက်လုပ်ထားတဲ့ နန်းတော်ကြီး တစ်ခု ရှိသတဲ့ ။ အဲဒီ နန်းတော်ကြီး ပတ်ဝန်းကျင်မှာ များလှစွာသော လူငယ်တွေကို မြင်ရသတဲ့ ။ တချို့ကလည်း သေတော့မလို့တဲ့ ။ တချို့ကျတော့လည်း အသေကောင်တွေတဲ့ ။ ဒါနဲ့ မင်းသား ကလေးက အကျိုးအကြောင်း မေးကြည့်တော့ ဒီတိုင်းပြည်က မင်းသမီးကလေးဟာ အလွန် ချောမော လှပကြောင်း ၊ သူ့ကို လိုချင်တဲ့ လူငယ်တွေဟာ သူ မမြင်အောင် ပုန်းနေရကြောင်း ၊ ဒါပေမယ့် သူ တွေ့မြင်သွားရင် နန်းတော် ပြတင်းက နေပြီး အောက်သို့ လွှင့်ပစ် ခံကြရကြောင်း ၊ ဒါကြောင့် လူငယ်တွေဟာ ကျိုးပဲ့သေကျေကြရကြောင်း သိရသတဲ့ ။ အဲဒီလို စုံစမ်းနေတုန်း မင်းသားကလေးဟာ နန်းတော်ပြတင်းပေါက်မှာရပ်နေတဲ့ မင်းသမီးကို မြင်ရတော့ သူလည်းပဲ အလွန် လိုချင်လှတာနဲ့ မင်းသမီး ဆီကို သွားသတဲ့ ။

မင်းသမီးကလည်း တခြား လူငယ်တွေလိုပဲ မင်းသားကလေးကို အဲဒီနေ့ည အပုန်းခိုင်း ပြန်သတဲ့ ။ မင်းသားကလေး ပင်လယ်ကမ်းခြေဆီ သွားပြီး ငါးကလေးကို တလိုက်သတဲ့ ။ ငါးကလေးက ပေါ်လာပြီး မင်းသားကလေးကို သူ့ ဝမ်းဗိုက်ထဲ ထည့်ပြီး ရေထဲမှာ ဝှက်ထားသတဲ့ ။

ဒါပေမယ့် မင်းသမီးကလေး က သူ့မှာ မှော်အတတ်နဲ့ စီရင်ထားတဲ့ ကြေးမုံကလေးထဲ မှာ ကြည့်လိုက်တော့ မင်းသားကလေးကို ငါးရဲ့ ဗိုက်ထဲမှာ မြင်ရတာပဲတဲ့ ။ နောက်တစ်နေ့ နံနက် မင်းသားကလေးက မင်းသမီးဆီ သွားတော့ မင်းသမီးကလေးက ငါးရဲ့ ဗိုက်ထဲမှာ သူ့ကို မြင်တဲ့အကြောင်း ပြောပြသတဲ့ ။ ဒါပေမယ့် မင်းသားကလေးဟာ ပင်လယ်ထဲ မှာတောင် ပုန်းနိုင်လို့ နောက်တစ်ကြိမ် ပုန်းခွင့် ပေးလိုက်သေးသတဲ့ ။

နောက်တစ်နေ့တော့ မင်းသားကလေးက ဒရယ်ကလေးဆီ သွားပြီး အကူအညီ တောင်းတော့ ဒရယ်ကလေးက သူ့ကို တောင်တွေ ကြားထဲ ခေါ်ပြီး ဝှက်ထားသတဲ့ ။ ဒါပေမယ့် မင်းသမီးကလေးက သူ့ ကြေးမုံထဲ ကြည့်လိုက်တော့ မြင်ရပြန်တာပဲတဲ့ ။

နောက်တစ်နေ့ နံနက်ကျတော့ မင်းသမီးကလေးက နောက်ဆုံးပိတ် အခွင့်အရေး အနေနဲ့ နောက်တစ်ကြိမ် ပုန်းဖို့ ခွင့်ပြုလိုက်ပြန်သတဲ့ ။ ဒီတစ်ကြိမ်တော့ အလီမင်းသား ကလေးဟာ မြေခွေး ဆီ သွားပြီး အကူအညီ တောင်းသတဲ့ ။ မြေခွေးက မင်းသမီးဟာ မင်းသားကလေးကို အလှမ်း ဝေးတဲ့ နေရာတွေမှာသာ သူ့ရဲ့ မှော်ကြေးမုံရဲ့ အကူအညီနဲ့ ရှာကြည့်လိမ့်မယ် ။ အဲဒီတော့ သူ နေတဲ့ နေရာ အောက် တည့်တည့်မှာ တွင်းယက်ပြီး အဲဒီ တွင်းထဲမှာ ပုန်းနေရင် ဘယ်နည်းနဲ့မှ တွေ့မှာ မဟုတ်ဘူး ၊ မတွေ့တဲ့ အခါ ဒေါသဖြစ်ပြီး သူ့ရဲ့ မှော်ကြေးမုံကို ခွဲပစ်လိမ့်မယ်လို့ အကြံအစည် ရပြီးတော့ မင်းသားကလေးကို သူ့အကြံကို ပြောကာ မင်းသမီးကလေး အောက်တည့်တည့်မှာ တွင်းယက်ပြီး အပုန်းခိုင်းသတဲ့ ။ မင်းသမီးကလေးက အဲဒီနေ့ည မင်းသားကလေးကို မတွေ့၍ သူ့ မှော်ကြေးမုံကို ကိုင်ပေါက်ပြီး ခွဲပစ်လိုက်သတဲ့ ။

နောက်တစ်နေ့ နံနက် ကျတော့ သူ့ ကတိအတိုင်း မင်းသားကလေးကို သူ ရှာမရအောင် ပုန်းနိုင်တဲ့ အတွက် လက်ထပ်ပြီး ယူလိုက်ရတာပေါ့ ၊ မကြာမီအတွင်း မင်းသမီးကလေးရဲ့ ခမည်းတော်ဘုရင်ကြီး နတ်ရွာစံတာနဲ့ အလီ မင်းသားကလေးဟာ ရှင်ဘုရင် ဖြစ်ပြီး တိုင်းသူ ပြည်သားတွေကို တရားသဖြင့် ညှာတာစွာ အုပ်ချုပ်သွားသတဲ့ ။

တူ ၊ တူမကလေးတို့လည်း ဒုက္ခဖြစ်နေတဲ့ သတ္တဝါတွေကို တွေ့ရင် လူ ဖြစ်ဖြစ် ၊ တိရစ္ဆာန် ဖြစ်ဖြစ် ကူညီ ကယ်တင်ကြကွဲ့ ။ အဲဒီလို ကူညီ ကယ်တင်ကြတဲ့ သူတွေဟာ နောင်တစ်နေ့ ကိုယ်ဒုက္ခတွေ့တဲ့ အခါမှာလည်း ကူညီ ကယ်တင်မယ့် ပုဂ္ဂိုလ်တွေနဲ့ တွေ့ရတတ်တယ် ။

( ဘာသာပြန် )

〇 ဦးလေးကိုကိုကြီး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ ဇူလိုင်

No comments:

Post a Comment