Showing posts with label တက္ကသိုလ် မောင်မောင်ကြီး. Show all posts
Showing posts with label တက္ကသိုလ် မောင်မောင်ကြီး. Show all posts

Saturday, December 27, 2025

ပေါတာ

 ❝ ပေါတာ ❞

    ( ပုံပြင် )


တစ်ခါတုန်းက မြို့ကြီး တစ်မြို့၏ အစွန်အဖျားတွင် ဆင်းရဲသော မိခင်နှင့် သားငယ် တစ်ယောက်သည် တဲကလေး တစ်ခု၌ နေကြသည် ။ သားငယ် ကြီးပြင်းလာသောအခါ သားငယ်သည် ပေါတောတော ဖြစ်နေ၏ ။ သူ့မိခင် ခိုင်းသမျှ တစ်ခုမျှ ပြေပြေပြစ်ပြစ် မဖြစ်ဘဲ အရာရာနှင့်အကြောင်းကြောင်း ဖြစ်လေ့ရှိ၏ ။


တစ်ခါသော် ပေါတာသည် ပန်းဝါများ စိုက်ထားသော ပန်းခင်းတစ်ခုမှ ဖြတ်သန်း၍ အခြား ပန်းခင်း တစ်ခုမှ ပန်းများကို ခူးကာ ပန်းကုံးသီမည်ဟု တစ်နေရာတွင် တင်ပလ္လင်ခွေထိုင်၏ ။ ပန်းဝါများ စိုက်ထားသော ပန်းခင်းကို ဖြတ်သွားသဖြင့် ပေါတာ သည် ကြွေကျ နေသော ပန်းဝါများကို နင်းသောကြောင့် ခြေဖဝါးများ ဝါနေသည်ကို အနီးအနားမှ ဖြတ်သွားသော လူငယ်တစ်ဦးက မြင်သောအခါ ပေါတာအား “ ဟေ့ ... မင်း ဘာလုပ်နေတာလဲ ၊ မင်း ခြေဖဝါးတွေ ဝါနေတာ မင်းသိရဲ့လား ၊ ခြေဖဝါးတွေ ဝါရင် ချက်ချင်း သေမယ်ဆိုတဲ့ နိမိတ်ကွ ” ဟုစသွား၏ ။


ထိုစကားကို ကြားသောအခါ ပေါတာသည် အဟုတ်မှတ်၍ သူ့ခြေဖဝါးကို ကြည့်ပြီးလျှင် ဝါနေမှန်း မြင်သောကြောင့် ငါတော့ သေတော့မှာပဲဟု အလွန် ထိတ်လန့်သွား၏ ။ ငါ မသေခင် ငါ့တွင်း ငါ တူးထားမှ တော်မှာပဲဟု တစ်ယောက်စာ တွင်းတစ်ခု ခပ်တိမ်တိမ် တူးပြီးလျှင် မြေများကို ဖွ၍ ထိုတွင်းတွင် လှလှပပ သေရန်အတွက် ပက်လက်လှန် အိပ်နေ၏ ။ ခဏကြာသောအခါ ဆီအပြည့်ရှိသော အိုးကြီးကို ကျောပေါ်၌ ပိုး၍ လာသော မင်းချင်းယောက်ျား တစ်ယောက်သည် လမ်းနံဘေး၌ ပက်လက်လှန် လဲနေသောတွင်းထဲရှိ ပေါတာ ကို မြင်သဖြင့် ခဏ ရပ်နားပြီးသော် သူငယ်အား ဘာလုပ်နေသလဲဟု မေး၏ ။


ပေါတာက “ ကျွန်တော့် ခြေဖဝါးတွေ ဝါနေပြီ ခင်ဗျ ၊ ခင်ဗျားလည်း အသိသားပဲ ၊ ခြေဖဝါးတွေ ဝါရင် မုချ သေမယ်ဆိုတဲ့ နိမိတ်ပေါ့ ။ ဒါကြောင့်မို့ ကိုယ့်သင်္ချိုင်း ကိုယ်တူးပြီး သေမင်း လာမှာကို စောင့်နေပါတယ်ခင်ဗျာ ” ဟုဖြေ၏ ။


မင်းချင်းယောက်ျားသည် ပေါတာ အကြောင်းကို မသိသေးသောကြောင့် “ မဟုတ်တာ ကွာ ၊ မင်း သေခါနီးနေရင် မင်း စကား မပြောနိုင်ဘူး ၊ မှတ်ထားကွ ၊ ထကွာ ၊ ရှင်ဘုရင်ကြီးဆီ ငါ ဆီသွား ပို့မလို့ ၊ ငါ့ဆီအိုးကို တစ်လှည့် ပို့ပေးစမ်းကွာ ၊မင်းကို ကြက်မတစ်ကောင် ပေးမယ် ” ဟုပြော၏ ။


ပေါတာလည်း မသေမည့် အတူတူ ကြက်မတစ်ကောင် ရလျှင် မနည်းဟု စဉ်းစားပြီး လျှင် တွင်းထဲမှ ထကာ ဆီအိုးကို ကျောပေါ်၌ ပိုးပြီးလျှင် ဘုရင့်နန်းတော်သို့ သွားရာလမ်း အတိုင်း ရှေးရှုသွားကြ၏ ။


လမ်းတွင်ပေါတာ သည် သူ ကြက်မတစ်ကောင် ရသောအခါ ဘာလုပ်မည်ကို စဉ်းစားလာ၏ ။


သူ့ စိတ်ကူးအတိုင်း တကယ်ပင် ထင်ပြီးလျှင် ခြေကို တအား ဆောင့်နင်း၏ ။ ခြေကိုတအား ဆောင့်နင်းသည့် အတွက် ကျောပေါ်တွင်ပိုးလာသော ဆီအိုးကြီးသည် လျှောကျပြီးလျှင် မြေကြီးနှင့် ရိုက်ကာ အစိတ်စိတ်အမြွှာမြွှာကွဲသွား၏ ။


မင်းချင်းယောက်ျားလည်း သူ့ဆီအိုး ကွဲသွားသောကြောင့် အလွန် စိတ်ဆိုး၏ ။ ဘုရင် မင်းမြတ်အတွက် ယူဆောင်လာသော ဆီအိုး ဖြစ်သဖြင့် ယူကျုံးမရ ဖြစ်၏ ။ ပေါတာအား မည်သည့်အတွက် ခြေကို ဆောင့်နင်းရသနည်းဟု အကြိမ်ကြိမ် မေး၏ ။ ပေါတာ၏ အဖြေကို မကျေနပ်သောကြောင့် ပေါတာ အား ဘုရင့် ရှေ့တော်မှောက်သို့ တရွတ်ဆွဲ ခေါ်သွား၏ ။


ဘုရင်မင်းမြတ်လည်း မင်းချင်းယောက်ျား ကို မြင်လျှင် အဘယ်ကြောင့် သူစိမ်းလူငယ် တစ်ဦးကို ရှေ့တော်မှောက်သို့ ခေါ်ယူလာသနည်းဟု မေး၏ ။ မင်းချင်း ယောက်ျားလည်း ဘုရင်မင်းမြတ် အတွက် ဆီအိုးတစ်အိုးကို ယူလာရာ ဤသူငယ်ကို အထမ်းသမား အဖြစ် ငှားခဲ့ကြောင်း ၊ လမ်းတွင် ဤသူငယ်သည် အရူးကဲ့သို့ ခြေကို ဆောင့်နင်းသောကြောင့် ဆီအိုးကျကွဲကြောင်း တို့ကို လျှောက်ထား၏ ။


ဘုရင်မင်းမြတ်က သူငယ်အား အဘယ်ကြောင့် ဤသို့ ပြုကျင့်သနည်းဟု မေး၏ ။ ပေါတာ ကလည်း ...


“ အသင်မင်းကြီး ၊ မင်းတရားကြီး၏ မင်းချင်းယောက်ျားသည် ကျွန်တော်မျိုးအား ဆီအိုးကို သယ်ဆောင် ပေးလျှင် ကြက်မ တစ်ကောင် ပေးမည်ဟု ပြောဆို ငှားရမ်းပါသည် ။ ကျွန်တော်မျိုးလည်း ကြက်မတစ်ကောင် ရလျှင် ဘာလုပ်ရမည်ဟု စိတ်ကူးပါသည် ။ စိတ်ကူးထဲ တွင် ကြက်ကလေးများကို မြင်ပါသည် ။ ကြက်ကလေးများ ကြီးလာ၍ ရောင်းစားသောအခါ ငွေတွေ ရ၍ နွားမတစ်ကောင် ဝယ်ပါသည် ။ နွားမမှ သားကျသောအခါ နွားမနှင့် သားငယ်ကိုပါ ရောင်း၍ အိမ်ဝယ်ပါသည် ။ အိမ်ဝယ်ပြီးနောက် အိမ်ထောင်ပြုရာ သားတစ်ယောက် ရပါသည် ။ သားငယ်၏ နောင်ရေးကို ရှေးရှု၍ ပညာကို ကြပ်ကြပ်မတ်မတ် သင်ပေးမည်ဟု စိတ်ကူးပါသည် ။ အကယ်၍ သားငယ်သည် ကျွန်တော်မျိုး၏ စကားကို နားမထောင်လျှင် ခြေနှင့် ဆောင့်နင်းဟု စိတ်ကူးရင်း စိတ်လိုက်မာန်ပါ နင်းလိုက်မိသည့် အတွက် စိတ်ကူးတွေပျောက်ပြီးလျှင် ဆီအိုး ကွဲရပါသည်ဘုရား ” ဟုလျှောက်ထား၏ ။


ဘုရင်မင်းမြတ်လည်း ပေါတာ၏ လျှောက်ထားချက်ကို သဘောတော်ကျသော ကြောင့် ဟက်ဟက်ပက်ပက် ရယ်မောပြီးလျှင် ပေါတာအား ရွှေစတစ်စ ချီးမြှင့်၍ အိမ်ပြန်ပြီး မိခင်နှင့် အတူ နေရန် မိန့်ကြားတော်မူသည် ။ ပေါတာလည်း သူ့အိမ်သို့ ပြန်လာ၏ ။ အိမ်ရှေ့သို့ ရောက်သောအခါ ခွေးတစ်ကောင်သည် ငွေထုပ်တစ်ထုပ်ကို ကိုက်ချီ၍ အိမ်တံခါးဝမှ ထွက်လာသည်ကို သူ မြင်သည် ။ မြင်လျှင် မြင်ချင်း သူ့စိတ်၌ ပူပင်ပြီးလျှင် ခွေးတစ်ကောင် အမေ့ငွေထုပ် ကိုက်ချီပြေးပြီဟု ကျယ်လောင်စွာ အော်ပြော၏ ။ မိခင်လည်း သား၏ အသံကို ကြားသောအခါ ငွေထုပ်ပျောက်မှန်း အိမ်နီးနားချင်းတို့ ကြားသွားမည်ကို စိုးရိမ်၏ ။ တစ်ယောက်ယောက် ကြားသွားလျှင် ခွေးကို ဖမ်းပြီး ငွေ ထုပ် ယူသွားမှာလည်း စိုးရိမ်၏ ။ ထို့ကြောင့် မိခင်သည် အိမ်ခေါင်မိုးပေါ်သို့ တက်၍ သကြားများကို အနှံ့အပြား လျှောက်ကြဲထား၏ ။ ( မှတ်ချက် ။  ။ တိဘက်အိမ်များသည် မြန်မာအိမ်များ ကဲ့သို့ ခေါင်စောက် မဟုတ်ဘဲ ခေါင်ကတုံးများဖြစ်သည် ။ ယခုခေတ် အချို့ တိုက်များကဲ့သို့ ခေါင်မိုးပြားများ ဖြစ်သည် ။ ) သကြားကြဲပြီးမှ ခေါင်မိုးပေါ်မှ နေ၍ “ သားရေ ၊ လာကြည့်စမ်း ၊ ထူးဆန်းလိုက်တာကွယ် ၊ သကြားမိုးတွေ ရွာထားလို့ သကြားတွေ နှံ့နေတာပဲ ” ဟုအော်ပြော၏ ။ သကြား ကြိုက်သော ပေါတာလည်း အိမ်ခေါင်မိုးသို့ ပြေးတက်သွားပြီးသော် သကြားများကို ကျုံးစားတော့၏ ။ မိခင်လည်း အမှတ်တမဲ့ ဆင်းသွားပြီးမှ ငွေထုပ်ကို ကိုက်သွားသော ခွေးကို ရှာဖွေပြီးလျှင် တွေ့သောအခါ ချော့မော့၍ ငွေထုပ်ကို ပြန်ယူလာခဲ့သည် ။


ဤသို့နှင့် ပေါတာသည် အိမ်ထောင်ပြုချိန် ရောက်လာ၏ ။ မိခင်လည်း သူ့သား၏ အကြောင်းကို မသိသော ရပ်ဝေးမြို့တစ်မြို့မှ ပစ္စည်းကြွယ်ဝသော သူဌေးသမီးတစ်ဦးနှင့် ထိမ်းမြားရန် စေ့စပ်ကြောင်းလမ်း၏ ။ နှစ်ဦးသော မိဘများက သဘောတူညီသောအခါ တိဘက် လူမျိုးတို့၏ ထုံးစံအတိုင်း သတို့သမီး အိမ်သို့ လိုက်၍ ထိမ်းမြားမင်္ဂလာပြုရန် စီစဉ်ကြ၏ ။ နေ့ကောင်းရက်သာ ရွေးကြပြီးသောအခါ သတို့သမီး ထံမှ သတို့သားကို ကြိုရန် မြင်းများနှင့် အကြိုတော်များ ရောက်လာကြ၏ ။ သတို့သားလည်း ဝတ်ကောင်းစားလှ ဝတ်ပြီးသောအခါ အကြို တော်များကို ဧည့်ခံ၏ ။ ဧည့်ခံကျွေးမွေးပြီးသော် အကြိုတော်များအား သူ့မိခင်ကို သူ နှုတ်ဆက် ကန်တော့လို၍ သွားနှင့်ကြရန် မှာကြားပြောဆို လွှတ်လိုက်၏ ။


ညနေစောင်းမှ သူသည် မြင်းနှင့် ခရီးထွက်ခဲ့၏ ။ တဖြည်းဖြည်း မိုးချုပ်လာ၏ ။ ထိုညသည် လသာသော ည ဖြစ်သဖြင့် သူ့ မြင်းနံဘေး၌ ပါလာသော သူ့အရိပ်ကို သူမြင်ရ၏ ။ ပေါတာ သည် သူ့အရိပ်ကို အရိပ်မှန်း မသိ ။ သူ့ကို ဘေးအန္တရာယ်ပြုမည့် သရဲတစ္ဆေ တစ်ကောင် သူ့ နံဘေးမှ လိုက်ပါလာသည် ထင်မှတ်၍ မြင်းကို ဒုန်းစိုင်းလေ လိုက်လာလေဖြစ်သောကြောင့် ပြေး၍ မလွတ်မှန်း သူ သိလာ၏ ။ ထို့ကြောင့် ထိုထူးဆန်းသော သတ္တဝါကို ကြောက်သွားအောင် ပြုမည်ဟု ကြံပြီးလျှင် ခေါင်းပေါင်းနှင့် ချွတ်ပေါက်၏ ။ မကြောက်မှန်း သိသောအခါ အင်္ကျီနှင့် ချွတ်ပေါက်ပြန်၏ ။ မကြောက်ပြန်သောအခါ သူ့ကိုယ်၌ ဝတ်စားထားသော အဝတ် ရှိသမျှနှင့် ချွတ်ပေါက်၏ ။ နောက်ဆုံး၌ သူ့မှာ ကိုယ်ချည်းသာ ကျန်တော့သည် ။ အရိပ်ကား သူ့နားကပ်၍ လိုက်မြဲပင် လိုက်နေ၏ ။ ထို့ကြောင့် ထိုသတ္တဝါထံမှ အလစ်ထွက်ပြေးရန် အကြံနှင့် မြင်းပေါ်မှ ခုန်ချပြီးသော် လမ်းနံဘေးရှိ ပေါ်ပလာပင်ကြီး၏ အရိပ်အောက်သို့ ဝင်ပြေး၏ ။ သစ်ပင်အောက်၌ မောကြီးပန်းကြီးနှင့် နားနေစဉ် နံဘေးသို့ ကြည့်လိုက်ရာ ထိုသတ္တဝါသည် မရှိတော့ချေ ။ ပေါတာ လည်း အလွန် ဝမ်းသာသွား၏ ။ သို့ရာတွင် သစ်ပင်အရိပ် အောက်မှ ထွက်၍ ထိုမှဤမှ ချောင်းကြည့်သောအခါ ထိုသတ္တဝါသည် ပေါ်လာပြန်၏ ။ ထို့ကြောင့် သစ်ပင် အရိပ်အောက်တွင် နေခြင်းသည် ထိုသတ္တဝါ၏ ဘေးရန်မှ ကင်းဝေးရာအရပ် ဖြစ်သည်ဟု ယူဆ ပြီးသော် သစ်ပင်ပေါ် တက်၍ အိပ်၏ ။


ပေါတာ အိပ်ပျော်နေစဉ် ပေါတာ လာခဲ့သော လမ်းခရီးအတိုင်း ခရီးသည် တစ်စုလည်း လာကြ၏ ။ သူတို့သည် လမ်းတွင် ဖြန့်ကြဲနေသော ဝတ်ကောင်းစားလှများကို တွေ့သော အခါ ကောက်ယူလာကြ၏ ။ လမ်းနံဘေးတွင် မြက်စားနေသော မြင်းကို တွေ့သောအခါလည်း ဆွဲယူလာကြ၏ ။ ပေါ်ပလာပင်ကြီးကို တွေ့သောအခါ ခရီးသည်များလည်း အရိပ်အောက်သို့ဝင် ၍ ရခဲ့သောပစ္စည်းများကို ဝေစုခွဲကြသည် ။


ဝေစုခွဲသံကို ကြားသောအခါ သစ်ပင်ပေါ်၌ အိပ်နေသော ပေါတာသည် လန့်နိုးလာ၏ ။အောက်သို့ ကြည့်လိုက်သောအခါလူတစ်စု ဝေစုခွဲနေသည်ကို မြင်သဖြင့် “ ဟေ့ ... ငါလည်း ဝေစု လိုချင်တယ်ကွ ” ဟု အော်ပြော၏ ။


သစ်ပင်အောက်တွင် ဝေစု ခွဲနေကြသော သူတို့သည် သစ်ပင်ပေါ်မှ အသံကိုကြား သောအခါ ရုက္ခစိုးကြီး ဝေစုတောင်းသည် ထင်မှတ်၍ ပစ္စည်းအားလုံး စွန့်ထားခဲ့ပြီးသော် တင်ပါးနှင့် ခြေနှင့် တစ်သားတည်း သုတ်ကြ၏ ။ ထိုလူများ မရှိတော့မှ ပေါတာသည် သစ်ပင်ပေါ်မှ ဆင်း လာပြီးသော် သူ့ အဝတ်အစားများကို ဝတ်၏ ။ မြင်းကို စီး၏ ။ နံနက်လင်းသောအခါ သတို့သမီး အိမ်သို့ ထွက်ခွာသွား၏ ။


သတို့သမီး အိမ်သို့ ရောက်သောအခါ သတို့သမီး၏ မိဘနှစ်ပါးသည် ဝမ်းသာအားရ ကြိုဆို နှုတ်ဆက်ကြ၏ ။ အဘယ်ကြောင့် နောက်ကျနေကြောင်းလည်း မေး၏ ။ ထို့နောက်မှ မင်္ဂလာအခမ်းအနားကို ကျင်းပကြသည် ။ အကျွေးအမွေးနှင့် ဧည့်ခံကြသည် ။


အကျွေးအမွေးနှင့် ဧည့်ခံနေစဉ် သတို့သားသည် စားကောင်းသောက်ဖွယ်များကို မြင်တိုင်း သူ့အမေကို သူ အောက်မေ့သည် ။ သူ့အမေကို ကျွေးချင်သည် ။ ထို့ကြောင့် အပေါက်ဝကျဉ်းကျဉ်း ဝမ်းကျယ်ကျယ် ကြွေအိုးတစ်လုံးကို ရှာပြီးလျှင် ပေါင်ကြား ထဲသို့ အမှတ်တမဲ့ သွင်း၍ ဝှက်ထား၏ ။ အရာရာနှင့် အကြောင်းကြောင်းဖြစ်တတ်သော ပေါတာသည် အစာတစ်ခု ကို ကြွေအိုးထဲသို့ ထည့်လိုက်စဉ် လက်လွန်ပြီးသော် ညာဘက်လက်သည် အိုးထဲ ဝင်သွားသောကြောင့် လက်ကို ပြန်ထုတ်၍ မရတော့ချေ ။ စားချင်ရက်နှင့် မစားရဘဲ ဖြစ်နေ၏ ။ သတို့သမီး၏ မိဘများကလည်း သမက်လောင်း အစာ မစားသည်ကို မြင်သောအခါ နည်းနည်းပါးပါး ထပ်စားရန် တိုက်တွန်းကြ၏ ။ ပေါတာ ကမူ ဝပါပြီဟု အတင်း ငြင်းဆန်နေရ၏ ။


ညနေစောင်းသောအခါ အကျွေးအမွေးလည်း ပြီးဆုံး၏ ။ ဧည့်သည်များလည်း နှုတ်ဆက်၍ ပြန်ကြ၏ ။ သတို့သားနှင့် သတို့သမီး နှစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည် ။ ထိုအခါ သတို့သမီးက သတို့သားအား နေ့လယ်က ကျွေးမွေးဧည့်ခံ နေစဉ်က ဘာဖြစ်နေတာလဲဟု မေး၏ ။ ပေါတာလည်း ရှက်ရှက်နှင့် ဘာမျှ မပြောဘဲနေ၏ ။ ပါးနပ်သော သတို့သမီးလည်း ပေါတာ အား လှည့်ပတ် မေးသောအခါ ကြွေအိုးကြီး တန်းလန်းနှင့် ညာဘက်လက်ကို မြင်တော့၏ ။


သတို့သမီးက “ ရှင့်နှယ်တော် ၊ ဒါကလေးများ ဘာအရေးကြီးလို့လဲ ၊ ကျွန်မတို့အိမ် လှေခါးရင်းမှာ ကျောက်ဖြူကြီး တစ်လုံးရှိသား ၊ ညမှောင်တော့ ဆင်းသွား ၊ အိုးကို ကျောက်တုံးနဲ့ ရိုက်ခွဲလိုက် ၊ ရှင့်လက် ကျွတ်ရော့ပေါ့ ” ဟုအကြံပေး၏ ။


ညဉ့်နက်သောအခါ သတို့သားသည် လှေခါးကို စမ်းဆင်း၏ ။ လှေခါးရင်းသို့ ရောက် သောအခါ ကျောက်ဖြူတုံး ဟု ထင်ရသော ဖြူဖြူတစ်ခုကို တွေ့၏ ။ ထိုဖြူဖြူပေါ်သို့ အိုးစွပ်နေသော လက်ကို တအားမြှောက်ကာ ရိုက်ချလိုက်၏ ။ အိုးသည် အစိတ်စိတ်အမြွာမြွာ ကွဲသွား၏ ။ လက်လည်း ကျွတ်ထွက်လာ၏ ။


သို့သော် အမာခံဟု ထင်ရသော ကျောက်ဖြူသည် အမာ မဟုတ်ဘဲ ညည်းသံ တစ်သံ နှင့် လဲကျသွား၏ ။ သတို့သားလည်း သိလိုဇောနှင့် ပျာပျာသလဲ စုံစမ်းကြည့်ရာ သူ ရိုက်သော အရာသည် ကျောက်ဖြူတုံး မဟုတ်ဘဲ ဆံပင် ဖွေးဖွေးဖြူနေသော သူ့ယောက္ခမကြီး၏ ခေါင်းကို ရိုက်မိလျက်သား ဖြစ်သည်ကို တွေ့ရ၏ ။ သူ့ယောက္ခမကြီးသည် နေ့လယ်က ဧည့်ခံပွဲတွင် အနင့်အဝ စားပြီးလျှင် အဆီယစ် နေသဖြင့် လှေခါးရင်းတွင် မှိန်းနေရာမှ အိပ်မောကျသွားပြီး လျှင် သမက်၏ လက်ချက်ဖြင့် ခေါင်းကို အထုခံရခြင်း ဖြစ်သည် ။


ပေါတာ လည်း သူ့ယောက္ခမကို သူသ,တ်၍ သေပြီ ထင်သောကြောင့် အိမ်ဝင်းတံခါး ကို ဖွင့်ပြီးလျှင် ကြောက်အားလန့်အားနှင့် ခြေဦးတည့်ရာ ပြေးလေ၏ ။ ခပ်လှမ်းလှမ်းသို့ ရောက် သောအခါ ခြံတစ်ခြံကို တွေ့၏ ။ ထိုခြံထောင့် တစ်ထောင့်၌ ပျားလပို့ကြီး တစ်ခုရှိရာ ထိုပျားလပို့ကို မွေ့ရာဟောင်းကြီး တစ်ခု စွန့်ပစ်ထားသည်ဟု ထင်မှတ်ပြီးလျှင် ပေါတာ သည် တက်အိပ်တော့၏ ။ သူ့ကိုယ်လုံး၏ အလေးကြောင့် ပျားလပို့ကြီးသည် ညှစ်သလို ဖြစ်ပြီးလျှင် တစ်ကိုယ် လုံးပျားရည်ဖြင့် ရွဲနေ၏ ။ ညဉ့်နက်လာ၍ အအေး ဝင်လာသောအခါ ပေါတာသည် ခိုက်ခိုက်တုန်အောင် ချမ်းသောကြောင့် အနီးရှိ တင်းကုပ် တစ်ခုတွင်းသို့ ဝင်အိပ်ပြန်၏ ။ ထိုတင်းကုပ်သည်လည်း သိုးမွေးများ သိုလှောင်ရာ တင်းကုပ်ဖြစ်ရာ ပျားရည်များဖြင့် လိမ်းကျံနေသော ပေါတာ၏ တစ်ကိုယ်လုံး သည်လည်း သိုးမွေးများဖြင့် ကပ်ကုန်၏ ။


အရုဏ်ကျင်း၍ လင်းလာသောအခါ ပေါတာသည် အိပ်ရာမှ နိုး၏ ။ သူ့ကိုယ်သူ ကြည့်သောအခါ တစ်ကိုယ်လုံး သိုးမွေးတွေ အလိပ်လိပ်ထနေသည်ကို မြင်၏ ။ “ ငါတော့ ယောက္ခမကို သ,တ်တဲ့ အကုသိုလ်ကြောင့် လူစင်စစ်က သိုးဖြစ်ပြီ ” ဟု ထင်မှတ်၏ ။ ထို့ကြောင့် တင်းကုပ် ထဲမှ လေးဘက်ထောက် တွားထွက်သွားပြီးလျှင် သိုးအုပ်များနှင့် အတူ စားကျက် ရှိရာဆီသို့ လိုက်သွား၏ ။ တစ်နေ့လုံး သိုးများ မြက်စားသကဲ့သို့ သူလည်း စား၏ ။ သိုး အော်သကဲ့သို့ အကျင့် ရအောင် သူလည်း အအော်ကျင့်၏ ။ သိုးတို့၏ အလေ့အကျင့် ၊ ဓလေ့ထုံးစံတို့ကို လိုက်လျော ကျင့်သုံး၏ ။ ညနေစောင်းမှပင် သိုးများနှင့် အတူ သိုးခြံထဲသို့ ဝင်၏ ။ သိုးတောထဲ၌ ရောအိပ်၏ ။


ညသန်းခေါင်ချိန်ကျသောအခါ သိုးသားကို စားချင်သော သိုးခိုးသမား တစ်စုသည်သိုးခြံ တွင်းသို့ ဝင်ရောက်၍ အဝဆုံး သိုးတစ်ကောင်ကို ရှာ၏ ။ ပေါတာကို တွေ့သောအခါ အဝဆုံး အကြီးဆုံး သိုးကြီး ဟု ထင်မှတ်သဖြင့် ကျောပေါ် တင်ခိုးပြီးသော် ထွက်သွားကြ၏ ။ ချောင်းကမ်းပါး တစ်ခု၏ အနီးသို့ ရောက်သောအခါ သိုးကို မြေပေါ်တွင် ချ၍ လည်လှီးသ,တ်ရန် ပြင်ဆင်ကြ၏ ။ ပေါတာလည်း သေမည့်ဘေးကို အလွန် ကြောက်ရွံ့သောကြောင့် သိုးဘဝ ရောက်နေသည်ဟု ထင်မှတ်သော သူ့အထင်ကို မေ့ပျောက်ပြီးလျှင် ...


“ အစ်ကိုကြီးတို့ရေ ၊ ကျွန်တော့်ကို သနားသဖြင့် မသတ်ကြပါနှင့် ” ဟု ကျယ်လောင် စွာ တောင်းပန်၏ ။


လူစကား ပြောသော သိုး၏ အသံကို ကြားသောအခါ သူခိုးတို့လည်း သိုးတွင် မကောင်း ဆိုးဝါးပူး၍ ပြောသည် ထင်မှတ်သဖြင့် ထိတ်ထိတ်လန့်လန့်နှင့် ပြေးမိပြေးရာ ထွက်ပြေးကြ၏ ။ ပေါတာလည်း အသက်ဘေးမှ လွတ်မြောက်သွားသော အခါ စိတ်သက်သာရာ ရသွား၏ ။ နှစ်ဆယ့်လေးနာရီ အတွင်း တွေ့ကြုံခဲ့သော အဖြစ်အပျက်များကြောင့် အလွန်ပင်ပန်း နွမ်းရိ၏ ။ ထို့ကြောင့် ဖြစ်လိုရာ ဖြစ်စေတော့ဟု ဆုံးဖြတ်ပြီးလျှင် သတို့သမီး အိမ်သို့ ပြန်လာ၏ ။ ကံအားလျော်စွာပင် သူသေပြီ ထင်ခဲ့သော ယောက္ခကြီးသည် မသေဘဲ ခေါင်းကွဲသော ဝေဒနာ ကိုသာ ပြင်းထန်စွာ ခံစားနေသည်ကို တွေ့သောအခါ ယောက္ခမကြီးအား မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို ရှင်းပြ၏ ။ ထိုရှင်းပြချက်ကို ယောက္ခမကြီးသည် ကျေနပ်သဖြင့် သမက်အား ကြည်ဖြူစွာ ခွင့်လွှတ်သည် ။


သတို့သမီးနှင့် သတို့သားလည်း ပျော်ရွှင်စွာ ပေါင်းသင်း နေထိုင်ကြ၏ ။ နှစ်အတန် ငယ်ကြာသောအခါ ပေါတာသည် ကုန်ရောင်းကုန်ဝယ်ဖြင့် စီးပွားရှာလိုသောကြောင့် ကုန်ပစ္စည်းများကို ဝယ်ပြီးသော် အိန္ဒိယပြည်သို့ ထွက်ခွာသွား၏ ။ ခရီးလမ်းတွင် တစ်ညနေ၌ အိမ်ကြီးတစ်ဆောင်ကို တွေ့သဖြင့် ဝင် နား၏ ။ အိမ်ရှင်လည်း ဧည့်ဝတ်ကျေစွာပင် ဧည့်ခံသည် ။ လိုလေသေး မရှိအောင်လည်း ပြုစုသည် ။ ညစာ စားသောက်ကြပြီး၍ စကားစမြည် ပြောကြသော အခါ အိမ်ရှင်လည်း မိုးလားကဲလား စကားတို့ကို ပြောတော့၏ ။ ပုံဝတ္ထုအကြောင်းများကို ပြော သောအခါ၌ပင် မယုံကြည်နိုင်လောက်အောင် မဖြစ်ကောင်း မဖြစ်ရာများကို ပြောပြ၏ ။ ပေါတာ လည်း တဲ့တိုးပြောတတ်သူ ဖြစ်သဖြင့် “ ခင်ဗျား ပြောတာတွေ မယုံပါဘူးဗျာ ” ဟု ပြောချ၏ ။ ထိုအခါ အိမ်ရှင်က “ ကျုပ် ပြောတာတွေဟာ အမှန်ချည်းပဲ ဆိုတာကို ကျုပ် သက်သေသာဓက ပြ နိုင်ပါတယ် ၊ ကျုပ် ပြောခဲ့တာတွေထက် ပိုပြီး ထူးဆန်းတာတောင် ကျုပ်က ပြနိုင်သေးတယ် ၊ ခင်ဗျား မယုံရင် လောင်းမလား ၊ ဒီကနေ့ ည မိုးချုပ်ရင် အစေခံက အိမ်ထဲကို မီးအိမ် ယူမလာဘဲ ကြောင်တစ်ကောင်က ယူလာလိမ့်မယ် ။ ကဲ ... သတ္တိရှိရင် လောင်းကြေးစားကြေး ပြုဝံ့ရဲလား ” ဟုမေး၏ ။


ပေါတာ လည်း အိမ်ရှင်၏ ကြွားဝါသောစကားကို ကြားလျှင် မခံချင်စိတ် ပေါက်လာ၍ “ ခင်ဗျား ပြောတဲ့အတိုင်း ကြောင်က မီးအိမ်ကို အိမ်ထဲ ယူမလာဘူး ဆိုတာ ကျုပ် လောင်းရဲပါတယ်ဗျာ ” ဟု ဖြေ၏ ။


အိမ်ရှင်ကလည်း “ ဒါဖြင့် ကောင်းပြီ ၊ ကြောင်က မီးအိမ်ကို အိမ်ထဲ ယူမလာရင် ကျုပ် ပိုင်ဆိုင်သမျှ အိမ်ရော ၊ ပစ္စည်းရော အားလုံးကို ခင်ဗျား ပေးမယ် ၊ တကယ်လို့ ကြောင်က မီးအိမ်ကို အိမ်ထဲ ယူလာရင် ခင်ဗျားမှာပါတဲ့ ဝန်စည်စလယ်တွေ ၊ တိရစ္ဆာန်တွေ ၊ ကုန်ပစ္စည်းတွေ အားလုံးကျုပ်ကို ပေးရလိမ့်မယ် ” ဟု လောင်း၏ ။ နှစ်ဦးသားလည်း လောင်းကြေးကို ကျေနပ်ကြ၏ ။ စင်စစ်အားဖြင့် အိမ်ရှင်သည် ကြောင်တစ်ကောင်ကို မီးအိမ်ကိုက်၍ နေဝင်မိုးချုပ် အချိန် အိမ်ထဲ ဝင်လာအောင် သင်ထား ၊ ကျင့်ထားခြင်းဖြစ်၏ ။ ထိုနည်းဖြင့် သူ့အိမ်သို့ ရောက်ရှိ လာသော ကုန်သည်တိုင်းကို မခံချင်အောင် ဆွ၍ ပါသမျှကုန်ပစ္စည်းများကို သူက အနိုင်ယူ၍ သိမ်းယူပေါင်း များလှပေပြီ ။


ပေါတာတို့ လောင်းကြေး ပြုပြီးသော ည၌လည်း နေဝင်၍ မိုးချုပ်သွားသော အခါ၌ ကြောင်ဖြူကြီး တစ်ကောင်သည် မီးအိမ်ကို ပါးစပ်၌ ကိုက်၍ အိမ်ထဲ ဝင်လာ၏ ။ ပေါတာ လည်း ရှုံးသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို အိမ်ရှင်လက်သို့ အပ်လိုက်ရ၏ ။ သူ့တွင် ဘာမျှ မကျန်တော့သဖြင့် ထိုအိမ်၌ပင်အစေခံ လုပ်နေရရှာ၏ ။


တစ်လနှစ်လမျှ ကြာသောအခါ ပေါတာ၏ ဇနီးသည် ပေါတာ အတွက် စိတ်ပူလာ၏ ။ သူ့လင် အကြောင်း သူ သိသဖြင့် တစ်ခုခုတော့ ဖြစ်နေပြီဟု သူ ထင်၏ ။ ထို့ကြောင့် ပေါတာ၏ ဇနီးသည် သူ့လင် နောက်သို့ လိုက်ရန် စိတ်ကို ဆုံးဖြတ်၏ ။သူ့ကိုယ်သူ ယောက်ျားယောင် ဆောင် ပြီးလျှင် သိုးမွေးများကို မြင်းဝန်တင်အနည်းငယ်မျှပေါ်တွင် တင်ပြီးသော် သူ့လင် သွားရာ လမ်းကြောင်း အတိုင်းလိုက်ခဲ့၏ ။


ရက်ပေါင်းများစွာ ခရီး ထွက်လာပြီးသောအခါ သူ့လင် အစေခံ လုပ်နေသော အိမ်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၏ ။ သူ့ လင်ကိုလည်း အိမ်ရှေ့၌ပင် တွေ့၏ ။ သူ့လင် ထံမှ အကျိုးအကြောင်း အလုံးစုံကိုလည်း ကြားရ၏ ။ ထိုအခါ သူ့လင်အား နှုတ်လုံရန် အတန်တန် တောင်းပန်ပြီးသော် ထိုအိမ်တွင်းသို့ ဝင်၏ ။ အိမ်ရှင်အား ထိုအိမ်၌ တစ်ညတည်းခိုရရန် တောင်းပန်ပြောကြား၏ ။


ညစာ စားပြီးသောအခါ အိမ်ရှင်လည်း ခရီးသွား ကုန်သည်များကို ပရိယာယ်ဆင်၍ ပါသမျှ ပစ္စည်းတို့ကို သိမ်းယူနေကျ အတိုင်း ယုံတမ်းစကားတို့ကို စပြော၏ ။ နောက်ဆုံးတွင် ပေါတာကို အနိုင် ယူခဲ့သည့် ကြောင်နှင့် မီးအိမ် အကြောင်းကို ပြောကာ လောင်းကြေးဆွယ်၏ ။ ပေါတာ၏ ဇနီးလည်း အိမ်ရှင်အား “ ခင်ဗျား ပြောတဲ့ အကြောင်းက တော်တော် ထူးဆန်းတာပဲ ၊ ယုံနိုင်စရာတောင် အကြောင်း မရှိဘူး ၊ ဒါပေမယ့် သူဌေးဖြစ် ခွေးဖြစ် လောင်းရမယ့် ကိစ္စဆိုတော့ အချိန်ယူ စဉ်းစားပြီးမှ လောင်းသင့် မလောင်းသင့် ဆုံးဖြတ်ရင် ကောင်းမယ်လို့ ထင်ပါတယ် ၊ ဒီတော့ ဒီတစ်ညလောက် ကျွန်တော့်ကို စဉ်းစားခွင့် ပေးပါ ၊ မနက်ကျရင် စကား ပြန်ပါ့မယ် ” ဟု ပြော၏ ။


နံနက်ကျလေသောအခါ နံနက်စာ စားနေစဉ် ပေါတာ၏ ဇနီးက အိမ်ရှင်အား “ ကျွန်တော် ညက လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ပြီးပြီ ၊ ခင်ဗျား ကြောင်ဟာ မိုးချုပ်ရင် အိမ်ထဲကို မီးအိမ်ချီပြီး ဝင်မလာနိုင်ပါဘူး ဆိုတာ လောင်းရဲပါတယ်ဗျာ ” ဟု အဖြေပေး၏ ။


အိမ်ရှင်လည်း ကျေနပ်စွာပင် လောင်းကြေး သတ်မှတ်၏ ။ လောင်းကြေးမှာ ပေါတာ နှင့်လောင်းခဲ့သကဲ့သို့ပင် သူ ရှုံးလျှင် အိမ်နှင့် တကွ ရှိသမျှပစ္စည်း ပေးမည် ။ သူ နိုင်လျှင် ခရီးသည် ထံမှ ပါသမျှ ပစ္စည်း အားလုံးကို သိမ်းယူမည် ဖြစ်သည် ။


လောင်းတမ်း ပြုလုပ်ပြီးသောအခါ ပေါတာ၏ ဇနီးသည် ပေါတာကို တိတ်တဆိတ် ခေါ်တွေ့ပြီးလျှင် မည်သို့ ဆောင်ရွက်ရမည်ကို သွန်သင်၏ ။ သွန်သင်သည့် အတိုင်း ပေါတာ သည် ကြွက်သုံးကောင်ကို ဖမ်း၍ သေတ္တာငယ် တစ်လုံးတွင် ထည့်ပြီးသော် သူ့ အင်္ကျီအိတ်ထောင် တစ်ခု၌ ဝှက်ထား၏ ။


ညချမ်းအချိန် ရောက်သောအခါ အိမ်ရှင် နှင့် ပေါတာ၏ဇနီး တို့သည် ညစာစားရင်း အိမ်ထဲသို့ ကြောင်တစ်ကောင် မီးအိမ်ချီ၍ ဝင်လာမည် ၊ ဝင်မလာမည်ကို စောင့်မျှော်နေကြ၏ ။ ပေါတာမူ အိမ်ရှေ့ ဥပစာ တစ်နေရာ၌ ပုန်းနေလျက် ကြောင်အလာကို စောင့်နေ၏ ။ နေဝင်ရီတရော အချိန်ကျသောအခါ ကြောင်သည် မီးအိမ်ကို ကိုက်ချီ၍ အိမ်တံခါးဝသို့ ရှေးရှုလာ၏ ။ လမ်းခုလတ် ရောက်သောအခါ ပေါတာသည် ဖမ်းထားသော ကြွက်များမှ တစ်ကောင်ကို ကြောင်ရှေ့ သို့ ဖြတ်လွှတ်လိုက်၏ ။ ကြွက်သည် အိမ်ရှေ့ဥပစာတွင် ကြောင်ကို လွတ်အောင် လှစ်ပြေး၏ ။ ကြောင်လည်း ကြွက်ကို စားချင်ခုပ်ချင်၏ ။ သူ့ကို သင်ထားသော ဒဏ်တို့က နာနေသဖြင့် သူ့သခင် သင်ထားသည့်အတိုင်း ကြွက်ကို ဂရုမစိုက်နိုင်တော့ဘဲ အိမ် တံခါးဝသို့သာ ရှေးရှုသွား၏ ။


ကြောင်သည် လေးငါးလှမ်းမျှ ရှေ့သို့ ဆက်သွားသောအခါ ပေါတာသည် ဒုတိယအကြိမ် ကြွက်တစ်ကောင်ကို လွှတ်ပြန်သည် ။ ကြွက်လည်း ကြောင်ရှေ့က ဖြတ်ပြေး၏ ။ ဤ အကြိမ်၌ ကြောင်သည် ကြွက်ကို ဖမ်းရကောင်းမည်လောဟု ခေတ္တမျှ ရပ်၍ စဉ်းစားကြည့်နေ၏ ။ စားရအံ့သော အစာသည် ဒုတိယအကြိမ် လွတ်သွားသည်ကို အလွန် နှမြောနေပုံရ၏ ။ သို့ရာတွင် သူ့သခင် သင်ထားသော ကျင့်သားမှာ အလွန် နာနေသဖြင့် စိတ်ကို လွန်စွာချုပ်တီးပြီးလျှင် ရှေ့သို့ မသွားချင် သွားချင်နှင့် ဆက်သွား၏ ။


အိမ်တံခါးဝ အနီးသို့ ရောက်သောအခါ ပေါတာသည် နောက်ဆုံးဖြစ်သော ကြွက်ကို လွှတ်၏ ။ ကြွက်လည်း ကြောက်အားလန့်အားနှင့် ကြောင်ကို တိုး၍ လွတ်မိလွတ်ရာပြေး၏ ။ ကြောင်ကား သည်းညည်း မခံနိုင်တော့ပြီ ။ သင်ထားကျင့်ထားသမျှတို့လည်း နှစ်ကြိမ် တိုင်တိုင် ပါးစပ်နား တေ့ပြီးမှ လွတ်သွားသော အစာတို့၏ အင်အားကို မပယ်လှန်နိုင်တော့ပြီ ။ ကြောင်သည် မီးအိမ်ကို မြေပေါ်သို့ ပါးစပ်မှ ချပြီးသော် ကြွက်နောက်သို့ ခုန်လွှား လိုက်ဖမ်းတော့၏ ။ ကြွက်တွင်းသို့ ဝင်အံ့ဆဲဆဲ အခါမှ ကြွက်ကို မိသဖြင့် ထိုနေရာ၌ပင် အောင်သေအောင်သား စားနေတော့၏ ။


မိုးစုံးစုံး ချုပ်သော်လည်း အိမ်အတွင်းသို့ ကြောင်လည်း မလာ ၊ မီးအိမ်လည်း ပေါ် မလာတော့ပေ ။


အိမ်ရှင်သည် လောင်းကြေး၌ မမျှော်လင့်ဘဲ ရှုံးရ၏ ။ သူ့အိမ်နှင့်တကွ ခရီးသည် အသီးသီးထံမှ ဉာဏ်ဆင် သိမ်းယူထားသမျှသော ပစ္စည်းအားလုံးကို ပေါတာ၏ ဇနီး လက်ကို အပ်ရရှာတော့၏ ။


ပေါတာတို့ ဇနီးမောင်နှံသည် ထိုအခါကျမှပင် ပစ္စည်းပေါင်း မြောက်များစွာနှင့် ကိုယ့်အိမ် ကိုယ့်ရွာသို့ ပြန်ပြီးလျှင် အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြတော့သည် ။ 


( ဘာသာပြန် )


〇 တက္ကသိုလ်မောင်မောင်ကြီး

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၆၈ ၊မေ

Tuesday, December 9, 2025

အိမ်နီးချင်း နှစ်ဦး

 

❝ အိမ်နီးချင်း နှစ်ဦး ❞
          ( ပုံပြင် )

တစ်ခါက ရွာတစ်ရွာတွင် အိမ်ချင်းဘေးချင်းကပ် နေထိုင်သော အိမ်နီးချင်း နှစ်ဦး ရှိသည် ။ တစ်ဦးသည် ချမ်းသာ၏ ။ အခြား တစ်ဦးသည် ဆင်းရဲသည် ။ လူချမ်းသာ၏ နာမည်သည် စီရင် ဖြစ်သည် ။ စီရင် သည် မာနလည်း ကြီးသည် ။ တွန့်တိုသော စိတ်လည်း ရှိသည် ။ လူဆင်းရဲ၏ နာမည်သည် စံပဖြစ်သည် ။ စံပ သည် သနားကြင်နာတတ်သည် ။ သူတတ်နိုင်သမျှ ပေးချင်ကမ်းချင်သော စေတနာလည်း ရှိသည် ။

တစ်နေ့၌ လူဆင်းရဲ အိမ်ရှေ့ တံစက်မြိတ်ထဲတွင် စာကလေး အဖိုအမသည် အသိုက် လာလုပ်၍ နေကြသည် ။ ထိုအသိုက်ထဲတွင် အချိန်တန်သော် စာကလေးများ ဥမှ ပေါက်ကြသည် ။ စာဖို နှင့် စာမ အစာရှာ သွားနေခိုက် တစ်နေ့တွင် စာကလေး တစ်ကောင်သည် ခွေးကတက်ပေါ်သို့ အသိုက်မှ လိမ့်ကျလာသဖြင့် ခြေထောက် ကျိုးသွား၏ ။ သူဆင်းရဲလည်း စာကလေး ခြေကျိုး ပြီးလျှင် လဲနေသည်ကို တွေ့သောအခါ ယုယုယယ ကိုင်တွယ်၍ အိမ်ထဲသို့ ယူသွားပြီးသော် ချည်မျှင်တစ်စဖြင့် ကျိုးနေသော ခြေကို ရစ်ပတ်၍ ပြန်ဆက်ပေး၏ ။ ထို့နောက် တံစက်မြိတ် ထဲရှိ အသိုက်တွင် ပြန်ထား၏ ။

ထိုစာကလေးလည်း တဖြည်းဖြည်း ပျံတတ်လာသောအခါ အသိုက်မှ ပျံသွား၏ ။ တစ်နေ့သော် နှုတ်သီးအပြည့် စပါးနှံများကို ချီခဲ့ကာ ပြန်လာ၏ ။ သူဆင်းရဲ ထိုင်နေရာ ရှေ့မှောက်သို့ လာရောက်ပြီးလျှင် စပါးနှံများကို ချကာ လူစကားဖြင့် “ ကျွန်တော့် အပေါ်ပြုခဲ့တဲ့ ကျေးဇူးကို ဒီစပါးနှံနဲ့ ပြန်ဆပ်ပါတယ် ၊ ခြံထဲမှာ စိုက်ပါ ။ ဘာသီး သီးမယ် ဆိုတာ ကြည့်ပါ ” ဟု ပြောပြောဆိုဆိုနှင့် ပျံထွက်သွား၏ ။

သူဆင်းရဲလည်း စာကလေး၏ စကားကို ကြားလျှင် အလွန် အံ့အားသင့်သွား၏ ။ သူ့ ကိုယ်သူ ပြန်၍ “ ဒီစပါးနှံကလေးကတော့ သိပ်အဖိုးတန်တဲ့ လက်ဆောင်တော့ မဟုတ်ဘူးပေါ့ ၊ ဒါပေမယ့် အလွန်သေးငယ်တဲ့ ငှက်ကလေး တစ်ကောင်က သူ့အပေါ်ပြုထားတဲ့ ကျေးဇူးကို သိတတ်တယ် ဆိုတာ ပြပုံကတော့ သိပ်အဖိုးတန်တာပဲ ၊ သူမှာတဲ့ အတိုင်း ငါ့ ခြံထဲမှာ စိုက်ဦးမှပဲ လေ ” ဟု တစ်ကိုယ်တည်း ပြော၏ ။

ပြောဆိုပြီးလျှင် ထိုင်ရာမှ ထ၍အိမ်ရှေ့သို့ သွားပြီးသော် ခြံဝင်း အတွင်း၌ပင် စိုက်ထားလိုက်၏ ။ မကြာမီပင် ထိုအဖြစ်အပျက်ကို မေ့ပျောက် သွားတော့၏ ။ တစ်လနှစ်လလောက်ကြာသော် စပါးပင်များ ပေါက်လာ၏ ။ သီးချိန်တန်ကျသော အခါ သီးလာကြ၏ ။ သူဆင်းရဲလည်း အသီးများကို သွားကြည့်သောအခါ မယုံနိုင်လောက် အောင်ရှိ၏ ။ တစ်သီး တစ်သီးတွင် စပါးနှံကို မတွေ့ရဘဲ အဖိုးတန် ရတနာ တစ်လုံးတစ်လုံးစီ ကို တွေ့လေသည် ။ သူဆင်းရဲလည်း အတိုင်းမသိ ဝမ်းသာ၏ ။ ထို ရတနာသီးများကို အမှတ်တမဲ့ ခူး၍ခူး၍ သိမ်းထားပြီးလျှင် အားလုံး ကုန်သောအခါ အထုပ်နှင့် ထုပ်ပြီးလျှင် အနီးအနားရှိ မြို့ကလေး တစ်မြို့သို့ သွားရောက် ထုခွဲရောင်းချ၏ ။ ရောင်းရသော ငွေတို့မှာလည်း များစွာ ရရှိသဖြင့် သူဆင်းရဲသည် နေ့ချင်းညချင်း ချမ်းသာသွား၏ ။

အိမ်နီးချင်း လူချမ်းသာသည် သူဆင်းရဲ၏ အခြေအနေ ချက်ချင်း ပြောင်းသွားသည်ကို မြင်သောအခါ စုံစမ်းမေးမြန်းလို၍ စံပ ထံ ကူးလာ၏ ။ ခင်မင်လေဟန် အရက်တစ်ပုလင်းကို လည်း ယူလာပြီးလျှင် နှစ်ယောက်သား သောက်ကြ၏ ။ စံပ အရက်မူးလာသောအခါ စီရင်လည်း စံပ အား မည်သို့ ချမ်းသာလာကြောင်း မေး၏ ။ စံပလည်း အဖြစ်အပျက် အားလုံးကို တစ်လုံး မကျန် ပြန်ပြောပြ၏ ။

စီရင် လည်း အကြောင်းမျိုးစုံကို ကြားရသောအခါ နှုတ်ဆက်၍ အိမ်သို့ ပြန်သွားပြီးလျှင် သူလည်း စံပ လို ချမ်းသာအောင် မည်သို့ ဆောင်ရွက်ရမည်ကို လေးလေးနက်နက် စဉ်းစား၏ ။ သူ့အိမ်၏ တံစက်မြိတ်တွင်လည်း စာသိုက်တစ်သိုက် ရှိ၍ စာကလေးများ ပေါက်နေ သည်ကို သိသောအခါ သူသည် ခေါင်မိုးပေါ် တက်ပြီးလျှင် စာကလေး တစ်ကောင်ကို တုတ်တစ်ချောင်းနှင့် ကော်၍ ခွေးကတက်သို့ ချလိုက်၏ ။ စာကလေးလည်း ခြေကျိုး သွား၏ ။ ထိုစာ ကလေးကို တဖန် ဆင်း၍ ကောက်ယူပြီးသော် ချည်မျှင်တစ်မျှင်နှင့် ကျိုးနေသော ခြေကို ပြန်ဆက်ပေးကာ “ ငါ့ကျေးဇူးကို မမေ့နဲ့နော် ” ဟု ပြောဆိုပြီးလျှင် အသိုက်ထဲ ပြန်ထား၏ ။

စာကလေးလည်း ကျေးဇူးကို မမေ့ပါ ။ ကြီးပြင်းလာ၍ ပျံတတ်သောအခါ အဝေးသို့ ပျံသွားပြီးလျှင် စပါးနှံ တစ်နှံကို ချပြီးသော် လူစကားဖြင့် “ ခင်ဗျား ကျေးဇူးကို ပြန်ဆပ်ချင်လို့ ဒီ စပါးနှံကို လက်ဆောင်ပြုပါတယ် ၊ ခြံထဲမှာ စိုက်ပါ ၊ ဘာသီး သီးသလဲ ကြည့်ပါ ” ဟု ပြောဆိုမှာ ကြားပြီးလျှင် ပျံထွက်သွား၏ ။

လူချမ်းသာလည်း ထိုစကားကို ကြားလျှင် ငါတော့ ရတနာသီးတွေ ရတော့မှာပဲဟု အဝမ်းသာကြီး ဝမ်းသာ၏ ။ သူ့ ခြံထဲရှိ မြေဩဇာ အကောင်းဆုံး နေရာကို ရွေး၍ မြေစာကျွေးပြီး လျှင် မြောင်းကို ကျကျနန လုပ်ကာ ထိုစပါးနှံကို ဂရုတစိုက် စိုက်၏ ။ နေ့စဉ်နေ့တိုင်းလည်း မျက်ခြေမပြတ် ကြည့်ကာ ပြုစုစောင့်ရှောက်၏ ။ ဘယ်တော့များ သီးမလဲဟု အမြဲ စောင့်နေ၏ ။ သီးချိန်တန်၍ အသီးများ ထွက်လာသောအခါ တစ်နေ့ နံနက်ခင်း၌ အသီးခူးရန် ခြံထဲ ဆင်းသွား၏ ။ ထိုအပင်များ အပေါ်တွင် အသီးများ ပျောက်ကွယ်ပြီးလျှင် သစ်ပင်များ ကြား၌ ကြောက်မက်ဖွယ်ကောင်းသော လူကြီး တစ်ယောက်သည် စက္ကူထုပ်ကြီး တစ်ထုပ်ကို ချိုင်းကြား၌ ညှပ်ပြီးလျှင် မတ်တတ်ရပ်နေသည်ကို တွေ့ရ၏ ။ လူချမ်းသာလည်း ထိုလူကြီးအား ကြောက်အားလန့်အားနှင့် ကြည့်ပြီးသော် ခင်ဗျား ဘယ်သူလဲ ဟု မေး၏ ။

ထိုလူကြီးက “ ငါဟာ မင်းကို ဟိုတစ်ဘဝတုန်းက အကြွေးပေးခဲ့တဲ့ အကြွေးရှင်ပေါ့ ၊ ငါ မင်းကို ပေးခဲ့တဲ့ အကြွေးတွေဟာ မင်း လည်ပင်း ခိုက်နေတာပဲ ၊ ခု ငါ့အကြွေး ငါပြန်လိုချင်လို့ စာချုပ်စာတမ်းတွေ အစုံအလင် ယူခဲ့ပြီး မင်းဆီမှာ လာတောင်းတာပဲ ” ဟု ဆို၏ ။ပြောပြောဆိုဆို နှင့်ပင် စီရင် ၏ အိမ်ရော ၊ ကျွဲနွားတွေရော ၊ လယ်တွေခြံတွေရော ၊ သိမ်းယူသောကြောင့် စီရင် သည် မွဲပြာကျ သွားတော့၏ ။

လအနည်းငယ် ကြာသောအခါ အိမ်နီးချင်း စံပ သည် ခရီးသွားစရာ ကိစ္စ တစ်ခုနှင့် ကြုံသောကြောင့် စီရင် ထံ သွားပြီးသော် ရွှေမှုန့် တစ်အိတ်ကို အပ်ထားခဲ့၏ ။ သူ ပြန်မလာမချင်း ကောင်းမွန်စွာ စောင့်ရှောက်ထားရန်လည်း မှာခဲ့၏ ။

စံပ ခရီးထွက်ပြီး၍ မကြာမီပင် စီရင် လည်း သုံးစရာစွဲစရာ မရှိ၍ ရွှေမှုန့်များကို ထုတ် သုံးရာ တစ်အိတ်လုံးကုန်သွားသဖြင့် ကြံရာမရ ဖြစ်ပြီးသော် အိတ်ထဲတွင် သဲမှုန့်များကို အစားထိုး ထည့်ထား၏ ။

စံပ လည်း ခရီးထွက်ရာမှ ပြန်လာသောအခါ စီရင် ထံမှ သူ့ ရွှေမှုန့်အိတ် ကို တောင်း၏ ။ စီရင် လည်း ဘာမျှ မပြောဘဲ သဲမှုန့်အိတ်ကို ပြန်ပေးလိုက်၏ ။

စံပလည်း အိမ်ရောက်၍ အိတ်ကို ဖွင့်ကြည့်သောအခါ သဲများကို တွေ့သဖြင့် စီရင် ထံ ပြန်လာပြီးသော် “ ဘာလုပ်တာလဲဗျ ၊ ကျွန်တော် ခင်ဗျားကို ယုံလို့ အပ်နှံခဲ့တုန်းက ရွှေမှုန့်အိတ်ပါ ၊ ကျွန်တော့်ကို သဲအိတ် ဘာပြုလို့ ပြန်ပေးရသလဲ ” ဟုမေး၏ ။

မရိုးသားသော စီရင် လည်း တအံ့တသြနှင့် မသိလေဟန်ဆောင်၍ သူငယ်ချင်းရယ် ၊ ဒါက ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ဒါက ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ်ပြော၏ ။ စံပ လည်း ဘာမျှ ဆက်မပြောတော့ပေ ။ သဲအိတ်ကိုသာ ယူခဲ့၍ သူ့အိမ်သို့ပြန်ခဲ့၏ ။

မေ့မေ့ပျောက်ပျောက် ရှိသွားသောအခါ စံပ သည် ကလေးသူငယ်များ အတွက် အခလွတ် ပညာသင်ကျောင်းတစ်ကျောင်း ဖွင့်ကာ ရပ်ရွာရှိ ကလေးများကို ကျကျနန စာသင်ပေး၏ ။ စီရင်လည်း သူ့ သားငယ် ကိုလည်း အဖိုးအခ မပေးရဘဲ စာတတ်စေချင်သောကြောင့် စံပ ကျောင်းတွင် လာရောက် အပ်နှံထား၏ ။

တစ်နေ့သော် စီရင် သည် ခရီးထွက်စရာ ရှိသဖြင့် သူ ပြန်မလာမချင်း သူ့သားကို စောင့်ရှောက်ထားပါရန် စံပအား အပ်နှံထားပြီးလျှင် ခရီးထွက်၏ ။

မိမိ အလှည့် တစ်ချက်ကို စောင့်နေသော စံပ လည်း မျောက်လိမ္မာကလေး တစ်ကောင် ကို ရှာပြီးသော် အောက်ပါအတိုင်း စကား ပြောတတ်အောင် သင်ပေး၏ ။

“ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ် ပြောတတ်အောင် သင်ထား၏ ။ စီရင် သည် ခရီးထွက်ရာမှ ပြန်လာသောအခါ ကျောင်းသို့ သွား၍ သူ့သားငယ်ကို ဘယ်လို နေသလဲဟု လျှောက်ကြည့်၏ ။

ကျောင်းတွင် သူ့သား ကိုကား မတွေ့ ၊ မျောက်ကလေး တစ်ကောင် ကိုသာ တွေ့သဖြင့် စာသင်နေသော စံပ အား “ ကျုပ်သား ဘယ်မှာလဲ ၊ သူ ဘယ်လို နေသလဲ ” ဟု မေး၏ ။ စံပ ကား ဘာမျှ မပြော ။ မျောက်ကလေး ကိုသာ ဆွဲသွားပြီးလျှင် စီရင် ထံ အပ်၏ ။ စီရင် လည်း ဒေါသကြီးစွာနှင့် “ ဒါ ဘာဖြစ်တာလဲ ၊ ဒါ ကျုပ်သား မဟုတ်ပါဘူး ၊ ခင်ဗျား ဆီမှာ အပ်ထားခဲ့တဲ့ ကျုပ်သား ဘယ်မှာလဲ ” ဟု မေး၏ ။

ထိုအခါ မျောက်ကလေးက “ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တတွတ်တွတ် ပြော၏ ။

စီရင် လည်း ဒေါသကို မထိန်းနိုင်ဘဲ စံပ အား အမျိုးမျိုး ကြိမ်းဝါး၏ ။ စံပ လည်း မတုန် မလှုပ်နေ၏ ။ မျောက်ကလေး ကသာ “ ဖေဖေရယ် ၊ ကျွန်တော်တော့ ဒီလိုပဲ ပြောင်းသွားတာပဲ ” ဟု တစာစာပြောနေ၏ ။

နောက်ဆုံးတွင်မှ စံပ ၏ လှည့်စားချက်ကို သတိရကာ သူ သုံးထားသော ရွှေမှုန့်ကို ပြန်ဆပ်ပါမည် ။ သူ့သား ကိုလည်း သူ့ ပြန်အပ်ပါဟု တောင်းပန်မှ ကျေအေးသွားကြ၏ ။

( ဘာသာပြန် )

〇 တက္ကသိုလ်မောင်မောင်ကြီး
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၃ ၊ အောက်တိုဘာ