Saturday, February 24, 2024

အငှား ယောက္ခမ


 ❝ အငှား ယောက္ခမ ❞ 


မန္တလေးမြို့ မြို့သစ် ၏ လမ်း တစ်လမ်း ဝယ် ဘ ၏ သီချင်းသံ က ပျံ့လွင့် လျက် ရှိပါသည် ။ ဘ ၏ သီချင်းသံ မှာ သူ ၏ မြင်ကွင်း ကို လိုက်၍ အစဉ် ပြောင်းလဲ လျက် ရှိပါသည် ။ အမြဲ ရန်ဖြစ် နေလေ့ ရှိ သော ကိုသံချောင်း တို့ လင်မယား ကို မြင်သည် နှင့် ....


“ ချစ်သူတိုင်း လည်း ညားကြပါစေ ညားသူတိုင်း လည်း ချစ်ကြပါစေ ” ဟု အော် နေရာ မှ မိန်းမ ကို ကြောက် ရသော ကြောင့် မိန်းမ ခိုင်းသမျှ အကုန် လုပ်ပေး နေရသော ဦးသာဝ ကို တွေ့ လိုက်သောအခါ .... 


“ လူစုံရင် ဟန်တွေ ဘာတွေ မဆောင်နိုင်တယ် ကိုကို ခေါ်သံ မှာ အရည်ပျော်မြဲ ...”


ဖြစ်သွားသည် ။ ထိုစဉ် လမ်းတစ်ဖက် မှ လျှောက် လာ သော အပျိုကြီး ဒေါ်စိန်တိုး ကို မြင် သွားရာ

....


“ အပျိုကြီး မမရယ် မမတို့ ရယ် တစ်ကိုယ်တည်း ဂွကျတယ် ဂွကျလှတယ် ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန် နိပ်ဟ ... ”


ဒေါ်စိန်တိုး က ဘ အား ထု ရန် လမ်းဘေး ဝဲယာ ကြည့် လိုက်သည် ။ သို့နှယ် ထုစရာ ရှာသည် နှင့် ဘ သည် သူ့ ခြံ တွင်း သို့ ဝင် ပြေးရင်း ....


“ ဒါဟာ အချစ်တဲ့ လား အဲဒါ အချစ်တဲ့ လား ဒါများ အချစ်တဲ့လားကွယ် မင်း ပဲ ပြော ...”


ဟု သံကုန် ဟစ် လိုက်လေ သတည်း ။ တေးသံ ဆုံး သည် နှင့် ခြံတံခါး မှ ခေါင်းပြူ ကာ မျက်စ ပစ် ပြ လိုက်သည် ။


   •••••   •••••   •••••


“ အိုအေစစ် ” အအေးဆိုင် ။


ဆိုင်တွင်း မှာ တည်ငြိမ် လှပသော အမျိုးသမီး နှစ်ယောက် အအေး သောက် နေကြပါသည် ။ သူတို့ ၏ မျက်နှာ ပေါ် မှ စိတ် ရှုပ်ထွေး နေဟန် သည် လှပသော သူတို့ ၏ မျက်နှာ နှင့် မလိုက်ဖက်ပါ ။ မိန်းကလေးတို့ ၏ တည်ငြိမ်သော ဣန္ဒြေ ရသော ခြေ တစ်လှမ်း သည် ကုဋေတစ်သန်း တန်သည် ဟု တင်စားခဲ့သော ပညာရှိ သာ ဤ မိန်းကလေး ကို တွေ့ပါ မူ “ သူ သာ ပြုံး လျှင် သန်းနှစ်ဆယ် ခန့် တန်မည် ” ဟု သတ်မှတ် လိမ့်မည် ထင်ပါသည် ။ ပြုံး လျှင် အလွန် လှပမည့် နှုတ်ခမ်း အစုံ ကို ယခု မူ တင်းတင်းစေ့ ထားသည် ။ သူတို့ ရှေ့မှ အအေးခွက်များ သည် ပင် အအေးဖွယ် နေပါပြီ ။ 


“ မမ ”


ခေါ်သံ ကြောင့် ငြိမ် နေသော မျက်နှာလေး က အသက် ဝင် သွားသည် ။


“ နင် က စာ ရေးခဲ့တာ ဘယ်လောက် ကြာပြီလဲ ”


“ ပထမ စာ က ခြောက်လ လောက် ရှိပြီ ။ အဲဒီတုန်းက တော့ အိမ်ထောင်ဖက် ကို သူတို့ ရှာပေးရမလား ဆိုလို့ မမ မှာ ချစ်သူ ရှိ နေပြီ ဆိုပြီး ရေး လိုက်တာ ၊ ပြီးခဲ့တဲ့ လ ထဲ က တော့ သမီး ချစ်သူ ကို သမီး လက်ထပ်မယ် ဆိုရင် လည်း အမြန်ဆုံး လက်ထပ်ပါ ။ အဝေး မှာ တစ်ယောက် တည်း ထား ရ တာ စိတ်မချရဘူး ။ သမီး ရွေးချယ်တာ မမှားနိုင်ဘူး လို့ မေမေ တို့ ယုံကြည်တယ် ဆိုပြီး စာ ရောက်လာတာ ” 


“ ဆက်ပါဦး ”


“ မနေ့ က တော့ ဖုန်း ဆက်တယ်လေ ။ ဖေဖေ့ သူငယ်ချင်း ရဲ့ သား က နှစ်သက် နေ လို့ အိမ် မှာ လာပြီး စကား ကြောင်းလမ်း ချင် နေတယ် ။ လက်ခံရ မလား တဲ့ ။ ဒါနဲ့ မမ က မေမေ တို့ ပဲ နှစ်သက် တဲ့ လူ ယူ ဆို လို့ သမီးချစ်သူ နဲ့ သမီး နဲ့ တနင်္လာနေ့ မှာ ရုံးတက် လက်မှတ် ထိုးဖို့ စီစဉ် ပြီးပြီ ။ သမီး လည်း အဲဒါ ပြော ဖို့ ဖုန်းဆက် မလို့ပဲ ။ ပွဲခင်း ဖို့ တော့ မေမေ တို့ လိုက်လာ ပြီး မှ လူကြီးချင်း ညှိပြီး စီစဉ်ပါ ဆို ဖြီး ရ တာပေါ့ ။ မေမေတို့ တွေ့ရ မြင်ရ ရင် လက်ခံနိုင်မယ့် အနေအထား ရှိပါတယ် ။ ဘွဲ့ရ ပညာတတ် ငွေကြေး လည်း ပြည့်စုံတယ် ။ အကျင့်စာရိတ္တ လည်း ကောင်းပါတယ် ။ အမူအကျင့် လည်း သိမ်မွေ့တယ် ဆိုပြီး ” 


“ ငြင်း မရအောင် အကောင်းတွေ ချည်း ပြော လိုက်တယ် ဆိုပါတော့ ”


“ ရန်ကုန် က လူ နဲ့ စီစဉ် မှာ စိုးပြီး ပြော လိုက်ရတာ ” 


“ ဒီတော့ ”


“ မေမေတို့ သဘောတူ ရတော့မှာ ပေါ့ တဲ့ ။ အစက တော့ ရန်ကုန် က ကောင်လေး ခေါ်ပြီး လာမလို့ပဲ ခုတော့ သူတို့ ချည်း လာမယ်လို့ ပြောတယ် ။ သူတို့ လာအောင် စောင့်ပါဦး တဲ့ ။ မမ က သူတို့ လာ ရင် ရန်ကုန် က လူ ခေါ်လာပြီး အတင်း ထပ် စီစဉ် လိုက် မှာ စိုးတာ နဲ့ သမီး မစောင့်တော့ဘူး လက်ထပ် ဖို့ က စီစဉ် ပြီး ဖြစ် နေပြီ ။ သမီးတို့ အစီအစဉ် မဖျက်ပါရစေနဲ့ တော့ သမီး ကို ယုံပါ မေမေ ခွင့်ပြု ခဲ့လို့ စီစဉ်မိခဲ့ တာပါ ဆို ပြန်ပြော လိုက် ရတာပေါ့ နီလာ ”


“ ဒါဆိုလည်း ပြီးတာပဲပေါ့ ။ လာတော့ မှ သမီး အိမ်ထောင် မပြုချင်သေးလို့ ဒီ အတိုင်း ပဲ နေပါရစေဆို ပြောလိုက်ပေါ့ ” 


“ ရမှာ မဟုတ်ဘူး ။ ငါ တစ်ယောက် တည်း နေ တာ ကို စိတ် မချတာပဲ ။ လုပ်တာ က လည်း ကုမ္ပဏီ မှာ ဆိုတော့ ရှင်းရှင်း ပြော ရရင် နီလာ ရယ် ၊ နိုင်ငံခြားသား တစ်ယောက် ယောက် နဲ့ ငြိ သွားမှာ စိုးတာ ”


မမ စကား ကြောင့် နီလာ ပါ ငိုင် သွားသည် ။ 


အတော်လေး ကြာ မှ -


“ မမ ”


“ ပြောလေ ”


“ ဇိုးမောင်မောင် တစ်ယောက် လောက် ရှာပါလား ။ လင် ငှား လေ ”


“ ဟယ် အဓိပ္ပာယ် မရှိတာ ၊ ဘယ်လိုလုပ် ဖြစ်မှာလဲ ” 


နီလာ က ပြုံး လိုက်ပြီး -


“ စကား အရ ပြောကြည့်တာပါ မမ ရယ် ၊ အဲ ဒီလိုလုပ် ယောက်ျား မငှားချင် ရင် ယောက္ခမ ငှားပါလား ”


“ ဘာ ”


“ ယောက္ခမ လေ ၊ အဲဒါက အန္တရာယ် ကင်းတယ် ။ ယောက်ျား က တော့ အရေးတကြီး ခရီးထွက်သွား တယ်ပေါ့ ။ မိုးကုတ် ဖက်စပ်တွင်း မှာ ကျောက်ပွင့် လို့ ပေါ့ ။ ယောက္ခမကြီး ပဲ အိမ် မှာ ကျန်နေခဲ့တယ်ပေါ့ ။ ဒါမှ မဟုတ်ရင် လဲ လက်ထပ်ပြီး တဲ့ နေ့ ညနေ မှာ ပဲ ယောက်ျား က ကား မတော်တဆ ဖြစ်လို့ ဆုံးသွားပြီ ပေါ့ ။ ငှား ထားတဲ့ ယောက္ခမ က လည်း စိတ် ထိခိုက် နေ လို့ ဘယ်သူ နဲ့ မှ စကား မပြောဘူး ဆို လုပ် ထားလိုက် ။ နည်းနည်း ပါးပါး ပြောပြီး တာ နဲ့ တစ်နေရာ ရာ ငြိမ် ထိုင် နေရုံ ပဲ ။ စကား များများ မပြောရ တော့ အမှား လည်း မပါတော့ဘူး ” 


“ အင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ စိတ် မချမ်းမြေ့စရာ ကြုံထားတာ ဆိုပြီး မေမေ တို့ က လည်း အတင်း တော့ အမေး အမြန်း မထူနိုင် လောက်ပါဘူး ။ ဒါပေမယ့် ...”


“ ဘာဖြစ်လဲ ” 


“ ဘယ်သွား ရှာမလဲ ”


“ တကယ် ငှားမှာလား ”


“ ဘာလဲ နီလာ့ အမျိုး ထဲ မှာ ရှိ လို့လား ”


“ မဟုတ်ဘူး အရပ် ထဲ မှာ ရှိတယ် ။ အဲဒီ အဘိုးကြီး က အလွန် ပျော် တတ်တယ် ။ သူ ငယ်ငယ် က ပြဇာတ် မင်းသား လုပ်ဖူးတယ် တဲ့ ။ သရုပ်ဆောင် လည်း ပိုင်တယ် ။ ဘယ့်နှယ့်လဲ ”


မမ မှာ စိတ်ဝင်စား သွားသည် ။ နီလာ ၏ အကြံဉာဏ် မှာ ကောက်ရိုး တစ်မျှင် မှန်း သိ သော်လည်း သူ က ရေနစ် နေသူ မဟုတ်လား ။ မမ တို့ သည် အအေးဖိုး ကို ခေါ် ရှင်းလိုက် ပြီး ကားလေး နှင့် ထွက် ခဲ့သည် ။


   •••••   •••••   •••••


ဘ ၏ အိမ်ရှေ့ သို့ ရောက်သော အခါ ကား ကို ရပ်လိုက်ပြီး ။


“ ဟို အဘိုးကြီး ပဲ မမ ”


ဘ မှာ သူ့ အိမ် ရှေ့ တွင် ပက်လက်ကု,လားထိုင် နှင့် ထိုင် ၍ ဂျာနယ် တစ်စောင် ဖတ် နေသည် ။ မမ က


“ အဘိုးကြီး က အသက် မကြီးလွန်းဘူးလား ” 


“ အသက် ကြီးတော့ ဘာဖြစ်လဲ ယောက်ျား ရဲ့ အဘိုး လို့ ပြောမှာပေါ့ ”


သို့ဖြင့် မမ နှင့် နီလာ တို့ သည် ကား ပေါ် မှ ဆင်း ကာ ခြံတွင်း သို့ ဝင် သွား ကြသည် ။ ဘ သည် ဖတ်လက်စ ဂျာနယ် ကို ပိတ် လိုက်ပြီး ခြံတွင်း သို့ ဝင် လာသော မမ နှင့် နီလာ ကို အကဲ ခတ် လိုက်သည် ။


“ ဘ ”


“ ဗျ ”


“ သမီးတို့ ဘ ဆီ က အကူအညီ တောင်းချင်လို့ ” 


“ ဘာများပါလိမ့် ”


“ သမီးတို့ က ယောက္ခမ အတု လုပ်ပေးဖို့ လူ ရှာ နေတာပါ ”


“ ဟေ - အတု လုပ်စရာ ရှားလို့ ကွယ် ယောက္ခမ အတု လုပ်ပေးရမယ် လို့ အရောင်းသွက် တစ်ဆယ် ထဲ မှာ လည်း ယောက္ခမ ကို မတွေ့မိပါဘူး ”


“ မဟုတ်ဘူး ဘ ရဲ့ ဒီလိုပါ ”


မမ က သူ ကြုံတွေ့ နေရ သမျှ ကို အသေးစိတ် ပြောပြ လိုက်ပြီး ။


“ အဲဒါ ဘ ဆီ က အကူအညီ လိုချင်လို့ ” 


“ ဖြစ်ပါ့မလား အေ ”


“ ဖြစ်ပါတယ် ဘ ရဲ့ ”


“ အင်း - သမီး တို့ လိုက် ကူညီချင်ဦး တော့ ဘ အိမ် မှာ က ဘ တစ်ယောက် တည်း ။ ဘ မွေး ထားတဲ့ ခွေးလေးတွေ ကြောင်လေးတွေ က ရှိသေးတယ် ”


နီလာ က ...


“ အဲဒီ အတွက် မပူပါ နဲ့ နီလာ တို့ အိမ် က ဟိုဘက် လမ်းသွယ် ထဲ ကပါ ခွေးလေးတွေ ကြောင်လေးတွေ နီလာ စောင့်ကြည့် ပေး ပါမယ် ။ ည ည တော့ နီလာ့ မောင်လေး စောင့်အိပ်ခိုင်း ပေးပါ့မယ် ”


“ ညရေးညတာ အတွက် သိပ် မပူပါဘူး ။ ခွေးလေး ကြောင်လေးတွေ အစာ လာ ကျွေး ပေးရင် ကို ဖြစ်ပါတယ် ” 


“ ဒါဖြင့် ကူညီမယ်နော် ” 


ဘ က ခေါင်းညိတ် လိုက်သည် ။


   •••••   •••••   •••••


မြရိပ်ငြိမ်ခြံကြီး ကို ဘွားစွာ ပိုင် ပါသည် ။ ခြံကြီး ၏ အလယ် မှာ ရေကန် တစ်ကန် ရှိ ပြီး ရေကန် ၏ နောက်တွင် ကြီးမားသော တိုက်ကြီး ရှိ နေသည် ။ မြရိပ်ငြိမ် ၏ အရေးကိစ္စ မှန်သမျှ ကို ယခု အချိန်တိုင် ဘွားစွာ က သာ စီမံ အုပ်ချုပ် နေဆဲ ဖြစ်ပါသည် ။ ထို့ကြောင့် မြရိပ်ငြိမ် နှင့် ယှက်နွယ် နေသော ကိစ္စ မှန်သမျှ ၏ အဆုံးအဖြတ် သည် ဘွားစွာ ၏ အဆုံးအဖြတ် သာ ဖြစ် ရသည် ။ ယခုလည်း ဘွားစွာ ၏ သား ဦးသော်တာ နှင့် ဇနီး တို့ မန္တလေး သွားမည့် ကိစ္စ မှာ ....


“ ငါ့ မြေး ငါ မတွေ့ရတာ ကြာပြီ ငါ သွားမယ် ” 


ဟူသော အဆုံးအဖြတ် ကြောင့် ဦးသော်တာ တို့ မှာ နောက်ဆုတ် ပေး လိုက်ရ လေတော့သည် ။


“ သော်တာ ”


“ မေမေ ”


“ ငါ့ မြေး ဆီ ကို ဖုန်း ဆက် လိုက် နက်ဖြန် ည ရထား နဲ့ လိုက် လာမယ် ၊ သဘက်ခါ လာကြို လို့ ”


“ ဟုတ်ကဲ့ ”


   •••••   •••••   •••••


ထိုအချိန်မှာ ပင် ...


“ ကိုကို ကျွန်တော် တို့ ဘ ဆီ အလည် သွားကြဦးစို့လား ။ မရောက်တာ ကြာပြီ ”


“ မင်း ဆေးခန်း က ”


“ သူငယ်ချင်း ခေါ်ပြီး ထိုင်ခိုင်း ထားခဲ့ရင် ရပါတယ် ။ မနေ့က သူငယ်ချင်း တစ်ယောက် နဲ့ တွေ့ခဲ့တယ် ။ သူ က ဆေးခန်း မရှိသေးဘူး တဲ့ ”


“ အဲဒါဆိုလည်း သွားလေ ဘ မြို့သစ် ပြောင်း ပြီး မှ တို့ လည်း ရောက်သေးတာ မဟုတ်ဘူး ”


“ သွားမယ် ဆိုရင် တော့ နက်ဖြန် သွားရမှာ ပဲ ။ သူငယ်ချင်း က လည်း နောက် ရက် တစ်ပတ် လောက် နေရင် ဆေးခန်း တစ်ခု မှာ အလုပ် ဝင်မယ် ပြော နေတာ ”


   •••••   •••••   •••••


ရထား က ဝင်လာတော့ မည် ။ မမ သည် ရင်ဆိုင်ရမည့် ပြဿနာ အတွက် စိတ်မော နေသည် ။ ဘေး မှ အဖေါ် လိုက် သော နီလာ သည် ပင် အမော ကူး နေပြီ ။


“ ဟော ”


ရထားကြီး ဝင် လာပါပြီ ။ ကြို နေသော လူထုကြီး လည်း ပျာယာခတ် သွားသည် ။


“ ဟိုမယ် - ဟိုမယ် ”


မမ သည် နီလာ ၏ လက် ကို ဆွဲ၍ ရထား ပေါ် မှ ဆင်း လာသော သူ့ အဘွား အား ပြေး ကြိုသည် ။ ဘွားစွာ သည် မမ ၏ ဘေးမှ နီလာ ကို ကြည့် ကာ -


“ ဟဲ့ - ညည်း က ယောက်ျား ရ နေပြီဆို သူ က ...”


“ မမ သူငယ်ချင်း ပါ နီလာ တဲ့ ”


မမ က ဘွားစွာ ခေါ်လာသော အလုပ်သမား လက် မှ အိတ် ကို ဆွဲ ယူ လိုက်သည် ။ နီလာ က ကူ သယ် ပေးသည် ။ 


“ ညည်း ယောက်ျား က ရော ”


“ လာပါ ဘွား ရယ် အိမ် ရောက်တော့ ပြောပြပါ့မယ် ” 


ကား ဆီ သို့ ရောက်သော အခါ သွားစွာ အား နောက်ခန်း တံခါး ဖွင့်ပေး လိုက်သည် ။


   •••••   •••••   •••••


ကကအငှားကားလေး သည် အရှိန် လျှော့ ၍ ရပ်လိုက်ပြီး 


“ ဒါ အစ်ကို တို့ ပြောတဲ့ လိပ်စာ ပဲ ”


ကိုကို က ကားခ ထုတ်ပေး လိုက်သည် ။ ညီညီ က အိတ် များ ကို ဆွဲ ကာ ကား ပေါ် မှ ဆင်း လိုက်သည် ။ 


“ ဟိုမယ် အိမ်နံပါတ် က တော့ ဟုတ်တယ် ။ တံခါး သော့ ခတ်ထားပါလား ”


“ ကိုကို နှင့် ညီညီ သည် ဘ ၏ အိမ်ရှေ့ မှာ ယောင်ချာချာ ဖြစ် နေစဉ် ဘေးအိမ် မှ လူ တစ်ယောက် က ထွက်လာပြီး - 


“ ငါ့ ညီ တို့ က ဧည့်သည်တွေ လား ”


“ ဟုတ်ပါတယ် ။ ကျွန်တော် တို့ က ဘ ရဲ့မြေး တွေ ပါ ။ ဒီ အိမ် က ဘ အိမ် မဟုတ်လား ”


လူကြီး က ခေါင်းညိတ် ပြသည် ။


“ ငါ အလုပ်ဆင်း နေတဲ့ တိုက် ရဲ့ ဘေးခြံ ထဲ မှာ တော့ မနေ့ က မြင်ခဲ့တာပဲ ။ အလည် သွား နေတာ ထင်တယ် ” 


“ ကျွန်တော် တို့ ကို  လိုက်ပို့ ပေးပါလား ”


“ ရပါတယ် ငါ လည်း ခု အလုပ် သွားမှာပဲ ” 


ကိုကို က ညီညီ ဘက် လှည့် လိုက်ပြီး


“ ညီညီ မင်း လိုက်သွား အိတ်တွေ ထားခဲ့ ငါ စောင့်နေမယ် ”


   •••••   •••••   •••••


“ ဖြစ် မှ ဖြစ်ရလေ မမ ရယ် ... ”


မမ က မျက်နှာ ငယ်ငယ် ဖြင့် ခေါင်း ငုံ့ ထိုင် နေသည် ။ နီလာ လည်း တုတ်တုတ်မျှ မလှုပ်ရဲ ။ ဘ သည် လည်း ပြတင်း ပေါက် မှ အပြင် သို့ ငေးကြည့် ရင်း ငြိမ် နေသည် ။ ဘွားစွာ မှာ မမ ပြောသမျှ ကို နား ရှိ ၍ သာ ကြား လိုက်ရသည် ။ ယုံရ ခက်ခက် ဖြစ်နေ ။ သက်သေ ဆိုသော နီလာ ကို လည်း မသင်္ကာ ။ သတို့သား ၏ အဘိုး ဆို သော ဘ ၏ ပုံစံ က လည်း သံသယ ဝင်စရာ ၊ ဘွားစွာ ၏ စိတ် ထဲ မှာ အရေးပေါ် ဆင် ထားသော လုပ်ဇာတ်ကြီး ဟူ ၍ သာ ထင် နေ ပါသည် ။ ဘွားစွာ သည် အတော်ကြာ ငြိမ် နေလိုက်ပြီး မှ -


“ မဖြစ်ဖူး ဒီအတိုင်း ဆိုရင် သင့်တော်ရာ တစ်ယောက် ယောက် နဲ့ အမြန် စီစဉ် မှ ဖြစ်မယ် ။ အိမ်ထောင်ပျက် ဆို ရင် ပတ်ဝန်းကျင် က လေးစား ချင် တာ မဟုတ်ဘူး ”


မမ သည် ဘွားစွာ အား မရဲတရဲ ကြည့်ကာ ...


“ စဉ်းစားပါဦး ဘွား ရယ် ”


“ ဒီမယ် ငါ စဉ်စား နေတာ ညည်း ပြောင်းရ ကတည်း က ဘယ်နှယ့်တော် မိန်းမပျိုလေး တစ်မြို့ တစ်ရွာ မှာ တစ်ယောက် တည်း နေရတယ် လို့ ”


“ တစ်ယောက် တည်း မဟုတ်ပါဘူး နီလာ ရှိပါတယ် ” 


“ နီလာ ရှိတော့ ပိုတောင် အန္တရာယ် များ သေးတယ် ။ မိန်းကလေး တစ်ယောက် တည်း နေ ရင် ပြဿနာ တစ်ခု ၊ နှစ်ယောက် နေရင် နှစ်ခု ။ ဒါပဲ ငါ ဆုံးဖြတ် လိုက်ပြီ ရန်ကုန် ပြန် ရောက်တာ နဲ့ ဟိုက အစီအစဉ် ကို ပြန် ဆက်ရမယ် ” 


ထိုစဉ် တိုက်တံခါးဝ သို့ ညီညီ ရောက် လာသည် ။ ဘွားစွာ က လှမ်း ကြည့် လိုက်ပြီး - 


“ ဘာကိစ္စလဲကွယ့် ”


“ ဒီမှာ အဘိုးကြီး တစ်ယောက်များ ရောက် နေသလား လို့ ဘ ဆိုတာ ”


မမ က ကပျာကယာ ထ ရပ် လိုက်ပြီး 


“ ကျွန်မ ယောက်ျား ရဲ့ အဘိုး ကို မေး တာလား ”


ညီညီ မှာ အံ့အားသင့် သွားသည် ။


“ ဗျာ ”


“ ဟို ကျွန်မ အမျိုးသား ရဲ့ အဘိုး လေ ”


ဘ က တံခါးဝ သို့ လှမ်း ကြည့်သည် ။ ညီညီ နှင့် အကြည့်ချင်း ဆုံ သွားသည် ။


“ ဘ ”


“ နေပါဦး ရှင် ”


“ ကျွန်တော် က ဘ ရဲ့ မြေး ပါ ”


“ ဟင် ”


ဘွားစွာ က တံခါးဝ သို့ လျှောက် လာပြီး ။ 


“ ဟဲ့ - ဘာတွေ ဖြစ် နေတာတုန်း ”


“ အဲ - အဲ မင်း - မင်း ဟုတ်ပါဘူး ဆရာ ”


“ ဟုတ်ပါတယ် ဘွား ကျွန်တော် ရန်ကုန် က ဆရာဝန် ပါ ”


“ ဘယ်လို ဘယ်လို လုပ်ပြီး ဒီ ရောက်လာတာတုန်း ” 


မမ က အံ့အားသင့် ကြည့် နေသည် ။


“ ဘ က ကျွန်တော့် အဘိုး လေ အလည် လာ တာ ။ ဒီ ရောက် နေတယ် ဆို ပြောလို့ လိုက် လာတာ ” 


ဘွားစွာ က မမ ဘက် လှည့် ကြည့်သည် ။


“ ကဲ ... ကျုပ် ကို နားလည်အောင် ရှင်းပြကြပါဦး ။ တော် တို့ ဇာတ်ရှုပ် ကို ပေါင်ချိန် လက် အပ်ရမှာလား ” 


မမ မှာ ဘာ ပြောရမည် မသိ ဖြစ် နေသည် ။


“ ပြောလေ တော် ပြောတော့ ဒီ အဘိုးကြီး ရဲ့ မြေး နဲ့  ချစ် နေတာ ဆို ။ မင်္ဂလာဆောင် တယ် ဆို ” 


“ အို ..” 


မမ က ခေါင်းငုံ့ ထားသည် ။ 


ဘ က ဝင်၍ 


“ ဒီလိုပါ .. ” 


အကြောင်းစုံ ပြောပြ လိုက်သည် ။


ညီညီ သည် မမ ကို လှမ်း ကြည့် လိုက်သည် ။ အကြည့် ချင်း ဆုံသွား၏ ။ ဘ သည် ဘွားစွာ ၏ အရိပ်အကဲ ကို ကြည့် လိုက်ပြီး မှ ...


“ ကြုံကြိုက် တိုက်ဆိုင် နေတုန်း ပြောပါရစေ ။ ကျုပ် ကို စိတ် မဆိုး ဖို့ ကြိုပြီး တောင်းပန်ပါမယ် ။ ကျုပ် ဒီမှာ ခဏ နေလိုက်ရ ပေမယ့် မမ ရဲ့ အပြောအဆို အနေအထိုင် ကို သဘောကျ မိပါတယ် ။ ဒါကြောင့် စကား နောက် တရားပါ ဆို သလို ကျုပ် မြေး နဲ့ ပေးစားဖို့ ကြောင်းလမ်း ပြောဆို ခွင့်ပြုမယ် ဆိုရင် .... ”


ဘွားစွာ နှင့် မမ သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက်မိသည် ။ ဘ က - 


“ ကျုပ် မြေးတွေ အတွက် တာဝန် ယူ ထားရတာ နားချင် ပြီ ဗျာ ၊ သူတို့ ကို ထိန်းနေတဲ့ တာဝန် မဟုတ်ပါဘူး ။ အမွေထိန်း တာဝန် ပါ ”


“ သူ့ မိဘတွေ က ”


“ နိုင်ငံခြား မှာ သူတို့ ညီအစ်ကို အတွက် သိန်း တစ်ရာ အပ် သွားတယ် ။ မင်္ဂလာ ဆောင် ပြီး မှ သူတို့ ကို ပေး ရ မှာ သူ့ အတွက် ငါးဆယ် ကိုကို အတွက် ငါးဆယ် ” 


ဘ က စကား အဆုံး မှာ နီလာ ကို လှမ်း ကြည့် လိုက်သည် ။ နီလာ နှင့် မမ က တစ်ယောက် လက် တစ်ယောက် ဆုပ် လိုက်၏ ။ ဘွားစွာ မှာ သိန်းငါးဆယ် ဆိုသော စကား ကြောင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ် သွားသည် ။


“ ကျုပ် သဘော က တော့ ဆရာ့ ကို လည်း သိ နေတာ ဆို တော့ ငြင်းစရာ မရှိပါဘူး ”


ဘွားစွာ က သူ့ မြေး ကို လှည့် ကြည့် လိုက်သည် ။ ဘ က - 


“ လူကြီးတွေ သဘော ကျ ပေမယ့် လူငယ်ချင်း နှစ်သက် လက်ခံ နိုင်ရဲ့လား ဆိုတာ မေးကြည့်ပါဦး ”


“ မလိုပါဘူး တော် ကျုပ် မြေး အတွက် ကျု ပ်တာဝန် ယူတယ် ” 


“ ကျုပ် က လည်း ကျုပ် မြေး ကျုပ် ပိုင် ပါတယ် ။ ကဲ ကိုယ့် မြေး ကိုယ် ပိုင်တယ် ဆိုရင် စေ့စပ်လိုက်ပြီ လို့ သဘော ထား လိုက်လေ ။ သူတို့ မိဘတွေ အကြောင်းကြား ခေါ်ပြီး မင်္ဂလာ ကိစ္စတော့ ဆက် အစီအစဉ် ခိုင်းရတော့ မှာ ပေါ့ ”


“ ဘ ” 


ညီညီ ၏ အသံ က ရုတ်တရက် ပေါ်လာသည် ။ မမ က ညီညီ ကို လှမ်း ကြည့် လိုက်သည် ။


“ ဘာလဲ ”


“ လူငယ်တွေ သဘော လည်း မေးတော့ မေးသင့်ပါ သေးတယ် ”


“ ဟေ့ ဘာလဲ မင်း က ငါ လက် နဲ့ ရေး တာ ကို ခြေ နဲ့ ဖျက် မလို့လား ”


မမ က လည်း မျက်စောင်း ထိုး လိုက်သည် ။


“ မဟုတ်ပါဘူး ။ ကျွန်တော့ သဘော က မင်္ဂလာ ကိစ္စ ကို လည်း ဘ တို့ ဘွား တို့ ပဲ တစ်ခါတည်း စီစဉ်ပေးဖို့ ” 


ညီညီ စကား ကြောင့် အားလုံး ပြုံးမိ ကြလေသည် ။ သည် တစ်ခါ မမ ၏ မျက်စောင်း တွင် မူ ဒေါသ မပါတော့ပါ ။


◾ကံချွန်


📖 ကလျာ မဂ္ဂဇင်း

      ဇူလိုင် ၊ ၁၉၉၉ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment