Wednesday, December 17, 2025

ကျောင်းသားကုန်သည်


 

❝ ကျောင်းသားကုန်သည် ❞

( ၁ )

“ Please to meet you ”

လူချင်းတွေ့လျှင် တွေ့ချင်း ဦးမျိုးတင့်က ကျွန်တော့်လက်ကို ခပ်တင်းတင်း ဆွဲဆုပ်ကိုင်ပြီး တွေ့ရတာ နှစ်သက်ကျေနပ်ကြောင်း အင်္ဂလိပ်စကားနဲ့ နှုတ်ဆက်တယ် ။

ဘောင်းဘီရှည်နဲ့ စပို့ရှပ်ဆင်မြန်းထားတဲ့ ဦးမျိုးတင့်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ပေါ့ပါးသွက်လက်နေပါတယ် ။ သူ့ နေအိမ် လည်း ဟုတ် ၊ မင်္ဂလာခန်းမ လည်း ဟုတ်တဲ့ မန္တလေးမြို့လယ် ၊ ၈၄ လမ်းမပေါ်မှာ ရှိတဲ့ Diamond House ကို ကျွန်တော် သွားလည်တာပါ ။

Diamond House မှာ မင်္ဂလာဧည့်ခံပွဲတွေ လက်ခံ ကျင်းပပေးတယ် ။ ကျွန်တော် ရောက်သွားချိန်က မွန်းလွဲ ၁းဝဝ နာရီမြို့ ခန်းမမှာ မင်္ဂလာဆောင် မရှိဘူး ။ “ နည်းနည်းကြာကြာ နေနိုင်ရင်တော့ ရေခဲမုန့်စားရမယ် ” လို့ သူက ပြောပြီး ရယ်တယ် ။

သူ့တိုက် မြေညီထပ်နဲ့ ပထမထပ်ကို မင်္ဂလာဧည့်ခံခန်းမ လုပ်ထားတယ် ။ ဦးမျိုးတင့်က ကျွန်တော့်လက်ကို တွဲပြီး ဒုတိယထပ်ကို ဆွဲခေါ်သွားတယ် ။ ဒုတိယထပ်မှာ မြန်မာမှုဆိုင်းဝိုင်းကြီး ရှိတယ် ။ သီချင်းဆိုတဲ့ စင်မြင့်ရှိတယ် ။ နေ့ခင်းမို့ သီချင်းဆိုတဲ့လူ မရှိဘူး ။

ကျွန်တော်တို့နှစ်ယောက် စားပွဲတစ်လုံးမှာ အတူထိုင်ကြတယ် ။ သူက အပူသောက်မှာလား ၊ အအေးသောက်မှာလား မေးလို့ အပူသောက်မယ် ဖြေလိုက်တယ် ။ ချက်ချင်းပဲ နွားနို့ပျစ်ပျစ်ကောင်းကောင်းနဲ့ ကိတ်မုန့်တွေ စားပွဲပေါ် ရောက်လာပါတယ် ။ ကျွန်တော်က သူ့ဘဝအကြောင်း သိချင်လို့ လာခဲ့တာမို့ သူ့ငယ်စဉ်ဘဝက စပြီး မေးတယ် ။

“ ကျွန်တော်က ကိုလိုနီခေတ်မှာ သန္ဓေတည် ၊ လွတ်လပ်ရေးခေတ်မှာ မွေး ၊ မဆလခေတ်မှာ လူဖြစ်လာတာပေါ့ ”

ဦးမျိုးတင့်က ပြောရင်း ရယ်တယ် ။ ကျွန်တော်က သူ့မွေးဇာတိကို မေးပါတယ် ။

“ မွေးတာက ပခုက္ကူ ၊ အမှတ် ၉ ရပ်ကွက် ။ အဖေက ပန်းထိမ်ဆရာ ၊ အမေက ပထမ အထည်သည် ၊ နောက်ပိုင်း ဖိနပ်ဆိုင် ထွက်တယ် ။ မူလတန်းတုန်းက ကိုယ်က ကလေးဆိုတော့ အမေနဲ့ ဆိုင်လိုက်ချင်တာ လိုက်ခွင့်မရဘူး ။ မူလတန်း အောင်လို့ အထက်တန်းကျောင်းလည်း ရောက်ရော ၊ အထက်တန်းကျောင်းနဲ့ ကျွန်တော်တို့အိမ် ကြားမှာ ပခုက္ကူဈေးက ရှိတယ် ။ ကျောင်းကနေ အိမ်မပြန်တော့ဘူး ။ ဈေးမှာပဲ ထမင်းစားတာ ။ ကျွန်တော် ငါးတန်း ကတည်းက ဖိနပ်ဆိုင် ထိုင်တာ ။ ဖိနပ်ဆိုင်ပေါ် ကြီးလာတာ ”

“ ဆယ်တန်း အောင်တော့ကော ”

“ ပခုက္ကူကနေ ဆယ်တန်းအောင်တော့ မကွေးကောလိပ်မှာ နှစ်နှစ် ၊ မန္တလေး တက္ကသိုလ်မှာ တစ်လ ၊ ဟုတ်တိပတ်တိ တတိယနှစ်မှာ မန္တလေးတက္ကသိုလ် မှာ တစ်လလောက် နေပြီးမှ ရန်ကုန်တက္ကသိုလ် ကို ကုန်ထုတ်ဓာတုဗေဒ ဆက်တက်တာ ”

“ ကျောင်းသားဘဝကို ပြောပြပါဦး ”

“ ပခုက္ကူမှာ ကျွန်တော့်ကို ကျောင်းသားကုန်သည်လို့ ခေါ်ကြတာ ။ ရန်ကုန် ကို ကျောင်းတက်ဖို့ သွားတဲ့အခါ မိဘတွေက ကျောင်းလခကို တစ်ခါတည်း ပေးလိုက်တာ ။ တစ်လချင်း ပို့ပေးနေတာ မဟုတ်ဘူး ။ တစ်နှစ်စာ တစ်ခါတည်းပေးတာ ။ ရန်ကုန် ကို ကျောင်းတက်ဖို့ သွားမယ်ဆိုရင် ပခုက္ကူ က မနက်အစောကြီး မလင်းခင် ထွက်တဲ့ မော်တော်နဲ့ မြင်းခြံ လိုက်ရတယ် ။ မြင်းခြံဆိပ်ကမ်း ကနေ မြင်းလှည်းစီးပြီး မနက် ၈းဝဝ နာရီလောက် မြင်းခြံမြို့ပေါ် ရောက်တယ် ။ ရထားက နေ့လယ် ၁းဝဝ နာရီလောက်မှ ထွက်တာ ။ မြင်းခြံမှာ မေ့ဆွေးနေအောင် နေရတာ ။ ဘူတာမှာ နေပေရော့ ။ ကျောင်းသား ဆိုတော့ ရထားလက်မှတ်တော့ ရတာပေါ့ ။ အားလပ်နေတော့ မြင်းခြံမြို့ထဲ လျှောက်ပတ်တယ် ။ ရန်ကုန်မှာ ပြန်ရောင်းစရာ ဘာရှိလဲ ကြည့်တယ် ၊ ကတ္တီပါစ ရှိတယ် ။ ထိုင်းကတ္တီပါ ၊ တောင်ကြီးက လာတာ ။ ပေးစမ်းပါ ကိုက် ၂ဝ ၊ ကတ္တီပါစကို အိပ်ရာလိပ်လို လိပ်ပြီး သယ်တာပဲ ။ အဲဒီတုန်းက မြင်းခြံ - ရန်ကုန် ရထားခက ၁၇ ကျပ် ပြား ၅ဝ ၊ ၁၈ ကျပ် ၊ ရန်ကုန်ရောက်တော့ တစ်ကိုက်တစ်ကျပ် မြတ်နဲ့ ပြန်ရောင်းတာ မီးရထားခ ရရော ”

ဦးမျိုးတင့်က ပြောရင်း ရယ်တယ် ။ သူ့ကို ကြည့်ရတာ သူ့ဘဝကို ကျေနပ်နေတဲ့ပုံ ပေါ်နေတယ် ။

“ ဘွဲ့ရပြီးတော့ ဘာတွေလုပ်ဖြစ်သလဲ ”

“ ၁၉၆၉ - ၇ဝ မှာ အိုင်စီ ( ကုန်ထုတ်ဓာတုဗေဒ ) နဲ့ ကျောင်းပြီးတယ် ။ ကိုယ်က ဘွဲ့ရတော့ အလုပ်သမားရုံးမှာ အလုပ်ရဖို့ မှတ်ပုံတင်ရတယ် ။ အဲဒီအချိန်မှာ အလုပ်မရွေး ၊ ဌာနမရွေး ၊ နေရာမရွေး ၊ မရွေး သုံးရွေးနဲ့ လခက ဝမ်းတွမ်တီဖိုက် ( ၁၂၅ ကျပ်စား ) အလုပ်ပေါတယ် ။ အဲဒီမှာ အိုင်စီတွေ အများဆုံး အလုပ်ရကြတာ ကတော့ စလေနဲ့ ကျွန်းချောင်းက စက်ရုံတွေ ”

နွားနို့တွေက အေးပြီး အပေါ်ယံမလိုင်တွေ တင်းနေပြီ ။ ကျွန်တော်က နွားနို့ စသောက်တယ် ။ ဦးမျိုးတင့်က ကျွန်တော့်ကို ဘီယာသောက်မလား ၊ ဘီယာအေးအေး ရှိတယ်လို့ ဖိတ်ခေါ်တယ် ။ ကျွန်တော်က ယူရစ်အက်စစ်နည်းနည်းရှိလို့ ဘီယာ မသောက်ဘူးလို့ ငြင်းတော့ ဦးမျိုးတင့်က သူလည်း ယူရစ်အက်စစ် ရှိတာပဲ ။ ပြီးရင် ဆေးသောက်ပေါ့လို့ ပြောပြီး ရယ်တယ် ။

နွားနို့တွေက ကိုင်းခွက်ကြီးနဲ့ အပြည့် ၊ သောက်လို့ကောင်းပါတယ် ။

ဦးမျိုးတင့်က သူပြောလက်စ စကားကို ပြန်ကောက်တယ် ။

“ ဘွဲ့ရပြီးတော့ ဈေးထဲက ဖိနပ်ဆိုင်ကို ကျွန်တော် ထိုင်တယ် ။ အလုပ်တွေက ခေါ်ပေမယ့် ကျွန်တော်က ဆိုင်အလုပ်မအားတော့ အင်တာဗျူး မဖြေဖြစ်ဘူး ။ အဲဒီအချိန်က အများဆုံး အလုပ်ခေါ်တာက သမဝါယမဌာန ၊ သမဝါယမက ခေါ်စာတွေ တွင်တွင်လာတာပဲ ။ လာတက်ပါ ။ လာတက်ပါ ။ အမှတ်စဉ် ၁ - ၂ - ၃ ၊ ဒီတစ်ခါ ခေါ်တာမှ မလာရင် နောက် မခေါ်တော့ဘူးလို့ အလုပ်သမားရုံးက စာပို့တယ် ”

သူက ပြောရင်း ရယ်တယ် ။

“ အဲဒီကစပြီး အစိုးရအလုပ် ကို မလုပ်ဖြစ်လိုက်တာ ။ တေ့လွဲတေ့လွဲနဲ့ပဲ ပခုက္ကူမှာ ဖိနပ်ဆိုင် ထိုင်ဖြစ်သွားတယ် ဆိုပါတော့ဗျာ ”

“ ဖိနပ်က ကိုယ့်တံဆိပ်နဲ့ ကိုယ် လုပ်ရောင်းတာလား ။ တံဆိပ်စုံ တင်ရောင်းတာလား ”

“ လာမယ်လေ ။ မော်တော်ကားတာယာ ဖိနပ်ကအစ သားရေဖိနပ် အထိ ဖိနပ်စုံ ၊ တံဆိပ်စုံ တင်ရောင်းတာ ၊ ဘွဲ့ရအလုပ်လက်မဲ့ ဖိနပ်ဆိုင် ထိုင်တယ်ပေါ့ ။ အဖေ့ကို ကျွန်တော်တို့ ကိုယ်ပိုင်တံဆိပ် လုပ်ရအောင် ပြောတယ် ။ ဒါဆို မွေးစားသား မဖြစ်တော့ဘူး ။ ကိုယ်ပိုင်လည်း မွေးရအောင်ပေါ့ ။ သူများတံဆိပ် လည်း ရောင်း ၊ ကိုယ့်တံဆိပ် လည်း ရောင်း ”

ဦးမျိုးတင့် ဧည့်ခံတဲ့ နွားနို့ကို ကျွန်တော်က အရသာခံသောက်ရင်း ပြောတာကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေပါတယ် ။

“ အဖေက မေးတယ် ။ မင်း ဖိနပ် လုပ်တတ်လို့လားတဲ့ ၊ သွားသင်မှာပေါ့ ။ ဒါဆို သင်လေကွာတဲ့ ။ ဘွဲ့ရပြီးသားနော် ၊ ကာလသားနော် ”

သူက ပြောရင်း ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ အဲဒီအချိန်က ဘွဲ့ရပြီးသားလူ ဖိနပ်ဆိုင် ထိုင်ရောင်းတယ်ဆို အထူးအဆန်းအဖြစ် လာလာကြည့်ကြတဲ့အချိန် ။ ကျွန်တော်က ဖိနပ်ရုံထောင် တစ်ယောက်ဆီမှာ ဖိနပ်ထိုး သွားသင်တယ် ။ ပခုက္ကူမှာပဲ ။ ဟာ အဲဒီရပ်ကွက် ထဲက အိမ်နီးချင်း ကောင်မလေးတွေ လာလာကြည့်တာ ။ ကျွန်တော်က ရှက်ရှက်နဲ့ ခေါင်းငုံ့ထိုးတာ ”

ကျွန်တော့် အတွေးထဲမှာ ခေါင်းကြီး ငုံ့ပြီး ဖိနပ်ချုပ် နေတဲ့ ဘွဲ့ရစ လူငယ်တစ်ယောက်ရဲ့ပုံကို မြင်ယောင်နေမိတယ် ။

“ အောက်ခြေသိမ်း သားရေဆေးဆိုးတာကအစ သဲကွင်း ထွင်းတာအထိ လုပ်တတ်အောင် သင်တာ ။ ဖိနပ်ချုပ်တာ ကလည်း ခုခေတ်လို စက်နဲ့ ဝီးခနဲ မပြီးဘူး ။ ဖိနပ်တစ်ရန်ချင်း ကြိုးနဲ့ သီပြီး ချုပ်တာ ။ ပုလဲများ သီသလို ထိုးရတာ ။ တစ်နေကုန် ထိုးမှ ၁ဝ ရန် ၊ ၁၅ ရန်ပဲ ပြီးတာ ။ သင်ပေးတဲ့ ဆရာက ဦးခင်မောင် တဲ့ ၊ သဘောကောင်းတယ် ။ ဘုန်းကြီးစီးဖိနပ် အထိ ထိုးတတ်အောင် သင်ပေးတယ် ”

“ ဖိနပ်ရုံ ထောင်ဖြစ်သလား ”

“ တတ်ပြီ ဆိုတော့ အဖေက လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီး ဖိနပ်ရုံထောင်ကွာ တဲ့ ။ ပဒေသာဖိနပ် ဆိုတဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ လုပ်တာ ။ ဖိနပ်ရုံ ထောင်ပေမယ့် မအောင်မြင် လိုက်ဘူးဗျ ။ ရပ်သွားတာ ၊ အလွန်ကြာ တစ်နှစ်လောက်ပဲ ”

“ ဘာကြောင့်လဲ ”

“ ကျွန်တော်က ကုန်အဝယ် ထွက်ထွက် နေရတာကိုး ။ အိမ်မှာ အဝယ်တော် အနေနဲ့ ကျွန်တော်ပဲ ရှိတာ ။ ဖိနပ်ဆိုင်မှာ အဖေ့ခေတ်က ၁ဝ မျိုးရောင်းရင် ကျွန်တော့် ခေတ်မှာ အမျိုး ၂ဝ ရောင်းတာ ။ ပြောကြစတမ်း ဆိုရင် ခုံဖိနပ် ကနေ ရှူးဖိနပ် အထိ တင်ရောင်းတယ် ။ လာခဲ့ ။ ဘာဖိနပ် လိုချင်လဲ ။ လိုချင်တဲ့ဖိနပ် ရရမယ် ၊ ဘာတံဆိပ်လို ချင်လဲ ၊ လိုချင်တဲ့တံဆိပ် ရရမယ် ။ အဲဒီလိုစုံအောင် ကျွန်တော်က ပတ်ဝယ်တယ် ”

“ ဘယ်မြို့တွေကို သွားဝယ်တာလဲ ”

“ ပခုက္ကူကနေ မြင်းခြံ ၊ မြင်းခြံက မော်တော်ကားတာယာဖိနပ် ပေါတယ် ။ ဘာကြောင့်လဲ မသိဘူး ။ နောက် မိတ္ထီလာ ၊ မိတ္ထီလာ က ထူးထူးဆန်းဆန်း ရှမ်းဖိနပ် ဆိုတာ ရှိတယ် ။ ကျွဲသားရေကို လုပ်ထားတာ ။ သားရေတစ်ပြားတည်းကို လှီးပြီးလုပ်တာ ။ အထူကြီးပဲ ။ မိတ္ထီလာ မှာပဲ ရတယ် ။ ရှမ်းဖိနပ် ဝယ်ပြီး ပခုက္ကူ ပြန်ပို့တယ် ။ ကျွန်တော်က ပတ်ဝယ်တာ ၊ ပြီးရင် သေတ္တာတွေနဲ့ ထည့်ပြီး ပခုက္ကူပို့တယ် ။ အမှတ်စဉ် တစ် ၊ နှစ် တပ်ပြီး ပို့လိုက်တာ ”

“ တခြားမြို့တွေကော ဆက်သွားသလား ”

“ မိတ္ထီလာကနေ မန္တလေးလာ ၊ မန္တလေးက ရှုမဝတို့ ၊ ရှုတိုင်းယဉ်တို့ ၊ ကျွဲရိုင်း တို့ ၊ ဒီဇယ်ခေါင်းတို့ ၊ လေထီးတို့ နာမည်ကြီးတွေ မှန်သမျှ လိုက်ဝယ်တယ် ။ ပင်ရင်းက မရလည်း ဈေးချိုက ဆိုင်တွေမှာ ဝယ် ၊ မန္တလေးက ပြီးတော့ ရန်ကုန် ၊ အိတ်ထဲ ပိုက်ဆံ ကုန်မှ ပခုက္ကူ ပြန်တာ ။ ကျွန်တော်က လျှောက်ထွက် နေတော့ ကိုယ်ထောင်ထားတဲ့ ဖိနပ်ရုံ ကို မထိန်းသိမ်းနိုင်ဘူး ။ ရပ်သွားရော ”

“ ဆိုင်ကတော့ အဆင်ပြေမှာပေါ့ ”

“ အဆင်ပြေတယ် ။ တဖြည်းဖြည်း ကြီးပွားလာတယ် ။ ငွေအရင်းအနှီး ကလည်း ဖိနပ်အရင်းအနှီးထက် ပိုတာပေါ့ ။ ကျွန်တော် ခရီးထွက်နေတာကို ပခုက္ကူတစ်မြို့လုံးက သိတယ် ။ မျိုးတင့် ဆိုတဲ့ကောင် ရန်ကုန်လည်း သွားတယ် ၊ မန္တလေးလည်း သွားတယ်ပေါ့ ။ ပခုက္ကူ ပြန်ရောက်လို့ ကျွန်တော် ဆိုင်ပေါ် ထိုင်နေတာ တွေ့တဲ့အခါ ဆိုင်နီးချင်းတွေက မျိုးတင့်ရေ မင်း ရန်ကုန် သွားရင် ဒါလေး ဝယ်ခဲ့စမ်းပါတဲ့ ။ ချိုချဉ် သည်က ချိုချဉ်မှာတယ် ။ အထည်သည်က တက်ထရွန်တို့ ၊ လေယာဉ်မောင်တို့ ၊ လှိုင်းကြီးတို့ ၊ ပါတိတ်တို့ မှာတယ် ။ ကိုယ်ကလည်း သိနေတော့ ငွေစိုက်ပြီး ဝယ်လာတယ် ၊ ရောက်ရင် ဘယ်နှရာခိုင်နှုန်း ပေးပေါ့ ”

“ အဝယ်ကိုယ်စားလှယ် ဖြစ်သွားကောလား ”

ဦးမျိုးတင့်က အားရပါးရ ရယ်မောလိုက်ပြီးမှ ဆက်ပြောပါတယ် ။

“ ပခုက္ကူဈေးရဲ့ အဝယ်ကိုယ်စားလှယ် ဖြစ်သွားတာပေါ့ ။ မိန်းကလေးတွေ ဝတ်တဲ့ ဘရာစီယာလည်း မှာတာပဲ ။ အန်ဒါဝယ်ယာလည်း မှာတာပဲ ။ လစဉ်သုံး ဂွမ်းထုပ်လည်း မှာတာပဲ ”

သူပြောရင်း ရယ်မောတာကို ခဏစောင့်ပြီးမှ ကျွန်တော်က မေးခွန်းမေးတယ် ။

“ ပစ္စည်းတွေကို ဝယ်ပြီး ပခုက္ကူ လှမ်းပို့တဲ့အခါ အပျောက်အရှ မရှိဘူးလား ”

“ သိပ်ရှိတာပေါ့ ။ မြင်းခြံ က စပြီး အမှတ်စဉ် တစ် ၊ နှစ် ၊ သုံး ၊ လေး ၊ ငါး ထိုး ပို့တာပေါ့ ။ ဝယ်စာရင်းပါ တစ်ခါတည်း ထည့်ပေးလိုက်တယ် ၊ သူတို့ ရောင်းဖြစ်အောင်လို့ ၊ နံပါတ်တစ် ရောက်ပြီ ၊ နှစ် ရောက်ပြီ ၊ လေး ရောက်ပြီ ။ သုံး မရောက်သေးဘူး ဆိုရင် စိတ်ညစ်ရပြီပေါ့ ။ ဘာဖြစ်တာလဲ ။ သက်ဆိုင်ရာကို လိုက်ရတာပေါ့ ။ ဆိုင်က မပို့သေးတာလား ၊ ဂိတ်မှာ သောင်တင် နေတာလား ၊ သိပ်စိတ်ပူရတာ ”

“ အဆုံးအရှုံးကော ရှိသလား ”

“ ရှိတာပေါ့ ။ အထုပ်ပျောက်တဲ့အခါ ကားဂိတ်ကလည်း လျော်ပါမယ် ။ တစ်လ ဘယ်လောက် အရစ်ကျ လျော်မယ်ပေါ့ ။ ကိုယ်ကလည်း ဘယ်မှာ လစဉ် လိုက်တောင်းနိုင်မှာလဲ ။ ဆုံးတာပေါ့ ။ အထုပ်လိုက် ပျောက်တာ အပြင် ဖောက်ပြုအခိုး ခံရတာလည်း ရှိသေးတယ် ။ ဟာ ... လက်ရာပျက်လာပြီပေါ့ဆို သေပြီသာ အောက်မေ့ပေရော ။ အဲဒါ အပူရဆုံး အလုပ်ပဲ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာ ရှာဖွေရေး ကလည်း မှောင်ခိုပစ္စည်း ရှာတာပေါ့ ။ ကိုယ့်ပစ္စည်း ကလည်း မှောင်ခို ဘယ်ကင်းပါ့မလဲ ။ ဖော့ရှန်တို့ ၊ ပါတိတ်တို့က မှောင်ခိုထည်လေ ”

ဦးမျိုးတင့်က ပြောလက်စ စကားကို ရပ်ပြီး ကွမ်းထုပ်ကို ဖြေစားတယ် ။ သူ့ပုံစံက ကွမ်းစားသက် တော်တော်ရင့်နေတဲ့ပုံပါ ။

“ ကွမ်းစားတာ ကြာပြီလား ”

“ ကျောင်းသား ကတည်းက စားတာ ။ တက္ကသိုလ်တုန်းက ဆရာတွေက သတိပေးတယ် ။ ဟေ့ကောင် … မျိုးတင့် ၊ ကွမ်းစားတာ လျှော့စားတဲ့ ။ ကျွန်တော်ရဲ့ စရိုက်ပေါ့ ။ ကျွန်တော်က အလုပ်တစ်ခု လုပ်ရင် စိုက်လိုက်မတ်တတ်လုပ်တဲ့သဘော ဆရာတွေက သိတယ် ။ အဝယ်တော် ဘဝမှာ ကွမ်းပိုစားဖြစ်တယ် ။ ကျွန်တော်က ဆိုင်ပေါက်စေ့ သွားတာကိုး ။ အဲဒီခေတ် ကတော့ စိန်ဂျွန်းဈေး ၊ လေဟာပြင်ဈေး ၊ တောင်ဥက္ကလာ ၁ဝ ရပ်ကွက်ဈေး အစုံ ပြေးရတာ ။ ဟိုဆိုင်ကလည်း ဟေ့ကောင် ... သောက်ပါဦး ။ ဒီဆိုင်ကလည်း လက်ဖက်ရည် ၊ ဟိုဆိုင်က ဘိလပ်ရည် ၊ ကြာတော့ ဗိုက်က မခံနိုင်တော့ဘူး ။ လူကလည်း နဂိုကတည်းက အက်စမာ အခံက ရှိတော့ ရင်က ကျပ်ရော ။ ဟာ ... ဒုက္ခပဲ ။ တော်ပါပြီဗျာ ပြောလို့လည်း မရဘူး ။ ကွမ်းစားထားလို့ ပါလို့ ကွမ်းနဲ့ အကာအကွယ် ယူရတယ် ။ ကျန်သေးတယ် ။ ကွမ်းပဲ ၊ ထွေးပစ်လိုက် ပြီးတာပဲတဲ့ ။ ဟာ .. သွားရောကွာ ၊ အဲဒီလို ဆိုင်ကျ ရှောင်လို့ မရတော့ဘူး ”

ဦးမျိုးတင့်က ကွမ်းတွေ ပလုတ်ပလောင်း ဝါးရင်း ရယ်ပါတယ် ။ ပြီးမှ ဆက်ပြောတယ် ။

“ ကျွန်တော့်ညီ ကိုတင့်လွင်က စီးပွားရေးတက္ကသိုလ် တက်တယ် ။ သူ့ အဆောင်မှာ ကျွန်တော် တည်းပြီး ရန်ကုန်မှာ ကုန်ဝယ်တာပေါ့ ။ သူ ကျောင်းပြီးသွားတော့ သွားပြီဟ ... တည်းခိုခန်း တည်းရတော့မယ် ၊ တည်းခိုခန်း တည်းရတာ သိပ်စိတ်ညစ်တာ ။ တစ်ယောက်ခန်း ကလည်း ရှားတယ်လေ ၊ ကိုယ်ကလည်း ငွေနဲ့ကြေးနဲ့ ၊ နည်းနည်း စိုးရိမ်ရတယ် ။ မန္တလေး မှာတော့ ဖိနပ်လုပ်တဲ့ မလှလှတို့ အိမ်မှာ တည်းရတယ် ။ ရန်ကုန်မှာတော့ အဆင်မပြေဘူး ။ ကျွန်တော့် အသက် ကလည်း ၂၈ နှစ်ရှိပြီ ။ အဖေကလည်း မိန်းမယူတော့လို့ တိုက်တွန်းနေတယ် ။ အဖေ ကလည်း ပြော ၊ ကိုယ် ကလည်း သူတို့ အိမ်မှာ တည်းတာ ။ မစွမ်းရင်းကလည်း ရှိ ၊ ကန်စွန်းခင်းကလည်း ငြိ ဆိုတော့ မလှလှကို ယူလိုက်တော့တာပဲ ”

ဦးမျိုးတင့် က သူအိမ်ထောင်ကျပုံကို ပြောရင်း အားရပါးရ ရယ်မောပါတယ် ။

( ၂ )

သူ့အိမ်ထောင်ဖက် ဒေါ်လှလှတို့ အိမ်က လုပ်ငန်းကလည်း ဖိနပ်လုပ်ငန်းပဲ ။

“ ကိုယ်ပိုင်တံဆိပ်နဲ့ လုပ်တာလား ”

လို့ ကျွန်တော်က မေးတော့ ဦးမျိုးတင့်က

“ ဟုတ်တယ် ၊ တံဆိပ်က ရွှေလဝန်း ”

ဆိုပြီး ဖြေတယ် ။

“ ရွှေလဝန်းလား ၊ ရွှေလဝင်း လား ”

ကျွန်တော်က မေးတော့ ဦးမျိုးတင့်က ဟက်ဟက်ပက်ပက် ရယ်တယ် ။

“ ခင်ဗျားက ပခုက္ကူသား နသတ်နဲ့ ငသတ် မပီတာကို လာစစ် နေပြန်ပါပြီ ။ ကျွန်တော် ခုနစ်ကို ဘယ်တော့မှ ခွင် လို့မပြောဘူး ။ ဆဲဗင်း လို့ပဲ ပြောတာ ။ မပီဘူး ပြောမှာ စိုးလို့ ”

ဦးမျိုးတင့်က ပြောရင်း ရယ်ပြန်တယ် ။

“ တက္ကသိုလ်မှာဆို သိပ်အရယ်ခံရတာ ။ ဟေ့ကောင် ... ခင်မောင်ထွင်း လို့ ခေါ်လိုက်ရင် ဝိုင်းရယ်ကြပါရောလား ”

“ အိမ်ထောင်ကျတော့ ဘယ်မြို့မှာ အခြေချကြသလဲ ”

“ မန္တလေးနေလိုက် ၊ ပခုက္ကူ လိုက်နေလိုက် နေကြတာ ။ သူက မန္တလေးမှာ အခြေချချင်တယ်တဲ့ ၊ ဈေးချိုထဲမှာ ဆိုင်ခန်း ငှားပြီး ဖိနပ်ဆိုင်တစ်ဆိုင် ဖွင့်တယ် ။ ကျွန်တော်က ထူးမဝယ်ရတော့ဘူး ။ ပခုက္ကူဆိုင်အတွက် ဝယ်ရင်း မန္တလေးဆိုင် အတွက် ဝယ်တာ ။ မန္တလေးဈေးချို ထဲမှာ နောက်ပိုင်းကျ ဆိုင်တစ်ဆိုင် အပိုင် ဝယ်နိုင်သွားပြီး မလှလှ ဖိနပ်ဆိုင် ဆိုပြီး ထွက်တာ ”

“ ဈေးချို ဘယ်ရုံထဲမှာလဲ ”

“ ဂျေရုံထဲမှာ ။ အဲဒီအချိန်မှာ အခွင့်အရေးလေး ရလိုက်တာက ဦးနေဝင်း ခေတ်မယ် ၊ မန္တလေး ဈေးချိုထဲက ဖိနပ်ဆိုင်ကြီးတွေက ယိုးဒယားပစ္စည်းနောက်ကို လိုက်ကြတယ် ။ ခေါက်ထီးတို့ ၊ ခြင်ထောင်တို့ ယိုးဒယားဖန်စီလိုင်းကို တွဲရောင်းလာတော့ ပြည်တွင်းဖြစ်ဖိနပ် မှာအားက လျော့သွားတာ ”

“ ကိုယ့်အတွက် အခွင့်အခါကောင်းပေါ့ ”

“ တစ်ခုလေး ဦးသွားတာက ဘယ်သူမှ မလုပ်သေးတဲ့ လိုင်းတစ်ခု ကိုယ်က မိတယ် ။ ရန်ကုန်က ခေတ်ပေါ်ဖိနပ်တွေ မန္တလေးမှာ ခေတ်မစားခင် ကတည်းက ကျွန်တော်က ရန်ကုန်မှာ ဝယ်ပြီး ပခုက္ကူကို လှိမ့်ပို့နေတာ ။ မိန်းကလေးစီး ဖိနပ် အဆန်းလေးတွေပေါ့ ။ ဒေါက်တို့ ၊ အပါးတို့ ၊ ရန်ကုန်လုပ်ဖိနပ်ဟာ မခိုင်ဘူး ။ မန္တလေး ဖိနပ်ကို မတိုးနိုင်ဘူးလို့ မန္တလေးက တွက်ထားတာ ။ ဒါပေမဲ့ ဈေးကတော့ တော်တော် ချိုတယ် ။ မခိုင်တာတော့ အမှန်ပဲ ။ ဒါပေမဲ့ လှတယ် ။ ပြည်တွင်းဖြစ် ရန်ကုန်ဖိနပ်ကို မန္တလေးဈေးကွက် ကျွန်တော် တင်လိုက်တာ ။ နောက်ပိုင်း တမူး ၊ ကလေးကပါ ရန်ကုန်ဖိနပ်ကို အဝယ်များလာတာ ”

“ အဝယ်တော်အဖြစ် ခရီးကတော့ သွားနေရဆဲပဲလား ”

“ အိမ်ထောင်ကျပေမယ့် ရန်ကုန်ကို သွားနေရဆဲပဲ ။ ကျွန်တော် တွေးတာက ရန်ကုန်နဲ့ ကင်းလို့ မရဘူး ။ တည်းဖို့ တိုက်ခန်းလေး တစ်ခန်းတော့ ဝယ်ထားမှ ။ အိပ်လို့ရရင် ပြီးရော ။ ဘူတာကြီးနဲ့ နီးရမယ် ။ ဈေးနဲ့ နီးရမယ် ။ နောက်ဆုံးတော့ အနော်ရထာလမ်းနဲ့ ဘားလမ်း ( မဟာဗန္ဓုလပန်းခြံလမ်း ) ထောင့်မှာ ဝယ်လိုက်တယ် ။ အပေါ်ထပ် ၊ ရန်ကုန်လို ဆိုရင်တော့ ပထမထပ်ပေါ့ ။ သုံးသောင်းခွဲ ( ကျပ် ၃၅ဝဝဝ ) ပဲ ပေးရတယ် ”

သူဝယ်တဲ့ တိုက်ခန်း နေရာ အတိအကျကို ကျွန်တော် က မေးတော့ ဦးမျိုးတင့် က အောက်ထပ်မှာ ဘာရှိတယ် ။ အခန်းနီးချင်းတွေက ဘယ်သူဆိုတာ ရှင်းပြတယ် ။

ကျွန်တော်တို့က Diamond House မင်္ဂလာခန်းမရဲ့ အပေါ်ထပ်မှာ ထိုင်ပြီး ရောက်တတ်ရာရာ ပြောနေကြတာပါ ။ အောက်ထပ် မင်္ဂလာခန်းမက နေနဲ့လ ရွှေနဲ့မြပုံပမာဆိုတဲ့ မင်္ဂလာသီချင်းသံ အပေါ်ထပ်ကို လွင့်ပျံလာတယ် ။

“ ကျွန်တော်က ရန်ကုန်က လုပ်တဲ့ ဖိနပ်တွေ ဝယ်ပြီး ပခုက္ကူနဲ့ မန္တလေးကို တွင်တွင် ပို့ပေးနေတာ ။ ဖိနပ်လုပ်ငန်းတွေနဲ့ ကျွန်တော်နဲ့ ရင်းနှီး နေကြပြီ ။ တစ်ခေါက်မှာတော့ ကျွန်တော်က မန္တလေး ပြန်သွားရမယ့် ကိစ္စ ရှိနေတယ် ။ ဖိနပ်ကို စောင့်မယူနိုင်ဘူး ။ မန္တလေး ပို့ပေးဖို့ မှာတော့ ဖိနပ်လုပ်ငန်းရှင်က ပို့မပေးနိုင်ဘူးပြော တယ် ။ ဒါနဲ့ ရန်ကုန်ဖိနပ်ကို ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်ဖို့ ဆုံးဖြတ်လိုက်တော့တယ် ”

Diamond House က ဝန်ထမ်း လူငယ်တစ်ယောက် ရေခဲမုန့်နဲ့ ကိတ်မုန့်တွေ ယူလာပြီး ကျွန်တော့် ရှေ့က စားပွဲပေါ်မှာ တည်ခင်း ဧည့်ခံတယ် ။ ဦးမျိုးတင့်က သူပြောလက်စ စကားကို ဆက်ပြောပါတယ် ။

“ ရန်ကုန်က ဖိနပ်လုပ်ငန်းတွေ ကိုယ်ပိုင်တံဆိပ်နဲ့ ထုတ်တယ်ဆိုပေမယ့် သူတို့က ဖိနပ်ရုံတွေက လုပ်လာတဲ့ ဖိနပ်တွေကို သူတို့တံဆိပ် ကပ် ရောင်းတာ များတယ် ။ ကျွန်တော်က ဖိနပ်ရုံတွေနဲ့လည်း ရင်းနှီးနေပြီ ။ ကိုယ်တိုင်က ဖိနပ်ထိုး ပညာတတ်ခဲ့ပြီးသား ဆိုတော့ ဘယ်သူ လက်ရာကောင်းတယ် ၊ ကုန်ကြမ်း ဘာလို တယ်ဆိုတာ သိတယ် ။ အဲဒီမှာ ခိုင်မာလာဆိုတဲ့ ကိုယ်ပိုင်တံဆိပ်နဲ့ လုပ်ဖြစ်သွားတယ် ”

ဦးမျိုးတင့်က ကျွန်တော့်ကို ရေခဲမုန့်စားပါဦးလို့ တိုက်တွန်းတယ် ။ ရာသီဥတုကလည်း ပူလာပြီ ။ ကျွန်တော် ရေခဲမုန့်တစ်ဇွန်း ခပ်စားတယ် ။ တော်တော် အရသာ ရှိပါတယ် ။

“ ခိုင်မာလာက ပေါက်သွားတယ် ။ တရုတ်ပြည်ထဲ အထိ ရောင်းရတယ် ။ တရုတ်တွေ အတွက် ခိုင်မာလာက နိုင်ငံခြားဖြစ် ဖိနပ်ကိုးဗျ ။ ကု,လားကလည်း အနည်းအကျဉ်း ဆွဲတယ် ။ တော်တော် အလုပ်ဖြစ်တယ် ၊ ပို့မလောက်ပါပဲဗျာ ”

ဦးမျိုးတင့် ထိုင်ရာက ထသွားပြီး သောက်စရာ တစ်ခု သွားယူကာ ကျွန်တော့် ကိုလည်း သောက်ဖို့ ဧည့်ခံတယ် ။ ကျွန်တော်က ရေခဲမုန့်ပဲ စားမယ် ပြောတော့ သူက သောက်ပါတယ် ။

“ အဲဒီအချိန်မှာ မိန်းမက မန္တလေးမှာ ။ မန္တလေးမှာ နိုင်ငံခြားဖြစ် ဒေါက်ဖိနပ်တွေ ၊ ဘာတွေရှိတယ် ။ မိန်းမရေ မန္တလေးက မင်းကြိုက်တဲ့ ဖိနပ်ဝယ်စီးပါ ၊ မစီးခင် ငါ့ဆီ တစ်ဖက်တော့ ပို့လိုက်ပါ ။ အဲဒီခေတ်က နိုင်ငံခြားဖြစ်က တစ်ထောင့် နှစ်ရာ - သုံးရာ ( ကျပ် ၁၂၀၀ - ကျပ် ၁၃ဝဝ ) ပေါ့ ။ ကျွန်တော်က မိန်းမ ဝယ်ပေးတဲ့ ဖိနပ်ကို ဒီမှာ လုပ်လို့ ဖြစ်မှာလား ကြည့်တယ် ။ ဖြစ်တယ်ဆိုရင် ဖိနပ်ရုံ သွားတယ် ”

“ ဖိနပ်ရုံတွေက ရန်ကုန်မှာပဲလား ”

“ ဟုတ်တယ် ။ ဖိနပ်ရုံမှာ နှစ်ပိုင်းရှိတယ် ။ အောက်ခုံသမားရယ် ၊ သည်းကြိုးသမားရယ် ၊ သူတို့ လိုတာရှာပေး ပုံပေါ်အောင်လုပ် ဖြစ်ပြီ ။ ဖြစ်တာတော့ ဟုတ်ပါရဲ့ ၊ ပြီးနိုင်ရဲ့လား မေးရသေးတယ် ။ တချို့က တစ်ရန် ၊ နှစ်ရန်တော့ လုပ်လို့ရတယ် ။ အရန် ၁ဝဝ အမှာရှိရင် ကိုယ်ဖော်တဲ့ဆေး ကိုယ်မစားနိုင်တော့ဘူး ”

ဦးမျိုးတင့်က သူ့ လုပ်ငန်းအကြောင်းကို စိတ်ပါလက်ပါ ပြောနေတာကို ကျွန်တော်က အသံတိတ် နားထောင်နေတယ် ။ မင်္ဂလာခန်းမက မင်္ဂလာဧည့်ခံသီချင်း တွေကတော့ တစ်ပုဒ်ပြီး တစ်ပုဒ် သာယာနာပျော်ဖွယ် ကြားနေရတယ် ။

“ ကိုယ်ကလည်း ဘယ်ဟာ ဘယ်လောက်ကုန်မယ် သိတယ် ။ ဘယ်နေရာ ပိုစားထားလည်း သိတယ် ။ ဒါပေမဲ့ မျှမျှတတ ဈေးတစ်ခု ဖွင့်လိုက်တယ် ။ မိန်းမ ဆီကို သူ့ဖိနပ်နဲ့ ကိုယ်လုပ်တဲ့ ဖိနပ် ပို့လိုက်တယ် ။ ဈေးချိုထဲမှာ အော်ဒါ တောင်းပေတော့ ၊ နိုင်ငံခြားဖိနပ် တစ်ထောင်ကျော်တန်တွေ ကျွန်တော်တို့ ဆီမှာ ငါးရာ - ခြောက်ရာ ( ကျပ် ၅၀၀ - ၆၀၀ ) နဲ့ ဖြစ်တာကိုး ”

“ ဘယ်နိုင်ငံဖြစ်တဲ့ ဖိနပ်မျိုးတွေလဲ ”

“ ထိုင်ဝမ်တွေ များတယ် ။ တရုတ်ပြည်မကြီး ကို ဖြတ်ပြီး မန္တလေးကို ဝင်လာတာ ။ အရန် ၂ဝဝ အော်ဒါရရင်ပြော ၊ နည်းရင် မကိုက်ဘူး ။ ဖိနပ်ကို ခိုင်မာလာ နာမည်နဲ့ပဲ လုပ်တာ ။ တစ်ခါတလေ KML လို့ တံဆိပ် ထိုးတယ် ။ နိုင်ငံခြားဖြစ် အတု မလုပ်ဘူး ။ အတူ လုပ်တာ ၊ ခိုင်မာလာ ဖြစ်သွားတယ် ”

“ သူများတွေကော လိုက် မလုပ်ဘူးလား ”

“ ဘယ်နေမှာလဲဗျာ ။ ဒီကောင်တွေ့မယ် ဆိုပြီး လိုက်လုပ်ကြတာပဲ ။ ခေတ်ဆန်း ဖိနပ်မှာ ထုံးစံရှိတယ် ။ ကိုယ်တစ်ယောက်တည်း လုပ်နေတယ်ထင်ပြီး ဘယ်တော့မှ ကျိတ်မထွင်နဲ့ ။ မင်းလိုပဲ တခြားတစ်ယောက်က တစ်နေရာမှာ လုပ်နေတယ် ။ တစ်ယောက်နဲ့ တစ်ယောက်သာ မသိကြတာတဲ့ ။ တစ်ယောက်ပေါက်သွားရင် ချက်ချင်း ဝိုင်းလိုက်တာ ။ တစ်ယောက်နဲ့ တစ်ယောက်က နှာတစ်ဖျားတွေကိုးဗျ ”

ဦးမျိုးတင့်က ပြောရင်း ရယ်တယ် ။

“ ခိုင်မာလာ ပေါက်တော့ မူဆယ်က လူက တရုတ်ပြည်မကြီးထဲ အထိ ပို့တာ ။ တရုတ်နယ်စပ်မှာ အဲဒီအချိန်က ကျွန်တော့် အကြွေး သိန်း ၇၀ လောက်ရှိတယ် ။ အဲဒီခေတ်က မူဆယ်ကို မြဝတီက ခရီးသည်တင် ဟယ်လီကော်ပတာဆွဲတယ် ။ လင်မယား နှစ်ယောက် ဟယ်လီကော်ပတာနဲ့ မူဆယ်သွား ကြွေးတောင်းကြတာ ”

ဦးမျိုးတင့်က ပြောရင်း ရယ်ပြန်ပါတယ် ။

“ ကျွန်တော်တို့ နေတာကတော့ ယောက္ခမ အိမ်မှာ နေကြတုန်း ။ ကိုယ်ပိုင် ခွဲနေဖို့ အိမ်ရှာကြတယ် ။ ဒီနေရာ Diamond House ကို ငါးသိန်းခွဲ ( ကျပ် ၅၅ဝဝဝဝ ) နဲ့ ဝယ်ဖြစ်တာ ။ ကျွန်တော့်မှာ ပိုက်ဆံ က နှစ်သိန်းခွဲ ( ကျပ် ၂၅၀၀၀၀ ) လောက်ရှိတာ ။ ကျွန်တော့်ညီ က ဝယ်ဖို့ တိုက်တွန်းတယ် ။ သူက နှစ်သိန်းကျော် စိုက်ပြီး ဝယ်တာ ”

ယခုအချိန်မှာ သိန်းပေါင်း သောင်းချီပြီး တန်မယ့်နေရာကို ငါးသိန်းခွဲနဲ့ ရခဲ့တာ ကံကောင်းတာပေါ့လို့ ကျွန်တော် တွေးနေမိတယ် ။

“ ကျွန်တော် ဝယ်တဲ့ တိုက်က မြန်မာမင်း လက်ထက်က တိုက် ။ မိုးက ယိုတယ် ။ ကလေးတွေ ထီးဆောင်းပြီး တယ်လီဗေးရှင်း ကြည့်ရတာ ”

သူက ပြောရင်း ရယ်ပါတယ် ။

“ ရန်ကုန်မှာ တိုက်ခန်းရှိတယ် ။ ဒါပေမဲ့ အပေါ်ထပ် ဖြစ်နေတော့ ပစ္စည်းတွေ တင်ရချရ အလုပ်များတယ် ။ မြေညီထပ် ဆင်းချင်တယ် ။ ၂၉ လမ်းက ရန်ကုန်မှာ ဖိနပ်နဲ့ ပတ်သက်ရင် အချက်အချာ ကျတယ် ။ ၁၉၈၈ ခုနှစ်မှာ ဘားလမ်းတိုက်ခန်း ရောင်းပြီး ၂၉ လမ်းထဲ တစ်ခန်း ဝယ်ပြီး လုပ်ငန်းရွှေ့တယ် ”

ကျွန်တော်တို့ နှစ်ယောက် စကားပြော နေကြတာ တော်တော်ကြာပြီ ။ ကျွန်တော့်ကို ဧည့်ခံထားတဲ့ နွားနို့ တစ်ခွက်လည်း ကုန်ပြီ ။ ရေခဲမုန့် တစ်ခွက်လည်း ကုန်ပြီ ။ စကားက ပြောလို့ ကောင်းဆဲ ။

“ မန္တလေးက တိုက်လည်း ပြင်ရော ၊ ရန်ကုန်က လုပ်ငန်းလည်း ရပ်လိုက်ရော ။ ခိုင်မာလာဖိနပ်ကို တော်တော်ကြာကြာ လုပ်လိုက်ရပေမယ့် နောက်ပိုင်း ဘာစိတ်ပျက်လာသလဲဆိုတော့ တရုတ်ပြည်ကို အကြွေးရောင်း ပေးရတယ် ။ အတုကလည်း လိုက်လာတယ် ။ တချို့က ဈေးလျှော့ချ ရောင်းချင်တော့ ပစ္စည်းတွေခို ၊ ဖိနပ်အရည်အသွေး တွေကျ ၊ ဒါကြာကြာ ခံမှာ မဟုတ်တော့ဘူးလို့ ကျွန်တော်သိတယ် ”

ဦးမျိုးတင့်က ပြောရင်း မောလာပုံရတယ် ။ ရေအေးတစ်ပုလင်း အသစ် သွားယူပြီး ဖန်ခွက်နှစ်လုံးထဲ ငှဲ့ထည့်တယ် ။ သူလည်း သောက် ၊ ကျွန်တော်လည်း သောက်တယ် ။

“ ကျွန်တော့်မှာ ငွေပိုငွေလျှံ ရှိလာတော့ မြေတွေတိုက်တွေ ဝယ်လိုက် ရောင်းလိုက် လုပ်တယ် ။ ကျွန်တော်က Construction ( ဆောက်လုပ်ရေး ) လည်း လုပ်တတ်တော့ ဝယ်လိုက် ၊ ပြင်လိုက် ၊ ရောင်းလိုက်ပေါ့ ”

ယခုကာလမှာ အချိန်တို အတွင်း ချမ်းသာလာသူ တချို့ဟာ အိမ်ခြံမြေ ဝယ်ရောင်းလုပ်ပြီး အတက်မြန်တယ်လို့ ကျွန်တော် တွေးနေမိတယ် ။

“ ရန်ကုန်တိုက်ခန်းလည်း မသုံး အတူတူ ငှားထားလိုက်တယ် ။ ဒီနေရာကို မီနီမားကက်လေး လုပ်ချင်လုပ်မယ် ဆိုပြီး ဆောက်တာ ။ နောက်ကျ မင်္ဂလာခန်းမ ဖွင့်ဖြစ်သွားတယ် ”

“ Diamond House ဆိုတဲ့ အမည်ပေးဖို့ ဘယ်လို စဉ်းစားလဲ ”

“ လူတွေက မြန်မာနာမည် ဆိုရင် ဘိုမဆန်ဘူး ၊ ခေတ်မမီဘူး ဆိုပြီး အထင် မကြီးဘူး ။ ဒါကြောင့် အင်္ဂလိပ်နာမည် စဉ်းစားတယ် ။ မြန်မာတွေ ပါးစပ်ထဲ တွေ့တဲ့ အမည်လည်း ဖြစ်ရမယ် ။ ကျွန်တော့်အဖေ နာမည်က ဦးကြီးစိန် ၊ အဖေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ စိန်တော့ ပါရမယ် ဆိုပြီး DiamondIHouse အမည်ကိုပေးတာ ။ မိဘ ဆိုတာ ဘယ်မေ့လို့ ရမှာလဲဗျ ”

ကျွန်တော်တို့ စကားကောင်း နေတာ အချိန် တော်တော် ကြာသွားပြီဖြစ်ပေမယ့် ဦးမျိုးတင့်က ပြောလို့ မဝသေးဘူး ။ ကျွန်တော် ကလည်း နားထောင်လို့ မငြီးသေးဘူး ။

ကျွန်တော်တို့နှစ်ယောက် ဘာသာရေး အတွေးအမြင်တွေအကြောင်း စကားလမ်းကြောင်း ပြောင်းသွားကြပြန်ပါတယ် ။

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

No comments:

Post a Comment