Saturday, December 6, 2025

အဆစ်တစ်ရာဝါး

 

❝ အဆစ်တစ်ရာဝါး ❞
          ( ပုံပြင် )

ရှေးသရောအခါ လူတစ်ယောက်၌ အလွန် လှပသော သမီးပျိုကလေး တစ်ယောက် ရှိလေ၏ ။ ထိုလူ၌ အလုပ်သမားကလေး တစ်ယောက်လည်း ရှိလေသည် ။ သူက သူ၏ အလုပ်သမားကလေးအား အလုပ်ပို၍ တွင်ကျယ်စွာ လုပ်စေချင်သောကြောင့် “ ဟေ့ ... သူငယ် ၊ မင်း ငါ့အလုပ်ကို ကြိုးစားပြီးလုပ် ၊ ငါကြီးပွားရင် မင်းကို ငါ့သမီးနှင့် လက်ဆက်ပေးမယ် ” ဟု ပြောထားလေ၏ ။ ထိုသူငယ်လည်း လှပသော မိန်းမပျိုကို လိုချင်သောကြောင့် အလုပ် ကြိုးစား၍ လုပ်လေ၏ ။ သူ့ လုပ်အားကြောင့် သုံးနှစ် ကြာသောအခါ အလုပ်ရှင်၌ ကြီးပွားလာလေ၏ ။ ချမ်း သာလာသော အခါ၌ အလုပ်ရှင်သည် သူ့သမီး နှင့် သူ့အလုပ်သမားကို မပေးစားလိုတော့ဘဲ သူနှင့် ဂုဏ်ရည်ချင်း တူသော သူဌေးသား တစ်ယောက်နှင့် စေ့စပ်ကြောင်းလမ်း လိုက်လေ၏ ။ သမီးပျို လက်ထပ်မည့် နေ့သို့ ရောက်သောအခါ ထိုလူက သူ၏ အလုပ်သမားအား “ ဟေ့ သူငယ် ၊ မင်း ငါ့သမီးကို လိုချင်တာဖြင့် တောထဲကိုသွားပြီး အဆစ်တစ်ရာ ရှိတဲ့ ဝါးကို ရှာချေ ။ ရှာလို့ ရလာရင်တော့ ငါ့သမီးနှင့် ပေးစားမယ် ” ဟု လီဆယ်၍ ခိုင်းလိုက်ပြန်လေ၏ ။ သူငယ်ပျိုလည်း မလျှော့သော ဇွဲဖြင့် အဆစ်တစ်ရာဝါးကို ရှာဖွေရန် ထွက်လာခဲ့လေ၏ ။ သူသည် တစ်နေ့လုံး တောထဲတွင် လိုက်၍ ရှာသော်လည်း အဆစ်တစ်ရာ ရှိသော ဝါးကို ဘယ်မှာမှ မတွေ့ချေ ။ ထို့ကြောင့် သူငယ်ပျိုသည် ထိုင်၍ ငိုကြွေးနေလေ၏ ။ ထိုခဏ၌ လူကြီး တစ်ယောက် ရောက်လာလေ၏ ။ ထိုလူကြီးက သူ့အား “ ဘာကြောင့် ငိုနေသလဲ ” ဟု မေးသော အခါ သူက “ ကျွန်တော် တောထဲမှာ အဆစ်တစ်ရာ ဝါးကို လိုက်ရှာတာ မတွေ့လို့ ငိုနေတာပါ ” ဟု စ၍ အကြောင်းစုံကို ပြောပြလိုက်လေ၏ ။ ထိုလူကြီးက “ မပူစမ်းပါနဲ့ကွာ ၊ မင်း တွေ့တဲ့ ဝါး မှန်သမျှ ကိုသာ ခုတ်ပါ ၊ အဆစ်တစ်ရာ ပြည့်တော့ မင်းက “ အဆစ်တစ်ရာ ဆက်လိုက်ပါ ၊ ဆက်လိုက်ပါ ” လို့ ပြောပေတော့ ၊ မင်း တွေ့ရလိမ့်မယ် ” ဟု သင်ပေးလေ၏ ။ သူငယ်ပျိုလည်း ဝါးပင်များကို ခုတ်ကာ အဆစ်တစ်ရာ ပြည့်သောအခါ လူကြီး ပြောသည့် အတိုင်း “ အဆစ်တစ်ရာ ဆက်လိုက်ပါ ၊ ဆက်လိုက်ပါ ” ဟု ပြောလေ၏ ။ ထိုအခါ ဝါးပင်များသည် လဲနေရာမှ အဆစ်တစ်ရာ အပြည့် အလိုလို လာ၍ ဆက်သွားလေ၏ ။ ထိုအခါ သူငယ်ပျိုက ဝါးပင်ကြီး အလွန်ရှည် နေသည်ကို ကြည့်ကာ ပခုံးနှင့် ထမ်း၍လည်း မဖြစ်နိုင်သဖြင့် သူ့အိမ်သို့ ယူဆောင် သွားရန် ခဲယဉ်းနေလေ၏ ။ ထိုအခါ လူကြီး ရောက်လာပြီးလျှင် “ ဘာကြောင့် မပြန်သေးတာလဲ ” ဟု မေးလေ၏ ။ သူငယ်ပျိုကလည်း “ ကျွန်တော် ဒီဝါးပင် အရှည်ကြီးကို ယူရမှာ မဖြစ်နိုင်လို့ ငိုနေတာပါ ” ဟု ပြန်ပြောလေ၏ ။ လူကြီးကလည်း “ အို ... မခက်ပါဘူးကွာ ၊ မင်း ယူသွားနိုင်အောင် ခုနတုန်းကလို “ အဆစ်တစ်ရာ ဖြတ်လိုက်ပါ ၊ ဖြတ်လိုက်ပါ ” လို့ ပြောပေတော့ ” ဟု သင်ပေးလေ၏ ။ သူငယ်ပျိုလည်း ဝါးပင်ရှည်ကြီးအား ကြည့်၍ “ အဆစ်တစ်ရာ ဖြတ်လိုက်ပါ ၊ ဖြတ်လိုက်ပါ ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ အဆစ်တစ်ရာ ရှိသော ဝါးပင်ရှည်ကြီးသည် တစ်ဆစ်လျှင် တစ်ပိုင်းစီ ပြတ်ကာ အပိုင်းတစ်ရာ ဖြစ်သွားလေ၏ ။ ထိုသို့ ပြတ်သောအခါမှ သူငယ်ပျိုက ဝါးလုံးတို ကလေးများကို စုစည်းကာ ထမ်းလျက် ပြန်လာခဲ့လေ၏ ။

အိမ်သို့ ရောက်သောအခါ မနက်က သူ မရှိခိုက် မင်္ဂလာဆောင်ပြီးကြသော သတို့ သမီးနှင့် သတို့သားတို့ ကောင်းမွန်စွာ စားသောက် နေကြသည်ကို တွေ့ရလေ၏ ။ သူငယ်ပျို လည်း ထိုအခါမှ သူ့အား လီဆယ်၍ ခိုင်းထားခဲ့မှန်း သိရကာ ယူလာခဲ့သော ဝါးစည်းကို မြေပေါ် သို့ ပစ်ချလိုက်လေ၏ ။ ထိုသို့ပစ်ချလိုက်ပြီးလျှင် သူက “ အဆစ်တစ်ရာ ဆက်လိုက်ပါ ၊ ဆက် လိုက်ပါ ” ဟု ပြောလေ၏ ။ ထိုအခါ၌ ဝါးလုံးတိုကလေးများသည် တစ်ခါတည်း အဆစ်တစ်ရာ ရှိသော ဝါးလုံးရှည်ကြီး ပြန်ဖြစ်သွားလေ၏ ။ ထူးဆန်းသော အချင်းအရာကို ကြားရသော သူ၏ အလုပ်ရှင် လူကြီးလည်း သိလိုသောကြောင့် အိမ်ပြင်သို့ ထွက်လာကြည့်သောအခါ သူငယ်ပျိုက စိတ်ပျက်စွာဖြင့် “ အဆစ်တစ်ရာ ဆက်လိုက်ပါ ၊ ဆက်လိုက်ပါ ” ဟု တိုးတိုး ညည်းလိုက်မိလေ၏ ။ ထိုခဏ၌ ထွက်ကြည့်သော လူကြီးသည် ရှည်လျားသော အဆစ်တစ်ရာ ဝါးလုံးကြီး၌ လာ၍ ဆက်ကာ ထိုနေရာမှ မရွေ့နိုင်အောင် ဖြစ်သွားလေတော့သတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment