Friday, February 23, 2024

ပြုတ်မနူး ( ၂ )


 

အခန်း - ၂

သူ ၏ နာမည် သည် ကား ဦးမျက်ပြူး ..

အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ တွင် ဆုတံဆိပ်တွေ ရခဲ့ သော ဆိုင်းဆရာသားပေါက်လေး စိန်မျက်ပြူး မဟုတ်ပါ ။ သူ က စီနီယာ .. မျက်ပြူး ။ သူ လည်း ပဲ .. ဦးကု,လား နဲ့ အသက်အရွယ် မတိမ်းမယိမ်း .. ထန်းပင်ကုန်းရွာ တွင် ဒုတိယ သူဌေး စာရင်းဝင် တစ်ဦး ၊ ငွေ ရ ဖို့ အတွက် ဘာ လုပ်ရ လုပ်ရ ဆိုသော လူကြီး .. အင်္ဂလိပ်ခေတ် .. ၄င်းတို့ ရွာ တွင် ဓားပြ လာ တိုက်ရာ .. ဓားပြအဖွဲ့ မှ ဒုတိယ ခေါင်းဆောင် နဲ့ တစ်နေရာ တွင် အချိန်းအချက် လုပ်ပြီး ရွာ ၏ ဝင်ပေါက် ကို လမ်းပြ ပေးခဲ့သည် ။ ဓားပြများ ရွာ သို့ ဝင်တိုက်ရာ .. ၄င်း ၏ အိမ် ကို ပါ တိုက် သဖြင့် ဓားပြဗိုလ် ကို မချေမငံ ပြန် ပြောသဖြင့် အထိုးအကြိတ်များ ခံရတော့သည် ။ ပထမ .. ဒုတိယခေါင်းဆောင် ဓားပြဗိုလ် နှင့် ညှိထားသည် မှာ ၄င်းတို့ ထန်းပင်ကုန်းရွာ ကို ဘယ်အချိန် ဘယ်အပေါက် မှဝင် ၊ သူ့ အိမ် က လွဲရင် ကျန်သော အိမ်တွေ ကို ဓားပြတိုက် ၊ လမ်းကြောင်း ပြောပေးခ ၁၅ ကျပ် ပေးရန် သဘောတူ ခဲ့ သည် ။ သို့သော် သူ နဲ့ ညှိထား သလို မဖြစ်လာ သဖြင့် ဦးမျက်ပြူး ဒေါသ တွေ ဖြစ် နေသည် ။

ဓားပြအဖွဲ့ .. ရွာ က ပြန် အထွက် တွင် ဦးမျက်ပြူး အား ၊ ရွာပြင် သို့ ဓားစာခံ သဘောမျိုး ခေါ်ထုတ် သွားပြီး ရွာပြင် အရောက် တွင် ဒုတိယဓားပြဗိုလ် က ...

“ ခင်ဗျား အိမ် တစ်အိမ်တည်း ကွက် ချန်ပြီး မတိုက်ရင် .. ကျန်တဲ့ လူတွေ က ဘယ်လို ထင်မလဲ .. ဒီတော့ ကျုပ်တို့ က တမင် အိုက်တင် လုပ်ပြီး တိုက် ရတာပေါ့ ရော့ ခင်ဗျား ဝေစု ၁၅ ကျပ် နောက် အလုပ် ရှိရင် ဆက်သွယ်မယ် ပြန်တော့ ”

ဟု ပြောပြီး ပြန် လွှတ်ရာ .. ရွာသားများ နှင့် မိသားစု က ဝမ်းသာ သွားတော့သည် ။ ဦးမျက်ပြူး ကို ပစ်သတ်ပြီ ဟု ထင်ထား ကြရာ .. ပြန်လာသော သူ့ ကို ဝိုင်း မေးကြသည် ။ ဦးမျက်ပြူး က ၄င်း ၏ သတ္တိ ကို ရွာသားများ အရှေ့ တွင် မဟုတ်မဟတ် လုပ်ဇာတ် ခင်း တော့သည် ။ ဓားပြဗိုလ် နှင့် သူ လက်ရုံးချင်း ယှဉ်ရာ ၊ သူ က နိုင်သွား သဖြင့် ဓားပြဗိုလ် က ကတိ အတိုင်း သူ့ ကို ပြန် လွှတ်ပေးရုံ မက မုန့်ဖိုး သဘောမျိုး ဂုဏ်ပြုငွေ ၁၅ ကျပ် ပေး လိုက်ကြောင်း ၊ ပြောရင်း ပိုက်ဆံတွေ ထုတ် ပြရာ .. ရွာသူရွာသားများ အားလုံး အံ့ဩ ကုန်ကြ သည် ။ သတ္တိ ရှိသူ ဟု အထင်ကြီး ကုန် ရော .. ဦးကု,လား က ၄င်း ထက် တစ်မှတ် သာ သွားသော ဦးမျက်ပြူး အား မခံမရပ် နိုင် ဖြစ်ပြီး ပြော လိုက်သည့် စကား က “ ဟေ့ကောင် မျက်ပြူး .. ငါ လည်း သတ္တိ မနည်းပါဘူး ကွ .. မင်း မယုံရင် .. နောက် တစ်ခေါက် ဓားပြ လာ တိုက်ပြီး ၊ ငါ့ ကို မင်း လို ပဲ ခေါ်သွားကြည့် .. မင်း ရတဲ့ ပိုက်ဆံ ထက် သာစေရ မယ်ကွ .. သိလား ”

ဦးကု,လား ၏ နောက် တစ်ခေါက် ဆိုသော စကား ကြောင့် ရွာသူ ရွာသား အပေါင်း မှာ များစွာ တုန်လှုပ် ကုန်ကြတော့သည် ။ ထို အုပ်စု ထဲ မှ ကာလသား တစ်ဦး က “ ဦးကု,လား နှယ် ဗျာ .. ပြိုင်စရာ ရှား လို့ နောက် တစ်ခေါက် ဓားပြ လာတိုက် မှ သတ္တိ ပြရမယ် လို့ နိမိတ် မရှိတာတွေ မပြောပါ နဲ့ .. ”

“ ဟ .. ငါ သတ္တိ ပြဖို့ က .. ဓားပြတွေ က အဓိက ကွ သိ လား .. ဒီကောင်တွေ ဓားပြ လာ တိုက် မှ ၊ ငါ့ အစွမ်းအစ ကို ပြလို့ ရ မှာပေါ့ .. နို့မို ဆို ငါ က အပြောသမားကြီး ဖြစ်နေပြီ .. ငါ့ သတ္တိတွေ သိုး ကုန်မှာပေါ့ .. ”

လက်အုပ် ချီ ၍ ...

“ မောင်မင်းကြီးသား ကိုရွှေဓားပြတွေ ရယ် .. ရက် မကြာ သန်ဘက်ခါ နောက် တစ်ခေါက် လာ တိုက်ပါစေဗျာ ”

ဆိုပြီး အရပ် လေးမျက် နှာကို ထိုင် ကန်တော့ လေ ရာ .. အမြင်ကပ် လာသော ဦးမျက်ပြူး က ပြေးပြီး ခြေထောက် နဲ့ အကန် ဦးကု,လား က ငုံ့ပြီး ကန်တော့ .. ဟန်ချက် ပျက် သွားသော ဦးမျက်ပြူး ခမျာ နွားချေးပုံ ထဲ ဝမ်းလျားမှောက် လဲ အကျ တွင် ဦးကု,လား က “ အံမယ် ဒါ .. ဓားပြ လက်ကျန် ပဲ .. သေပေ တော့ ” ဟု ပြောပြီး ပြေး ထိုးရာ နှစ်ဦးသား နပန်းတွေသ,တ်တော့သည် ။ ရွာသားတွေ က တော့ ညှိုးငယ်သော မျက်နှာတွေ ဖြင့် ဘယ်သူ့ ကို မှ ဝိုင်း မဆွဲ ဘဲ စိတ်ပျက် လက်ပျက် ထွက်ခွာ သွားကြတော့သည် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment