❝ အူတိုမ ❞
( ကြူးနှစ် )
ဒေစီဟန်ကို ငယ်စဉ်ကတည်းက မိဘဆွေမျိုးအသိုင်းအဝိုင်းက ချမ်းသာမည့် ဇာတာပါလာသူဟု ဟောကိန်းထုတ်ကြခြင်းမှာ အပြည့်အဝ မမှန်ကန် သော်လည်း အချို့ အဝက်တော့ မှန်သည် ။ ဒေစီဟန်သည် ကြေးရတတ် သူဌေးကတော် ၊ အရာရှိကတော် ဖြစ်မလာသော်လည်း လင်ကောင်းသား ကောင်းရသဖြင့် ခြေမွေးမီးမလောင် ၊ လက်မွေးမီးမလောင် နေရသည် ။ သူ့ခင်ပွန်း အောင်မြင့်ကျော် က အငယ်တန်း ရုံးဝန်ထမ်းဖြစ်ပါလျက် လာဘ်မြင်သော စီးပွားရေးသမားတစ်ယောက်လို အကြံအဖန်ကောင်း ၊ အရှာအဖွေ တော်သည် ။ သောက်စားသုံးဖြုန်းခြင်း မရှိ ။ ငွေကြေးအသုံးအစွဲ စနစ်ကျသည် ။ ပွဲလမ်းသဘင်လည်း ဝါသနာ မပါ ။ အောင်မြင့်ကျော်ကို ရခဲ့ခြင်းအတွက် ဒေစီဟန်သည် သွားလေသူ ကျွေးသဖခင်ကြီးကို ထာဝစဉ် ဦးခိုက်ပူဇော်နေရမည် ဖြစ်သည် ။ ရုံးအရာရှိ အဘိုးကြီးက သူ မကွယ်လွန်မီ ၊ အငြိမ်းစားမယူမီ ပညာမတတ်ဘဲ အရုပ်ဆိုးသော သမီးအငယ်ဆုံးကို သူ၏ လက်ရင်းတပည့် ပညာတတ်လူချောကလေး အောင်မြင့်ကျော် နှင့် မဖြစ်ဖြစ်အောင် နေရာချပေးခဲ့ခြင်း ဖြစ်သည် ။
ယခုတော့ ဒေါ်ဒေစီဟန် အသက် ၄၈ နှစ်မှာ ရင်သွေးသား နှင့် သမီး တို့က ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ခွဲတွေ ဖြစ်ကုန်ကြပြီ ။ အိမ်မှာ သူတို့ဇနီးမောင်နှံနှင့် အိမ်ဖော်တစ်ယောက်တို့သာ ရှိကြပြီး အေးချမ်းငြိမ်သက်သော အိမ်ထောင်စုငယ်ကလေးအဖြစ် အပူအပင်အကြောင့်ကြ ကင်းနေကြသည် ။
အပူအပင် အကြောင့်ကြ ကင်း ၊ အချိန်ပိုတွေမှာ အားအားလပ်လပ် ဖြစ်နေ ၊ အာရုံစူးစိုက်၍ ခွန်နှင့်အားနှင့် လုပ်ကိုင်စရာ ဘာမျှမရှိသည့် အခြေအနေတွင် ဒေါ်ဒေစီဟန် မသိမသာ စိတ်ဂနာမငြိမ် ဖြစ်လာသည် ။ စာဖတ် ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဖွင့်ရာတွင်လည်း စိတ်နေစိတ်ထားက စုစုစည်းစည်း မရှိ ။ မအိပ်ချင်ဘဲ နေ့ခင်းကြောင်တောင် လဲလျောင်း အိပ်စက်ပစ်လိုက်တော့လည်း အိပ်ရာ အနိုးမှာ သွေးလေးပြီး ထုံထုံထိုင်းထိုင်းပဲ ခံစားရသည် ။ ခံတွင်းကောင်းသည် မဟုတ်ပါဘဲ မီးဖိုခန်းမှာ ရှိသည့် သရေစာ သမောစရာလေးတွေ စားကြည့်ပါသော်လည်း လျှာပေါ်မှာ ဘာအရသာကမျှ မရှိ ။
သည်လိုနှင့် အိမ်ရှေ့ခန်းသံဆန်ခါ နောက်က ကုလားထိုင်မှာ ငေါင်းစင်းစင်းထိုင်ပြီး အိမ်ရှေ့မျက်နှာစာ မြင်ကွင်းကို ငေးကြည့်သည် အကျင့် ရလာသည် ။ ခြံကွက်က အလျားတိုသဖြင့် အိမ်ရှေ့ခြံစည်းရိုးက အိမ်တံစက်မြိတ် အောက်မှာ ရောက်နေသည် ။ ခြံစည်းရိုး အပြင်မှာတော့ ကိုယ်ထူကိုယ်ထ ကတ္တရာခင်းလမ်းက ၁၅ ပေလောက် ကျယ်သည် ။ လမ်းတစ်ဖက်မှ မျက်နှာချင်းဆိုင် အိမ်က ခြံစည်းရိုးမြင့်မြင့် ကာထားသည် ။ ခြံတံခါးဝမှာ မျက်နှာချင်းဆိုင် အုတ်ခုံတိုကလေးတစ်ခု ရှိသည် ။
လမ်းပေါ်မှာ လူတွေ ၊ ကားတွေ ၊ စက်ဘီးတွေ ၊ မော်တော်ဆိုင်ကယ်တွေ အေးအေးဆေးဆေး ဖြတ်သွားလေ့ရှိကြသည် ။ ဘာမျှ စိတ်ဝင်စားစရာ မရှိ ။ မျက်နှာချင်းဆိုင်အိမ်ကလည်း လူဝင်လူထွက် နည်း၍ ဘာမျှ စိတ်ဝင်စား စရာ မတွေ့ရတတ် ။ သို့သော် ယခုရက်ပိုင်းမှာ မျက်နှာချင်းဆိုင် အိမ်ဆီမှ စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခုတော့ ပေါ်လာသည် ။ မနက်ပိုင်း ၈ နာရီ တစ်ဝိုက်နှင့် ညနေ ပိုင်း ၅ နာရီ တစ်ဝိုက်မှာ ခြံရှေ့အုတ်ခုံကလေးမှာ မိန်းကလေး တစ်ယောက် ထိုင်နေတတ်ခြင်း ဖြစ်သည် ။ ဒေါ်ဒေစီဟန်၏ မျက်စိအမြင်အားသည် တပ်ဆင်ထားသော မျက်မှန်မှ မှန်ဘီလူးအားနှင့် ပေါင်းစပ်လိုက်သောအခါ သူနှင့် ပေ ၂ဝ ခန့်အကွာမှ မိန်းကလေး၏ ပုံပန်းသဏ္ဌာန်သွင်ပြင်ကို ပီပီပြင်ပြင် ပြတ်သားစွာ မြင်တွေ့ ခွင့်ရလာသည် ။ ဟင် ဒီကောင်မလေးကို အရင်က မတွေ့ခဲ့ဖူးပါဘူး ။ ခေတ္တခဏ လာတဲ့ ဆွေမျိုးဧည့်သည်များ ဖြစ် မလား ။ ကောင်မလေးက ရုပ်ရည်သန့်သန့်ချောချောကလေးပဲ ။
ဒေါ်ဒေစီဟန် သိမှတ်သလို မိန်းကလေးက ဖြူစင်သန့်ပြန့် ချောမော သိမ်မွေ့ပါသည် ။ ကိုယ်လုံးကိုယ်ထည် ပါးပါးလျားလျား ၊ ဆံပင်နက်နက် မရိုးမဆန်း ဆင်မြန်းထားသည် ။ ဖြူဖွေးသွယ်လျသော ဘယ်ဘက်လက် ကောက်ဝတ်မှာ နီကယ်ရောင်ကြိုးတပ် နာရီကလေး ပတ်ထားသည်က လွဲ၍ အခြား ရွှေငွေအဆင်တန်ဆာ ဘာမျှမရှိ ။ ဖိနပ်ကလည်း ကတ္တီပါသည်းကြိုးတပ် ခုံပါး ညှပ်ဖိနပ်တစ်ပတ်နွမ်းကလေးသာ ဖြစ်သည် ။ အင်္ကျီ ၊ ထဘီ အရောင်အဆင်းတွေက ပြိုးပြက်စူးရဲခြင်း မရှိ ။ အရောင်အေး ၊ အရောင်မှိုင်းတွေသာ ဖြစ်ကြသည် ။ ကောင်မလေးသည် လက်နှစ်ဖက်ကို ဒူးအစုံပေါ် တင်ကာ မသိမသာ မျက်လွှာချ၍ ငြိမ်ငြိမ်သက်သက်ကလေးသာ ထိုင်နေလေ့ရှိသည် ။
ရက်အနည်းငယ် ကြာလာသည်အထိ စောင့်ကြည့်ပြီးမျှ မျက်နှာစိမ်း မိန်းကလေးသည် အုတ်ခုံ၌ အချိန်မှန်မှန် ထိုင်တတ်ကြောင်းနှင့် တစ်ကြိမ် ထိုင်လျှင် ၁ နာရီခန့်ကြာကြောင်း ဒေါ်ဒေစီဟန် မှတ်သားမိသည် ။ မျက်နှာချင်းဆိုင်အိမ်မှ မိသားစုသည် ဤလမ်းထဲတွင် ဒေါ်ဒေစီဟန် တို့ ထက် နှစ်ပေါင်းများစွာ စော၍ နေထိုင်ခဲ့ကြသော ကြေးရတတ် မိသားစုဖြစ်သည် ။ ကိန်းကြီးခန်းကြီး နိုင်သည်ဟု အထင် ရှိသောကြောင့် ဒေါ်ဒေစီဟန်က မေးထူး ခေါ်ပြောသာ ဆက်ဆံသည် ။ သွားလာဝင်ထွက် ရောနှောခြင်းမပြု ။ ကိုယ်လည်း ဂုဏ်နဲ့ ၊ ဒြပ်နဲ့ ၊ ကိုယ့်ထမင်း ကိုယ်စားနေတာပဲ မဟုတ်လား ။ မာနခံတဲ့ လူတွေကို ဘာကြောင့် အရေးလုပ်ရမှာလဲဟု ဒေါ်ဒေစီဟန် က တွေးသည် ။ ငါ့ မှာလည်း ထိုက်သင့်တဲ့ မာန ရှိနေတာပဲ ဟုလည်း ကိုယ်တိုင် မာနခံထားလိုက်သည် ။
ရက် ၂ဝ ကျော် ကြာလာချိန်မှာတော့ အုတ်ခုံမှာ ထိုင်တတ်သော မိန်းကလေးနှင့် ပတ်သက်၍ ဒေါ်ဒေစီဟန် ခေါင်းနားပန်းကြီးစ ပြုလာသည် ။ သူ ထိုင်တတ်သော အချိန်က ဦးအောင်မြင့်ကျော် အလုပ်သွား ၊ အလုပ်ပြန် အချိန်တွေချည်း ဖြစ်နေသည် ။ ထိုမျှမကသေး ကောင်မလေးက ဦးအောင်မြင့်ကျော်ကို ရဲရဲတင်းတင်း စူးစူးစိုက်စိုက်ငေးကြည့်နေတတ်သည် ။ တစ်ခါတစ်ရံ ဦးအောင်မြင့်ကျော်ကို တစ်ခုခု လှမ်းပြောတော့မလို လည်တိုင်ကလေး တငဲ့ငဲ့ တယမ်းယမ်း လုပ်နေသည် ။ ညနေပိုင်းတွင် ဦးအောင်မြင့်ကျော်က အိမ်ထဲသို့ ဝင်လာသည် အထိ လည်တိုင်ကို စောင်း၍ ရီရီဝေဝေ ငေးနေတတ်သေးသည် ။
ဒီ့ထက်ပိုပြီး ဒေါ်ဒေစီဟန် သည်းညည်းမခံနိုင်တော့ပါ ။ ဒီကနေ့ ညဦးပိုင်း ညစာစားအပြီး ဧည့်ခန်းထဲမှာ လင်မယား နှစ်ယောက်တည်း မျက်နှာချင်းဆိုင်မိချိန်မှာတော့ ဒေါ်ဒေစီဟန် သွေးအေးအေး ၊ လေသံအေးအေးနှင့် စကားစလိုက်သည် ။
“ ကိုအောင် အိမ်ရှေ့အိမ်က ကောင်မလေးကို သတိထားမိရဲ့လား ”
“ အိမ်ရှေ့အိမ်က ဘယ်ကောင်မကလေးလဲ မဟန် ၊ အိမ်ရှေ့အိမ်မှာ ငါ့စိတ်ထင် ကောင်မကလေး သုံးယောက်လောက်တောင် ရှိမယ်တူတယ် ”
ဦးအောင်မြင့်ကျော်က နားဝေတိမ်တောင် အမူအရာဖြင့် မပွင့်တပွင့် ပြောသည် ။ ဦးအောင်မြင့်ကျော်သည် ဒေါ်ဒေစီဟန် အောက်မှာ နှစ်နှစ်မျှ ငယ်သော်လည်း လေသံက လူကြီးဆန်သည် ။ သို့တိုင် ရုပ်ရည်ချင်း ယှဉ်လိုက်သော် ဦးအောင်မြင့်ကျော်က များစွာ နုပျိုချောမော ခံ့ညားသန့်စင်သည့် လူပျိုကြီး တစ်ယောက် ဟုပင် ထင်စရာကောင်းနေသည် ။ အသံကလည်း အလိုလို လူကြီးဆန်၍ သြဇာသံ ပါသည် ။
ဒေါ်ဒေစီဟန် မျက်နှာထား တင်းသွားသည် ။
“ မဟုတ်ဘူးလေ ကိုအောင်ရဲ့ ၊ ရှင့်ကို ကြည့်ကြည့်နေတဲ့ ကောင်မလေး ၊ အိမ်ရှေ့အုတ်ခုံမှာ ထိုင်ထိုင်နေတတ်တဲ့ ဆံပင်ဖားလျားနဲ့ ကောင်မလေးကို ပြောတာ ”
ဦးအောင်မြင့်ကျော်က ဇဝေဇဝါနှင့် ဇနီးသည်၏ မျက်နှာကို ကြောင်ကြောင်ကြီး ကြည့်နေပြန်သည် ။
“ ရှင် ရုံးသွားချိန်တိုင်း သူက အဲဒီအုတ်ခုံမှာ ထိုင်ပြီး ရှင့်ကို မျက်လုံး ထွက်မတတ် စိုက်ကြည့်နေတာ ၊ ရှင် ရုံးက ပြန်ချိန်မှာလည်း သူက အသင့် စောင့်နေပြီး ရှင့်ကိုပဲ ကြည့်နေတာ ။ ဟွန်း ကိုယ့်အဖေ အရွယ်ကြီးကို ဒီလောက်ပဲ ငမ်းရသလား ”
ဒေါ်ဒေစီဟန်က စိတ်အလို မကျသလို မျက်နှာကို မဲ့ရွဲ့ထားလိုက်သောအခါ ပို၍ ပို၍ အရုပ်ဆိုး သွားသည် ။ နဂိုမူလထက် ပိုပြီး ရင့်ရော်အိုစာ သွားဟန်ရှိသည် ။
“ သူ့အဖေနဲ့ ငါနဲ့ ရုပ်ချင်း တူလို့ ကြည့်တာလည်း ဖြစ်နိုင်ပါတယ် မဟန် ရာ ” ဟု ဦးအောင်မြင့်ကျော်က ရယ်သံစွက်၍ ပြောသော်လည်း ဒေါ်ဒေစီဟန် စိတ်ပြေဟန် မပြ ။
“ ဖအေနဲ့ တူလို့ ကြည့်တာမျိုး မဟုတ်ဘူး တော်ရေ့ ။ နှာဘူးထပြီး ရှိတ်တဲ့ မျက်လုံးမျိုးနဲ့ ထဘီမနိုင် ၊ ပဝါမနိုင် မိန်းမနောက်ပိုးနေတာ ၊ ရှင်နား လည်ရဲ့လား ”
“ ငါကတော့ သူကြည့်နေမှန်း သိကို မသိတာ ၊ အရှင်းဆုံး ပြောရရင် အဲဒီကောင်မကလေးကို ဖြူသလား ၊ မည်းသလားမှန်းတောင် သိတာ မဟုတ်ဘူး ”
“ ရှင် သိချင်ရင် မနက်ဖြန် ရုံးသွားခါနီး အိမ်က ထွက်ရင် အိမ်ရှေ့က အုတ်ခုံကို ကြည့်လိုက် ”
“ မကြည့်ပါရစေနဲ့ မဟန်ရယ် ”
“ အို ကြည့်ရမယ် ၊ ကြည့်ကို ကြည့်ရမယ် ။ ကြည့်မှ ကျွန်မစကား ဟုတ် မဟုတ်ဆိုတာ လက်တွေ့ သိလာမယ် ”
“ ဒုက္ခပါပဲ မိန်းမရာ ”
ညအိပ်ရာဝင်စမှာ ဦးအောင်မြင့်ကျော် စဉ်းစားသည် ။ သူ့ဇနီးမှာ အကျည်းတန်သူဖြစ်၍ ရုပ်ဖြောင့်သော သူ့အပေါ် စ ညားကတည်းက သဝန်တိုခဲ့သူ ဖြစ်သည် ။ သို့သော် အိမ်ထောင်သက်တမ်း ရှည်ကြာခဲ့၍ သူ၏ တည်ကြည်ရိုးဖြောင့်မှုကို သိမြင်လာခဲ့ရသောအခါ သဝန်ကြောင်စိတ် လျော့ပါးသွားပုံရသည် ။ ယခု သူတို့ မောင်နှံမှာ မြေးကလေးတွေပင် ရလို့ ဘိုးဘိုး ၊ ဘွားဘွား အခေါ်ခံရသော အရွယ်တွေ ရောက်ကုန်ကြပြီ ။ ဒီအချိန်ကျမှ ဒေါ်ဒေစီဟန် သူငယ်ပြန်စိတ် ဝင်ပြီး ယုန်ထင်ကြောင်ထင် နှင့်အူနုကျွဲခတ်သလို ဖြစ်လာရခြင်းကို ဦးအောင်မြင့်ကျော် နားမလည်နိုင် ။
သူက သူ့အပေါ် ချစ်ရှာလွန်းသော ဒီရုပ်ဆိုးမကြီးကို သစ္စာရှိရှိ ကြင်နာမြတ်နိုးပါသည် ။ သူ့မှာ ဖောက်လှဲဖောက်ပြန်စိတ်ထားသာ ရှိလျှင် သူ့လို ချောမောခံ့ညားသူအတွက် အလုပ်ခွင်ထဲမှ ပျိုပျိုအိုအို အချောအလှတွေ နှင့် လုံးထွေးရောယှက်နေဖို့ အချိန်ပင် လုံလောက်မှာ မဟုတ် ။
တစ်ရေးနိုးတော့ အိပ်ခန်းမီး အပြာနုလေး ဖွင့်ပြီး အိပ်မောကျနေရှာသော ဒေါ်ဒေစီဟန်ကို ဦးအောင်မြင့်ကျော် စောင်းငဲ့ကြည့်သည် ။ ယခုလို ပစ်စလက်ခတ် အိပ်ပျော်နေတော့မှ ဒေါ်ဒေစီဟန်က ပို၍ အကျည်းတန်နေသည် ။ ပါးစပ်ကြီး ဟရင်း တရှူးရှူး ဟောက်နေပုံကလည်း အရုပ်ဆိုးလှသည် ။ ဘလောက်စ်အင်္ကျီပါးပါးအောက်မှာ အခုအခံ မပါသော ရင်အုံတွေ နိမ့်ချည် မြင့်ချည်ဖြစ်နေကြပုံကလည်း ကျက်သရေ မရှိ ။ ဝမ်းဗိုက်ကြီးကလည်း ဧရာမ ဘောလုံးကြီးလို ပူဖောင်းနေသေးသည် ။
ဦးအောင်မြင့်ကျော် “ ဟူး ” ခနဲ သက်ပြင်းမှုတ်ကာ မီးကိုပြန်ပိတ်ပြီး ခေါင်းအုံးပေါ် ပြန်လှဲချလိုက်သည် ။ အမှောင်ထဲတွင် မွှေးရနံ့တွေ ထုံသင်း နေကြသည် ။ ဪ .... ငါ့မိန်းမက ရုပ်မလှပေမဲ့ ကိုယ်သင်းနံ့က အမွှေးသား ။ မွှေးဆို အကောင်းစား အဖိုးတန် ရေမွှေးကို ဖောဖောသီသီ သုံးပေသကိုး ။ ဇူလတန်စော်ဘွားရဲ့ အိပ်ရာတောင် ငါတို့အိပ်ရာလောက် မွှေးကြိုင်နေမှာ မဟုတ်ဘူး ။
နောက်နေ့ နံနက် ရုံးသွားခါနီးကျတော့ ဒေါ်ဒေစီဟန်က မမေ့မလျော့ တိုက်တွန်းသည်နှင့် ဦးအောင်မြင့်ကျော်သည် အိမ်ရှေ့ဘက်ဆီသို့ လှမ်းကြည့်သည် ။ မျက်နှာချင်းဆိုင် အိမ်ရှေ့အုတ်ခုံမှာ အေးအေးလူလူ ခြေနှစ်ချောင်းချိတ်၍ ထိုင်နေသော ကောင်မကလေးကို တွေ့ရသည် ။ အသက် ၂ဝ လောက်ပဲ ရှိဦးမှာပါ ။ ငါက မွေးရင် ငါ့သမီးအရွယ် ။ ငါ့သမီး အိမ်ထောင်သည်မကလေး အောက် သုံး ၊ လေးနှစ် တော့ ငယ်မှာ ။ ဦးအောင်မြင့်ကျော်က ခြံထဲမှ ထွက်ပြီး လမ်းပေါ်သို့ အတက်မှာ ကလေးမ ဆီသို့ အမှတ်မထင် ကြည့်မိသည် ။ ကောင်မလေး ကလည်း စူးစူးရဲရဲ ပြန်ကြည့်နေသဖြင့် ဦးအောင်မြင့်ကျော် ကပျာကယာ မျက်နှာလွှဲပြီး လမ်းဆက်လျှောက်သည် ။ သို့သော် သူက မျက်နှာ မလွှဲနိုင်သေးမီ ကောင်မလေးက သူ့ကို လက်တစ်ဖက်မြှောက်ပြီး ဝှေ့ယမ်းပြသည်ကို တွေ့လိုက်ရ သောအခါ ဦးအောင်မြင့်ကျော် တစ်ကိုယ်လုံး ဖျဉ်းဖျဉ်းထ, အောင် တုန်ယင်သွားသည် ။ ဦးအောင်မြင့်ကျော်က ကိုက်တစ်ရာလောက် အဝေးထိ ရောက်သွားသည့်တိုင် မိန်းကလေးက လက်ကို ဝှေ့ယမ်းပြနေဆဲ ။
“ ကမြင်းမကလေး ”
သံဆန်ခါနောက်ကွယ်ကနေ လှမ်းကြည့်နေသော ဒေါ်ဒေစီဟန်၏ နှုတ်ခမ်းထူကြီးတွေကြားကနေ ဖရုသဝါစာတစ်လုံး ထိုးထွက်ပြေးလွင့်သွားသည် ။ ဟင်း ... သိကြရောပေါ့ ။ ဒေစီဟန် ဆိုတာ ဘယ်လို မိန်းမမျိုးလဲ ဆိုတာ ဒင်း ( သင်း ) ကောင်းကောင်း သိစေရမယ် ။
ဒေါ်ဒေစီဟန်သည် အိမ်အတွင်းပိုင်းထဲ ကမန်းကတန်း ပြန်ဝင်ပြီး အဝတ်အစားလဲလှယ်ဝတ်ဆင်သည် ။ မျက်နှာကို ပေါင်ဒါပါးပါး ဖို့သည် ။ ဆံပင်ကို ပြင်၍ ထုံးဖွဲ့သည် ။ စိတ်တိုင်းမကျသေးသဖြင့် ထဘီကို ဖြေပြီး တင်းတင်း ပြန်စည်းသည် ။ ကိုယ်လုံးပေါ် မှန်ထဲမှာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်သောအခါ အမေရိကန်အကျဉ်းထောင်နောက်ခံ ဗီဒီယိုရုပ်ရှင်ကားထဲက အမျိုးသမီးထောင်မှူးမကြီးတစ်ယောက်နှင့် တူနေကြောင်း တွေ့ရသည် ။ သူ့ဗလ နှင့် ဆိုလျှင် အိမ်ရှေ့က ကောင်မကလေးကို အရိုးတခြား အသားတခြား ဖြစ်အောင် ကိုင်ဆောင့်ပစ်နိုင်သည် ။ မာန်တဟူးဟူး ထွက်ရင်းက တွေး မိသည် ။
လမ်းကို ဖြတ်ကူး၍ သူ့ ထံသို့ ခပ်သွက်သွက် လျှောက်လာနေသော ဒေါ်ဒေစီဟန်ကို ကောင်မလေးက သတိ မပြုမိ ။ ကောင်မလေးက ငြိမ်ငြိမ်ငူငူကလေး ထိုင်၍ ရှေ့တူရူသို့သာ ငေးနေပုံမှာ သူ့ထံသို့ ဒီဇယ်စက်ခေါင်း နှင့် မီးရထားကြီးတစ်စင်း ပြေးဝင်လာနေလျှင်သော်မှ လုံးလုံး မေ့လျော့နေသည့် ဟန်မျိုးဖြစ်သည် ။ ဘေးတိုက် အနေအထား တွေ့ နေရသော ကောင်မကလေးကို မျက်တောင်မခတ် ကြည့်ရင်း ဒေါ်ဒေစီဟန်၏ မျက်လုံးတွေက ပိုပြူးလာကြ၏ ။
“ ဟဲ့ ဟဲ့ ကောင်မ ၊ ညည်း စောစောက ငါ့ယောက်ျားကို လက်ပြနေတာ ဘာသဘောလဲဟင် ”
သူ့ရှေ့ ရောက်လာပြီး ဒေါ်ဒေစီဟန်က ခါးထောက်ရင်း အော်လိုက်တော့မှ ကောင်မလေး၏ ဝန်းရွဲသော မျက်လုံးများသည် လှုပ်ရွေ့လာကြ ပြီး သူ့ရှေ့မှ ပုပျပ်ပျပ်တုတ်တုတ်ခဲခဲ သတ္တဝါကြီးကို မော့ကြည့်သည် ။ သူ့အကြည့်ထဲမှာ မည်သို့သော သိမှတ်မှု ၊ မည်သို့သော ခံစားမှုမျိုးမျှ မရှိ ။ အရာဝတ္တုတစ်ခုကို ရည်ရွယ်ချက်မဲ့ ငေးကြည့်နေဟန်မျိုးသာရှိသည် ။
“ ဟဲ့ကောင်မ အူကြောင်ကြောင် လုပ်မနေနဲ့ ။ ငါမေးတာကို ဖြေ ။ ညည်း ငါ့ယောက်ျားကို လက်လှမ်းပြတာ ဘာသဘောလဲ ပြော ၊ ပြောစမ်း ”
ဒေါ်ဒေစီဟန်က ရှေ့တိုးပြီး အော်ပြောရာ သူ့ပါးစပ်ကြီးထဲမှ တံတွေး တစ်စက်ပင် ကောင်မလေး၏ နဖူးပေါ်သို့ ကျသွားသည် ။ ကောင်မလေးက မျက်တောင်မခတ်ဘဲ အခိုးအငွေ့တွေ လျှံထွက်နေကြသည့် မိန်းမကြီး၏ မျက်လုံးတွေကို စိုက်ကြည့်သည် ။ ထိုစဉ်မှာပဲ အိမ်ထဲကနေ တစ်ခေါင်းလုံး ဆံပင်ဖြူတွေ ဖွေးဖွေးလှုပ် နေသော အဘိုးကြီး တစ်ယောက် ကသုတ်ကရက် လှမ်းထွက်လာသည် ။ အဘိုးကြီးက ပိန်ရှည်ရှည် ၊ သားသားနားနား ။ တိုက်ပုံအင်္ကျီ အနက်ရောင် တစ်ပတ်နွမ်းကို ဝတ်ထားသည် ။
“ ဟေ့ မူရာ ၊ မူရာ အိမ်ထဲဝင်စမ်း ” ဟု အဘိုးကြီးက လက်တယမ်းယမ်းဖြင့် အော်ပြောသောအခါ ဒေါ်ဒေစီဟန်သည် အဘိုးကြီးဘက်သို့ လှည့်လိုက်သည် ။
“ မူရာ အိမ်ထဲကို အမြန် ဝင်စမ်းလို့ ငါပြောနေတယ် ၊ ဒီကောင်မကလေး ” ဟု အော်ရာက အဘိုးကြီးသည် မာနနှင့် သောက ရောထွေးနေသည့် မျက်နှာအိုအိုဖြင့် ဒေါ်ဒေစီဟန်ကို ကြည့်သည် ။
“ ဒီကလေးကို ခွင့်လွှတ်ပါ ကျောင်းအမကြီးရယ် ၊ သူက ကျုပ်မြေးကလေးပါ ။ နယ်မှာ နေတာပါ ။ သည်းခြေ သိပ်မကောင်းလို့ ဆရာဝန်ပြဖို့ ဒီကို ခဏလာတာပါ ။ သူ့အမှား ရှိရင် ကျုပ် ကျောင်းအမကြီးကို အနူးအညွတ် တောင်းပန်ပါတယ် ”
ဒေါ်ဒေစီဟန် အလိုလို နေရင်း မောဟိုက်မွန်းကျပ်လာသည် ။ အဘိုးကြီးကို ကြည့်ရင်း ဘာပြောရမှန်း မသိ ။ လည်ချောင်းထဲမှာ အစိုင်အခဲ တစ်ခုခု တစ်ဆို့နေသလို ခံစားနေရသည် ။
ထိုအခိုက်အတန့်မှာပင် ကောင်မကလေးသည် ထိုင်ရာကနေ ဆတ်ခနဲ ထရပ်ပြီး ဒေါ်ဒေစီဟန့်ကို မျက်စောင်းထိုး နှုတ်ခမ်းမဲ့၍ ကြည့်သည် ။ ပြီးလျှင် ထဘီကို ခါးအထိ မ၍ ဒေါ်ဒေစီဟန် ဘက်သို့ ကျောပေး ၊ တင်ပါးကို နောက်ပစ်ကာ ထဘီမလျက် ကိုးရိုးကားရား လျှောက်ထွက်သွားသည် ။ တော်ပါသေးရဲ့ ။ ပန်းပွင့်ဒီဇိုင်းနှင့် အောက်ခံဘောင်းဘီ ဝတ်ထားပေလို့ ဟု အဘိုးကြီးက တွေးနေမလား မဆိုနိုင် ။
အဘိုးကြီးက အလန့်တကြားတော့ ရေရွတ်လိုက်သည် ။
“ ဟာ ... သောက်ကျိုးနည်း ”
▢ ကြူးနှစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၅

No comments:
Post a Comment