❝ ဒီလုံးလေး ❞
( ပုံပြင် )
ရှေးသရောအခါ တောင်ခြေ တစ်ခုရှိ ရွာတစ်ရွာ၌ ဇနီးမောင်နှံ နှစ်ယောက်ရှိ၏ ။ သူတို့သည် ကလေး ရလိုလှသဖြင့် “ ဒီလုံးလေးလောက် သေးချင် သေးပါစေ ၊ တို့များမှာ ကလေး တစ်ယောက်လောက်များ ရှိမယ်ဆိုရင် သိပ်ပျော်မှာပဲ ” ဟု ပြောလေ့ရှိ၏ ။ နောက်များ မကြာမီ မယား သည် သားကလေး တစ်ယောက်မွေး၏ ။ ကလေးမှာ ဒီလုံး ထက် မကြီးချေ ။ အမှန်တကယ်ပင် ဒီလုံးထက် မကြီးပေ ။ လင်မယား နှစ်ယောက်စလုံးပင် အလွန် ပျော်ရွှင်ကြ၏ ။ ကလေး ကိုလည်း ဒီလုံး ဟူ၍ပင် နာမည် မှည့်ကြသည် ။
တစ်နှစ် ၊ နှစ်နှစ် ၊ ထို့နောက် နှစ်အတန် ကြာသည့်တိုင် ကလေး မှာကား လုံးဝ ကြီးထွား မလာပေ ။ တစ်နေ့တွင် အဖေသည် “ ဒီလုံး အဖေဖြင့် ပျော်နိုင်စရာ အကြောင်းကို မရှိဘူး ၊ မင်းလို ကလေးကို ကြီးထွားလာအောင် ဘယ်လိုနည်းကောင်းနဲ့ ကြိုးစားရပါ့မလဲ ” ဟု ပြော၏ ။ အမေ ကလည်း “ သားရယ် ၊ မင်းမှာ နည်းနည်းလေးမှ ထွားမလာဘူး ၊ အမေလည်း မင်းအတွက် စိတ်မကောင်းပါဘူး ” ဟု ပြော၏ ။
“ အဖေနဲ့ အမေ လုံးဝ စိတ်မကောင်း မဖြစ်ကြပါနဲ့ ၊ ကျွန်တော့် ပုံပန်းကို ကြည့်ပြီး ကျွန်တော့်ကို မဆုံးဖြတ်ပါနဲ့ ၊ တခြား လူတွေ လုပ်နိုင်သလို ကျွန်တော်လည်း လုပ်မယ် ” ဟု ဒီလုံး က ပြန်ပြော၏ ။
ဒီလုံးသည် နေ့စဉ် အလွန် ပင်ပန်းခံ၍ ဂရုတစိုက် အလုပ်လုပ်၏ ။ သူ၏ သေးငယ်သော ခန္ဓာကိုယ်သည် အလွန် သန်စွမ်းကျန်းမာလေသည် ။ သူသည် အလုပ်မျိုးစုံ လုပ်တတ်အောင် သင်၏ ။ မြည်းကို ဘယ်လို မောင်း၍ လယ်ကို ဘယ်လို ထွန်ရမည်ကို သိ၏ ။ ထင်းခွေရာတွင် အခြား မည်သူ့ထက် မဆို ပိုရအောင် ခွေနိုင်သည် ။ အကြောင်းမှာ ဒီလုံးသည် အိမ်ခေါင်မိုးလောက် မြင့်အောင် ခုန်နိုင်စွမ်း ရှိသည့်အပြင် အခြားလူများ မတက်ရဲသည့် အမြင့် ကိုလည်း တက်ဝံ့၏ ။ အိမ်နီးချင်း အားလုံးကပင် သူ့ကို ချီးမွမ်းကြသည် ။
“ ဒီလုံးလောက် သေးတာလည်း ဒီလုံးပဲ ရှိတယ် ၊ အလုပ်တော်တဲ့ နေရာမှာလည်း သူ့လောက် တော်တာ ဘယ်သူမှ မရှိဘူး ၊ မင်းတို့ မရှက်ဘူးလား ” ဟု ပြော၍ မကြာခဏ သူတို့ သားသမီးများကို ဆူပူ ဆုံးမတတ်၏ ။
သို့အတွက် ဒီလုံး၏ အဖေနှင့်အမေမှာ ပိုမို ဝမ်းသာလာရသည် ။
ဒီလုံးသည် အလုပ် ကြိုးစားရုံသာမက ပါးလည်းပါးနပ်လှ၏ ။ တစ်နှစ်တွင် ဆိုးဆိုးဝါးဝါး မိုးခေါင်သဖြင့် တစ်ရွာလုံး စပါးတစ်စေ့မျှ မရကြချေ ။ ရွာသားများ အတွက် စားစရာမရှိ ဖြစ်နေသော်လည်း မြို့တော်မှ အရာရှိကြီးများသည် ခါတိုင်းကဲ့သို့ပင် သီးနှံဖြင့် ပေးရသည့် အခွန် အကောက်များ ကောက်ရန် လာကြလေသည် ။
သို့ရာတွင် ရွာသားများသည် အခွန် မပေးဆောင်နိုင်သဖြင့် တရားသူကြီးက အမိန့်ထုတ်ပြန်၍ သူတို့၏ နွားနှင့် မြည်းများကို ဘုရင့်ဘဏ္ဍာ အဖြစ် သိမ်းလေသည် ။ အသိမ်းခံရသော တိရစ္ဆာန်များ မရှိလျှင် လယ်သမားများသည် လာမည့် မိုးကျတွင် လယ်လုပ်နိုင်တော့မည် မဟုတ်ချေ ။ အားလုံး အလွန် စိတ်ပျက်ကြ၏ ။ သို့ရာတွင် ဒီလုံးက “ စိတ်မပျက်ကြပါနဲ့ ၊ ကျွန်တော် အကြံ တစ်ခုရပြီ ” ဟု ပြောလေသည် ။ သူ့ကို မယုံကြည်သော ရွာသား အချို့က “ အကောင်သေးသေး လေမထွားနဲ့ ” ဟု လှမ်းဟောက်ကြသည် ။ ဒီလုံးသည် သူတို့နှင့် ဖက်ပြိုင် ငြင်းခုံ မနေတော့ဘဲ “ ကောင်းပြီ ၊ ခင်ဗျားတို့ စောင့်သာ ကြည့်နေကြ ” ဟူ၍ ပြန်ပြော၏ ။
ထိုညနေတွင် “ ဒီလုံး ” သည် တရားသူကြီး သိမ်းထားသည့် မြင်းဇောင်းသို့ ပြေးသွားလေသည် ။ တစ်ချက်တည်း ခုန်ကာ ခြံစည်းရိုးကို ကျော်လိုက်၏ ။ ထို့နောက် အစောင့်များ အိပ်မောကျသည့် တိုင်အောင် ပုန်းအောင်းကာ စောင့်နေ၏ ။ အစောင့်များ အိပ်ပျော်သောအခါ သူသည် မြည်းတစ်ကောင်ကို ကြိုးဖြေလွှတ်ပြီး မြည်း၏ နားရွက်ထဲ ခုန်ဝင်လိုက်ကာ အော်လေ တော့၏ ။ အော်သံကြောင့် အစောင့်များ နိုးလာပြီးလျှင် အလန့်တကြားပင် “ မြည်းသူခိုးဗျို့ မြည်းသူခိုး ” ဟု ဟစ်ကြသည် ။ လျင်မြန်စွာ ဓားလှံများကို ကောက်ကိုင်ကာ နေရာအနှံ့ ရှာဖွေကြ၏ ။ ထပ်ခါထပ်ခါ ရှာဖွေသော်လည်း သူခိုး တစ်ယောက်ကိုမျှ မတွေ့နိုင်ဘဲ ရှိကြ၏ ။ သူတို့ ပြန်အိပ်ကြသည်နှင့် တစ်ပြိုင်နက် အော်သံသည် ထပ်မံပေါ်လာပြန်လေသည် ။ ခုန်ထကြပြီး အနီးတဝိုက်တွင် တဖန် ရှာဖွေပြန်သော်လည်း သူခိုးကို မတွေ့ရ ။ အချည်းအနှီးသာ ဖြစ်၏ ။ သန်းခေါင် မကျော်မချင်း ဤသို့ အော်သံ ပေါ်လာလိုက် ၊ ထရှာလိုက်နှင့် အစောင့်များမှာ အတော်မော နေကြတော့၏ ။ အစောင့်များ၏ ဗိုလ်လုပ်သူက ...
“ ကဲ ... တစ်ခုခုတော့ ဖြစ်နေပြီ ၊ ဒါကို ဂရုစိုက် မနေကြနဲ့တော့ ၊ အိပ်သာ အိပ်ကြစို့ရဲ့ ” ဟု ပြောပြီး ပြန်လှဲအိပ်လိုက်ကြ၏ ။ အလွန် မောပန်းနေသည့် အတွက် မကြာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည် ။ ဤတွင်မှ ဒီလုံးသည် မြည်းနားရွက် ထဲမှ ခုန်ဆင်းလိုက်၏ ။ နောက် တံခါးကို ဖွင့်ပြီး တိရစ္ဆာန် အားလုံးကို ရွာသို့ ပြန်မောင်းယူသွားလေသည် ။
တိရစ္ဆာန်များကား လွတ်သွားပေပြီ ။ သို့သော် တရားသူကြီးမှာ အလွယ်တကူ အလျှော့ပေးမည့်သူ မဟုတ်ပေ ။ ထို့ကြောင့် မိုးလင်းသည်နှင့် တစ်ပြိုင်နက် အစောင့်များနှင့် အတူ လယ်သမားများကို ဖမ်းရန် ရွာသို့ သွားလေသည် ။ ရွာသားများ စုရုံးမိသော အခါ ဒီလုံး သည် ပရိသတ် ရှေ့သို့ ခုန်ဝင်လိုက်ပြီး ...
“ တိရစ္ဆာန်တွေကို ကျုပ် ပြန်မောင်းလာတယ် ၊ ဒါကို ခင်ဗျားက ဘာလုပ်ချင်သလဲ ” ဟု ပြောလိုက်၏ ။
တရားသူကြီးသည် “ ကြိုးနဲ့ တုပ်လိုက်စမ်း ၊ ကြိုးနဲ့ တုပ်လိုက်စမ်း ” ဟု အော်ဟစ်လေသည် ။
အစောင့်များသည် သံကြိုးများကို ထုတ်လိုက်ပြီး “ ဒီလုံး ” ကို တုပ်နှောင်ရန် ကြိုးစားကြ၏ ။ သို့ရာတွင် ဒီလုံး သည် အလွန်သေးငယ်သောကြောင့် သံကြိုးများ ကြားမှ ခုန်ထွက်လိုက်နိုင်၏ ။ ထိုနေရာတွင် မတ်တတ်ရပ်လိုက်ကာ အစောင့်များကို ရယ်မောပြောင်လှောင်လေသည် ။
ဘာလုပ်ရမှန်း မသိသဖြင့် အစောင့်များသည် သူ့ကို ဝိုင်းကြီးပတ်ပတ် လှည့်ကာ ပြေးနေကြ၏ ။ သို့သော် တရားသူကြီးမှာ ဉာဏ်ပါးသူဖြစ်၏ ။
“ ဒီလုံးကို ပိုက်ဆံအိတ်ထဲ ထည့်ပြီး ဌာနချုပ်ကို ခေါ်ခဲ့ ” ဟု ပြောလေသည် ။ ခန်းမထဲတွင် ဟန်ကျပန်ကျ ထိုင်ချလိုက် ပြီးသောအခါ တရားသူကြီးသည် စားပွဲ စောင်းကို လက်သီးနှင့် ထုပြီး ...
“ ဒီကောင်လေးကို နာနာရိုက်စမ်း ” ဟု အော်၍ အမိန့်ပေးလေသည် ။
ဒီလုံးသည် ဟိုဘက် ခုန်လိုက် ဒီဘက် ခုန်လိုက်ဖြင့် ရှောင်တိမ်းလေရာ အင်မတန် ဖျတ်လတ်လွန်းသဖြင့် အစောင့်များသည် သူ့ကို ရိုက်ဖို့ ကြိုးစားကြ သော်လည်း ရိုက်မရပေ ။ တရားသူကြီးမှာ ဆွေ့ဆွေ့ခုန် အမျက်ဒေါသ ထွက်စွာဖြင့် ...
“ နောက်ထပ် တုတ်နဲ့ အစောင့်တွေ ထွက်ခဲ့စမ်း ” ဟု အော်ဟစ်လေသည် ။
ဤအမိန့်ပေးသံကို ကြားသောကြောင့် “ ဒီလုံး ” သည် ဟိုဟိုဒီဒီ ခုန်လွှားရှောင်တိမ်း ခြင်းကို ရပ်လိုက်၏ ။ တရားသူကြီး၏ မုတ်ဆိတ် ပေါ်သို့ တစ်ချက်တည်း ခုန်တက်လိုက်၏ ။ ထို့နောက် မုတ်ဆိတ်မွေးကို မြဲမြံစွာ ဖမ်းကိုင်လိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အဆက် မပြတ် ရှေ့တိုးနောက်ငင် ယီးလေးခို စီးလေတော့သည် ။ တရားသူကြီးသည် နာကျင်သဖြင့် ကျယ်လောင်စွာ ညည်းတွားနေရင်းမှ “ သူ့ကို လွင့်စဉ်သွားအောင် ထိုးလိုက်ကြစမ်း ၊ လွင့်သွား အောင်ထိုးကြစမ်း ” ဟု အော်ဟစ် အမိန့်ပေးလေသည် ။
အစောင့်များလည်း ပြေးဝင်လာပြီး လက်သီးနှင့် ဝိုင်းထိုးကြ၏ ။ ဒီလုံး ကိုကား မထိ ။ တရားသူကြီး ကိုသာ ထိုးမိကြသဖြင့် တရားသူကြီး၏ သွားအားလုံး ကျွတ်ထွက်ကုန်လေတော့သည် ။ ခန်းမ အတွင်းရှိ လူအားလုံး ထိတ်လန့်တကြားဖြင့် တရားသူကြီးကို ပြုစုရန် ပြေးလာကြ၏ ။ ဒီလုံးသည် ပျော်ရွှင်စွာပင် အေးအေးဆေးဆေး လျှောက်ကာ ထွက်သွားလေတော့သတည်း ။
( ဘာသာပြန် )
〇 မောင်မင်းဝေ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၈ ၊ ဒီဇင်ဘာ
No comments:
Post a Comment