Tuesday, February 27, 2024

ပြုတ်မနူး ( ၁၀ )


 

အခန်း - ၁၀

ကက်ဆက် က မြည် လာသော နိုင်ငံခြားသံစဉ် တစ်ခု ၊ ရုပ်ရှင် ဗီဒီယို ဒါရိုက်တာ ဆိုရင် သူလေး ရဲ့ နုနယ်ဖြူဖွေးဆွတ်ဆွတ်ဖြူ ပြီး ပုံဖော် ထား တဲ့ ခြေသည်းရဲရဲလေး တွေ ကို ခြေထောက် မှ စပြီး ရိုက်မယ် ။ ပြီးရင် ဖြည်းဖြည်းချင်း အပေါ် ဘက် ကို သွား နောက်ဆုံး လှပသော သွားလေးတွေ ပေါ်အောင် လှစ်ခနဲ ပြုံး ပြပေါ့ ။ ဒါက စိတ်ကူးပါ ။ တကယ့် လက်တွေ့ က လယ် ထဲ ယာ ထဲ ကောက်စိုက် ပျိုးနုတ် ရ လွန်းလို့ ခြေ ထောက်တွေ ရဲ့ အရောင် က ကျီးကန်း နဲ့ ခို စပ် ကျ ထားပြီး ပုတိုတို ခြေဖဝါး ၊ ခြေသဲတွေ က မတိုက်တာ ကြာပြီး ပစ်ထားတဲ့ သွားပွတ်တံ အရောင် လို

“ နောက်တစ်ခေါက် ... နောက်တစ်ခေါက် ”

“ ဦးလေးရယ် ရှေ့ တည့်တည့် လျှောက် လိုက် အဲဒီလောက် မပင်ပန်းဘူး ... ဒီမှာ ကြည့်ပါဦး .. ခြေသလုံးတွေ လည်း ကြီး ပြီး ယောင် နေပြီ ”

ဦးမျက်ပြူး က သူ့ တူမ ကို ခြေဆုံးခေါင်းဖျား အထပ်ထပ် ကြည့်ပြီး

“ အဲ ခု ကတည်း က အပင်ပန်း ခံထား မှ .. ဟို ရောက်ရင် ပင်ပန်းစရာ မလိုတော့ဘူး ... အနာခံ မှ အသာစံရမယ် ”

ဆိုတဲ့ ဦးမျက်ပြူး စကား အဆုံး မှာ မပုတင် ရဲ့ မိဘ ဖြစ်သူ ဘခင် က

“ နေစမ်းပါဦး ... မျက်ပြူး ရ ... မင်း ပြောတဲ့ အလုပ် က ဘာ မို့လို့လဲ ... ငါ့ သမီး လည်း လမ်းလျှောက် ပြရတာ တော်တော် ပင်ပန်း နေပြီ ”

“ နောက်တော့ သိမှာပါဗျာ ... ”

“ ငါ့ တူမ စတား ဖြစ်ဖို့ .. လုပ်ပေးနေတာကွ ”

စတား ဟူသော စကား ကို မပုတင် ရဲ့အဖေ က ဘယ်လို ကြား သွားတယ် မသိဘူး ။

“ ဟိတ်ကောင် ... ခွေးမျိုး .. ငါ လုံးဝ လက်မခံနိုင်ဘူး ... မင်းကွာ ... ငါ့ သမီး အပျို နုနုထွဋ်ထွဋ်လေး ကို ကု,လား နဲ့ မှ ပေးစား ရမလားကွ ”

“ ဟာ ဒီကောင် ဘာတွေ ပြောနေတာလဲ ... ကု,လား မှုတ် ဘူး စတား ... စတား ဆိုတာ ကြယ် ”

ဒီနောက် မပုတင် ဘက် လှည့်ပြီး ...

“ နောက်ထပ် တစ်စုံ သွား လဲဦးလေ ”

“ မရှိတော့ဘူး ဦးလေး ရဲ့ ဒါ နောက်ဆုံး တစ်ထည်ရယ် ဥစ္စာ ”

“ ဟာ .. မရှိ ရှိတာ ရှာကြံပြီး သွား လဲစမ်းပါဟာ .. ခုဟာ က နင် ကောင်းစားရေး အတွက် ငါ စီစဉ် နေတာ .. ”

မပုတင် ရဲ့ ဖခင် က မနေသာတော့ဘူး နဲ့ တူပါတယ် ။ သောက်လက်စ ရေနွေးကြမ်းခွက် ကို ဆောင့် ချပြီး ..

“ နေစမ်းပါဦး မျက်ပြူး ရဲ့ ... မင်း က ငါ့ သမီး ကို လမ်းတွေ လျှောက်ခိုင်း ၊ အိုက်တင်တွေ လုပ်ခိုင်း ၊ အဝတ်အစားတွေ အမျိုးမျိုး လဲခိုင်း နေတာ ဘာ လုပ်ဖို့လဲ ... ငါတို့ ကို လည်း ပြောစမ်းပါဦးကွ ”

“ အချိန်တန် တော့ သိရမှာပေါ့ ကွာ ... ငါ့ တူမ ကောင်းစား ဖို့ စီစဉ်နေတာပါ ”

မပုတင် ရဲ့ ဖခင် က စိတ် မရှည်ချင်တော့ ..

“ အေးလေ ... ဘာလုပ်ခိုင်း မလို့ စီစဉ် နေတာလဲ .. ငါတို့ က သူ့ မိဘတွေ ပါ .. အကျိုးအကြောင်း လည်း ပြောပြစမ်းပါဦး ”

အဲဒီ အချိန်မှာ မပုတင် က အဝတ်အစား လဲပြီး အခန်း ထဲ က ထွက် လာ ကာ ...

“ ဒါ အကုန်ပဲ နော် ဦးလေး ... လှရဲ့လား ဟင် ”

ဦးမျက်ပြူး က သေသေချာချာ စူးစူးစိုက်စိုက် ကြည့်လေ မပုတင် က ကနွဲ့ကလျ နဲ့ တစ်ပတ် လှည့် ပြလေ ၊ မပုတင် ရဲ့ ဖခင် က မျက်ပြူး ကို တစ်လှည့် သူ့ သမီး ကို တစ်လှည့် ကြည့်လေ ...

“ ဟုတ်ပြီ ... ဟို ရောက်ရင် ဒီထက် ကောင်းတာတွေ ငါ ထပ် ဝယ်ပေးမယ် ... အဓိက က ခုန က လျှောက်သလိုမျိုး အမြဲ လျှောက် ရမယ် ... အမြဲတမ်း ပြုံးနေရမယ် .. မိတ်ကပ် မပြတ်လိမ်းရမယ် ... ဟိုဟာ ဘာခေါ်မလဲ ... ခုခေတ် ခေါ်နေတဲ့ ... မော်တင်ကောင်မလေးတွေ လျှောက်တဲ့ ပုံစံ ဖြစ်အောင် ကြိုးစားစမ်းပါ ... ဟာ ”

အဲဒီ စကား အဆုံးမှာ မပုတင် ရဲ့ ဖခင် က ဦးမျက်ပြူး ဘေး ဝင် ထိုင်ပြီး ဦးမျက်ပြူး ရဲ့ မျက်နှာ နဲ့ နီးနိုင် သမျှ နီးအောင် ကပ်ပြီး ..

“ ဒီမယ် မျက်ပြူး ဒါ ... ဒါ ... မင်း တူမ အရင်းကြီး နော် ”

ဦးမျက်ပြူး က မတုန်မလှုပ် နဲ့ ...

“ အေးလေ .... သိသားပဲ ... ဘာဖြစ်လို့လဲ ”

“ ခင်ဗျား ... ခင်ဗျား .. ကျုပ် သမီး ကို ဘယ်ပို့မှာလဲ ... မဟုတ်တရုတ်တွေ တော့ မလုပ်နဲ့နော် ... အမျိုး က အမျိုး ပဲ ... ဒီ က ကျုပ် ဓား က လူ မရွေးဘူး ... ”

ပြောပြောဆိုဆို ထရံ မှာ ထိုး ထားသော ငှက်ကြီးတောင်ဓားရှည် ကို ထ ဆွဲပြီး မတ်တတ် ရပ် လိုက်တယ် ဆိုရင်ပဲ ... ဦးမျက်ပြူး ရှိရင်းစွဲ မျက်လုံး ထက် အဆပေါင်း များစွာ သာ သော မျက်လုံးကြီး နဲ့ ...

“ ခက် .. ခက် .. ခက်ပါလားကွာ ... ငါ့ တူမ အရင်း ခေါက်ခေါက်ကြီး ကို ငါ က မဟုတ်မဟတ်တာ တွေ လုပ်ခိုင်းပါ့မလား ... ခုဟာ က .. သူ့ အတွက် ရော ... ငါ့ အတွက် ပါ ... စီးပွားရေး ကွ ... စီးပွားရေး ... နားလည် လား မင်းတို့ ကို ဖွင့် မပြောတာ က စိတ်မရှိနဲ့ .. ကြားဖူးတယ် မဟုတ်လား ... တစ်ယောက် အစ .. တစ်ရာ အဆုံး တဲ့ ... ပေးစမ်းပါ ... ဒီ ဓားကြီး ကို ... ”

ဦးမျက်ပြူး က မပုတင် ဖခင် ထံ မှ ဓား ကို လှမ်း ယူပြီး သူ့ ဘေး မှာ ချ ထားလိုက်တယ် ။ မပုတင် ဖခင် က တော့ မတ်တတ်ရပ် မြဲ ..

“ အေးလေ စောင့် ကြည့်ရသေးတာပေါ့ .. မဟုတ်မဟတ် ဖြစ်လာလို့ က တော့ ကွာ .. ကြက်ငှက်တုပ်ကွေး က မှ နှေးဦးမယ် ”

ဦးမျက်ပြူး က သူ့ လည်ပင်း ကို သူ မသိမသာ စမ်းပြီး ..

“ စိတ် ... စိတ်ချစမ်းပါကွာ .. ကဲ ရော့ ... ဒါက မင်းတို့ မိသားစု လောလောဆယ် သုံးဖို့ ... တူမကြီး နက်ဖြန် ဦးလေး လာ ခေါ်မယ် .. မြို့ တက်ပြီး နင့် အတွက် လိုအပ်မယ့် အဝတ်အစားတွေ ဝယ်မယ် အဆင်သင့် လုပ်ထား ... ကဲ ငါ သွားဦးမယ် ”

မပုတင် ဖခင် ကို ပိုက်ဆံ မပေးရဲ သဖြင့် မပုတင် ကို လှမ်းပေး ပြီး ထွက်မည် အလုပ် ...

“ မျက်ပြူး ... ကြက်ငှက်တုပ်ကွေး က မှ နှေးဦးမယ် ဆိုတဲ့ စကား မင်း ခေါင်း ထဲ မှာ ထည့်ထား နော် ”

လှေကား ဘယ်နှ ထစ် ကျော် သွားသည် မသိလိုက်ဘူး ။ မျက်ပြူး ချက်ချင်း လမ်းမ ပေါ် ရောက်သွား လေသည် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment