Tuesday, December 2, 2025

ဘယ်ဘဝက သာသနည်း

 

❝ ဘယ်ဘဝက သာသနည်း ❞
       ( နိုင်ကြည်သားနေ )

၊ တစ်  ၊

ပုဂံပြည် ပဒေသရာဇ် လက်အောက်ခံ ထိုမြို့ကလေးသည် နတ်ဒေဝါများ ဖန်ဆင်းထားသလို လှပ၏ ။ ရေခံမြေခံလည်း ကောင်းသဖြင့် စပါးပုံသည် ပုပ္ပါးတောင်နှင့် အပြိုင်အဆိုင် မိုးသို့ တက်လျှက် ။

ထိုမြို့လေးကို အပိုင်စားရသော မြို့စားကြီးမှာ ရှင်ဘုရင် နရသီဟပတေ့မင်းအား အခွန်အတုတ်နှင့် လက်ဆောင်ပဏ္ဍာများ ကျေနပ်အောင် ဆက်သနိုင်သဖြင့် ဘုရင်၏ ချီးမွမ်းတော်မူခြင်း ၊ မြှောက်စားတော်မူခြင်း ခံရသည် ။ မြို့စားကြီးသည် သြဇာကြီးသည် ။ ရက်စက် ခက်ထန်သည် ။ လူသ,တ်သည့် အလုပ်ကို ပွဲတော်တည် သလောက်သာ သဘောပိုက်၏ ။ မြို့သူ ၊ မြို့သားများအပေါ် အကြောက်တရားဖြင့် အုပ်ချုပ်သော မြို့စားကြီးသည် မိန်းမများစွာ ရှိလင့်ကစား သားသမီး ဟူ၍ သမီးကလေး တစ်ဦးသာ ထွန်းကား၏ ။ ထိုသမီးလေးတော်လေးသည် သူ ပိုင်ဆိုင်သမျှ ရတနာတို့ထက် ပို၍ မြတ်သည်ဟု ထင်၏ ။

••••• ••••• •••••

အလွန်လှပသည့် သမီးကလေးသည် ယခုအခါ နှစ်ဆယ့်နှစ်နှစ် ပြည့်လေပြီ ။ အလှတွင် အယဉ်ဆင့်ကာ ဖွံ့ဖွံ့ထွားထွားလှပသည့် သမီးကလေးသည် မိမိ၏ မြို့သားတို့နှင့် လုံးဝမထိုက် ၊ မင်းဧကရာဇ်၏ ကြင်ယာတော် မိဖုရားဖြစ်ရမည်ဟု ရည်ရွယ်ထား၏ ။ ယခုလက်ရှိ အုပ်ချုပ်လျှက်ရှိသော ပုဂံပြည့်ရှင် နရသီဟပတေ့ကို ဆက်သမည် ဆိုပါက ရသည် ။ သို့ရာတွင် ပုဂံပြည့်ရှင် အပါး၌ ခစားလျှက်ရှိသော မိဖုရားဖွားစော ကို သမီးလေး ယှဉ်နိုင်လိမ့်မည် မဟုတ် ။ ကြားသိရသလောက် နရသီဟပတေ့မင်းသည် ညံ့ဖျင်းလှသည် ။ ထီးသက်နန်းသက် ရှည်မည့် ဘုရင် မဟုတ် ။ သို့ရာတွင် နရသီဟပတေ့မင်း၌ သားတော်နှစ်ပါးတော့ရှိ၏ ။ ထိုမင်းသား နှစ်ပါး အနက်မှ တစ်ပါးကို ဆက်သထားမည် စိတ်ကူးမိသေး၏ ။ သို့သော် မိမိ ဆက်သလိုက်သော မင်းသားမှာ ဧကန်စင်စစ် ဘုရင် ဖြစ်မည်လော ။ တပ်အပ် မည်သူမျှ မပြောနိုင် ။ ထို့ကြောင့် နရသီဟပတေ့မင်း အလွန် နန်းတက်မည့် ဘုရင် ကို စောင့်ဆိုင်းကာ ဆက်သမည်ဟု တွေးထားလိုက်လေ၏ ။ ထို့ကြောင့် မိမိ၏ မြို့မှ ယောက်ျား မှန်သမျှ သမီးကလေး လှပကြောင်းပင်လျှင် ပြောခွင့် မရှိ ။ ပြောလျှင် သ,တ်မည်ဟု အမိန့်ထုတ်ထား လိုက်၏ ။

••••• ••••• •••••

၊ နှစ်  ၊

ထိုမြို့လေး၏ ဈေးနှင့် ဈေးအနီးတစ်ဝိုက်တွင် ပုဂံရွှေနန်းတော် မှ သတင်းတစ်ပုဒ်သည် ပျံ့လွင့်လျှက်ရှိ၏ ။ ထိုသတင်းမှာ အခြား မဟုတ် ။ မိဖုရားစောလုံ အား နရသီဟပတေ့မင်း က ကွပ်မျက်တော့မည့် သတင်း ဖြစ်၏ ။ သည်သတင်းကို ဈေးသူဈေးသားများ အပါအဝင် တစ်မြို့လုံး ပြောဆိုနေကြသည်မှာ သုံးရက်မျှ ရှိသည်မှန်သော်ငြား သူက သည်နေ့မှ သိရသည် ။ သူသည် ထိုမြို့လေး၏ မြို့ပြင် အစွန်အဖျားတွင် ထန်းလက်မိုး ထန်းလက်ကာဖြင့် နေရသော သူဖုန်းစား ဖြစ်၏ ။ သူဖုန်းစား ဟု ဆိုသော်ငြား သူသည် တစ်နေ့တောင်း တစ်နေ့စား မဟုတ် ။ တစ်နေ့တောင်းကာ မကုန်မချင်း ထိုင်စား၏ ။ ကုန်မှ ပြန်ထွက်တောင်းသော သူဖုန်းစားပင် ။ သူ့ဘဝကို တချို့ လူများက စိတ်အတွင်း၌ သဘောကျနေကြ၏ ။ သူသည် မရှိလျှင် တောင်းမည် ။ ရှိလျှင် မတောင်း ။ သူ ထွက်မတောင်း၍ မတောင်းရကောင်းလားဟု ဆူပူမည့် မယား မရှိ ။ သူ့ဘဝသည် ပကတိ အေးချမ်းလျှက် ။

••••• ••••• •••••

ထိုမြို့လေး၏ ဈေးသည် သူ့အတွက် ဘူမိနက်သန် ဖြစ်၏ ။ တချို့က ရက်ရက်ရောရော စွန့်ကြဲကြသည် ။ တချို့ကတော့ မသိချင်ယောင် ဆောင်ကာ မပေးကြ ။ မည်သို့ပင်ဖြစ်စေ ထိုဈေးနားပတ်ဝန်းကျင်တွင် တောင်းရမ်း၍ ဈေးကွဲလျှင် သူ့အတွက် အနည်းဆုံး နှစ်ရက်စာ ထိုင်စား၍ရသည် ။ ယခုလည်း ဈေးအနီးနား၌ တောင်းနေခိုက် ခပ်လှမ်းလှမ်းမှ မျက်နှာပေါ် ဓားခုတ်ရာ အထင်းသားနှင့် ပုဂ္ဂိုလ်တစ်ဦးက

“ ဒီအကောင် သူဖုန်းစားဖြစ်တာလဲ မပြောနဲ့ ။ အလွန်ပျင်းသကိုး ”

ဟု ပြောလိုက်၏ ။ ထိုအခါ ၎င်း၏ မိတ်ဆွေ ဖြစ်ဟန်တူသူက

“ ဒါကလဲ မယား မရှိ ၊ သား မရှိ တစ်ထီးတည်း လူမို့လို့သာဗျ ။ မယား ရှိကြည့် ။ နိစ္စဓူဝ မတောင်းပဲ ဘယ်နေလိမ့်မတုန်း ”

သူ မကြားချင်ယောင်ဆောင်နေကာ ဆက်တောင်းနေလိုက်၏ ။

••••• ••••• •••••

၊ သုံး ၊

မြို့စားကြီးသမီးသည် ပုဂံရွှေနန်းတော်တွင် မိဖုရားစောလုံ အား မီးရှို့သ,တ်မည့် သတင်းကို စကြားသည့် နေ့မှစ၍ ယနေ့အထိ ထိတ်လန့် တုန်လှုပ်နေ၏ ။ ပဒေသရာဇ်ဧကရာဇ်တို့မည်သည် အမျက်တော်ရှိက မိဖုရား မပြောနှင့် အဖ ကိုပင် သ,တ်ဝံ့ကြသည်မဟုတ်လော ။ ထိုကဲ့သို့ ရက်စက်ခြင်း ၊ ခက်ထန်ခြင်းများကို ရွှေကွပ်ထားသော ရှင်ဘုရင်များနှင့် မပတ်သက်လို ။ တစ်နေ့တွင် အဖမြို့စားကြီးသည် ချောမောသော မိမိအား မင်းဧကရာဇ်ထံ ဆက်သလိမ့်မည်မှာ မုချ ။ သည်အဖြစ်မျိုး မိမိ မရောက်လို ။ မိမိ ကမူ ချစ်စရာကောင်းသော သည်မြို့လေးတွင်ပင် သာမန်လူ တစ်ယောက်လို နေသွားချင်သည် ။ အရွယ်တူ ယောက်ျားတစ်ယောက်နှင့် ထိမ်းမြားကာ သားရတနာ ၊ သမီးရတနာ နှင့်နေချင်သည် ။ သို့သော် သည်မြို့မှ ယောက်ျားပျိုများသည် အဖကို ကြောက်သဖြင့် မည်သူမှ မိမိကို မချဉ်းကပ်ရဲ ။ ရွှေလှောင်အိမ်တွင် နေရသော ငှက်ကလေးသည် လွတ်လပ်သော ကောင်းကင်တွင်ပျံသန်းချင်သကဲ့သို့ အဖ၏ အချုပ်အချယ်နှင့် နေရသော မိမိ သည်လည်း လွတ်လပ်သော ပတ်ဝန်းကျင်တွင် ကျင်လည်ချင်မိ၏ ။

••••• ••••• •••••

မြို့စားကြီးသမီးသည် ပြတင်းပေါက်မှ အပြင်ကို ငေးရင်း တောင်တောင်မြောက်မြောက် တွေးနေခိုက် အထိန်းတော်ကြီး ဒေါ်ညို ဝင်လာကာ

“ ဘာတွေများ တွေးနေတာလဲကွဲ့ ”

“ ဘာရယ် မဟုတ်ပါဘူး ဒေါ်ညိုရယ် ပုဂံပြည်မယ် မိဖုရားစောလုံ အသ,တ်ခံရတော့မယ်တဲ့ အဲ့ဒီအကြောင်း စဉ်းစားနေတာပါ ”

“ ဘယ်လိုများ စဉ်းစားမိလို့လဲကွဲ့ ”

မြို့စားကြီးသမီးက သက်ပြင်းချကာ

“ ဒီလိုပါ ဘုရင်မင်းကြီးဟာ မိဖုရားစောလုံ ကို အပြစ်အလျောက် ရိုးရိုးသ,တ်လဲ ရပါလျှက် ဘာလို့များ မီးရှို့ သ,တ်ရသလဲ နောက်တစ်ခုက ရှင်ဘုရင်တွေဟာ ထီးတွေ ၊ နန်းတွေနဲ့ ပတ်သက်ရင် သားမှန်းမ သိ ၊ အဖမှန်း မသိ ၊ ရက်ရက်စက်စက် သ,တ်နေကြတယ် ၊ ဘုရားရှင်ခေတ်က အဖသတ် သားအဇာတသတ်ဟာ ဘယ်လို ငရဲတွေ ၊ ဘယ်လို ဒုက္ခတွေ ရောက်ရတယ် ဆိုတာ သိနေပါလျှက် သူတို့ သ,တ်ဝံ့တာ အံ့ဩလှချည်ရဲ့ ဒေါ်ညိုရယ် ”

သည်တစ်ခါ သက်ပြင်းချသူမှာ ဒေါ်ညို ဖြစ်၏ ။ ဒေါ်ညိုက စဉ်းစားချင့်ချိန်သော အမူအရာဖြင့်

“ မိဖုရားစောလုံ ဟာ အရှင်မင်းကြီးကို အဆိပ်ခက်လုပ်ကြံဖို့ ကြိုးစားရုံတင် မဟုတ်ပေဘူး ။ အဆိပ်ခပ်တာ သူမဟုတ်ပါဘူးလို့ ငြင်းလို့ မရတဲ့ အဆုံးမှာ အရှင်မင်းကြီးကို မင်းပရိတ်ရှေ့မှောက် အရှက်ရ နားရှအောင် ပြုမူတာကိုး ။ အဲ့ဒီလို ပြုမူတော့ မင်းကြီးဟာ အတော် မျက်သွားပုံပဲ ။ ဒါကြောင့် မီးရှို့သ,တ်တာ ဖြစ်ဟန်တူတယ် ။ နောက်တစ်ခုက ထီးနန်းပိုင်တဲ့ ရှင်ဘုရင်များဟာ လိုတာ အကုန်ရတယ် မဟုတ်လား ။ လောဘပေါ့ကွယ် ။ အဲ့ဒီလောဘက အဖကို အဖလို့ မမြင်နိုင် သားကို သားလို့ မမြင်နိုင်လောက်အောင် ဖြစ်ကုန်ကြတာကလား ။ အဝိဇ္ဇာတွေပေါ့ကွယ် အဝိဇ္ဇာတွေပေါ့ ”

ဒေါ်ညိုက ရှည်လျားစွာ ပြောပြီး ခေါင်းကို တဆတ်ဆတ် ငြိမ့်၏ ။ မြို့စားကြီးသမီးက ဒေါ်ညို ကို

“ ဒေါ်ညို ကျွန်မကတော့ အဲ့ဒီလို အဝိဇ္ဇာ လွှမ်းတဲ့ နန်းတော်ထဲမှာ တစ်ချိန် မိဖုရားဖြစ်ရမယ်လို့ အဖက မျှော်မှန်းတယ် ။ ကျွန်မတော့ အဲ့ဒီလို ရက်ရက်စက်စက် အမှုတွေပြည့်နေတဲ့ နန်းတော်ကို တယ်ပြီး မသတီဘူး ။ နန်းတော်လို အာဏာစက် ပြင်းတဲ့ နေရာကို အပထား ။ အခု အဖမြို့စားကြီးတောင် သူ့ ရှိတဲ့ အာဏာနဲ့ စိတ်မထင်ရင် မထင်တဲ့ သူကို သ,တ်ဖြတ်နေတာ ဒေါ်ညို မြင်ရဲ့မဟုတ်လား ။ ကျွန်မဖြင့် တယ်ပြီး စိတ်နှလုံးမှာ မသာယာဘူး ။ ကျွန်မတော့လေ သာမာန် မြို့သူလေးတွေကို သိပ်အားကျတာပဲ ။ သူတို့မှာ လွတ်လပ်လိုက်တာ ”

ဒေါ်ညိုက ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ကာ

“ ဪ ... သမီးရယ် သာမန်မြို့သူတွေကလည်း သမီးကို ဘယ်လောက် အားကျတယ်မှတ်တုန်း ။ နောက်တစ်ခုက သမီးကို ဆက်သမယ်ဆိုတဲ့ ထီးဖြူရှင် ဟာလည်း ဘယ်သူဘယ်ဝါ သိရသေးတာမှ မဟုတ်ပဲကွယ် ။ တကယ်လို့ သမီးကို မိဖုရားမြှောက်မဲ့ မင်းကြီးဟာ သာသနာကို ထွန်းတောက်စေပြီး စာပေကျမ်းဂန်မှာ မွေ့လျော်တဲ့ မင်းကြီး ဖြစ်မယ် ဆိုရင်ရော ” ဟုပြောလိုက်သဖြင့် မြို့စားကြီးသမီး က

“ ဪ .... ဒေါ်ညိုရယ် ။ ချောင်းရိုး ၊ မြောင်းရိုးသာ တိမ်ကောတာ ၊ မျိုးရိုးက တယ်ပြီး မတိမ်ကောဘူး မဟုတ်လား ။ ဒီတော့ ကျွန်မက တစ်နေ့ အဖ လက်အောက်က လွတ်အောင် ပြေးပြီး တစ်နေရာရာမှာ သာမာန် လူလိုပဲ နေသွားမယ် စိတ်ကူးတယ် ။ အဲဒီအခါ ဒေါ်ညို လည်း လွတ်အောင်သာ ပြေးပေါ့ ”

နှစ်ဦးသား သက်ပြင်းပြိုင်တူ ချလိုက်မိလေ၏ ။

••••• ••••• •••••

၊ လေး  ၊

သည်နေ့သည် မိဖုရားစောလုံ ကို မီးရှို့ ကွပ်မျက်မည့် နေ့ပင်တကား ။ ထိုကွပ်မျက်ခြင်း အခမ်းအနားသို့ မင်းအမိန့်ဖြင့် ဆင့်ခေါ် ထားသဖြင့် မြို့စားကြီးလည်း တက်ရောက် ခစားရသည် ။ လူများမှာ စိတ်နှလုံးမသာမယာ ဖြစ်လျက် ။ မြို့စားကြီးသည် သံကြပ်စင် အတွင်း၌ မီးသွေးကဲ့သို့ မည်းနက်နေပြီ ဖြစ်သော မိဖုရားစောလုံ၏ အလောင်းကို ကြည့်ကာ ရင်ထဲ ဆို့လျှက်ရှိ၏ ။ အသားကို မီးလောင်၍ ထွက်လာသော ညှော်နံ့မှာ ပျို့ချင်စရာဖြစ်၏ ။ စိတ်လက် မကြည်လင်၍ထင် ။ ကောင်းကင်ကို ကြည့်ရသည်မှာလည်း ကြည်ကြည်လင်လင် မရှိ ။ မြို့စားကြီး၏ ရင်ထဲတွင် နုံးချိလာသည် ။ ထိုသို့ နုံးနေသော စိတ်ဖြင့် နရသီဟပတေ့မင်း နေရာမှ ခံစားကြည့်ပြန်သည် ။ မိမိ၏ မိဖုရားကို မိမိ ကိုယ်တိုင် မီးရှို့သ,တ်စေခဲ့သဖြင့် အဘယ်မျှ ရင်နာနေမည်နည်း ။ ထိုအဖြစ်ကို မေ့နိုင်ပါမည်လော ။ ထိုသို့ တွေးနေရင်း လေသည် ခပ်ပြင်းပြင်း ဝှေ့လာသဖြင့် ဖုန်မှုန့်များလွင့်လာသည် ။ မြို့စားကြီးလည်း ဘုရင် ကို ခပ်လှမ်းလှမ်းမှ ရှိခိုးကာ ပြန်လာခဲ့လိုက်သည် ။

••••• ••••• •••••

“ ဖြန်း ”

“ ခွပ် ”

“ နင်တို့ အတော် ဖျင်းတာပဲကွဲ့ ။ ငါ သည်လောက် သေချာမှာရက် နဲ့ခု ငါ့သမီးက ဘယ်ကဘယ်လို ပျောက်ရသတုန်း နင်တို့ လူ့ပြည်မှာ မနေထိုက်ပေဘူး ” ဟု ဆိုကာ မြို့စားကြီးသည် သူ၏ အိမ်စောင့်များကို လှံ ၊ ဓားစည်တို့ဖြင့်သာမက တွေ့ကရာဖြင့် ပစ်ပေါက်သဖြင့် တချို့က ရှောင်သည် ။ တချို့က ကာသည် ။ မြို့စားကြီး မျက်လုံးများသည် မီးဝင်းဝင်းတောက်လျှက် ရှိလေသည် ။

“ နင်တို့ ငါ့သမီးကို တွေ့အောင်ရှာကြ ။ မတွေ့ရင် နင်တို့တစ်မျိုးလုံး ငါသ,တ်မယ် ” ဟု ပြောလိုက်၏ ။ တကယ်တမ်းတွင် ဤ မြို့သူမြို့သားများသည်လည်း မြို့စားကြီးသမီး ရှိသည်ကို ကြားသာ ကြားဖူးသည် ။ မြင်ဖူးသူက ရှားသဖြင့် စုံစမ်းမေးမြန်းရ ခက်မည်မှာ မုချဧကန်ပင် ။

“ မညိုငယ် လာစမ်း ဘယ်ရောက်နေသလဲ ”

မြို့စားကြီးက အော်ခေါ်သဖြင့် အနီးတွင် ခစားလျှက် ရှိသူ တစ်ဦးက

“ ဒေါ်ညို လဲ ကျေးဇူးမသိ ထွက်ပြေးကြောင်းပါ ”

“ တောက် ... မညိုငယ်ပါ မိအောင်ဖမ်း ။ ခြေကြိုးလက်ကြိုးတုပ် ငါကိုယ်တိုင် သင်းကို စီရင်မယ် ။ ခုချက်ခြင်း ရအောင် ဖမ်းချေ ။ သွား နင်တို့ မိအောင်ဖမ်းလာ ”

အိမ်စောင့်များက မြို့စားကြီးသမီး နှင့် ဒေါ်ညို ကို ရှာရန် အလျှိုလျှို ထွက်သွားကြ၏ ။ မြို့စားကြီး၏ အသံမှာ ရင်ဝတည့်တည့်သို့ မြားချက်မှန်သော ခြင်္သေ့မင်း၏ အော်သံကဲ့သို့ ကျယ်လောင်ဟိန်းထွက်နေ၏ ။

••••• ••••• •••••

၊ ငါး  ၊

ထန်းလက်မိုးထားသော သူ၏ တဲနန်းအတွင်းသို့ လရောင်များက ဝင်ရောက် ခစားကြ၏ ။ လရောင်ဖြင့် ဝင်းလက်သော တဲအမိုးကို ပက်လက်လှန်ကာ ငေးကြည့်နေမိရင်း စိတ်တွင်း၌ ကြည်နူးသလိုလို ရှိနေ၏ ။ ထို ကြည်နူးစိတ်လေးဖြင့် ထိုထိုအီအီ တွေးနေရင်းမှ ဗိုက်ထဲ ဆာလာသဖြင့် နံနက်က ထမင်းစားပြီး မဆေးပဲ ပစ်ထားသော ပန်းကန်အစုတ်ကို မျက်လုံးဝေ့၍ ရှာလိုက်၏ ။ ပန်းကန်အစုတ်ကို ထမင်းနှင့် ဟင်းများ ထားသောနေရာ နားတွင် မှောက်လျက်တွေ့ သဖြင့် ဖင်ရွှေ့သွားရာ လူသံ ကြား၍ထင့် ။ဝပ်နေသောမြေကြွက်ကြီး တစ်ကောင် ထပြေးလေ၏ ။ သူက မြေကြွက်ကို နှုတ်ခမ်းလှုပ်ရုံ ဆဲကာ ထမင်းပန်းကန်ကို ရေကျင်းလိုက်၏ ။ ထို့နောက် ထမင်းနှင့်ဟင်းများကို နယ်ဖက်ကာ အားရပါးရ လွေးနေလိုက်၏ ။

••••• ••••• •••••

ထမင်းကို အားရပါးရ လွေးနေတုန်း တဲဝတွင် မိန်းမတစ်ဦး ရုတ်တရက် ရောက်လာသဖြင့် သူ အံ့သြသွား၏ ။ ထိုမိန်းမ၏ ပုံသဏ္ဍန်မှာ အဝတ်အစားကောင်းများ ဝတ်ထားသော်ငြား ပေရေညစ်နွမ်းကာ အတော် ပင်ပန်းနွမ်းနေသယောင်ရှိ၏ ။ ထိုမိန်းမက သူ့ကို အကူအညီ တောင်းသော မျက်လုံးများဖြင့် ကြည့်ပြီး

“ ကျွန်မ ဒုက္ခရောက်လာပါတယ် ၊ မနေ့ကတည်းက ဘာမှမစား ရသေးလို့ ၊ ကူညီစေချင်ပါတယ်ရှင် ” ဟု ကရုဏာ အသံဖြင့် ပြောကာ တဲဝ၌ ဝင်ထိုင်၏ ။ သူက

“ ဒုက္ခသည် ဆိုတော့ ကူညီရတာပ ၊ ငါ့မှာလည်း အခုတော့ ထမင်းအပို မရှိဘူး ၊ စားချင်သပ ဆိုရင်လည်း ငါ့ပန်းကန်ထဲက ထမင်းသာ ငါနဲ့ အတူ မျှစားပေတော့ ” ဟုဆိုသဖြင့် ထိုမိန်းမလည်း ဗိုက်ဆာဆာဖြင့် မရွံနိုင်မရှာနိုင် လက်ရေတစ်ပြင်တည်း ဝင် စားလေတော့၏ ။ ထိုမိန်းမ မည်သူမည်ဝါ ဖြစ်သည်ကိုမူ သူ မသိရိုး အမှန်သာဖြစ်၏ ။

၊ ခြောက်  ၊

ထိုမြို့ကလေး၏ ဈေးသည် ရောင်းသူ ၊ ဝယ်သူများဖြင့် စည်ကားလျှက် ။ ယခင်က ထိုဈေးနား ပတ်ဝန်းကျင်တွင် တစ်ရက် တောင်းရမ်း၍ နှစ်ရက်လောက် ပျောက်သွားတတ်သော သူဖုန်းစားသည် ယခု နေ့တိုင်း တောင်းနေသည်ကို မျက်နှာတွင် ဓားခုတ်ရာ အတိုင်းသားနှင့် ပုဂ္ဂိုလ်က သတိထားမိလိုက်လေသည် ။

▢  နိုင်ကြည်သားနေ
📖 တစ်ယောက်တစ်ဘဝ ( ၃ )

No comments:

Post a Comment