Wednesday, February 21, 2024

ငွေခင်


 ❝ ငွေခင် ❞ 


သူမ က ပင် ငွေ ကို ခင်သည်လော ...  ၊ ငွေ က ပင် သူမ ကို ခင်သည်လော မသိ ။ သို့သော် သူမ နာမည် ကို ကြားလိုက် ရ လျှင် ဤကဲ့သို့ ပင် တစ်စုံ တစ်ယောက် က တွေးမိပေ လိမ့်မည် ။ အဘယ့်ကြောင့် ဆိုသော် သူမ ၏ နာမည် မှာ ‘ ငွေခင် ’ ဟူ၍ ခေါ် သောကြောင့် ဖြစ်ပါသည် ။


ကလေးသူငယ် နှင့် အရွယ်အို တို့ သည် မကြာခဏ ဆာလောင် တတ်၏ ။ ထိုကဲ့သို့ ပင် ငွေခင် လည်း အမြဲ ဆာလောင် လျက် ရှိသည် ။ အစားအစာ ဆာလောင်ခြင်း မဟုတ် ချေ ။ ငွေကြေး အတွက် သာ ဆာလောင်ရခြင်း ဖြစ်၏ ။ သို့သော် အစ ပထမ တွင် ဝမ်းဗိုက် က ဆာလေသည် ။ နောက် ပိုက်ဆံ နှင့် ဝမ်းဗိုက် ၏ ဆာလောင်ခြင်း ကို နှစ်သိမ့်ရ မှန်း သိ၏ ။ အကြင် အခါ မှ စ၍ ငွေကြေး အတွက် ဆာလောင်ရ မှန်း သိ၏ ။ ထို အခါ မှ စ၍ ငွေကြေး စ ရှာဖွေတတ်ရတော့သည် ။


သတ္တဝါ အသီးသီး တို့ တွင် မိမိ တို့ စားစရာ ရှာဖွေရာ စားကျက် နေရာများ ရှိတတ်ကြသည် ။ ဥပမာ ဆို လျှင် နွား သည် မြက်ခင်း ရှိ ရာ သို့ သွား လိမ့်မည် ။ ယင်ကောင် သည် အညှီ ရှိ ရာ ၌ နား ၍ လင်းတ သည် လည်း အသေအပုပ် ရှိ ရာ တွင် ဆင်း၏ ။ ထို့အတူ ဗျိုင်း သည် ရေစပ် နား တွင် ကျက်စား၏ ။ ငွေခင် လည်း ည ည တွင် ကျုံးနဘေး သို့ သွား လေသည် ။ ထိုနေရာ ကား သူမ ကျက်စားရာ ဖြစ်လေသတည်း ။


 •••••   •••••   •••••


တင်အောင် သည် ဆိုက်ကား နင်း သူ ဖြစ်၏ ။ ညနေ က ဆိုက်ကား ဘီး ပေါက်၍ အစောကြီး သိမ်းပြီး အိမ် ပြန်ရ သည် ။ ယခု အညောင်းအညာ မှ ပြေစေတော့ ဟု ကျုံး နံဘေး တွင် လာရောက် ကာ ခြေလက် ဆန့်၍ ထိုင် နေလေသည် ။ 


ညနေ က သူ့ အကြောင်း ကို တွေး မိ နေသည် ။ ဝမ်းနည်းစရာ ကောင်းရမည့် အစား ဤ အဖြစ်အပျက် မှာ ရိုး နေ ၍ နည်းနည်းတော့ ရယ်ချင် မိသည် ။


သူ သည် မောပန်း၍ အိမ် သို့ ပြန် လာစဉ် အိမ်ရှေ့ တွင် အကြွေးရှင် ဒေါ်ဖွားပု က ရှိ နေသော အကြွေး ကို အပြေ မဆပ် က နောက်ထပ် ဆန်ကြွေး မပေး ဟု ဆိုကာ သူ့ အိမ်ရှေ့ ကပြင် တွင် ထိုင် နေသည် ။ ထိုအချိန် က သူ့ အိတ်ကပ် တွင် နှစ်ရက်ပေါင်း စု ထားသည့် ငွေကလေး ငါးကျပ် ရှိသည် ။


တင်အောင် မှာ အိမ်ထောင်သည် မဟုတ်ချေ ။ တဲ အတွင်း မီးဖိုချောင် ထဲ ၌ ချက်ပြုတ် နေသူ မှာ သူ ၏ နှမငယ် ဖြစ်သည် ။ နှမငယ် သည် တင်အောင် ကို မြင် လျှင် ဆန်အိုး ကို တိတ်တိတ်ကလေး မှောက် ပြသည် ။ အိမ်ရှေ့ မှ ဒေါ်ဖွားပု မမြင်စေ လို ၍ ဖြစ်၏ ။ ဤတွင် မှ တင်အောင် လန့် သွားတော့ သည် ။ အိတ် ထဲ မှာ ပါသည့် ငွေ ငါးကျပ် ကို ကပ် ထား၍ မဖြစ်နိုင်တော့ မှန်း သိလာ၍ ဒေါ်ဖွားပု အား လှမ်း ပေးလိုက် ရတော့သည် ။


ဒေါ်ဖွားပု သည် အကြွေးစာရင်း မှတ်သော တစ်မူး တန် ဗလာစာအုပ် ကို ဘယ်ပြန် ညာပြန် လှန်လှော၏ ။ ထို့နောက် ခေါင်း တွင် ထိုး လာသည့် ခဲတံ ကို ယူ လိုက်ပြီး ၊ အဖျား ကို တံတွေးတွေ နာနာ ဆွတ် ၍ စာအုပ် ထဲ တွင် ‘ ငါး ကျပ်ပေးပြီး ’ ဟု မှတ် လိုက်၏ ။ ယခု မှ ညစာ အတွက် ဆန်ကြွေး ယူ၍ ရ တော့သည် ။


ဝမ်း အတွက် တစ်နေ့ တော့ စိတ်အေး သွားပြန်ပြီ ။ မနက်ဖြန် အတွက် မနက်ဖြန် က သာ ပူလိမ့်မည် ဟူသော အတွေးများ ကြောင့် လား မသိ ။ တင်အောင် မှာ ဘာ ပူ မှ မရှိ သော လူ တစ်ယောက် အလား ကျုံး ၏ နံဘေး တွင် ည ၏ အလှ ကို ရှုစိမ့် လျက် အတွေးများ ကို ကျယ်ပြန့် နေလေတော့ သည် ။


 •••••   •••••   •••••


ညဉ့် သည် မှောင်မိုက်လျက် ရှိ၏ ။ ၂၆ - ဘီလမ်း မှ ဓာတ်မီးတိုင် ကျဲတဲတဲ နှင့် နီကြင်ကြင်သည် ကျုံးဘေး ရှိ လမ်းမ ကို မှောင် စေ၏ ။ မြက်ခင်းပြင် ကို လည်း မည်း စေ၍ သစ်ပင်များ အောက်တွင် မိုက် လျက် ရှိတော့၏ ။


ငွေခင် သည် ထို နေရာ ဝယ် လမ်းလျှောက်၏ ။ ခပ် မှောင်မှောင် ဝယ် ကျင့်သား ရ နေသော သူမ ၏ မျက်လုံး သည် ဂိုးဝိုးဝါး၀ါး တွေ့ ရသမျှ လူ ကို ကု,လား မြန်မာ ခွဲခြား၍ သိ တတ် လေသည် ။


ကျုံးရေ ကို ကျော်ဖြတ် လာ သော လေ သည် ရေခိုးရေငွေ့ ပါ ၍ နွေးတေးတေး ရှိ၏ ။ နွေးသော လေ သည် သူမ ကို ဖြန့်ဖြူး သွားသည် ။ သူမ က လည်း နွေးသော လေ ထဲ တွင် အပေါစား ပေါင်ဒါနံ ကို တုံ့လှယ် ၍ ဖြန့်ဖြူး လေသည် ။ ထို့ကြောင့် သူမ ၏ ပတ်ဝန်းကျင် တွင် အမည် မဖော်တတ်သော ပန်း ၏ ရနံ့မျိုး ဖြင့် ကြိုင်၏ ။


တင်အောင် သည် နဂါးနီဆေးပေါ့လိပ် ကို မီးတွေ ရဲခနဲ နေ လောက် အောင် ဖွာ လိုက်သည် ။ ငွေခင် က ၄င်း ကို မြင်ပြီး ဖြစ်၏ ။ ထိုနောက် သူမ လက် တွင် ပါလာသော ဆေးပေါ့လိပ် ကို ပါးစပ် က တပ် ရင်း လျှောက် လာခဲ့သည် ။ ကျုံး ထဲ မှ ငါး တစ်ကောင် သည် ရေ မျက်နှာပြင် ပေါ် သို့ ခုန်ထွက် ပြီး ပြန်လည် ငုပ် သွား တော့သည် ။


“ ဆေးလိပ်မီး တတို့ ပေးပါလားရှင် ... ”

 

ငွေခင် က ပေးမည် မပေးမည် ကို မသိသေးဘဲ လက် လှမ်း ကာ တောင်းသည် ။


သူမ ကိုယ် မှ ပေါင်ဒါ အပေါစားနံ့ သည် ကြိုင် ၏ ။ တင်အောင် သည် ထို အနံ့ ကို ရှူမိ၏ ။ အမည် မဖော်နိုင်သော ပန်းတစ်မျိုး ၏ ရနံ့ ပင် ဖြစ်သည် ။ သူ သည် ငွေခင် ကို လှည့် မကြည့်ဘဲ နှင့် ဘယ်လို “ ငွေခင် ” နည်း ဟု ရိပ်မိပြီး ဖြစ်၏ ။


လူရည် လည် သော ဆိုက်ကားသမားများ သည် ၄င်း တို့ ၏ နှာခေါင်း နှင့် မျက်စိ ကို သာမန်လူတွေ ထက် အသုံးချ တတ်ကြ၏ ။ ဤတွင် တစ်ယောက် တည်း အဖော် မပါဘဲ လမ်းလျှောက် လာသော မိန်းမ တစ်ယောက် အတွက် တင်အောင်က မအံ့သြ တော့ချေ ။


တင်အောင် သည် ဆေးလိပ် ကို နှစ်ချက်ဆင့် ရှိုက် ပြီး လှမ်း ပေး လိုက်၏ ။ သူ့ စိတ် ထဲ တွင် စကားစ ကို လိုက် ရှာ သည် ။ ဤလို စကားများ အတွက် သူ့ အဖို့ ကြာရှည် မစဉ်းစားရ ချေ ။


“ ကျုပ်တို့ အရပ် မှာ ဆေးလိပ်မီး တောင်းတာမျိုး ကြားဖူးသလား ” 


“ ဟင့် ... အင်း ... ” 

 

ငွေခင် က ပြောလိုက်သည် ။


တင်အောင် က ပြန် ပေးသော ဆေးလိပ် ကို ယူရင်း ... ခပ်အေးအေး အမူအရာ နှင့် “ တော့် ဆေးလိပ် နဲ့ ကျုပ် ဆေးလိပ် ချင်း ညားရအောင်လို့ ပြောကြတယ် ... ” ဟု မရယ် သလို ရယ်သလို နှင့် အကဲခတ်သော မျက်လုံး တို့ ဖြင့် ပြော လိုက်သည် ။


သူမ သည် တင်အောင် ၏ ပြက်လုံး ကို  နှစ်ခြိုက်စွာ ရယ်၏ ။ တစ်ခါ ရယ်မောခြင်း ကို ရပ်တန့် ပြန်သည် ။ တွေးတော သလို လုပ်နေပြီး မှ အဓိပ္ပာယ် တွေ ဗရပွ ပေါ်လာ ပြန် ဟန် နှင့် ရယ်မောပြန် လေသည် ။


တင်အောင် သည် သူ့ အပါး မှ မသွားသေးသော ငွေခင် ကို မသွားပါစေနှင့်ဦး ဟု စိတ် တွင်း က ဆုတောင်းသည် ။ သူမ က လည်း စင်စစ် ဤနေရာ မှ မသွားချင်သေးပေ ။ သို့သော် နောက်ထပ် ဘာမျှ စကား မပြောဘဲ ရပ်နေမည် ဆို က သင့်တော်လှသည် မဟုတ်ချေ ။ သို့ဖြစ်၍ စကားဆက် တစ်ခု အတွက် လိုက်လံ၍ ရှာဖွေ ရ ပြန်သည် ။ ထိုအခိုက် ငွေခင် ပန် ထားသော ပန်းကလေး ပြုတ် ၍ တင်အောင် ၏ ဘေး သို့ ကျ လာသည် ။ လက် က ကိုင်၍ ပန်ရင်း က ကျလာသည် မှာ တမင် လွှတ်မချဘဲ နှင့် တော့ ကျဟန်ရာမည် မဟုတ်ချေ ။


တင်အောင် က ပန်းကလေး ကို ကောက် လိုက်၏ ။ နမ်း ၍ ကြည့်သည် ။ ဘာ အနံ့ မျှ မရှိချေ ။ လေ အနွေး သည် အဆက်မပြတ် တိုက်ခတ် လျက် ရှိ၏ ။ တင်အောင် သည် ခေါင်း ကို မော့ ၍ လေနွေးကလေး နှင့် အလိုက်သင့် ပေးလိုက် သည် ။ ယမင်း တစ်ယောက် ယောက် က ပင် နှုတ်ခမ်းကလေး ပြင်ပြီး ၊ သူ့ ကိုယ် ပေါ် မှ စီးကာ နဖူးပြင် ကို လေမှုတ် ပေးနေ တော့ သလိုလို ...  ။ ဤအတွေး တို့ သည် နုနယ်သိမ်မွေ့စွာ သူ့ စိတ်ကူး ကို ယဉ်စေ၏ ။ သူ့ အား ဆန့်ကျင်ဘက် လိင် ကို တမ်းတစေ တော့သည် ။ သူ က အရဲတွေ စွန့်ပြီး စကား စ ပြန်သည် ။


“ ပန်းကလေး ဟာ ဒီအတိုင်း သူ့ ဘာသာ ပြန်ပြီးတော့ ခေါင်း ပေါ် ရောက်နိုင် မှာ မဟုတ်တော့ဘူး ” 


သူ့ အတွေး တွင် သိမ်မွေ့၍ လည်း နေသည် ။ အဓိပ္ပာယ် ကို လည်း ဆောင်ပါသည် ။ သူ့ ရည်ရွယ်ပုံ က တော့ သူ့ လက် နှင့် ပန်ပေးချင်၍ ပဲ ဖြစ်သည် ။ သို့သော် ငွေခင် က ဘာမျှ ပြန် မပြော ။ ပြောလည်း မပြောတတ် ။ ဤတွင် အပေးအယူ မရှိ ကြ ပြန်တော့ ။


“ ဒီလို ပန်း ကျုပ် လက်ထဲ ရောက် လာလို့ မထူးနိုင်တော့ပါဘူး ဗျာ ...”


ညည်းသလို ပြောရင်း ငွေခင် ကို အကဲခတ်၏ ။ စင်စစ် က သူ လိုချင်သော အဓိပ္ပာယ် ကို ဆွယ်နေခြင်း ဖြစ်သည် ။ ငွေခင် က မသိချေ ။ သို့သော် ရိုးသားစွာ မေး လိုက်သည် ။ 


“ ဘာဖြစ်လို့လဲ ...”


“ ဪ ...  ကျုပ် အတွက် ပန်ပေးရမဲ့ သူ မှ မရှိဘဲကိုး ” 


ငွေခင် က ယခုမှ အဓိပ္ပာယ် ပေါက်သည် ။ ရယ် ပစ် လိုက်၏ ။ ထို့နောက် ကျလုလု ဖြစ်နေသော တင်အောင့် အပေါ်  ရဲတင်း လာ၏ ။ သူမ သည် ဆေးလိပ် ကို ရေ ထဲ လှမ်း ပစ်လိုက်ရင်း တင်အောင် ၏ ဘေး တွင် ထိုင် လိုက်၏ ။ 


“ ကိုင်းပါဗျာ ... သူ့ဥစ္စာရှင် ကို ပဲ ပန်ပေးပါတော့မယ် ” 


တင်အောင် က ရဲတင်းသော ငွေခင် ကို ရင်းနှီး သလို ပန် ပေးတော့မည့် ဟန် ပြု၏ ။


ဆန့်ကျင်ဘက် လိင် နှစ်ဦး တို့ သည် တူညီသော စိတ်ကူးဆန်းများ ဝင်ကြ၏ ။ ထိုအခါ နှစ်ဦး သည် ဆန်းကြယ် သော စိတ်ကူး ကို ညှိနှိုင်းရန် ကြိုးစား ကြသည် ။ ဤအခါ တွင် လူ့ စည်းကမ်း ကို ယဉ်ကျေးနိုင် သမျှ ယဉ်ကျေး ကာ ချိုးဖျက်အံ့သော လူ့စည်းကမ်း ကို တစ်ဦး တစ်ဦး ထုတ်ဖော် ကြ၏ ။ အရိုင်းဆုံး သူများ ပင် ထို အခိုက်အတန့် ဝယ် အနုနယ်ဆုံး နှင့် အယဉ်ကျေးဆုံး စကား တို့ ကို သုံး၏ ။ ထို စကားလုံး တို့ သည် ကြွယ်ဝ သလောက် အဓိပ္ပာယ် ကို ဆောင်နိုင် စွမ်း တော့သည် ။ နောက် တွင် စည်းကမ်း ကို သိမ်မွေ့ စွာ ချိုးဖျက် လိုက်ကြ တော့သည် ။


ငါး တစ်ကောင် သည် ကျုံးလယ် မှာ ပွက် သွား၏ ။ ရေ ထဲ ရှိ မီးရောင် နှင့် ကြယ်ရောင်ကလေးများ ယိမ်းထိုး ၍ ပျောက်ကွယ် နေကြ၏ ။


“ ပန်း ပန်ခ က ဈေးကြီးတယ် ရှင့် ” ဟု ပြော လိုက်သော ငွေခင် ၏ အသံ ကြောင့် တင်အောင် ၏ လက် သည် ရဲတင်းခြင်း မှ နုံနဲ့ခြင်း ဖြစ် သွားတော့၏ ။


သူ သည် အကြွေးရှင် ဒေါ်ဖွားပု ကို ဒေါဖေါင်း တော့ သည် ။ သံဘူး ထဲ မှ ချိုချဉ် နှင့် ချောကလက် ကို စားချင် သော ကလေး သည် ဖွင့်မရ ဆိုကာမှ စိတ်တွေ တစ်မျိုး ဖြစ်သွားရ သည် ကဲ့သို့ တင်အောင် တွင် တစ်မျိုး ပဲ ဖြစ်သွား တော့သည် ။


သို့သော် တင်အောင် မှာ ချဉ်သီး နှင့် ဆား ဖြစ်သွား ပြီ ။ သူ သည် အရည်ပျော် နေသော ဆားပုံကလေး ကဲ့သို့ ပြန်လည်၍ ဆားပွင့်ကလေး မဖြစ်နိုင်တော့ချေ ။ ပွင့် လည်း မပွင့်ချင်တော့ချေ ။ ဆားရည်ကလေး ဖြစ်သွား ချင်ပြီ ။ သို့သော် ဒေါ်ဖွားပု ကို သာ ဒေါဖေါင်း တော့၏ ။ ဘာမျှ မတတ်နိုင်ချေ ။ သူ သည် အင်္ကျီ ကို စမ်း၏ ။ ရင်ဘတ် ကို ပွတ်၏ ။ ငွေခင် သည် မီးရောင် မကျတကျ တွင် ပြောင် နေ သော ကြယ်သီးကလေးများ ကို ကြည့်၏ ။ 


နောက်တွင် ငွေခင် ပြောသမျှ ကို တင်အောင် က အင်း လိုက် ၍ ငွေခင် ရှေ့ဆောင် ရာ သို့ လိုက်သွား တော့ သတည်း ။


 •••••   •••••   •••••


သစ်ပင်ရိပ် သည် မှောင် နေ၏ ။ တင်အောင် ၏ အင်္ကျီ ရင်ဘတ် ကို ငွေခင် က ဆွဲ ထား၏ ။ ဆံပင်တွေ ဖရိုဖရဲ နှင့် ဖြစ်နေသော ငွေခင် မှာ ယခု ကြောက်စရာ ကောင်း၏ ။ တွေ့ စ က ကဲ့သို့ သိမ်မွေ့ခြင်း မရှိ ၊ ဒေါသ ဖြစ်နေ ပုံ ရ၏ ။ 


“ ဒါပဲနော် ၊ ရှင် ခုနက တော့ ကျုပ် တောင်း တာ ပေးမယ် ဆိုပြီး အူတူတူ တော့ မလုပ်နဲ့ ၊ အခုမှ ဘာ တစ်ပြားမှ မပါဘူး လဲ ”


ပိုင် ပြီ ဆို၍ ငှက်ပျောသီး ခိုး စားသော ကိုရင် သည် ဦးပဉ္စင်း နှင့် မိ သကဲ့သို့ တင်အောင် မှာ ရှက် လည်း ရှက် သည် ။ ကြောက် လည်း ကြောက်ရတော့သည် ။ သို့သော် စားချင်လှသော ကိုရင် ကား အဘယ်မှာ သွားရည် သိမ်းနိုင် ရှာ မည်နည်း ။


“ မနက်ဖြန် ဆက်ဆက် ဒီ နေရာ ဒီ အချိန် ကျုပ် လာပြီး တော့ ...” 


စကားမှ မဆုံးသေးခင် ... 


“ မရဘူး ...”


ဒေါသတကြီး အော် လိုက်သည် ။ ငွေခင် ၏ အော်သံ သည် ပထမ ကြားလိုက်ရစဉ် က တင်အောင် မကြောက် ၊ နောက် မြို့ရိုးတံတိုင်း နှင့် ပဲ့တင်ထပ် လာခါ မှ လန့် သွားမိတော့၏ ။ ဘုရား ဘုရား ... လူတွေများ ကြားတော့မှာ လား ။


“ အော်လိုက်မှာ နော် ၊ အင်္ကျီ ရင် လည်း ချွတ်ပေးခဲ့ ဒါပဲ ၊ အော် လိုက်ရင် ရှင် ဒုက္ခ ရောက် သွားမယ် ၊ ကျုပ် ကို မဟား တရား ပြုပါတယ် ဆိုရင် တစ်ခါတည်း ပုလိပ် လက်ထဲမယ် လက်ထိပ် နဲ့ ပါသွားမယ် ”


သူမ ၏ ခြောက်လုံး ကား ကြောက်စရာ ကောင်းလှ တော့သည် ။ ခက်ကပြီ ... တင်အောင် သည် ချွေးသီးများ ပင် ကျလာ၏ ။


သူ သည် ခေါင်း ကို ကုတ်၏ ။ စဉ်းစား၏ ။ 


“ ကျွန်မ အိမ် ကို လိုက်ခဲ့ရ မလား ”


တင်အောင် က စဉ်းစားသည် ။ သူ့ အိမ် တွင် လည်း တစ်မူး တောင် ရှိမည် မဟုတ်ချေ ။ နှမငယ် သိသွား ပြန် လည်း ဘယ်မှာ ကောင်းတော့ မည်နည်း ။ ထို့ကြောင့် ခေါင်း ယမ်းပြ၏ ။


“ ကိုင်း .. ရှင် အင်္ကျီ ရင် လည်း ချွတ် ပေးခဲ့ ”


မရ လျှင် ဒသက ချိုင်တော့အံ့ ဟု ငွေခင် က ဆုံးဖြတ် ဟန် ရှိ၏ ။ သို့သော် တင်အောင် သာ ဒီ အင်္ကျီ ပေးလိုက် က အကောင်း ဆို ၍ ဘယ်မှာ ဝတ်စရာ ရှိပါတော့မည်နည်း ။ 


ငွေခင် သည် အင်္ကျီရင်ဘတ် ဆွဲထား ရာ မှ လွှတ် လိုက် ၏ ။ ဆံပင်များ ကို သပ်ရပ်စွာ ပြုပြင်၍ လျော့ရဲ နေသော အင်္ကျီလုံချည်များ ကို ပြင် ၍ ဝတ်၏ ။ ငွေခင် ခေါင်းငုံ့ နေတုန်း တင်အောင် က သူ ၏ အင်္ကျီ မှ ရင်ထောင်ကြယ်သီး ကို ခပ်သုတ်သုတ် ဖြုတ် ၍ အင်္ကျီ အိတ် တွင်း ထည့်၏ ။ တစ်ခါ စိတ် မလုံသလို ဖြင့် ပါးစပ် ထဲ တွင် ထည့်လိုက် ပြန်၏ ။ ၄င်း ကို အကင်းပါး သော ငွေခင် က ရိပ်မိ လိုက်သည် ။


မေး ကို လက် နှစ်ဖက် နှင့် ညှစ်ကာ မရမက “ ပေး ... ပေး ...” ဟု တောင်း တော့သည် ။


“ ဘာရမလဲ ငွေခင် တဲ့ ...  ၊ ပါးပြီးသားပဲ ” 


“ ဒါတော့ မလုပ်ပါနဲ့ဗျာ ၊ ကျုပ် ပထမ ရ တဲ့ လခ ထဲ က တစ်ဝက် ခွဲပြီးတော့ လုပ်ထားရတာ ၊ ခြောက်မူးသား တောင် ရှိတယ် ”


တောင်းပန်သလို နှင့် ပြောသည် ။ သူ သည် စာရေး တစ်ယောက် ၏ လေသံမျိုး သုံး လိုက်ခြင်း ဖြစ်၏ ။


“ ကျုပ် က ရှင့် ပစ္စည်း ကို လိုချင်လွန်းလို့ များ တောင်း နေတာ မှတ်လို့လား ၊ ကျုပ် ရထိုက်တဲ့ ပိုက်ဆံ အတွက် ကို တောင်းတာ ၊ ရှင် မှ မပေးနိုင်ဘဲ နဲ့ ”


“ ပေးနိုင်တဲ့ လူစားပါ ဗျာ ၊ ကနေ့ မှ ဒီလိုလည်း နဂို က မရည်ရွယ်ဘဲ နဲ့ ထွက် လာခဲ့ကာ ၊ ကျုပ် ဘယ် မှာ ဒီလောက် အဖိုးတန် ကို ပေးနိုင်မလဲ စဉ်းစားကြည့် လေ ”


“ ပေးရမယ် လို့ မဆိုပါဘူး ရှင် ... နက်ဖြန်ကျတော့ မှ လာ ရွေးလှည့်ပေါ့ ။ ဒီနေရာ က စောင့်နေမယ် ။ ရှင့် အိမ် တော့ လည်း လိုက် မှ မလိုက်စေချင်ဘဲ ကိုး ”


“ ဘယ်ဖြစ်မလဲဗျ ၊ ကျုပ် မနက်ဖြန် ဆက်ဆက် လာ ပေးမယ် ဆိုရင် ပြီးရောပေါ့ ...”


“ မရဘူး ... မရဘူး ၊ အော်လိုက်မယ် နော် ၊ ကျွန်မ က ဓားပြတိုက် နေတာ မဟုတ်ဘူး ၊ ရှင် က သာ ကျွန်မ ကို ညာ တာ ။ ဒါပေမဲ့ အဲဒီ အတွက် ပါတာတော့ ပေးခဲ့ရမယ် ။ နက်ဖြန် မှ လာ ရွေးလှည့် ”


ရော ...  ခက်ကပြီ ၊ တင်အောင် မကြံတတ်တော့ သလို ကြယ်သီးကလေး ကို ဆုပ်ထား၏ ။ထို ဆုပ်ထားသော လက် ကို ငွေခင် က ကိုင် ထား၏ ။


“ ကိုင်း ဒါဖြင့် ကျုပ် ကြိုးကလေး တစ်ဖဲ့ ဖြတ် ပေး မယ် ။ ငါးကျပ် တော့ မကဘူး တန်တယ် ” 


“ ဟင့်အင်း ...  ရှင့် ကြိုးကလေး တစ်ဖဲ့ က ဘာ တန်မလဲ .. တစ်လုံး ဆို တော်သေးရဲ့ ...”


“ ဟာ ...  တစ်လုံး ဆို ဆယ့်ငါးကျပ် လောက် တန် နေပြီ ... ”  


“ ကဲ ...  နောက်ဆုံး မေးမယ် ၊ ရှင် တစ်လုံး ပေးမလား ၊ မပေးဘူးလား ” 


တစ်စုံတစ်ခု ကို ဆုံးဖြတ်ပြီး သူ ကဲ့သို့ သူမ သည် တင်အောင် ၏ လက် ကို ကိုင်ထားရာ မှ လွှတ် လိုက်၏ ။ ခါး ကို ထောက် ၍ ရင် ကို နည်းနည်း မောက် လိုက်သည် ။ အချိန် ပေး ထား သလို ဖြစ်၏  ။


“ ဒါဖြင့် ကျုပ် တစ်လုံး ဖြတ်ပေးမယ် ။ ဒါပေမဲ့ ကျုပ် ငွေ နဲ့ ပြန် လဲမယ် ”


“ ကောင်းပြီလေ .. ”


“ ခင်ဗျား နေ တဲ့ အိမ် ကို လည်း ကျုပ် ကို ပြောထား တော်တော်ကြာ ဒီမှာ မတွေ့ရင် ဘယ့်နှယ့် လုပ်မလဲ ”


“ အင်း ... ပြောမယ် ။ ကျွန်မ နေတာ ဟို အာဠဝီလမ်း ထဲ က စာတိုက်ကြီး ရဲ့ ရှေ့ က ဝင်း ထဲ မယ် နေတယ် ။ အဲဒီ ထဲ မယ် အမေသင် ရဲ့ အိမ် လို့ မေးရင် ရတယ် ။ ကျွန်မ နေ့လယ် ဆို ရင် ရှိမယ် ”


“ ကောင်းပြီလေ ... ကျုပ် ပြန်ရွေးရင် သာ မငြင်းပါနဲ့ ...” 


စိတ် မရှည်တော့ သကဲ့သို့ “ အင်းပါ ၊ ကဲ ... မိုးတောင် တော်တော် ချုပ်ပြီ ။ ပေး မှာ သာ ပေးပါ ။ ကျွန်မ က ဒီ အစား ပေမယ့် သူများ ပစ္စည်း ကို မတရား မယူပါဘူး ”


တင်အောင် သည် ခဲခဲယဉ်းယဉ်း ကြယ်သီးကလေး ကို ကြိုးများ နှင့် တွဲထား ရာ မှ ပါးစပ် နှင့် ကိုက်ဖြတ်၏ ။ ထိုနောက် မပေးချင် ပေးချင် ဖြင့် ပေး လိုက်ရသည် ။ ငွေခင် သည် ကြယ်ရောင် အောက် တွင် ဝင်း နေသော ကြယ်သီးကလေး ကို နှစ်ခြိုက်စွာ လက် နှင့် ဆုပ်၏ ။ စိတ် ထဲ မှ ကျိတ်၍ ဝမ်းသာနေသည် ။ ရောင်း လိုက် ရ လျှင် အနည်းဆုံး ၁၂ ကျပ် လောက် တော့ ရမည် ။


ရုတ်တရက် မိမိ နေသည့် အိမ် နှင့် အရပ် ကို ညာ လိုက် ပုံ ကို သဘောကျ နေ၏ ။ အသုံးကျသော အခါ တွင် မနှေးကွေး သော သူ့ စိတ်ကူး အတွက် ဝမ်းသာ နေ၏ ။ တော်တော် ကြာကြာ ပင် လက် ထဲ မှ ကြယ်သီးကလေး ကို ကြည့် နေရ သဖြင့် သူမ ရှေ့ မှာ ရပ် နေခဲ့သော လူ ဘယ် အချိန် က ထွက်သွား မှန်း ပင် မသိလိုက်ချေ ။ သို့သော် ကိစ္စ မရှိ ၊ အလဲအလှယ် ကိစ္စ ကျေနပ်ပြီး ဖြစ်သည် ။ ထို့ကြောင့် လမ်း ဘက် ဆီ သို့ ထွက်ခဲ့ တော့သည် ။


လမ်း ဓာတ်မီးတိုင် အောက် တွင် ခေတ္တ ရပ်ကာ ဘော်လီအင်္ကျီ အိတ် ထဲ ထည့် ပြီး ကြယ်သီးကလေး ကို ထုတ်၍ ကြည့် ပြန်၏ ။ ငွေခင် ၏ မျက်နှာ မှာ နီမြန်း သွားတော့သည် ။ “ ဟောတော့ .. ” ဟူသော အာမေဍိတ်သံ နှင့် အတူ ကြယ်သီးကလေး လွတ်ကျ သွား၏ ။ နောက် မှ “ သတ္တုကြီး ” ဟူ၍ အော် လိုက်သည် ။


ကျုံးရေ ထဲ မှ ငါး တစ်ကောင် ပွက် သွား ပြန်သည် ။ သူမ မကြားတော့ချေ ။ ကျုံး ဘက် မှ ပြန် လာသော “ ဟော တော့ ... သတ္တုကြီး ” ဟူသော ပဲ့တင်သံ က သူမ ကို ခြောက်လှန့် လိုက်တော့ သတည်း ။


◾မင်းဏီ


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၆ ၊ အမှတ် - ၆၅

      ၁၉၅၂ ၊ အောက်တိုဘာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment