Thursday, February 1, 2024

မပျော် ခြောက်လ ပျော် ခြောက်လ


 ❝ မပျော် ခြောက်လ ပျော် ခြောက်လ ❞


မနက် မိုးစင်စင် လင်း ခဲ့ လျှင် ဖြင့် အိမ်သာ ရေဆေးရမည် ဆိုသည် ကို မောင်ဖုန်းမြင့် သိပြီး သား ။ ည က ဟိုဘက်ခန်း မှ အသံတွေ ကြား ရသည် ။ အိမ်ရှင် ၏ သား အကြီးကောင် အောင်စိုးဦး အရက် သောက် လာသည့် အကြောင်း ။ အိမ်သာ ထဲ မှာ အော့အန် ထားသည့် အကြောင်း ၊ ဒီ ကောင်လေး အသက် က အလွန် ဆုံး ရှိ မှ ၁ရ နှစ် ပေါ့ ။ ရှစ်တန်း နှင့် ကျောင်း ထွက် ထားသည် ။ ကျဘမ်း ရရာ အလုပ် လုပ် နေသည် ။ သူ နှင့် တွဲ၍ အလုပ် လုပ်နေသည့် ကောင်လေး က လည်း သူ နှင့် အရွယ်ချင်း မတိမ်းမယိမ်း ။ နာမည် တော့ မသိ ။ သန်လျင် မှာ နေသော အောင်စိုးဦး တို့ အဒေါ် ၏ သား ၊ အောင်စိုးဦး နှင့် ညီအစ်ကို ဝမ်းကွဲ ဟု သိရသည် ။ ည က အောင်စိုးဦး အရက်သောက် လာသည် ကို ဖိုးတင်အေး က တတွတ်တွတ် ပြော နေသည် ။ ဖိုးတင်အေး က အောင်စိုးဦး ၏ ဦးလေး အလတ် ။ အောင်စိုးဦး အမေ မပြုံး ၏ မောင် ။


မပြုံးတို့ က မောင်နှမ ၄ ယောက် ရှိသည် ။ မိဘ မရှိကြတော့ ။ တိမ်းပါး သွားကြပြီ ။ မပြုံး က မုဆိုးမ ။ အသက် ၃ဝ ကျော် ။ သူ့ ခင်ပွန်း လည်း တိမ်းပါး တာ ကြာပြီ တဲ့ ။ မပြုံး က အိမ် မှာ ပုစွန်တောင် က တရုတ်မ တစ်ယောက် ၏ စက် ကို ယူ ကာ ဓားစက် လိုက် ရသည် ။ အထည်တွေ ကို ဓားစက် လိုက် ပေးရသည် ။ မနက် စောစောပိုင်း တွင် ရေကျော် မှာ ပဲပြုတ် သွား ရောင်း ရ သေးသည် ။ မပြုံး အောက် က မောင်ပဲလှော် က အထည်ဟောင်း ရောင်းသည့် ဆိုင်တန်း မှာ ဈေးခေါ် လုပ်ပေး ရသည် ။ ရ လာ လျှင် လည်း အိမ် ကို ကောင်းကောင်း မပေး ။ အရက် စွဲ နေသူ ။ သူ့ အောက် က ဖိုးတင်အေး က ပထမ ရပ်ကွက် သမဝါယမ ဆိုင် မှာ အရောင်းသမား ။ ပြီးခဲ့သည့် သင်္ကြန် တွင်း က ဆိုင်တာဝန်ခံ နှင့်  ပဋိပက္ခ ဖြစ်ကာ အလုပ်နား ရသည် ။ အလုပ် နား နေဆဲ တွင် တခြား ရပ်ကွက် မှ ကောင်လေး တစ်စု နှင့် စကားများ ရန်ဖြစ် ကြ ရာ ပဲလှော် က ပါ ဝင် ကူရင်း ညီအစ်ကို နှစ်ယောက် အင်းစိန် ထောင် မှာ ၁ဝ

ရက် အချုပ် ခံ ခဲ့ကြရသည် ။ ပြန် လာတော့ ခေါင်းတုံးတွေ နှင့် ။ ဖိုးတင်အေး က

လေဟာပြင်ဈေး မှာ ကုန်ထမ်း အလုပ် သွား လုပ်သည် ။  သူတို့ နှစ်ယောက် အောက် က 

ညီ အငယ်ဆုံးလေး မိုးကျော် ။ သူ့ ကို သိပ် ကျပ် မပြည့်ဘူး ဟု သဘောထား ကာ

ညီအစ်ကို မောင်နှမများ က “ မိုးကြောင် ” ဟု နောက်ပြောင် ခေါ်ဝေါ်ကြသည် ။ မိုးကျော် ကို ရပ်ကွက် က ချစ်သည် ။ သူ က အရန်မီးသတ်တပ်ဖွဲ့ဝင် လည်း ဖြစ်သည် ။ ညဘက် မီးကင်း လည်း စောင့်သည် ။ မြို့နယ်လူကြီးများ မှ စီမံကိန်းချ ဆောင်ရွက် နေသော ယာခင်းကလေးတွင် လည်း မိုးကျော် စိုက်ပျိုးရေး အလုပ်သမား ဝင် လုပ်ခွင့် ရသည် ။


မပြုံး က အောင်စိုးဦး အပါအဝင် သားသမီး သုံးယောက် ရှိသည် ။ အောင်စိုးဦး အောက် က ဆန်းထွဋ်ဝင်း က ငါးတန်း ကျောင်းသား ။ နွေတုန်း က ရပ်ကွက် ထဲ က ဗီဒီယို ပြသည့် ရုံ မှာ ရေခဲထုပ် သွား ရောင်းရသေးသည် ။ သူ့ အောက် က ဇင်မင်းကြူ က တစ်တန်း ။ ကျန်းမာရေး မကောင်း ။ အဆုတ်နာ ရောဂါ ကု နေရသည် ။ တစ်တန်း ကျသည် ။ လက်မောင်းလေးတွေ က တစ်ကျပ်လုံး ပင် မပြည့်ချင် ။ မနက် အိပ်ရာ ထ သည် နှင့် အော် ငို တတ်သည် ။ ကလေး သာ ဆိုသော် လည်း အသံ က လူကြီး အသံ ။ သူ့ အမေ ပြောပုံ ဆိုပုံ အတိုင်း လိုက် နေသည် ။ လိုက် ပြောသည် ။ မျက်နှာ က လည်း ကလေး မျက်နှာ မျိုး မဟုတ် ။ ရင့် နေသည် ။ သူ့ အမေ က လည်း အိပ်ချိန် အလုပ်သွားချိန် မှ လွဲ၍ ပါးစပ် က တတွတ်တွတ် ။ အခု သံဗုဒ္ဓေသီချင်း ဆို သည် ။ တော်တော်ကြာ ဗီဒီယို အကြောင်း ပြောသည် ။ ဈေး အကြောင်း ၊ ရပ်ကွက် အကြောင်း ၊ မောင်နှမတွေ အကြောင်း ၊ မိဘ ၊ လင်သား အကြောင်း ၊ ဆွေမျိုးတွေ

အကြောင်း ၊ ပုစွန်တောင် မှ တရုတ်မ အကြောင်း ။ အိမ် ကို အဖော်အပေါင်း ခေါ် ၍ ပြောသည် ။ မလာ လျှင် သူ က သွား ပြောသည် ။ အိမ် မှာ လည်း ဆန်းထွဋ်ဝင်း ၊ ဇင်မင်းကြူ တို့ နှင့် ပြောသည် ။ ပျင်းသလား တော့ မမေး နှင့် ။ အိုး တိုက်တာ ၊ တံမြက်စည်း လှည်းတာ ၊ အိမ် ရှင်းတာ ၊ အဝတ်လျှော်တာ မတွေ့ရ သလောက် ။ လျှော် တော့ လည်း စု လျှော်သည် ။ ရေ ထည့် သော စဉ့်အိုး နှစ်အိုး ရှိသည် ။ အဝီစိ ရေစက်အိမ် မှ ရေပိုက် နှင့် ရေ လာ ထည့် လျှင် တစ်ခါတလေ တစ်အိုး ထည့်သည် ။ တစ်ခါတလေ တစ်ဝက်စီ ထည့်သည် ။ အိမ်သာရေအိုး ထဲ လည်း ရေ မထည့် ။ တစ်ခါ မှ မထည့် ။ မိန်းမသား တန်မဲ့ ပဲပြုတ် ရောင်း က ပြန်လာ လျှင် ပဲ ဖြစ်ဖြစ် ၊ ပုစွန်တောင် ကို အထည် ပို့ပြီး ပြန်လာ လျှင် ပဲဖြစ်ဖြစ် ၊ ဈေး က အပြင် က ကိစ္စ တစ်ခု ခု နှင့် ပြန်လာ လျှင် ပဲ ဖြစ်ဖြစ် ပါးစပ် က တတွတ်တွတ် ပြောရင်း အိမ်သာ တန်း ဝင်သည် ။


“ ဟယ် ... ရေ က လည်း မရှိဘူးတော့ ” 


သူ့ အသံ ကြား မှ ဒီဘက် ခန်း က အိမ်ငှား မောင်ဖုန်းမြင့် တို့ က ရေ မရှိ တော့ ကြောင်း သိရသည် ။ ထည့်သလား ။ မထည့်ပါ ။ သည် အတိုင်း အပေါ့အပါး သွားပြီး ပြန် ထွက်လာတတ်သည် ။ အလေး သွား လျှင် လည်း ဝတ်ကျေတန်းကျေ အိမ်ရှေ့ စဉ့်အိုး ထဲ က ရေ တစ်ခွက် သွား ခပ်ပြီး လောင်း ချသည် ။ ပြီးပြီ ။ မနက် မိုးလင်း လျှင် အိမ်သာ ရေ ထည့်ရသည် က သည်ဘက်ခန်း မှ အိမ်ငှား ၊ သူတို့ ထက် လည်း အသက်ကြီး သူ မောင်ဖုန်းမြင့် ။ တစ်နေ့လုံး တော့ ဘယ် စောင့်ထည့် နေ နိုင်ပါ့မလဲ ။ အလုပ် သွား ရသေးသည် ။


“ ဟေ့ကောင် အောင်စိုးဦး ၊ ညက မင်း များပြီး အိမ်သာ ထဲ မှာ အန်ထားတာ မှတ်မိလား ” 


သန်လျင် က ကောင်လေး က သည် မနက် စောစော မှာ အောင်စိုးဦး ကို မေး နေတာ မောင်ဖုန်းမြင့် အိပ်ရာ ထဲ က ကြား ရသည် ။


“ အေး ... အဲဒါ ဘာဖြစ်လဲ ” 


ဒါပဲ ကြား ရသည် ။ ကိုယ့် အန်ဖတ် ကိုယ် ဆေးဖို့ တာဝန် မသိ ။ အိပ်ရာ က ထ ပြီး မောင်ဖုန်းမြင့် ရေဆွဲ ၊ ရေထည့် သန့်ရှင်းရေး လုပ် နေတာ နောက်ဖေး တံခါးဝ မှာ လုံချည် ကို ခြုံ၍ ရပ်ပြီး ကြည့် နေသည် ။ သူ နှင့် ဘာမှ မဆိုင် သလို ။ ပြီးတော့ အိမ်ရှေ့ စဉ့်အိုး မှာ ရေသွား ချိုးတာ တွေ့ရသည် ။ ရှေ့နောက် မချန် ။ ရေ က လည်း မရှိ ။ ရေသုံး က လည်း ကြမ်း ချင်သည် ။ သူတို့ အတွက် တော့ မပန်း မကြီး ။ ရေ ကုန် လျှင် မောင်ဖုန်းမြင့် တို့ ရေတိုင်ကီ သုံးလုံး ကို မျက်စောင်း ထိုးသည် ။


“ ရေ နည်းနည်း ယူ မယ်နော် ” 


ဟု တော့ ဝတ်ကျေတန်းကျေ ပြောပြီး ခပ် ယူ တော့သည် ။ အဲဒါက မပြုံး ။ ရေ ယူသည် ။ အဝတ် လျှော်သည် ။ ချိုးကြသည် ။ တံခါး ဖွင့် တာ လည်း ကြမ်း လိုက်တာ ။ မောင်ဖုန်းမြင့် တို့ ဘုရားစင် ရိုက်ထားသော နံရံ ပင် တုန်ဟီး သွားသည် ။


တစ်ခါတစ်ရံ ထို နံရံ ပေါ် တွင် ရေလဲပိုင်း လုံချည် ၊ အတွင်းခံ ဘောင်းဘီ ၊ ဘရာစီယာ လာ လှမ်း တင် ထား တတ်သေးသည် ။ ဝယ်ပါလား ဝါယာကြိုးလေး ၂ ကိုက် ၊ ၃ ကိုက် လောက် ဝယ်ပြီး လျှပ်စစ်မီးဖို ကို မီးဖိုခန်း ထဲ မီးဖိုခန်း ထဲ ရွှေ့ ပါလား ။ မဟုတ် ။ ပလပ်ပေါက် နှင့် အနီးဆုံး နံရံ နား မှာ မီးဖို ကို ကြိုးတိုတို နှင့် ထားပြီး ချက်ကြသည် ။ ထို နေရာ မှာ မောင်ဖုန်းမြင့် တို့ ဧည့်ခန်းဘုရားစင် အောက် တည့်တည့် နံရံ ။ တစ်ချပ်ခြား ။ ဆင်ခြေဖုံးရပ်ကွက် ဆိုတော့ ညဘက် မီး ခဏခဏ ပျက်သည် ။ မီး မလာ မှ ဆူကြ ပူကြ ဖယောင်းတိုင် တစ်တိုင် ပြေး ဝယ်ကြ ။


“ ဦး ... မီးခြစ် လေး ခဏလောက် ” 


လာပြီ ၊ ဆန်းထွဋ်ဝင်း ။ အဲဒါက မီး ပျက်သည့် ညတိုင်း ။ ဝယ်ထားပါလား သစ်သားမီးခြစ်လေး တစ်လုံး လောက် ။ မဟုတ် ။ မဝယ်ကြ ။ အပြင် သွား ဖို့ မိုးရွာ နေ ရင် လည်း ထီး ခဏလောက် ငှားပါဦး ဆို တာ ခဏခဏ ။ သူတို့ အိမ်ခန်း ကို မောင်ဖုန်းမြင့် ငှား တုန်း က စဘော် နှစ်သောင်းခွဲ ၊ အိမ်လခ သုံးရာ ၊ မီတာခ တစ်ယောက် တစ်ဝက် တဲ့ ။ စာ ချုပ်သည် ။ စဘော် ရတော့ ဖွာရာကျဲ နေသော ခေါင်မိုး ကို သွပ်ပြား အသစ် မိုးပေးသည် ။ အိမ်ရှေ့ အတက် အဆင်း ဆင့်ကလေး ကျိုးတိုးကျဲတဲ့ ယိုင်နဲ့နဲ့ ဖြစ်နေတာ တောင် ပြင် မပေး ။ အိမ်သာ တော့ အသစ် ဆောက်ပေးသည် ။ အိမ်သာ က ဝါးထရံ အစတွေ ကျတော့ လည်း သန်လျင် က ကောင်လေး က အိမ်သာ တက် တိုင်း ချိုးဖဲ့ပြီး စက္ကူ အစား သုံး နေတော့ ကြာရင် ကုန်တော့မည် ။ သတင်းစာ မယူ ၊ ဗလာစာအုပ် မရှိ ။ ဗလာစာအုပ် အဟောင်း ရှိ တော့ လည်း ဆန်းထွဋ်ဝင်း တို့ ၊ ဇင်မင်းကြူ တို့ ဟာတွေ ကု,လားဆိုင် မှာ ရောင်းစားသည် ။ စာအုပ် ၊ စာရွက် ၊ စာတမ်းအဟောင်း မရှိ ရင် လည်း ရေ သုံးပါလား ။ ခုတော့ တုတ် မှ တဲ့ ။ တုတ် သုံးရမှ တဲ့ ။ သွား ကောက် ပါလား ။ လမ်း မှာ တုတ်တို တုတ်စ ။ ဝါးခြမ်းပြား ။ ခုတော့ အိမ်သာ နံရံ ထရံ က ဝါးစတွေ ကို နေ့စဉ် ချိုးဖဲ့ သုံး နေတာ ။ ကောင်းမလား ။


အပြုံး က တော့ တကယ့် ကို မလွယ် ။ လ ကုန် ၌ အိမ်လခ သုံးရာ ပေးပြီး ( တစ်ပတ်မျှ ) အကြာ ဆို လျှင် နောက်လ အတွက် အိမ်လခ ကြိုတင် ဟု ဆိုကာ ပေးပါဦး တ်စရာ ၊ ပေးပါဦး ငါးဆယ် ။ ရှိ နေရင်တော့ အကြောင်း မဟုတ် ။ မောင်ဖုန်းမြင့် မှာ က လည်း လစာ နှင့် မိသားစု သုံးယောက် စားရေး သောက်ရေး က မနည်း ရုန်း နေရတာ ။ မရှိ လို့ မရှိဘူး ပြောတော့ ပညာပေးသည် ။ သည်ဘက်ခန်း က ကက်ဆက်ဖွင့် သီချင်း နားထောင် နေလျှင် စက် ကို ကြမ်းကြမ်း ချုပ်သည် ။ မနက် အိပ် နေတုန်း ခေါင်းရင်း ကြမ်းပြင် မှာ ဇင်မင်းကြူလေး က တဒုန်းဒုန်း မြည်အောင် ခေါက်တုံ့ ခေါက်ပြန် ပြေး နေတာ မတား ။ မောင်ဖုန်းမြင့် က အိမ်ရှေ့ခန်း ဘုရားစင် အောက် ကြမ်းပြင် မှာ အိပ်တာ ။ သူတို့ အိပ်ရာထ ချိန် ဖျာတွေ လိပ်ပြီး ကြမ်းပြင် ကို ဆောင့် ဖုန်ခါ ၊ ကြမ်းပိုးခါ တာ ကလည်း တဒုန်းဒုန်း ။ မီတာခ ဖြတ်ပိုင်း လာလျှင် ၅၁ ကျပ် ကျသည် ဆိုပါတော့ ။


“ အစ်မရေ ၊ မီတာခ ၁၉ ရက်နေ့ နောက်ဆုံး ဆောင်ရမယ် ၊ ပေး ”  


အပြုံး ၏ အသံ ။ ပေးပေတော့ ၅၁ ကျပ် ။ သူ က တစ်ဝက် မထုတ် ။ သည်ဘက် ခန်း အိမ်ငှား က အပြည့် ပေး ။ လကုန် အိမ်လ ခပေး တော့မှ ၂၅ ကျပ် လျှော့ ၍ သူ့ ကို ပေး ။ မောင်ဖုန်းမြင့် ဇနီး က တော့ ကျိတ် ၍ ခံနေရရှာသည် ။


မိသားစု ချွေးနည်းစာလေး စုပြီး အဖြူအမည်း နစ်ပွန်အမျိုးအစား ၁၄ လက်မ ရုပ်မြင်သံကြားစက်ကလေး ဝယ်ပြီး မောင်ဖုန်းမြင့် တို့ အပျင်းပြေ ကြည့် ကြသည် ။ သူတို့ ကို လာကြည့် ချင် ကြည့်ဖို့ တံခါး ဖွင့် ပေးထားသည် ။ ဖျာခင်း ပေးထားသည် ။ အောက်ကျတယ် လို့များ ထင်လို့လား ၊ ဘာကြောင့်လား တော့ မဆိုတတ် ။ အငယ်ဆုံး ဇင်မင်းကြူလေး က လွဲ ၍ တစ်ယောက် မှ လာမကြည့် ။ ဇင်မင်းကြူ က လည်း လာတော့ ကောင်းကောင်း ထိုင် မကြည့် ။ အိမ်ခန်း ထဲ ဝင်သည် ။ မီးဖိုချောင် ဝင်သည် ။ ကစား ၍ ကောင်းသော အသေးအမွှား လေးများ တွေ့ လျှင် လက်ဖဝါးလေး မှာ ဆုပ် ၍ ဝှက် ထား တတ်သည် ။ မောင်ဖုန်းမြင့် တို့ ဘာမှ မပြောပါ ။ ဇင်မင်းကြူ လာ မကြည့်သည့် ညမျိုး ဆိုလျှင် ဆန်းထွဋ်ဝင်း နောက် သလို ပြောင် သလို နှင့် ပင်မ မီးခလုတ် ကို ရုတ်တရက် ထ ပိတ်ပစ် တတ်ပြီး “ ဪ ... မတော်လို့ ... မတော်လို့ ... ကန်တော့ ... ကန်တော့ ” ဟု အော်ကာ ပြန် ဖွင့် ပေးတတ်သည် ။


ဖိုးတင်အေး က တော့ ညည အိပ်ရာဝင် ဘုရားရှိခိုးချိန် တော့ မှန်တတ် သည် ။ ငါးပါးသီလခံ တော့ အစီအစဉ်တွေ ရှေ့နောက် ပြောင်းပြန် ။


“ နတ် လူ ဗြဟ္မာ သတ္တဝါအားလုံး ကျန်းမာချမ်းသာကြပါစေ ” မေတ္တာပို့ က တော့ မပျက် ။ သူ ဘုရားရှိခိုး ပြီး ခဏ အကြာ သူ့ အစ်ကို ပဲလှော် မူးပြီး အိမ်ပေါ် တက် လာတော့ မအေနှမ နှင့် ဆဲရ ပြန် တော့သည် ။


“ ဟေ့ကောင် ငမူး ၊ ဒီ အိမ် မှာ မင်း အကြီးဆုံး ၊ အသုံး မကျဆုံး ။ အိမ် ရောင်းပြီး ဝေစုခွဲပြီး စီးပွားရေး လုပ်ဦး မတဲ့ ။ ဟေ့ကောင် မြဲမြဲ မှတ်ထား ၊ ငါ မသေမချင်း ဒီ အိမ် ကို ဘယ်တော့မှ မရောင်းဘူး ။ ဘယ်နှသိန်း ရရ မရောင်းဘူး မှတ်ထား ” 


တစ်ခါ တစ်ခါ မပြုံး နှင့် စကားများ တော့ လည်း အစ်မ ကို ဘာပြောလဲ ဆိုတော့ ...


“ မသာမ ၊ သောက်ကန်းမ ၊ နောက် လင် ယူပြီး ကလေးတွေ ခွေး ဖြစ် အောင် လုပ်ဖို့ တာစူနေတဲ့ ကောင်မ ။ မှတ်ထား နင့် ကို ဒီ အိမ် ရောင်းဖြစ်ရင် လည်း ဘယ်တော့မှ ဝေစု မပေးဘူး ဆိုတာ မှတ်ထား ” တဲ့ ။ ဆင်ခြေဖုံးရပ်ကွက်ကလေး ဆိုပေမယ့် ပျဉ်ထောင်သွပ်မိုး မီးပါသည့် အိမ်လေး ဆိုတော့ သူတို့ စိတ် ထဲ ၁၀ သိန်း ပတ်ဝန်းကျင် မှန်းထားဟန် တူသည် ။ သစ်တွေ က တော့ မကောင်းတော့ ။ မီးကျွမ်းသစ်တွေ ။ ဟိုး တစ်ချိန် မောင်ဖုန်းမြင့် တို့ လာ မနေမီ ၃ နှစ် လောက် က သူတို့ တစ်အိမ်တည်း မီး လန့်ဖူးသည် တဲ့ ။ မီး လောင်ဖူးသည် တဲ့ ။ အရပ် က နိုင်၍ မီးငြိမ်း သွားပြီး သူတို့ ၁ လ အပြစ်ဒဏ် ခံရဖူးသည် တဲ့ ။ စိတ် ထိခိုက်စရာ ။


လူမှုရေး အရ တွေးဆ ကြည့်မိသည် ။ အိမ်ပိုင် မြေပိုင် ရှိသည် က လွဲ၍ မိဘမဲ့ အုပ်ထိန်းသူ ကင်းမဲ့ ။ အိမ်ထောင်ဦးစီး  ကင်းမဲ့သော သနားစရာ မောင်နှမ တစ်တွေ ပါလား ။ စီးပွားရေး က လည်း မပြေလည် ကြ ရှာ ။ ရပ်ကွက် မှာ ၊ လူမှု ပတ်ဝန်းကျင် မှာ အားငယ်စိတ် ၊ မခံချင်စိတ်ကလေးတွေ ရှိ နေကြရ ရှာသော မောင်နှမများ ။


ဘဝပေး အခြေအနေ က သည်လို ဖြစ်လာတော့လည်း သူတို့ စိတ်နေ စိတ်ထားတွေ သွင်ပြင်လက္ခဏာတွေ ၊ ပြုမူကျင့်ကြံ နေထိုင်ပြောဆိုပုံ တွေ က အရောင်အသွေး တစ်မျိုး ဖြစ်ကောင်း ဖြစ်နေ ပေလိမ့်မည် ။


မနက် အိပ်ရာထ ၊ ရေမိုးချိုး ၊ ဈေးသွား ပေးပြီး လွယ်အိတ် လွယ်ကာ အိမ် မှ ထွက် ၊ ည မိုးချုပ် မှ အိမ်ပြန် ရောက်တာ က မောင်ဖုန်းမြင့် ။ သူတို့ နှင့် နေ့စဉ် ထိတွေ့ ခံစား နေရတာက မောင်ဖုန်းမြင့် ၏ ဇနီး နှင့် သား ။ သည်တော့ မိသားစု ၃ ယောက် ဆုံစည်းမိ ချိန် တနင်္ဂနွေနေ့ မျိုး မှာ တိုးတိုးသက်သာ ကျိတ် ၍ ဆွေးနွေး ကြသည် ။


“ ကျွန်မ လည်း ကိုယ်ချင်း စာပါတယ် ။ ကျွန်မတို့ သာ သူတို့ လို ဘဝကံ က ပေးခဲ့ရင် သူတို့ လို ဖြစ်နေမှာပဲ ။ ဒါကြောင့် သားလေး ကို လည်း ဖျောင်းဖျရတယ် ။ သားရယ် ၊ သူတို့ သနားပါတယ် လို့ ။ သား က ကလေး ဆိုတော့ တစ်ခါ တစ်ခါ လည်း ဒေါသ ထွက်တာပေါ့ ။ ဒါပေမယ့် သား က နားလည် ခွင့်လွှတ်တတ်ပါ တယ် ။ ဒါကြောင့် လည်း ဒီ က ပြောင်းတဲ့ ထိ သူတို့ ကို ဘာမှ မပြောဘူးလို့ ဆုံးဖြတ် ထားပါတယ် ” ဟု ဇနီးသည် က မောင်ဖုန်းမြင့် ကို ပြောသည် ။ သား က လည်း သားတို့ က အိမ်ငှား ပဲ ဖေဖေ ရယ် ။ သူတို့ ရပ်ကွက် ထုံးစံ အိမ်ရှင်အိမ်ငှား စာချုပ် ချုပ် တုန်း က သူတို့ လမ်း ထဲ က လူကြီး တစ်ယောက် ပြောတာ သား မှတ်မိ ပါတယ် ” ဟု ပြောတော့ မောင်ဖုန်းမြင့် က ဘာများပါလိမ့် ဆိုပြီး မေးမိသည် ။


“ အိမ်ရှင် နဲ့ အဆင်ပြေသည် ဖြစ်စေ ၊ မပြေသည် ဖြစ်စေ အိမ်ငှားတွေ ဘက် က မပျော် ခြောက်လ ပျော် ခြောက်လ ပျော်ရင် ခြောက်လ ၊ တစ်နှစ် စာချုပ် ဆက်ချုပ်ရမယ် ဆိုတာလေ ” တဲ့ ။ သား ပြော မှ မောင်ဖုန်းမြင့် ပြုံး မိသည် ။ 


အိမ်ငှား ဘဝ ပြန် တွေးဆ ကြည့်တော့ သူ တစ်ပါး အရိပ်အာဝါသ မှာ ပျော်ခြောက်လ ဆိုတာ ရှိနိုင်ပါ့ မလား ။


ဟော အခု ပဲလှော် သာ မက ဟို ကောင်လေး အောင်စိုးဦး ပါ သောက် တတ် လာပြီ ။ အိမ်သာ ထဲ မှာ အန်တတ် လာပြီ ။ နေ့စဉ် အိမ်သာ ဆေး ၊ အိမ်သာ ရေအိုး ရေဖြည့် နေ ရတဲ့ အိမ်ငှား တစ်ယောက် ရဲ့ ဘဝ ကို လည်း ( ငယ်သူ ကြီးသူ အသာထား ) အိမ်ကြီးရှင်များ သနား ညှာတာ တတ်ကြပါစေ ။


◾ဆောင်းဝင်းလတ်


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၅၆ 

      ဇွန်လ ၊ ၁၉၉၄ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment