Friday, February 16, 2024

ဝတ္ထု ဝိညာဉ် ဝတ္ထု အသက် ( ဒေါ်ခင်ဆွေဦး နှင့် တွေ့ဆုံခြင်း )


 

❝ ဝတ္ထု ဝိညာဉ် ဝတ္ထု အသက် ❞

( ဒေါ်ခင်ဆွေဦး နှင့် တွေ့ဆုံခြင်း )

ဒီ လ တွေ့ဆုံပေးဖို့ စာတည်းအဖွဲ့ က တာဝန် ပေး သူ ကတော့ လုံးချင်းဝတ္ထု ပေါင်း ၅၁ အုပ် ၊ ဝတ္ထုရှည် ပေါင်း ၁ဝ ပုဒ် ၊ ဝတ္ထုတို အပုဒ် ပေါင်း ၃၀ဝ ကျော် ရေးပြီး တဲ့ ဆရာမကြီး “ ဒေါ်ခင်ဆွေဦး ” ပဲ ဖြစ်ပါတယ် ။ ဒေါ်ခင်ဆွေဦး ရဲ့ စာရေးသက် ဟာ ၃၆ - ၃ရ နှစ် ရှိနေပါပြီ ။ ဒါပေမဲ့ ကျွန်တော် တို့ လစဉ် အစီရင် ခံထား သလိုပါပဲ ။ တွေ့ဆုံ ပေးတဲ့ နေရာ မှာ စာရေးဆရာ ၊ အနုပညာရှင်များ နဲ့ ဝါစဉ် အရ မဟုတ်ဘဲ စာတည်းအဖွဲ့ ရဲ့ လုပ်ငန်း အဆင်ပြေမှု ပေါ် မှာ မူတည် ပြီး တွေ့ဆုံ ပေး သွားမှာ မို့ ဒီ လ မှ ပဲ ဒေါ်ခင်ဆွေဦး နဲ့ တွေ့ဆုံ ပေးခွင့် ကြုံ ရတာ ကို စာချစ်သူများ နားလည် သဘောပေါက်မယ် လို့ ယူဆ ပါတယ် ။

စာရေးဆရာကြီး “ မဟာဆွေ ” ဆိုရင် တစ်ခေတ် က စာချစ်သူများ ၊ အသည်းစွဲ မျိုးချစ်စာရေးဆရာကြီး တစ်ဦး ဖြစ်ခဲ့ပါတယ် ။ ဆရာကြီး ရဲ့ ဇာတ်ကောင်တွေ ဟာ ခေတ် လူငယ်တွေ ကို ကာယ ၊ ဉာဏ တိုးတက် ဖွံ့ဖြိုး လာအောင် ၊ မျိုးချစ်စိတ် ထက်သန် လာအောင် လှုံ့ဆော်ပေး နိုင်ခဲ့သလို ဆရာကြီး နဲ့ ဒေါ်ကြည်ကြည် တို့ ရဲ့ သမီးကြီး ဒေါ်ခင်ဆွေဦး က လည်း သူ့ ခေတ် ရောက် ပြန်တော့ အဖေ့ ခြေရာ ကို ဆက် နင်း ပြန်ပါ တယ် ။ ဒေါ်ခင်ဆွေဦး အကြောင်း ပြောကြ စတမ်း ဆိုရင် “ တို့တိုင်းဌာနီ ” ၊ “ အင်ကြင်းရဂုံ ” စတဲ့ အမျိုးသား ရေး အပြည့်အဝ ပါ တဲ့ ဝတ္ထုတွေ ချန်လှပ် ခဲ့လို့ မရပါဘူး ။ သူ့ ဝတ္ထု တွေ ကို ဖတ်ရင်း စိတ်ဓာတ် ပြန်လည် တက်ကြွ ခဲ့ရပါတယ် လို့ စာပေ ဆွေးနွေးပွဲတွေ မှာ စာဖတ် ပရိသတ် က လှိုက်လှိုက်လှဲလှဲ ပြောခဲ့ကြ ဖူးပါတယ် ။

  •••••   •••••   •••••

“ ကျွန်တော်တို့ ဒီနေ့ မြန်မာစာပေ လောက မှာ အဖေ စာရေးဆရာ ၊ သား စာရေးဆရာ ၊ သမီး စာရေးဆရာ စသည် ဖြင့် မိသားစု စာရေးဆရာတွေ ရှိပါတယ် ။ အခု ကျွန်တော် တွေ့ဆုံ နေတဲ့ မမ ဆိုရင် လည်း ဆရာကြီး မဟာဆွေ ရဲ့သမီး ၊ ဒီတော့ ကျွန်တော် သိချင်တာ က ဒီလို မိသားစု စာရေးဆရာ ဖြစ်လာတာ က ဖခင် ၊ မိခင် တို့ရဲ့ ဗီဇ ကြောင့် လား ၊ ဒါမှမဟုတ် ပတ်ဝန်းကျင် ကြောင့် လို့ ဆို မလား ၊ မမ ကို ကော ဆရာကြီး က စာရေးဆရာမ တစ်ယောက် ဖြစ်လာအောင် ဘယ်လို ပြုစု ပျိုးထောင် ပေးခဲ့ပါသလဲ ”

“ ကျွန်မ အမြင်ကတော့ စာရေးဆရာ သားသမီး ပဲ ဖြစ်စေ ၊ တခြား တစ်ဦး ဦး ပဲ ဖြစ်စေ စာရေးဆရာ ဖြစ်လာ တာ က ပတ်ဝန်းကျင် လွှမ်းမိုးမှု ကြောင့် လို့ ပဲ မြင်ပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်မ အဖေ ဆိုရင် ကျွန်မ ကို စာရေးဆရာ ဖြစ်အောင် တိုက်ရိုက် ပြုစု ပျိုးထောင်ပေးမှု မရှိပေမယ့် လည်း တစ်ခု ရှိတာ က ကျွန်မတို့ မှာ ညီအစ်မ နှစ်ယောက် ရှိတယ် ။ ကျွန်မ က စာရေးဆရာ ဖြစ်ခဲ့ ပေမယ့် ညီမလေး က စာရေး ဆရာ မဖြစ်ခဲ့ဘူး ။

ကျွန်မ က သမီးအကြီး ဆိုတော့ အဖေ က Training ပေးတဲ့ နေရာ မှာ သူ နဲ့ အနီးကပ်ဆုံး ကျွန်မ ကို ပေး တယ် ။ အဲဒီအခါ ကျတော့ ကျွန်မ က အဖေ ကို ချစ်တဲ့ စိတ် ၊ ခင်မင်တဲ့ စိတ် ၊ လေးစားတဲ့ စိတ် သာ ချင် လည်း သာမယ် ပေါ့လေ ။ ပြောရမယ် ဆိုရင် ထုံးစံ လို ဖြစ်နေတာ က အကြီး ဆိုတာ အဖေ နဲ့ ပူးတွဲ နေလေ့ ရှိပြီး အငယ် ကတော့ အမေ နဲ့ ပဲ အမြဲ ပူးတွဲ နေလေ့ ရှိတယ် မဟုတ်လား ။ အဲဒီ အခါ ကျတော့ ဖေဖေ့ လို ဖြစ်ချင် တဲ့ စိတ် ၊ ဖေဖေ့ ကို အတုခိုးချင်တဲ့ စိတ် ၊ ဒါတွေက ဖေဖေ့ ကို မြင်ပြီး ပေါ်လာတာ တွေပါ ။

နောက် တစ်ချက် က လည်း ကျွန်မတို့ အိမ် က စာရေးဆရာအိမ် ဆိုတော့ စာအုပ် က အပြည့် ရှိတယ် ။ ဒါက တော့ မဆန်းဘူးပေါ့ လေ ။ မုဆိုးအိမ် မှာ မုဆိုးကိရိယာ ရှိသလို ၊ ကုန်သည် အိမ် မှာ ဆိုရင် ချိန်ခွင်ကတ္တား ရှိ သလိုပါပဲ ။ အိမ် မှာ စာအုပ် ရှိတော့ စာ ဖတ်ဖြစ်တာပေါ့ ။ အဲဒီ စာတွေ က လည်း ကျွန်မ စာ ရေးချင် စိတ်ကို လှုံ့ဆော် ပေးခဲ့ပါတယ် ။

ကျွန်မ မှတ်မိတာ က တော့ ကျွန်မတို့ ငယ်ငယ် ၅၁ လမ်း မှာ နေတုန်း က ကျွန်မ အသက် က ၁၈ - ၁၉ လောက် ရှိဦးမယ် ။ ဖေဖေ ဆုံးခါနီး အချိန် ပေါ့ ။ အဲဒီတုန်း က ဖေဖေ စွဲ ဖတ်တာ တစ်ခု ရှိတယ် ။ “ အလက် ဇန္ဒားဒူးမား ( စ် ) ” ရဲ့ စာအုပ် ပါပဲ ။ အလက်ဇန္ဒားဒူးမား ( စ် ) က စီနီယာ နဲ့ ဂျူနီယာ ရှိတယ် ။ သားအဖ စာရေးဆရာ ပေါ့ ။ အဖေ က တော့ ရေး ခဲ့တာ တွေ တော်တော် များပါတယ် ။ လူသိများ တဲ့ သူရဲကောင်း သုံးယောက် တို့ ၊ မွန်တီခရစ်တို တို့ လေ ။ ကျွန်မ က တော့ သူ ရေးတဲ့ Adventures တွေ ဖတ်တယ် ။ ဖေဖေ က တော့ သား ရေးခဲ့တဲ့ ဝတ္ထုတွေ ကို ပိုပြီး သဘော ကျတယ် ။ များများတော့ မဟုတ်ပါဘူး ။ တစ်အုပ်တည်း ပါ ။ “ ကယ်မလီ ” ဆို တဲ့ ဝတ္ထု ပါ ။ ဒူးမားအငယ် က ဒီ တစ်အုပ် ပဲ ရေးခဲ့တာပါ ။

အဲဒီ ဝတ္ထု ဖတ်ဖို့ ဖေဖေ က ပြောတဲ့ အချိန် မှာ ကျွန်မ သိပ် မဖတ်တတ်သေးဘူး ။ သို့သော် သူ ပြောတဲ့ အချိန် မှာ ပဲ ဖတ်ခဲ့ပြီး အချစ်ဝတ္ထု ရေး ဖို့ စိတ်ဝင်စား လာတယ် ။ အဲဒီ ဝတ္ထု က နေ နောက်ပိုင်း မှာ ကျွန်မ ရေး တဲ့ “ ဥမ္မာ ” တို့ ဘာတို့ ဖြစ် လာတာပေါ့ ။

အဲဒီတော့ ကိုဝင်းငြိမ်း မေးတဲ့ မေးခွန်း ကို ကျွန်မ ချုပ်ပြီး ပြောရရင် ကျွန်မ စာ ရေးချင်စိတ် ပေါ် လာတာ ဟာ ပတ်ဝန်းကျင် ကြောင့် ပေါ့ ။ ဖေဖေ့ ဆီ ကို လာ ကြတဲ့ မျိုးချစ်လူငယ်တွေ ကို ကြည့် ပြီး ကျွန်မ ရင် ထဲ က ဇာတ်ကောင် တွေ ကို ဖန်တီး ခဲ့ပါတယ်လို့ ပဲ ဖြေ ပါရစေ ”

“ ဒါဆို ဆရာကြီး က မမ ကို တိုက်ရိုက် လေ့ကျင့် ပေး သွားတာတော့ မဟုတ်ခဲ့ဘူးပေါ့ ”

“ မရှိခဲ့ပါဘူး ။ တစ်ခုတော့ ရှိတယ် ။ ဆန်းတယ် ပြောရမလားဘဲ ။ ဖေဖေ က ကျွန်မ ကို စာရေးဆရာ မဖြစ် စေချင်ခဲ့ဘူး ။ အဲဒီတုန်း က စာရေးဆရာ ဆိုတာ က လည်း အခြေအနေ သိပ် မခိုင်လုံဘူးလေ ။ ကျွန်မ တို့ စာရေးဆရာ ဖြစ် လာရင် သူ့ လိုပဲ ဒုက္ခ ရောက် မှာ သူ စိုးရိမ်ခဲ့တယ် ။ ဖေဖေ ရော မေမေ က ကျွန်မတို့ ကို စာတတ် ပုဂ္ဂိုလ် ပဲ ဖြစ် စေချင်တယ် ။ ဒါပေမဲ့ ကျွန်မ အနေ နဲ့ က ဖေဖေ့ ကို ကြည့်ပြီး အားကျတာ လည်း ပါတယ် ။

ဖေဖေ က ကျွန်မတို့ ကို လူတော်လူကောင်းလေးတွေ ဖြစ် လာအောင်ပဲ ပြုစု ပျိုးထောင်တယ် ။ သတ္တိ ရှိရ မယ် ၊ ဇွဲ ရှိရမယ် ၊ တစ်ခု တော့ ရှိတယ် ။ အဲဒီ သတ္တိ ရှိအောင် ပြုစု ပျိုးထောင်ခဲ့တာ ကို က ပဲ စာရေးဆရာ ဖြစ် အောင် စေ့ဆော်တဲ့ အချက် ထဲ မှာ တစ်ခု တော့ အပါအဝင် ဖြစ်မယ်ထင်ပါတယ် ”

“ မမ ဘယ် အရွယ် လောက် က စပြီး စာ ရေးခဲ့တာလဲ ”

“ ကျွန်မ အသက် ၁၂ နှစ် သမီး လောက် မှာ အိမ် ကို သတင်းစာသမားတွေ ၊ စာရေးဆရာတွေ အဝင်အထွက် များလာတယ် ။ အဲဒီ အထဲ မှာ သူရိယသတင်းစာတိုက် မှာ လုပ်ဖူးခဲ့တဲ့ ဦးသိမ်းမောင် က “ သံတော် ဆင့် ” သတင်းစာ ဆိုပြီး သတ်သတ် လုပ်တယ် ။ သံတော်ဆင့် သတင်းစာ အယ်ဒီတာ က ဦးထွန်းအိမ် တဲ့ ။ စာရေးဆရာ သတိုးအိမ် ပေါ့ ။ သူ က ကျွန်မ စာ ရေးတာ ဝါသနာ ပါတာလေး ကို သိတဲ့ အတွက် ရေးပါလား လို့ တိုက်တွန်းတယ် ။ အဲဒီတုန်း က ၁၂ နှစ် သမီး အမြင် နဲ့ ဝတ္ထုတိုကလေးတွေ ၊ ဆောင်းပါးတိုကလေး တွေ ရေးခဲ့တာပါပဲ ။ သံတော်ဆင့် မှာ က တနင်္လာနေ့ တိုင်း ၁၄ နှစ်အောက် ကလေးများ ကဏ္ဍ ပါ တော့ ကျွန်မ တို့ လည်း ပါ သွားတာပေါ့ ။ အဲဒီတုန်း က ၁၉၄၆ - ၄၇ လောက် ပဲ ရှိမယ် ။

အဲဒီက နေ ပြီးတော့ အသက် ၁၅ နှစ် ၊ ၁၆နှစ် ။ ရှစ်တန်း ၊ ကိုးတန်း လောက် ရောက် လာတဲ့ အခါမှာ ' ရှုမဝမဂ္ဂဇင်း ' ကလေးစာပေ ကဏ္ဍ မှာ ဆက် ရေး ဖြစ်ခဲ့တယ် ။ အဲဒီမှာ ရေး ရင်း ကျွန်မ ဆယ်တန်း အောင် သွားပြီး တက္ကသိုလ် ရောက် သွားတော့ ' တက္ကသိုလ် ဆိုတာ ' ၊ ' တက္ကသိုလ် နံရံစာများ ' စတဲ့ ခေါင်းစဉ်တွေ နဲ့ တက္ကသိုလ် အတွေ့အကြုံတွေ ရေးခဲ့တယ် ။ ရှုမဝ မှာ ပါပဲ ။ အဲဒီတုန်း က ရေး ခဲ့ တာတွေ ကတော့ ဆောင်းပါး ဝတ္ထု ပုံစံ တွေ လေ ။ ကျွန်မ က ဆရာသိပ္ပံမောင်ဝ ရဲ့ ဆောင်းပါးတွေ  ၊ သူ့ ရေးဟန် တွေ ကို သိပ် သဘော ကျတယ် ။ အဲဒီ အချိန် က တော့ ၁၉၅၀ - ၅၁ - ၅၂ လောက် ရှိမယ် ။

နောက် သွေးသောက် မှာ ရုရှားရုပ်ရှင် တစ်ခု ကို နှစ်ခါပြန် သုံးခါပြန် ကြည့် ပြီး ဘာသာပြန်ဝတ္ထု ရေး ဖူးသေးတယ် ။ ရုပ်ရှင်ကား နာမည် က ' အော်စကာ ' ။ ကျွန်မ က ' ဪ အော်စကာ ၊ အော်စကာ ' ဆို တဲ့ နာမည် နဲ့ ရေးခဲ့တယ် ။ ၁၉၅၆ - ၅ရ လောက် မှာ အိမ်ထောင် ကျ ပြီး မန္တလေးတက္ကသိုလ် ရောက် သွားတော့ မန္တလေး တက္ကသိုလ် ရဲ့ အတွေ့အကြုံတွေ ကို မဂ္ဂဇင်း ဝတ္ထုရှည် အဖြစ် ရေး ပို့ ဖူးသေး တယ် ။ ဒါပေမဲ့ အရွေး မခံခဲ့ရဲဘူး ။ မအောင်မြင်ခဲ့ဘူး ။

၁၉၅၇ - ၅၈ လောက် မှာ သွေးသောက် မှာ မပန်သာသည် ဆိုတဲ့ ဝတ္ထုရှည် နဲ့ မြဝတီ မှာ မျှော်မျှော်သူ မောရှာတယ် နှစ်လ ဆက် ဝတ္ထုရှည် တွေ စ ပါ လာတယ် ။ အဲဒါ ပြီးတော့ ကျွန်မ ရန်ကုန် ပြန် ပြောင်း လာတယ် ။ စိန်ဂျွန်းကွန်ဗင့်ကျောင်း ( အခုတော့ အ.ထ.က ၂ လသာ ပေါ့ ) ဆရာမ ဝင် လုပ်တယ် ။ အဲဒီ မှာ ကျွန်မ ဘယ်သူတွေ နဲ့ တွေ့ရသလဲ ဆိုတော့ ဗရင်ဂျီ မယ်သီလရှင် အိုင်းရစ်လူမျိုး တွေ နဲ့ တွေ့ရ တယ် ။

အိုင်းရစ် တွေ ဟာ မျိုးချစ်စိတ် ပြင်းသူတွေ ဆိုတော့ သူတို့ က လည်း သူတို့ တိုင်းပြည် အကြောင်း ပြော ၊ ကျွန်မ ကလည်း ကျွန်မတို့ တိုင်းပြည် အကြောင်း ပြော ကြရင်း က တို့တိုင်းဌာနီ ကို ရေး ဖို့ စ စိတ်ဝင် စားခဲ့တာပါပဲ ”

“ ဒါဆို မမ ပထမ လုံးချင်းပေါ့ ”

“ ဟုတ်ပါတယ် ”

“ တို့တိုင်းဌာနီ မှာ မမ က ရဲဘော်သုံးကျိပ် ရဲ့ သမိုင်းနောက်ခံ ထား ရေးထားတာ တွေ့ရတယ် ”

“ ဒါနဲ့ ပတ်သက်လို့ ကျွန်မ ဘာကြောင့် ရာဇဝင် နောက်ခံ ထားရေးရတယ် ဆိုတာ ကို အရင် ပြောချင် ပါတယ် ။ လူ ဆိုတာ လူ့ သမိုင်း ဖြစ်စဉ် နဲ့ တွဲ နေပါတယ် ။ သမိုင်းကြောင်း ကို ကျွန်မ တို့ ရှောင်လို့ မရ ဘူး ။ ကျွန်မ တို့ ဆိုရင် အသက် ရှစ်နှစ် ၊ ကိုးနှစ် အရွယ် မှာ ဒုတိယကမ္ဘာ စစ် ကို မီ လိုက်တယ် ။ အနိဠာရုံ တွေ ကို လည်း တွေ့ လိုက်ရတယ် ။ ဗိုလ်ချုပ်အောင်ဆန်း စတဲ့ ခေါင်းဆောင်ပိုင်း ရဲ့ လှုပ်ရှားမှုတွေ ကို လည်း တွေ့ လိုက်ရတယ် ။ ဒီလို ကလေး ဘဝ က တွေ့ လိုက်ရတဲ့ သမိုင်း ဖြစ်စဉ်တွေ က ရင် ထဲ မှာ စွဲ နေတယ် ။

ကျွန်မ ဝတ္ထု ရေးလာတဲ့ အချိန် မှာ သမိုင်း ဖြစ်စဉ် နောက်ခံ မြင်ကွင်းကျယ် ကို အားထား လေ့ ရှိပါ တယ် ။ ' တို့တိုင်းဌာနီ ' မရေးခင် ကျွန်မ ဖတ်ရ သလောက် နိုင်ငံတကာ အဆင့်မီ စာအုပ်တွေ မှာ ဆို ရင် နောက်ခံကား မြင်ကွင်းကျယ် ရင် ကျယ် သလောက် ပရိသတ် ရင် ထဲ မှာ စွဲ စေတာ ကို တွေ့ရပါ တယ် ။ ဥပမာ ဆိုရင် ကျွန်တို့ မြန်မာ စာဖတ် ပရိတ်သတ်တွေ ရင်းနှီးပြီး ဖြစ်တဲ့ ' စစ်နဲ့ ငြိမ်းချမ်းရေး ' တို့ ' လေရူးသုန်သုန် ' တို့ ၊ လူတန်းစား တစ်ရပ်လုံး ကို ခြုံငုံပြီး ရေးတဲ့ ပါးလ်ဘတ်ခ် ရဲ့ ' ဂွဒ်အား ( တ် ) ' တို့ ဆို ရင် နောက်ခံကား ကျယ်ပြန့်တယ် ။ ကျွန်မ လည်း အဲဒါမျိုး ရေး ဖို့ စိတ် သန်ခဲ့တယ် ။

အဲဒီလို စိတ်သန်တော့ ကျွန်မ ရေးတဲ့ ဝတ္ထု မှာ စာဖတ် ပရိသတ် စွဲငြိအောင် သမိုင်းအကြောင်း နောက်ခံ ရေးရင် ကောင်းမလား ဆိုပြီး ရေး ခဲ့တာပါပဲ ။ ဖန်တီး ကြည့်ခဲ့တာပါပဲ ”

နောက်ပြီးတော့ ' တို့တိုင်းဌာနီ ' မှာ ဗိုလ်သူရ ကို အဓိက ဇာတ်ဆောင် အဖြစ် ဖန်တီး လိုက်ခြင်း ဖြင့် ဒီ ခေါင်းဆောင် ရဲ့ အတွေး ၊ အယူအဆတွေ ဟာ အများစု နဲ့ ပဲ ဆက်စပ်ပြီး တွေးမလားဘဲ  ဆိုတဲ့ အချက် ရယ် ၊ ပြီးတော့ လူ အစစ်တွေ ကို ထည့် လိုက်တဲ့ ရည်ရွယ်ချက် က တော့ ဘက်ဂရောင်း ကို ကိုင်တဲ့ နေရာမှာ နေရာ နဲ့ အချိန်အခါ ဟန်ချက် မိဖို့ လို လာတယ် ။ ဒါ ဝတ္ထု ရဲ့ သဘောတရား ပါ ။ ရဲဘော်သုံးကျိပ် ကို ထည့် လိုက်ခြင်း အား ဖြင့် ပရိသတ် ရင် ထဲမှာ ပိုပြီး Realistic ဖြစ် လာအောင်ပါ ”

“ ကျေးဇူးတင်ပါတယ် မမ ။ ကျွန်တော် တို့ နောက် တစ်အုပ် ဆက် ကြရအောင် ။ ' အင်ကြင်းရဂုံ ' မှာ အဓီက ဇာတ်ဆောင် နှစ်ယောက် ဖြစ်တဲ့ ကိုထိန်ဝင်း နဲ့ မေသက် တို့ Family Relationship နဲ့ ပတ်သက်ပြီး ဆွေးနွေး ကြတာ တွေ့ရပါတယ် ။ ဒီနေ့ သတင်းစာတွေ မှာ ကြော်ငြာ ကဏ္ဍာတွေ ကို ကြည့် ရင် အိမ်ထောင်ရေး အဆင် မပြေတဲ့ ကြော်ငြာတွေ တော်တော်များများ တွေ့ရပါမည် ။ အိမ်ထောင်သည် တစ်ယောက် ဖြစ်တဲ့ မမ အနေနဲ့ အဲဒီလို ကြော်ငြာမျိုးတွေ နည်း သွားရအောင် တစ်နည်း အားဖြင့် သာယာ တဲ့ အိမ်ထောင် တည်ဆောက် နိုင် အောင် ဘယ်လို ကျင့်သုံးသင့်တယ် လို့ မြင်ပါသလဲ ”

“ အဲဒီမှာ အချက် နှစ်ချက် ကို ကျွန်မ ပြော သွားတယ် ။ ပထမ အချက် က အချစ် ၊ ဒုတိယ အချက် က နားလည်မှု ။ အိမ်ထောင်ရေး သာယာဖို့ ဆိုတဲ့ နေရာမှာ တစ်ယောက် ကို တစ်ယောက် ချစ် ရုံနဲ့ပဲ မပြီးဘူး ။ တစ်ယောက် ကို တစ်ယောက် နားလည်ရမယ် ။ တစ်ယောက် နဲ့ တစ်ယောက် နားမလည် ဘူး ဆိုရင် ချစ်တဲ့ အတိုင်းအတာ ဟာ လည်း လျော့ပါး သွားနိုင်တယ် ။

ကျွန်မ ဖန်တီးထားတဲ့ မေသက် ဆိုတာ က နိုင်ငံရေးသမား ဇာတ်ဆောင် ၊ သူ ကြိုက်တဲ့ သူ က လည်း နိုင်ငံရေးသမား ပဲ ။ နိုင်ငံရေးသမား အိမ်ထောင်သည် တွေ ရဲ့ ဘဝ ဟာ ပိုပြီး ကြမ်းတမ်းပါတယ် ။ အဲဒီလိုပဲ သာမန် ဇာတ်ဆောင် ရိုးရိုးလူ တွေ လည်း အိမ်ထောင်သည် ဘဝ မှာ တော့ အခက်အခဲ ကို ရင်ဆိုင် ရုန်းကန်ကြရတာ ချည်းပါပဲ ။

အချစ် ဆိုတာ ကို ကျွန်မ ထပ် ပြောချင်ပါသေးတယ် ။ လူငယ် ရဲ့ သဘာဝ မှာ အချစ် ဆိုတာ ရှိနေမှာ ပဲ ကိုး ။ အချစ် မှာ စိတ်လှုပ်ရှား ပြီး ချစ် တဲ့ အချစ် နဲ့ အကြောင်း တစ်စုံတစ်ခု ကြောင့် ချစ်ရတဲ့ အချစ်ရယ် လို့ ရှိတယ် ။ Emotion နဲ့ Reason လို့ ပြောရမှာပေါ့ ။ ဒါကတော့ ယေဘုယျ သတ်မှတ်ချက်ပါ ။ စိတ် လှုပ်ရှားမှုကြောင့် ချစ်ခဲ့ ရ တဲ့ အချစ် က မခိုင်လုံတဲ့ သဘော ရှိတယ် ။ Reason နဲ့ ရွေးတဲ့ အချစ် ကတော့ ခိုင်မြဲ တတ်ပါတယ် ။

ကျွန်မ က တော့ လောလောဆယ် ' ခရစ်ရှနာမာတီ ' ဆိုတဲ့ စာဟောဆရာကြီး ဟောတာ ကို သဘော ကျတယ် ။ သူ က အချစ် နဲ့ ပတ်သက်ပြီး တော့ ဘယ်လို ပြောသွားသလဲ ဆိုတော့ အချစ်တွေ ထဲ မှာ တဲ့ ပုဂ္ဂိုလ် ကို လေးစား ပြီး တော့  ချစ်တဲ့ အချစ် က အခိုင်မြဲဆုံး ပဲ တဲ့ ။

ကျွန်မ က လူငယ်တွေ ကို ဒီ ' ခရစ်ရှနာမာတီ ' ပြောသွားတဲ့ အချစ် သဘောတရား နားလည် စေချင် တယ် ။ ပုဂ္ဂိုလ် တစ်ဦး ကို လေးစားပြီး ချစ် ရင် ဒီ အချစ် ဟာ ဘယ်တော့ မှ မပြယ်ဘူး ။ ဥပမာ - ကျွန်မ ဘာသာရေး နဲ့ ပြောရမယ် ဆိုရင် ခရစ်ယာန် ၊ မဟာမေဒင် ၊ ဗုဒ္ဓဘာသာ ဆိုပြီး ရှိကြတယ် ။ ကျွန်မတို့ က ဘာသာရေး ပုဂ္ဂိုလ်ကြီးတွေ ကို ကိုယ့် ဘာသာရေး နဲ့ ကို ကြည်ညို လေးစားပြီး ချစ်ကြတယ် ။ ဒီမှာ Faith ပါ လာတယ် ။ လေးစားပြီး ချစ်ခင်တော့ ဒီမှာ ယုံကြည်မှု ပါ လာတယ် ။

လောကီ အိမ်ထောင်ရေး မှာ လည်း ဒီလို လေးစားပြီး ချစ်ခင်ယုံကြည်မှု ရှိ လာမယ် ဆိုရင် ဘယ်တော့ မှ ကွဲမှာ မဟုတ်တော့ဘူး လို့ ကျွန်မ ထင်တယ် ”

“ ' အင်ကြင်းရဂုံ ' မှာ လူငယ် ဇာတ်ဆောင် နှစ်ယောက် ဖြစ်တဲ့ လဲ့ဝင်း နဲ့ ဉာဏ်ဦး တို့ ရဲ့ အရည်အသွေး ကို မေသက် က ယှဉ် စဉ်းစားတဲ့ နေရာ မှာ ဉာဏ်ဦး ဟာ ဗီဇ ကို က ကောင်း လို့ပဲ လို့ မှတ်ချက်ချတာ တွေ့ရတယ် ။ လဲ့ဝင်း ဆိုတာ ထက်မြက်တဲ့ မိဘ နှစ်ပါး က ပေါက်ဖွား ခဲ့တဲ့ သမီး တစ်ယောက် ပါ ။  ဉာဏ်ဦး ကတော့ ငယ်ငယ် ကတည်း က မိဘနှစ်ပါးစလုံး ကွယ်လွန် ခဲ့ တာ မို့ ကိုယ်ထူး ကိုယ်ချွန် ရုန်းကန်ခဲ့ရတဲ့ လူငယ် တစ်ယောက် ဖြစ်တယ် ။ ဉာဏ်ဦး က ဗီဇ ကောင်း လို့ လူတော် တစ်ယောက် ဖြစ်လာတယ် ဆိုရင် ထက်မြက် တဲ့ မိဘနှစ်ပါး က မွေးတဲ့ လဲ့ဝင်း က ဗီဇ မကောင်းတဲ့ သဘောလား ”

ဒီ အချက် နဲ့ ပတ်သက်ပြီး မေးတာ ကိုဝင်းငြိမ်း ကို ကျွန်မ သိပ် ကျေးဇူး တင်ပါတယ် ။ သိပ် သိမ်မွေ့တဲ့  မေးခွန်း ပါ ပဲ ။ ဗီဇ နဲ့ ပတ်ဝန်းကျင် ပြဿနာ က လည်း သိပ် သိမ်မွေ့ ကျယ်ပြန့်ပါတယ် ။ ဒီ နေရာ မှာ ကျွန်မ ဗီဇ ဆိုတဲ့ စကား သုံးလိုက်တာ နဲ့ ပတ်သက်ပြီး ကျွန်မ အရင် ရှင်း ချင် ပါတယ် ။  ဗီဇ ကောင်းတယ် လို့ ကျွန်မ သုံး လိုက်တဲ့ စကား က ကျွန်မတို့ ဗမာစကား မှာ သုံးရုံး သုံးစဉ် အကျင့် ကောင်းတယ် လို့ ပြောလေ့ ပြောထ ရှိတာ ကို သုံး လိုက်တာပါ ။ အမှန်က ကျွန်မ သီးခြား စရိုက် ကို ပြော ချင်တာပါ ။ လူတိုင်း လူတိုင်း မှာ သီးခြား စရိုက်ကလေး တွေ ရှိ ပါတယ် ။ Individual Character ပေါ့ ။ ဝတ္ထုရေး သူ တစ်ယောက် အနေ နဲ့ သီးခြား စရိုက် ကို ဇောင်းပေး ရေးတဲ့ နေရာ မှာ စကားလုံး တာဝန် ထမ်းဆောင်တဲ့ ကျွန်မ အနေ နဲ့ ' လွတ် ' သွား ပါတယ် လို့ ဝန်ခံပါရစေ ။

ဗီဇ နဲ့ ပတ်ဝန်းကျင် ပြဿနာ ဟာ ဒီနေ့ ထက် ထိ ပညာရှင်တွေ အငြင်းပွား နေဆဲပါပဲ ။ ကျွန်မ မြင် တာ က တော့ လူ တစ်ယောက် ဟာ ဘယ်သူ မှ လူတော် လူကောင်း အဖြစ် ၊ လူဆိုး အဖြစ် မွေး မလာပါဘူး ။ ကလေး ဆို တာ မွေး လာ တုန်း က အဖြူရောင်ကလေး ပါ ။ လူ့ ပတ်ဝန်းကျင် က သာ အရောင် ဆိုး ပေးကြတယ် ။ ဒီ ကိစ္စ ကို ပြော ကြရင် ကျွန်မ ငယ်ငယ်တုန်း က လူမှု စိတ်ပညာ ဘာသာရပ် ယူ ခဲ့တော့ စိတ်ပညာ မှာ လည်း ဗီဇ နဲ့ ပတ်ဝန်းကျင် ဟာ သိပ် အငြင်း ပွား ကြပါတယ် ။ ကျွန်မ တို့ စိတ်ပညာ ဆရာကြီးတွေ ဖြစ် တဲ့ ' မစ္စတာဝုဒ်ဝါ့ဒ် ' တို့ ၊ ' မစ္စတာမန်း ' တို့ က သူတို့ စာအုပ် တွေ ထဲ မှာ ရေး ကြတယ် ။ ဗီဇဝါဒီတွေ က လည်း ဗီဇ ကို က မကောင်းလို့ လူတွေ ရဲ့ အကောင်း ၊ အဆိုး ဖြစ်လာတာ လို့ ဆိုတယ် ။ တစ်ဖက်က ပတ်ဝန်းကျင် ဝါဒီတွေ ကလည်း လူတွေ ဟာ ထွန်းကား လာ ချိန် မှာ အမြွှာပူးတွေ ကို တစ်နေရာ စီ မှာ ခွဲထားတဲ့ နည်း ၊ တစ်နေရာတည်း ထားတဲ့ နည်း စသဖြင့် အမျိုးမျိုး စမ်းသပ် ကြတယ် ။

ကျွန်မ မြင်တာကတော့ ပတ်ဝန်းကျင် ဟာ လူ တစ်ယောက် ကို လွှမ်းမိုး နိုင်တယ် ။ စောစောက ပြော သလို လူ တစ်ယောက် ဟာ သူခိုး အဖြစ် နဲ့ မွေး မလာဘူး ။ အပျက် မိန်းကလေး တစ်ယောက် ဟာ လည်း အပျက် မိန်းကလေး အဖြစ် နဲ့ မွေး မလာပါဘူး ။ သူ့ ရဲ့ ဘဝ အခြေအနေ အမျိုးစုံ ရိုက်ခတ်မှု ကြောင့် သာ သူ့ ဘဝ ဟာ ပုံစံ အမျိုးမျိုး နဲ့ ဖြစ် လာရတာပါ ။

ဘုရား ဟော မှာ ပါတဲ့ ကျေးသားညီနောင် ပုံပြင် မှာ လည်း ကြည့်ပါလား ။ ယဉ်ကျေးသိမ်မွေ့ တဲ့ ပတ်ဝန်းကျင် မှာ ရောက် သွားတဲ့ ကျေးသားကလေး နဲ့ ရက်စက်ကြမ်းကြုတ် တဲ့ ပတ်ဝန်းကျင် ကို ရောက် သွား တဲ့ ကျေးသား တို့ ဟာ စရိုက်ချင်း မတူကြတော့ဘူး ။ ဒါလည်း ပတ်ဝန်းကျင် ရဲ့ ပြုပြင်မှု ကြောင့် ပါပဲ ။

ကျွန်မ ကတော့ ကျွန်မ ကိုယ်တိုင် ရုန်းကန် လှုပ်ရှားခဲ့ရသူ မို့ လား မပြောတတ်ဘူး ၊ လူ တစ်ယောက် ရဲ့ အကောင်းအဆိုး ဟာ သူ ဖြတ်သန်းလာရတဲ့ ပတ်ဝန်းကျင် က လှုံ့ဆော်တယ် လို့ ပဲ တွေးမိပါတယ် ”

“ မမ ရေး ခဲ့တဲ့ လုံးချင်းတွေ ထဲ က နောက်ထပ် တစ်အုပ် လောက် ကျွန်တော် ရွေးချင်ပါသေးတယ် ။ “ မင်္ဂလာရယ်မှ ” ကို ဆွေးနွေးချင်ပါတယ် ။ ရေး တဲ့ ရည်ရွယ်ချက် က တိမ်မြုပ်ပျောက်ကွယ်လု နီး ဖြစ်နေတဲ့ ရုပ်သေး ပညာ အကြောင်း ခေတ် လူငယ်တွေ လေ့လာ နိုင်အောင် တင်ပြလိုက်တာ လို့ မြင်ပါတယ် ။ အဲဒီတော့ ကျွန်တော် သိချင်တာ က ဒီ စာအုပ် ရေး ဖို့ မမ ဘယ်လောက် အထိ အချိန် ယူပြီး ရုပ်သေးပညာ ကို လေ့လာ ခဲ့တယ် ။ နောက်ပြီး ရုပ်သေးပညာ ပပျောက် မသွားအောင် ဘယ်လို ဝိုင်းဝန်းသင့်ကြတယ် ဆိုတာပါပဲ ”

“ ဇာတ်သဘင် ရုပ်သေးသဘင် နဲ့ ပတ်သက်ပြီး ရေးချင်တာ က တော့ ကြာ ပါပြီ ။ လွန်ခဲ့တဲ့ ၁၅ နှစ် လောက် ကတည်း က ဇာတ်ရုပ်သေး နဲ့ ပတ်သက်ပြီး ဒီလို ကျယ်ကျယ်ပြန့်ပြန့် ရေးချင်တာ ရှိခဲ့ပါတယ် ။ ' မင်္ဂလာရယ်မှ ' ကို ရေးဖို့ အကြောင်းတရား ပေါ် လာ တာ က တော့ လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ် လောက် က စာတမ်းဖတ်ပွဲ တစ်ခု မှာ ရုပ်သေးပညာ နဲ့ ပတ်သက်ပြီး ဖတ်တဲ့ စာတမ်း တစ်ခု မှာ ရုပ်သေးပညာ ဟာ နောင် ဆိုရင် ပြတိုက် ထဲ မှာ ထားရမယ့် အနေအထား မှာ ရှိနေပြီ လို့ ရုပ်သေး ပညာသည်ကြီး တွေ က ညည်းညူ တဲ့ အကြောင်း ဖတ်သွား တာ ကြား လိုက်ရတော့ ' မင်္ဂလာရယ်မှ ' ကို ရေးချင်လာတယ် ။ ကျွန်မ ကိုယ်တိုင် က လည်း ငယ်ငယ် က ဇာတ် ကို ကြိုက်တယ် ။

' မင်္ဂလာရယ်မှ ' ကို ရေးဖို့ ကျွန်မ သုံးနှစ် လောက် ကြိုတင် ပြင်ဆင်ပြီး မိုးဝေ မဂ္ဂဇင်း မှာ အခန်းဆက် ဝတ္ထုရှည် ရေးခဲ့တာပါ ။

ရုပ်သေးပညာ ထိန်းသိမ်း ဖို့ ဆိုတာ က တော့ ရုပ်သေးပညာ တွေ အတွက် ဘဝ အာမခံချက် ရှိဖို့ လို ပါမယ် ။ ဒုတိယ အချက် အနေ နဲ့ ကပွဲကြည့် ပြည်သူတွေ အနေနဲ့ ရှေးရိုးရာ ဇာတ်သဘင်ပညာ ကို သိဖို့ လိုပါတယ် ။ ဒါတွေ သိဖို့ ကျွန်မ တို့ က စာပေ နဲ့ လှုံ့ဆော် ပေးရပါမယ် ။ ရှေး တုန်း ကတော့ သဘင်ဝန် ဦးနု က ဇာတ်သဘင် အကြောင်း  ဆောင်းပါး တွေ ရေးတယ် ။ ဇာတ် ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း အကြံ ပေး တဲ့ ဆောင်းပါး တွေ လို မယ် ။ ဒါမှလည်း ပွဲ ကြည့်တဲ့ ပြည်သူတွေ ဇာတ် နဲ့ ပတ်သက်တာ ပိုပြီး နားလည် လာမယ် ”

“ ကျွန်တော်တို့ ကတော့ ဆရာကြီးမဟာဆွေ စာ တွေ ကို မမီလိုက်ပါဘူး ။ မီ လိုက်တဲ့ ပုဂ္ဂိုလ်တွေ က ပြောကြတယ် ။  ဆရာကြီး ရဲ့ ဇာတ်ကောင်တွေ ဟာ ခေတ် လူငယ်တွေ ကာယ ၊ ဉာဏ တိုးတက်လာအောင် စံထား လောက်တဲ့ ဇာတ်ကောင်တွေ အဖြစ် ဖန်တီးခဲ့တယ် တဲ့  ။ မမ အနေ နဲ့ ကော ဇာတ်ကောင် ဖန်တီးတဲ့ နေရာမှာ ဘယ်လို စံထား ဖန်တီးခဲ့ပါသလဲ ”

“ ကျွန်မ က တော့ ဖေဖေ့ စာအုပ်တွေ ဖတ်ပြီး ဖေဖေ့ ပတ်ဝန်းကျင် မှာ ကြီးပြင်း လာရတာ က အချက် တစ်ချက် ပေါ့ လေ ။ သူ ရဲ့ စံထား လောက် တဲ့ မျိုးချစ်လူငယ် ဇာတ်ကောင်တွေ ဖန်တီးတာ က တစ်ပိုင်း ပေါ့ လေ ။ တစ်ပိုင်း က လည်း ကျွန်မ ရဲ့ ဖတ် သမျှ စာတွေ ထဲ မှာ အား ကောင်းတဲ့ ဇာတ်ကောင် Strong Character ကို သဘော ကျတယ် ။ အား ပျော့တဲ့ ဇာတ်ကောင် Weak Character ကို ကျွန်မ ကိုယ်တိုင် ကလည်း မကြိုက်တတ်ဘူး ရှင့် ။ ကျွန်မ တို့ ဘဝ က စစ်အနိဋ္ဌာရုံ ကို လည်း ကြုံခဲ့တယ် ။ ဖေဖေ နဲ့ လည်း အနီးကပ်ဆုံး ၊ အမွဲဆုံး ၊ အဆင်းရဲဆုံး အချိန် ကို ကြုံခဲ့ဖူးတော့ လူ့ လောကကြီး ဆိုတာ သက်သောင့်သက်သာ မွေးဖွား လာ တာ မဟုတ်ဘူး ။ ဒုက္ခ အထွေထွေ ကို ရင် ဆိုင် နိုင်ရမယ် ။ ဒီလို ရင်ဆိုင်နိုင်ဖို့ရာ တစ် အချက် က ခံနိုင်ရည် ရှိ ဖို့ လိုမယ် ။ နောက် ဇွဲ ရယ် ၊ သတ္တိ ရယ် ပေါ့ ။

အဲဒီတော့ ကျွန်မ ဖန်တီးတဲ့ ဇာတ်ကောင်တွေ ဟာ Strong Character ရှိ တဲ့ ဇာတ်ကောင်တွေ ပဲ များ ပါတယ် ။ နောက်ပြီး ရေးရင်းသားရင်း နဲ့ ဖတ်ရှု လေ့လာခဲ့ရတဲ့ ဂျပန် ကဗျာကလေး တစ်ပုဒ် သဘော ကျ တာ ရှိတယ် ။ ရိုးရိုးကလေး ပါ ပဲ ။ ကဗျာဆရာ က သူ့ ကိုယ် သူ ပဲ အားပေးသလား ။ တခြား တစ်ယောက် ကိုပဲ အားပေးသလား မပြောတတ်ဘူး ။ သူ သည် မိုး ကို လည်း မမှု ၊ လေ ကို လည်း မမှု ဆိုတဲ့ သဘောကလေး ပါ ပဲ ။ ကျွန်မ က လည်း ကျွန်မ ဇာတ်ဆောင်တွေ ကို သူ သည် အဆင်းရဲ ကို လည်း မမှု ၊ အကဲ့ရဲ့ ကို လည်း မမှု ၊ အတိုက်အခိုက် ကို လည်း မမှု ဆိုတဲ့ သဘော နဲ့ ဖန်တီး ပါတယ် ”

“ စရိုက်သေ ဇာတ်ကောင် နဲ့ စရိုက်ရှင် ဇာတ်ကောင် လို့ နှစ်မျိုး ခွဲခြားနိုင်တဲ့ အထဲ က  အမျိုးသမီး စာရေးဆရာမ တွေ ဟာ စရိုက်သေ ဇာတ်ကောင် အသုံး များတယ် လို့ ဆိုကြတယ် ။ မမ ဘယ်လိုများ မြင် ပါသလဲ ”

“ ကျွန်မ က တော့ ဝတ္ထု စ , ရေး ကတည်း က သဘာဝယုတ္တိ ရှိတဲ့ ဇာတ်ကောင် ၊ ဥပမာ ဆိုပါစို့ ..... ဝတ္ထု တွေ မှာ ၊ Fiction တွေ မှာ တော့ သဘာဝယုတ္တိ နဲ့ ကင်းလွတ်တဲ့ ဇာတ်ကောင်တွေ ပါ ပါတယ် ။ ဒါပေမဲ့ Novel တွေ မှာ ကျ တော့ သဘာဝယုတ္တိ ရှိတဲ့ ဇာတ်ကောင်တွေ ပဲ သုံးကြပါတယ် ။ ဒီဘက် ရာစုနှစ်ဝက် ကျွန်မ ဖတ်ဖူး သလောက် မှတ်မှတ်ရရ ပြောရမယ် ဆိုရင် ကျွန်မတို့ မြန်မအမျိုးသမီး စာရေးဆရာမ တွေ ထဲ က ဆိုရင် ဆရာမကြီး ဒေါ်ခင်မျိုးချစ် ရေး တဲ့ တက္ကသိုလ် ဝတ္ထု ထဲ မှာ ပါတဲ့ တက္ကသိုလ် ကျောင်းသူ တွေ ဆိုရင် သိပ် လှုပ်ရှားတာပဲ ။ တကယ် လူ နဲ့ တူတယ် ။ ' မောင်တို့ ယောက်ျား ' ဆိုတဲ့ ဝတ္ထု မှာ ဒီ နည်းပဲ ။ သူတို့ စရိုက် တွေ က ရှင်သန် နေတယ် ။ သဘာဝ ကျတယ် ။

အစ်မကြီးဒေါ်မမလေး ( ဂျာနယ်ကျော် ) ရေး ခဲ့ တဲ့ ' မုန်း၍မဟူ ' ထဲက ဇာတ်ကောင်တွေ ဖြစ် တဲ့ ဝေဝေ တို့ ၊ ဦးစောလွင် တို့ ဆိုရင် တကယ့် သဘာဝယုတ္တိ ရှိတဲ့ ဇာတ်ကောင်တွေ ပါ ပဲ ။ ဆရာမ ဒေါ်ခင်နှင်းယု ရဲ့ ' မျှော်လင့်လို့် မဆုံးနိုင်တယ် ' တို့ ၊ ' ချစ်လှချည်ရဲ့' တို့ ၊ ကြည်အေး ရဲ့ ' မြနန္ဒာ ' တို့ ၊ နောက် အခု အမျိုးသမီး စာရေးဆရာမ တော်တော်များများ ဟာ သရုပ်မှန် ဝတ္ထု ဘက် ကို ဦးတည် ရေးလာကြပါပြီ ။ မိုးမိုး ... တို့ ၊ မစန္ဒာ ... တို့ ၊ စမ်းစမ်းနွဲ့ ... တို့ ရဲ့ ဇာတ်ကောင် တွေ ဆို ရင်လည်း သဘာဝယုတ္တိ ဘက် ဦးတည် လှုပ်ရှား နေကြတာ တွေ့ရပါတယ် ”

“ ဘယ်လို အင်္ဂါရပ်တွေ နဲ့ ညီညွတ်တဲ့ စာမျိုး ကို စာကောင်း တစ်ပုဒ် လို့ သတ်မှတ်ပြီး ဘယ်ဟာမျိုး ကို အနုပညာ ရသ မြောက်တယ် လို့ ခေါ်မလဲ ”

“ တစ် အချက် က ဝတ္ထု ရဲ့ အသက် ဟာ ဇာတ်ကောင် ပါ ပဲ ။ ဇာတ်ကောင် ရဲ့ ကိုယ် ၊ နှုတ် ၊ နှလုံး သုံးပါး စလုံး လှုပ်ရှားတာ ။ သူ ရဲ့ အတွေး ၊ သူ့ ရဲ့အပြုအမူ ကို ပေါ်လွင် ထင်ရှားအောင် ရေးနိုင်မယ် ။ သဘာဝယုတ္တိ လည်း ရှိမယ် ဆိုရင် ယေဘုယျ အားဖြင့် ကျွန်မ တို့ ဝတ္ထုကောင်း တစ်ပုဒ် လို့ သတ်မှတ်ရပါမယ် ။

နောက် တစ်ချက် က ရသပိုင်း နဲ့ ပတ်သက်လို့ က တော့ အခု လောလောဆယ် မှာ ကျွန်မတို့ အပါအဝင် ' ထိ ' တဲ့ ဝတ္ထု ၊ Touch ဖြစ်တဲ့ ဝတ္ထု ၊ မျက်ရည် ကျ သွား အောင် ရေး နိုင်တဲ့ ဝတ္ထုမျိုး ၊ ဖတ် လိုက် ရင် ကလိထိုး ရယ် ရတာမျိုး မဟုတ်ဘဲ တမြုံ့မြုံ့ တွေးပြီး ရယ်ရတာမျိုး ( ဒါက ဆရာမောင်ထင် တို့ ဟိုတုန်း က ရေးခဲ့ဖူးပါတယ် ) ။ ဒါမျိုး လည်း လိုတယ် ။

နောက် တစ်ချက် က ကျွန်မ အပါအဝင် ဒီနေ့ ဝတ္ထု ရေး တဲ့ နေရာ မှာ အရှိ ကို အရှိ အတိုင်းပဲ ရေး လိုက်တာမျိုး ရှိတယ် ။ လုပ်တဲ့ လူတွေ လည်း လုပ်နိုင်ကြပါ လိမ့်မယ် ။ အတွေးအခေါ် သစ် ဖန်တီး တာမျိုး ကို ပေါ့ ။ သမားရိုးကျ အတွေးအခေါ် လမ်းရိုး က ခွဲ ထွက် သွားတာမျိုး ။ ဥပမာ မြန်မာစာဖတ် ပရိသတ် အသိများတဲ့ ' စိတ္တရလေခါ ' ဝတ္ထု လို မျိုးပေါ့ ။

သူ က ' မကောင်းမှု ဆိုသည်မှာ အဘယ်နည်း ' ဆိုတဲ့ မေးခွန်း နဲ့ စ , လိုက်တယ် ။ တစ်ယောက် သော သူ ဟာ လောကီအကျိုး အတွက် သူ ရဲ့ အတ္တ ကို မစွန့်လွှတ် နိုင်ဘူး ။ သူ နဲ့ ယှဉ်ပြိုင်တဲ့ ပုဂ္ဂိုလ် ကတော့ အပျော်အပါး လည်း မက်တယ် ။ အရက်သေစာ လည်း သောက်စားတယ် ။ ပြောကြစို့ ဆို ကချေသည် နဲ့ လည်း ပျော်ပါးတယ် ။ သို့သော် လောကကြီး အတွက် အားလုံး ကို စွန့်လွှတ်တယ် ။ သူ ချစ်တဲ့ သူတွေ ၊ သူ့ ပတ်ဝန်းကျင် အတွက် စွန့်လွှတ်တယ် ။ စွန့်လွှတ်မှု နဲ့ တိုင်းတာမယ် ဆိုရင် ဘယ်သူ က လူကောင်း လဲ ၊ ဒါကို သူ က အတွေးသစ် နဲ့ ပြ လိုက်တာ ။

နောက် တစ်ချက် ကျွန်မ အနေ နဲ့ ပြော ရ ရင် ဝတ္ထု တစ်ခုလုံး အနေ နဲ့ အတွေးသစ် မပေးနိုင်ရင် တောင် မှ ဖြစ်ရိုး ဖြစ်စဉ် ထဲ က နေ ပြီးတော့ပဲ ကျွန်မ တို့ လမ်းခွဲ ထွက် သွားတဲ့ အတွေး ၊ ကောင်းတဲ့ အတွေး ။ ကျွန်မ ဖတ်မိသလောက် ဆိုရင် ' ရှားလော့ခ်ဘရွန်တီ ' ရဲ့' ဂျိန်းအဲ ' ၊ အမျိုးသမီးတွေ ရဲ့ အခွင့်အရေး တွေ အင်မတန် ဆုံးရှုံး နေတဲ့ ဝိတိုရိယခေတ် မှာ အမျိုးသမီး လွတ်မြောက်ရေး အတွေးအခေါ် ကို ဂျိန်းအဲ မှာ တွေ့ရတယ် ။ တစ်နေရာ မှာ ဂျိန်းအဲ က ဘာ ပြောသလဲ ဆိုရင် ကျွန်မတို့ ဟာ တဲ့ ယေဘုယျ သတ်မှတ်ချက် အား ဖြင့် ငြိမ်ငြိမ်ကလေး တည်တည်ငြိမ်ငြိမ် နေရတော့ မှာ ပေါ့ လေ တဲ့ ။ သို့သော်လည်း ပဲ တဲ့ ။ ကျွန်မ တို့ ရဲ့ ဉာဏ်ပညာ ၊ ကျွန်မ တို့ ရဲ့ ပညာ အရည်အချင်း ကို ထုတ်ဖော်ဖို့ နယ်ပယ်များ မရှိတော့ဘူးလား တဲ့ ။ အနည်းဆုံး ကျွန်မတို့ အစ်ကိုတွေ လို ပေါ့ လေ တဲ့ ။ ကျွန်မတို့ အစ်ကိုတွေ ကို ပေးတဲ့ အခွင့်အရေးမျိုး ကျွန်မတို့ ကို မပေးနိုင်ဘူးလား တဲ့ ။ ကျွန်မတို့ အရည်အချင်း  တွေ ကို တောက်ပြောင်အောင် သွေးခွင့် မရနိုင်ဘူးလား တဲ့ ။ သူ က အဲဒီလို ပြောခဲ့ပါတယ် ။

ဒီလို အတွေးအခေါ် မျိုး ရှိတဲ့ ဝတ္ထုမျိုး ကျွန်မ အနေနဲ့ ရေးချင်ပါတယ် ။ သဘော လည်း ကျတယ် ။ ဂျိန်းအဲ ဟာ စိတ်ကူးယဉ် ဝတ္ထု ပေမယ့် ဂျိန်းအဲ  ဆိုတဲ့ မိန်းကလေး ကို ရုပ်လုံးကြွ အောင် သရုပ်ဖော် နိုင် ခဲ့တဲ့ အတွက် အပြင် မှာ တကယ် ရှိတဲ့ မိန်းကလေး လို ထင်မှတ် ခဲ့ရပါတယ် ။ အဲဒီတုန်း က တစ်ခေတ် တည်း ရေးခဲ့တဲ့ ' တော်လ်စတွိုင်း ' ရဲ့ War and Peace မှာ ဆိုရင် စိတ်ကူးယဉ် အချက်အလက်တွေ က တော်တော်များများ ပါ နေတယ် ။

ချုပ် ပြောရရင် ဒီလို အတွေးသစ် ပါတဲ့ ဝတ္ထုမျိုး ဆိုရင် ကျန် နေရစ်မယ် ။ ကျွန်မ တို့ ကတော့ ဘယ်သူ ပဲ ဖြစ်ဖြစ် ကျန် နေမယ့် ဝတ္ထုတွေ ရေး စေချင်တယ် ။ ကျွန်မ ကိုယ်တိုင် လည်း ရေးချင် ပါတယ် ။ ဒေါက်တာထင်အောင် က လည်း ပြော ဖူးပါတယ် ။ ကျွန်မ တို့ ဗမာဝတ္ထုတွေ ဟာ Philosophy On Life လို နေတယ် တဲ့ ။ ကျန်တာ အားလုံး ကောင်းတယ် တဲ့ ။ ဒါကြောင့် ကျွန်မ ဒါလေး ကို ကြိုးစား ကြည့် ချင်တယ် ”

“ မမ ဝတ္ထု ထဲ က ဂျပန်ဘာသာ ပြန်တာ က ... ”

“ တို့တိုင်းဌာနီ ပါ ၊ တိုယိုတာ ဖောင်ဒေးရှင်း က ပဲ ထုတ် မှာပါ ”

“ ဒီနေ့ မြန်မာစာပေလောက အပေါ် ဘယ်လို မြင်ပါသလဲ ”

“ ပွင့်ပွင့်လင်းလင်း ပြော ရ ရင် စာဖတ် ပရိသတ် က Fiction ကို ဇောင်းပေးပြီး ဖတ် နေကြတယ် ။ စာ ရေးတဲ့ သူတွေ က သရုပ်မှန် ဝတ္ထု တွေ ကို ဇောင်း ပေးပြီး ရေး ဖို့ လိုပါတယ် ။ နောက် တစ်ချက် က တော့ နိုင်ငံခြား မှာ က ဝတ္ထု တစ်ပုဒ် ရေး ဖို့ နှစ်နှစ် ၊ သုံးနှစ် အချိန် ယူ လို့ ရပါတယ် ။ တချို့ ဆို လေး ၊ ငါး ၊ ခြောက်နှစ် ကြာ မှ ထွက်တာ ။ ကျွန်မ တို့ ဆီ မှာ ကျ တော့ ခြောက်လ လောက်  ကြာ သွားရင် ကို ပရိသတ် နဲ့ ကင်းကွာ သွားတယ် ။ စာရေး ကျဲတယ် လို့ ဆိုကြတယ် ။

ဒါကို တော့ ဘယ်လို ဖြေရှင်းရမယ် ဆိုတာ ကျွန်မ တို့ လည်း တွေးလို့ မရသေးပါဘူး ။ အဲဒီ တော့ ကျွန်မ အမြင် မှာ စာပေလောက တိုးတက်လာဖို့ ရာ အရေအတွက် ထက် အရည်အချင်း ကို လိုလားသင့်ပါတယ် လို့ မြင် ပါတယ် ။

ကျွန်မ စာဖတ် ပရိသတ်တွေ က လည်း ကျွန်မ ကို ကျန်းမာရေး မကောင်းလို့ လား ။ ဘာလား ၊ ညာလား ခဏခဏ စာ ရေး မေးကြပါတယ် ။ ကျွန်မ ကျန်းမာရေး လည်း ကောင်းပါတယ် ။ စာတွေ လည်း ဆက် ရေး နေပါတယ် ဆို တာ ကိုဝင်းငြိမ်း က တစ်ဆင့် ပဲ ပြန်ကြား လိုက်ပါရစေ ”

“ ကျေးဇူး တင်ပါတယ် မမ ၊ မမ စာဖတ်ပရိသတ် နဲ့ အတူ စိတ်ဓာတ် တက်ကြွစေမယ့် မမ ဝတ္ထုတွေ ကို ကျွန်တော် လည်း စောင့် ဖတ် နေပါဦးမယ် ”

◾ဝင်းငြိမ်း

📖 ပေဖူးလွှာ မဂ္ဂဇင်း
      အမှတ်စဉ် - ၁၆
      စက်တင်ဘာလ ၊ ၁၉၈၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment