Monday, February 19, 2024

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ❝ ချစ်လို့ပါ ဆရာရယ် ❞


 

◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ ချစ်လို့ပါ ဆရာရယ် ❞

ပြန်ပြောင်း သတိရမိပါသည် ။

ကျွန်တော် ဤ ကဏ္ဍ ကို ရေးရန် ချစ်ဦးညို နှင့် ဆွေးနွေး အပြီး အအေးဆိုင် မှ ထ ခါ နီး တွင် ကျွန်တော် က ...

“ အင်း ... ကျုပ် ရွေးတာ ၊ ရေးတာ နဲ့ ပတ်သက် ပြီး ပြဿနာတွေ တော့ ပေါ်လိမ့်ဦးမယ် ထင်တယ် ဗျာ ”

ချစ်ဦးညို က တစ်ဖက်သား မခံချင်လောက် အောင် ပြုံးစိစိကြီး လုပ်ပြီး အဘိုးအိုကြီး လေသံမျိုး နှင့် ...

“ အံမာ ၊ အဆန်း လုပ် လို့ ဘယ်တုန်း က မှ ပြဿနာ မပေါ်ခဲ့ဖူးတာ ကျနေတာပဲ ၊ ဆူးလှည်းကြီး မောင်းလာ သလို ဟို ငြိ ၊ ဒီ ငြိ တစ်လျှောက်လုံး ရေးလာခဲ့ ပြီး မှ ”

ကျွန်တော် ဘာ ပြန် ပြောလိုက်ရမှန်း မသိပါ ။ သည် အတိုင်း ကြောင်တောင်တောင် ခံ နေလိုက်ရပါသည် ။

ယခု ကျွန်တော် နိုဝင်ဘာ ၊ ဒီဇင်ဘာ နှစ်ပတ် ရေး ခဲ့ပြီးပါပြီ ။ ကျွန်တော့် အိမ် သို့ ခရီးကြုံ ( တချို့ တကူးတက ) ရောက် လာပြီး ကျွန်တော် နှင့် ဆွေးနွေး ငြင်းခုန်ကြသူ က လည်း နှစ်ဒါဇင် လောက် ရှိပါပြီ ။ ဟို နေရာ ၊ သည် နေရာ တွင် မတော်တဆ ကြုံမိရင်း ဆွေးနွေး ငြင်းခုန်ကြသူ က လည်း နှစ်ဒါဇင် လောက် ရှိသွားပါပြီ ။

တစ်ယောက် က ကျွန်တော် ရွေး သည့် ဝတ္ထုတွေ ထက် ဘယ် ဝတ္ထု က ပို ကောင်း ကြောင်း စသည် စသည် ဖြင့် ဆင်ခြေ ဆင်လက် ပေး၍ ဆွေးနွေးကြ ပါသည် ။ ကျွန်တော် က လည်း ထို ထို ဝတ္ထုများ မှာ မည်သည့် ချွတ်ယွင်းချက်များ ၊ မည်သည့် ပျော့ညံ့ချက်များ တွေ့နေရကြောင်း ၊ ထို့ကြောင့် မရွေးခဲ့ကြောင်း ၊ သို့မဟုတ် လျှင် ညွှန်းခဲ့ရကြောင်း စသည် ဖြင့် ပြန် ပြောရပါသည် ။

အချို့ နယ် က စာဖတ်သူများ ဆို လျှင် လူကြုံ ၊ စကားကြုံ ပင် ပါးလိုက်ပါ သေးသည် ။ ဆရာ့ ကို ယုံကြည် ရိုသေသည် မှန်သော် လည်း ဆရာ ရွေး လိုက်သော ဝတ္ထု ကို ယခု ထက် တိုင် အရသာ ခံ၍ မရသေးကြောင်း စသည် တို့ ဖြစ်ပါသည် ။

ဆောင်းပါး က နှစ်ပုဒ် ရှိ သေးသည် ။ ပြောရ ဆိုရ သည် က အနည်းဆုံး နာရီ နှစ်ဆယ် လောက် ရှိ နေပါပြီ ။ သို့သော် ကျွန်တော် အလွန် ပျော် နေပါသည် ။

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ဆရာ တစ်ယောက် နှင့် ဘတ်စ်ကား ပေါ် တွင် တွေ့ ရာ သူ က ...

“ သဘင် ထဲ က ဆရာ့ ဆောင်းပါး ကို ဖတ် ပြီးပါပြီ ၊ ... ဆရာ ပြောတဲ့ ဝတ္ထုကို ရှာပြီး ဖတ်ကြည့်ပါ သေးတယ် ၊ ဆရာ ပြော လို့ သာ ပါ ၊ ကျွန်တော် ဖြင့် မကြိုက်ပါဘူး ဆရာ ရယ် ”

“ ဪ ... ကိုယ့် လူ နှယ် ၊ ခင်ဗျား အကြိုက်ဆုံး ဝတ္ထု ကို ရွေးတာ မှ မဟုတ်ဘဲ ၊ ကျွန်တော် အကြိုက်ဆုံး ဝတ္ထု ပါ ဆိုနေ မှ ”

သူ က လည်း ရယ် လျက်

“ တစ်နေ့ က လက်ဖက်ရည်ဆိုင် မှာ ကျွန်တော် က အဲဒီလိုပြော တော့ တက္ကသိုလ်မင်းမော် က “ အကောင်း ဆုံး ဝတ္ထု လို့ ပြောတာ မှ မဟုတ်ဘဲ ၊ သူ အကြိုက်ဆုံး ဝတ္ထု ပါ ဆိုနေ မှ သူ ကြိုက်ချင် တာ ကြိုက်မှာပေါ့ ၊ အရေးကြီး တာ က သူ ဘာကြောင့် ကြိုက်သလဲ ဆိုတာ မဟုတ် လား ” လို့ ပြောတယ် ဆရာ ရဲ့ ၊ ကျွန်တော် က တော့ ပြောခဲ့သေးတာ ပဲ ၊ ဒီထက် ကောင်းတာတွေ ရှိဦးမှာပါ လို့ ”

“ ခင်ဗျား ၊ ဒီ လ အတွက် ဝတ္ထု ဘယ်နှစ်ပုဒ် လောက် ဖတ် ပြီးပြီလဲ ”

“ သိပ်တော့ မဖတ်ဖြစ်ပါဘူး ဆရာ ၊ လေးငါးပုဒ် လောက်ပါပဲ ”

“ ကျွန်တော် က ဝတ္ထု ပုဒ်ရေ ၉ဝ လောက် ဖတ် ပြီး ရွေးရတာ ဗျ ၊ နောက်ပြီး ဒီ တစ်လ အတွင်း ပါ တဲ့ ဝတ္ထုတို တွေ ထဲ မှာ သာ ရွေးရတာ ၊ ဟိုး ... အရင် သမိုင်း တစ်လျှောက် လုံး မှာ ရှိရှိ သမျှ ဝတ္ထုတွေ နဲ့ ဆိုင်တာ မဟုတ်ဘူး ၊ ကုန်ကုန် ပြောမယ် ၊ ဒီ လ ဝတ္ထု နဲ့ အရင် လ က ဝတ္ထု ကို ယှဉ်ပြီး ပြော လို့ ဖြစ်တာ မဟုတ်ဘူး ၊ အရင့် အရင် က ဖတ်ခဲ့ဖူးတဲ့ ဝတ္ထုတွေ ကို ခေါင်း ထဲ က ခဏ ထုတ်ပြီး စဉ်းစား ရ တာ ၊ ခင်ဗျားတို့ က ကိုယ် ကြိုက်ခဲ့ဖူး တဲ့ ဝတ္ထုတိုတွေ ရဲ့ အရသာ နဲ့ ယှဉ် ပြီး စဉ်းစား နေ မိတတ်တယ် ၊ အဲဒီလို လဲ  တွက် ဦး မှာပေါ့ ”

သူတို့ မည်မျှပင် ကျွန်တော် နှင့် ဆွေးနွေးငြင်းခုံ ကြသည် ဖြစ်စေ သေချာသော အချက် တစ်ခု ရှိပါသည် ။ သူတို့ ကျွန်တော့် ကို တိုက်ခိုက် ထိုးနှက်ကြခြင်း မဟုတ်ပါ ။ ရွှင်လန်း မြူးကြွသော စေတနာ ဖြင့် ငြင်းခုံကြခြင်း သာ ဖြစ်ပါ သည် ။ အားလုံးက တညီတညွတ် တည်း ထွက်လာသော စကား က ထို အချက် ကို ထင်ရှား စေပါသည် ။

“ ဘာပဲဖြစ်ဖြစ် ဆရာ ရယ် ၊ ကျွန်တော် တို့ လဲ ဆရာ့ လို မလုပ်နိုင်ပါဘူး ၊ ဒါမျိုး ဆိုတာ လုပ်နိုင်တဲ့ စွမ်းရည် လဲ ရှိဦးမှ ၊ ဝီရိယ လဲ ရှိဦးမှ ၊ အချိန် လဲ ပေးနိုင်ဦးမှ ဖြစ်နိုင်တဲ့ ကိစ္စမျိုးပါ ဆရာ ၊ မဂ္ဂဇင်း သမိုင်းတစ်လျှောက် မှာ တစ်ခါ မှ မရှိခဲ့ဖူးတဲ့ အလုပ် မို့ ကြာရှည် လုပ်နိုင်ပါစေ လို့ ဆုတောင်း ပါတယ် ။ ဆရာ့ ကို လဲ ကျေးဇူး တင်ပါတယ် ၊ သဘင်မဂ္ဂဇင်း ဟာ လဲ ဒီ ကိစ္စ မှာ တော့ မှတ်တိုင် တစ်ခု ပါ ပဲ ”

အားလုံး က ဤသို့ ပြောကြ ပါသည် ။ ကျွန်တော် လည်း ကြည်နူး ဝမ်းမြောက်ခြင်း ၊ စေတနာပွားခြင်း တို့ ဖြစ် ရပါသည် ။ ထို စေတနာ ကြောင့် ပင် လျှင် နောက်ထပ် အဆစ် တိုး ပေးရန် ဆုံးဖြတ် လိုက် ပါသည် ။

ကျွန်တော် ဖတ်ခဲ့ သမျှ သော ဝတ္ထုများ ကို မဂ္ဂဇင်း အမည် ၊ ရေးသူ အမည် ၊ ဝတ္ထု အမည် ၊ အကြောင်းအရာ ၊ မှတ်ချက် စသည် ဖြင့် လစဉ် လယ်ဂျာစာရင်း ဖွင့် သကဲ့သို့ မှတ်တမ်းတင် ထားပါသည် ။ ထို စာရင်း သွင်းရသည် မှာ လည်း မလွယ်လှပါ ။ ဝတ္ထုတို ပေါင်း ၉ဝ လောက် ဆိုတော့ အချိန် အတော် ယူ ရ ပါသည် ။ ထို စာရင်း ကို အခြေခံ ပြီး ရှုထောင့် အမျိုးမျိုး မှ သုံးသပ်လျက် “ ယနေ့ မြန်မာ့ဝတ္ထုတိုများ ” ဟူသော ခေါင်းစဉ် ဖြင့် စာတမ်းငယ် တစ်ခု ပြုစုပြီး သဘင် မဂ္ဂဇင်း နှစ်ပတ်လည် တွင် တင်ပြ အစီရင်ခံရန် ရည်စူး ထားပါ သည် ။

•••••   •••••   •••••

အချို့သော စာပေ ဝါသနာအိုး အစုကလေးများ က ကျွန်တော့် ရွေးချယ် သုံးသပ်ချက် ကို ဝိုင်းဝန်း စူးစမ်း ငြင်းခုံကြ ရုံ သာ မက ရှေ့လ အတွက် ကို ပါ ကြိုတင်ပြီး မှန်းဆကြသည် ။ ဟို ဝတ္ထု က ကောင်းသည် ၊ သည် ဝတ္ထု ကို ရွေးထိုက်သည် စသည် ဖြင့် ဆွေးနွေးကြသည် ။

တစ်နေ့ က ပင် ကျွန်တော့် တပည့်ဟောင်း တစ်ဦး က  ပြောပါသည် ။

“ ကျွန်တော်တို့ လဲ ဝတ္ထုတွေ ဖတ်ပြီး ၊ ဆွေးနွေး ပြီး ရွေးနေကြတယ် ဆရာ ရေ ၊ ဆရာ နဲ့ ကျွန်တော်တို့ သဘောချင်း ထပ်,မထပ်ပေါ့ ဆရာ ၊ ‘ သဘင် ’ ထွက် လာ ရင် ထီ ပေါက်စဉ် တိုက်ကြမယ်ပေါ့ ဆရာ ”

ဤသို့ ရယ်မောပြီး ပြောပါသည် ။

“ ကောင်းပါတယ် ၊ မောင်ရင်တို့ စာ ဖတ်ဖြစ်တာ ပေါ့ ၊ ဆွေးနွေးပွဲ လဲ မြိုင်တာပေါ့ ၊ မောင်ရင် တို့ လေးငါး ပုဒ်လောက် ရွေး ရင် ကိုယ် ရွေးတာ နဲ့ တိုးမှာပါပဲ ၊ ပထမ ၊ ဒုတိယ ဦးစားပေး နံပါတ်ချင်း သာ ကွဲချင် ကွဲကြမှာပါ ၊ ရွေးပြီး တော့ လဲ မောင်ရင် တို့ နဲ့ ကိုယ် နဲ့ ငြင်းကြရ သေးတာပေါ့ ”

ရန်ကုန် မှာ သာ မဟုတ်ပါ ။ နယ် က ဝတ္ထုတို ဝါသနာအိုး လူငယ်များ သည်လည်း ဤသို့ပင် ဆွေးနွေး ငြင်းခုံကြမည် မှာ မုချ ဖြစ်ပါသည် ။ နယ်လှည့် စာပေဟော ပြောပွဲ ၊ ဆွေးနွေးပွဲ အတွေ့အကြုံ အရ အချို့သော တော မြို့ကလေးများ က လူငယ် ပရိသတ် မှာ ကြောက်ခမန်း လန့်ခမန်း စိတ် တက်ကြွ တတ်ကြကြောင်း ကျွန်တော် သိ နေပါ သည် ။

ကဲ စာဖတ်သူ မိတ်ဆွေ ၊ ကျွန်တော် တို့ ရဲ့ တစ်လ တစ်ကြိမ် ဝတ္ထုတို နှီးနှော ဖလှယ်ပွဲလေး ဟာ ပျော်စရာ မကောင်းပါလား ခင်ဗျား ။

ယခင် လများ က ကျွန်တော် ဖတ် သော မဂ္ဂဇင်းများ စာရင်း တွင် “ ရုပ်ရှင်အောင်လံ ” ကို မထည့်ခဲ့ပါ ။ ယခု ရုပ်ရှင်အောင်လံ မဂ္ဂဇင်း က စာမျက်နှာ တိုးချဲ့ ထုတ်ဝေသည် ။ ဝတ္ထုတို ဦးရေ လည်း ပို လာသည် ။ ကျွန်တော့် ထံ သို့ လည်း တကူးတက မေတ္တာ လက်ဆောင် ပို့ ပေးပါသည် ။ သူ တို့ မဂ္ဂဇင်း ကို လည်း ဖတ်ကြည့်ပါဦး ဆိုသည့် သဘောပင် ဖြစ်ပါ ယသည် ။ ဤသို့ ပို့ပေးသည့် အတွက် ကျွန်တော့် မှာ ရွေးရန် ၊ ညွှန်းရန် ဝန် မတက်ပါ ။ သဘင် မဂ္ဂဇင်း လို ပဲ သဘော ထား ရမည် ဖြစ်ပါသည် ။ သို့သော် ရုပ်ရှင်အောင်လံ မဂ္ဂဇင်း စာတည်းအဖွဲ့ ၏ ကြိုးပမ်းမှု ၊ စေတနာ တက်ကြွမှု ကို ကား ကျွန်တော် ချီးကျူးမိသည် မှာ အမှန် ဖြစ်ပါသည် ။

•••••   •••••   •••••

ယခု တစ်ပတ် ကျွန်တော် “ အာလူး ” ပေး တာ များသွား လျှင် ခွင့်လွှတ်ပါ ။ “ အာလူး ” ဆို မှ စကား စပ်မိ သဖြင့် ပြောရပါဦးမည် ။ အမေရိကန် စာစောင် တစ်ခု ထဲ က ပုံပြင် လေးပါ ။

တစ်ခါက အာလူးခင်း ပိုင်ရှင် တစ်ယောက် က သူရင်းငှား တစ်ယောက် ကို ငှား ၍ အာလူး ဖော်စေပါသည် ။ သူရင်းငှား မှာ နေပူ ထဲ တွင် ရွှင်လန်းမြူးကြွစွာ တေး တကြော်ကြော် နှင့် အာလူး ဖော် နေ ရာ ယာခင်း ပိုင်ရှင် မှာ သူ ပါ ရော ၍ ပျော်လျက် အလွန် သဘောကျ နေ မိသည် ။ အာလူး တွေ ဖော် ပြီး၍ အမိုးအကာ အောက် အာလူးပုံကြီး ရောက် ပြီးသော အခါ ...

“ ကဲ မောင်ရင် ရေ အလုပ် သက်သာလာပါပြီ ၊ ဒီ အာလူးတွေ ကို အလုံး လှ မလှ ၊ အနာအဆာ ၊ အရွယ်အစား ချင့်ပြီး ပထမတန်းစား ၊ ဒုတိယတန်းစား ၊ တတိယ တန်းစား သုံးပုံ ခွဲပြီး ပုံပေတော့ ကွယ် ၊ ညနေ လောက် ဆိုရင် ပြီးလောက်ပါ ရဲ့ ”

ဤသို့ ပြောပြီး အလုပ် ပေး ထားခဲ့သည် ။

ညနေခင်း တွင် ယာခင်းရှင် က လုပ်ခွင် သို့ လာကြည့် သောအခါ မဖြစ်စလောက် ရွေးပြီး အာလူးပုံလေး သုံးပုံ နှင့် အာလူးပုံကြီး ဘေးနား တွင် စိတ်ပျက် လက်ပျက် ပင်ပန်း နေ သော သူရင်းငှား ကို တွေ့ရသည် ။

“ ဟယ် ... ဘာမှ မပြီးသေးပါလား ၊ မင်း မလုပ် ဘူးလား ”

“ သိပ် ... ပင်ပန်းတယ် ဆရာ ၊ ဒီ အလုပ် မလုပ်ပါ ရစေနဲ့ ”

“ ဟဲ့ ... နေပူ ထဲ မှာ ချွေးဒီးဒီး ကျအောင် လုပ် ရတုန်း က မပင်ပန်းဘူး ၊ နေရိပ် ထဲ ထိုင်ပြီး လုပ်ရတာ ကို ကျ မှ ပင်ပန်းနေသလား ဟဲ့ ”

“ ဒီမယ် ဆရာ ၊ နေပူ ထဲ လုပ်ရတာ က မြေကြီး ထဲ က အာလူး ကို ဖော်ရုံပဲ ၊ မြေကြီး နဲ့ အာလူး ဘာမှ မှားစရာ မလို ဘူး ။ ဒီ ဟာ က အာလူး တစ်လုံး ကို ကြည့် ပြီး ပထမတန်း လား ၊ ဒုတိယတန်း လား ၊ တတိယတန်း လား ဆိုတာ တစ်လုံးချင်း ကြည့် ပြီး မမှားအောင် အကဲဖြတ် နေရတာ ဆရာ ရဲ့ ၊ မပင်ပန်းပဲ ရှိပါ့မလား ”

ကျွန်တော် ယခု တစ်ပတ် အာလူးပေါင်း အဲ ... ဝတ္ထုတိုပေါင်း ပုဒ်ရေ ၉ဝ ဖတ်ရပါသည် ။ မဂ္ဂဇင်း စောင်ရေပေါင်း ၁၇ အုပ် ဖြစ်ပါသည် ။ ( ၁ ) သောင်းပြောင်းထွေလာ ၊ ( ၂ ) ငွေတာရီ ၊ ( ၃ ) သဘင် ၊ ( ၄ ) သပြေ ၊ ( ၅ ) ရှုမဝ ၊  ( ၆ ) မိုးဝေ ၊ ( ၇ ) ဂီတပဒေသာ ၊ ( ၈ ) ရုပ်ရှင်အောင်လံ ၊ ( ၉ ) ရုပ်ရှင် ၊ ( ၁ဝ ) မြဝတီ ၊ ( ၁၁ ) ရုပ်ရှင်မျက်မှန် ၊ ( ၁၂ ) စန္ဒာ ၊ ( ၁၃ ) ပေဖူးလွှာ ၊ ( ၁၄ ) စာပေလုပ်သား ၊ ( ၁၅ ) သွေးသောက် ၊ ( ၁၆ ) စစ်ပြန် ၊ ( ၁၄ ) ပန်မဂ္ဂဇင်း များ ဖြစ်သည် ။

ယခု အပတ် ဝတ္ထုများ မှာ ဆန်ကာတင် ဝတ္ထုတို လေးငါးပုဒ် မှာ အားလုံး သူ့ နည်း နှင့် သူ ကောင်း နေကြ သော ကြောင့် အကြိုက်ဆုံး ရွေးရာတွင် မဝေခွဲနိုင် လောက် အောင် ဖြစ်ခဲ့ရပါသည် ။ အထပ်ထပ် အပြန်ပြန် ပြန် ဖတ် ပြီး မဆုံးဖြတ်နိုင် သော ကြောင့် ရက် အနည်းငယ် ကြာ သွားပါ သည် ။ နောက်ဆုံး တွင် ရွေး လိုက်သော ဝတ္ထုတို မှာ ...

‘‘ ပန် ’’ မဂ္ဂဇင်း ပါ မောင်ကိုယု ၏ ‘‘ချစ်လို့ပါ ဆရာရယ် ” ဖြစ်ပါသည် ။

[ “ ချစ်လို့ပါ ဆရာရယ် ” မောင်ကိုယု “ ပန်မဂ္ဂဇင်း ’’  ]

ဝတ္ထုဆရာ တစ်ယောက် နှင့် တစ်ယောက် ရေးဟန် ချင်း မတူကြပါ ။ သိန်းဖေမြင့် ရေး သည့် စာ ကို ဖတ်တော့မည် ဆို လျှင် ဒဂုန်တာရာ ၏ ရေးဟန်မျိုး ကို မမျှော်လင့်ကြပါ ။ ထို့အတူ စမ်းစမ်းနွဲ့ ( သာယာဝတီ ) ၏ စာ ကို ဖတ်တော့မည် ဆို လျှင် လည်း မိုးမိုး ( အင်းလျား ) ၏ ရေးဟန်မျိုး ကို ဖတ်ရ လိမ့်မည် ဟု မမျှော်လင့်ကြပါ ။

စင်စစ်အားဖြင့် ရေးဟန် တွင် သာ မဟုတ် ။ အကြောင်းအရာ ဇာတ်ဆောင် ရွေးချယ်ရာ ၌ ပင် ဝတ္ထုဆရာ တစ်ဦး နှင့် တစ်ဦး မတူညီတတ်ကြပါ ။ ကိုယ့် ဉာဉ် နှင့် ကိုယ် ဖြစ်ပါသည် ။ ဤသည် မှာ ကျွန်တော်တို့ မြန်မာစာပေ ၌ သာ မဟုတ်ပါ ။ ကမ္ဘာ့စာပေ ၌ လည်း ထိုနည်းတူ ဖြစ်ပါသည် ။

ပါမောက္ခ ဝေါလ်တာဗလဲယား နှင့် ဂျွန်စီ ၊ ဂါဗာ တို့ က သူတို့ စီရင်သော Better reading 2.Literature စာအုပ် တွင် ဤသို့ မှတ်ချက် ပေးဖူး ပါသည် ။

“ ဝတ္ထုဆရာ တို့ သည် လည်း အခြားသူများ ကဲ့သို့ ပင် ကိုယ့် အကြိုက် နှင့် ကိုယ် ရှိတတ်ကြသည် ။ ထိုသို့သော ဇာတ်ကောင်မျိုး ကို ရွံ့ရှာသည် ။ ဤသို့သော နောက်ခံ ဝန်းကျင်မျိုး ကို နှစ်သက်သည် ။ ဤသို့သော အဖြစ်အပျက် မျိုး ကို စိတ်ဝင်စားသည် ။ ထိုသို့သော အဖြစ်အပျက်မျိုး ကို ငြီးငွေ့သည် စသည် အား ဖြင့် အား သန်ရာ သန်ရာ ကွဲပြား တတ်ကြသည် ။ အချို့ အချို့သော လူ့ သဘာဝ ကို စူးစမ်း တတ်ကြသော်လည်း အချို့ အချို့ သော လူ့ သဘာဝ ကို အရေးမကြီး ဟု ထင်တတ်ကြသည် ။ ထို့ကြောင့် ဝတ္ထု ဆရာ ၏ ဇာတ်ကောင်စရိုက် ရွေးချယ်မှု ကို သေချာစွာ စူးစမ်း လေ့လာခြင်း ဖြင့် ပင် နက်နဲသော အသိအမြင် ကို ရနိုင်ပြန်သေးသည် ။

“ မာ့ခ်တွိန်း လို လူစားမျိုး သည် “ ဟတ်ကဲလ်ဘာ ရီဖင် ” အကြောင်း ကို စိတ်ဝင်စား သော် လည်း ဂျိန်းန်အော် စတင် ၏ ဇာတ်ဆောင် မင်းသမီး လို ဟာမျိုး ကို ပျင်းစရာကြီး ဟု ထင်ပေလိမ့်မည် ။ ဟင်နရီဂျိမ်း လို ဝတ္ထုဆရာမျိုး က မူ ဟက်ကဲလ်ဘာရီဖင် လို ကောင်လေး တစ်ယောက် အကြောင်း ကို ရေးရန် မဆိုထားဘိ တွေးရုံ နှင့် ပင် ကျောတွန့် မိ ပေလိမ့်မည် ။

ဝတ္ထုရေးဆရာ တိုင်း တွင် သူတို့ နှလုံး တွေ့ ရာ နောက် ခံဝန်းကျင် လည်း ရှိစမြဲ ဖြစ်သည် ။ မာ့ခ်တွန်း က မစ္စစ္စပီမြစ်ဝှမ်း တွင် ပျော်မွေ့သည် ။ ဂျိန်း က ဗြိတိန် သို့မဟုတ် ဥရောပ တိုက် ရှိ ဧည့်ခန်းမကြီး တစ်ခု ထဲ တွင် ဇိမ်ကျ နေမည် ။ သဘာဝရှုခင်း ကို ဖွဲ့ ကြသော ကဗျာဆရာ များ ၌ ပင် ဤ ရှုခင်းမျိုး ကို ချစ်သည် ။ ထို ရှုခင်းမျိုး ကို မက်သည် ဖြင့် ကွဲပြား တတ်ကြသည် ။

ဇာတ်ကောင် နောက်ခံ ဝန်းကျင် ၌ သာ မဟုတ် ။ အဖြစ်အပျက် ရွေးချယ်မှု ၌ လည်း ကွဲပြား တတ်ကြသေး သည် ။ “ လှုပ်ရှားမှု ပါတဲ့ ဝတ္ထုမျိုး ကို ရေးရင် စိတ်ဝင်စားစရာ ကောင်းအောင် ၊ ထိထိမိမိ လည်း ဖြစ်အောင် အဖြစ်အပျက် ကောင်းကောင်း ကို ရှာရတာပဲ ။ သဘာဝ ကျလောက် တဲ့ အဖြစ်အပျက် တွေ အများကြီး ထဲ က မှ ကိုယ့် နဲ့ လမိုင်း ကပ် တဲ့ အဖြစ်အပျက် မျိုး ကို ထပ်ပြီး ရွေးရပြန်တာပဲ ’’ ဟု ကားလ်ဂရာဗို က ပြောဖူးသည် ။ သို့သော် မာ့ခ်တွိန်း ၊ ပေါလ်ဂရိန်း ၊ ရောဘတ်ဖရော့စ် တို့ လို ဝတ္ထုဆရာများ က မူ ကား ထူးခြားသော ဒေသ ရှိ ၊ ဆန်းပြားသော ဘဝ ကို ဖော်ကျူးနိုင်မည့် အရေးအခင်း အဖြစ်အပျက် တို့ ကိုသာ ရွေးချယ်လိမ့်မည် ။ ဟင်နရီဂျိမ်း ၊ တီအက်စ်အိလိယော့ ၊ ယူဂျီနီအိုနဲလ် တို့ လို ဝတ္ထုဆရာ များ က မူကား အတွေးသမား ဇာတ်ဆောင် တို့ ၏ အသိ ခက်သော စရိုက် ကို သရုပ် ဖော် ချင် တတ်ကြပေသည် ။ ”

အထက်ပါ ကောက်နုတ် ကိုးကားချက်ကြီး ကို ရှည်ရှည်လျားလျား ပြောနေခဲ့သည် မှာ အကြောင်း ရှိပါသည် ။ ကျွန်တော်တို့ မြန်မာစာပေ လောက ဝတ္ထုဆရာ ၊ ကဗျာဆရာ များလောက တွင် လည်း ဤသို့သော ကွဲပြားမှုမျိုး ရှိ နေကြောင်း နိုးနိုးကြားကြား သတိထား မိ ပြီး လျှင် ထိုထို သော ဝတ္ထုဆရာ တို့ ၏ ဉာဉ် နှင့် စရိုက် ကို လည်း နှိုင်းယှဉ် လေ့လာမှု ပြုမိကြရန် ဖြစ်ပါသည် ။ ထိုမျှ မ က ( ကျွန်တော် တို့ မြန်မာပြည် ၌ ) ဘယ် စရိုက် ၊ ဘယ် ပတ်ဝန်းကျင် စသည် ဖြင့် မဟုတ်ဘဲ သိုင်းဝတ္ထု ရောင်းကောင်းသဟေ့ ဆို လျှင် သိုင်းဝတ္ထု ၊ အချစ်ဝတ္ထု တွေ စွံတယ်ဟေ့ ဆိုလျှင် အချစ် ဝတ္ထု စသည် ဖြင့် ငါး ပွက်ရာ လိုက် မျှား နေသော ဝတ္ထုဆရာ များ ရှိ လျှင် လည်း သတိ ပြုမိကြစေရန် ဖြစ်ပါသည် ။ မောင်ကိုယု ရွေးတတ်သော နယ်ပယ် ဝန်းကျင် နှင့် စရိုက် ကို အားလုံး ယဉ်ပါး နေကြပြီ ဖြစ်ပါသည် ။

ယခု ကျွန်တော်တို့ မောင်ကိုယု ၏ “ ချစ်လို့ပါ ဆရာရယ် ” ဝတ္ထုတို ကို သုံးသပ်ကြပါမည် ။ ကျွန်တော် ရွေးရသည့် အကြောင်း ကို လည်း တင်ပြပါမည် ။

ဇာတ်လမ်း အကျဉ်းချုပ် မှာ  ...

ရှေ့နေကြီး ဦးစံတုတ် ထံ သို့ အမှု အပ် ရန် မခင်ကြည် ဆိုသော အမျိုးသမီး တစ်ယောက် ရောက် လာသည် ။ မခင်ကြည် က မိမိ လင် ကျူရှင်ဆရာ ကို အောင်မြင်အောင် ပံ့ပိုး ပေး ခဲ့သည် ။ အောင်မြင်သော အခါ လင် က မိမိ အား ကလေး နှစ်ယောက် နှင့် ပစ်ထားခဲ့ပြီး မယားငယ် ယူ သွား သည် ။ ထို့ကြောင့် ကလေး စရိတ် တောင်းရန် ရှေ့နေ ငှား ခြင်း ဖြစ်သည် ။ ဦးစံတုတ် က အမှု ကို လက်ခံလိုက် ပြီး နောက် ကလေးစရိတ် ပေးရန် နို့တစ်စာ ကို ကျူရှင်ဆရာ ထံ ပို့လိုက် သည် ။ အကြောင်း မပြန် ။ ထို့ကြောင့် တရားစွဲ ရန် ပြင်ဆင် ဖို့ အတွက် ကျောက်တန်းမြို့ မိခင် အိမ်တွင် ရွှေ့ပြောင်း နေထိုင်သော မခင်ကြည် ကို စာ ရေးအကြောင်းကြား ခေါ်ယူ သည် ။ တစ်လ ခန့် ရှိ မှ စာ ပြန်လာသည် ။ လင် ကို ချစ်လှ သဖြင့် လင် နာမည် ပျက်မည် စိုး၍ တရား မစွဲလိုတော့ ကြောင်း ၊ ကျောင်းဆရာမ အလုပ် ရသဖြင့် ကလေးများ ကို ကိုယ်တိုင် လုပ်ကျွေးတော့မည် ဖြစ်ကြောင်း နှင့် ရှေ့နေခ ငွေတစ်ရာ ကို ထည့် ပေးလိုက်သည် ။ ဦးစံတုတ် က သူ ၏ ရှေ့နေစာရေးမလေး ခင်မာမြင့် အား ငွေတစ်ရာ ကို ပြန် ပို့ လိုက်ရန် ညွှန်ကြား လိုက်သည် ။ အခန်း တွင်း မှ ထွက်သွား သော ခင်မာမြင့် ကို နောက် က လှမ်း ကြည့် လိုက်ရင်း ဦးစံတုတ် က “ အိမ် က ကလေးတွေ အမေများ မခင်ကြည် လို သဘောထား ပြည့်ရင် ဘယ်လောက် ကောင်းမလဲ ’’ ဟု အတွေး ပေါက်နေမိသည် ။

ဤ ဝတ္ထုတိုလေး သည် ဦးစံတုတ် ၏ ဇာတ်လမ်း လော ၊ မခင်ကြည် ၏ ဇာတ်လမ်း လော ၊ ဦးစံတုတ် အကြောင်း လော ၊ မခင်ကြည် အကြောင်း လော ၊ နောက်ဆုံး နိဂုံးချုပ်ကလေး သို့ မရောက် မချင်း မခင်ကြည် အကြောင်း ဟု သာ တွေ့ရပါ လိမ့်မည် ။ နိဂုံးချုပ်သတ်လိုက်သော အခါ တွင် ကား မခင်ကြည် အကြောင်း က မှေးမှိန် သွားပြီး ဦးစံတုတ် အကြောင်း က လွှမ်းမိုး လာပါသည် ။ တစ်ချိန် တည်း မှာ ပင် မောင်ကိုယု ၏ တင်ပြပုံ လိမ္မာခြင်း ၊ ကျွမ်းကျင်ခြင်း ကို ချီးကျူး မိ လျက် သား ဖြစ်နေကြောင်း တွေ့ ရပါလိမ့်မည် ။

ဆရာကြီး ရှောင်အိုဖောလိမ်း ၏ စကား ကို သတိ ရ မိပါသည် ။

“ ခေတ်သစ် ဝတ္ထု ဆိုသည် မှာ အစွမ်းကုန် မြင့်မား လှသော စကားပြေ ပုံပြော အတတ်ပညာ အပေါ် ၌ အခြေခံ ထား ကြောင်း မမေ့မလျော့ သတိပြု သင့်သည် ။ ဝတ္ထုတို ဖတ်သူ သည် ဝတ္ထု ပါ အကြောင်းအရာ ရည်ရွယ်ချက် ကို သာ အရသာ ခံ နေခြင်း မဟုတ်ဘဲ သိမ်မွေ့လှသော အနုပညာရပ် တွင် ကျွမ်းကျင်စွာ ကိုင်တွယ် လိုက်သော ဝတ္ထုဆရာ ၏ စွမ်းရည် ကို လည်း အရသာ ခံနေကြောင်း မမေ့သင့်ပေ ’’

ထို အချက် ကို ကျွန်တော် သဘော တူ ပါသည် ။ ဂျုံစေးနှဲ ရောင်စုံရုပ်ကလေးများ လုပ် ပြီး ရောင်းသူ တို့ ကို စာဖတ်သူ တွေ့ဖူးပါ လိမ့်မည် ။ ဖြူ ၊ နီ ၊ ဝါ ဂျုံစေးနှဲကလေး များ ကို လုံးလိုက် ၊ ပြားလိုက် ၊ ဘီးကျိုးကလေး နှင့် ကပ် လိုက် ၊ ကပ်ကျေးကလေး နှင့် နွှာလိုက် နှင့် ကြည့် နေရင်း ပင် မျောက်ရုပ်ကလေး ၊ ဟင်္သာရုပ်ကလေး ၊ ဂဠုန်ရုပ်ကလေး များ ဖြစ်လာသည် ကို ကျွန်တော် အလွန် သဘောကျပါသည် ။ ကလေးများ သည် ထို အရုပ်ကလေးများ ကို တမက်မောမော ဝယ်ယူ ကြပါသည် ။ လုပ်ပြီးသား အရုပ် ကို တန်းစီ ပြီး ချ ရောင်းလို့ ရသော လုပ်ငန်း မဟုတ်ပါ ။ မျက်စိ အောက် တွင် အရုပ် ဖြစ် သွားအောင် လုပ်ပြ လိုက်သည့် ကျွမ်းကျင်မှု ကို ဝယ်ယူကြခြင်း ဖြစ်ပါသည် ။

ကျွန်တော် တို့ သည် အနုပညာ ကို အရသာ ခံကြ သော အခါ အကြောင်းအရာ ကို သာ မဟုတ် ။ အနုပညာ ပစ္စည်း ဖန်တီး ကိုင်တွယ်ရာ ၌ အရသာ ခံ ကြကြောင်း သတိ ပြုသင့်ပါသည် ။

မောင်ကိုယု သည် သူ ၏ ဝတ္ထု တွင် စာလုံး ပို မပါ အောင် ကြိုးစားပြီး ရေးသည် ။ သံကြိုးစာရှည်ကြီး ကဲ့ သို့ ပင် ဖြစ်သည် ။ မလိုအပ်သော အဖွဲ့အနွဲ့ ၊ အချဲ့အထွင် တို့ မပါစေရ ။ ကျစ်လျစ်သိပ်သည်းမှု တွင် စံပြု လောက် သော ဝတ္ထုတို ဖြစ်သည် ။

သို့ပါလျက် နှင့် ပင် ရှေ့နေတို့ ၏ ဘဝ နှင့် စရိုက် ၊ ကျူရှင်ဆရာ အချို့၏ ဘဝ နှင့် စရိုက် ၊ မေတ္တာစစ် နှင့် ချစ် တတ်သော မိန်းမ တို့ ၏ ဘဝနှင့် စရိုက် ကို ပေါ်လွင်အောင် တင်ပြ သွားနိုင်သေးသည် ။ ဤသည် မှာ ချီးကျူးအပ်သော အချက် ဖြစ်သည် ။

သူ ၏ တင်ပြပုံ မှာ ဇာတ်လမ်း အတွက် အရေးမကြီး သော်လည်း မပြော လျှင် မဖြစ်သည့် အချက်အလက်များ ကို လိုအပ်သော နေရာ ရောက် မှ တစ်ဆက်တည်း ခရီးကြုံ တင်ပြ သွားတတ်ခြင်းမျိုး ဖြစ်သည် ။

ဥပမာ - မခင်ကြည် သူ့ အမေ့ အိမ် သို့ ပြောင်းရွှေ့ နေထိုင်ကြောင်း သီးခြား ရှည်ရှည်ဝေးဝေး မပြော ။ စာရေး မလေး ခင်မာမြင့် အကြောင်း ကို သီးခြား ရှည်ရှည်ဝေးဝေး  မပြော ။

“ ကိုယ်စားလှယ် လွှဲစာ တွင် လက်မှတ် ထိုးရန် အတွက် ကျောက်တန်းမြို့ ၊ မိခင် အိမ် သို့ ပြောင်းရွှေ့ နေထိုင် လျက်ရှိသော မခင်ကြည် ထံ စာရေး အကြောင်းကြား ခေါ် ယူလိုက်၏ ။ ”

ရှေ့နေစာရေးမလေး ခင်မာမြင့် အကြောင်း ကို ရှေ့ ပိုင်းတွင် တစ်စွန်း တစ်စ မျှ ဖော်ပြခြင်း မပြုခဲ့ ။ သူ့ အခန်း ကဏ္ဍ ရောက် မှ ဗြုန်းခနဲ မိတ်ဆက် ပေး လိုက်သည် ။ ပေး ပုံ မှာ

“ ခင်မာမြင့် ရေ ၊ ခဏလောက်ကွာ ”

      ရုံးခန်း အပြင် ဘက် စားပွဲ တွင် လက်နှိပ်စက် ရိုက် နေသော စာရေးမလေး ကို ဦးစံတုတ် က ခေါ်ယူလိုက်၏ ။ ခင်မာမြင့် သည် ဒေါ်သန်းတင် နေမကောင်း ၍ ခွင့် နှစ်လ ယူထားသော ကာလ အတွင်း ယာယီ ခန့်ထားသော ရှေ့နေစာရေးမလေး ဖြစ်သည် ။ လက်နှိပ်စက် အနည်းငယ် ရိုက် တတ်၏ ။ ဆယ်တန်း ကို ယခု နှစ် ဆယ်ကြိမ်မြောက် ဖြေမည် ဖြစ်၏ ။

ဒေါ်သန်းတင် အကြောင်း ဘာမျှ အရေးမကြီး ။ ခင်မာမြင့် ရောက်လာပုံ သာ အရေးကြီးသည် ။ ထို့ကြောင့် ဒေါ်သန်းတင် အကြောင်း ကို ဘာမျှ မပြောတော့ ။ ခင်မာမြင့် ရောက် လာ မှ သာ ဦးစံတုတ် စိတ် လှုပ်ရှားရခြင်း ဖြစ်သည် မဟုတ် လော ။

အထက်ပါ ကောက်နုတ်ချက် နောက်ပိုင်း တွင် မောင်ကိုယု ၏ ရယ်သွမ်းသွေးသော အသံ ကို ကြားရပါ လိမ့်မည် ။ မောင်ကိုယု သည် သရော်စာရေးသမား ဖြစ်ကြောင်း အားလုံး သိကြပါသည် ။ သို့သော် သူ ၏ ဆောင်းပါး သရော်စာ နှင့် ဝတ္ထုသရော်စာများ ကို ယှဉ် လိုက် လျှင် ဝတ္ထု သရော်စာ မှာ ချိုမြိန်လှကြောင်း တွေ့နိုင်ပါသည် ။

သရော်စာ ၌ ဝါသနာထုံ သူ ဖြစ်သည့် အတိုင်း သူ သည် လူတို့ ၏ မကောင်းသည့် အကွက် ကို ပိုပြီး စူးစူးရှရှ မြင်လေ့ ရှိသည် ။ တစ်ပါးသူ ၏ မကောင်းကွက် ကို သာ မဟုတ် မိမိ ၏ မကောင်းကွက် ကို လည်း မြင်တတ်သည် ။

လူတို့ ၏ မကောင်းကွက် ကို ဖော်ပြရာ ၌ အချို့ သော သူတို့ မှာ မုန်းစိတ် နှင့် ဖော်ပြသည် ။ အာဃာတ စိတ် နှင့် ဖော်ပြသည် ။ မောင်ကိုယု က ဤသို့ မဟုတ် ။ မေတ္တာ အရင်းခံ သော ခွင့်လွှတ်ခြင်း ၊ ရယ်မောခြင်း နှင့် ဖော်ပြသည် ။ ထို့ကြောင့် နှစ်လိုဖွယ်ရာ ချိုမြိန်သော ရသ ကို ဖြစ်စေ သည် ။

ဤ ဝတ္ထု တွင် အချို့သော ကျူရှင်ဆရာ တို့ ၏ ရယ်မောဖွယ်ရာ ဟန်ပန် ကို သာ မက ရှေ့နေ တို့ ၏ ရယ်မောဖွယ် ရာ စရိုက် ကို လည်း ပေါ်လွင်စေသည် ။ မောင်ကိုယု ကိုယ် တိုင် ရှေ့နေကြီး မဟုတ်ပါလား ။

ဆောင်းပါး ရှည်လွန်းမည် စိုး ၍ စာရင်း တို့ရုံ လောက် သာ တို့ လိုက် ပါရစေ ။

ကျူရှင်ဆရာ နှင့် ပတ်သက်၍ ...

ကျူရှင်ဆရာ ၏ အမည် ၊ လုံချည် အင်္ကျီ အလဲလဲ ဝတ်ပုံ ၊ ရုပ်ချော အပြောကောင်း မင်းသားဟန် ပါ ပုံ ။

စသည် တို့ ကို တိုတိုလေး နှင့် မိ အောင် ဖွဲ့သွားပုံ ကို သတိပြု ကြည့်စေ ချင်ပါသည် ။

ရှေ့နေ နှင့် ပတ်သက်၍ ...

အမှုသည် ၏ စကား ကို စိတ် ရှည်စွာ နားထောင် ရပုံ ၊ ငွေတစ်ရာ ကို မန်နီးအော်ဒါ မဟုတ် ဘဲ စာအိတ် ထဲ ထည့် ပေးခိုင်းပုံ ၊ ဒီလို မိန်းမတွေ ချည်း ဆို ရှေ့နေ တွေ ထမင်း ငတ်ရချည် ရဲ့ ဟု တွေးမိပုံ ။

စသည်တို့ ကို သတိပြု ပြီး ကြည့်သင့် ပါသည် ။

ပတ်ဝန်းကျင် လူတို့ ၏ သဘာဝ ကို ခရီးကြုံ တို့ကာ ထိကာ ဖော်ပြ သွားရာ ၌ အပေါင်းအသင်း တွေ က အရက် တိုက် ရန် ဝန် မလေးကြပုံ ၊ ရှေ့နေခ ကို ဈေး ဆစ် သော် လည်း အရက် တိုက် ရာ တွင် ရက်ရော တက်ကြပုံ တို့ ကို အပိုသက်သက် မဖြစ်စေဘဲ ဇာတ်ကွက် ဝင်အောင် ထည့် သွားပုံ မှာ လည်း နှစ်လိုဖွယ် ဖြစ်ပါသည် ။

ကျူရှင်ကျောင်းသား တို့ ၏ သဘာဝ ကို မြူးမြူးကြွကြွလေး ရယ်သွမ်းသွေး ထား ပုံလေး ကို လည်း သတိပြု မိပါလိမ့်မည် ။

အတတ်ပညာ သဘော အရ ကျွန်တော် အကြိုက်ဆုံး အချက် မှာ တစ်လျှောက်လုံး မခင်ကြည် ၏ အကြောင်း ကို အာရုံကွက် ပြု ထားပြီး နောက်ဆုံး စာကလေး သုံးလေးကြောင်း လောက် နှင့် ဦးစံတုတ် ထံ သို့ ဗြုန်းခနဲ ရှုကွက် လှည့် ပေးလိုက်ခြင်း ဖြစ်ပါသည် ။

◾အောင်သင်း

📖 သဘင် မဂ္ဂဇင်း
      ဇန်နဝါရီလ ၊ ၁၉၈၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment