Sunday, February 25, 2024

ပြုတ်မနူး ( ၅ )


 

အခန်း - ၅

◾ဆရာညွှန့် နဲ့ တွေ့ဆုံခြင်း

“ ခင်ဗျား ဟာ ကန်ရာသီဖွား ဆိုတော့ .. ”

“ ဟာ မဟုတ်ဘူးလေ .. ဆရာညွန့် ရဲ့ အိမ် ပေါ် မှာ ပဲ မွေးတာ ဘယ့်နှယ့် ကန် ထဲ မှာ မွေးရမှာ တုံး ... အမေ ရော ၊ ကျုပ် ရော အအေးပတ် ကုန် မှာပေါ့ ... ”

ဆရာညွှန့် က မျက်လုံးကြီး ပြူးပြီး ...

“ ဘာတွေပြောနေတာလဲ ဦးကု,လား ရဲ့ ... ခင်ဗျား ရဲ့ ဇာတာ ကို ပြောနေတာ ”

ဦးကု,လား က ခေါင်း ကုတ်ပြီး ၊ စပ်ဖြဲဖြဲ အမူအရာ နဲ့ ..

“ ဟိုလေ ... ကျွန်တော် ကြားဖူးတာ ပြောတာနော် ... ရာဇဖွား ၊ ဖင်ကဖွား အဲလေ ဘင်္ဂဖွား ဆိုတာလေ ... အဲဒါတွေ မဟုတ်ဘူးလား ”

ဆရာညွန့် က စိတ်ပျက်သော အမူအရာကြီး ဖြင့် ရေနွေးကြမ်းအိုး ထဲ မှ လက်ဖက်ခြောက်ဖတ်တွေ နှိုက် စားရင်း

“ ဒီလို ရှိတယ် ဦးကု,လား ရေ ... ခေတ်တွေ ပြောင်းကုန်ပြီ ဗျ ... ကျုပ် တလောက မြို့ ကို ခဏ သွားတော့ ကျုပ် လို ပဲ တော်တော်လေး နှံ့နှံ့စပ်စပ် ဗေဒင် ၊ လက္ခဏာ တော် တဲ့ ဆရာ တစ်ဦး နဲ့ တွေ့ခဲ့ ဆွေးနွေးခဲ့ပြီး ဒီ ပညာ ကို ရလာခဲ့တာဗျ ”

ဦးကု,လားက စိတ်ပျက်သော ပုံစံနှင့် ဆရာညွန့် ကို ကြည့်လိုက်ပြီး ...

“ ဆရာညွန့် ခင်ဗျား ပြောတာတွေ ကျုပ် နားမလည်ဘူး ... ကျွန်တော် နားလည်တဲ့ မြန်မာ့နည်း မြန်မာ့ဟန် နဲ့ ပဲဟောပါဗျာ ... ကျွန်တော် တောင်းပန်ပါတယ် ဗျာ ”

ဆရာညွန့် က ဗလာစာအုပ် တစ်အုပ် ကို လှမ်း ယူပြီး ဘောပင် တစ်ခု နဲ့ ဟိုခြစ် ဒီခြစ် လုပ်ပြီး ခေါင်း တညိတ်ညိတ် နဲ့ စဉ်းစား တွေးတော နေဟန် ပြုပြီး မှ ..

“ ခင်ဗျား ဇာတာဂြိုဟ် အရ ဆိုရင် တိုင်အောက် ... အဲလေ တိုင်ထိပ် ရောက် နေပြီ ... စနေဂြိုဟ် နဲ့ ပါပဂြိုဟ် နှစ်ခု ပူး လိုက်ရင် ”

“ ဘာ ဘာဖြစ်သွားနိုင်လဲ .. ဆရာ ”

“ ဂက် ( စ် ) ဂက် ( စ် ) မီးခြစ် .. ”

“ ဟာဗျာ .. အကောင်း မှတ်လို့ ”

ဆရာညွန့် က လက်ဝါး ကာ လိုက်ပြီး ..

“ နေဦးလေ ၊ စကား ကို ဆုံးအောင် နားထောင်ပါဦး ... ဦးကု,လား ရဲ့ ကျွန်တော် ပြောတာက ဂက် ( စ် ) မီးခြစ် က ထွက်လာမယ့် မီးတောက် လို အရှိန် ပြင်းတဲ့ စီးပွားရေး တစ်ခု ဖြစ်လာနိုင်တယ် .. ဒီတော့ ခင်ဗျား စီးပွားရေး တစ်ခု လောက် လုပ် ကြည့်ပါလား ”

ဒီမှာတင် ဦးကု,လား က ကပျာကယာ လက်ကာ ပြပြီး ..

“ ဟာ မလိုပါဘူးဗျာ ကျုပ် မှာ အသင့်အတင့် တော့ စားနိုင် သောက်နိုင် ပါတယ် ”

ဦးကု,လား ၏ စကား အဆုံး မှာ ဆရာညွန့် က ကျောညောင်း ဆန့် လိုက်ပြီး ...

“ ခင်ဗျား စားနိုင်သောက်နိုင် တာ ကို ပြောတာ မဟုတ်ဘူး ... ခင်ဗျား သမီး နှစ်ယောက် ရဲ့ ရှေ့ရေး ကို မကြည့်တော့ဘူးလား ... အကယ်၍ ခင်ဗျားများ ကွယ်လွန် သွားခဲ့ရင် ”

“ ဟာ သေတယ် ဆိုတဲ့ စကားလုံး ကို မသုံးပါနဲ့ ဗျာ သေရ မှာ ကြောက်လို့ အသုဘ တောင်လိုက် ပို့တာ မဟုတ်ဘူး ”

ဒီမှာတင် ဆရာညွန့် က တဟားဟား ရယ်ရင်း ...

“ ဦးကု,လား ဒါတွေဟာ မလွဲမသွေ သွားရမယ့် လမ်းတွေ နော် ထွက်ပြေး လို့ လည်း မရပါဘူး ... ဒီတော့ ခင်ဗျား ဘာ လုပ်ရမယ် ဆိုတာ စဉ်းစားပါ ... ဆုံးဖြတ်ပါ ၊ လေ့လာပါ ... ဝေဖန်ပါ ... လေကန်ပါ ”

ဦးကု,လား က ရေနွေးခွက် လှမ်း ကိုင်မယ်လုပ်ပြီး မှ

“ ဗျာ လေကန်ရမယ် ဟုတ်လား ”

“ ဟုတ်တယ် လေကန်ရမယ် ... လေ ဆိုတာ ဗုဒ္ဓဟူးနံ .. ခင်ဗျား က တနင်္လာ နဲ့ စ တာ ဆိုတော့ တနင်္လာ ရဲ့ အညွန့် က ”

“ ကျွန်တော့် မိန်းမ က မညွန့် မဟုတ်ဘူး လေ ... တင့်တင့် ”

ဆရာညွန့် က စိတ် မရှည်သော အမူအရာ ဖြင့် ...

“ ဘာတွေ ပြောပြန်ပြီလဲ ... ခင်ဗျား ရဲ့ မွေးနံ ၊ မွေးညွန့် ကို ပြောတာ ... ဒီတော့ လ အက္ခရာ ပါ တဲ့ အလုပ် ... အဲဒီ အလုပ် ကို လုပ်ရင် ဟောဒီ တစ်ရွာလုံး မှာ ခင်ဗျား ဟာ အချမ်းသာဆုံး ကမ္ဘာ့ မီးလျှံမီးတောက် အဲလေ မီလျှံနာ .. ဒေဝါလီခံ သူဌေး ဖြစ်ပြီဗျ ”

ဦးကု,လား က တက်ကြွစွာ ပြုံးပြီး ဆရာညွန့် ရှေ့ မျက်နှာကြီး ထိုး ပေးပြီး ....

“ ကျွန်တော် ဘာ လုပ်ရမလဲ ဆရာ ”

“ ဗုဒ္ဓဟူးနံ နဲ့ စတဲ့ လ အက္ခရာ အလုပ် ဗျာ .. ”

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment