❝ အဘိုးအို၏ လှည့်ကွက်ကလေး ❞
( ပုံပြင် )
ရှေးလွန်လေပြီးသောအခါ ဂျပန်ပြည်တွင် “ တာမာ ” ခေါ် လယ်သမား အဘိုးအိုကြီး တစ်ဦး ရှိလေသည် ။ ထိုအဘိုးအိုကြီးသည် အလွန်ပင် စိတ်သဘောထား ကောင်းမွန်ပြီး တတ်သိလိမ္မာသော ဉာဏ်ပညာနှင့်လည်း ပြည့်စုံသူ ဖြစ်သည် ။ သူ၏ နေအိမ်မှာမြင့်မားသော တောင်ထိပ်တစ်ခုတွင် ဆောက်လုပ်ထားပြီး အိမ်၏ ဝဲယာနှင့် တောင်စောင်းပတ်လည်တွင် စပါးပင် လယ်ကွင်းကြီးများ ရှိလေသည် ။
လယ်သမားအဘိုးအိုတာမာနှင့် အတူ သူ၏ မြေးကလေး ” ယုန်နီ ” လည်းနေထိုင်လေသည် ။
တောင်စောင်းရှိ ကျယ်ပြန့်လှသော လယ်ကွင်များ ထဲတွင် အလုပ် လုပ်ကြသူများသည် တောင်ခြေရှိ ရွာကလေးတွင် နေထိုင်ကြသူများ ဖြစ်သည် ။ ရွာကလေးမှာ တောင်ခြေနှင့် ပင်လယ်ကမ်းရိုးတန်းအကြားတွင် တည်ရှိလေသည် ။ လယ်သမားတို့သည် နေ့စဉ်ပင် နံနက်၌ တောင်ပေါ်သို့ တက်၍ လယ်ကွင်းထဲတွင် လုပ်ကိုင်ကြပြီး ညနေခင်းတွင် တောင်ပေါ်မှ ဆင်း၍ ရွာသို့ ပြန်ကြစမြဲ ဖြစ်လေသည် ။
လယ်သမားတို့သည် အလုပ်ကိုယ်စီ ရှိကြသည်မို့ အားလုံးပင် ပျော်ရွှင်နေကြသည် ။ အချိန်မှာလည်း စပါးပင်တို့ ဝါဝင်းစ ၊ ဆောင်းဦး အခါသမယဖြစ်သည် ။ လေးလံလှသော အစေ့အနှံတို့ဖြင့် စပါးပင်များမှာ ကိုင်းညွတ် နေကြသည် ။ မကြာမီ ရိတ်သိမ်းတော့မည့် ရက်ကို စောင့်မျှော် နေကြဆဲဖြစ်လေသည် ။
တစ်နေ့သော အခါတွင် ညနေစောင်းခဲ့ပြီဖြစ်၍ လယ်သမား တစ်ဦးမကျန် အိမ်သို့ ပြန်ကုန်ကြသောအခါ အဘိုး အိုတာမာ နှင့် မြေးကလေး ယုန်နီ တို့သည် တောင်ထိပ်တွင် ရပ်လျက် နေဝင်သည်ကို ကြည့်ရှုနေကြလေသည် ။ နီရဲနေသော နေမင်းကြီးသည် ပင်လယ်တွင်းသို့ ကျဆင်း ပျောက်ကွယ်သွားလေပြီ ။
ထိုခဏမှာပင် ဝေးလံလှသည့် မိုးကုပ်စက်ဝိုင်းဆီမှ ထူးခြားသော မြင်ကွင်းတစ်ရပ်ကို အဘိုးအိုတာမာ က မြင်တွေ့လိုက်လေသည် ။ ကြည့်ရင်းကပင် အဘိုးအိုသည် တုန်လှုပ် ချောက်ချားသွားမိသည် ။
သူ မြင်တွေ့ရသည့် အခြင်းအရာမှာ မဲညိုနက်မှောင်သော တိမ်တန်းကြီး တစ်ခုသည် ပင်လယ်ရေပြင်ဆီမှ မိုးကောင်းကင်သို့ ထိုးတက်နေသလို ထင်ရသည် ။ ထိုတိမ်မဲညို အတန်းကြီးမှာ အငြိမ်မနေဘဲ တဝေ့ဝေ့ လည်ပတ်ကာ ပင်လယ်ပြင်ကို ကျော်ဖြတ်လျက် မိမိတို့ဘက် ဆီသို့ ရွေ့လျား လာနေကြောင်းကိုလည်း သိလိုက်ရသည် ။
“ ယုန်နီရေ ၊ မြန်မြန်လုပ်ဟေ့ ၊ အိမ်ထဲကို ပြေးပြီး မီးဖိုထဲက ထင်းစ နှစ်စလောက် သွားယူခဲ့စမ်း ၊ မြန်မြန်နော် ၊ မြန်မြန် ”
ရုတ်တရက် ပြောလိုက်သည့် အဘိုးအိုတာမာ၏ စကားကြောင့် ယုန်နီကလေးမှာ ထိတ်လန့်အံ့ဩသွားလေသည် ။ ယခင်အခါက ယုန်နီ မီးထင်းစနှင့် ကစားလျှင် အဘိုးအိုက အမြဲတမ်း ဆူပူကြိမ်းမောင်းလေ့ ရှိသည် ။ ယခုသော် အဘယ်ကိစ္စ ပေါ်ပေါက်၍ သူ့အား ထင်းစ နှစ်စ ယူခိုင်းရပါသနည်း ။
ယုန်နီသည် စဉ်းစားရင်းဖြင့် အချိန် မကုန်စေဘဲ လျင်မြန်စွာ ထကာ အဘိုးအို ပြောသမျှကို လုပ်ပေးလေသည် ။
မီးတောက်နေသော ထင်းစနှစ်စကို ကိုင်လျက် ယုန်နီ အနားသို့ ရောက်လာသော် အဘိုးအိုသည် ထင်းစများကို ရုတ်ခြည်း ဆွဲယူလျက် စကား တစ်ခွန်းမျှ မဆိုဘဲ ဝါဝင်းနေသည့် စပါးပင်များကို မီးတင်ရှို့ နေလေတော့သည် ။
ယုန်နီလည်း အဘိုးအို၏ လုပ်ဟန်ကို ကြည့်ရင်း အံ့ဩနေသည် ။ မိမိ၏ မျက်စိကိုပင် မယုံသလို ဖြစ်လာသည် ။ ထို့နောက် အဘိုးအိုတာမာ တစ်ယောက် ရူးသွပ်သွားပြီလောဟု အထင်ရောက်မိသည် ။
“ ယုန်နီ ၊ ငေးမနေနဲ့လေ ၊ အဘိုးကို ကူပါဦး ၊ ရော့ ... ဒီထင်းစကို ယူပြီး လိုက်ရှို့ချေ ”
မီးလောင်နေသော စပါးပင်များကို ကြည့်ကာ မျက်ရည်ကျနေမိသော ယုန်နီကလေးသည် အဘိုးအိုတာမာ၏ ခိုင်းစေချက်ကို မငြင်းသာဘဲ လယ်ကွင်း တစ်ဖက်ကို မီးရှို့ရရှာလေသည် ။ ခဏအတွင်းမှာပင် စပါးပင်တို့သည် မီးဟုန်းဟုန်း လောင်နေကြပေပြီ ။
ထိုအခိုက် တောင်ခြေရှိ ရွာဘက်ဆီမှ ဆူဆူညံညံ အသံတို့ကို ကြားရပြီး လူအများပင် တောင်ပေါ်သို့ ပြေးတက်လာခဲ့ကြသည် ။ လယ်သမားတို့မှာ မိမိတို့ ခွန်အားဖြင့် တစ်နှစ်တာ ပတ်လုံး ကြိုးပမ်း စိုက်ပျိုးလာခဲ့သည့် စပါးပင်များ မှည့်လာသည့် အခါကျမှ မီးလောင်ခံရသည်ကို မကြည့်ရက်သဖြင့် လက်လှမ်းမီရာ နေရာများမှ မီးကို ငြိမ်းသတ်ကြလေသည် ။
လယ်သမားယောက်ျားကြီးများအပြင် သူတို့၏ အိမ်သူသက်ထား ဇနီးမယားတို့ လည်း ကလေးကိုယ်စီ ဆွဲကာ မီးကို ဝိုင်းဝန်း ငြိမ်းသတ်ကြလေသည် ။ ခဏအတွင်းမှာပင် ရွာထဲ၌ ကလေးလူကြီး တစ်ဦးမျှ မကျန်တော့ဘဲ တောင်ပေါ် လယ်ကွင်း ထဲတွင်သာ မီးငြိမ်းသတ်ရင်း စုမိကြလေသည် ။
မီးများ ငြိမ်းအေး သွားသောအခါ အချို့သော လယ်သမားကြီးများသည် စိတ်ဆိုးမာန်ဆိုးဖြင့် အဘိုးအိုတာမာ ထံသို့ ရောက်လာကြသည် ။
“ ခင်ဗျားကြီး ရူးနေသလား ၊ ဘာဖြစ်လို့ အဖိုးတန် စပါးနှံတွေကို မီးရှို့ရတာလဲ ” ဟု ဒေါသဖြင့် အော်ဟစ် မေးမြန်းကြသောအခါ အဘိုးအိုတာမာသည် အေးဆေးတည်ငြိမ်စွာဖြင့် “ မိတ်ဆွေတို့ ၊ ပင်လယ်ဘက် ကိုလည်း လှည့်ကြည့်ကြပါဦး ” ဟု ဆိုလိုက်လေသည် ။ လယ်သမားတို့သည် အဘိုးအို ညွန်ပြရာသို့ ကြည့်လိုက်ကြသည့်အခါ မည်းမှောင်သော တိမ်လိပ်ကြီးသည် မိမိတို့၏ ရွာဘက်ဆီသို့ လျင်မြန်သော အဟုန်ဖြင့် လာနေသည်ကို တွေ့မြင်ကြရသည် ။ ထို့နောက် ပင်လယ်ပြင်ဆီမှ ကြီးမားလှသည့် လှိုင်းလုံးကြီး တစ်လုံးမှာလည်း ရွာရှိရာကမ်းစပ်ဆီသို့ အဟုန်ပြင်းစွာဖြင့် လိမ့်တက်လာနေသည် ။
သူတို့သည် ဤအခြင်းအရာများကို စကားပင် မပြောနိုင်ဘဲ ငေးကြည့်နေကြဆဲမှာ ပင် လှိုင်းလုံးကြီးသည် အရှိန်ပြင်းစွာဖြင့် ရွာကလေးကို ဖုံးအုပ် သွားပြီးနောက် ရေများ ပြန်အကျတွင် မိမိတို့၏ အိမ်ကလေးများ အားလုံး ရေလုံးကြီးများနှင့် အတူ မျောပါသွားသည်ကို မြင်ကြရလေသည် ။
သူတို့သည် ဒုတိယအကြိမ် အဘိုးအိုတာမာ ဆီသို့ စုပြုံလာကြပြန်သည် ။ သည်တစ်ကြိမ်တွင်မူ သူတို့၏ မျက်နှာများ ပေါ်တွင် ဒေါသ အရိပ်အရောင်ကို မမြင်တွေ့ရပေ ။
အဘိုးအိုသည် အဘယ်ကြောင့် စပါးပင်များကို မီးတင်ရှို့ရသည်ကို သူတို့ နားလည်သွားကြပြီ ဖြစ်သည် ။ မိမိတို့ တစ်သက်တွင် အရေးအကြီးဆုံး ဖြစ်သည့် ဤစပါးလယ်ကွင်းကြီးကို မီးဝါးမျိုသွားမည့် အရေးမှ အပြေး လာရောက် တားဆီး ကြစဉ်မှာပင် မိမိတို့ တစ်ရွာလုံး ဘေး အန္တရာယ်ဆိုးကြီးမှ ကင်းလွတ်ကြရလေသည် ။
အသိဉာဏ်ပညာနှင့် ပြည့်စုံသော အဘိုးအိုတာမာသည် ခဏအတွင်း ထိုးထွင်းဉာဏ် ဖြင့် သူတို့၏ အသက်ကို ကယ်ဆယ်လိုက်ခြင်းဖြစ်သည် ။
သူတို့သည် စပါးပင်များ မီးလောင်ဆုံးရှုံးရခြင်း အတွက် လည်းကောင်း ၊ မိမိတို့၏ နေအိမ်များ လှိုင်းလုံးထဲ မျောပါသွားရခြင်း အတွက်လည်းကောင်း ၊ စိတ်သောက မဖြစ်မိကြတော့ဘဲ မိမိတို့၏ အသက်နှင့်ခန္ဓာ မြဲနေသေးသည် ကိုသာ ကျေးဇူးတင်ဝမ်းမြောက်သည့် အနေဖြင့် အဘိုးအိုတာမာ ကို အလယ်တွင် ထားကာ ရွှင်မြူးဝမ်းသာ ကောင်းချီးဩဘာပေးလိုက်ကြလေတော့သည် ။
( ဘာသာပြန် )
〇 အစ်မကြီးစိမ်းဝေ
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၅ ၊ ဒီဇင်ဘာ
No comments:
Post a Comment