❝ ချစ်လို့ပါ ဆရာရယ် ❞
“ ရှေ့နေ လုပ်စားရတာ မလွယ်ပါလား ”
ဦးစံတုတ် သည် စိတ် တွင်း မှ ဤသို့ပင် ညည်း မိသည် ။
ရှေ့နေ တို့ ၏ အလုပ် သည် သူတစ်ပါး အပူ ကို ဝယ် ယူရ သကဲ့သို့ ရှိကြောင်း ဦးစံတုတ် ၏ လက်ငင်း ဘဝ က ပြသ နေ၏ ။
မိမိ ရှေ့ မှ အမှုသည် အမျိုးသမီး ၏ နတ်သံနှော နေ သံ ကို လည်း သည်းခံ၍ နားထောင် နေရသည် မှာ တစ်နာရီ နီးပါး ရှိနေပြီ ဖြစ်၏ ။ သို့သော် ဇာတ်လမ်း က ဆုံးခန်းတိုင် မရောက်သေး ။
သုသာန်လုပ်သား သုဘရာဇာ တို့ မည်သည် လူသေ အလုပ် ကို ကိုင်တွယ် စီမံရခြင်း ဖြင့် ထမင်း စား၏ ။
ဆေးဆရာဝန် တို့ မည်သည် လူနာ ကို ကိုင်တွယ် ကြည့်ရှု စစ်ဆေး ကုသခြင်း ဖြင့် ထမင်း စား၏ ။
ရှေ့နေ တို့ မည်သည် အမှုသည် တို့ ၏ သောက ဒုက္ခ ဟူသမျှ ဝေမျှခံယူ သိနားလည်ရင်း ရှေ့ဆောင် ဖြေရှင်း ပေးခြင်း ဖြင့် ထမင်း စား၏ ။ ဘဝ က ဤသို့ပင် ဖန်တီးလာ ရာ ထမင်း တစ်လုတ် အတွက် ၊ ကိုယ့် အလုပ် တွင် စိတ် ရှည် ရမည် ဖြစ်သည် ။
လူနာ တိုင်း သည် ဆရာဝန် အား မိမိ ၏ ဝေဒနာ ကို စီကာပတ်ကုံး ပြောပြ လိုကြသည် ။ မိမိ ရောဂါ ၏ ဇာစ်မြစ် အမှန် အတိမ်အနက် ကို သိချင် မေးချင် ကြသည် ။ ဆရာဝန် က စိတ်ရှည်ရသည် ။
အမှုသည် တိုင်း သည် မိမိ ၏ ဖြစ်ပုံ ကို ဇာတ်စုံ ခင်းကျင်း ပြောပြလို၏ ။ အမှု နှင့် သက်ဆိုင်သည် ရော ၊ မသက် ဆိုင်သည် ရော ပါမည် ။ ထိုသောအခါ ရှေ့နေ လုပ်ရသူ က မဆိုင်သည် ကို ဖယ် ဆိုင်သည် ကို ယူ၍ အမှု အတွက် ပြင်ဆင်ရလေသည် ။
တစ်ခါတစ်ရံ မိမိ က ပင် စိတ်ရှည်လက်ရှည် ဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးရသည် လည်း ရှိ၏ ။
ယခု လည်း ဦးစံတုတ် သည် စိတ်ရှည်စွာ နား ထောင် နေမိ၏ ။ လင် က မယားငယ် ယူ ပြီး သမီးငယ် နှစ်ယောက် နှင့် လင်ပစ် ခံ နေရသော မခင်ကြည် ဆိုသူ ၏ ဇာတ်လမ်းစုံကို စိမ်ပြေနပြေ နားထောင် လျက် ရှိပါ၏ ။
••••• ••••• •••••
“ သူ့ ကို ယူ တုန်း က အိမ် က ပါလာတဲ့ တစ်ကိုယ်စာ လက်ဝတ်လက်စားတွေ လဲ ကုန်ပါပြီ ဆရာ ၊ ဟောဒီ နား က နားကပ်ကလေး သာ ကတ်ကတ်သပ်သပ် ကျန်ပါတော့တယ် ’’
ဦးစံတုတ် က ကရုဏာ သက်စွာ ဖြင့် ခေါင်းညိတ် ပြလိုက်၏ ။
“ သူ ကျူရှင် ထောင်မယ် ဆို လို့ အခန်းငှားခ ၊ ခုံ ရိုက်ခ တွေ ရင်း ရတော့ တစ်ချီ ၊ လက်ကောက် နဲ့ ဆွဲကြိုး ကုန်ပြန် ရော ”
“ အင်း ... ငါ့ တူမ ခင်ပွန်း က ကျူရှင်ဆရာ ကိုး ၊ ဘယ် ဘာသာ ပြသလဲ ကွယ့် ”
“ ဟုတ်ပါတယ် ဆရာ ၊ သင်္ချာ မှာ ကျော်ကြား ဆရာမြသား ဆိုတာ သူ ပါပဲ ဆရာ ”
“ ဪ ... ဪ ၊ ကြားဖူးတယ် ၊ ရန်ကုန် မှာ တော့ တော်တော် အောင်မြင် နေတာပဲ ”
“ အဲဒီလို အောင်မြင် အောင် နောက် က ဖြည့်ဆည်း ပေး နေခဲ့တာ က ကျွန်မ ပါ ဆရာ ၊ အခုတော့ အောင်မြင်တာ ကို မှ အသီးအပွင့် မစားရသေးဘူး ၊ သူ ... အခု ”
စကား ဆုံး အောင် မပြောနိုင် ဘဲ အမျိုးသမီး သည် တစ်ချက် ရှိုက် ၍ မျက်ရည် ကို လက်ကိုင်ပဝါ နှင့် ငုံ့ ပြီး သုတ် နေ၏ ။
ဦးစံတုတ် က မူ သက်ပြင်း ကို လေးလေး ချ မိရင်း ငြိမ်သက်စွာ ပင် စောင့် နေ လိုက်သည် ။ အတန်ကြာ မှ သူ့ စကား သူ ဆက်လာ၏ ။
“ ပထမ တစ်ချီ အရင်း ပြုတ် ပြီးပါပြီ ဆရာ ၊ အဲဒီ နောက်တော့ ဘာသာစုံ သင် တဲ့ ကျောင်းတွေ မှာ သင်္ချာ လိုက် ပြ နေရပါတယ် ၊ ဒီလိုနဲ့ တစ်စ တစ်စ နာမည် ထွက် လာတာပါပဲ ”
“ ဒုတိယ သမီးလေး မွေးပြီး နှစ်ခါလည် ရောက် တဲ့ အထိ အလူးလူး ၊ အလိမ့်လိမ့် နဲ့ နေခဲ့ရပါတယ် ၊ နွေ ရောက် ရင် ကျူရှင် ပိတ် လို့ ဝင်ငွေ မရှိတဲ့ အခါများ ကျွန်မ မှာ ဆွေမျိုးတကာ အောက်ကျ ခံပြီး ဆွဲရလွဲရပါတယ် ၊ ရှိတာတွေ လဲ ပေါင် တန် ပေါင် ၊ ရောင်း တန် ရောင်း ၊ လုပ်ရတာပေါ့ ဆရာ ”
“ အဲဒီလို အခါတွေများ ဆို ရင် သူ ကြိုက်တတ်တဲ့ လက်ဖက်ရည် ၊ မနက် သူ နိုး တဲ့ အချိန် သောက် ရဖို့ လမ်းထိပ် က ဆိုင် မှာ မသိအောင် အကြွေး ပြေး ဝယ်ရတယ် ၊ ပါဆယ် ဆို တော့ တစ်ပန်းကန် သာသာ နည်းနည်း ပိုတယ် ၊ အဲဒီ ပိုတာလေး ကျွန်မ နဲ့ ကလေးတွေ ရေနွေး ရောပြီး သောက်ကြရတာ သူ မသိဘူး ၊ သူ က တော့ လက်ဖက်ရည် လေး မော့ပြီး ကြော့လို့ ထွက်သွား တာပဲ ၊ ည ရောက် တော့ အရက်ကလေး တမြမြ နဲ့ တစ်ခါတလေ သန်းခေါင် ကျော် မှ ပြန် လာတယ် ၊ မယား လုပ် တဲ့ သူ က မအိပ် ဘဲ ထိုင် စောင့် နေရတယ် ၊ အိပ်ပျော် သွား လို့ တော်တော် နဲ့ နှိုး မရရင် တစ်ညလုံး ဂျီတိုက် နေ တော့တာပါပဲ ဆရာ ၊ အဲဒီ ဇွဲမျိုး တွေ ကို ကလေး နှစ်ယောက် ရ တဲ့ အထိ ခံခဲ့ရပါတယ် ”
“ နေပါဦး ၊ နွေရာသီ ကျူရှင်တွေ ပိတ်လို့ ဘိုင်ပြတ် တယ်လဲ ဆိုတယ် ၊ အရက် က တော့ မှန်မှန် သောက် နိုင်သလား ”
“ ဒီလိုပါ ဆရာ ၊ သူ့ အပေါင်းအသင်းတွေ က အရက် ဆိုရင် သဒ္ဓါကြတယ် ဆရာ ၊ အိမ် က မိန်းမ ထမင်း တစ်နပ် ၊ ဆန်ပြုတ် တစ်နပ် ဖြစ်နေတာတွေ ကို သိကြတာ မဟုတ်ဘူး ”
ဟုတ်ပေမည် ဟု ဦးစံတုတ် က တွေးမိ၏ ။ တချို့ အမှုသည်များ သည် အမှုခ ကို အာ ပေါက်အောင် ဈေး ဆစ် ချင်ကြ သော် လည်း ရှေ့နေ အား အရက် တိုက် ရာ ကျွေးမွေး ရာ တွင် မူ ရက်ရောတတ်ကြကြောင်း ကိုယ်တွေ့ ကြုံဖူးသည် ။
“ လွန်ခဲ့တဲ့ နှစ်နှစ် က တော့ ကျူရှင်လောက မှာ ကိုမြသားက လျှမ်းလျှမ်းတောက် ကျော်ကြား လာ တော့ တစ်ပင်တိုင် ကျူ ရှင် ထောင်ချင်လာတယ် ၊ အခန်း ဝယ် ဖို့ ၊ မတည် ဖို့ က လို လာတော့ မိန်းမ မှာ လဲ ရှိသမျှ ကုန်ပြီ ၊ အဲဒီတော့ ကျွန်မ မှာ လင် ကို ချစ်တဲ့ ဇော နဲ့ အဖေ သေပြီး အမေ ငုတ်တုတ် ရှိရက် နဲ့ အမွေ သွား တောင်း ရပါတယ် ၊ အခုတော့ အမေ့ ဆီ ဘယ်လို ပြန်ရမှန်း တောင် မသိ တော့ဘူး ”
မခင်ကြည် က ငိုပြန်သည် ။
နောက်ဆုံး ရှိုက်ရင်း ၊ ငိုရင်း ၊ ပြောရင်း ဖြင့် ဇာတ်ရည် လည် လာ ရသည် ။
ကျူရှင်ဆရာ အောင်မြင် လာ တော့ သင်တန်းခွဲ တစ်ချိန် ကို လုံချည် တစ်မျိုး လဲ ဝတ်နိုင် လာသည် ။ အပေါ် အင်္ကျီ ကို တစ်နေ့ နဲ့ တစ်နေ့ အရောင် မထပ်ရ ။ တန်းခွဲ အချိန်တွေ လည်း တိုး လာ၏ ။ ဆရာမြသား ကျူရှင် တက် ရင် ဂုဏ်ထူး ရသည် ဟု ယုံကြည်လာ တတ်ကြ၏ ။ ယုံကြည်၍ တက်ကြသူတွေ ကို ထပ်မံ ယုံကြည်၍ တက်ကြ ပြန်၏ ။ ဆရာမြသား အပြော ကျ ၍ ရုပ်ချော ၍ ၊ မင်းသား ဟန် ပါ ၍ ၊ ကျော်ကြား ၍ တက်ကြတော့ လည်း ကျောင်းသူများ လည်း တိုး လာသည် ။ ကျောင်းသူတွေ များ လာတော့ ကျောင်း သားများ က လည်း နှစ်ဆ တိုး လာ ရသည် ။
ဤတွင် ဆရာမြသား လွှားလွှားလွှားလွှား ဖြစ် လာ၏ ။ ကျောင်းသူတွေ က ဆရာ စား ဖို့ ထမင်းချိုင့် ပင် ယူ လာ သည် ။ ကျူရှင် ပြီး ပေမယ့် မပြန်သေးသော ကျောင်းသူများ လည်း ရှိလာသည် ။ ဆရာ က လက်ဖက်ရည် ကြိုက်တတ်သည် ဟု ကြားဖူးနားဝ ဖြင့် ဓာတ်ဘူး နှင့် ဖျော်လာသူ က လည်း ရှိသေး၏ ။
အိမ် ကို ပြန် လာတော့ ငွေ အထပ်လိုက် ပါလာ တတ်ရာ မခင်ကြည် က လည်း ရင် အေးရသည် ။ လင်ဂုဏ် ရှိအောင် အဝတ်အစား မထပ်စေရ ။ သို့သော် ည ည ပြန် လာတော့ အရက်နံ့ကလေး က ပါလာ မြဲ ပင် ။
“ ဪ ... ပင်ပန်းရှာလို့ ”
ဟု ကြည်ဖြူရ ပြန်၏ ။ သည်းခံ ရ ပါသည် ။ ဆင်းရဲ တုန်း က ပင် သည်းခံ နိုင်သေး လျှင် ယခု ဆို ပို၍ သည်းခံ နိုင်သေး၏ ။ “ အသား မည်းလိုက်တာ ” ဟု မိမိ ကို အပြစ် ဖို့ ၍ အရက်မူးမူး နှင့် ရိုက်တုန်း က သာ ဝမ်းနည်းပမ်းနည်း ငို မိသည် ။
“ ကျောင်းသူ တစ်ယောက် နဲ့ ဆရာ ရင်းနှီး နေပြီ ”
ဟူသော သတင်း က မခင်ကြည် နား သို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာ ပေ ရာ မရဲတရဲ မေး မိသည် ။ လင်တော်မောင် က ဝန်မခံ တော့ မနာလိုသူတွေ တိုက် တာ ဖြစ်မှာပဲလေ ဟု ကိုယ့် စိတ် ကိုယ် ဖြေပြီး နေ လိုက် မိ၏ ။
ယခုတော့ ကျော ချ မှ ဓားပြ မှန်း သိရတော့သည် ။ ယခုနှစ် ကျူရှင်ရာသီ လည်း ကုန် ရော အဲဒီ ကျော်ကြား လျက် ရှိသည့် ကျောင်းသူ နှင့် လက်ထပ် ကာ မန္တလေး သို့ ဟန်းနီးမွန်း ထွက်သွား လေသည် ။
“ ကျွန်မ မှာ တော့ သမီးလေး နှစ်ယောက် နဲ့ ငုတ်တုတ် ကျန်ရစ်ခဲ့ပါတယ် ၊ အခု သူတို့ ဥက္ကလာပ မှာ တစ်အိမ်လုံး ငှားပြီး နေ ကြတယ် ပြောတာပါပဲ ၊ အခု မိန်းမ မိဘတွေ က ချမ်းသာတယ် ပြောတာပါပဲ ဆရာ ၊ အောင်မြင် တဲ့ ကျူရှင်ဆရာ ဆို တော့ မက်ကြမှာ ပေါ့လေ ၊ မယားငယ် ဖြစ်ရလဲ ဘာ အရေးကြီး မလဲ ”
“ တူမ ဆီ ကို လုံးလုံး ပြန် မလာတော့ဘူးပေါ့ ၊ ဟုတ်လား ”
“ အရိပ် တောင် မမြင်ရပါဘူး ဆရာ ၊ ကျူရှင် အခန်း ကို လိုက် တော့ သူ့ တပည့်တွေ က ကျွန်မ ကို အဝင် တောင် မခံဘူး ”
ဦးစံတုတ် သည် လေးလေးပင်ပင် သက်ပြင်း ချ လိုက်၏ ။ အမှု အတွက် ညွှန်ကြားချက်ကြီး က တော့ ပြီး သွားပြီ ။ မခင်ကြည် နှင့် ကလေးတွေ ၏ ကောင်းကျိုး အတွက် မည်သို့ ဆောင်ရွက်ရမည် ကို သာ စဉ်းစား ဆုံးဖြတ် ရန် လိုသည် ။
“ ကဲ ... ဒီလိုလုပ် ”
••••• ••••• •••••
လင်ပစ် ခံရသော မိန်းမ တစ်ဦး အတွက် လုပ်စရာ နှစ်မျိုး သာ ရှိသည် ။ မယားစရိတ် နှင့် ကလေးစရိတ် လျှောက် မည်လား ၊ သို့တည်းမဟုတ် လင်မယား ကွာရှင်းခွင့် လျှောက် မည်လား ဆိုသည့် လမ်း နှစ်သွယ် ပင် ဖြစ်၏ ။ ထိုသို့မှ မဟုတ်လျှင် လည်း ဇနီး အနေ ဖြင့် လင်မယား ကွာရှင်းခွင့် ကို လျှောက်ပြီး သမီးများ အတွက် ကလေးစရိတ် ကို သီးခြား လျှောက်ထား တောင်းဆို နိုင်သည် ။
မခင်ကြည် က မူ ကွာရှင်းခွင့် ကို မလျှောက်လို ပေ ။ ဤသို့ လျှောက်ထား ပါ လျှင် ကိုယ်တော်ချော က ကြည်ကြည်ဖြူဖြူ ကွာရှင်း ပေးမည် ဖြစ်ပြီး မယားငယ် ထံ တစ်ပန်း သာ သွားမည် ဖြစ်သည် ။
ကလေး စရိတ် ကို တော့ တစ်ပြား ရရ ဖခင် တစ်ယောက် ၏ တာဝန် ကို အသိအမှတ် ပြုသည့် သဘော ဖြင့် လိုချင်သည် ။ သူ့ အတွက် က တော့ စရိတ် မတောင်းလိုပါ ။ နောက် တစ်နေ့ မှာ ပင် ဦးစံတုတ် က ဆရာဦးမြသား ထံ ကလေး စရိတ် အတွက် ခုနစ်ရက် အချိန် ပေး ပြီး နို့တစ်စာ ပေး လိုက်သည် ။ ပြန်ကြားချက် မရပေ ။
တရားတဘောင် စွဲရတော့မည် ဖြစ် သဖြင့် လျှောက်လွှာ နှင့် ကိုယ်စားလှယ် လွှဲစာ တွင် လက်မှတ် ထိုးရန် အတွက် ကျောက်တန်းမြို့ မိခင် အိမ် သို့ ပြောင်းရွှေ့ နေ ထိုင်လျက် ရှိ သော မခင်ကြည် ထံ စာရေး အကြောင်းကြား ခေါ်ယူ လိုက်၏ ။
ရက်ပေါင်း များစွာ ကြာသည့် တိုင်အောင် ပေါ် မလာ သဖြင့် ဦးစံတုတ် သည် မေ့မေ့လျော့လျော့ ပင် ထားလိုက်၏ ။
အချိန်တန် တော့ ပေါ်လာမည် ဖြစ်ပါသည် ။
••••• ••••• •••••
လူ မလာဘဲ မခင်ကြည် ထံ မှ စာ ရောက်လာသည် ။
ဆရာရှင့် ...
ကျောက်တန်းမြို့ က လှေ နဲ့ သုံးနာရီ လောက် သွားရတဲ့ ရွာကလေး မှာ ကျွန်မ ရောက် နေလို့ စာ အရောက် နောက်ကျပါတယ် ၊ အခု စာ ပြန်တော့ လည်း မြို့ ပေါ် တက်ပြီး လခ ထုတ်ရတော့ မှ ပို့ ဖြစ်တာမို့ ခွင့်လွှတ်ပါ ။
ကျွန်မ အဲဒီ ရွာ မှာ တန်းပြဆရာမ လုပ် နေပါတယ် ။ အခုမှ ပဲ ကိုယ့် ပညာ နဲ့ သမီး နှစ်ယောက် ကို လုပ်ကျွေး ပြုစုရတော့ မှာ မို့ အား မငယ်တော့ပါဘူး ။
မောင့် ဆီ က ကလေးတွေ ထောက်ပံ့ကြေး ကို တော့ သူ စေတနာ မပါလို့ အလိုအလျောက် မပေးရင် တရားရုံး က နေ မလျှောက်လို တော့ပါဘူး ဆရာ ။ မောင် က မုန်းသွား ပေမယ့် ကျွန်မ သူ့ ကို မမုန်းနိုင်ဘူး ဆရာ ။
အခုလို တရားစွဲတာ တို့ ၊ ဘာ တို့ လုပ်လိုက် ရင် ကျွန်မ ကို မောင် က ဆက်ပြီး ငြိုငြင် မှာ စိုးရိမ်မိ ပါတယ် ။
သူ့ ကို ချစ်လို့ ယူခဲ့ပါတယ် ။ သူ ပစ် သွား လည်း ချစ်နေလျက်ပါပဲ ။ ရုံးတွေ ကန္နားတွေ မောင် လာရလို့ ကျော်ကြားတဲ့ ကျောင်းဆရာ တစ်ယောက် အနေ နဲ့ မျက်နှာ ပျက်စရာ ဂုဏ် ထိခိုက်စရာ ဖြစ်သွား မှာ ပူ မိပါတယ် ။
ကျွန်မ ထိုက် နဲ့ ကျွန်မ ကံ မို့ ခွင့်လွှတ်ပါ ဆရာ ။
ကံဆိုးသူ မခင်ကြည်
မူလတန်းပြဆရာမ
လေးအိမ်စုရွာ ၊
ကျောက်တန်းမြို့နယ် ။
ဦးစံတုတ် အဖို့ ဟင်းချရုံ မှ တစ်ပါး အခြား လုပ်စရာ မရှိတော့ပြီ ။
စာ နှင့် အတူ ထည့် ပေး လိုက်သော ရာတန် တစ်ရွက် ကို ကိုင် ရင်း အတန်ကြာ ငိုင် နေမိသည် ။ ထောင် မမြင် တော့ မည့် အတူတူ ရာ ကို လည်း စွန့် လိုက် လျှင် ကောင်းပေမည် ။
“ အင်း ... ဒီလို မိန်းမမျိုးတွေ နဲ့ သာ ဆိုရင် တို့ ရှေ့နေတွေ ငတ်ရချည်ရဲ့ ” ဟု လည်း တွေး နေမိ၏ ။
“ ခင်မာမြင့် ရေ ခဏ လောက် ကွာ ”
ရုံးခန်း အပြင် ဘက် စားပွဲ တွင် လက်နှိပ်စက် ရိုက်နေ သော စာရေးမလေး ကို ဦးစံတုတ် က လှမ်း ခေါ် လိုက်၏ ။
ခင်မာမြင့် သည် ဒေါ်သန်းတင် နေ မကောင်း ၍ ခွင့် နှစ်လယူ ထားသော ကာလ အတွင်း ယာယီ ခန့်ထားသော ရှေ့နေရုံးစာရေးမလေး ဖြစ်သည် ။ လက်နှိပ်စက် အနည်း ငယ် ရိုက်တတ်၏ ။ ဆယ်တန်း ကို ယခု နှစ် ဆယ်ကြိမ် မြောက် ဖြေမည် ဖြစ်၏ ။
ခင်မာမြင့် က ဆင်နားရွက် တံခါး ကို ဖွင့်၍ ဦးစံတုတ် စားပွဲ သို့ လာ ရပ်သည် ။
“ ဟောဒီ ငွေ ကို ဒီ လိပ်စာ အတိုင်း စာတိုက် က ပြန် ပို့လိုက်ပါ ”
“ မန်နီ အော်ဒါ နဲ့ လား ဆရာ ”
“ မဟုတ်ဘူး ၊ စာအိတ် ထူထူ နဲ့ သာ အထဲ က ငွေ ကို မမြင်အောင် လုပ်ပြီး ရိုးရိုးစာ ပို့ သလို ထည့် လိုက် ”
“ ဟုတ်ကဲ့ ဆရာ ”
••••• ••••• •••••
“ အိမ် က ကလေးတွေ အမေများ မခင်ကြည် လို သဘော ထား ပြည့် ရင် ဘယ်လောက် ကောင်းမလဲ ”
ဦးစံတုတ် သည် တင်ကလေး လှုပ် ၍ ဆင်မယဉ်သာ ခြေလှမ်း ဖြင့် အခန်း ထဲ မှ ထွက် သွားသော ခင်မာမြင့် ၏ နောက်ပိုင်း ကို ကသိုဏ်း ရှုရင်း အတွေး စိတ်ကူး ပေါက် မိလိုက် လေသည် ။
◾မောင်ကိုယု
📖 ပန် ရုပ်စုံ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment