❝ ခရီးထွက်ဖို့ ပြင်ကြပြီ ❞
ကိုတိုင်းကျော် ခေါ် ကိုမြသာ ခေါ် ကိုကြာပွတ် သည် ၎င်း ၏ အတ္ထုပ္ပတ္တိ ကို မမယ်ဇယ် အား အထက်ပါ အတိုင်း ပြောပြခဲ့ပြီး ဖြစ်၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် ရှမ်းပြည်နယ် သို့ ပြန်လာ ပြီး လျှင် ရှမ်းပြည်နယ် ရှိ သစ်လုံးအိမ်ကလေး နှင့် ခြံ ကို ရောင်းပစ် လိုက် လေတော့၏ ။
၎င်းတို့ ခရီး ထွက် နေစဉ် အတွင်း ၎င်းတို့ ၏ ခွေးကလေး မှာ လည်း မြွေ ကိုက် ၍ သေဆုံးသွားပြီ ဖြစ်ကြောင်း ကို အနီးအပါး မှ ပြော လေ၏ ။
ထို ခွေးကလေး သည် ၎င်းတို့ ခရီး ထွက် နေစဉ် အတွင်း ၌ လည်း အနီး ရွာ ၌ ပင် လှည့်လည် နေထိုင် ခဲ့သည် ဟူ၏ ။
ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ရန်ကုန်မြို့ သို့ အပြီးအပိုင် ပြောင်းရွှေ့ ခဲ့ လေတော့၏ ။ ထိုသို့ ပြောင်းရွှေ့ပြီး နောက် ကြို့ကုန်း ဘက် တွင် ရှိသော ကိုကြာပွတ် ၏ “ သန်းခေါင်ကြယ် ” ဟု နာမည် ပေး ထားသော ခြံဝင်းကြီး အတွင်း ၌ ပင် နေ လေ၏ ။ ထို အိမ်ကြီး သို့ ရောက် လျှင် မမယ်ဇယ် သည် ကိုကြာပွတ် ၏ စာအုပ်ဗီရို ကို ကြည့်ရှု ကာ
“ ရှင် က တော်တော့် ကို စာ ဖတ်တာပဲ နော် ”
ဟု ပြော လိုက်လေ၏ ။
“ အရင် က စာဖတ် ဝါသနာ မပါ ပါ ဘူး မမယ်ဇယ် ရဲ့ ပြောခဲ့ သလို ကျုပ် ဆရာ ကိုဆိတ်ဖွား က ကျုပ် ကို စာဖတ် ဝါသနာ ပါအောင် လေ့ကျင့် ပေး လိုက်တယ်လေ ”
ဟု ကိုကြာပွတ်ကြီး က ပြန် ၍ ပြော လိုက်လေ၏ ။
ထို့နောက် စင်များ တွင် ဆေးရည် စိမ်ထားသော အကောင်အမျိုးမျိုး တိရစ္ဆာန် အမျိုးမျိုး ၏ ပုလင်းများ ကို ကြည့်ကာ မမယ်ဇယ် က
“ ရှင် က အဲဒီလို အကောင်တွေ ပိုးမွှားတိရစ္ဆာန်တွေ လေ့လာဖို့ ကော စိတ်ဝင်စား သလား ”
ဟု မေး လိုက်လေ၏ ။
“ အဲဒါတွေ ကို စိတ်ဝင်စားတာ မဟုတ်ဘူး ။ ကျုပ် က အဆိပ် အကြောင်း လေ့လာ နေတာ ။ သစ်ပင်တွေ က ရတဲ့ အဆိပ် ။ တိရစ္ဆာန်တွေ က ရတဲ့ အဆိပ် ။ လူတွေ ဖော်စပ်တဲ့ အဆိပ် ။ အဲဒါတွေ ကို လေ့လာ နေတာ ”
ဟု ကိုကြာပွတ်ကြီး က ပြန် ၍ ပြော လိုက်လေ၏ ။
ထို့နောက် မမယ်ဇယ် သည် ကိုကြာပွတ် နှင့် အတူ ကိုကြာပွတ် ၏ အိမ်ကြီး အပေါ်ထပ် ဆီသို့ တက်ခဲ့ရာ အပေါ်ထပ် တွင် ရှိသော နံရံ အားလုံး နက်ပြာရောင်များ သုတ်၍ ကောင်းကင် တွင်ရှိ သော ကြယ်နက္ခတ် တာရာများ ကို ရေးဆွဲ ထားကြောင်း တွေ့လျှင်
“ ရှင် ဟာ နက္ခတ်ပညာ ကို အတော့် ကို ဝါသနာ ပါတယ်နော် ”
ဟု မမယ်ဇယ် က မေးလိုက်လေ၏ ။
“ အစက ဝါသနာ မပါပါဘူး မမယ်ဇယ် ။ ဆရာ ကိုဆိတ်ဖွား နဲ့ နေတုန်း က ဆရာ ကိုဆိတ်ဖွား က ကျုပ် ကို အဲဒါတွေ သင်ပေးခဲ့ ဖူးတယ် ။ အဲဒီတော့ ကျုပ် လဲ အဲဒါတွေ ကို နားလည် တတ်ကျွမ်း သွား တာပေါ့ ။ အဲဒီ နောက်ပိုင်း မှာ တော့ ကျုပ် လဲ ပြောခဲ့ပြီးပါ ပကော လား ။ ကျုပ် မှာ အဖော် ဆိုလို့ မရှိဘူး ။ မိုး ပေါ် က ကြယ်တွေ ဟာ ကျုပ် ရဲ့ အဖော် ဖြစ်လာ တော့ တာပဲ ။ အဲဒီတော့လဲ ကျုပ် ဟာ အဲဒီ ပညာ ဘက် ကို စိတ်အာရုံ က ရောက် သွားတယ် ။ ဒီမှာ နေတဲ့ အခါ လဲ မိုး ပေါ် က ကြယ်တာရာတွေ ကြည့်တယ် ။ ဟို ရှမ်းပြည်နယ် က သစ်လုံး အိမ်ကလေး ကို ရောက်တဲ့ အခါ မှာ လဲ ကောင်းကင် ကို ကြည့်တဲ့ မှန်ပြောင်းကလေး တစ်လက် ယူ သွားပြီး ကြယ်တွေ ကို ကြည့်တယ် ။ လာလာ ကျုပ် ဒီမှာ နေတဲ့ အခါမှာ ညတိုင်း ညတိုင်း ကြယ်တွေ ကို ကြည့်တဲ့ နေရာကလေး ပြ မယ် ”
ဟု ဆို ကာ ကိုကြာပွတ် သည် အပေါ် ထပ် မှ နေ၍ လသာဆောင် ဆီသို့ တက်သော တံခါး ကို မ, ၍ ဖွင့် လေ၏ ။ တံခါး မှာ အတော်အတန် လေး၏ ။
ကိုကြာပွတ် သည် တံခါး ကို ဖွင့်ပြီး နောက် တံခါး ပြန် မကျစေရန် အတွက် မင်းတုံး ထိုး လိုက်လေ၏ ။
“ ရှင် လုပ်ထားတဲ့ တံခါးကြီး က လဲ လေး လိုက်တာ ”
ဟု မမယ်ဇယ် က ပြော လိုက် လေ၏ ။
“ အလျင် တုန်း က ကျုပ် တစ်ယောက် တည်း နေ တာလေ ။ ကျုပ် အတွက်ပဲ စဉ်းစားပြီး လုပ်ထားတာ ။ အဲဒီတုန်း က ကျုပ် ရဲ့ စိတ်ကူး ထဲ မှာ မမယ်ဇယ် ဆိုတာ မပါသေးဘူး ။ အခု မမယ်ဇယ် ရောက်လာပြီ ဆိုတော့ ဒီ တံခါး ကို မမယ်ဇယ် ဖွင့် နိုင်အောင် ပြင်ပြီး လုပ်ရဦးမှာပေါ့ ”
ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် လသာဆောင် သို့ တက်ကြ လေ၏ ။
“ အလျင်တုန်း က ရှင် တစ်ယောက် တည်း ကြယ် ကို ကြည့်တယ်မ ဟုတ်လား ။ နောက် ဆိုရင် ရှင် နဲ့ ကျွန်မ နှစ်ယောက် ကြည့်ရမယ် ။ ပိုပြီး ကောင်းတာပေါ့ ရှင် ”
ဟု မမယ်ဇယ် က ပြော လိုက်လေ၏ ။
ထို့နောက် ၎င်းတို့ သည် အောက်ထပ် ဆီ သို့ ဆင်းလာ ကြလေ၏ ။ ထိုသို့ ဆင်း လာစဉ် မမယ်ဇယ် က ...
“ ဒီ လှေကား ဟာ အောက် ကို ဆင်းတာလား ”
ဟု မေး လိုက်လေ၏ ။
“ အောက် ကို ဆင်းတဲ့ လှေကား မဟုတ်ဘူး ။ ဒါက အထပ်ခိုး ဆီ ကို သွားတာ အဲဒီ အထပ်ခိုး က နေ ပြီးတော့ အောက် ကို ဆင်းတဲ့ လှေကားဝှက်ကလေး တစ်ခု ရှိသေးတယ် ”
ဟု ကိုကြာပွတ် က ပြောလေ၏ ။
ထို့နောက် ၎င်းတို့ နှစ်ဦး သည် ထပ်ခိုး ပေါ် တွင် သွားလာနေကြလေ၏ ။ ထိုသို့ သွားလာ နေရင်း အထပ်ခိုး နံရံ၌ ချိတ်ထားသော ပိုက်လုံး တစ်လုံး ကို မမယ်ဇယ် က လက် ဖြင့် လှမ်း ၍ ကိုင် လိုက်ရာ ကိုကြာပွတ် က
“ မလုပ်နဲ့ မလုပ်နဲ့ ။ အဲဒါ သေမင်း သေမင်း ”
ဟု ပြော လိုက်လေ၏ ။
“ ဘယ်လို သေမင်း လဲ ကိုကြာပွတ် ရဲ့ ”
ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။
“ ကျွန်းသားလူရိုင်းတွေ အသုံးပြုတဲ့ မှုတ်ပြောင်း လေ ”
ဟု ဆိုကာ ပြောင်း ကို ယူ၍ ကိုကြာပွတ် သည် ပါးစပ် ဖြင့် မှုတ် ပြ လိုက်ရာ ။ ပြောင်း အတွင်း မှ အရာဝတ္ထု တစ်ခု သည် “ ဝှီ ” ခနဲ ထွက် ၍ အထပ်ခိုး ၏ တိုင် တစ်တိုင် ကို ထိမှန် လေ၏ ။
“ အဲဒါ လူ တစ်ယောက် ဆိုရင် ထိ တာနဲ့ သေပြီ မှတ်ပေတော့ ။ သူ့ ထုံးစံ က ပစ်ပြီး တာ နဲ့ ပြောင်း ထဲ ကို မြားအသစ် တစ်စင်း ထည့် ထားရတယ် ။ ဒါမှ ကိုယ် ပစ်ချင်တဲ့ အခါ မှာ အဆင်သင့် ဖြစ်မှာပေါ့ ”
ဟု ဆိုကာ ကိုကြာပွတ် သည် ပုလင်းကလေး တစ်လုံး ကို ယူ၍ ထို ပုလင်း အတွင်း မှ မြားတံကလေး တစ်ချောင်း ကို ပြောင်း အတွင်း သို့ ထည့် လိုက်လေ၏ ။
ထိုအခါ မမယ်ဇယ် က
“ မြားတံ က လဲ ဆူးကလေးတွေ ပါ လား ”
ဟု ပြော လိုက်လေ၏ ။
“ ဟုတ်တယ် အဲဒါ အပင် တစ်မျိုး က ဆူးတွေ ပဲ ။ သိပ်ကို အဆိပ် ပြင်းတယ် ။ အဲဒီ အပင် က အစေး ဟာ လဲ အဆိပ် ပဲ ”
ဟု ကိုကြာပွတ် က ပြော လျှင် မမယ်ဇယ် က
“ ကျွန်မ မှုတ်ကြည့်ဦးမယ် ”
ဟု ဆိုကာ ပြောင်း ကို ပါးစပ် ဖြင့် ငုံ လိုက်လေ၏ ။
ထို့နောက် “ ဟူး ” ခနဲ မှုတ် လိုက်ရာ မြားတံကလေး သည် ကြမ်းပြင် ပေါ် သို့ သွား စိုက်လေ၏ ။
ထိုအခါ ကိုကြာပွတ် က
“ ဒီ ပြောင်း ကို မှုတ်တဲ့ အခါမှာ နှာခေါင်း က နေ လေကို တ၀ကြီး ရှူ လိုက်ရတယ် ။ ပြီးတော့ အသက် ခဏ အောင့် ထား ရတယ် ။ နောက်ဆုံး မှာ ဝမ်းဗိုက် ထဲ မှာ ရှိတဲ့ လေတွေ ကုန် သွားတဲ့ အထိ “ ဝှူး ” ခနဲ မှုတ် လိုက်ရတယ် ။ ဒါက မြား ထွက်အောင် မှုတ် တဲ့ နည်း ပြောတာ ။ ကိုယ် ထိ ချင်တဲ့ အရာဝတ္ထု ကို ထိအောင် ချိတ်တဲ့ နည်းကတော့ အဲဒီ အရာဝတ္ထု နဲ့ ကိုယ့် နှာခေါင်း နဲ့ တည့်အောင် ချိန် ရတယ် ။ နှာခေါင်း နဲ့ တည့်ရင် မြား ဟာ တည့်တည့်မတ်မတ် သွားပြီး ထိ တော့တာပဲ ”
ဟု ပြော လိုက်ရာ မမယ်ဇယ် သည် ပြောင်း အတွင်း သို့ မြား တစ်စင်း ထည့် ကာ ထပ်ခိုး ၏ တိုင် တစ်တိုင် ကို နှာခေါင်း ဖြင့် ချိန် ၍ မှုတ်ကြည့် ရာ မြားတံ သည် ထို တိုင်၌ တည့်တည့်မတ်မတ် သွား ၍ စိုက်လေ၏ ။
ထို့ကြောင့် ကိုကြာပွတ် က
“ မမယ်ဇယ် သိပ်ပြီး တော်တယ် ။ ကျုပ် တောင် အဲဒီလောက် တည့်အောင် မနည်း လေ့ကျင့်ရတာ ”
ဟု ချီးမွမ်း လိုက် လေတော့၏ ။
ထို့နောက် ၎င်းတို့ သည် အထပ်ခိုး မှ အပေါ်ထပ် ဆီ သို့ ပြန်၍ တက်ကြ လေ၏ ။ ထို့နောက် မမယ်ဇယ် သည် ဟိုသည် ကြည့် လိုက်ရာ စားပွဲ ပေါ် တွင် တင် ထားသော နေနာရီ နှင့် ရေနာရီ ကို တွေ့ရ လေ၏ ။
“ ဒီ နာရီတွေ က ဘာ လုပ်တာလဲ ”
ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။
“ အချိန် သိပ်ပြီး တိကျတယ် ကွယ့် ။ ကျုပ် ကျွန်း ပေါ် မှာ နေတုန်းက အဲဒီ နာရီတွေ ပဲ အသုံးပြုခဲ့တာ ”
ဟု ပြော လေ၏ ။
ထို့နောက် ၎င်းတို့ သည် အပေါ်ထပ် မှ နေ၍ အောက်ထပ် သို့ ဆင်း လာ ကြလေ၏ ။
“ အိမ်ကြီး က အကျယ်ကြီး ပဲ နော် ”
ဟု မမယ်ဇယ် က ပြော လိုက်လေ၏ ။
“ အကျယ်ကြီး ပါ ပဲ ။ ရတနာပစ္စည်းတွေ ရရင် ဒီ ထက် ကြီးတဲ့ အိမ်ကြီး တစ်လုံး ဆောက်ရဦးမယ် ”
ဟု ကိုကြာပွတ် က ပြော လိုက်လေတော့၏ ။
ထို့နောက် ၎င်းတို့ သည် ရေမိုး ချိုး ကာ ထမင်းဟင်း ချက်ပြုတ်၍ စားသောက် ကြလေ၏ ။ ထမင်း စားရင်း မမယ်ဇယ် က ...
“ ရတနာတွေ ရှိတဲ့ ကျွန်း ကို ဘယ်တော့ သွားမလဲ ”
ဟု မေး လိုက်လေ၏ ။ ထိုအခါ ကိုကြာပွတ် က ...
“ ဒီလို မမယ်ဇယ် ရဲ့ ။ မင်း ရဲ့ အဖေ ဦးမြူ ရေးထားတဲ့ မှတ်တမ်းကြီး မှာ ရတနာ ရှိတဲ့ ကျွန်း ကို သွားပုံ သွားနည်း အသေးစိတ် ပါ ပါတယ် ။ ဒါပေမဲ့ ခက်နေတာ က ကျွန်း ကို ရောက်ရုံ နဲ့ မပြီးသေးဘူး ။ ကျွန်း က အလျား သုံးမိုင် အနံ နှစ်မိုင် ရှိတယ်လို့ ဆို ထားတယ် ။ စတုရန်းမိုင် ခြောက်မိုင် တောင် ရှိတာ ရတနာပစ္စည်း ဟာ အဲဒီ ကျွန်းကြီး ပေါ် မှာ ရှိတာလဲ သေချာပါတယ် ။ ဒါပေမဲ့ ကျွန်း ရဲ့ ဘယ်နေရာ မှာ ရှိတယ် ဆိုတာက သိဖို့ လိုသေးတယ်ကွယ့် ”
ဟု ပြော လိုက်လေ၏ ။
“ အဲဒါ ဘယ်လို လုပ်မလဲ ”
ဟု မမယ်ဇယ် က မေး လိုက်လေ၏ ။
“ ဒီလိုကွယ့် မမယ်ဇယ် ရဲ့ ။ ကျွန်း ပေါ်မှာ ရတနာ တွေ ဝှက် ထားတဲ့ နေရာ ကို သိ တာ က ဦးကု,လား ကွယ့် ။ အဲဒီ ဦးကု,လား က ကျွန်း ကို မသိဘူး ။ ကျွန်း ပေါ် မှာ မြှုပ် ထားတဲ့ နေရာ ကို တော့ အတိအကျ သိတယ် ။ အဲဒီ မြေပုံ က သူ့ မှာ ရှိတာ ။ သူ က လဲ အဲဒီ မြေပုံ ကို လေးပိုင်း ပိုင်းပြီး သူ့ ရဲ့ မယား လေးယောက် က မွေးတဲ့ သား လေးယောက် စီ ကို ခွဲပြီး ပေးခဲ့ပုံ ရ တယ် ။ အဲဒီ လေးယောက် အနက် သုံးယောက် ဟာ မစန်းအေး နဲ့ ညားဖူး တဲ့ မစန်းအေး ရဲ့ယောက်ျားတွေ ပဲ ။ နောက်ဆုံး လူ ဖြစ်တဲ့ သွားစိုက်ဆရာ တစ်ယောက် ပဲ မစန်းအေး နဲ့ မညား လိုက်တာ ။ ကျုပ် တွေး မိ တာ က အဲဒီ ကျင်ဝမ် ဆိုတဲ့ ကောင် ဆီ မှာ မြေပုံ လေးခု စလုံး ရှိနေပြီ ။ ဒါပေမဲ့ သူ က ဘာ လို နေသလဲ ဆိုတော့ ဘယ် ကျွန်း မှာ ရှိတယ် ဆိုတာ သူ မသိဘူး ။ ဘယ် ကျွန်း မှာ ရှိတယ် ။ အဲဒီ ကျွန်း ကို ဘယ်လို သွားရတယ် ဆိုတာ ကျုပ်တို့ ဆီမှာ ရှိတာ ။ ဒီတော့ ကျင်ဝမ် ဟာ တစ်နည်း နည်း နဲ့ ကျုပ်တို့ ဆီ ကို ရောက် လာနိုင်တယ် ။ အဲဒီ အခါမှာ သူ့ ဆီ က မြေပုံ ရရင် ကိစ္စ က ပြီးပြီ ။ ဒီလို မဟုတ်ဘဲ ကျုပ်တို့ ဆီ က မြေပုံ သူ ရ သွားရင်လဲ သူ့ အတွက် ကိစ္စ က ပြီးပြီ ။ ဒီနေရာ မှာ ဘယ်သူ က ရမယ် ဆိုတာ တော့ စောင့်ကြည့်ရမှာပဲ ”
ဟု ပြော လေ၏ ။
ဤသို့လျှင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ရတနာပစ္စည်းများ အကြောင်း ကို ပြောဆို ပြီးနောက် မမယ်ဇယ် က ထမင်းစားပွဲ ကို သိမ်း၍ ပန်းကန်ခွက်ယောက်များ ကို ဆေးကြော လေ၏ ။ ထိုသို့ ဆေးကြောရင်း “ ကျွန်မ က ဘယ် အခန်းမှာ အိပ်ရမှာလဲ ” ဟု မမယ်ဇယ် က မေးလိုက်လေ၏ ။ “ မမယ်ဇယ် က အထပ်ခိုး မှာ အိပ်လေ ။ ကျုပ် က အောက်ထပ် မှာ အိပ်မယ် ” ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။ ပန်းကန် ဆေးပြီးသော အခါ၌ မမယ်ဇယ် လည်း အထပ်ခိုး ပေါ် သို့ တက် သွား လေ၏ ။ ကိုကြာပွတ် သာ လျှင် အောက်ထပ် ၌ ကျန်ခဲ့ လေတော့၏ ။ ညဉ့်အတော် နက်သည့် တိုင်အောင် ကိုကြာပွတ် သည် မအိပ်သေး ဘဲ ရတနာကျွန်း သို့ မည်သို့မည်ပုံ သွားရောက် ရမည် ကို စဉ်းစား နေလေ၏ ။
••••• ••••• •••••
ဤသို့လျှင် ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ သည် ကြို့ကုန်းအိမ်ကြီး ၌ နေထိုင်ခဲ့ ကြလေ၏ ။ ကိုကြာပွတ် သည် ပြန်လည် ရောက်ရှိ ကြောင်း သိလျှင် နွားနို့ကု,လား သည် နွားနို့ ပို့မြဲ ပြန်၍ပို့၍ သတင်းစာသမား မှာ မူ ကိုကြာပွတ် ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ သတင်းစာ ကို ပုံး ထဲ တွင် လာ၍ ထည့်မြဲ ထည့် ထားလေ၏ ။
တစ်ည သ၌ မမယ်ဇယ် သည် အထပ်ခိုး ပေါ် တွင် တက်၍ အိပ်စက် နေပြီ ဖြစ်၏ ။ ကိုကြာပွတ် သာ လျှင် အောက်ထပ် ၌ ထိုင်၍ စက်လှေ ဝယ်ယူရန် ကုန်ကျမည့် စရိတ် ကို လည်းကောင်း ၊ သွားရမည့် ခရီး အကွာအဝေး ကို လည်းကောင်း စိတ်တွက် ဖြင့် တွက် ၍ နေလေ၏ ။ ထိုအချိန် ၌ တစ်စုံတစ်ယောက် သည် ၎င်း အနီး သို့ ရောက်ရှိ လာပြီး
“ ငြိမ်ငြိမ်ကလေး နေ နော် ။ ဒီ ဥစ္စာ သေနတ် လို့ ခေါ်တယ် ။ မှန်ရင် ပွဲချင်း ပြီး သေတတ်တယ် ကြားလား ”
ဟု ပြော လိုက်လေ၏ ။
ကိုကြာပွတ် လည်း ထို သူ အား မော့ ၍ ကြည့် လိုက်လေ၏ ။ ထို သူ သည် သစ်သား လက်ကိုင်တုတ် တစ်ချောင်း ကို လက် တစ်ဖက် ၌ ကိုင် ၍ ထား၏ ။ အခြားသော လက် တစ်ဖက် ၌ သေနတ် ကို ကိုင်၍ ထား လေ၏ ။
“ နေစမ်းပါဦး ။ ကျုပ် ကို ဒမြ တိုက် မလို့လား ”
ဟု ကိုကြာပွတ် က ပြော လိုက် လေ၏ ။
“ ရိုးရိုး ဒမြတိုက်ရိုးလား ဗျ ။ မြေပုံဒမြ မြေပုံဒမြ ။ ကျုပ် စုံစမ်း နေတာ ကြာပါပြီ ။ ကျုပ် လိုချင်တဲ့ မြေပုံကလေး ခင်ဗျား ဆီ မှာ ရှိတယ် ။ ခင်ဗျား ရထားတာလဲ မကြာသေးဘူး ။ ကျုပ် အကုန် သိပြီးပါပြီ ။ ဒါတွေ သိအောင် လေ့လာ လိုက်ရတာ ကျုပ် ဖြင့် မောနေတာပဲ ။ အကုန်လုံး လဲ သိရော ခင်ဗျား ကို လဲ မိရော ။ ဟဲ ဟဲ ဟဲ ဟောဒီမှာ တွေ့လား ။ ဓာတ်ပုံ က လေး လေးပုံ ။ လူ တစ်ယောက် တည်း ရဲ့ ဆင်တူ ဓာတ်ပုံကလေးတွေ ။ ဒီ လူ ကို ရော သိလား ။ သေသေချာချာ ကြည့်ပါဦး ။ ဘယ်လောက် ရှေးဆန်သလဲ ”
ဟု ပြော ဆိုကာ သေနတ်သမား သည် ၎င်း ၏ အိတ် အတွင်းမှ လူ တစ်ဦး ၏ ဓာတ်ပုံ ဆင်တူ အား မော့ ၍ ကြည့် လိုက်လေ၏ ။ ထို သူ သည် ခြေထောက် တစ်ဖက် အနည်းငယ် နိမ့်၍ နေကြောင်း ကို လည်း သတိပြု မိသည့် အပြင် ထို သူ မှာ တရုတ်ကပြား တစ်ဦး ဖြစ်ကြောင်းလည်း သိလေ၏ ။
“ နေစမ်းပါဦး သေနတ် နဲ့ လူ ရဲ့ ။ ကိုယ့် လူ နာမည် က ကျင်ဝမ် မဟုတ်လား ။ အလျင်က သွားစိုက်ဆရာဝန် လေ ”
ဟု ကိုကြာပွတ် က ပြော လိုက်လေ၏ ။
ထို သူ က
“ ခင်ဗျား လဲ အတော့် ကို စုံစမ်းထားပြီ ပဲ ဟုတ်ပါ့ဗျာ ။ သွားစိုက်ဆရာ ကျင်ဝမ်ပါပဲ ”
ဟု ဆိုကာ ထို သူ သည် ကု,လားထိုင် ၌ ဝင် ၍ ထိုင်ကာ သူ ၏ တုတ် ကို နံရံ ၌လှမ်း ၍ ထောင် ထား လိုက် လေ၏ ။ သေနတ်ပြောင်း က မူ ကိုကြာပွတ် အား ချိန်မြဲ ချိန် ၍ ထား လေ၏ ။
ကိုကြာပွတ် သည် ဓာတ်ပုံများ ကို လှမ်း ကြည့် လိုက်ပြန်၏ ။ ခေါင်းပေါင်း အပြောက် ကို အကျအန ပေါင်း ထားသည့် ရှေးလူကြီး တစ်ဦး ၏ ပုံ ဖြစ်ကြောင်း သိရလေ၏ ။ ထိုအခါ ကိုကြာပွတ် သည် ထို ဓာတ်ပုံများ ကို ဆွဲယူ၍ မှောက် ကြည့်လိုက်ရာ မတော်တဆ စွန်းထင် နေသော မင်စက် ။ မင်ပြောက်များ ။ ညစ်ပတ် ပေရေ ၍ ဖြစ်ပေါ် နေသော အကွက်များ ကို တွေ့ရလေ၏ ။ ထိုအခါ ကိုကြာပွတ် က
“ မဟုတ်မှ လွဲရော ။ ဦးကု,လား ရဲ့ဓာတ်ပုံ ဖြစ်လိမ့်မယ် ။ ဦးကု,လား ဆိုတဲ့ လူ ဟာ အတော့် ကို ဉာဏ် ပြေးတာ ကိုး ။ ဟောဒီ မင်စွန်း ။ မင်ပြောက်တွေ ချေးကွက်တွေ ဟာ မတော်တဆ ဖြစ် ထားတာတွေ မဟုတ်ဘူး တမင်တကာ လုပ် ထားတာတွေ ။ ဒါတွေဟာ ရတနာ မြှုပ်ထားတဲ့ မြေပုံ ပဲ ။ ဒီလို ပိပိရိရိ လုပ်ထားလို့လဲ မစန်းအေး ယောက်ျား ကိုပီတာ ရော ။ တဲဝိုင်းကြီးဘူတာရုံ က ရုံပိုင်ကြီး ရော ။ ရှုတိုင်းယဉ် ဓာတ်ပုံတိုက် က ဓာတ်ပုံဆရာ ရော ဟာ မြေပုံ ရဲ့ လေးပုံ တစ်ပုံ ကို ရ ပါ လျက် မြေပုံမှန်း မသိရှာကြဘူး ကိုး ။ ဒါပေမဲ့ ကံအားလျော်စွာ ဒီ ဓာတ်ပုံတွေ ကို ဖျောက်ဖျက် မပစ်ဘဲ တစ်ယောက် ကို တစ်ယောက် သ,တ်ပြီး ယူ လာ လိုက်ကြတာ နောက်ဆုံး မှာ ခင်ဗျား ဆီ ကို ဓာတ်ပုံ ၃ ပုံ စုပြီး လာ ပေးသလို ဖြစ်နေပြီ ခင်ဗျား မှာ ရှိတဲ့ ပုံ တစ်ပုံ နဲ့ လဲ ပေါင်း ရော ပြည့်စုံတဲ့ မြေပုံ တစ်ချက် ဖြစ် သွားတာပေါ့ ။ ခင်ဗျား ကတော့ သူတို့ အထဲ မှာ အကင်းအပါး ဆုံး ပဲ ။ အခု ခင်ဗျား ဆီ မှာ ရတနာ မြှုပ်ထားတဲ့ မြေပုံ တော့ ပြည့်စုံ သွားပြီ ။ ဒါပေမဲ့ အဲဒီ ကျွန်း ကို သွားဖို့ ရေကြောင်းခရီး မြေပုံ က လိုနေသေးတာ ကိုး ။ အဲဒီ ရေကြောင်းခရီး မြေပုံ က ကျုပ် ဆီ မှာ ရှိတယ် ”
ဟု ကိုကြာပွတ် က ပြော လိုက် ရာ
သေနတ်သမား က
“ တယ် သိပါလား ဒီလို နားလည်တဲ့ လူ နဲ့ အလုပ် လုပ်ရတာ ကောင်းပါတယ် ။ ဟုတ်ပါတယ် ။ ကျုပ် အဖေ ဦးကု,လား ရဲ့ ပုံတွေပါပဲ ။ ဒီပုံ လေးပုံ က တစ်နေရာ စီ တစ်ယောက် စီ မှာ ။ ဒါတွေ ပြန်ပြီး စု ရတာ မလွယ်လှဘူး ကိုယ့် လူ ရဲ့ ။ ကျုပ် ကတော့ ကံကောင်းသူ ပေါ့ ဗျာ ”
ဟု ပြော လိုက်လေ၏ ။
“ ခင်ဗျား က တော့ ရှုတိုင်းယဉ် ဓာတ်ပုံဆရာ ဆီ က သ,တ်ပြီး ယူလိုက်တာ မဟုတ်လား ”
ဟု ကိုကြာပွတ် က ပြော လိုက်ရာ သေနတ်သမား က
“ ဟုတ်ပါ့ ကိုယ့် လူ ရယ် ။ အဲဒီတော့ ကျုပ် လိုချင်တာ က ခင်ဗျား ဆီ က ပစ္စည်းပဲ ခင်ဗျား လဲ မစန်းအေး တို့ ကို သ,တ်ပြီး ယူခဲ့ပြီ မဟုတ်လား ”
ဟု မေး လိုက်လေ၏ ။
ထိုအခါ ကိုကြာပွတ် က မတ်တတ် ရပ် လိုက်လေ၏ ။ ထို့နောက် ကိုကြာပွတ် ၏ ရင်ဝ တည့်တည့် သို့ သေနတ် ဖြင့် ချိန် ကာ နေရာ ရွှေ့ လိုက်လေ၏ ။
“ အူကြောင်ကြောင် လုပ်လို့ မရဘူး ။ ထုတ် ပေးရင် ခင်ဗျား အသက် ကို စဉ်းစားမယ် ။ နို့မို့ ခင်ဗျား ကို သ,တ်ရမယ် ။ ဒီ အိမ် ထဲ မှာ ခင်ဗျား ဝှက်ထားတဲ့ မြေပုံ ကို ရှာ ရမယ် ။ ပြီးရင် ဒီ အိမ်ကြီး ကို မီးရှို့ ပစ်ရမယ် ။ အလုပ်တွေ သိပ်ပြီး များတယ် ။ အိမ်နီးနားချင်းတွေ လဲ အနှောင့်အယှက် ဖြစ်တယ်ဗျ ။ ကဲပါ ဘယ်မှာလဲ တစ် နှစ် ”
ဟု အမှတ်စဉ် မှတ် လိုက်လေ၏ ။
ထိုအခါ ကိုကြာပွတ် က
“ ကိုယ့် လူ လိုချင်တာ ကို ပေးရင် ကျုပ် အသက် ကို မသ,တ်ဘူးလား ”
ဟု မေး လိုက်လေ၏ ။
“ မသ,တ်ဘူး ”
ဟု သေနတ်သမား က ပြော လိုက်လေ၏ ။ ထိုအခါ ကိုကြာပွတ် က
“ ကျုပ် မယုံဘူး ”
ဟု ပြောဆို ကာ နေရာ ရွှေ့လေ၏ ။ သေနတ်သမား လဲ ကိုကြာပွတ် နှင့် မျက်နှာချင်း ဆိုင် မိ စေရန် အတွက် လိုက်၍ နေရာ ရွှေ့ လေ၏ ။ ထို့နောက်
“ အူကြောင်ကြောင် မလုပ်နဲ့ ။ ဟေ့ ကြာပွတ် သေပေတော့ ”
ဟု ဆိုကာ မောင်း ဖြုတ်မည် အလုပ် တွင် သေနတ်သမား ၏ ဦးခေါင်း ပေါ် တည့်တည့် မှ “ ဝှူး” ဟု အသံ တစ်ချက် ကြား လိုက်ရပြီး နောက် သေနတ်သမား သည် အော်မျှ မအော်နိုင်တော့ဘဲ လဲကျ သွားကာ မချိမဆံ့ ဝေဒနာ ကို စက္ကန့် အနည်းငယ် ခံစားပြီး နောက် အကြောများ ဆွဲကာ အသက် ထွက် ၍ သွား လေတော့၏ ။
မမယ်ဇယ် သည် အထပ်ခိုး မှ ပြေး၍ ဆင်း လာ ပြီး လျှင် အလောင်းကြီး ကို တစ်လှည့် ကိုကြာပွတ် ကို တစ်လှည့် ကြည့် ကာ
“ ကိုကြာပွတ် လိုချင်နေတဲ့ မြေပုံကလေး လာပြီး ပို့ တာပါ ။ သူ့ နာမည် ကျင်ဝမ် တဲ့ သွားစိုက်ဆရာဝန် တစ်ယောက်ပါ ”
ဟု ကိုကြာပွတ် က ပြော ဆိုကာ ကျင်ဝမ် ၏ အလောင်း မှ ဓာတ်ပုံလေးပုံ ကို နှိုက်ယူ ၍ နောက်ကျော ကို ကြည့် လိုက်ရာ ဆံပင်ချည်ထွေး ကဲ့သို့ ရှုပ်လှသော မြေပုံ လေးချပ် ကို တွေ့ရ လေ၏ ။ ထိုအခါ ကိုကြာပွတ် သည် ဓာတ်ပုံ လေးပုံ ကို ဆက်စပ် လိုက် ပြီးနောက်
“ ဟောဒါ မြေပုံ အပြည့်အစုံ ပဲ မမယ်ဇယ် ။ ခရီး ထွက်ဖို့ ပြင်ပေတော့ ”
ဟု ပြော လိုက်ရာ မမယ်ဇယ် လဲ မကြာသေး မီ က မှ ဝယ်ယူ ထားသော ၎င်း ၏ အဝတ်အစား အချို့ ထည့် ထားသည့် သားရေ သေတ္တာကလေး တစ်လုံး ကို အထပ်ခိုး ပေါ် မှ ယူ ချခဲ့လေ ၏ ။ ကိုကြာပွတ်ကြီး လဲ ၎င်း ၏ သေတ္တာ တစ်လုံး ကို ယူခဲ့ပြီး နောက် ထို “ သန်းခေါင်ကြယ် ” အိမ်ကြီး မှ အပြီးအပိုင် ထွက်သွား ကြလေတော့ သတည်း ။
••••• ••••• •••••
❝ ဆားပုလင်းနှင်းမောင် ကို ပြန် ခေါ်ရပြီ ❞
“ မိုးပေါ် မှာ ကြယ်တလုံး ” ဟု ကျွန်ုပ် အမည် ပေး ထားသော လွန်စွာ ရှုပ်ထွေးသည့် အမှုကြီး ကို ကျွန်ုပ် မိတ်ဆွေ စုံထောက်ကြီး ဆားပုလင်းနှင်းမောင် က အောင်မြင်စွာ ဖော်ထုတ် ၍ တရားခံများ ကို လည်း ဖမ်းဆီး ပေးခဲ့ပြီ ဖြစ်၏ ။
တရားခံများ ၏ စစ်ချက်များ ကို လည်း ရေးသား မှတ်တမ်းတင် ပြီး ဖြစ်၏ ။ ထို အဖြစ်အပျက်ကြီး ဖြစ်ပွားပြီး ရက် အနည်းငယ် အတွင်း ၌ ဦးကိုကိုကြီး ၊ ဆားပုလင်းနှင်းမောင် နှင့် ကျွန်ုပ် တို့ သုံးဦး သည် အင်းစိန် စီအိုင်ဒီရုံး သို့ အတူတကွ လာခဲ့ကြ လေ၏ ။ လမ်း တွင် ဦးကိုကိုကြီး က ဆားပုလင်း နှင်းမောင် အား
“ အိုင်ဆေး ၊ ကိုကြာပွတ် နဲ့ မမယ်ဇယ် တညင်းကုန်း ဘက် ကို ပြေးမယ် ဆိုတာ ခင်ဗျား ဘယ်လို လုပ် သိသလဲ ”
ဟု မေး လိုက်လေ၏ ။
“ ဒီလိုလေဗျာ ၊ ကြို့ကုန်းအိမ်ကြီး မှာ ဖြစ်ပွားတဲ့ လူသတ်မှု ကို သွား ကြည့်ပြီး ကတည်း ကို က တရားခံ ဟာ ကျွန်း တစ်ကျွန်း နဲ့ ပတ်သက် နေတယ် ဆိုတာ ကျုပ် အနေ နဲ့ တွေးပြီးသား ပဲ ။ အဲဒီတော့ ပြေးမယ် ဆိုရင် ကျွန်း ကို ပဲ ပြေးလိမ့်မယ်လို့ ကျုပ် က တွက်ထားမိတယ် ။ ဒါကြောင့် ပင်လယ်ပြင် ကို သွားနိုင်တဲ့ ပင်လယ်ဆိပ်ကမ်းမြို့တွေ က ကျုပ် ရဲ့ လူတွေ ဆီ ကို သံကြိုး ရိုက်ပြီး အကြောင်းကြား ထားပြီး ပြီ ဗျ ။ ပြီးတော့ ပင်လယ်ဆိပ်ကမ်းမြို့ မဟုတ်ပေမယ့် ပင်လယ်ပြင် ကို ထွက်လို့ ရတဲ့ ရွာကြီးတွေ ဘက်မှာ ရှိတဲ့ ကျုပ် လူ တွေ ဆီ ကို လဲ အကြောင်းကြား ထား ပြီးပြီ ။ မြို့ကြီးတွေ ဆီ မှာ ရှိတဲ့ ကျုပ် လူတွေ ဆီ က ဘာမှ အကြောင်း ပြန်ကြားချက် မရခဲ့သေးဘူး ။ အဲဒီတော့ တရားခံ ဟာ မြို့ဘက် ကို မသွားဘဲ မထင်ရှားတဲ့ ရွာတွေ ဘက် က ထွက်လိမ့်မယ် လို့ ဆိုတာ ကျုပ် သဘောပေါက် ပြီး သားပါ ။ နောက်ဆုံးမှာ တညင်းကုန်း က ကိုစံဖေ ရောက် လာတော့ ပိုပြီး ထင်ရှား သွားတာပေါ့ ”
ဟု ဆားပုလင်း နှင်းမောင် က ပြော လိုက်ရာ ဦးကိုကိုကြီး က
“ ဟုတ်ပါတယ် ဗျာ ။ ခင်ဗျား သာ ကျုပ်တို့ ဆီ မှာ မရှိရင် ဒီ အမှု ဟာ လုံးဝ မပေါ်နိုင်ဘူး ကိုနှင်းမောင် ”
ဟု ချီးကျူး လိုက်လေ၏ ။
ဤသို့နှင့် ပင် ကျွန်ုပ်တို့ သုံးဦး သည် စကား တပြောပြော နှင့် လာခဲ့ကြရာ စီအိုင်ဒီ သို့ ရောက်ရှိ ခဲ့ကြလေတော့၏ ။ စီအိုင်ဒီ သို့ ရောက် လျှင် စုံထောက်မင်းကြီး မစ္စတာကရစ်ပင် က ကျွန်ုပ်တို့ အား တွေ့လိုသည် ဆို သဖြင့် ကျွန်ုပ်တို့ လည်း ၎င်း ၏ ရုံးခန်း ဆီ သို့ သွားကြ လေသည် ။
မစ္စတာကရစ်ပင် သည် ဆားပုလင်း နှင်းမောင် ကို မြင်လျှင်
“ ဂွတ်ဒ်မောနင်း ဆားပုလင်းနှင်းမောင် ။ မုံရွာ က ပြောင်းဖို့ အမိန့်စာ ထပ်ပြီး ရောက်လာပြီ ။ ကျွန်ုပ် ကို တောင် ဘာဖြစ်လို့ ပြောင်း မပစ်သေးသလဲ လို့ ထုချေလွှာ တောင်းနေပြီ ”
ဟု မစ္စတာကရစ်ပင် က ပြော လိုက်ရာ ဆားပုလင်း နှင်းမောင် က
“ ကောင်းပါပြီ မစ္စတာကရစ်ပင် ။ အခု မနက် ရထား နဲ့ ပဲ ကျုပ် မုံရွာ ကို သွားပါတော့မယ် ”
ဟု နှုတ်ဆက် ကာ စုံထောက်မင်းကြီး ၏ ရုံးခန်း မှ ထွက်လာ ပြီး လျှင် ကွမ်းခြံဘူတာ သို့ လိုက်၍ ပို့ကြ လေ၏ ။ ဘူတာရုံ သို့ ရောက် လျှင် ကိုနှင်းမောင် သည် ရထားလက်မှတ် ဝယ် ၍ ရထား ထွက်မည့် အချိန် ကို စောင့် ရင်း ကျွန်ုပ်တို့ နှင့် အတူ စကား ပြောနေလေ၏ ။
ထိုအချိန် ၌ မှာ ပင် ရထား သည် ထွက်ရန် ဥဩ ဆွဲလေ၏ ။ ထိုအခါကို နှင်းမောင် က ...
“ ကဲ သွားမယ်ဗျို့ ”
ဟု ကျွန်ုပ်တို့ အား နှုတ်ဆက်၍ တစ်ဖက် သို့ လှည့် လိုက်ရာ မည်သည့် အချိန် က ရောက်ရှိလာမှန်း မသိသော ပြာတာကလေး မောင်ညို သည် ၏ ကိုနှင်းမောင် လက် ကို ဖမ်းဆွဲ လိုက်ပြီး လျှင်
“ ဘယ် သွားမလို့လဲ ဆရာ ကိုနှင်းမောင် ရဲ့ ။ ဟောဒီမှာ မင်းကြီး က စာ ပေး လိုက်တယ် ။ စာ ရရချင်း စီအိုင်ဒီရုံး ကို ပြန်လာပါ တဲ့ ”
ဟု ဆိုကာ စာ တစ်စောင် ကို ပေးသဖြင့် ဆားပုလင်း နှင်းမောင် လည်း ထို စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် ၏ လက်သို့ ပေး လိုက်လေ၏ ။
ကျွန်ုပ် နှင့် ဦးကိုကိုကြီး လည်း ခေါင်းချင်း ဆိုင်၍ ထို စာ ကို ဖတ်ကြလေ၏ ။ အင်္ဂလိပ်ဘာသာ ဖြင့် ရေးသားထား သော စုံထောက်မင်းကြီး ကရစ်ပင် ၏ စာ မှာ အောက်ပါအတိုင်း အဓိပ္ပာယ် ရလေ၏ ။
ဆားပုလင်းနှင်းမောင်
ကျုပ် ဆီ ကို အခုပဲ စာ တစ်စောင် ရောက်တယ် ။ အဲဒီ စာ က လူဆိုး တွေ ဆီ က ရေး လိုက်တဲ့ စာပဲ ။ ဒီလူ ဆိုးတွေ ဆိုတာက ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဆို တာ ရယ် ။ မြကျွန်းသာ ပေါ် မှာ နေတဲ့ မျောက် သုံးကောင် ဆိုတာရယ် ဖြစ်တယ် ။ သူတို့ တစ်တွေ ဟာ မကြာခင် မှာ အမှုတွေ ကျူးလွန်ပါတော့မယ် တဲ့ ။ စုံထောက်အဖွဲ့ မျက်စိများ ကို ဒေါက်ထောက်ပြီး ကြည့် နေ ဖို့ အကြောင်း ကြား ပါတယ် တဲ့ ။ ဒါကြောင့် ဆားပုလင်းနှင်းမောင် ပြန် လာဖို့ ကျွန်ုပ် အနေနဲ့ အနူးအညွတ် တောင်းပန်ပါတယ် ။
မစ္စတာကရစ်ပင်
စုံထောက်မင်းကြီး
ထို စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် က
“ ဘယ်လိုလဲ အိုင်ဆေး ”
ဟု ဆားပုလင်းနှင်းမောင် အား မေး လိုက်ရာ ဆားပုလင်း နှင်းမောင် သည် ရေခဲတောင်စီးကရက် ကို ထုတ် ၍ မီးညှိ ရှိုက်ဖွာ ရင်း
“ ကျုပ် နဲ့ ဉာဏ်ကစားဘက် တွေ ရောက်လာကြပြီ ကိုး ”
ဟု ပြော ဆို ကာ အင်းစိန် စီအိုင်ဒီ ဘက်သို့ မခိုးမခန့် ပြုံးသော မျက်နှာထား ဖြင့် ခြေဦး လှည့် လိုက်လေတော့ သတည်း ။
သဗ္ဗေသတ္တာ ကမ္မသကါ
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment