❝ ဆောင်းလယ်တံလျှပ် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
( ၁ )
ရှားတောရွာ မှာ ရမ်းဘိုကုန်းရွာ နှင့် ဓားလွယ်ခုတ် တည်ရှိ၏ ။ ရွာနှစ်ရွာ ကြားဝယ် ကောတိမ်နေသော စလင်းချောင်းကြီးက ဖြတ်ခြားထားသည် ။ ချောင်း၏ အကျယ်အဝန်းမှာ တစ်မိုင်ခန့်မျှပင် ရှိလာပေပြီ ။ ထို့ကြောင့်လည်း ရှားတောရွာမှ ဆိုင်းသံကို ရမ်းဘိုကုန်း ရွာမှ မကြားရခြင်း ဖြစ်ပေ၏ ။
သို့သော်လည်း ဆန်းစသော်တာ၏ မှုန်မွှားသော အရောင်နှင့် ကြယ်ပြောက်တို့၏ လျော့နည်းသည့် အရောင်အဝါကို နှင်းမှုန်ကမ္ဗလာက သိပ်သည်းစွာ ဖုံးအုပ်ထားသဖြင့် တစ်ရွာလုံးမှာ မှောင်နှင့်မည်းမည်း ဖြစ်နေသည့်ကြားမှပင် လှုပ်ရှားနေပေသည် ။
“ ထွန်းအောင်ရေ ၊ ပွဲသွားမယ်ဟေ့ ”
“ ဟဲ့ ဘညိန်း ၊ မထွက်သေးဘူးလားဟ ”
စသော ခေါ်သံအော်သံ ၊ အဖော်စုသံများအပြင် လက်ခေါက်မှုတ်၍ အချက်ပေးခေါ်ငင်သံများသည် ရွာ၏ အမှောင်တွင်းမှ ထွက်ပေါ်နေ၏ ။ ရွာလယ်ရှိ ပေပင်ရိပ်တွင် တီးတိုးတိုင်ပင်၍ တစ်စု ၊ ရွာ၏ တောင်တံခါး အနီးရှိ ကွက်လပ်တွင် ပေါက်ကရ ပြောဆို၍ တစ်ဖွဲ့ဖြင့် လူစု စောင့်စားနေကြပေသည် ။
အချိန်ကာလကား ငြိမ်းချမ်းရေး ကင်းမဲ့နေဆဲသာတည်း ။ ရမ်းဘိုကုန်း ရွာအနီးတစ်ဝိုက်၌ သူပုန် အစုအအုပ်လိုက် ဟူ၍ မရှိ ။ သို့သော် ... ဓားပြကို ကြောက်နေကြရသည် ။ ပြန်ပေးကို လန့်နေကြရ၏ ။ အခြားသော ကြေးအမျိုးမျိုးတို့သည် တောသားတို့၏ ကုပ်ပေါ်တွင် ဖိနင်းလျက် ရှိမြဲသာ ရှိနေပေသေးသည် ။ ယင်းသည့် ကာလမှာပင် ည၏ မှောင်မည်းမည်း အတွင်းဝယ် ကိုင်းတော ၊ ဆင်နီတော ၊ ရှဉ့်မတက်ပင်တော များကို ဖြတ်၍ တစ်မိုင်ခန့်ဝေးသော ရှားတောရွာရှိ ဇာတ်ပွဲသို့ သွားလိုကြပေသေးသည် ထားပါတော့ ... ကာလသားယောက်ျားသားတွေမို့ သွားကြသည် ၊ သွားသင့်သည်ဟု ဆိုရလျှင် ... မိန်းမသားတွေကျလျှင်ကောဟု မေးရပြန်ပေဦးမည် ။ မှန်ပေသည် ။ သည်ကာလဆိုး၌ ယောက်ျားကလေးတွေသာ မဟုတ် မိန်းမများ ကပါ မကြောက်မရွံ့ဖြင့် ပွဲသွားရန် ပြင်ဆင်နေကြပေ၏ ။
“ ဒေါ်အေးခြုံ ကလည်းနော် ... ကြာလိုက်တာ ”
“ ဟုတ်ပါရဲ့တော် ... သူကလည်း လင်လိုချင်ပြန်ပြီ ထင်ပါရဲ့ ”
“ ကြည့်ပါဦး ၊ သနပ်ခါးလိမ်းတာကလည်း ကြာလိုက်တာ ”
ရမ်းဘိုကုန်းရှိ ကာလသား ကာလသမီးများသာမက ရမ်းဘိုကုန်းရွာသူ တစ်ယောက်ယောက်ကို မျက်စိကျနေသော ပြင်ပရွာသားများကပင် ဆည်းကပ်ရသည့် တစ်ခုလပ် ဒေါ်အေးခြုံ ၏ တဲကုပ်ကလေးထဲ မှ ထွက်လာသော အသံများဖြစ်သည် ။ အသံရှင်များမှာ အုပ်ထိန်းသူမိဘများက ဒေါ်အေးခြုံနှင့် စိတ်ချပြီး ပွဲသို့ ထည့်လိုက်သော မိန်းကလေးများ ဖြစ်ကြကာ စိမ်ပြေနပြေ သနပ်ခါးလူးနေသော ဒေါ်အေးခြုံ အား ကြည့်ကာ စိတ်မရှည်နိုင်ကြတော့သဖြင့် တစ်ယောက် တစ်ပေါက် ပြောဆိုနေကြခြင်းဖြစ်သည် ။
“ ဟဲ့ကောင်မလေးတွေရဲ့ လောလှချည်လားဟဲ့ ။ ညည်းတို့လင် ဇာတ်သမားတွေက ခုမှ ထမင်းစားတုန်း ရှိမှာပါ ”
ဒေါ်အေးခြုံ က ဘော်လီအင်္ကျီကို ချိတ်ထိုးလျက် အခန်းထဲမှ ထွက်လာရင်း ပြန်ဆိုလိုက်ရာ ...
“ စောစောရောက်တော့ နေရာကောင်းရတာပေါ့တော်ရဲ့ ”
နှုတ်သွက်လျှာသွက်ရှိသော လှခင်က စောဒက တက်လိုက်ပြန်သော်လည်း ဒေါ်အေးခြုံက တုံ့ပြန်ခြင်း မရှိတော့ဘဲ “ ဟဲ့ လှမျှင် ကော မလိုက်ဘူးတဲ့လားဟဲ့ ၊ သွားခေါ်ချည်ကြပါဦး ။ ကောင်မလေးက ပွဲကို သိပ်ပြီး လိုက်ချင်ရှာတာ ” ဟု ပြောလိုက်လေ၏ ။
“ ရောက်ခဲ့ပြီးပါပြီတော် ၊ တော့ လှမျှင်က မလိုက်ချင်ပါဘူးတဲ့ ”
“ သူ့အဖေ ရှေ့မှာ ညည်းတို့က သွားမေးကြသလားမှ မသိဘဲကိုး ဟယ်တို့ရဲ့ ။ သွားကြပါဦး .. ငါက ထည့်လိုက်ပါ ပြောတယ်လို့ သူ့အဖေ ကိုကံညွန့် ကိုလည်း ပြောကြပါ ။ စိန်ခင် နဲ့ မြကြည် သွားလိုက်ပါအေ ”
အသားညိုညို ၊ နှာတံပွပွ ရောင်ကလပ်နှင့် လုံးကြီးပေါက်လှ စိန်ခင်က “ သူ့ဟာလေးတော့ မလိုက်ချင်ပါဘူး ဆိုတာတောင် သွားအပင့်ခိုင်းသေးတယ် ။ သူများကျတော့ လိုက်ရပါမယ့်အကြောင်း ရှိခိုးဦးတင် ” ဟု မကျေမချမ်း ရေရွတ်ကာ မြကြည်ကို လက်ဆွဲလျက် နေရာမှ ထလိုက်သည် ။
မြကြည်က ...
“ ဪ ... ချောစိန်ကော မခေါ်တော့ဘူးလားတော့် ”
ဒေါ်အေးခြုံက ..
“ အောင်မယ်လေး ... ချောစိန်တော့ မခေါ်ဝံ့ဘူး ၊ မကျီးဒန်က တော်တော်အပေါက်ဆိုးတယ် ”
ဒေါ်အေးခြုံ ပြောလည်း ပြောစရာပင် ၊ မကျီးဒန် ကလည်း သမီးပျိုကို ကျီးကန်းမျက်လုံးဖြင့် အကဲခတ်၍ ဘီလူးလက်ဝါးဖြင့် ကာကွယ်အုပ်ဆိုင်းထားပေသည် ။ အခြားကိစ္စ ၊ အခြားစကားဖြင့် ဆဲဆို ၊ နောက်ပြောင်ကာ ပြောမနာဆိုမနာ နေသူများအပေါ်မှာပင် သမီးကို ကျီစယ်သော လေသံများ သုံးလာလျှင် မျက်နှာထား ချက်ချင်းပြောင်းသွားတတ်၏ ။ သမီးသာလော ။ မဟုတ်ပေ ။ သားကိုလည်း သားယောက်ျားကလေးမို့ ရင်တထိတ်ထိတ်ဖြင့် စောင့်ကြပ်အုပ်ထိန်းနေရ၏ ။
ယခုပင်လျှင် ...
“ ဟာ အမေကလည်းဗျာ ၊ အဖော်တွေ အများကြီး နဲ့ သွားမယ့်ဥစ္စာ ... ”
ဘညိန်းမှာ ဝတ်သစ်စားသစ်များ ဆင်ယင်၍ ရေနံဆီမီးခွက်ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ မရွှင်သော မျက်နှာဖြင့် ပွဲသွားခွင့် တောင်းနေရပေပြီ ။
“ ဟဲ့ အများကြီးတော့ကော အရင်တစ်ခါလို သေနတ်နဲ့ ချိန်ပြီး ပြန်ပေးဆွဲသွားတော့ နင်တို့ ဘာတတ်နိုင် မှာလဲဟဲ့ ”
“ ဆွဲပေစေ အမေရာ ၊ ကျုပ်လို ဆင်းရဲသားရဲ့ သားသမီးကိုမှ ပြန်ပေးဆွဲချင်ရင် ဆွဲသွားစမ်းပါစေ ။ ဒုက္ခခံပြီး လိုက်မရွေးပါနဲ့ ”
ဘညိန်း ကတော့ ပွဲသွားချင်ဇောဖြင့် ပြောလိုက်ခြင်းသာဖြစ်၏ ။ မကျီးဒန်၏ ရင်ထဲတွင်ကား နင့်သွားသည် ။ မိခင်၏ ကြောင့်ကြပူပင်တတ်ခြင်းကို စော်ကားရက်လေခြင်း ။
“ ဟုတ်တယ် ... နင်က လိုက်မရွေးနဲ့ ဆိုပေမဲ့ ငါက မနေနိုင်ဘူးဟဲ့ ခွေးသားရဲ့ ။ ငါ ကွမ်းညှပ်နဲ့ ပစ်လိုက်ရ ... တယ်လေ ”
“ ကဲ ရှင်ကျီးဒန် ။ ခင်ဗျားမလည်း ... နေ့ရှိသရွေ့ ကလေးတွေနဲ့ ရန်ဖြစ်နေပါကလား ၊ ဒီအရွယ်ဟာ မငယ်တော့ဘူး ။ နင်မသွားနဲ့ ဆိုပေမယ့် နင်အိပ်ပျော်နေတုန်း ထသွားတော့ နင်ဘာတတ်နိုင်ဦးမှာလဲ ။ ကဲ လူလေး သွားသွား ရန်မဖြစ်အောင်သာ ဂရုစိုက် ”
ကိုဆေးရိုးက တဲရှေ့ရှိ မီးဖိုဘေးတွင် လက်ဖက်ရည်အကြမ်း သောက်နေရာမှ လှမ်း ပြောလိုက်ရာ မကျီးဒန်က တဲရှေ့သို့ လှမ်းပြီးမျက်စောင်းထိုးကာ ပြန်ပက်ရန် ပါးစပ်ဟလိုက်စဉ် -
“ ဟုတ်ကဲ့ အဖေ ” ဟု ဘညိန်းက ဆိုသည် ။
တစ်ဆက်တည်းပင် “ မိန်းကလေးရေ ... ဘညိန်းကို မုန့်ဖိုးလေး ဘာလေး ပေးလိုက်ပါဦးဟာ ” ဟု ချောစိန်သို့ လှမ်းပြောလိုက်၏ ။
( ၂ )
ယနေ့ည အဖို့တွင်ကား သည်ပွဲခင်းသို့ မသွားရလျှင် မနေဟု ဘညိန်းက ပိုင်းဖြတ်ထားပြီးဖြစ်၏ ။ ကိုဆေးရိုး ပြောသည့်အတိုင်းပင် ညဦးမှာ မသွားရလျှင် အမေအိပ်မှ ထသွားမည်သာတည်း ။ အဖော် မရှိလည်း တစ်ကိုယ်တည်း စိတ်တင်းပြီး သွားလိမ့်မည် ။
သည်ပွဲသို့ အေးအေးဆေးဆေး သွားကာ ညလုံးပေါက် အချိန်ဖြုန်းပြီး ပြန်လာလျှင် အိပ်ချင်မူးတူးနှင့် မြေမနှယ်ရအောင် ၊ နွားစာမစဉ်းစားရအောင် နံနက်ကပင် မနားမနေ လုပ်ထားပြီးဖြစ်သည် ။ တင်ကြိုပြင်ဆင်ထားပြီး ဖြစ်သည် ။ အိုးလုပ်ရန် အတွက် မြေကို ရွာသစ်ရွာ၏ တောင်ဘက်ရှိ မြေစေး ၊ မြေမ, ဖြစ်သည့် လယ်တောကြီးသို့ လှည်းဖြင့် ၂ ခေါက် သွားရောက် သယ်ထား၏ ။ လှည်းတစ်စီး ပြည့်အောင် မြေကို တူးရသည်မှာ မသက်သာသလို ချိုင့်တွင်းမှ နေပြီး လှည်းပေါ်သို့ မြေလုံးမြေစိုင်များကို ဂေါ်ပြားဖြင့် ပစ်တင်ရခြင်းမှာလည်း ဖေးဖေးလှုပ်အောင် ပင်ပန်းလှ၏ ။
မြေသယ်ပြီးပြန်လျှင် မြေစိမ်သော တွင်းထဲတွင် မြေကြီးခဲတွေကို ထည့်ပြီး ရေစိမ်ထားလိုက်ပြန်သည် ။ သယ်ယူလာခဲ့သော မြေများကို အမှုန့်ဖြစ်အောင် ထုရိုက်၍ နေလှမ်းလိုက်သေး၏ ။ ပြီးသော် တလင်းထဲသို့ ပြေးပြီး ကောက်ရိုးနုတ်လိုက်ကာ ၊ ရေစိမ်ထားသော မြေများကို နွားရေပေါ်သို့ တင်၍ နေပြသည် ။ နွားရေပေါ်မှ ရွှံ့များ မထပ်မချင်း မန်ကျည်းပင်ရိပ်တွင် ထိုင်ကာ ကောက်ရိုးစဉ်း နေပြီးမှ ၊ နွားရေပေါ်ရှိ ရွှံ့ များကို ခြေဖြင့် အထပ်ထပ်အပြန်ပြန် နင်းနှယ်သည် ။
“ ဟဲ့ကောင်လေး ထမင်းစားရအောင် ... ”
ချောစိန်က ထွက်ပြီး ထမင်းစားခေါ်သည် ။
“ အေးအေး ... ဒါလေး ပြီးအောင် လုပ်လိုက်ဦးမယ် ။ စားနှင့်ကြ ... ”
ဘညိန်းမှာ ပါးစပ်မှ စားနှင့်ကြဟု ဆိုသော်လည်း တကယ်တမ်း၌ကား ထမင်းစားရန် ရည်ရွယ်ချက် မရှိပေ ။ ရွှံ့နင်းပြီးသားများကို အိမ်ထဲသို့ သွင်းပြီးပြန်လျှင် ထုရိုက်ပြီး နေလှမ်းထားသော မြေမှုန့်များကို အမှိုက် နှင့် အိုးပဲ့များ ၊ ခဲများ မရှိအောင် ဆန်ကာနှင့်ချပစ်ကာ မြေစိမ်သော ကန်ထဲသို့ ချနေပြန်သည် ။ ပြီးလျှင် မန်ကျည်းပင်ရိပ်သို့ ပြေးကာ နွားစာကို ဆက်လက်ခုတ်စဉ်းပြန်၏ ။ သူ ရည်ရွယ်ထားသော အလုပ်အားလုံး ပြီးစီးသွားသော အခါ၌ ညနေသုံးနာရီ ကြေးစည်တီးသံသည် သရက်ချင်မြောက်ကျောင်းမှ ထွက်ပေါ်လာပေပြီ ။
ထိုသို့ ထမင်းမှန်း မသိ ၊ ဟင်းမှန်း မသိအောင် ဘညိန်း အလုပ်များနေခြင်းကို ချောစိန် က သော်လည်းကောင်း ၊ မကျီးဒန် က သော်လည်းကောင်း သတိမထားမိပေ ။ မပုတ်ရသေးသော အိုးများ ခြောက်မကုန်မီ ပြီးစီးအောင် ပုတ်ဖို့ကိုသာ စိတ်ဝင်စားနေကြ၏ ။ ကိုဆေးရိုးမူကား နွားတွေကို ထပြီး အစာကျွေးလိုက် ၊ မြေတွေကို နင်းလိုက် ၊ စိမ်လိုက် ၊ နွားစာထိုင်စဉ်းလိုက်ဖြင့် အလုပ်များနေသော သားငယ် ကို သပိတ် ချောရင်းက အကဲခတ်နေသည် ။ သတိပြုမိ၏ ။ မိမိတို့ ငယ်ငယ်ကလည်း တစ်နေရာတွင် အချိန်ဖြုန်းစရာ ကိစ္စများ ပေါ်ပေါက်လာလျှင် ဖြုန်းတီးမည့် အချိန်ကာလတွင် လုပ်ရမည့် အလုပ်များကိုပါ ပြီးစီးနှင့်အောင် လုပ်ထားခဲ့ဖူးသဖြင့် “ ဒီကောင် တစ်ခုခုတော့ တစ်ခုခုပဲ ” ဟု နေ့လယ်ကတည်းက ကြိတ်၍ တွေးဆနေခဲ့သည် ။ ဒါကြောင့်လည်း ယောက်ျားချင်း ကိုယ်ချင်းစာကာ သားဘက်မှ ရှေ့နေရှေ့ရပ် လုပ်လိုက်ခြင်းဖြစ်၏ ။
ကိုဆေးရိုး တွေးခဲ့သော တစ်ခုခုကား ပွဲကြည့် သွားရန်ဖြစ်သည် ဟုသာ ကိုဆေးရိုး အဖို့ အဖြေပေါ်၏ ။ ဘညိန်း အဖို့ကား ပွဲကို အကြောင်းပြုကာ အိမ်မှ ထွက်လာသော မိန်းကလေး တစ်ယောက်ကို ပွဲခင်းလယ်တွင် တွေ့ဆုံ ချစ်တင်းနှောရန်သည် အဓိက အချက် ဖြစ်နေသည် ။ ဘညိန်း တွေ့ဆုံလိုသည့် မိန်းကလေးမှာ လှမျှင် ဖြစ်၏ ။ လှမျှင် ကို ပါအောင် ခေါ်ခဲ့မည် ဟုလည်း ဒေါ်အေးခြုံ က ဘညိန်း အား တင်ကြို ကတိပေးထားခဲ့သည် ။ ယင်းကြောင့်ပင် လှမျှင် မပါ ပါအောင် သူ၏ တပည့်မကလေးများကို ထပ်မံ အခေါ် ခိုင်းလိုက်ခြင်း မဟုတ်ပါလော ။
( ၃ )
ရှားတောရွာ ဘက်သို့ နီးလာလေလေ ၊ ဆိုင်းသံများက ကျယ်လောင်လာလေလေဖြစ်၏ ။ ဆိုင်းသံများကို ကျယ်လောင်သည်ထက် တိုးဆင့်၍ ကျယ်လောင်စွာ ကြားရလေလေ ဘညိန်း၏ ရင်ထဲတွင် အလုံးကြီး တစ်ခု ဆို့တက်လာလေလေ ဖြစ်တော့သည် ။ ဘညိန်း နည်းတူပင် လှမျှင် ၏ ရင်ထဲတွင်လည်း ဖိုသလိုလို ၊ တစ်သလိုလိုနှင့် ဝမ်းသာရမယောင် ၊ ရှက်ရမယောင် ဖြစ်နေ၏ ။ ဒေါ်အေးကြုံ မှတစ်ဆင့် အခါအခါအဖန်ဖန် စကားဆိုလာသော ဘညိန်း စကားသံများကို ကြားခဲ့ရသည်မှာ ကြာပြီ ။ မိမိ ကလည်း ဒေါ်အေးခြုံ မှ တစ်ဆင့် ပြန်၍ စကားပြန်ခဲ့ ၊ ထေ့ခဲ့ ၊ ငေါ့ခဲ့ ၊ ရန်ထောင်ခဲ့ သည်မှာ အကြိမ်ကြိမ် ။ သို့ရာတွင် လူချင်း ဆုံ၍ စကား တစ်ကြိမ်မျှ မဆိုစဖူး တစ်ခါတစ်ရံ ရေခပ်ဆိပ်မှ မရွံ့မရဲနှင့် ရပ်ကြည့်နေသော ဘညိန်း ကို တစ်လံကွာ လောက်မှ တွေ့မြင်ရဖူးသည်မှအပ နီးနီးကပ်ကပ် မတွေ့ခဲ့ရဖူးပေ ။
ယနေ့ညမူကား ဒေါ်အေးခြုံ ကလည်း ဘညိန်း ကို အနားသို့ ခေါ်တော့မည် ။ မိမိကိုလည်း ခွာမသွားအောင် ဆွဲထားတော့မည် ။ လင်းအားကြီးအချိန် ပွဲကြည့်ပရိသတ်များ ငိုက်မျဉ်းငေးမောနေချိန် ၊ စောင်ခြုံဖျက်ပြီး အအေးခံကာ ထိုင်နေရာမှ ထမသွားချင်သော အချိန်ဝယ် မိမိကို အပေါ့အပါးသွားရန်ဟု ဆိုကာ မှောင်ရိပ်သို့ ခေါ်ထုတ်ချေတော့မည် ။ ထိုအခါ တွင် ဘညိန်း ကလည်း လိုက်လာမည်သာ ။ ဒေါ်အေးခြုံ က ခပ်ဝေးဝေးသို့ ရှောင်ပေး၍ ဘညိန်း များ သားရဲ မင်းရဲ စီးလျှင်တော့ ...
လှမျှင်၏ကျောကလေးမှာ တွန့်၍သွား၏ ။
“ လှမျှင် တို့ ရင်ထဲမှာ ကု,လားဘုရားပွဲ လှည့်နေပြီ ထင်တယ်ဟေ့ ... ဟီဟီ ... ”
“ အို ... ဒေါ်အေးခြုံကြီးကလဲ ”
တွေးထများလျား ၊ ရင်များခုန်လျက် လှည်းရံတိုင်ကို ကိုင်လျက် လိုက်ပါလာစဉ် ဒေါ်အေးခြုံ က နားနားသို့ ကပ်ပြီး ကျီစယ်လိုက်သဖြင့် လှမျှင် မှာ ခေါင်းကို ကပျာကသီ ငုံ့ပစ်လိုက်ရကာ ပြောမိပြောရာ ပြောလိုက် မိသည် ။
လှမျှင် ကား ကိုဆေးရိုးတို့ အိမ်နှင့် သုံးအိမ်ကျော်မှ လယ်သမားကြီး ကိုကံညွန့်၏ သမီးကြီး ဖြစ်သည် ။ အသက် ၁၆ နှစ် မျှသာ ရှိသေးပေမဲ့ မိုးဦးကျ မျှစ်စို့ကြီးပမာ စိုပြည်ဖွံ့ထွားလှ၏ ။ ဆင်းရဲသားပေမို့ အသားညိုသည်မှ တစ်ပါး မျက်လုံး ၊ မျက်ခုံး ၊ နှာတံ ၊ နှုတ်ခမ်း မှ အစ တစ်ကိုယ်လုံးသည် အလှအပနှင့် ဆန့်ကျင်ခြင်း မရှိပေ ။ လှမျှင် ကို ပြောပေးပါမည့် အကြောင်းဖြင့် လူကြီးတွေ မသိအောင် စပါးတွေ ခိုးပေးရသူမှာ ဘညိန်း သာ မဟုတ် ၊ တစ်ရွာလုံးရှိ ကာလသားတိုင်းပင် ။ တစ်ရွာလုံးရှိ ကာလသား ထဲမှ ဘညိန်း တစ်ယောက်တည်းသာ ချွန်ပြီး လှမျှင် ၏ မေတ္တာကို ခံယူရခြင်းဖြစ်၏ ။
ထိုညက လှမျှင် မှာ ပင်ဖြူအင်္ကျီလက်ရှည်ကလေး ဝတ်ကာ ဖဲရိုင်းပွင့်ရောင် အမြိတ်နှစ်ဖက်ချထားသော ယောတဘက်ကလေးကို ခြုံထား၏ ။ ခါးမှ လုံချည် မှာ ရေညှိရောင်တွင် အဖြူမတ်တတ်ဆင် ဆင်ထားသည့် ဗမာရက်လုံချည်ဖြစ်သည် ။ သနပ်ခါးရေကျဲ လိမ်း၍ ဆံထုံးတွင် ဒေါနတစ်ခက်သေးသေးကို ထိုးစိုက်ပန်ထား၏ ။ မည်သို့မျှ ကွန့်မြူးမွမ်းမံ မထားပေ ။ သို့တစေလည်း ပွဲခင်းထဲတွင် နေရာယူမိကြသောအခါ ၌ အဖော်များထက် သူ၏ မျက်နှာကလေးမှာ ထင်းနေလေ၏ ။
ပွဲခံရာနေမှာ ချောင်းပြင် အလယ်တွင် ဖြစ်သည် ။ ချောင်းရိုးအတိုင်း စွတ်ဝင်လာသော လေသည် ပွဲခင်းတွင်းရှိ လူများကို စိမ့်အေးနေစေသည် ။ ကျလာသည့် နှင်းမှာ မီးရောင်အောက်မှာပင် ပြာမှောင်နေ၏ ။ လှမျှင် ကြုံတွေ့ခဲ့ရသည့် အတိုင်းပင် ဒေါ်အေးခြုံ က မလာချင်ဘူးဟု ဟန်ဆောင်ငြင်းပယ်နေသော ဘညိန်း ကို အတင်းခေါ်ကာ ဘေးနားတွင် အထိုင် ခိုင်းထား သည် ။ လှမျှင် က ဣန္ဒြေရရပင် ရှေ့ပိုင်းပြဇာတ်ကို ငေးမောကြည့်ရှုနေ၏ ။ ဘညိန်း မှာသာ ကျောထဲက ယားသလိုလို ၊ မြီးညှောင့်ရိုးက အောင့်သလိုလို နှင့် ခွေးနာလောက်ကိုက် ဖြစ်နေရသည် ။
ပြဇာတ် ပြီး၍ အငြိမ့်ထွက်သည့် တိုင်အောင် ဘညိန်းသည် တစ်ယောက်ခြားရှိ လှမျှင်ကို စကားတစ်ခွန်းမျှ မပြောသေးချေ ။ ဒါကြောင့်ပင် ဒေါ်အေးခြုံ က လှမျှင် နှင့် ဘညိန်း ကြားရုံမျှ လေသံဖြင့် စလိုက်ရ၏ ။
“ ကဲ ... လှမျှင် ၊ ညည့်အကောင်ဟာ တော်တော် စကားများတယ် ၊ ငါ့အနားမှာ မထားဘူး ။ ညည့်အနား ခေါ်ထား ”
“ အိုတော် ... ”
“ အဟီး ”
လှမျှင် က ရှက်သံဖြင့် ဆို၍ ဘညိန်း က ခြောက်ကပ်ကပ်ကြီး ရယ်လိုက်သည် ။ ရယ်ရရုံသာ ရှိသေး၏ ။ သူ့ လည်ချောင်းဝတွင် အလုံးကြီးတစ်လုံးက ပြေးတက် ဆို့ကပ်နေ၏ ။ ရင်ထဲက တဒိန်းဒိန်းခုန်နေသည် ။
သည့်နောက်တွင် အတော်ကြာအောင် တိတ်ဆိတ်သွားလေ၏ ။ နှင်း ကလည်း ကျသည်ထက် ကျ၍ လေကလည်း အဆက်မပြတ် တိုက်နေသဖြင့် ဇာတ်ခုံပေါ်မှ လူပြက် ၊ မင်းသား ၊ မင်းသမီးများပါ စုရုံးခုန်ပေါက်ခြင်းဖြင့် အအေးဓာတ်ကို ကာကွယ်နေကြ၏ ။ ခေါင်းကို လက်ဖြင့် စမ်းကြည့်လိုက်လျှင် နှင်းစက်များ ရွှဲအိုင်နေ၏ ။ သည်အထဲ၌ ဘညိန်း မှာ ချွေးများ ပြန်နေရှာသည် ။
“ လှမျှင် ... ”
အတန်ကြာမှ ဒေါ်အေးခြုံ၏ ချိုင်းနားမှာ ကပ်ပြီး ခေါ်လိုက်သည် ။ လှမျှင် က မထူးပေ ။
“ လှမျှင် ... ”
“ ခေါ်နေတယ်လေ ထူးလိုက်ပါ ”
ဒေါ်အေးခြုံ က ဝင်ရောက် စွက်လိုက်မှ ..
“ လူမြင်ရဲ့သားနဲ့ ခေါ်နေရသေးသလား ... ”
“ ဘာစားမလဲ ”
“ မစားချင်ပါဘူး ”
“ ဟီးဟီး ”
ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်ရပြန်သည် ။ အတန်ကြာမှ ..
“ နင်နဲ့ ငါနဲ့ ဘယ်တော့ မင်္ဂလာဆောင်မလဲ ”
“ မသိဘူး ”
“ ဟီးဟီး ... ငါ အဖေတို့ကို အပြော လွှတ်လိုက်မယ် ”
“ မသိဘူး ”
“ အဟီး ... ”
စစ်ပေါက် ၊ ခြစ်ခြုတ်ပြီး ပြောသမျှ စကားလုံးတိုင်း မှာလည်း လှမျှင် နှင့် အဆင်မပြေ ။ မျက်နှာကလေး သော်မျှ သည်ဘက် မပြ ။ တစ်ဖက်သို့ ခပ်စောင်းစောင်းလှည့်ထားသည် ။ သူ ငါ့ကို မချစ်ဘူး ထင်ပါရဲ့ နော် ၊ ဒေါ်အေးခြုံကြီး ကများ ငါ့ကို ညာရော့သလား ။
စိတ်ပျက်အားလျော့သည်နှင့် တစ်ပြိုင်နက် မေးဖျားချင်း ရိုက်လာသည် ။ချစ်သူရှေ့တွင် ကိုယ်ဟန်ပြရန်အတွက် ပါပလင်အင်္ကျီကို ဝတ်လာ၏ ။ ခြုံစရာ ပုဆိုးအပို သော်မျှ မပါ ။ ကျောပြင်တစ်ခုလုံး အေးစက်ထုံကျင်ပြီး ခါးမှ ကိုက်ခဲလာသည် ။ စိတ်ပျက်လက်ပျက်ဖြင့် ရွာပြန်ရန် ဘေးဘီသို့ လှည့်ကြည့်လိုက်သောအခါဝယ် ရွာမှ ကာလသားများကား တစ်ယောက်မျှ မရှိကြတော့ပြီ ။ မည်သည့်အချိန်က ပြန်သွားသည်မသိ ။
သို့သော် စိတ်ကို တင်းလိုက်သည် ။
ပြန်မည် ။
ပြန်မည်ဟု စိတ်တင်းကာ ထိုင်ရာမှ ထလိုက်သည်နှင့်တစ်ပြိုင်နက် ဒေါ်အေးခြုံ က မော့ကြည့်၏ ။
“ ဘယ်လဲ ”
“ ပြန်တော့မယ်လေ ”
“ ဟဲ့ တို့နဲ့ အတူ ပြန်တာပေါ့ ”
“ မဖြစ်ပါဘူးဗျာ ... ပြန်မှပါ ”
ဘညိန်း က ပုဆိုးကို ပြန်ဝတ်လိုက်သည် ။ ခေါင်းမှ နှင်းစက်များကို ပွတ်ချလိုက်သည် ။
“ အေးလေ ပြန်ချင်လည်း ပြန်ပေါ့ ”
ဒေါ်အေးခြုံ၏ အသံဝယ် မကျေမနပ်ခြင်းများ ပါဝင်သလားဟု သံသယဖြစ်မိ၏ ။ ထို့ကြောင့် သွားရမလို ၊ ထိုင်ရမလို ဖြစ်နေစဉ် ...
“ ပြန်ချင်လည်း ပြန်ပါစေတော် ”
လှမျှင် ၏ အသံက ပေါ်လာပြန်၏ ။ သူ့ကို အရေးမစိုက်သယောင် ၊ သူ ပြန်သွားလည်း မပူပန်ပါဟု ပြောသယောင် ထင်မိကာ ဆတ်ခနဲ ပြန်ထိုင်ချလိုက်သည် ။ ဘညိန်းမှာ ဒေါ်အေးခြုံ ကို ကြောက်ရွံ့ခြင်း ၊ လှမျှင် ကို မကျေနပ်ခြင်းတို့ကြောင့် ပြန်ထိုင်လိုက်ရသည့် အခါဝယ် လှမျှင် က ဒေါ်အေးခြုံ ဘက်သို့ တိုးကပ်လာ၏ ။ ဘညိန်း ဘက်သို့ မျက်နှာလှည့်ထား၏ ။ ဘညိန်း၏ ရင်၌ ပီတိပန်းများ ဝေလန်းလာသည် ။ သို့ရာတွင် ... တစ်ကိုယ်လုံး ဆတ်ဆတ်တုန်၍ မေးချင်းရိုက်လျက်သာပါတကား ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 သွေးသောက် မဂ္ဂဇင်း
၁၉၅၀ ၊ ဒီဇင်ဘာ

No comments:
Post a Comment