Monday, February 26, 2024

ပြုတ်မနူး ( ၇ )


 

အခန်း - ၇

“ အပူတိုက်ကလေး မှာ ...
   လူမိုက်အတွေးနဲ့ ...
   သူမကြိုက်သေးသမျှတော့ ...
    ပူဆွေးရပေဦးတော့မပေါ့ ....”

ရေးလက်စ ကဗျာလေး ကို ဖင်တပြန် ခေါင်းတပြန် ဖတ်ပြီး တစ်ယောက် တည်း ပြုံး နေဆဲမှာ ပဲ လှေကား ပေါ် က ခြေသံ တစ်ခု ကြား လိုက်ရ သဖြင့် ကမန်းကတန်း လှည့် ကြည့် လိုက်ရာ ဖခင် ဦးမျက်ပြူး ။ ဦးမျက်ပြူး က လည်း မသင်္ကာ သလို ကြည့် ၊ သား ဖြစ်သူ မျက်မှေး က လည်း မလုံမလဲ ကြည့်ရင်း နဲ့ ဖျတ်ခနဲ အတွေး တစ်ခု ဝင်လာတော့ ..

“ အဖေ ... ကျွန်တော် တစ်ခု စဉ်းစားမိတယ်ဗျ ”

“ အံမယ် ကျားသားမိုးကြိုး ... စကားလုံးတွေ က မောင်ငြိမ်းမင်း ရေး တဲ့ ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေ ထဲ က အတိုင်းပါလား ... ကဲ ဆိုစမ်းပါဦးဗျာ ...”

“ ဂေါက် ရိုက်တဲ့ လူတွေ ဟာ ... သူတို့ ရဲ့ လက် ကို အသုံးပြု ရ သလို ... ဘောလုံး ကန် တဲ့ လူတွေ ဟာ လည်း ... ခြေထောက် ကို  အားပြုရတယ် မဟုတ်ဘူးလား ”

ဦးမျက်ပြူး ဆေးပေါ့လိပ် သောက်မယ် အလုပ် တစ်ချက် တွန့် သွားတယ် ။

“ ဟေ့ကောင် တော်တော့ ... ဘာများ ပြောမလဲလို့ ... ဂေါက် ရိုက်တဲ့ လူ က လက် နဲ့ မရိုက်ဘဲ မင်း အမေ နဲ့ ရိုက်ရမှာလား ... ဘယ်နှယ့် ဘောလုံးသမား ခြေထောက် အားကိုးရတယ် တဲ့ ... ကြား ကြားဖူးပေါင် ... ခြေထောက် အားမကိုး ဘဲ လက်ဝှေ့သမား လို ... လိုက် ထိုး နေရမှာလား ... စကား က အမြီးအမောက် မတည့်ဘူး ”

မျက်ပြူး မျက်နှာချို သွေး ပြီး ဖခင် နား ကို ကပ် ကာ ..

“ မဟုတ်ဘူးလေ အဖေ ရဲ့ ... ကျွန်တော့် စကား လည်း ဆုံးအောင် နားထောင်ပါဦး .. ခုနက ကျွန်တော် ပြောတာ အားကိုး .. ဆိုတဲ့ စကားလုံး ကို အဓိပ္ပါယ် ဖော်ချင်တာပါ ”

သူ့ စကား စိတ်ဝင်စားမှု ရှိ မရှိ .. ဦးမျက်ပြူး ကို တစ်ချက် အကဲခတ် ပြီး မှ...

“ ကျွန်တော် က ဘောလုံးသမား လည်း မဟုတ်ဘူး ... ဂေါက်သမား လည်း မဟုတ်ဘူးဆိုတော့ .. ကျွန်တော် အားကိုးတာ က .. ”

ဦးမျက်ပြူး ကို ပြေးပြီး ဖက် ရာ ဦးမျက်ပြူး အလန့်တကြား ဖြစ် သွားပြီး

“ အဖေ ... ကျွန်တော် ရဲ့ တစ်ဦးတည်းသော မူပိုင်ခွင့် အဖေ ”

“ ဟာ .. လရှီး ထဲ မှ ပဲ ကွာ .. လန့် လိုက်တာ .. ဘာ ပြောချင်တာလဲ ... ရိုးရိုး ပြောစမ်းပါ .. ”

“ အဟဲ ... ဒီလိုပါ အဖေ .. မိဘတို့ ဝတ္တရား အတိုင်း ”

ဆက် ပြောရန် အလုပ် ဦးမျက်ပြူး က ထိုင် နေရာမှ ဝုန်းခနဲ ထ ရပ်ကာ

“ ဘာကွ ... ဘာ အလုပ်မှ မယ်မယ်ရရ မရှိဘဲ ... မိန်းမ က လိုချင်ပြန်ပြီလား ”

ဒီတစ်ခါ လန့်ရသူ က မျက်မှေး ။ တုန်လှုပ် သွားပြီး ...

“ မ ... မ .. မဟုတ်ဘူးလေ မိန်းမ ယူမယ့် အကြောင်း ပါဘူးလေ ”

“ ဒါဆို ပြီးရော ... ဆက်ပြော ”

ဦးမျက်ပြူး ပြန် ထိုင်ရင်း ဆေးပေါ့လိပ် မီး ညှိကာ နားထောင် နေစဉ် ...

“ ကျွန်တော် စီးပွားရေး လုပ်ချင်တယ် ... အရင်းအနှီး ထုတ် ပေးပါလို့ ပြော မလို့ ... ဟာကို ... ဟဲ ဟဲ ဟဲ ”

ဦးမျက်ပြူး က လက် ထဲ က ဆေးပေါ့လိပ် ကို ပြာ ချွေ လိုက်ပြီး

“ နေစမ်းပါဦး ... မင်း က ဘာ တတ်လို့ စီးပွားရေး လုပ်ချင် တာလဲ .. ကဲ ပြော ဘာ အရောင်းအဝယ် လုပ်မှာလဲ .. ”

မျက်မှေး က အိမ်နား ကပ် လျက် ဦးကု,လား အိမ် ဘက် သို့ မျက်စ ပစ် ပြပြီး ...

“ လက်ဖက်ရည်ဆိုင် ဖွင့် ချင်တယ် ”

ဦးမျက်ပြူး ဟာ ရှိရင်းစွဲ မျက်လုံးတွေ ထက် အဆပေါင်း များစွာ ပြူးထွက် လာပြီး ဆေးပေါ့လိပ် ကို သူ့ သား မျက်မှေး တည့်တည့် လှမ်း ပစ် လိုက်တယ် ။

"အာ ဟ .. အာ ဟ .. ပူတယ် အဖေ ရဲ့ ”

“ ဟေ့ကောင် သောက်ရူး .. မင်း ရူးနေလား .. ဟိုမှာ ကု,လားတို့ က လက်ဖက်ရည်ဆိုင် ဖွင့် ထားတယ်လေ .. တခြား ဟာ စဉ်းစားပါလား ”

“ မဆိုင်ဘူးလေ ဖေဖေ ရဲ့ ... သူတို့ဖွ င့်တာ သူတို့ .. သားတို့ ဖွင့်တာ သားတို့ ပဲ ဥစ္စာ ... ကဲ ရွာ ထဲ မှာ ကုန်ခြောက်ဆိုင် ဘယ်နှဆိုင် ရှိလဲ .. အရက်ဆိုင် ဘယ်နှဆိုင် ရှိလဲ .. ဘုန်းကြီးကျောင်း ဘယ်နှကျောင်း ရှိလဲ ”

“ ဟေ့ကောင် .. ဟေ့ကောင် ဘာတွေ လျှောက် ပြောနေတာလဲ ”

မျက်မှေး က တောင်မြောက်လေးပါး ကြည့် လိုက်ပြီး လေသံ ကို နှိမ့် ၍ ..

“ ဟုတ်တယ်လေ ... ကုန်ခြောက်ဆိုင် ဘယ်နှဆိုင် ရှိရှိ ... သူနည်း သူ့ဟန် သူအိမ် နဲ့ သူ ရောင်း နေရတာပဲ မဟုတ်လား .. ဟော အရက်ဆိုင် လည်း ထိုနည်းလည်းကောင်း ပဲ အကြွေး ရရင် ရ သလို ... လက်ငင်း ရရင် ရ သလို.. သောက် နေကြတာပဲ ... ဖေဖေ တောင် သံချောင်းဆိုင် က သောက် သောက် နေပြီးတော့ ... သံချောင်း က လည်း အကြွေး တောင်း ရော အောင်မင်းသိမ်း ဆိုင် ပြောင်း သောက် တယ်လေ ... အဲဒီလိုပဲ ပေါ့ ဘယ် ဘုန်းကြီးကျောင်း ဖြစ်ဖြစ် အလှူ လုပ်လို့ ရပါတယ် ... ပဉ္စင်း ခံ ဦးမလား ပြော ... အဲဒါကို ပြောတာ အဲဒါကို ပြောတာ ဖေဖေ ရဲ့ ”

ဦးမျက်ပြူး က ကြာရင် သူ့ ဘက် အများကြီး မြားဦး လှည့်နိုင် လာမည် ကို တွေး မိပြီး စိတ်မရှည်သော ပုံစံ ဖြင့်

“ လိုရင်း ပြော ကွာ ”

“ အနားသတ် ပြောရရင် တော့ သူတို့ လည်း လက်ဖက်ရည်ဆိုင် ဖွင့်တာပဲ .. ကျွန်တော်တို့ လည်း ဖွင့်တာပဲ ..လက် သာတဲ့ လူ ကောင်းတဲ့ ဘက် ကို လူတွေ လာပါလိမ့်မယ် လို့ ဆိုပါတယ် ဖေဖေ .. ဘယ်နှယ့် သဘောရ လဲ ”

ဦးမျက်ပြူး က ဆေးပေါ့လိပ် ပြန် ရှာမည် အလုပ် မှာ ပေါင်ကြား ထဲ က မျက်ပြူး ထုတ် ပြီး လှမ်း ပေးသည် ။ ဦးမျက်ပြူး ပါးစပ် တေ့ မယ် လုပ်ပြီး ကာ မှ တစ်စုံတစ်ခု ကို စဉ်းစား မိ ရင်း ..

“ အင်း ... အချိန် တော့ ... နည်းနည်း ပေးရလိမ့်မကွ ငါ ... စဉ်းစားမယ်... ဒါနဲ့ ဟို ကောင်မလေးတွေ ဖွင့် လို့ မင်း လိုက် ဖွင့် တာတော့ မဟုတ်ပါဘူးနော် .. ”

“ ဟာ .. အဖေ က လည်း ဘာဆိုင်လဲ ... ကိုယ့်စီးပွား ကိုယ် လုပ်တဲ့ ဥစ္စာ ”

ဦးမျက်ပြူး မတ်တပ် ရပ် ကာ ပြတင်းပေါက် ဘေး သွား ရပ်ပြီး ဦးကု,လား လက်ဖက်ရည်ဆိုင် ကို လှမ်း ကြည့် ရင်း ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ထဲ က ဝါးခယ်မကိုရဲမောင် အိုင်တင် ဖြင့် ခေါင်း တဆတ်ဆက် ညိတ် ကာ ...

“ အေးလေ ... စဉ်းစားကြသေးတာပေါ့ .. မဟုတ်ဘူးလား ... တစ်ပတ်... နှစ်ပတ် တော့ စောင့် ကွာ .. ဟုတ်ပြီလား .. ” တဲ့ ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment