❝ အိပ်မက်အော်သံ ❞
( ငွေဇင်ယော်ဦး - မိုးကုတ် )
ကျွန်မ ငယ်ငယ်တုန်းက လူကြီး အလွန် ဖြစ်ချင်သည် ။ လူကြီးတွေ လုပ်သမျှ အကုန်လုံး စိတ်ဝင်စားသည် ။ အမေ ထမင်းဟင်းချက်လျှင် ကျွန်မလည်း ဝင်ချက်ကြည့်ချင်သည် ။ အမေ အဝတ်လျှော်လျှင် ကျွန်မလည်း ဝင်လျှော်ကြည့်ချင်သည် ။ အမေ တံမြက်စည်းလှည်းလျှင် ကျွန်မလည်း ဝင်လှည်းချင်ပါသည် ။ သို့သော် အရွယ်မတိုင်သေးတော့ ဝင်ကူတာက ရှုပ်တာနှင့် မထူးသဖြင့် ကျွန်မသည် အမေ့အတွက် မကြာခဏ စိတ်ညစ်စေသည့် အရှုပ်ထုပ်ကလေး ဖြစ်ခဲ့ရသည် ။ ထမင်းဟင်းချက်ရာမှာ အမေ့အလစ် ဝင်ပြီး လက်စွမ်းပြမိ၍ စားမရဘဲ ပစ်လိုက်ရသည့်အခါ ၊ အမေလှည်းကျင်းထားပြီး အမှိုက်တွေက ကျွန်မ လျှာလျှာရှည်ရှည် ဝင်လှည်းပေးမှ ပိုပြီးရှုပ်ပွကုန်သည့် အခါ ၊ အမေ မရှိခင် အဝတ်တွေ ခိုးလျှော်တာ ဆပ်ပြာတိုက် လက်လွန်သွား၍ ရေစင်အောင် မနည်းပြန် လျှော်ယူရသည့်အခါ ၊ ပန်းကန်ဆေးရင်း ကျကျကွဲ ကုန်သည့်အခါ ... ။ အဲဒီလို အခါပေါင်းများစွာ တွေ့ကြုံရတိုင်း အမေက ချစ်စနိုး မျက်စောင်းတစ်ချက်နှင့်
“ အေးနော် ၊ မလုပ်တတ်ခင် အတော်လုပ်ချင် လွန်းတဲ့ကလေးမ ။ ကြီးလာလို့ ဒီအလုပ်တွေ မလုပ်ချင်ဘူးဆိုရင် ခေါင်းပေါ် အာလူးဘူးသီးတွေ တန်းစီ နေအောင်ကို ခေါက်ပစ်မယ်မှတ် ”
ဟု ရယ်မောရင်း ကြိမ်းဝါးတတ်ပါသည် ။ အမေ့စကား ကြားတိုင်း ငါ လူကြီး ဖြစ်လာမှ ဒီအလုပ်တွေ လုပ်ခွင့်ရမှာပါလားဟူသော အတွေးက ကျွန်မ ဦးနှောက်သေးသေးလေးထဲ ဝင်လာလေ့ရှိသည် ။ ထိုအခါ ကျွန်မ လူကြီးမြန်မြန် ဖြစ်ချင်ခဲ့တော့သည် ။
••••• ••••• •••••
( ၂ )
အိမ်၌ လူကြီးတွေ လုပ်သမျှ ဘာတစ်ခုမှ ဝင်လုပ်ကိုင်ခွင့်မရသော ကျွန်မတို့အရွယ်လေးတွေ စုမိကြသောအခါ ကျွန်မတို့ လုပ်နိုင်သောပုံစံဖြင့် အပြင်မှာ လူကြီးလုပ်ကြပါသည် ။ အိုးပုတ်ခွက်တွေနှင့် ထမင်းဟင်းချက်တမ်း ကစားကြခြင်း ဖြစ်သည် ။ ထိုအိုးပုတ် ခွက်တွေ ထဲမှာ အမေတို့ မီးဖိုချောင်သုံး ပစ္စည်းပစ္စယတွေနည်းတူ ရေနွေးကရား ၊ မီးဖို ၊ ငရုတ်ဆုံ ကအစ ပါသည် ။ ခြင်းတောင်းနှင့် လမ်းဘေးအရွက်တွေလည် ခူး၍ ဈေးဝယ်ထွက်ကြရသည်မှာလည်း အရသာရှိပေစွ ။ တကယ့်အစစ်လိုပင် ခံစား ပြောဆိုကြသည် ။
“ ဆန်ဈေးတွေကလည်း ကောင်းလိုက်တာများနော် ”
“ မြိန်ရာဟင်းကောင်းတဲ့ ၊ ဟင်းစပ်တည့်အောင် ချက်တတ်ရင် ချိုတာပါပဲ ”
“ ခရမ်းချဉ်သီးတွေ လှလို့ သုပ်စားမလား ဆိုပြီး ဝယ်ခဲ့လိုက်တာလေ ”
နိစ္စဓူဝ အမေတို့ နှုတ်မှ ကြားသိရလွန်း၍ ရင်းနှီးနေသော စကားလုံးတွေကို အတုမြင် အတတ်သင် စိတ်ထဲ သေချာ မှတ်သားထားလိုက်ကာ ကျွန်မတို့ စကားဝိုင်းတွေ၌ မြိန်ရေရှက်ရေ အတုခိုး ပြောကြဆိုကြရတာ အလွန်အာတွေ့လှသည် ။ သို့သော် ဒါသည်ပင် လူကြီးတွေ ရှေ့၌ လွတ်လွတ်လပ်လပ် ပြောခွင့် မရတာတွေ ရံဖန်ရံခါ ကြုံရတတ်သေးသည် ။
“ သဘင်သည် ၊ သူရူးနဲ့ ကလေးစကားတဲ့ ။ နင်တို့ ပါးစပ်က ပေါက်ကရ ဈေးနှုန်းတွေ လျှောက်ပြောကြတာ အရေးမကြီးဘူး ။ ကျုပ်တို့ လူကြီးတွေမှာ မျက်ခုံးလှုပ်ရတယ်တော့် ... ”
လူကြီးတွေ ပြောတတ်သည့် အဲဒီစကားကိုကျွန်မတို့ လုံးစေ့ပတ်စေ့ နားမလည်ကြပါ ။ ထိုတစ်ခုတည်း မကပါ ။လူကြီးတွေပြောနေကျ စကားတွေထဲမှာ ကျွန်မတို့ အဖို့ နားလည်စရာတွေ အများကြီးပင် ။ သိ လိုစိတ်ဖြင့် လူကြီးတွေ စကားဝိုင်းနား ယောင်လည်လည်နှင့် ချဉ်းကပ်မိပြန်တော့
“ တွေ့လား အတော်စပ်စုချင်တဲ့ဟာလေး ။ ကလေးအရာ မဟုတ်ဘူး ။ အပြင်မှာသွားဆော့ချေ ”
ဟု နှင်လွှတ်ခံရတတ်သည် ။ အဲဒီအရွယ်ဆိုတာက လောကကြီးမှာ ဘာမဆို သိချင် ၊ တတ်ချင် ၊ အတုယူစူးစမ်းချင်နေသည့် အရွယ် ။ အမေတို့ လူကြီးတွေ စကားထဲ စိတ်ဝင်စားစရာတွေဖြင့် ပြည့်နှက်နေသည် ။ အမေတို့က ဒါ ကလေးအရာ မဟုတ်ဘူး ဟု ပြောလာတော့ မချင့်မရဲ ဖြစ်ရသည် ။ ဒါဖြင့် မြန်မြန် လူကြီးဖြစ်မှ အေးမှာပါ ။ လောကကြီးမှာ လူကြီး ဖြစ်လာမှ သိစရာတွေ အများကြီး သိခွင့်ရမည် ။ တတ်သင့်တာတွေ အများကြီး တတ်မြောက်ခွင့်ရမည် ။ လုပ်ချင်တာတွေ လုပ်ခွင့်ရလာမည် ။ အဲဒီလို လူကြီးတွေ နည်းတူ အရာရာ သိခွင့် ၊ တတ်ခွင့် ၊ လုပ်ခွင့် ရဖို့ရာ ကျွန်မ မြန်မြန် လူကြီးဖြစ်လာမှ ဖြစ်တော့မည် ။ အဲဒီတုန်းက အိပ်မက်မက်လိုက်တိုင်း အိပ်မက်ထဲမှာ ကျွန်မက လူကြီးတစ်ယောက် ဖြစ်နေတတ်သည် ။ ကျွန်မ လူကြီး ဖြစ်ချင်လွန်းတာ တစ်ပိုင်းကို သေလို့ ။
••••• ••••• •••••
( ၃ )
ကျွန်မ ခုနစ်တန်းနှစ် အရောက်၌ အဖေ ဆုံးပါသည် ။ ပကတိ ကျန်းကျန်းမာမာကြီးကနေ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ထိုအခါ တစ်သက်လုံး အဖေ့လုပ်စာ ထိုင်စားကာ အိမ်ရှင်မသက်သက်ဘဝဖြင့် နေလာခဲ့သော အမေသည် ဘာလုပ်၍ ဘာကိုင်ရမည်မှန်း မသိဘဲ ကျွန်မ လက်ကို တွဲကာ ယောင်ချာချာဖြစ် ကျန်ရစ်ခဲ့လေသည် ။
“ လိမ္မာနော် သမီးကြီး ၊ ညည်းကိုပဲ အမေအားကိုးရတော့မှာ ”
ခေါင်းသာ ရောယောင်ညိတ်ပြခဲ့ပေမယ့် အမေ့စကားကို ထိုအသက်အရွယ် ဦးနှောက်၌ နက်နက်နဲနဲကြီး မစဉ်းစားမိခဲ့တာ အမှန် ။ သို့သော် တိုတောင်းသော ကာလအတွင်းမှာ မသင်ယူဘဲ ကျွန်မ တတ်မြောက်လာရသည်က အများသား ။ ပထမဦးဆုံး အနေနှင့် အမေသည် အဖေ ရှိစဉ်တုန်းကလို သားသမီးတွေကို ပြုစုစောင့်ရှောက်ရုံသက်သက် မဟုတ်တော့ဘဲ အိမ်အောက်ထပ်၌ ဖွင့်လိုက်သော ကုန်ခြောက်ဆိုင် လေးဘက် အချိန်အများကြီး ပေးလိုက်ရခြင်း ။ အလည်လာသော မိတ်ဆွေတွေကို အမေက “ အခြေအနေ မပျက်ခင် ရှိတာလေးတွေ ထုခွဲရောင်းချပြီး အခြေကျအောင် လုပ်ရတာလေ ” ဟု ပြောပြနေတတ်သည် ။ ဆိုင်ကိစ္စကို သိပ်နားမလည်သေးခင်မှာ ကျွန်မ၌ အတွေ့အကြုံတွေ စတင် ရရှိလာသည် ။ မနက်ဆိုလျှင် ခါတိုင်းလို ထမင်းစားချိန်နားနီးမှ အမေ့အနှိုး စောင့်ပြီး ထ၍ မရတော့ ။ အမေက မနက်ငါးနာရီခွဲ ထ၍ ဆိုင်ခင်းတော့ ကျွန်မပဲ ထကူရသည် ။
“ အမေတစ်ယောက်တည်းဆို ဆိုင်တစ်ဖက် ၊ မီးဖိုချောင်တစ်ဖက်နဲ့ ဘယ်နိုင်ပါ့မလဲကွယ် ။ ဒီတော့ ကျောင်းချိန်အမီ ချက်ပြုတ်ပြီးစီးဖို့ရာ သမီးကြီးထ ကူမှ ရမှာပေါ့ ”
ထိုအချိန်၌ ကျွန်မ တံမြက်စည်း ကျွမ်းကျွမ်းကျင်ကျင် လှည်းတတ်နေပါပြီ ။ အိမ်ပေါ်အိမ်အောက်နှင့် ဆိုင်တွင်းအပြင် ခြံထဲ၌ပါ အမှိုက်တစ်စ မကျန်အောင် ကျွန်မ လှဲရခြင်းဖြစ်သည် ။ ငယ်ငယ်က အမေ ပေးမလုပ်ခဲ့သော လုပ်ပိုင်ခွင့်တစ်ခု ကျွန်မလက်ထဲ ရောက်ရှိလာခြင်းမျှသာ ။ လှည်းစက အချိုးမပြေတာ ကိုပင် အမေက “ လှည်းပြီးသားအမှိုက်ကို ပိုပြီး ပွအောင် ဖွတဲ့ကောင်မလေး ” ဟု ကျွန်မကို မပြောတော့ ပါ ။ “ ဟောဒီလို လှည်းလှည်းပြီး တဖြည်းဖြည်းချင်း စုသွား ၊ အမှိုက်တွေ ပြောင်သွားလိမ့်မယ် ” ဟု ပါးစပ်ကလည်း သင် ၊ လက်ကလည်း သင်ရင်း ကျွန်မလည်း တံမြက်စည်းလှည်းသည့် အလုပ်၌ ကျွမ်းကျင်သွားသည် ။ ရှစ်တန်းနှစ် ရောက်တော့ ကျွန်မ ထမင်းဟင်း တော်တော်ချက်ပြုတ်တတ်နေပြီ ။ မတတ်ဘဲ ခံနိုင်ရိုးလား ။ “ အမေ့ ထမင်းအိုးလေး ပွက်လာရင် အိမ်ရှေ့ လှမ်းအော်လိုက်နော် ” မှ စတင်လာလိုက်တာ “ အမေ့ကို ခေါ်မနေနဲ့တော့ ကိုယ့်ဟာကို ထမင်းအိုး အပွက် ညီမညီ ကြည့် ၊ ပြီးရင် ယောက်မနဲ့ အသာမွှေပြီး ဆန်စေ့ကို စမ်းကြည့် ၊ အပျော့အမာ အနေတော်ဖြစ်ရင် ထမင်းရည် ငှဲ့ပြီး မီးအေးအေးနဲ့ ထမင်းနှပ်ထားလိုက် တော့ ” အထိ လမ်းကြောင်းလာလိုက်တော့ တစ်နှစ် နှစ်နှစ်လည်း ကြာရော ကျွန်မတစ်ယောက် မီးဖိုချောင် ကိစ္စ ကောင်းကောင်းကိုင်တွယ်တတ်သွားပေပြီ ။ အလတ်ကောင်က အရောင်တင်မှုန့်ခတ်သည့် ဟင်းကို မစားနိုင် ။ အငယ်ကောင်က ဟင်းချက်လျှင် ကြက်သွန် ၊ ခရမ်းချဉ်သီး အဖတ် မမြင်ရမှ ကြိုက်သည် ။ အထွေးလေး ကတော့ ဟင်းရည်တစ်ခွက် မဖြစ်မနေပါမှ ထမင်းစားတတ်သည် ။
ကျွန်မ ဆယ်တန်းအောင်ချိန်၌ မီးဖိုချောင်နှင့် လျှော်ဖွပ်သိမ်းဆည်းရေးကိစ္စကို အမေ ကျွန်မထံ အပြီးအပိုင် လွှဲအပ်ထားပေးခဲ့တာပင် အတော်ကြာခဲ့ပြီ ။
••••• ••••• •••••
( ၄ )
“ တော်သေးတာပေါ့ ၊ ဟောဒီ သမီးကြီးတစ်ယောက် ကူဖော်လောင်ဖက် ရထားလို့ ”
မိတ်ဆွေတွေနှင့် စကားစပ်မိသည့်အခါရယ် ကျွန်မထံ အခက်အခဲတစ်ခုခု ရင်ဖွင့်စရာရှိလာတိုင်း ထိုစကားစုလေးကို အမေ အမြဲသုံးလေ့ရှိသည် ။ ပြောစရာလောက်လောက်လားလားဟူ၍ သမီးကြီး ဖြစ်သူ ကျွန်မ မှ လွဲ၍ ဘယ်သူမှ မရှိရှာသော အမေသည် အရေးကိစ္စကြုံတိုင်း ဆယ်ကျော်သက်အရွယ် သမီး ကိုသာ လူကြီးအရာထားပြီး ဖွင့်ဟတိုင်ပင်တတ်သည် ။ သိကြသည့်အတိုင်း ဈေးသည်အလုပ် ဆိုသည်က တစ်နေ့တစ်နေ့ လူပေါင်းစုံနှင့် ပြောဆိုဆက်ဆံရတာ ။ လူစုံတော့ စရိုက်စုံသည် ။ ထိုအခါ အမေ့အလုပ်ကနေ ကျွန်မသည် လောကအကြောင်း ၊ လူတွေအကြောင်း မကြားချင်မှအဆုံး ဖောခြင်းသောခြင်း သိလာရပါသည် ။ အဲဒီလိုကနေ ဒီအလုပ်မှာ ဒါမျိုးတွေ ကြုံရတတ်ပါလားဟူသည့်အသိတွေ ရသည် ။ ကိုယ့်ဘာသာ ကိုယ်သာ မသိလိုက်မိချိန်မှာ အလုပ်၏ အတွေ့အကြုံထံ ကျွန်မ တပည့်ခံပြီးသား ဖြစ်နေလေပြီ ။
“ လောလောဆယ် ဆိုင်ကြီးကို ပြန်သွင်းဖို့ ပစ္စည်းကြွေးတင်နေတာက ( .. ) ရှိတယ် သမီးရေ ။ တစ်ရက်ဝင်ငွေထဲကနေ စုကြေးလုပ်ပြီး ဖဲ့စုနေရတယ် ။ ရစရာအကြွေးတွေကလည်း တောင်းရခက်နေတော့လေ ”
အမေ၏ ထူထဲသော စာရင်းစာအုပ်ထဲမှာ ကျွန်မလက်ရေးတွေနှင့်ချည်း ပြည့်လာသည် ။ ဒေါ်ဘုမ ကတော့ အကြွေးတွေ များလာတော့ တခြားဆိုင် ရောက်သွားပါလား ။ မစီရွှေ ဆိုတဲ့ အမျိုးသမီးက အကြွေးစာရင်း ဖွင့်ခိုင်းတုန်းက ဖွင့်ခိုင်းပြီး ငွေရှင်းချိန် ရောက်ရင် ဟိုဟာလည်း မယူရဘူး ။ ဒီဟာလည်း မယူရဘူးနဲ့ ကဂျီကကြောင်ကျတတ်တယ်တဲ့ ။ ဟို အမျိုးသမီးကတော့ လက်နည်းနည်း ဆော့တယ် ။ သူ လာရင် သေချာကြည့်ထားနိုင်မှ ။ လူတွေအကြောင်း သိလာတော့ ဒီလိုပဲ အလိုက်အထိုက် ဆက်ဆံတတ်လာသည် ။ အမေ သင်ပေးတာ မဟုတ်သလို ဘယ်သူကမှ သင်ပေးတာ မဟုတ်ပါ ။ အရွယ်နှင့် အလုပ်ထံမှ အတွေ့အကြုံက သင်ပေးသွားတာ ။
“ ဪ အဲဒီပစ္စည်းလေးက လောလောဆယ် ကုန်နေလို့ မှာထားတုန်း အဒေါ်ရေ ” ဆိုတာမျိုး ၊ “ မလုပ်ပါနဲ့ရှင့် ၊ ကျထားတဲ့ အရင်းက များနေလို့ မလျှော့တော့တာပါ ။ နောက်တစ်ခါဆို ကြည့်လျှော့ပေးပါ့ မယ် ” ဆိုတာမျိုး ။ အဲဒီလို လူတွေကို ကြည့်ပြီး အလိုက်အထိုက် ပြောဆိုဆက်ဆံတတ်လာသည့် ကျွန်မ ။ အမေ့မျက်နှာကို တစ်ချက်ကြည့်ရုံမျှဖြင့် အသံမဲ့စကားလုံးတွေကိုလည်း နားလည်နေတတ်တာ မဆန်း ။
“ ရိုးရိုးလိုင်းပဲ အမေရယ် ၊ ဘယ်အချိန်မှတက်တက် ရပါတယ် ။ လောလောဆယ် အောက်က အငယ်တွေ အပြိုင်းအရိုင်းနဲ့ တက်လာကုန်ကြပြီ ။ သူတို့ နဲ့တင် အမေ မောနေတာ ။ သမီးက ရပါတယ် ဖြည်းဖြည်းပေါ့ ”
“ သမီးအတွက် အဝတ်အစားသစ်က အသာ ထားပါဦး အမေရယ် ။ အိမ်မှာပဲ နေတဲ့ဥစ္စာ ။ လောလောဆယ် အငယ်တွေ ဘာလိုသလဲပဲ ဦးစားပေးကြည့်လိုက်ပါ ။ ပြည့်စုံအောင် ဖြည့်ဆည်းပေးတော့ သူတို့လည်း ပညာရေးမှာ ကြိုးစားရတာ စိတ်ပျော်မှာပေါ့ ”
“ သမီးက ဟော့ဒီနားကပ်တစ်ရန် ရှိနေပြီပဲ အမေရယ် ။ ဆွဲကြိုးလေးက အထွေးကို ဆင်ပေးလိုက်ပါ ။ သူက တက္ကသိုလ်တက်ရတော့မယ် မဟုတ်လား ”
ထို့နောက်တွင်တော့ မှန်ကြည့်ဖြစ်တိုင်း မျက်မှောင်ကုတ်၍ သက်ပြင်းမောချနေတတ်သော မျက်နှာ တစ်ခုနှင့် ကျွန်မ အလွန်ရင်းနှီးလာသည် ။ ငယ်ငယ်လေးကတည်းက အားပါးတရရှူရှိုက်ခဲ့ရသော လေထုကလည်း ယခုတော့ တစ်ခုခု ပိတ်ဆို့နေသလိုလို ။ စိတ်ထဲမှာ တစ်စုံတစ်ခုဟာ ဘဝထဲမှာ တဖြည်းဖြည်း ယုတ်လျော့ပျောက်ဆုံးလာနေတာကိုတော့ ခံစားမိနေသည် ။ ဘာရယ် ဟုသာ မတွေးဖြစ်သေးတာ ။ အင်း အချိန်ပေး၍ မတွေးရဲသေးတာဟု ဆိုလျှင် ပိုမှန်မည်လား မသိပြီ ။
••••• ••••• •••••
( ၅ )
“ အမေရေ ဒီမှာ ထမင်းအိုး ငှဲ့လက်စတန်းလန်းမို့ ဆိုင်ထဲ ဝယ်သူမရှိရင် ကလေးသိပ်ထားတဲ့ အခန်းထဲ ပြေးဝင်ကြည့်ပေးပါဦး ။ သမီးနားထဲ ငိုသံ ကြားသလားလို့ ”
မသိလျှင် ကိုယ်ကပဲ ကလေးအမေ လိုလို ။ တကယ်တမ်းက ကျောင်းပြီးပြီးချင်း မိန်းမကောက်ယူလိုက်သည့် အလတ်ကောင် မောင်အလိမ္မာတုံး၏ ရင်နှစ်သည်းချာသာ ဖြစ်သည် ။ အိမ်ခွဲ နေပေမယ့် သူတို့ ငှားနေတာ ဒီအနီးအနားတွင်ပဲ ဆိုတော့ ကျွန်မတို့မှာ မျက်နှာမလွှဲနိုင် ။ ကလေးက မူကြိုထားရမည့် အရွယ်မတိုင်သေးသလို ကလေးထိန်းလက် ဝကွက်အပ်ပြီး အိမ်မှာ တစ်နေကုန် ပစ်ထားခဲ့ရအောင်ကလည်း စိတ်မချ ။ လခကလည်း ကသီတော့ နောက်ဆုံး လက်ပိုက် ကြည့်မနေနိုင် ဖြစ်နေကျ ကျွန်မနှင့် အမေကပဲ “ တို့တွေပဲ ထိန်းထားပေးပါ့မယ်ဟယ် ” ဆိုပြီး လက်ခံလိုက် သည့်သကာလ ကလေးက မိဘနှစ်ပါး အလုပ်သွားတာနှင့် အိမ်ကို ရောက်လာသောင်တင်နေတော့တာပင် ။
“ အငယ်ကောင်က အခု ဆေးကျောင်း ဒုတိယနှစ် ။ အထွေးက ဆယ်တန်းအောင်လို့ ခုမှ တက္ကသိုလ် စတက်မှာ ။ တာဝန်တွေက အများကြီးကျန်သေးတာပဲနော် ”
ဝေဖန်လာသူတွေကို ကျွန်မ ပြုံး၍သာ နားထောင်ပေးလိုက်ပါသည် ။ မတတ်နိုင်ဘူးလေ ။ ဘယ်သူကမှ ကိုယ့်ခေါင်းပေါ် တကူးတက လာတင်ပေး ထားတာမဟုတ် ။ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကိုယ်လွတ်ရုန်း လိုက်လျှင်လည်း ဘယ်သူ ဘာပြောနိုင်တာမှတ်လို့ ။ အမေ့ကို သနားတာ ၊ ကိုယ့်မျက်နှာ မော့ကြည့်နေရရှာသည့် အငယ်တွေကို ဥပေက္ခာမပြုရက်တာကြောင့်သာ ။
“ ဒီလိုပဲ တူ ၊ တူမတွေ ထိန်းရင်း အပျိုကြီးပဲလုပ်တော့မှာလား ”
“ ဒါပေါ့ ၊ ငြိမ်းအေးတယ်လေ ၊ မကောင်းဘူးလား ”
မေးသူတွေက ဘာရယ်မဟုတ် ခပ်ပါးပါး မေးလာတာမျိုး ဖြစ်နိုင်ပေမယ့် ဖြေသူအဖို့တော့ ရင်ထဲက အနာအကင်းမသေနေတာ ထိုးဆွခံလိုက်ရသလို မျိုးလည်း ဖြစ်နေတတ်သည်မဟုတ်လား ။ ကိုယ့်ဘဝ နှင့် မသက်ဆိုင်သောအရာဟု သိစိတ်က ကန့်သတ် ထားပေမယ့် နှလုံးသားကဖြင့် တံခါးခေါက်သံကြားလျှင် ခေါင်းထောင်ကြည့်ချင်တတ်တာက ခက်သည် ။ ဒါပေမယ့်လည်း မျှော်လင့်ချက်ပေးဖို့ရာပင် အဆင် မပြေသည့် မိန်းမတစ်ယောက် အနား ဘယ်လို အချစ်မျိုးက နားလည်မှုရှိစွာ စောင့်ဆိုင်းနေမှာတဲ့လဲ ။ တစ်ခါတစ်ခါကျတော့လည်း ( ယခုအချိန်မှာ အနီးအပါး၌ မရှိတော့ပြီဖြစ်သော ) နွေးထွေးခဲ့ဖူးသည့် မျက်ဝန်းညို တစ်စုံကို နင့်နင့်နဲနဲ လွမ်းဆွတ်မိသလိုလို ။
သို့ပေမယ့် လက်ထဲ ပွေ့ပိုက်ထားရသည့် တာဝန်ဝတ္တရားတို့ထံ မျက်စိတစ်ဆုံး လည်ဆန့်မျှော် ငေးကြည့်နေမိပါလျှင်တော့ မလျှောက်ဖြစ်ခဲ့သော လမ်းကလေး၏ ပုံရိပ်က ပါးလျဝေဝါးသွားရပြန်ပြီ ။
••••• ••••• •••••
( ၆ )
“ တစ်ခါတလေကျတော့လည်း ဘာမှမသိတတ် နားမလည်တတ်တဲ့ လူမျိုးတွေက လောကကြီးမှာ အနေချောင်တာဟ ။ တစ်ကိုယ်ကောင်းဆန်တယ် ဆိုတာ နာမည်တာ ဆိုးတာ လူက အတော်သက်သာတဲ့ အလုပ် ။ အဲဒီလို မလုပ်နိုင် မလုပ်ရက်တဲ့ တို့လို လူစားတွေကျတော့ တာဝန်မြင်တာနဲ့ ဘယ်သူမှ ပြောစရာမလိုအောင် အလိုက်တသိ ဝင်ဝင်ထမ်း .. ။ ထမ်းရင်းနဲ့ အဲဒီ တာဝန်တွေက တဖြည်းဖြည်း ကိုယ့်အပေါ် ပိကျလာလိုက်တာ နောက်ဆုံး ဘယ်ကဘယ်လို ပြန် ထွက်ရမှန်း လမ်းစရှာမရဘဲ ပျောက်ကရော ။ အဲဒါကြောင့် တစ်ခါတစ်ခါလည်း ဘာမှမသိတတ်တဲ့ လူစားမျိုးပဲ ဖြစ်ချင်မိတော့တယ် ”
ဘဝတူ သူငယ်ချင်းတစ်ယောက်၏ ခံစားချက်အပြည့်နှင့် ရင်ဖွင့်သံကို နားထောင်မိတော့ ကျွန်မ လည်း ဖျတ်ခနဲ့ တွေးမိရသည် ။ ကျွန်မလည်း ယခု အချိန်မှာ “ ကလေးနေရာ ကလေးနေနော် ၊ လူကြီးတွေ အရာထဲ ဝင်မပါနဲ့ ” ဟု အရာရာ၌ အမေ စိတ်မချစွာ တားမြစ်ကန့်သတ်ခံနေရဆဲ အရွယ်ကလေး ဖြစ်နေသေးလျှင် ဘယ်လောက် ကောင်းလိမ့်မလဲ ။ လူကြီးတွေ စကားဝိုင်းနား သီခွင့်မရသော ၊ ထမင်းဟင်းချက်တိုင်း ကပေါက်တိကပေါက်ချာ လျှောက်လုပ်တတ်သော ၊ အိုးခွက်ပန်းကန်ဆေးတိုင်း မကြာခဏ လွတ်ကျ ကွဲစေတတ်သော ၊ တံမြက်စည်းလှည်းရာ၌ နဂို ရှိသည့် အမှိုက်ကို ပိုမိုရှုပ်ပွအောင် လက်စွမ်းပြတတ်သော အရွယ်မျိုး ပြန်အောက်မေ့လှပါဘိ ။ သို့ရာတွင် ကိုယ် ဖြတ်သန်းခဲ့ဖူးသော အရွယ်ပေမယ့် ထိုခံစားချက်ကို ယခုလက်ရှိ အသက်အရွယ်၏ သိစိတ်ထဲ အသက်သွင်း ခံစားကြည့်ချင်၍ မရတော့တာသည်ပင် “ ဒါ ဘဝပါလား ” ဟု ဒီကနေ့ ကျွန်မတို့ နားလည် လက်ခံထားကြရသည့် ဘဝအဓိပ္ပာယ်တစ်ခုမျှ သာ ဖြစ်ပါလိမ့်မည် ။
••••• ••••• •••••
( ၇ )
ယခု နောက်ပိုင်းတွင် ငယ်ဘဝကို ကျွန်မ ကြာခဏ အိပ်မက်မက်ပါသည် ။
▢ ငွေဇင်ယော်ဦး ( မိုးကုတ် )
📖 ရွှေအမြုတေ မဂ္ဂဇင်း
မေလ ၊ ၂၀၁၀

No comments:
Post a Comment