Saturday, February 3, 2024

အားလုံး ကောင်းပါသည် ခင်ဗျား


 ❝ အားလုံး ကောင်းပါသည် ခင်ဗျား ❞



မောင်သစ် အဖို့ ခလုတ်တိုက် လဲ ရာ ရွှေစငွေစတွေ တိုက်မိ သလို ပင် ဖြစ်တော့သည် ။ သူ ရန်ကုန်ထောင် ထဲ ရောက်သည် မှာ တစ်နှစ် နှင့် သုံးလ ကျော်ခဲ့ပြီ ။ ခေါင်းတုံး ဘဝ မှ ဦးထုပ်ဆောင်း ၈ မှတ် ဘဝ သို့ ပင် အတန်း တက် ခဲ့ပြီ ။ ယခု ဆို လျှင် အခြား ထောင်ကျ တွေ လို အလုပ် ကြမ်းကြမ်း မလုပ်ရသော နေရာ သို့ ရောက်နေ၏ ။ တက်ဘုန်းကြီး သိန်းဖေ နှင့် အချို့သော အေကလပ် ပုဒ်မ ၅ အချုပ်သမားများ အတွက် ဝတ်ကြီးဝတ်ငယ် ပြုစုကြ သော ထောင် အကျဉ်းသမား လေးငါးယောက် လောက် ၏ ခေါင်းဆောင် ဖြစ်နေ၏ ။ သို့ကလို တိုးမြင့် နေသော အခြေအနေ နှင့် လျော်ညီစွာ ပိတ်နံငယ် အပြင် တစ်ခါတစ်ရံ ဘောင်းဘီဖြူ ကလေး ကို ပင် ဝတ် နိုင်လေပြီ ။


ထိုနေ့ က မောင်သစ် ကြောင့် တိုက်ပန်းကန် တစ်ချပ် ကွဲ လေသည် ။ မောင်သစ် တို့ လို ထောင်ကျ ထဲ က ပင် ရာထူး တက် လာခဲ့သော ထောင်ပြာတာ မောင်မြ က ထောင်မှူးကြီး အား သွား တိုင် လျက် အမှုကြောင်း ဖွင့် လေသည် ။


“ လုံးတီးဆန် စား နေကြရတဲ့ ဒီ့ပြင် လူတွေ က ဆရာကြီးတို့ ဆီ မှာ ကျွန်တော်တို့ ဆန်ဖြူ စား နေရတာ မနာလိုကြဘူး ဆရာကြီး ရဲ့ ” ဟု မောင်သစ် က တက်ဘုန်းကြီးသိန်းဖေ အား ရှင်းပြ လိုက်သေးသည် ။


မောင်သစ် ‘ ဘူးဝ ’ သို့ ရောက် ၍ ထောင်မှူးကြီး ရှေ့ တွင် အားငယ်စွာ နှင့် ရပ် နေရ လေ၏ ။ တိုက်ပိတ် ခံရတော့မည် ၊ ထောင် ထဲ ထောင် ကျရဦးမည် ဟူသော စိုးရိမ်မှုသည် သူ့ ရင် တွင်း တွင် တုန်လှုပ်လျက် နေလေသည် ။ ထောင်မှူးကြီး ကား စာ တစ်စောင် ကို သဲသဲမဲမဲ ဖတ် နေ သဖြင့် သူ့ အား မကြည့်အားသေး ၊ မစစ်ဆေး အားသေး ။ သူ သည် မလှမ်းမကမ်း တွင် ‘ ဆွဲချ ’ ဂိုက် ဖမ်း၍ ရပ် နေသော ထောင်ပြာတာ မောင်မြ ကို “ တစ်နေ့ သိကြရောပေါ့ကွာ ” ဟူ သော မျက်စောင်း ဖြင့် ထိုး လိုက်လေသည် ။ ထိုခဏ၌ ပင် လျှင် မောင်သစ် အဖို့ ခလုတ်တိုက် လဲ ရာ ရွှေစ ငွေစတွေ တိုက်မိတာ တွေ့ ရ သလို ဖြစ်သွားပေ၏ ။


ထောင်မှူးကြီး က ထောင်မှူးကလေး တစ်ယောက် အား လှမ်းတည့် ပြီး ထောင်ကျ နှစ်ကြီးသမားများ ထဲ မှ ၅ လ ကျန် တွေ လွှတ် ပစ်ရန် အမိန့် လာကြောင်း ပြော လိုက်လေ သည် ။


ထောင်မှူးကလေး က “ လွှတ်မှ ၊ လွှတ်မှ ။ ပုဒ်မ ၅ တွေ များ နေတော့ ထောင်ကျတွေ ထားစရာ နေရာ မလောက်အောင် ဖြစ်နေပြီ ” ဟု ပင် ပြော လိုက်သေး၏ ။ 


ဆီးရွက်ကလေး လို ငယ် ၍ ညှိုး နေသော မောင်သစ် ၏ မျက်နှာ မှာ ကြာရွက် လို ကြီး ပြီး လန်း လာသည် ဟု မှတ်ထင် ရ၏ ။ သူ သည် ထောင်ဒဏ် ၃ နှစ် အပြစ်ပေး ခံခဲ့ရ၏ ။ မကြာသေးမီ က တိုက်ထောင်မှူး ထံ တွင် ဘုတ်တိုက် ကြည့် ရာ ၁၂ မှတ် လျှော့ရက် ၊ ထောင်ပိုင် ကြီးလျှော့ရက် ၊ မင်းကြီး ၏ လျှော့ရက် ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လျှော့ရက် ၇ ရက် ၊ သပ္ပနံ စုပေါင်း နုတ်လိုက်သော် နောက်ထပ် ခံစရာ ၅ လ ပဲ ကျန်တော့သည် မဟုတ်ပါ လော ။


လွတ်တော့မည် ။ သူ လွတ်တော့မည် ။ မကောင်းကြံသော ပြာတာမောင်မြ အား နောက် တစ်ကြိမ် ကြည့် လိုက်သော အခါ၌ ကား မျက်စောင်း မထိုးအားတော့ပေ ။ မျက်နှာချို သာ သွေးမိတော့၏ ။ သည် အထဲ ထောင်မှူးကြီး က လည်း အမှု မစစ်ဘဲ “ နောက်မှ လာခဲ့ ” ဟု ဆို ကာ ထ သွား ပြန်လေသည် ။


“ ငသစ် တစ်ယောက် တော့ တိုက်ပိတ် ပဲ ခံရလေမလား ။ ခါးရိုး ပေါ်  နံပါတ်တုတ် နဲ့ ပဲ အရိုက်ခံရလေမလား ” ဟု စိုးရိမ်မကင်းစွာ စောင့်မျှော် နေကြသော တက်ဘုန်းကြီးသိန်းဖေ နှင့် မောင်သစ် ၏ အဖော်များ မှာ ထင်ရှားသော အပြုံး ဖြင့် အသော့ကလေး ပြန် လာသည့် မောင်သစ် ကို မြင်သောအခါ အံ့သြခြင်း ပင် ဖြစ်မိကြ လေသည် ။ သံတိုင်စည်းရိုး သည်ဘက် မရောက်ခင် က ပင် “ ဆရာကြီး ရေ …. ကျွန်တော် တော့ လွတ်တော့မယ် ” ဟု လှမ်း ပြောလိုက်သည် ။ “ ဟေ့ ဝါဒါ ၊ တံခါး မြန်မြန် ဖွင့်လှည့်စမ်းပါကွ ” ဟု လည်း ကျယ်ကျယ် အော်ချေ သေးသည် ။


မောင်သစ် သည် တစ်နေ့လုံး လေကလေး တချွန်ချွန် နှင့် ဖြစ် နေလေ၏ ။ သူ သွားပုံလာပုံ မှာ လည်း ညနေစောင်း ဖိုးသာအိ မောင်း လာသော နွားသိုးကလေး နှင့် တူလှ၏ ။ လမ်းသလား လိုက်သည် မှာ လည်း တစ်ထောင်လုံး နှံ့ တော့၏ ။ သူ နှင့် တစ်ရွာတည်း နေ ၍ တစ်မှု တည်း ထောင်ကျ ခဲ့ပြီး တစ်ပြိုင်နက်တည်း ထွက်ရတော့မည့် ဆေးရုံ တွင် နေသော သခင်စိုးကြီး ၏တပည့် တိုက်မောင် ထံ သို့ ဦးဆုံး ရောက်သွား၏ ။ တိုက်မောင် နှင့် သာမက ဆေးရုံရှိ သူ့ သူငယ်ချင်း အားလုံး နှင့် တပြုံးပြုံး စကားစမြည် ပြောသေး၏ ။ ပြောစရာ ကောင်း ပေသပေါ့ ။ လွတ်လပ်တော့မယ့် ဟာကိုး ။


သို့သော် ညနေစောင်း ဗုဒ္ဓသရဏံပင်တွေ ကြား ပက်လက်ကု,လားထိုင် တစ်လုံး နှင့် စာဖတ် နေသော တက်ဘုန်းကြီးသိန်းဖေ ရှေ့ အုတ်ခုံ ပေါ် လာ ထိုင်သော အခါတွင် ကား သူ့ မျက်နှာ မှာ ခပ်အိုအို ဖြစ်နေ၏ ။


“ ဆရာကြီးတို့ ပုဒ်မ ၅ တွေ က ကျွန်တော်တို့ လောက် တောင် မနိပ်ပါဘူး ဆရာကြီး ရယ် ။ ကျွန်တော်တို့ က တော့ ဘယ်တော့ လွတ်မယ် ဆိုတာ သိတယ် ။ ဆရာကြီးတို့ က တော့ မသိရဘူး ” ဟု သူ က ပြောပြီး လက်ဖက်ရည်ကြမ်း ငှဲ့ ပေး လိုက်သည် ။ မှန်ပေသည် ။ မောင်သစ် ပြော တာ မှန်ပေသည် ။ ရာဇဝတ်မှု ထောင်ကျသမား တို့ မှာ ဆယ်နှစ် ပင် ကျစေဦး ၊ ဘယ်တော့ လွတ်မည် ဟု သိကြသည် ။ ပုဒ်မ ၅ နှင့် အချုပ် ခံရသူများ အဖို့ ကား အကန့်အသတ် မရှိ ။ မျှော်တော် ဇော နှင့် မောရသည် သာ ။ အကန့်အသတ် မရှိ ။ မောင်သစ် တို့ လို ထောင်ကျများ က ပုဒ်မ ၅ အချုပ်များ ကို ဘယ်တော့ လွတ်မလဲ ဟု မေးလေ့ ရှိသည် ။ တချို့က ကနေ့ လား ၊ နက်ဖြန် လား ၊ မကြာခင် ဟု လည်းကောင်း ၊ တချို့ က မပြောတတ် ဟု လည်းကောင်း ၊ တချို့က တော့ သောင်းကျန်းသူ လာ ဖွင့်မှ ဟု လည်းကောင်း ပြောကြသည် ။ တက်ဘုန်းကြီး က တော့ “ ရေသနုပ် တဘက် တစ်ထည် စုတ်ချိန် မှာ လွတ်ကောင်း ပါရဲ့ကွာ ” ဟု ဖြေ ဖူးသည် ။ တစ်ထည် မက နှစ်ထည် ပင် စုတ်ခဲ့ပြီ ။


“ ဟေ့ ငသစ် ၊ မနက်ဖြန် ရေသနုပ် အသစ် သွားလဲဦးကွာ ... ” ဟု ကြိုးတန်း ပေါ် က ရေသနုပ် တဘက် ကို ညွှန်ပြရင်း ပြော လိုက်သည် ။


သရက်ပင် ထိပ်ဖျား တွင် ရပ်နား နေသော နေရောင်ခြည်များ သည် တရွေ့ရွေ့ ပျံသန်း ထွက်ခွာ နေကြပြီ ။ ဝင် နေသော နေမင်း ၏ မျက်နှာ ကို ကား ထောင်သား တို့ မမြင်နိုင် ။ ကောင်းကင်ပြင် သည် ကျယ်ပြန့်လှပေ၏ ။ အရောင် မျိုးစုံလှ၏ ။ တိမ်ညွန့် တိမ်လွှာများလည်း မရပ်မနား ရွေ့လျား နေကြ၏ ။ ထောင်နံရံကြီး ကား ကျဉ်းမြောင်း ကျပ်တည်းမှု ၏ အထိမ်းအမှတ် ဖြစ်နေ၏ ။ မွဲခြောက်သည့် အရောင် ကို ဆောင်၏ ။ ထိုထက် ရွေ့လျားမှု မရှိ ။ ရပ်နား ခိုင်မြဲသည့် သတ္တိ ကား ထင်ပေါ်လှ ပေ၏ ။


   •••••   •••••   •••••



ထိုနေ့ တွင် မောင်သစ် တော်တော် နှင့် အိပ်မပျော် ။ “ ထောင် က ထွက်ရင် ” ဟူသော ပြဿနာများ ဖြင့် ဦးနှောက် ချောက်ချား အလုပ်များ လျက် ရှိ၏ ။ ထောင် က ထွက် လျှင် တရားသဖြင့် အသက်မွေးဝမ်းကျောင်း တော့ မည်ဟု သူ အခိုင် အမာ ဆုံးဖြတ်ပြီး ဖြစ်၏ ။ နဂို က မှ တိုက်ချင်လှတာ မဟုတ်ဘဲ ၊ လယ်လုပ်ငန်း က ပါးချိန် အသုံးကျပ် သော် လည်း ကြွေးယူ မရသည့် အခါ အဖော်အလှော်များ ၏ ဧည့်ဝတ်ကျေမှု ကြောင့် အရက်ကလေး တမြမြ နှင့် ဖြစ် နေတုန်း ဓားပြ နောက်လိုက် ဖြစ်ခဲ့ရတာ သာ မဟုတ်ပါလား ။ 


“ ဓားပြ တိုက် ဖို့ တော့ ဝေရာမဏိ ပါ ပဲ ။ ငါ မတိုက်ဘူး ၊ ဘယ်နည်း နဲ့ မှ မတိုက်တော့ဘူး ။ ဆရာကြီး က လည်း အကြိမ်ကြိမ် ငါ့ ကို ဆုံးမ ထားတယ် မဟုတ်လား ။ အင်း ... ဆရာကြီး ပြောတာ တစ်ခု က ဟုတ် ဟုတ်သေးတော့ ။ ဓားပြ ဆိုတာ လူများ တကာ ရိုးသားစွာ လုပ်ထားတဲ့ ချွေးနှဲစာ ကို အချောင် ခေါင်းပုံဝင် ဖြတ်တဲ့ လူ ဖြစ်လို့ အလုပ် မလုပ်ဘဲ ခေါင်းပုံ ဖြတ် စားတဲ့ မြေပိုင်ရှင် လို ပဲ လူထု ရန်သူ ဖြစ်တယ် တဲ့ ။ မြေပိုင်ရှင် စနစ် ကို လူထု က ဝိုင်း တိုက်ဖျက်ရ သလို ဓားပြ ကို လည်း ဝိုင်းပြီး နှိမ်ရမယ် တဲ့ ”


မောင်သစ် သည် ဓားပြ ဖြစ်ခဲ့မိသည် ကို ကြေကွဲစွာ နှင့် သတိ သံဝေဂ ရ နေလေသည် ။ ထူးဆန်း လိုက်သည် မှာ ထောင်ကျစ က လည်းကောင်း ၊ ထောင် ထဲ တွင် လရက်တောင်တာ အတော် ကြာ မှ သော် လည်းကောင်း သံဝေဂ ရပေမင့် ဤမျှ ဤသို့ ကြေကွဲမှုမျိုး မဖြစ်ခဲ့ ။ ခု ထောင် က ထွက်ရတော့မည် ဆိုခါမှ သူ့အသည်းနှလုံး တို့ သည် ဆီ ထဲ ကျသည့် ဂွမ်းတောင့် လို တစိမ့်စိမ့် တအိအိ နှင့် ခွေကျ သွားသည် ဟု မှတ်ထင်ရ လေသည် ။ သတိ သံဝေဂ သည် ကြေကွဲခြင်း ဖြင့် ယှဉ်သော် လည်း ပီတိ ဖြင့် အထွတ်အထိပ် ရောက်သည့် သဘော ကို မောင်သစ် မှာ နက်နက်နဲနဲ မသုံးသပ် နိုင်သော်လည်း ခံစား၍ တော့ နေလေပြီ ။


“ ဒါဖြင့် ငါ ဘာလုပ်မလဲ ” လက်ယာနံတောင်း စောင်း လိုက် ရင်း မောင်သစ် စဉ်းစား ပြန်သည် ။


“ လယ်သမား လယ် အလုပ် လုပ်ရမှာပေါ့ ။ ငါ ဟာ ထွန်ရေး စေ့စပ်တယ် လို့ လူတိုင်း က ချီးကျူးရတယ် မဟုတ်လား ။ မျိုးကြဲ ရာ မှာ လည်း သူများ ထက် တွင်တယ် ။ ဘာ လိုသေးတုံး ၊ လုပ်မယ် ။ နွား အတွက် တော့ ဘာ ခက်တာ လိုက်လို့ ။ ကိုကြီးသာဘော် ဆီ က ငှားမယ် ။ ညိုကြီး နှင့် ထိပ်ကြား တို့ ကို ရ ရင်တော့ သိပ် ကောင်းမှာပဲ ။ ဟေ ... မြေတောင် အပိုင် ရချင် ရ နေဦးမှာပဲ ။ တစ်နေ့ က ဆရာကြီး တို့ ပြောသံ ကြားရတာ က တော့ အစိုးရ က လည်း မြေဝေရေး ဥပဒေ လုပ် ပြီးပြီ ဆိုပါလား ။ အင်း ... မြေ ဝေဖို့ က တော့ တော်တော် သေချာ နေတာပဲ ထင်ပါရဲ့ ။ ကွန်မြူနစ် အုပ်ချုပ် နေ ရင် လည်း မြေ ဝေ မှာ ပဲ လို့ ပြောသံ ကြား ရတယ် ။ အာလကပ္ပ မြေ ထဲ က ရ မလား ၊ သခင်တင် ရဲ့ မြေ ထဲ က ရမလား ၊ ဘဏ် မြေ ထဲ က ပဲ ရမလား ”


မောင်သစ် သည် မျက်စိ နာနာ မှိတ်ပြီး အိပ် စမ်း ပြန်သည် ။ မျက်စိ နာနာ မှိတ် လေ အိမ်သူရှင်မ မကောင်းဆင့် မျက်နှာကလေး က ပေါ်လာ လေလေ ဖြစ်ပြန်သည် ။ 


“ အင်း ... သူ လည်း ရွာ ကို ပြန်ပြီး ရောက်နေပြီ တဲ့ ။ ဟန်တာပဲ ၊ တော်တော် ကို ဟန် ကျတာပဲ ။ ထောင် ထွက် မို့ ဘာမှ အထုပ်အပိုး နဲ့ ပါ မသွားဘူး ဆိုတောင် ငါ့ မှာတော့ ဆရာ ကောင်း သမားကောင်းတွေ မှီဝဲ ရလို့ ပိုးလုံချည် တစ်ထည် တောင် ရသေးတယ် မဟုတ်လား ။ ချည်လုံချည် ငါးထည် ရ ထားပြီး စစ်ဗိုလ်တွေ ပေးသွားတဲ့ ငွေ က လည်း ၂ဝ ကျပ် ဆိုတော့ အိမ်ပြန် မျက်နှာ မငယ်ရပါဘူး ။ ဆရာကြီး ဆီ က တော့ ဘာမှ မတောင်းတော့ပါဘူးလေ ။ သူ့ မှာ လည်း ချို့ချို့တဲ့တဲ့ ထင်ပါရဲ့ ။ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဗိုလ်ထွန်းစိန် ပေးတဲ့ အဲဒီ ပိုးလုံချည် ကို တော့ ငါ မဝတ်ဘူး ၊ ကောင်းဆင့် ကို ပေးမယ် ။ အထက်ဆင် တပ် ဝတ် လိုက်ရင် ငါ့ မိန်းမ နဲ့ တော့ ကြည့်လို့ လိုက် မှာပဲ ။ ကောင်းဆင့် ကောင်းဆင့် ။ မျက်နှာကလေး က ညိုစိမ့်စိမ့် နဲ့ ။ ကိုယ်လုံးကိုယ်ပေါက် က လည်း ငါးရံ့ ကိုယ်ကလေး ။ အင်း ... ကွဲ နေတာ အချုပ်ရက် နဲ့ ပါ ဆိုရင် နှစ်နှစ် နီးပါး ရှိပြီနော် ။ ဟန်တာပဲ ။ မိန်းမ နဲ့ တွေ့ရဦးတော့မယ် ”


မောင်သစ် သည် တစ်စုံတစ်ရာ က ဗိုက် ကလိထိုး လိုက် သလို ခံစားမိ ပြီး ပြုံး လိုက် သည် ။ သို့သော် သူ ၏ မျက်စိ စုံမှိ တ်ထားသည့် မျက်နှာ မှ အပြုံး ကို ဘယ်သူမျှ မမြင်သော ကြောင့် တော်ပေသေး၏ ။


“ ငါ တော့ ဖိုးသာဝ ခြံ က ထွက်တဲ့ နွားသိုး နဲ့ တူ နေတော့မှာပဲ ”


ထိုအခိုက် နာရီသံချောင်း ခေါက်သံ နှင့် “ အားလုံး ကောင်းပါသည် ခင်ဗျား ” ဟူသော အသံများ ဆူညံ သွားလေ၏ ။


မောင်သစ် ကျွဲမြီး တို သွားပြီး “ နင့်မေကလိုး အားလုံး ကောင်းပါသည် ခင်ဗျား ။ နင့် အမေလင် က ထွက်ပြေး မှာ မို့ အားလုံး ကောင်းပါသည် ခင်ဗျား တဲ့ လား ။ ထောင်နံရံ သုံးလေးထပ် ကို ဘယ်သူ့ အမေလင် က ထွက်ပြေး နိုင်မှာမို့ လို့ ခဏခဏ အားလုံးကောင်း ပါတယ် လုပ်နေကြရတာလဲ ”


မောင်သစ် သည် ခါတိုင်း သည်လို မတွေးမိပေ ။ သူ ကိုယ်တိုင် ပင် အေကလပ် အလုပ် မဝင်ခင် က အိပ်ဖန်စောင့် ဗာရာ လုပ်ခဲ့ရ၏ ။ ဆယ့်ငါးမိနစ် တစ်ကြိမ် အားလုံး ကောင်းပါသည် ခင်ဗျား ဟု အော်ခဲ့ရ၏ ။ ခုတော့ သည်လို တွေးမိပေမှာပေါ့ ၊ လွတ်တော့ မှ ဟာကိုး ၊ ကနေ့ နက်ဖြန် လွတ်တော့မှ ဟာကိုး ။


   •••••   •••••   •••••



နောက်နေ့ နံနက်စောစော တွင် မောင်သစ် သည် သူ့ ဆရာကြီး နှင့် အပေါင်းပါများ  အတွက် ကော်ဖီ ဖျော် ပေးပြီး ခပ်မြန်မြန် ဈေးတိုက် သို့ ထွက်ခဲ့သည် ။ ဈေးထောင်မှူး က “ ဟ ... မောင်သစ် ၊ ငါးလ ကျန် ထဲ မင်း မပါသေးဘူးလား ” ဟု မေး လိုက်ရာ “ ရကောင်းပါရဲ့ သခင်ရယ် ” ဟု စကား ကို ခပ်အုပ်အုပ် ပြောပြီး သိပ် မထူးခြားဟန် ဖြင့် ဣန္ဒြေ လုပ် ပြ လိုက်လေသည် ။


ဈေးထုတ် ခဲ့ပြီး အမြန် ပြန် လာ၍ ထမင်းချက် မောင်သိန်း အား အမြန် ပေးအပ်ခဲ့ပြီး ရန်ကုန် ဗဟိုထောင်ကြီး ၏ ဗဟိုထောင် ဖြစ်သော “ မိန်းဂျေး ” သို့ အမြန် သွား လေသည် ။ ငါးလကျန် စာရင်း ထွက် မထွက် ၊ စာရင်း ထွက် လျှင် ထောင် မှ ထွက်ရမည့် နေ့ နှင့် အချိန် ကို စုံစမ်းကြည့်လေသည် ။ စာရင်း ကား မထွက်သေး ။ တိုက်ထောင်မှူး က “ မင်း အရင် တစ်ခါ ဘုတ်တိုက် တုန်း က ငါးလ လောက် ကျန်တော့တာပဲ ။ မင်း ပါမှာပေါ့ကွ ” ဟု ပြော သော်လည်း မောင်သစ် မှာ မကျေနပ်သေး ။ သေချာသည် ထက် သေချာ လို သေးသည် ။ အဖြူ ပေါ် အမည်း ထင် စာလုံးကြီးများ နှင့် မြင်ချင် သေးသည် ။


ထိုနေ့ က မောင်သစ် သည် မိန်းဂျေး သို့ ငါးခေါက် ထက် မနည်း အစုံစမ်း ရောက်ခဲ့ သည် ။ အိပ်တန်း တက် ၍ အိပ်ထောင် သာ ပိတ်ပါရော ၊ စာရင်း က ဖြင့် မထွက်လာ နိုင်သေး ။ တွေ့ကြ သူ ငါ က  “ မင်း တော့ ပါမှာပါ ကွာ ၊ စိုးရိမ် မနေပါနဲ့ ” ဟု ပြောကြသည် ကို ပင် သူ့ မှာ ကျေနပ် နေရတော့၏ ။


ထောင်သားဦးရေ ၂၈ဝဝ ကျော် တို့ ၏ နှုတ်ဖျားဝယ် “ တက်ဘုန်းကြီး တပည့် မောင်သစ် ။ စိုးကြီး တပည့် တိုက်မောင် နှင့် တကွ သော ၅ လ ကျန် များ လွတ်ကြတော့မည် ” ဟူသော ဂုဏ်သတင်း ပွင့် နေခြင်း ဖြင့်ပင် ကျေနပ်ရ တော့၏ ။ ထောင်ကြီး ရှစ်ထောင် နှင့် ထောင် အစွယ်ပွားများ ဖြစ်သော ကြိုးတိုက် ၊ မိုးကြိုးတိုက် နှင့် ဆေးရုံ တစ်ဝိုက်လုံး တွင် သူတို့ ၏ လွတ်လပ်ရေး သတင်း မွှေးကြိုင်လှိုင် နေခြင်း ဖြင့် ပင် ကျေနပ် ရတော့၏ ။ ထောင်ကြီး အဖို့ တစ်ဦး တစ်ယောက် ၏ လွတ်မြောက်ရေး သတင်း သည် မြန်မာပြည် လွတ်လပ်ရေး သတင်း ထက် ပင် ပြောပစရာ ၊ သတင်း ဖောက်သည်ချစရာ ကောင်း နေသည် မဟုတ်ပါလော ။


သို့သော် သူ့ ခမျာ ရတက် မအေးနိုင်ရှာပါ ။ ဆာ သော သူ အဖို့ စားစရာ မြင်လေ ဆာလေ ၊ ထောင်သားများ အဖို့ လွတ်မြောက်ရေး နီးလေ မလွတ်ဘဲ နေခဲ့ရတုန်း က ဟာတွေ တွေးမိလေ ဖြစ်တော့သည် ။ တစ်နှစ် နှင့် သုံးလ တာ ကို မောင်သစ် ပြန်ကြည့် လိုက်မိသည် ။ ပြန်ကြည့် လိုက်တော့ ပျော်စရာပဲ ကောင်း သလိုလို ၊ လွမ်းစရာ ပဲ ကောင်း သလိုလို ။


မောင်သစ် အဖို့ ရောက်ခါစ က ထောင် ထဲ တွင် အကျင့်စာရိတ္တ ပြုပြင်ရေး သမဂ္ဂ ရှိသေးသည် ။ ထောင်သား မှန်သမျှ ညီညွတ်ကြသည် ။ ထောင်သမဂ္ဂ ရှေ့ဆောင် ရာ လိုက်ကြသည် ။ အလုပ် ချခြင်း ၊ အလုပ် ခွဲဝေခြင်း ၊ အစားအသောက် စီမံ အုပ်ချုပ်ခြင်း ၊ ထောင်စည်းကမ်း ထိန်းသိမ်းခြင်း စသည် တို့ တွင် ထောင်သမဂ္ဂ ၏ သြဇာ တည်ပေသည် ။ ကိုအုန်းသန်း စသော ခေါင်းဆောင်များ လည်း သမာသမတ် ရှိလှသည် ။ နောက်လိုက် ထောင်သားများ နှင့် စားစရာ ရှိ အတူ စား ၊ လုပ်စရာ ရှိ အတူ လုပ် ၍ အုပ်ချုပ် ရာ ၌ လည်း တရားလှသည် ။ ထို့ကြောင့် မောင်သစ် သည် ၎င်းတို့ အား ယခုတိုင် ကြည်ညိုတုန်း ၊ ထောင့် အပြင် ရောက် လည်း ကြည်ညို နေဦးမည် ။


၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာ့ပြည်ထောင်စု အရပ်ရပ် တွင် လွတ်လပ်ရေး အောင်ပွဲ ကျင်းပကြသည် ။ မဏ္ဍပ်ကြီး က ဟိန်းလို့ ။ ဆိုင်းသံ ဗုံသံ များ က လည်း မြိုင်လို့  ။ ချောတိုင် တက်ကြသည် မှာ မော ၍ မဝ ၊ တက် ၍ မဆုံး ။ သို့သော် ပျော်၍ လည်း မဆုံးပါ ။ လက်ဝှေ့ ပွဲ မှာ လည်း မြန်မာ ပီလှသည် ။ ဒူးချက် မိ၍ ကွဲ သူ ကွဲ ၊ ကုတ်ဖဲ့လိုက်၍ ပြဲ သူ ပြဲ ၊ အရှိုက် မိ ၍ လဲ သူ လဲ ။ သို့သော် တစ်ဗိုလ် ကျ တစ်ဗိုလ် တက်တော့သည် ။ သူ့ ထက် သူ လူစွမ်းကောင်း တော့ သည် ။ လက်ခမောင်းသံ တဖြောင်းဖြောင်း ညံ၍ ညံ၍ လာ တော့သည် ။ လွတ်လပ်ရေး အောင်ပွဲ ပျော်လို့ ပဲ မပြီးလိုကြ ။ သို့သော် ညနေ ငါးနာရီ ထိုး ပြီး လျှင် အိပ်တန်း တက်ရန် သံချောင်း ခေါက် လေ တော့သည် ။ လွတ်လပ်ရေးနေ့ ဆိုပေမဲ့ ထောင်စည်းကမ်း အတိုင်း တော့ လုပ်ရမည် ။ ငါးနာရီခွဲ ပြီး လျှင် တံခါးပိတ် ဂျိတ် ။ သော့ခတ် ပြီး ဖြစ်ရမည် ။


သို့ကလို လွတ်လပ်ရေး အောင်ပွဲ ခြိမ့်ခြိမ့်ညံ နေသည့် အထဲ က ၊ လွတ်လပ်ရေး လက်ဝှေ့ ပွဲ သဲမဲနေသည့် ကြား ထဲ က ၊ ထောင် စည်းကမ်း အတိုင်း အိပ်တန်းတက်ချိန် တံခါးပိတ် နေ သည့် ကြား ထဲ က ကြွေးကြော်သံ တစ်ရပ် ပေါ်လာတော့သည် ။


“ တိုင်းပြည်ကြီးတော့ လွတ်လပ်ပါ ၊ ကျွန်တော်တို့မှာ မလွတ်လပ်သေး ထောင် က လွှတ်ဖို့ ပန်ကြားပါ ၊ ဖခင်ဗိုလ်ချုပ် ကြည့်လှည့်ပါဦး ”


ထို ကြွေးကြော်သံ ကား အားလုံးသော အသံတို့ ကို လွှမ်း သွားလေသည် ။ ညည ထောင် ထဲ မှ ထို ကြွေးကြော်သံ သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ လွတ်လပ်ရေး အောင်ပွဲ ကျင်းပရာ ဌာန မြင်းပြိုင်ကွင်းဟောင်း သို့ ပင်ထိ ရောက်လေသည် ။ ထို ကြွေးကြော်သံ သည် ထောင်သား အားလုံး ၏ ရင်ခေါင်း ထဲ မှ လှိုက်လှိုက်လှဲလှဲ ထွက် လာသော အသံ ပင် ဖြစ်၏ ။ အသံ သည် လွတ်လပ်ရေး အခါတော်ကြီး တွင် ထောင်သား တို့ ထားရှိ အပ် ၊ ထားရှိ ထိုက် ၍ ထားရှိ လိုက်သည့် တရားသော ဆန္ဒ ပင် ဖြစ်ပေသည် ။


အကြောင်းမူ ကား ရှေးရှေး မင်းကောင်းမင်းမြတ်များ သည် နန်း တက်သည့် ဘိသိက် မင်္ဂလာ ကျင်းပသည် တွင် အကျဉ်းထောင် တံခါးများ ဖွင့်ပေး မြဲ ပင် မဟုတ်ပါ လော ။ သေဒဏ် ကို ပင် ပလပ် လေ့ ရှိကြကုန်သည် မဟုတ်လော ။ အိန္ဒိယ ရာဇဝင် မှာ ဆို လျှင် အက္ကဗာ ဘုရင်ကြီး နန်းတက်တော် မူသော အခါ အကျဉ်းထောင်များ ဖွင့်ပေး ရုံ မက နန်းတော် တွင်း အလှအပ မွေးထားသော ငှက်ကလေးများ ကို ပင် လွှတ်ပစ် ခဲ့ လေသည် ။ ထို့ကြောင့် ထောင်သားများ ၏ လွတ်လပ်ရေး အခါတော်မီ ထားရှိခဲ့သော ဆန္ဒ သည် တရားလမ်းမှန် ကျပေသည် ။


ထောင်သားတို့ သည် တရားသော ဆန္ဒ ကို ကြွေးကြော်သံ အော်၍ ပြရုံ မက အစာငတ် ခံကာ ပင် ဆန္ဒ ပြ ကြလေသည် ။


“ ဆရာကြီး ရေ ... ကျွန်တော်တို့ တော့ ဘာမှ သိပ် သိလှတာ မဟုတ်ဘူး ။ ထောင် ထဲ မှာ လူထု အုံကြွလာ တော့ ကျွန်တော် တို့ လည်း ပါတာပေါ့ ။ ဟုတ်တယ်လေ ၊ မြန်မာပြည်ကြီး လွတ်လပ်တယ် ဆိုတော့ ကျွန်တော် တို့ လည်း လွတ်လပ်ချင်တာပေါ့ ။ ကျွန်တော်တို့ အစာငတ် ခံ လို့ တိုက်ပွဲ လည်း ဝင်ရော ထောင်မှူး ၊ ထောင်ပိုင်တွေ က ရေ တောင် မပေးတော့ဘူး ။ သုံးရက် လုံးလုံး အစာ လည်း မစားရ ၊ ရေ လည်း မသောက်ရ ။ လေးရက်တိုင် တော့ မခံနိုင်တော့ဘူး ဆရာကြီး ရေ ။ အစာ မစားရတာ ကိစ္စ မရှိဘူး ၊ ခံနိုင်တယ် ၊ ရေ မသောက်ရတာ က တော့ မခံနိုင်ဘူး ။ တချို့လည်း သေး သောက်သူ က သောက် ၊ တချို့လည်း သပိတ် လှန် သူ လှန် ၊ ကျွန်တော် ဆို ရင် နို့ဆီခွက် ထဲထွေး ထားတဲ့ တံတွေး ကို သောက်တော့မယ် လို့ သုံးလေးခါ ကြည့် မိ သေးတယ် ။ ဒီလိုလည်း ဖြစ်ရော အထက်အစိုးရများ အမိန် အရ ဆိုပြီး ထောင် စည်းကမ်း ဖျက်ရမလား ဆိုပြီး ကျွန်တော်တို့ တစ်တွေ ဝါးရင်းတုတ် နဲ့ အရိုက် ခံကြရတာပါပဲ ။ တော်ပြီ ဆရာကြီး ၊ နောက်ပြီး သပိတ် ဆိုရင် ကြောက်ပြီ ။ ဒါပေမဲ့ မမေ့ဘူး ” စသည် ဖြင့် မောင်သစ် က မြိန်ရေ ရှက်ရေ ပြောလေ့ ရှိသည် ။ သူ သည် ဘယ်တော့မျှ မေ့မည် မဟုတ် ။ ထို သပိတ် အကြောင်း ကို ခဏခဏ ဂုဏ်ယူ၍ ပြောစား မိမည်ပင် ဖြစ်၏ ။ အကြောင်းမူ ကား ရှုံး သော်လည်း ထို အရှုံး မှာ ဂုဏ်ရောင် ပြောင် သော အရှုံး ၊ အနိုင်မျိုးစေ့ ဆောင်သော အရှုံး ။


လွတ်လပ်ရေး အောင်ပွဲ တွေ ပြီး၍ ထောင်တွင်း သပိတ် ကွဲ ပြီးနောက် ထောင်သမဂ္ဂ မှာ လည်း ကြေမွ သွားလေပြီ ။ စနစ်ဟောင်းကြီး လည်း ပြန် ရောက် ခဲ့လေပြီ ။ မောင်သစ် တို့ အဖို့ ဘာမျှ ထူးထူးခြားခြား မှတ်လောက် သားလောက် မဖြစ် ။ နေ့စဉ် နှင့် အမျှ ဘူးဝ တွင် လည်း ကောင်း ၊ ရုံးခန်း တွင် လည်းကောင်း တံမြက်စည်း လှည်း ရသည် ။ မနက် လည်း လှည်း ၊ နေလယ် လည်း လှည်း ၊ ညနေ လည်း လှည်း ၊ ထိုင် ၍ လည်း လှည်း ၊ ထ ၍ လည်း လှည်း ။


လ အတော် ကြာလေ သော် ရာထူး တိုး လေ၍ အဝတ်တွေ မီးပူ တိုက်ရ၏ ။ ဖာရ ထေးရ၏ ။ မနက် လည်း တိုက် ၊ နေ့လယ် လည်း တိုက် ၊ ညနေ လည်း တိုက် ။ မနက် လည်း ဖာ ၊ နေ့လယ် လည်း ထေး ၊ ညနေ လည်း ဖာ ။ ဝါခေါင်လ လောက် သာ တိုင်ပါလေ ရော ။


ထိုအခါ တက်ဘုန်းကြီးသိန်းဖေ နှင့် စစ်ဗိုလ် အချို့ ရောက် လာ လေသည် ။ 


မောင်သစ် ထမင်းဖြူ စားရ ချင် တော့ မုတ်ဆိတ် ပျား စွဲ လေပြီ ။ ထောင်မှူးကြီး က မောင်သစ် အား ၈ နံပါတ် ထောင်ဗာရာ ဟူသော သညာ နှင့် အဆောင်အယောင်များ ကို ပေးသနားလိုက်သည် ။ ထိုနေ့ က စ၍ တက်ဘုန်းကြီး ၏ တပည့် ဟု ထောင်တွင်း အရပ်ရပ် အနှံ့အပြား ထင်ရှား လေတော့သည် ။


“ ဆရာကြီး ရယ် ထမင်းဖြူ စားရ ပြန်တော့ လည်း လုံးတီး လောက် မစားနိုင်ဘူး ။ ဒါပေမဲ့ အပြောအဆို တော့ သိပ် ခံရတယ် ။ ထောင်မှူးကြီး က တောင် ဒီကောင် ထမင်းဖြူ စားရလို့ လူပါး ဝ လာတယ် ဆိုပြီး ကြိမ်းသေးသဗျ ။ ပြီးတော့ ဆရာကြီး တို့ ဆီမှာ ပို နေတဲ့ ခေါင်းအုံး ကလေး ယူ အုံးပြီး ခြင်ထောင် ယူ ထောင် မိတော့ လည်း ထောင်မှူးကြီး ဆီ သွား တိုင်သူ က တိုင် သေးတယ် ။ မကောင်းပါဘူး ဆရာကြီး ရယ် ၊ လူတွေ ကို က မကောင်းပါဘူး ”


သည်လို နှင့် သီတင်းကျွတ်လ ရောက်ခဲ့ပြီ ။ “ ထောင် ထဲ လည်း ထောင် ထဲ အလျောက် တော့ ပျော်ရသေးတာပါပဲကလား ” ဟု မောင်သစ် က နက်နက်နဲနဲ ပြန်ပြောင်း ဆင်ခြင် မိ လေသည် ။


“ သီတင်းကျွတ်ပွဲတော် တို့ ဖျာပုံနယ် က လူတွေ ဟာ တယ် ဟုတ်ပါ့လား ။ တိုးနရား က တာ လည်း တို့ နယ်သား ၊ အိုးစည်ဝိုင်း လည်း တို့ နယ်သား ၊ ရွှေရိုး က တာ လည်း တို့ နယ်သား ။ ဆရာကြီး တော့ ဖြင့် တိုးနရား က တို့ ၊ အိုးစည် က တို့ ကြိုက်လွန်း လို့ ခဏခဏ ကြည့်တယ် ။ ပြဇာတ်ကလေး က လည်း ကောင်းပေ့ဗျား ။ အော်ပရာ အက က လည်း အပြင် ကြည့်ရတာ လိုပါပဲ ။ အင်း ... ငါ တော့ ငါးချီ စလုံး သွား ကြည့် လိုက်တာပဲ ။ မင်းသမီး စမ်းစမ်း လုပ်တဲ့ ကောင်ကလေး က လည်း တကယ့် ကောင်မလေး နဲ့ တူတယ် ။ လှ လည်း လှတယ် ။ ငါ တို့ တော့ ရူးပါ့ကွာ ။ ကောင်ကလေး မှန်း သိလျက် နဲ့ ကောင်မကလေး စွဲတာ လို စွဲမိသေးတယ် ။ ရူး ဆို လည်း ရူးစရာပဲ လေ ။ အပြင် လောကကြီး နဲ့ ဝေးနေတဲ့ အခါကိုး ။ ငတ်တုန်း ပြတ်တုန်း ဟာ ကိုး ။ ပြီးတော့ ရှိသေး မင်းသားရူး လုပ်တဲ့ တို့ ဖျာပုံနယ်သား မောင်ရှိန်ကြီး ၊ တကယ် တော်တဲ့ ကောင်ကြီး ၊ မန်းတင် ဆို တာ တော့ မပြောနဲ့တော့ ။ သူ က ဇာတ် ထဲ က လူပြက် အစစ် ဟာ ကိုး ”


မောင်သစ် ၏ စိတ်နှလုံး သည် မြက်နုခင်းကလေး မှ ပျံရန် အရှိန် ယူ နေသော သပိတ်လွယ် ငှက်ကလေး နှင့် တူနေ၏ ။ နုထွတ်သည့် အကိုက်ကလေးတွေ မြင် မြင်ပြီး ပျံတက်ရန် အရှိန်လျော့လျော့ သွား၏ ။ ထောင် ထဲ လည်း ထောင် ထဲ အလိုက် ဖြစ်သလို ပျော်အောင် နေ ခဲ့သည် များ ကို ပြန် စဉ်းစား မိပြီး ထောင့် အပြင် ထွက်ရန် ယူ နေသည့် အရှိန်ပင် လျော့သလိုလို ဖြစ် သွားလေ၏ ။


ထိုအခိုက် ဝယ် တစ်ထောင်လုံး အလုပ် နားချိန် ဖြစ်ပြီး အချို့မှာ သစ်ပင် အောက် မြေမွေ့ရာ တွင် ကျော ဆန့် ချိန် လည်း ဖြစ်၏ ။ စာကလေးတွေ လေချွန်သံ ၊ ခို ညည်းသံ နှင့် ကျီးကန်း အာသံ တို သာ ပျံ့နှံ့ လျက် ရှိ၏ ။


ထို အတွင်း ၇ နံပါတ် ထောင် ဘက် မှ “ တလင်တင်တင်တင် ” ခနဲ တင်တင် သံသာသာ သည် ဆက်ကာ ဆက်ကာ ပေါ် လာတော့၏ ။ မောင်သစ် သည် ဤ အသံ ကို ထောင် ထဲ ရောက်ကတည်း က တစ်နေ့ မပြတ် ကြားဖူး ပါသည် ။ “ အားလုံး ကောင်းပါသည် ခင်ဗျား ” ဟူသော အသံ ကဲ့သို့ပင် ရိုး နေပြီ ။ ထို တင်တင် သံသာသာ ကား ထောင်တံခါးပေါက် နှင့် ထောင်ဝင်းထရံ သံတိုင်များ ကို တုတ် တစ်ချောင်းနှင့် ပတ် မွှေ သလို မွှေလိုက်ခြင်း ဖြစ်ပေသည် ။ တလင်တင်တင်တင် ၊ တင်တင် သံသာသာ ။


ထို သာယာသော အသံ ၏ အဓိပ္ပာယ် ကား “ သံတိုင်တွေ ခိုင်ပါရဲ့လား ။ တစ်ယောက် ယောက်က အလစ် ဝင်ပြီး ဖြတ်များ ထားသလား ” ဟူ၍ ဖြစ်သတည်း ။


ထို အသံ မှာ သပိတ်လွယ် ငှက်ကလေး ကို ခြောက် ထုတ် လိုက်သံ နှင့် တူပေ၏ ။ မောင်သစ် ၏ စိတ်နှလုံး သည် ဝရီးခနဲ ပျံတက် သွားလေ၏ ။ ထွက်လို လှပြီ ။ ထွက်ရက် ထွက်ချိန် အတိအကျ သိလို လှပြီ ။


သူ သည် မိန်းဂျေး သို့ ပြေး ပြန်၏ ။ မကြာမီ စာရင်းထွက် နံရံကပ် တော့မည် ဆိုသဖြင့် ထိုင် စောင့်နေ၏ ။ ၅ နံပါတ် ထောင် တွင် ဘုန်းတော်ကြီး တစ်ပါး ကို မြင် လိုက်မိ၏ ။ ထောင်ကျ ဘုန်းကြီး ။


“ ထောင် လည်း ကျသေး ၊ သင်္ကန်း လည်း မချွတ်ချင်ဘူး ။ နိုင်ငံရေးမှု ဆိုရင် ဟုတ်သေးရဲ့ ။ ခုတော့ အို မနိပ်ပါဘူးလေ ။ ထောင်ကျ ဘုန်းကြီး တော့ ထားပါဦး ။ အပြင် က ထောင် ထဲ လာ လာပြီး တရား ဟော တဲ့ ဟို ကိုယ်တော် ဟာ ကြည်ညိုချင်စရာ ဘယ်လောက် ကောင်းသလဲ ဆိုတော့ အချုပ်ထောင် က တရားခံတွေ ကို အပြစ် ဖော် ပြောကြ ၊ ဝန်ခံကြ လို့ တရား ဟောပြီး ဆွဲချ လိုက် သေးတယ် ။ တော်ပါပေ့ ကိုယ်တော် ၊ တော်ပါပေ့ ၊ မကောင်းပါဘူးလေ ။ ဘာမှ မကောင်းပါဘူး ။ တရား မနာတော့ လည်း အရိုက် ခံရသေး ၊ ထောင် ထဲ များ ဖြစ်ရပုံနှယ် ”


မောင်သစ် သည် စိတ် အိုက် လာ သလို ခံစား မိ၏ ။ ပြုတ်တူကြီး နှင့် အညှပ် ခံရ သလို ထင်မိလာ၏ ။ ထို ခဏ၌ ပင် စာရင်း ထွက် လာလေသည် ။ ကော်ပါပေ့ မောင်သစ် ။ မောင်သစ် နာမည်ကား အဖြူ ပေါ် အမည်း ထင် ထွက် စာရင်းဝင် ဖြစ်ခဲ့လေပြီ ။ “ ထွက်ရတော့ မည် ။ သေချာပေါက် ထွက်ရတော့မည် ။ သန်ဘက်ခါ ၊ ဘာ့ကြောင့် သန်ဘက်ခါ ရပါလိမ့် ။ မနက်ဖြန် ပဲ လုပ်လိုက်ပါတော့လား ထောင်မှူး ထောင်ပိုင်တို့ ရယ် ”


မောင်သစ် သည် နွားသိုးကလေး ဟန် ဖြင့် ခပ်မော့မော့ ခပ်သွက်သွက် ၈ နံပါတ် ထောင် ဘက် သို့ ထွက်လာခဲ့ လေသည် ။


  •••••   •••••   •••••



နက်ဖြန် ၊ သန်ဘက် ။ နက်ဖြန် မှာ မောင်သစ် ပြင်ဆင် သည့် ရက် ။ သန်ဘက်ခါ မောင်သစ် ထွက်မည့် ရက် ။


နက်ဖြန် ၊ သန်ဘက် ၊ ကုန်ခဲလှသည့် ရက် ၂ ရက် ။ မောင်သစ် သည် ရ ထားသော လုံချည်များ ကို ထုတ် လှမ်း၏ ။ လွယ်အိတ် မှ အပြဲကလေး ကို ဖာထေး၏ ။ စု ထားသော ဆေးပြင်းလိပ် ဖြင့် ပုတီး နှစ်ကုံး ဝယ်၏ ။ တစ်ကုံး မှာ အဖေ့ အတွက် ။ အခြား တစ်ကုံး မှာ အစ်ကိုကြီး အတွက် ။ ထောင်ထွက် ပုတီး တစ်ကုံး နှင့် မျက်နှာ လုပ်ပြီး အစ်ကိုကြီး ထံ မှ နွား တစ်ရှဉ်း ငှားရပေ ဦးမည် ။ ရ ထားသော ဖိနပ် နှစ်ရန် အနက် လေယာဉ်ပျံဖိနပ် ကို အစီး ကျင့်၏ ။ ရွက်ထည်ဖိနပ် ကို လွယ်အိတ် တွင် ထည့်၏ ။


သူငယ်ချင်း တွေ လျှောက် နှုတ်ဆက်၏ ။ အလုပ်ဘက် တွင် ရွေပေါ်စာ ကျုံးရန် ဟူသော စာရွက်ကလေး ကို ဆရာကြီး ထံ မှ ယူ သွားပြီး အလုပ်ထောင် ရှိ အောင်စည် အစ ရှိသည့် သူငယ်ချင်းများ အား နှုတ်ဆက်ရ၏ ။ ကြိုးတိုက်ဘက် နှင့် စားဖိုချောင်ဘက် သို့ မယောင် မလည် နှင့် ထွက်လာခဲ့ပြီး သူငယ်ချင်းကောင်း ဖော် အပေါင်းတို့ နှင့် ခွဲခွာရေး စကား ပြောကြား ရ၏ ။


သူ သည် ထောင်တွင်း ဆံသဌာန သို့ သွားပြီး ဆံပင်ညှပ် လိုက်သေး၏ ။ သူငယ်ချင်း ဘချစ် က ခါတိုင်း နှင့် မတူ အထူးပင် ဂရုစိုက်ပြီး စမတ်ကျကျ ညှပ် ပေးလိုက်၏ ။ အုန်းဆီ ထည့် ပေးမည် လုပ်သော အခါ “ မထည့်နဲ့ ၊ ငါ့ မှာ ကော့စမတစ် ရှိတယ်ကွ ” ဟု ပြော လာခဲ့လေ၏ ။


သူ သည် စိုးကြီး တပည့် တိုက်မောင် ထံ သို့ သွားပြီး ထောင် က ဘယ်လို ထွက်မည် ၊ ရန်ကုန် ဘယ်မှာ တည်းခိုမည် ၊ ဘယ်လို ရွာ ပြန်ကြမည် စသည်များ ကို တိုင်ပင်၏ ။ လမ်းပန်း မသာ သော် လည်း ပူပင်စရာ မရှိ ။ ဘိုကလေး သင်္ဘော မရှိ ပေမဲ့ ဖျာပုံ သင်္ဘော ရှိသည် ။


“ တို့ ဆရာကြီး အိမ် မှာ တည်း ရမယ် ။ ဆရာကတော် က ဖျာပုံသင်္ဘောမယ် သင်္ဘော စာရေး ကို အပ်ပြီး ထည့်လိုက် မတဲ့ ။ ဆရာကြီး ဆီ ထောင်ဝင်စာ လာ တွေ့တုန်း က ပြောသွားပြီကွ ”


တိုက်မောင် က လည်း “ အေး ကောင်းသားပဲ ” ဟု ခေါင်း တညိတ်ညိတ် နှင့် လုပ်လိုက် လေသည် ။


မောင်သစ် သည် သူ့ နေရာ တွင် မောင်ချစ် အား ရာထူး တိုး ပေးရန် စီစဉ်ရ လေသည် ။ ဆရာကြီး ဆီ က စာ တစ်စောင် နှင့် ထောင်မှူးကြီး ထံ သွားပြီး မောင်ချစ် အတွက် ၈ အမှတ် အဆောင်အယောင် တောင်း ရ သေးသည် ။ မောင်ချစ် နေရာ အတွက် ညွန်စိန် ကို လည်း ရအောင် ခေါ်ရ သေး၏ ။ သူတို့ နှင့် ဘယ်သူ က ဈေးထုတ် ၊ ဘယ်သူ က ထမင်းချက် ၊ ဘယ်သူ က ရေထမ်း စသည် ဖြင့် တာဝန်တွေ ဆွေးနွေးရ၏ ။


“ ဆရာကြီး က စောစော ထ တယ် ဟေ့ ။ ဒီ့ပြင် ဆရာတွေ လို မဟုတ်ဘူး ။ မင်း တို့ ငါ့ လို ပဲ မနက်လင်း လို့ တံခါး ဖွင့်တယ် ဆိုရင်ပဲ ရေနွေးအိုး တည်ရမယ် ။ ပြီးမှ မျက်နှာသစ် ၊ နောက်ဖေး နောက်ဖီ သွား ၊ ကြားလား ။ ပြီးတော့ မျက်နှာသစ် ရေအိုး ရေ စစ်ပေးနော် ” 


မောင်သစ် သည် ထိုနေ့ ည က ပင် ထောင်ဝတ်ထောင်စား ချွတ် ၍ အရပ်ဝတ် အရပ်စား လဲ လေသည် ။


“ လူများ တောင် မှား နေတယ် ငသစ် ရာ ၊ စောလှပါလား ကွ ”


“ ဟာ ... ဒီ ထောင်ဝတ် ထောင်စားတွေ ဝတ်သာ နေရတာ မသတီဘူး ဆရာကြီး ရဲ့ ” 


“ မင်း ရွာ ရောက်အောင် ပြန်နော် ။ ဘယ်မှာ မှ သောင်တင် မနေနဲ့ ။ မင်းတို့ ရွာ မှာ ကွန်မြူနစ် အုပ်ချုပ် နေတယ် ဆိုတော့ မြေ ဝေရေး လေး ဘာလေး လည်း မီ မှာပါပဲ ”


“ မီ မှာပါပဲ ဆရာကြီး ရဲ့ ။ မိုးကြည် လည်း ကျွန်တော် ကောင်းကောင်း သိပါတယ် ” 


မောင်သစ် အတန်ကြာ တွေး နေသည် ။ ပြီးတော့ ဒက်ခနဲ ကောက် မေးလိုက်သည် ။ 


“ ဒါထက် ဆရာကြီး ၊ ခုလို တစ်ဖက် နဲ့ တစ်ဖက် ချ နေကြရင် မြေ ဝေရေးတွေ ဘာတွေ ဖြစ်ပါ့မလား ”


“ အင်း … ခက်တော့ ခက်တာပဲ ။ ခုဟာ က နှစ်ဖက် ထဲ လည်း မဟုတ်ဘူးကွ ။ ဘက်တွေ က များပြီး ထွေးလုံးရစ်ပတ် ဖြစ် နေတယ် ”


“ အစိုးရ က လည်း ဆင်းရဲသားတွေ မြေ ဝေပေးမယ် ဆိုပြီး ဥပဒေ လုပ် ပြီးပြီ လို့ ဆရာကြီး ပဲ ပြောတယ် မဟုတ်လား ”


“ အေး ... လုပ်ပြီးပြီ ။ ခုဟာ မြေ ဝေမယ့် ဘက် နဲ့ မဝေမယ့် ဘက် တွေ ထွေးလုံး ရစ်ပတ် ချ နေကြတာ ကွ ။ ငါ့ သဘော က တော့ မြေ ဝေမယ် ဆိုတဲ့ မူ ကို သဘောတူ တဲ့ ဘက် အချင်းချင်း ညီညွတ်ရေး လုပ်ရမယ် ။ ငြိမ်းချမ်းရေး လုပ်ရမယ် ။ ညီညွတ် မှ ၊ ငြိမ်းချမ်း မှ လည်း လုပ်နိုင်မှာ ” 


မောင်သစ် ငေးပြီး တွေး နေသည် ။


“ စိုးကြီး ကတော့ ဆရာကြီး ကို ရွှေပြည်အေး ကိုယ်တော် လို့ ခေါ်တယ် ”


“ စိုးကြီး မကြိုက်ပေမဲ့ ငါ့ အကြိုက်တော့ ကျ သားပဲ ။ ငြိမ်းချမ်း ဖို့ အရေးကြီးတာ ပဲ ။ မြေ အပိုင် မရသေး တောင် သီးစားခ က လယ်ခွန် နှစ်ဆ သာ ပေးရတော့ လုပ်ပျော် ပါတယ် ။ အေးအေး ချမ်းချမ်း သာ လုပ်ရရင် ”


“ စိတ်သာချ ဆရာကြီး ။ ကျွန်တော် ရွာ အရောက် ပြန်မယ် ”


“ ကောင်းတယ် .. ၊ ဒါပဲ ကောင်းတယ် ။ ဖျာပုံ တို့ ၊ ဘိုကလေး တို့ က ကွန်မြူနစ် တွေ နဲ့ တွေ့ရင် ပြောလိုက်ပါ ကွာ ။ ငါ့ ဝါဒ က တော့ ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေး ပဲ လို့ ” 


မောင်သစ် ပြုံး လိုက် လေသည် ။


“ ဟုတ် ဟုတ်သေးတော့ ၊ ရွှေပြည်အေး ကိုယ်တော် တဲ့ ။ စိုးကြီး က ကြမ်းကြမ်း ၊ ဆရာကြီး က နုနု ။ နှစ်ယောက် စလုံး ပဲ ကွန်မြူနစ် တဲ့ ။ အံ့ အံ့သေးတော့ ”


နောက် တစ်နေ့ နံနက် တွင် မောင်သစ် သည် အစောကြီး ထ ၍ ရေ ချိုးသည် ။ ဆံပင် ကို ကော့စမစ်တစ် နှင့် ကျကျနန သသည် ။ ရှပ်အင်္ကျီ လက်ရှည် ၊ လုံချည် အနီကွက် ၊ လေယာဉ်ပျံ ဖိနပ် တို့ ဖြင့် တော်တော်ပင် သပ်ရပ် နေပေသည် ။


ထောင် အဝတ်များ ပြန် အပ်ရန် ခေါက်ပြီး သူ့ လွယ်အိတ် ဘေး တွင် ချ ထားသည် ။ ၎င်းနောက် ဆရာကြီး အား ဝတ်ချသည် ။


“ အေး .. ၊ လိမ်လိမ်မာမာ ရိုးရိုးသားသား လုပ်ကိုင် စားပေတော့ကွာ ။ ရွာ မရောက် ရောက် အောင် ပြန် နော် ”


မောင်သစ် သည် ရင်ဆို့ နေလေ၏ ။ လွမ်းစရာ မကောင်းတဲ့ ထောင် ထဲ မှာ လွမ်းစရာ ကောင်းတဲ့ တစ်ကွက် ဘာ့ကြောင့် တွေ့ နေရ ပါလိမ့် ။ သူ သည် ဆောင့်ကြောင့် ထိုင် ရင်း ပင် အဝေး သို့ ငေးကြည့် နေမိသည် ။ အတန်ကြာ ငြိမ်နေပြီး မှ ညည်းသံ နှင့် ပြောလိုက်၏ ။


“ ဒီ လူတွေ နဲ့ မနက် စောစော ဆရာကြီး ကော်ဖီ မှန်မှန် မှ သောက်ရပါ့မလား မပြောတတ်ဘူး ”


“ ကိစ္စ မရှိပါဘူးကွာ ”


မောင်သစ် သည် ထ လာ ခဲ့ပြီး လက် တစ်ဖက် ဖြင့် လွယ်အိတ် ဆွဲ ၍ တခြား တစ်ဖက် ဖြင့် ထောင် အဝတ်များ ကို ယူ ခဲ့သည် ။


သူတို့ နေရာ ၈ နံပါတ်ထောင် နှင့် စပါးတိုက် ကြား တွင် လွတ်လူ အများအပြား ပင် စုရုံး နေကြလေပြီ ။ များသော အားဖြင့် သူတို့ သည် အထုပ်အပိုး ဟူ၍ မပါကြ ။ အဝတ် တစ်ထည် ကိုယ် တစ်ခု ဆိုသော စကား ကဲ့သို့ သာ ဝတ်ဆင် နိုင်ကြ၏ ။ အချို့မှာ ကား ပိုးလုံချည် တရွှမ်းရွှမ်း နှင့် တောက်ပကြ ပေ၏ ။ စိုးကြီး တပည့် တိုက်မောင် ကား ထိုနေ့ အဖို့ အတောက် ပြောင်ဆုံး ဖြစ်၏ ။ ပန်းရောင် တွင် အစိမ်းလွန်းကွက်ကလေးများ ဖော် ထားသော မန္တလေး ပိုးလုံချည် ၊ ရှပ်အင်္ကျီ လက်ရှည် ၊ သက္ကလတ် ဦးထုပ် စသည် တို့ နှင့် အလံနီ တစ်စု က ဝိုင်း ဆင် ပေး လိုက်သည် ဖြစ်ပေရာ တကယ်ပင် လူမှား လောက်ပေ၏ ။ အခါတိုင်း လို ကျောက်ပေါက်မ နှင့် ပြောင်ပျက်ပျက် တိုက်မောင် မဟုတ်တော့ပေ ။ မောင်သစ် ကား ပိုးလုံချည်ရှိ သော်လည်း ထုတ် မဝတ် ။ အိမ်သူကညာ မကောင်းဆင့် အတွက် တရိုတသေ ခေါက် ၍သာ ထားလေသည် ။


ထို လွတ်လူများ တွင် နှစ်ယောက် ကား ဝတ်စရာ အင်္ကျီ ပင် မရှိကြ ။ ဟောင်းနွမ်း ညှိုးမှိန်သော လုံချည်များ ကို ပင် အနိုင်နိုင် ဝတ်ဆင်ကြရ၏ ။


သူတို့ သည် အဝတ်တိုက် သို့ သွားပြီး ထောင် အဝတ်များ ကို နံပါတ်ကြီး နှင့် တကွ အပ်ကြရ၏ ။ လူ အတော် များ သား မို့ မောင်သစ် သည် သူ့ အလှည့် ရောက် အောင် အတော်ပင် စောင့်ရ လေ၏ ။ အတင်း တိုးဝှေ့၍ နေရာ လု ရန်လည်း မဝံ့ ဖြစ်၏ ။ ထောင် ထဲ တွင် နံပါတ် တုတ်သည် နေရာတကာ ၌ ရှိ၏ ။ ထောင်အဝတ်များ ကို အပ်ပြီးသော အခါ တလာစီ ပြန်၏ ။ ကိုယ် မှာ ရော ၊ အဝတ် ထဲ မှာ ရော ၊ အဝတ် ပြင် မှာ ရော ၊ လွယ်အိတ် ထဲ မှာ ရော ရှာလိုက်သည် မှာ ပြဲပြဲစင် နှံ့စပ်လှ ပေ၏ ။ ၎င်း နောက် ထောင်ပိုင်ကလေး က ဘယ် ပြန်ရမလဲ ၊ ဘာလဲ ညာလဲ မေးပြီး ထောင်ထွက် လက်မှတ်ကလေး ထုတ် ပေး၏ ။ မောင်သစ် ၏ လက်မှတ် တွင် ၈ မှတ် လူကြီး အဖြစ် ဖြင့် ဆောင်ရွက်ခဲ့သည် ဟူ၍ လည်း ဂုဏ် ဖော်ထားပေ၏ ။


မောင်သစ် သည် လက်မှတ် ရသော အခါ ကျစ်ကျစ် ပါ အောင် ဆုပ်ကိုင် ထားလေ၏ ။ သူ့ တစ်သက် တွင် သည့် အရင် က စက္ကူကလေး တစ်ခု ကို ဤမျှ ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင် ထားဖူးသည် မှာ တစ်ခါ သာ ဖြစ်၏ ။ သူ ကိုယ်တိုင် လယ်တစ်တုံး ထွန် ခဲ့၍ စ လုပ်သည့် ပထမနှစ် စပါးပိုကလေး ကို မရဲ့စက် သို့ သွား ရောင်းရာ လက်ခံ ပြေစာကလေး ကို ဤနည်း နှင့် ပင် ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင် ထားဖူး၏ ။


ယခု မောင်သစ် ရသော လက်မှတ် မှာ ရန်ကုန် ထောင်ကြီး ၏ သော့ခလောက် အားလုံး ကို ဖွင့်နိုင်ရုံ မက ထောင် က လွတ်ပြီး ၇ ရက် အတွင်း ဘယ် ပုလိပ် ၊ ဘယ် ရဲ ၊ ဘယ် သူကြီး ၊ ဘယ် ခေါင်မင်း က မှ လည်း မနှောင့်ယှက်ပါ ဟူသော အာမခံချက် လည်း ဖြစ်ပေသည် ။


လက်မှတ် ရပြီ ဖြစ်၍ ထွက်ရတော့မည် ဟု အထင် ရှိ နေတုန်း ဗြုန်းဆို သတင်းဆိုး တစ်ခု ကြားရ ပြန်သည် ။ အပြင် က ဧရာမ လူကြီး အချို့ လာ၍ ထောင်ထွက်များ အား တရား ဟောဦးမည် ဖြစ်၍ စောင့်ကြရဦးမည် ။ မောင်သစ် သည် “ ငါ့နှယ် ဖြစ်ရပုံများ ” ဟု ညည်းညူ ပြီး ထိုင်ချ လိုက်သည်မှာ အရုပ်ကြိုးပြတ် နှင့် တူ သွားလေ၏ ။


“ ဘောက်မယ့် တရား ဟောချင်ကြတာပါလိမ့် ။ ထောင် ထဲ လည်း ချ ထားသေး ၊ တရား က လည်း ဟောသေး ။ ခက်ရချီ ကရို့ ”


ထိုင်လိုက် ၊ ထလိုက် ၊ တံတွေး နှင့် ထွေးလိုက် ၊ နှပ် ညှစ်လိုက် ၊ စကား ပြောလိုက် ၊ ငေးမောလိုက် နှင့် စောင့်လိုက်ကြရသည် ။ နေ အတော် မြင့်သည့် တိုင် ဧရာမလူကြီးများ ကား မရောက်လာကြသေး ။ မောင်သစ် သည် ထမင်းစား သွား ရင် ကောင်းမှာပဲ ဟု ယူဆ ပြီး ၈ နံပါတ်ထောင် သို့ ပြန် ခဲ့၏ ။ သို့သော် ထမင်း ကို ဖြောင့်အောင် မစားနိုင် ။ စား ၍ လည်း မဝင်ပေ ။


ရောက်လာကြပြန် တော့လည်း ဧရာမလူကြီးများ သာ မက ဧရာမ မိန်းမကြီး တစ်ဦး လည်း ပါ လေသည် ။ မောင်သစ် တို့ လူစု သည် တန်းစီ ၍ နေကြရ၏ ။ ဧရာမလူကြီး တစ်ဦး က ဟောပြော နေ၏ ။ ဧရာမ မိန်းမကြီး က လည်း ဟောပြောဦးမည် ဟု သိရ၏ ။ မောင်သစ် ကား တရား ၌ စိတ် မဝင်စား ။ ဟောတာ ပြောတာ ကို လည်း မကြား ။ ထောင့် အပြင် သို့ သာ စိတ် ရောက် နေလေ၏ ။ ရန်ကုန် တစ်မြို့လုံး အား စိတ်ရော မျက်လုံး ရော နောက် စေသည့် ဘတ်စ်ကား များ ပြေးနေသည် ကို မြင်ယောင်၍ ဘတ်စကားသံများ ကို သာ ကြားယောင်နေပေ၏ ။


ဟောပြောသူ သည် ဟိုမှ သည်မှ ဖြည်းညင်းစွာ လျှောက်ရင်း ဟောပြော နေပေရာ မောင်သစ် ရှေ့သို့ ရောက် လာလေသည် ။


သည်တွင် မှ မောင်သစ် သည် ဟောပြောသူ ၏ ရွှေသွားများ ကို သတိ ပြုမိလေသည် ။ စကားများ ကို ကား မကြားလိုပေ ။


“ ပို နေတာပဲ ။ ခင်ဗျား ဟောချင်တာ ဟော ၊ ဘာမှ မထူးဘူး ။ ကျုပ် က လယ် ပြန်လုပ် မယ့်လူ ။ မြေဝေရေး ဖြစ်ရင် မြေ ပိုင်ရမယ့် လူ ။ ကျုပ် နဲ့ နှစ်ယောက်ခြား ကောင် က အပြင်ရောက် ဓားပြတိုက် ဦးမှာပဲ ၊ ဆုံးဖြတ်ပြီးသား ။ သူ့ မှာ ဒီ့ပြင် ဘာမှ လုပ်စရာ မရှိဘူး ။ ကျုပ် နောက် က ရပ် နေတဲ့ ကောင် နှစ်ယောက် က လည်း တိုက်ဦးမှာပဲ ။ တစ်နေရာ မှာ လက်နက် ဖွက်ပြီး သား ရှိတယ် ။ နောက် တစ်သုတ် လွတ်မယ့် ကောင် တစ်ကောင် နဲ့ တောင် ချိန်း သွားကြပြီ ခင်ဗျ ။ သိရဲ့လား ။ အားလုံး ဆုံးဖြတ်ပြီးသား ။ ခင်ဗျား ပြောနေတာ ပို နေတာပဲ ။ အလုပ်အကိုင် ရ ရင်တော့ ကျုပ် လို အလုပ်အကိုင် ရိုးရိုးသားသား လုပ်မယ့်လူ များပါရဲ့ ။ မရ ရင် တော့ ဘယ့်နှယ် လုပ်ရမလဲ ၊ မကြံတတ်ဘူး ။ အဲဒီတော့ ပြော မနေနဲ့ ပို နေတာပဲ ။ ဟို အဒေါ်ကြီး က လည်း ဟော မနေပါနဲ့တော့ ဗျာ ၊ ထွက်ပါရစေတော့ ”


မောင်သစ် သည် အောင့်သက်သက် နိုင်သော မျက်နှာ နှင့် အမျိုးသမီးကြီး အား ကြည့် လိုက်၏ ။


“ အဒေါ်ကြီး က လည်း ဗိုက် ပူ လိုက်တာ ။ ဟင် ... ခါးပတ်ကြီး က လည်း ပတ် ထားလိုက် သေး ။ အဲ အဲ ၊ ပတ် မှ ပတ် မှ ၊ နို့ မဟုတ်ရင် ”


မောင်သစ် သည် ခစ်ခနဲ မရယ်မိ ရန် မနည်းကြီး ထိန်း ထားရလေ၏ ။ တရား နာရခြင်း ဒုက္ခ ကား ကုန်ဆုံး လေပြီ ။ သို့သော် ပုလိပ်ကား မရောက်သေး ။ 


“ စောင့်ဟ ၊ စောင့်ဟ ။ ဒင့် အမေ့မှပဲ ”


မောင်သစ် သည် အသံ စွာကျယ်ကျယ် နှင့် ပင် ရေရွတ် လိုက်လေသည် ။ နောက် ထွီခနဲ ကျယ်လောင်စွာ တံတွေး ထွေး လိုက်လေသည် ။


ခက်လှသည် မှာ ပုလိပ်ကား မစီးချင် ၍ မနေရ ။ ရန်ကုန် တွင် တည်းခိုမည့် အိမ် အရောက် ပုလိပ်ကား စီး သွားရမည် ။ ဤသည် ကား ဓားပြဟောင်းများ အတွက် အမိန့်တော် တည်း ။ နောက်ဆုံး တွင် ထောင့် အပြင် ထွက်ရန် အမိန့် ရ လေပြီ ။ အတွင်း တံခါး ကို ဖွင့် မပေး ။ မလွယ်ပေါက် မှ ငုံ့ ၍ ထွက်ကြရသည် ။ စီတန်း ၍ ထွက်ကြ ရ ရာ မောင်သစ် အလှည့် တော်တော် နှင့် မရောက် ။ အလယ် တံခါးကြီး ကို ကား ဖွင့် ထားသည် ။ အပြင် တံခါး ကို ဖွင့်မပေး ။ မလွယ် ပေါက် မှ ငုံ့ ကာ စီတန်း ထွက်ကြရ ပြန်သည် ။ မောင်သစ် အလှည့် တော်တော် နှင့် မရောက် ။ 


“ တောက် ၊ ငါ့လခွမ်း ။ ငါ တစ်ယောက် တည်း ထွက်ရရင် ကောင်း မှာ ”


 •••••   •••••   •••••



ကျွတ်ပြီ ၊ လွတ်ပြီ ။


မောင်သစ် သည် လုံချည် ကို ခါ၍ ပြင် ဝတ်လိုက် ၊ ခြေ ကို ဗုန်းခနဲ ဗုန်းခနဲ ဆောင့် ၍ ဆောင့် ၍ နင်း လိုက်ပြီး ဖိနပ် မှ ဖုန်များ ကို ခါ ထုတ် လိုက်၏ ။ ထောင် ၏ အငွေ့အသက် အလှေးအမွှားများ ကို ခါထုတ် လိုက်ခြင်း ဖြစ်၏ ။ ချေး ကျုံးရန် အလုပ် ချထားခြင်း ခံရလျှင် ချေးကျုံး ရသော ထောင်ကြီး ။ ကြိမ်ဒဏ် ရိုက်ရန် အလုပ်ချ ထားခြင်း ခံရလျှင် ကြိမ်ဒဏ် ခံရ သူ ကို ဘယ်လိုပင် ညှာတာချင်ဦး ၊ တအား လွှဲ၍ ရိုက်ရသော ထောင်ကြီး ။ ကြိုးဖြုတ် အလုပ်ချ ထားခြင်း ခံရလျှင် ကြိုးဒဏ် ခံရသူ ကို ဘယ်လောက်ပင် သနားချင်ဦး အားတိုက်သရော သေသေသပ်သပ် ကြိုး ဖြုတ် ရသော ထောင်ကြီး ။ သွားချင် ရာ မသွားရ ၊ လုပ်ချင် တာ မလုပ် ရသော ထောင်ကြီး ။ သားမယား ဆွေမျိုး မိတ်ဆွေ တို့ နှင့် ဝေးကွာစေသော ထောင်ကြီး ။ ထို ထောင်ကြီး ဤ ထောင်ကြီး မှ ကျွတ်ပြီ ၊ လွတ်ပြီ ။


မောင်သစ် သည် သွားများ အထင်းသား ပေါ်သည့် တိုင်အောင် ပြုံး လိုက် ၏ ။ အရင် က သူ သည်လို တစ်ခါ သာ ပြုံး ဖူးသည် ။ မကောင်းဆင့် နှင့် မင်္ဂလာဆောင် အပြီး ဧည့်သည် တွေရှင်း သွား၍ သူ နှင့် မကောင်းဆင့် နှစ်ယောက် တည်း ကျန်ရစ်သော အခါ တွင် သူ သည်လို ပင် ပြုံးလိုက်ဖူး လေသည် ။


သူ သည် ထောင်ကျ နေစဉ် ထောင်ဘူးဝ အပြင် တံခါး ရှေ့သို့ သုံးလေးကြိမ် ရောက်ဖူး ၏ ။ အပြင် ထွက်၍ ဝါးလုံးများ သယ်ယူရစဉ် က တစ်ကြိမ် ၊ ထောင် မှ လွတ်မြောက် ကြသော ဗိုလ်ထွန်းစိန် ၊ ဗိုလ်ညွန့်မောင် စသော ပြည်သူ့ ရဲဘော်များ ကို လိုက် ပို့စဉ် က တစ်ကြိမ် ၊ ထို နှစ်ကြိမ် တွင် ကား ရှေ့ က ကတ္တရာစေးလမ်းမကြီး ကို ပင် ကျော်ဖြတ်၍ သွားရဖူးသေး၏ ။ အပြင် လောကကြီး ကို မြင်တွေ့ဖူး၏ ။ ထောင့် ပြင် က သစ်ပင်အိမ်ခြေတိုက်တာ မော်တော် ကား နှင့် လွတ်လပ်စွာ သွားလာ နေကြသော လူများ ကို မြင်တွေ့ ဖူး၏ ။ အပြင် လောက နှင့် တွေ့ထိခွင့် ရပြီး မြူး သွား သလိုပင် ခံစားရ ဖူး၏ ။ သို့သော် သူ့ စိတ်ကူးသည် မြင်ရသမျှ ကို ကျော်လွန် ထိုးဖောက်၍ မသွားနိုင်ခဲ့ပေ ။ မှောင်ကြီးမည်းမည်း လျှပ်စီး အလင်းရောင် ကို မြင်ရ သလောက် သာ ဖြစ်လေ၏ ။


ယခုမူ ကား ထောင့် ပြင် ရောက်၍ အပြင် လောက ကို မြင်သည် ဆိုလျှင် ပင် စိတ်ကူး က သူ့ ရွာ ရောက် သွားသည် ။ သူတို့ ရွာ မှိုင်းညို့ညို့ မှ ထိုးထွက် နေသော ဆရာတော် ဦးသာဂရ ၏ ကျောင်းပြာသာဒ် နှင့် ဘုရားဒကာ ဦးဖိုးချိတ် ၏ ဘုရားထီး တို့ သည် သူ့ အာရုံ တွင် ပေါ်လာ သည် ။ သူ လုပ်နေကျ လယ်ကွင်းပြင် သည် သူ့ မျက်စိ တွင် ထင် လာသည် ။ မကောင်းဆင့် ၏ အပို မပါသော အပြုံး သည် သူ့ အား ဤ ထောင် ဝမှာ ပင် ကြိုနေသေး ဟန် မြင်ယောင်သည် ။ 


မောင်သစ် တို့ နှင့် တိုက်မောင် တို့ သည် အခြား သူများ နှင့် အတူ ပုလိပ်ကားကြီး ပေါ် သို့ တက် ကြသည် ။ ကား ထွက်သော အခါ တစ်မျိုး ပျော် သလို ၊ ယခုမှ တစ်ကြိမ် သာ ကား စီးဖူး သလိုလို ထင်မိကြသည် ။ လောကကြီး သည် ကျယ်ဝန်းလှ၏ ။ စိတ်ဝင်စားစရာတွေ ပေါလှ၏ ။ ကြည့်စရာတွေ များလှ၏ ။ ဆိုက်ကား တွေ ၊ လမ်းဘေး တဲအိမ် တွေ ၊ ဈေးဆိုင် တွေ ၊ တရုတ်မ တွေ ၊ အီကြာကွေး တွေ ၊ ထီး တွေ ၊ ဖိနပ် တွေ ၊ အထည်အလိပ် တွေ ၊ ကု,လား တွေ ၊ ဘုရား တွေ ၊ တိုက်တာ တွေ ၊ ကြည့်၍ မဝ ၊ ပြောပ၍ မကုန် ဖြစ်နေ ကြသည် ။ သို့ဖြင့်ပင် ပုလိပ်ရုံးကြီး မှ တစ်ဆင့် ကုက္ကိုင်း ဘက် သို့ ရောက်ခဲ့ကြသည် ။


ဓမ္မာရုံ ဝတ်ကျောင်းလမ်း သို့ ရောက်သော အခါ မောင်သစ် နှင့် တိုက်မောင် တို့ ဆင်းကြ လေသည် ။ ၎င်းနောက် လမ်းထိပ် က ဆံပင်ညှပ်ဆိုင်ကလေး သို့ ဝင်ပြီး စုံစမ်းကြသည် ။ 


“ ဆရာကြီး ဦးသိန်းဖေ အိမ် ဘယ်နားမှာလဲ ခင်ဗျာ ”


“ ဘယ် ဦးသိန်းဖေ လဲ ၊ တက်ဘုန်းကြီး လား ”


“ ဟုတ်ပါတယ် ခင်ဗျာ ” ဟု မောင်သစ် က ပြုံးပြုံးကလေး နှင့် ပင် ဖြေ လိုက်သည် ။ 


“ အင်း ... အင်း ၊ အဲဒီ လမ်း ထဲ ဝင်သွား ၊ ဟိုဘက်ကျ ဘယ်ဘက် ချိုး ၊ ခင်ဗျားတို့ က သူ့ ပါတီ က လား ”


မောင်သစ် မှာ ကျီးကန်း လူ မိသွားပြီး ဖြေရန် ပင် အ , သွား တော့သည် ။ တိုက်မောင် ဘက် လှမ်း ကြည့် လိုက် မှ တိုက်မောင် က မျက်နှာထား မှန်မှန် ထားပြီး


“ မဟုတ်ပါဘူး ခင်ဗျာ ”


“ မဟုတ်ပါဘူး ခင်ဗျာ ” ဟု မောင်သစ် က လည်း လိုက် ပြောသည် ။ နောက်ထပ် စကား အဆက် မခံတော့ဘဲ သူတို့ နှစ်ယောက် လမ်း ထဲ ဝင် သွားကြသည် ။


“ သူ့ ပါတီ က လား တဲ့ ။ မေးပုံ က ပုဒ်မ ၅ နား နီးလှသကွာ ” ဟု မောင်သစ် က ဆိုလိုက်သည် ။


“ တို့ မှာ ထောင်ထွက် လက်မှတ် ပါသားပဲ ။ ကိစ္စ မရှိပါဘူး ထင်ပါရဲ့ ကွာ ”


“ ဟ … မထင်နဲ့ ကွ ၊ ပုဒ်မ ၅ က ဘာမှ မရှောင်ဘူး ၊ ဆွဲချင် ရာ ဆွဲ နေတာ ” 


“ အေး .. ဒီလို ဆိုရင် မင့် ဆရာကြီး အိမ် တည်းလို့ ဖြစ်ပါ့မလား ”


တိုက်မောင် ခြေ တုံ့ သွားသည် ။ ၎င်း နောက် “ လှည့် ပြန်ကြစို့လားကွာ ” ဟု ဆက် လိုက်သည် ။


“ တည်း တာ တော့ တည်းချင် မှ တည်းပေါ့ကွာ ။ ဆရာကြီး အိမ် ကို ဝင် မသွား ရင် တော့ မကောင်းဘူး ထင်တယ်ကွ ”


တိုက်မောင် က တွေ နေစဉ် မောင်သစ် သည် တိုက်မောင် အား ရှေ့ဆောင်၍ ခေါ် သွား သည် ။


“ လာကွာ ၊ အိမ် မဝင်တော့ လည်း မကောင်းဘူး ကွ ”


သူတို့ သည် ညွှန်လိုက်သည့် အတိုင်း လာ ကြရာ ဆရာကတော် နှင့် ပင် တွေ့ကြလေသည် ။ လွယ်အိတ်ကလေးတွေ ကို မျှ မချ ၊ ကြမ်းပိုး ကိုက် သလို ဖင် တမမ နှင့် ထိုင် နေကြ လေရာ ဆရာကတော် က -


“ လွယ်အိတ် တွေ ဟို ထောင့် မှာ ချထား ကြလေ ၊ ရေချိုးကြပါဦးလား ။ ဟောဟို ဘုံပိုင် မှာ ”


တိုက်မောင် ကား ဘာမျှ မပြော ။ မောင်သစ် လည်း အတန်ကြာ လျှင် လျှာ လေး နေပြီး မှ 


“ နေပါစေ ဆရာကတော် ၊ ကျွန်တော် တို့ ခုပဲ သွားတော့ မှာ ”


“ ဒီမှာ တည်း မှာ မဟုတ်ဘူးလား ။ ရှင့် ဆရာကြီး က ဒီမှာ တည်းပါစေလို့ မှာ လိုက်တယ် ။ ဖျာပုံသင်္ဘော လည်း မရှိသေးဘူး ။ နောက် ၂ ရက် လောက် နေ မှ ထွက်ရမယ် ။ ဖျာပုံသင်္ဘော ကျွန်မ ဦးလေးတော် တစ်ယောက် ကို လည်း သင်္ဘော ထွက်တဲ့ နေ ရှင့် တို့ ခေါ်သွားဖို့ ပြောထား ပြီးပြီ ”


“ ဟာ ဒုက္ခ ရှာလို ဆရာကတော် ရယ် ၊ ကျွန်တော်တို့ မတည်းပါဘူး ၊ ခုပဲ သွားတော့ မယ် ”


“ ဘာဖြစ်လို့ လဲ ၊ အိမ် ကျဉ်းလို့ အားနာလို့ လား ၊ ကိစ္စ မရှိဘူး ။ အိမ်ရှေ့က တန်းလျား မှာ ရှင်တို့ နှစ်ယောက် အိပ်ဖို့ ပြောထား ပြီးပြီ ”


“ မဟုတ်ဘူး ဆရာကတော် ”


ပြောပြီး မောင်သစ် အတန်ကြာ ငေးနေသည် ။


“ ဒီလို ဆရာကတော် ရဲ့ ။ ကျွန်တော့် ကို က မှား ပါတယ် ။ ဆရာကြီး ရေးပေး လိုက်တဲ့ မြေပုံ အတိုင်း ဒီ အိမ် ကို ရှာလာရင် ကောင်းမှာ ၊ ခုတော့ ရှည် ပြီး လမ်းထိပ် က ဆံပင်ညှပ်ဆိုင် ဝင် မေးမိတယ် ”


“ မေးမိတာ နဲ့ ဘာဖြစ်လို့လဲ ”


“ ပုဒ်မ ၅ နဲ့ တိုးနေတယ် ”


“ ဟင် ”


မောင်သစ် က မချိပြုံးပြုံး၍ ပုဒ်မ ၅ နှင့် တိုးနေပုံ ရှင်းပြသည် ။


“ မဖြစ်ဘူး ကြောက်တယ် ။ ပုဒ်မ ၅ က လူ မရွေးဘူး ”


“ ဒါဖြင့် ဘယ်မှာ တည်းမလဲ ”


“ ကိစ္စ မရှိဘူး ၊ ဟုမ်းလမ်း ( ပန်းလှိုင်လမ်း ) မှာ ကျွန်တော်တို့ အသိ ရှိတယ် ”


ဆရာကတော် ကား သူတို့ အား ဘယ်နည်း နှင့် မျှ မနှစ်သိမ့်တတ်နိုင် ။ ပုဒ်မ ၅ ကား ဆင်ခြေ မရှိ ။ သူတို့ လည်း မကြောက်ဘဲ မနေနိုင် ။ ပုဒ်မ ၅ ကား တန်ခိုးတော် အနန္တ ဖြစ်၏ ။ မောင်သစ် တို့ သည် ညနေစာ စား ပြီး မှ သွားရန် ကို ပင် စိတ် တထင့်ထင့် နှင့် သဘောတူ ကြရပေ၏ ။ မောင်သစ် သည် ထမင်း စားပြီး လျှင် ဆရာကြီး ၏ သား မောင်ဟင်္သာ ကို ချီ ရင်း - 


“ ဆရာကြီး ကို ကျွန်တော် က အကြံပေးဖူးတယ် ဆရာကတော် ရဲ့ ။ ကလေး ကို ထောင် ထဲ တစ်ည တလေ ခေါ်ထား ၊ ကျွန်တော် ထိန်းမယ် ။ နို့ဘူး ယူ ထားရင် ပြီးတာပဲ လို့ ကျွန်တော် က ပြောတော့ ဆရာကြီး က ‘ ဖြစ်ပါဘူးကွာ ’ တဲ့ ပြောပြီး ငေး နေတယ် ။ ထောင် ဆိုတာ မချစ်မနှစ်သက်သူ နဲ့ အတူ နေရပြီး ချစ်သူ နဲ့ ကွေကွင်းရတဲ့ ဒုက္ခ ပေါ့ လို့ ပြောတယ် ။ မှန်လိုက် လေ ဆရာကတော် ရယ် ။ ပြီးတော့ ပြောသေးတယ် ။ ‘ ငါ့ သား က မေမေ လို့ ခေါ်တတ်ပြီ ကွ ။ အင်း ... ဘယ်တော့မှ ဖေဖေ လို့ ခေါ်တတ်မလဲ မသိဘူးပေါ့ကွာ ’ တဲ့ ”


သို့ကလို ပြောပြီး မောင်သစ် သည် ငေး နေသည် ။ ဆရာကတော် လည်း ငေး နေသည် ။ သည့်နောက် ဘာမျှ မပြောကြတော့ ချေ ။ နှုတ်ဆက်စကား ပင် မပြောကြတော့ပေ ။


မောင်သစ် နှင့် တိုက်မောင် တို့ သည် ကုက္ကိုင်း မှ ဗဟန်း သို့ လာခဲ့ကြသည် ။ ဗဟန်း မှ ရွှေတိဂုံ ရင်ပြင်တော် ပေါ် သို့ တက် ကြသည် ။ နေကား ဝင်လေပြီ ။ ညနေအေး ၏ ဖြူညို့ ညို့ ရောင်ခြည် တွင် ထို ရွှေတောင်ကြီး သည် နီလာ နှင့် ရွှေသား လို တစ်မျိုး အား ဖြင့် ပသာဒ ရှိ နေ လေ၏ ။ မောင်သ စ်နှင့် တိုက်မောင် တို့ သည် တတ်သမျှ မှတ်သမျှ ကို အကုန် ရွတ်ဖတ် လျက် ဘုရား ဝတ်ပြုကြ၏ ။ ကိုယ်ကာယ အစိတ်ပိုင်း တွင် ရှိသမျှ သော စေတနာ သဒ္ဓါတရား တို့ ကို အကုန် သွန်ထုတ် လျက် ကြည်ညို ကြ၏ ။ သို့ကလို အာရုံစူးစိုက် ဖူးမြော်ခိုက် တွင် ပင် သူတို့ ၏ စိတ် သည် ထောင်တွင်း က စေတီတော် သို့ ပြန် မသွားဘဲ မနေနိုင် ။ သူတို့ သည် ထောင်တွင်း စေတီ ကို တစ်ခါ မျှ သဒ္ဓါညွတ်နူး ပူဇော်ဖူးသည် မရှိခဲ့ ။ ကြည်ညိုလေးစား အာရုံ ထားဖူးသည် မရှိခဲ့ ။ အဘယ့်ကြောင့် ဟူ၍ ကား သူတို့ သည် ကြောင်းကျိုးဆင်ခြင် ထင်မြင် ရိုး မရှိပေ ။


သူတို့ သည် စေတနာ သဒ္ဓါတရား နှင့် ရွတ်ဖတ် နေသော စကားများ မှ တစ်ပါး ပူဇော် ကပ်လှူရန် မပါကြပေ ။ ပန်းမန် လည်း မပါ ၊ ဆီမီးတိုင် လည်း မပါ ၊ ထို့ကြောင့် ဘေးပတ်ဝန်း ကျင် ရှိ သပ္ပုရိသအပေါင်း သူတော်ကောင်း တို့ က လက်ချည်း ပူဇော်ရပါမည်လား ဟု ကဲ့ရဲ့ ရှုတ်ချမှု ပြုကောင်း ပြုပေမည် ။ သို့သော် သူတို့ ကား တုန်လှုပ်ရကောင်းမှန်း မသိပေ ။ ငါတို့ ဆင်းရဲမွဲတေ ၍ ရွှေ မချနိုင် ပေမဲ့ ဒဂုံဆံတော်ရှင် မှာ ရွှေတွေ အိလျက် ရှိနေသည် ။ ငါတို့ ပန်းမန် ဆီမီး မလှူနိုင်အောင် ချို့တဲ့ပေမဲ့ ရင်ပြင်တော် တွင် ဆီမီးတွေ ထိန်လှသည် ။ ပန်းမန်တွေ မြိုင်လှသည် ။ ဘာကြောင့် ဖြစ်ရပါလိမ့် စသည် ဖြင့် လည်း ကတ်သီးကတ်သတ် တွေးတော မနေကြပေ ။ ရွတ်ဖတ် စရာတွေ ကုန် နေ၍ ဝတ်ချ ပြီး လျှင် တည်းစရာ အိမ် ရှာ ဖို့ အရေး ကို သာ အမောသား တွေးကြ ကြံကြ ရလေသည် ။ ဟုမ်းလမ်း ( ပန်းလှိုင်လမ်း ) တွင် တည်းစရာ အိမ် ရှိ ပါတယ် ဟု ဟိတ် ထုတ် ခဲ့သော်လည်း တကယ် မဟုတ်ချေ ။ နောက်ဆုံးတွင် ဘယ်မှာ မှ တည်းအိမ် ရှာ မနေဘဲ ဘုရားရင်ပြင် တန်ဆောင်း တစ်ခု ခု တွင် လွယ်အိတ် ခေါင်းအုံး လျက် တည်းခိုရန် သာ အခိုင်အမာ ဆုံးဖြတ်ကြ လေတော့၏ ။


  •••••   •••••   •••••

 

အသွားအလာ ခက်လှဘိ၏ ။ တွံတေးတူးမြောင်း မှာ ကေအင်ဒီအို လက် ထဲ တွင် ရှိနေသည် ။ ဘိုကလေး မှာ ကွန်မြူနစ် လက် ထဲတွင် ရှိနေရာ သင်္ဘော အသွားအလာ မရှိ ။ မော်တော်များ လည်း မမောင်းရဲ အောင် ဖြစ် နေ ကြသည် ။ ဖျာပုံသင်္ဘော ကား ခါတိုင်း လို မမှန် ။ မော်တော်များ လည်း ခါတိုင်းလို နေ့စဉ် မပြေး ။ တစ်ခါတစ်ခါ အစောင့်အရှောက် ခိုင်လုံမှ အပြုံလိုက် ပြေးကြရ လေသည် ။


သို့ဖြင့် မောင်သစ် နှင့် တိုက်မောင် သည် ဘုရား ပေါ် တွင် ဒုတိယ ည ဆက် အိပ်ရ ပြန်သည် ။ နောက် ည တွင် ကား သင်္ဘော ပေါ် ဆင်း အိပ်ကြသည် ။ သို့ကလို စောင့်ဆိုင်း နေ သော်လည်း မောင်သစ် မှာ ထောင် ထဲ တွင် စောင့်ရ သလို ကြိတ်မနိုင် ခဲမရ ၊ မခံချိ မခံသာ မဖြစ်လှပေ ။ အခါ မကောင်း လို့ ဟု ဖြေနိုင်သည့် ပြင် တိရစ္ဆာန်ရုံ သွားလိုက် ၊ ဈေး လျှောက် ဝယ်လိုက် မလုပ်နိုင် သော်လည်း ကိုင်တွယ် ကြည့်လိုက် ၊ အနံ့ခံ ကြည့်လိုက် ၊ ဇာတ်ရုံ ရုပ်ရှင်ရုံ တွေ ရှေ့ သွား မျှော်လိုက် ၊ ဟို လုပ်လိုက် သည် လုပ်လိုက် ဖြင့် ခပ်ပျော်ပျော် အချိန်ဖြုန်း နိုင် လေသည် ။


မောင်သစ် သည် ပွဲ အလွန် ကြိုက်၏ ။ ထောင် ထဲ တုန်း က ဆိုလျှင် ထောင် ထဲ ပြဇာတ် ကို အထပ် တလဲလဲ သွား ကြည့်မိ၏ ။ ယခု ဇာတ်ရုံ နား ရောက်လျှင် စပါးကြီးညှို့ချက် ခံရ သလို တရစ်ဝဲဝဲ ဖြစ်နေ၏ ။ သို့သော် ယခု ခေတ်ကြီး တွင် ခရီးစရိတ် ကို အတိအကျ တွက် ထား၍ မရ ။ ခရီး သွား လျှင် လိုသုံး လိုမယ် အပိုကလေး ဆောင် ထားဖို့ လိုသည် ။ ပွဲ မကြည့် ရတာ အရေး မကြီးဘူး ။ ရွာပြန် မရောက် ရင် ခက် နေမယ် ။ သူတို့ သည် ရွာ အပြန် တောက်တို မည်ရ အထူးအဆန်းကလေးများ ဝယ်သွား လိုသည် ။ သို့သော် အရန် ငွေကလေး ကို မထိခိုက် စေလို သဖြင့် ဝယ်ချင်သည့် ဆန္ဒ ကို ရင်တွင်း မှာ ပင် သော့ခတ် ၍ ထား လိုက်ရလေ၏ ။ သည် အထဲ တံစဉ်ကလေး နှစ်ချောင်း ကောင်း က ကောင်း သဖြင့် တွေ့နေ ပြန်သည် ။ မောင်သစ် သည် တံစဉ်ဆိုင် သို့ သုံးလေးကျော့ ပြန် ပြန် ရောက်ပြီး အခေါက်တိုင်း ကိုင်တွယ် ကြည့် နေမိသည် ။ 


“ ကဲကွာ ... ဝယ်ချင် ဝယ်ခဲ့ပါကွာ ။ ခရီးစရိတ် မလောက် ရင် ငါ့ ဦးထုပ် ရောင်းပေါ့ကွ ။ တံစဉ် နှစ်ချောင်း ဖိုး တော့ ရတယ် ”


တိုက်မောင် ၏ အားပေး စကားသံ ကြောင့် တံစဉ် နှစ်ချောင်း ကို ဝယ်ဖြစ် ပေ တော့သည် ။ နောက် တစ်နေ့ နံနက် သင်္ဘော ထွက်သော အခါ မောင်သစ် သည် ရေပြင် ကို ကြည့်၍ တအိအိ ပီတိ လှိုင်း ထ နေမိသည် ။ ရေပြင် သည် မောင်သစ် တို့ လို အောက်ပြည် အောက်ရွာ လယ်သမား တို့ ၏ သွေး ထဲ သား ထဲ တွင် ဓာတ်ဖက် ဝင် နေပေ၏ ။ ဟိုဘက် ကမ်း သည်ဘက် ကမ်း ကြည့် မဆုံးနိုင်အောင် ကျယ်သော လယ်ကွင်းပြင် တို့ သည် လည်း မောင်သစ် ၏ မျက်စိ အစုံ ကို ဆွဲငင် ယူပြီး သူ့ အသည်းနှလုံး ကို ချိုး တည် သလို ချော့မြူ ၍ ခေါ်နေ ကြသည် ။ မောင်သစ် သည် ဤ ရေပြင် ကို ချစ်ခင်၏ ။ ဤ ရေပြင် ကို မြတ်နိုး၏ ။ ဤရေ ဤမြေ နှင့် တစ်ပြေးတည်း တစ်သားတည်း သာလျှင် ဖြစ်သော သူ့ ရွာကလေး ကို တမ်းတ မိ၏ ။ သို့သော် ဤ တမ်းတခြင်း ကား သူ့ အား ညှိုးနွမ်း ခွေယိုင်ခြင်း မဖြစ်စေပေ ။ ပြုံးရွင်ခြင်း သာ ဖြစ်စေ လေ၏ ။ ရပ်ရွာ သို့ ရောက်ရပေတော့မည် တကား ။


သင်္ဘော သည် ဖျာပုံ မှာ ခရီး ဆုံး၏ ။ မောင်သစ် တို့ အဖို့ ခရီး မဆုံးသေး ။ အမှန် မှာ အခု မှ ဘေးအန္တရာယ် ထူပြောသော ခရီး စပြီ ။ သူတို့ သည် အပြောင်အရပ် ရှိ ဇနီးသည် မကောင်းဆင့် ၏ ဆွေမျိုးများ ထံ တွင် တည်းခို ၍ ခရီး စနည်းနာ ကြရ၏ ။ ကျုံကန်ကျုံကော် ချောင်းရိုးများ မှ သွား၍ မဖြစ် ။ ကွန်မြူနစ် နှင့် အစိုးရ တိုက်နေကြသည် ။ ကရင်ရွာ တချို့ က လည်း ရှိသေးသည် ။ ဘိုကလေး ဖျာပုံ မော်တော် လည်း မရှိ ။ စိန်ဗေဒါကြီး ပင် မတီး ရဲ ၍ ကမ်း ကပ် နေရသည် ။ ထို့ကြောင့် ကျုံတာ ကျုံတမင်း ရွာ များ သို့ ခြေကျင် လျှောက်ကြ ရလေ သည် ။ ကျုံတာ ကျုံတမင်းရွာ တို့ မှ လှေကြုံ ရှာ၍ ခရီး ဆက်ကြရသည် ။ လှေကြုံ ကို အဆင့်ဆင့် စီး ၍ မရဲ့ရွာ ရောက် ပြန်တော့ သူတို့ ရွာ အရောက် ခြေကျင် လျှောက်ကြ ရ ပြန်သည် ။ ဘေးမသီ ရန်မခ မရဲ့ သို့ ရောက်ခဲ့ရသည် မှာ နှစ်ည တည်းခိုရင်း သူတို့ အကြိမ်ကြိမ် ဝတ်ချ ခဲ့သော ရွှေတိဂုံဘုရား ၏ ကျေးဇူး ပင် ဖြစ်သည် ဟု မောင်သစ် က ယူဆ လို ပေသည် ။ သူတို့ လာခဲ့သော လမ်း တွင် မီးလောင် ထားသော ရွာများ ကို တွေ့ သဖြင့် မေးကြည့်ရာ


အချို့က အစိုးရ ရှို့ လို့ ဟု ဖြေသည် ။ အချို့က အစိုးရ ရှို့ တာ မဟုတ် ၊ ကွန်မြူနစ် ရှို့ တာ ဟု ခတ်၍ ဖြေသည် ။ တချို့က အလံဖြူ ကွန်မြူနစ် ရှို့လို့ ဟုဖြေ၍ ၊ တချို့က မဟုတ်ဘူး အလံနီ ရှို့ တာ ဟု ခတ်၍ ဖြေသည် ။ တချို့က “ ကရင် ရှို့တယ် ” ၊ တချို့ က “ ဟာ မဟုတ်ဘူး ၊ မြန်မာ ရှို့တာ ” ၊ တချို့ က “ ရဲဘော်ဖြူ ရှို့ တယ် ” တချို့က “ ဟာ မဟုတ်ဘူး ၊ အစိုးရ ရှို့ တာ ” စသည် ဖြင့် ဖြေကြသည် ။ သို့သော် အများ က တော့ “ အချင်းချင်း တိုက်ရင်း ရွာတွေ မီး လောင်တယ် ” ဟု ဆိုကြသည် ။ မောင်သစ် မှာ မူ အများ နည်းတူ ပင် ဆို ချင်သည် ။


“ အလံဖြူ ကွန်မြူနစ် ရှို့တာ နေမှာပါပဲ ငသစ် ရာ ၊ မယုံ မရှိနဲ့ ”


“ မယုံဘူးကွာ ၊ မိုးကြည် တို့ ဦးလွင် တို့ တစ်တွေ ဟာ ရွာ ကို မီး ရှို့တယ် ဆိုတာ ဘယ် နည်းနဲ့ မှ မဖြစ်နိုင်ဘူး ။ စိုးကြီး တို့ အလံနီ က လည်း တမင် ရှို့မယ် ဆိုတာ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး ။ ဒီတော့ တိုက်မောင် ရေ ငြင်း မနေနဲ့ ၊ အချင်းချင်း ချ နေကြလို့ ရွာတွေ ကြေ ကုန်တာပဲ ”


သို့ဖြင့် သူတို့ သည် ရွာ နှင့် နီးလာ လေပြီ ။ ထမင်း တစ်အိုးချက် လောက် အချိန် ကြာ လျှင် ရောက်တော့မည် ။ အဝေး တွင် မှိုင်းမှိုင်းညို့ညို့ အုပ်စုကလေး ကို မြင်ကြရပြီ မဟုတ် လော ။ မောင်သစ် မှာ ရွာ ဆီ သို့ ငေး၍ လှမ်း ကြည့်မိသော ကြောင့် ပပ်ကြားအက် ထဲ ခြေ ကျွံ ပြီး ဟပ်ထိုး လဲ မလို ဖြစ်ရသည် မှာ အကြိမ်ကြိမ် ။ ရိုးပြတ် ရှ လိုက်သည် မှာ လည်း ပြောပဲ မပြောချင် ။


နီး၍ နီး၍ လာ သဖြင့် ညို့ညို့မှိုင်းမှိုင်း အုပ်စုကလေး ကြီး၍ ကြီး၍ လာ လေလေ ၊ မောင်သစ် မှာ ဟာတာတာကြီး ဖြစ်လေလေ ။  “ ငါ့ ရွာ ဟုတ်မှ ဟုတ်ကဲ့လား ” ဟု ပင် သူ့ တွင် သံသယ ဖြစ်မိ၏ ။


“ ဘယ်မှာလဲ ၊ အဝေးကြီး က မြင် ရတဲ့ ဦးသာဂရကျောင်း က ပြာသာဒ်ဆောင် ။ ဘယ်မလဲ ဘုရားဒကာ ဦးဖိုးချိတ် ရဲ့ ထီး ။ သစ်ပင်များ ကွယ်နေတာ လေလား ” ဟူသော အထင် ဖြင့် စောင်းငဲ့ ကာ ကြည့်ပါ၍ လည်း မမြင်ရ ။ လမ်းဘေး ဖဲ့ကာ ကြည့်ပါ၍လည်း မမြင်ရ ။ ပြာသာဒ်ဆောင် နှင့် ဘုရားထီး ကို မမြင်ရရုံ ဖြင့် မပြီး ၊ မမြင်ချင်တာတွေ မြင်ရ ပြန်ပါပြီ ။ သစ်ပင် အများအပြား မှာ အကိုင်းမဲ့ အရွက်ဝါတွေ နှင့် ဖြစ် နေကြသည် ။ ဟုတ်ပါပြီ ။ မောင်သစ်  သည် မီးလောင်သင်း သည့် အနံ့ ကို ပင် ရ ပါပြီ ။


အိမ်တိုင်း မှာ မီးသွေး နှင့် ပြာ သာ ဖြစ်ကြလေကုန်ပြီ ။ ပြာပုံကြား မှ မီးသွေးတိုင်များ ရပ်လျက် နေကြသည် မှာ မောင်သစ် တို့ အား တစ္ဆေ ခြောက် ပြနေ သကဲ့သို့ ရှိပေ၏ ။ 


“ ဘယ်မှာလဲ တို့ အိမ် ။ ဘယ်မှာလဲ တို့ အစ်ကိုကြီး ရဲ့ ညိုကြီး နဲ့ ထိပ်ကျား ။ ဘယ်မလဲ မယား ကောင်းဆင့် ။ ဘယ်မလဲ မြေ ဝေ ပေးမယ့် ကောင်တွေ ။ ဘယ် မြေ သွား လုပ်ရမလဲ ။ ဒီ တံစဉ် တွေ ကို ကော ဘာ သွား လုပ်ဦးမလဲ ”


မောင်သစ် သည် တံစဉ်တွေ ကို ပြာပုံ ထဲ သို့ လွှင့်ပစ် လိုက် ချင်၏ ။ သို့သော် လူ သည် ဘယ့်လောက် ခက်ခက် ဘဝ ကို တွယ်တာ သကဲ့သို့ မောင်သစ် သည် တံစဉ် ကို တွယ်တာပေ၏ ။ မောင်သစ် ရော တိုက်မောင် ပါ သက်ပြင်းကြီး ချ ကြပြီး တစ်ယောက် ကို တစ်ယောက် ခိုကိုးရာ မဲ့ စွာ သော ကြည့်ခြင်း ဖြင့် ကြည့် လိုက်ကြ၏ ။ နှစ်ယောက် စလုံး ပင် ထောင် ထဲ က အော် သလို “ အားလုံး ကောင်းပါသည် ခင်ဗျား ” ဟု အော် လိုက် ချင်တော့၏ ။


သို့သော် မီးလောင် မြေပြ င်ကို ကျော်ဖြတ် ၍ ခပ်လှမ်းလှမ်း ၌ မပျက်မစီး အဓွန့် တည် ကျန်ရစ် နေသော အရာ တစ်ခု ကို သူတို့ မြင်ကြရ၏ ။ ထို အရာ ကား ကိုဖိုးကျယ် ၏ ဓနိခြံ နှင့် တဲအိမ် ပင် ဖြစ်၏ ။ ကိုဖိုးကျယ် ကား အခြားသူ မဟုတ် ၊ မောင်သစ် တို့ ဓားပြတိုက် နိုင်ရန် လက်နက် ငှား လိုက်သော ဝေစုစား အခါပေး ဆရာကြီး ပင် ဖြစ်ပေသည် ။ သူ ကား ထောင်ဒဏ် လည်း မရ ၊ မီးဘေး လည်း မသင့် ။ ကိုဖိုးကျယ် ၏ ခြံ မှ အုန်းပင် နှစ်ပင် သည် လည်း မားမားမတ်မတ် ရပ်တည်လျက် ရှိရာ အုန်းလက်များ မှာ ကား လေပြည်အေး တွင် လက်ယပ် ခေါ်နေ သည် နှင့် တူသေးတော့၏ ။


“ လာကွာ ၊ ကိုဖိုးကျယ် တဲ သွားပြီး သတင်းကလေး ဘာလေး စနည်းနာကြဦးစို့ရဲ့ ” 


သူတို့ သည် ခြေကုန်လက်ပန်း ကျသွားခဲ့ပြီ ဖြစ်သော်လည်း ကိုဖိုးကျယ် ၏ ခြံ သို့ ဆက်၍ သာ လျှောက် ကြရ၏ ။ ရွာ အပြန်လမ်း တွင် သူတို့ သည် ခပ်မော့မော့ ခပ်မြန်မြန် လှမ်းလာကြသော နွား တစ်ရှဉ်း နှင့် တူ၏ ။ မနီးမဝေး ရှိ ကိုဖိုးကျယ် ၏ တဲ သို့ အသွားလမ်း တွင် ကား ဒူးကြိုး နှင့် ခေါင်းကြိုး ပြတ် နေသော အရုပ်များ နှင့် သာ တူတော့၏ ။ “ အားလုံး ကောင်းပါသည် ခင်ဗျား ” ဟူ သော ထောင် ထဲ က အသံ ကို လည်း ကြားယောင်ယောင် ။


◾နိဂုံး


“ ဪ …. မောင်သစ် နဲ့ တိုက်မောင် ရွာ မှ ပြန် ရောက်ကြပါ့မလား ” 


အမေရိကန် နိုင်ငံခြားရုံး က မြန်မာပြည် ၏ ကွန်မြူနစ် နံပါတ် ၁ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ၏ ပုလိပ်အဖွဲ့ နှင့် တရားလွှတ်တော်ချုပ် တို့ က ကြောက်စရာ ကောင်းသော ကွန်မြူနစ် ။ သခင်စိုး က ရွှေပြည်အေး ကိုယ်တော် ။ အများပြည်သူ တို့ က တက်ဘုန်းကြီး စသည် ဖြင့် ခေါ်ဝေါ် ကြ သော ဤ စာရေးသူ သည် ဤသို့ လျှင် အကြိမ်ကြိမ် စိုးရိမ် ပူပန်လျက် ရှိပေ၏ ။


“ ဪ … မောင်သစ် နှင့် တိုက်မောင် ရွာ ကို မှ ပြန် ရောက်ကြပါ့မလား ”


◾သိန်းဖေမြင့်


📖 သွေးသောက် မဂ္ဂဇင်း

      အမှတ် - ၄၅ 

      အောက်တိုဘာ ၊ ၁၉၄၉ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment