Wednesday, December 3, 2025

နတ်ဘီလူးဝှက်ပန်း

 

❝ နတ်ဘီလူးဝှက်ပန်း ❞
          ( ပုံပြင် )

ဟိုရှေးရှေးတုန်းက ဟန်လူမျိုးတို့ နေကြတဲ့ တိုင်းပြည်အတွင်း တောင်တန်းတွေ ထူထပ်လှတဲ့ ဒေသ တစ်ခုမှာ ရွာငယ်ကလေး တစ်ရွာ ရှိသတဲ့ ။ အဲဒီ ရွာငယ်ကလေးမှာ ရက်ကန်း ရက်တဲ့ အလုပ်နဲ့ ဇာထိုးပန်းထိုး အလုပ်မှာ ဘယ်သူမှ သူ့ကို မမီတဲ့ မိန်းကလေး တစ်ယောက် ရှိသတဲ့ ။ အဲဒီ မိန်းကလေးဟာ အဝတ်အစားဝတ်တဲ့ နေရာမှာ ရိုးရိုးကလေး ဝတ်ပြီး အလွန်လည်း ချွေချွေတာတာ နေတတ်သတဲ့ ။ ဒါကြောင့် သူ့ကို သူတို့ ရွာထဲက လူတွေက တခြား ဘာနာမည်နဲ့ မှ မခေါ်ကြဘဲ မယ်လိမ္မာကလေးလို့ ခေါ်ကြသတဲ့ ။ အဲဒီ မယ်လိမ္မာကလေး ရဲ့အိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာတော့ မန်ချန် ဆိုတဲ့ လူငယ်ကလေး တစ်ယောက် နေသတဲ့ ။ သူတို့ နှစ်ယောက်ဟာ ကလေးအရွယ်က စပြီး အတူတူ ကစား ၊ အတူတူ သွားနေခဲ့ကြတာ တော်တော် ကလေး အသက်ကြီးလာတော့လည်း မယ်လိမ္မာကလေး တစ်ယောက် ရက်ကန်း အရက်က လည်း ကောင်း ၊ ရိုးလည်း ရိုး ၊ ချွေလည်း ချွေတာလို့ လူတွေရဲ့ အချီးအကျူးကို ခံရသလို မန်ချန်ကလေး ကလည်း တောင်သူ အလုပ်ကို ကျွမ်းကျင်လို့ အချီးကျူးခံရသတဲ့ ။ ဒါနဲ့ သူတို့ အရွယ် ရောက်လာကြတဲ့ အခါမှာ သူတို့ မိဘတွေက သူတို့ နှစ်ဦးကို လက်ထပ်ပေးကြဖို့ စီစဉ်ကြသတဲ့ ။ မန်ချန်ရဲ့ မိဘများဟာ အလွန် ဆင်းရဲကြလေတော့ အဲဒီလို စေ့စပ်ကြောင်းလမ်းတဲ့ အခါ မယ်လိမ္မာကလေးရဲ့ မိဘတွေ ကို ပြောင်းဖူး တစ်တောင်းရယ် ၊ မုန်လာထုပ်ကြီး တစ်ထုပ် ရယ် ၊ပဲကတ္တီပါ တစ်ပြည် ရယ် ၊ ငြုတ်သီး တစ်ခွက်ရယ် ၊ ဒါပဲ လက်ဆောင် ပေးနိုင်သတဲ့ ။ ဒါပေမယ့် မယ်လိမ္မာကလေးက ဒီလက်ဆောင်တွေကို အလွန်သဘောကျသတဲ့ ၊ ဒီလက်ဆောင်တွေကိုလည်း နေ့တိုင်း အရိပ် တကြည့်ကြည့်နဲ့ နေသတဲ့ ။

နောက်တစ်နှစ် နွေဦးကျတော့ မိဘတွေက သူတို့တွေကို လက်ထပ်ဖို့အရေး ဆွေးနွေးကြပြီး ဆောင်းဦးမှာ လက်ထပ်ပေးကြဖို့ ဆုံးဖြတ်ကြသတဲ့ ။ မယ်လိမ္မာကလေးရဲ့ မိဘတွေက မယ်လိမ္မာကလေး လက်ထပ်ပွဲမှာ ဝတ်ရအောင် အဝတ်အစားအသစ်တွေ ဝယ်ဖို့ သူတို့အိမ်မှာ ရှိတဲ့ ပစ္စည်းတွေကို ရောင်းချရသတဲ့ ။ မယ်လိမ္မာကလေးကတော့ သူ့ဖို့ ဘာအဝတ်အစားမှ မဝယ်ဖို့ ပြောသတဲ့ ။ သူက သူ့လက်ထပ်ပွဲမှာ ဝတ်ဖို့ အဝတ်အစားကို သူ့ဘာသာသူ ရက်မယ်လို့ ပြောသတဲ့ ။ မန်ချန် ကလည်း သူ့ ဇနီးလောင်းဖို့ အဝတ်သစ် ဝယ်ပေးဖို့ တတ်နိုင်သလောက် ကြိုးစားနေသတဲ့ ။ ဒါပေမယ့် နောက်ဆုံး သူ ဘာမှ လှလှပပ ဝယ်မပေးနိုင်လေတော့ ဝါ ပဲ ဝယ် ပေးလိုက်ရတော့သတဲ့ ။

မယ်လိမ္မာကလေးရဲ့ အိမ်နီးချင်းတွေ ထဲမှာ “ ရွှေကြာ ” လို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက် ရှိသတဲ့ ။ သူ့ကိုတော့ မြို့ထဲက ပိုက်ဆံ ချမ်းသာတဲ့ လူတစ်ယောက်ရဲ့ သားတစ်ယောက်နဲ့ လက်ထပ်ဖို့ စေ့စပ်ထားသတဲ့ ။ သူ့ယောက္ခမလောင်းများက ပိုက်ဆံ ရှိကြတော့ လက်ထပ်ပွဲမှာ ဝတ်ဖို့ အလွန် အဖိုးထိုက်တန်တဲ့ ပိုးတွေဖဲတွေ လက်ဝတ်လက်စားတွေကို ဝယ်ပေးကြသတဲ့ ။ ရွှေကြာ ကလည်း အဲဒီဟာတွေကို ညနေတိုင်း ရေခပ်လမ်းမှာ ဝတ်ပြီး ကြွားနေတာပဲတဲ့ ။

မယ်လိမ္မာကလေး ကတော့ ရွှေကြာ ကြွားနေတာကို ဂရုမစိုက်နိုင်ဘူးတဲ့ ။ သူ့မင်္ဂလာ ဆောင်မှာ ဝတ်ဖို့ အဝတ်ကို သူကိုယ်တိုင် ရက်ပြီး သူကိုယ်တိုင် ပန်းပွင့်တွေ ထိုးနေသတဲ့ ။ သူ့ လက်ကို အပ်ထိုးမိလို့ အဝတ်မှာ သွေးလူး သွားရင် သွေးလူးတဲ့ နေရာမှာ ချိပ်သွေးရောင် ပန်းပွင့်ကလေး ထိုးလိုက်သတဲ့ ။ သူ့ နဖူးက ချွေးပေါက်ကလေး အဝတ်ပေါ် ကျပြီး အစွန်း ထင်သွားရင် အဲဒီ စွန်းတဲ့ အကွက်ပေါ်မှာ လိပ်ပြာရုပ်ကလေး ထိုးလိုက်သတဲ့ ။ သုံးလတိတိ ကြာတဲ့ အခါမှာ သူ့ အဝတ်ကလေးဟာ ကောင်းကင်မှာ အရောင် အမျိုးမျိုး ပြောင်းနေတဲ့ တိမ်တောင်တိမ်တိုက် တွေထက်လည်း လှသတဲ့ ။ နံနက်အရုဏ်ဦး ကောင်းကင်မှာ ထွန်းတောက်နေတဲ့ လင်းအရုဏ် အရောင် ထက်လည်း လှသတဲ့ ။ အလွန်လှပတဲ့ ပန်းတွေ ထက်လည်း လှသတဲ့ ။ တစ်နေ့တော့ ရွှေကြာကလေးက သူ့ အိမ်ကို လာပြီး သူ့အဝတ်ကို ကြည့်ပြီး သူ့ရဲ့ အဖိုးထိုက် အဖိုးတန် ပိုးဖဲ ကတ္တီပါတွေနဲ့ လဲဖို့ လာပြောသတဲ့ ။ ဒါပေမယ့် မယ်လိမ္မာကလေးက သူကိုယ်တိုင် ထိုးထားတဲ့ သူ့အဝတ်တွေကို ဘာနဲ့မှ မလဲနိုင်ဘူးလို့ ပြန်ပြောလိုက်သတဲ့ ။

ရွှေကြာဟာ မယ်လိမ္မာကလေးရဲ့ အဝတ်ကို ဘယ်နည်းနဲ့မှ မရတော့မှန်း သိတော့ ရုတ်တရက် လုသွားသတဲ့ ။ မယ်လိမ္မာကလေးက သူ့နောက်က အတင်းပြေးလိုက်တာပေါ့ ။ ယုတ်မာတဲ့ ရွှေကြာက အဲဒီ အဝတ်ကို သစ်ပင် တစ်ပင်ပေါ်ကို ပစ်တင်လိုက်သတဲ့ ။ မယ်လိမ္မာကလေးက အဲဒီတော့ သစ်ပင်ပေါ်က ချူယူဖို့ ဝါးလုံး တစ်လုံးကို ရှာနေတုန်း သပိတ်လွယ်ငှက်တစ်အုပ်က အဲဒီ အဝတ်ကို ချီပြီးသွားကြတာပေါ့ ။ မယ်လိမ္မာကလေးက ဒေါသ ဖြစ်လွန်းလို့ အော်လည်း အော် ၊ ငိုလည်း ငိုတော့ ရွှေကြာက သူ့ရဲ့ ငွေချည်တွေနဲ့ ထိုးထားတဲ့ အဝတ်ကို လာပေးသတဲ့ ။ ဒါပေမယ့် မယ်လိမ္မာကလေး က မလိုချင်ဘူးလို့ ပြန်ပြောလိုက်သတဲ့ ။ ဒါနဲ့ သူ့ သပိတ်လွယ်ငှက်တွေကို ဖမ်းဖို့ ပိုက်ကွန်တစ်ခု လုပ်နေသတဲ့ ။

ပိုက်ကွန်လည်း ပြီးတော့ သပိတ်လွယ်ငှက်အုပ်ကို ပိုက်ကွန်နဲ့ ဖမ်းလိုက်တာ သပိတ်လွယ်ငှက်တွေက ဗြုန်းခနဲ တညီတညွတ်တည်း ပျံသွားကြတော့ သူပါ တစ်ခါတည်း ပိုက်ကွန် နဲ့ ငှက်တွေ ပျံတဲ့ နေရာကို ပါသွားတာပေါ့ ။ ခရီး တော်တော်ဝေးဝေး ရောက်သွားတော့ သပိတ် လွယ်ငှက်တွေဟာ မြေကြီးပေါ်ကို ဆင်းကြတော့သတဲ့ ။ အဲဒီအချိန်မှာ အလွန်လှပတဲ့ နတ်သမီးကလေး တပါးဟာ အလွန်လှပတဲ့ အဝတ်အစားတွေကို ဝတ်ပြီး သူ့ဆီ လာနေတာကို သူ မြင်ရသတဲ့ ။ သေသေချာချာ ကြည့်လိုက်တော့ နတ်သမီးကလေး ဝတ်ထားတဲ့ အဝတ်ဟာ သူ့ အဝတ် ဖြစ်ကြောင်း မယ်လိမ္မာကလေးဟာ သိလေတော့ သူ့အဝတ်ကို ပြန်ပေးဖို့ နတ်သမီးကလေးကို ပြောတော့ နတ်သမီးကလေးက သူ့ အဝတ်ကို ပြန်ပေးပြီး သူတို့ အိမ်ထောင်ရေး သာယာပါစေ ။ ကျန်းမာရွှင်လန်းပါစေလို့လည်း ဆုများ တောင်းလိုက်သေးသတဲ့ ။ မယ်လိမ္မာကလေး ဟာ ဒီလိုနဲ့ ဝမ်းသာအားရနဲ့ ပြန်လာလိုက်တာ မကြာမီဘဲ သူ့ကို စိတ်မချလို့ လိုက်လာတဲ့ မန်ချန် နဲ့ လမ်းမှာပဲ တွေ့ကြသတဲ့ ။ ဒါနဲ့ သူတို့ နှစ်ဦးဟာ ဆင်းရဲပေမယ့် ပျော်ပျော်ရွှင်ရွှင် လက်ထပ်လိုက်ကြသတဲ့ ။

လက်ထပ်ပြီးတဲ့ နောက် မယ်လိမ္မာကလေး နဲ့ မန်ချန် တို့ဟာ သူတို့ရဲ့ လယ်ယာထဲကို နှစ်ယောက် အတူတူ သွားပြီး အလုပ် လုပ်ကြသတဲ့ ။ မယ်လိမ္မာကလေးဟာ သူ လှလှပပရက် လုပ်ထားတဲ့ အင်္ကျီကလေးကို ဝတ်ဝတ် သွားသတဲ့ ။ နေပူလို့ အိုက်တဲ့ အခါမှာသာ သူ့ အင်္ကျီကလေးကိုချွတ်ပြီး အနီးမှာ ရှိတဲ့ သစ်ပင်ကလေးများပေါ်မှာ တင်ထားသတဲ့ ။ အဲဒီအခါမှာ သပိတ်လွယ်ငှက်တွေက ဒီအင်္ကျီကလေးကို ဘယ်သူမှ မခိုးရအောင် အနားမှာ ရှိတဲ့ သစ်ပင်တွေ ပေါ်က စောင့်နေကြသတဲ့ ။ တစ်နေ့တော့ ရွှေကြာ ဟာ မြို့ထဲက သူ့ ယောက္ခမတွေ ဆီက ပြန်အလာ အဲဒီ အင်္ကျီကလေးကို မြင်တော့ မယ်လိမ္မာကလေး မသိအောင် ခိုးတာပေါ့ ။ ဒါပေမယ့် သပိတ်လွယ်ငှက်တွေ က မြင်တော့ သူ့ကို အတင်းဝိုင်းပြီး ထိုးကြဆိတ်ကြတာပေါ့ ။ ရွှေကြာ က အဲဒီ အင်္ကျီနဲ့ သူ့မျက်နှာတွေ ၊ ခေါင်းတွေကို ကာပေမယ့် မရဘူးတဲ့ ။ သပိတ်လွယ်ငှက်တွေက အတင်း ထိုးဆိတ်ကြလို့ အင်္ကျီလည်း ပြဲကုန်သတဲ့ ။ သူ့မျက်နှာလည်း ဒီလိုပဲ ပြဲကုန်တာပဲတဲ့ ။ အချိန် မကြာမီ အတွင်းမှာပဲ စိတ်သဘောထား ယုတ်မာတဲ့ ရွှေကြာကလေး ကို သူ့ယောက္ခမများ က အိမ်က နှင်ချလိုက်ကြသတဲ့ ။

မယ်လိမ္မာကလေးရဲ့ အင်္ကျီကလေးကတော့ ဒီလိုနဲ့ စုတ်ပြဲ ကုန်တော့တာပေါ့ ။ ဒါပေမယ့် အဲဒီ အင်္ကျီအစုတ်အပြဲတွေ ကျတဲ့ နေရာတွေမှာ မိုးဦးကျတဲ့ အခါတိုင်း အလွန်လှပတဲ့ ပန်းကလေးတွေ ၊ ပွင့်ပွင့်နေကြသတဲ့ ။ အဲဒီ ပန်းကလေးတွေကို လူတွေက နတ်ဘီလူးဝှက်ပန်းလို့ ခေါ်ကြသတဲ့ ။ မယ်လိမ္မာကလေး ကလည်း ဒီပန်းတွေကို ကြည့်ကြည့်ပြီး စိတ်ကြည်နူးမိသတဲ့ ။ ဒါနဲ့ မယ်လိမ္မာကလေး နဲ့ မန်ချန်တို့ နှစ်ယောက်ကတော့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေ သွားကြရသတဲ့ ။ အဲဒီအချိန်က စပြီး နတ်ဘီလူးဝှက်ပန်း ဆိုတာ ပေါ်လာရတယ်လို့ ဟန်လူမျိုးတွေဟာ ယူဆကြတယ်တဲ့ကွယ် ။

( ဘာသာပြန် )

〇 ဦးလေးကိုကိုကြီး
📖ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ဇွန်

No comments:

Post a Comment