Sunday, February 18, 2024

ဘိသိက်ကျော်


 ❝ ဘိသိက်ကျော် ❞


တော်တော် ဆန်း တဲ့ ရွာကလေး ။


တစ်ရွာလုံး ဒီ ပညာ ကို ဝါသနာ ပါလိုက်ပုံ က စား လည်း ဒီ စိတ် ၊ သွား လည်း ဒီ စိတ် ၊ ထယ် ထိုး လည်း ဒီ စိတ် ၊ ပေါင်း ပေါက် လည်း ဒီ စိတ် ၊ ထန်း တက် လည်း ဒီ စိတ် ။


ကုန်ကုန် ပြောပါရစေဗျာ ။ အိပ် တောင် ဒီ စိတ် နဲ့ မို့ အိပ်မက် ထဲ ထိ ပါနေဦး မှာ ။ ရွာ တင် လား ဆိုတော့ လည်း မဟုတ်ပေါင် ။ အရှေ့ကျောင်း ဘုန်းကြီး ၊ အလယ်ကျောင်း ဘုန်းကြီး ၊ အနောက်ကျောင်း ဘုန်းကြီး မထူးပါဘူး ။


ဟော ... အခု လည်း ကြည့် ။ ကဆုန်လ ချမ်းသာကြီးပွဲ မှ ပြီး ကာ ရှိသေး ။ ဝါဆို မှာ အနောက်ကျောင်း က ဝါဆိုပန်းကပ်ပွဲ ထည့် ဦးမှာ တဲ့ ။ အလယ်ကျောင်း က အုတ်တိုက် ရေစက်ချ က တော်သလင်း မှာ စီစဉ်ပြီးသား နော် ။ နောက် လ တွေ ၊ နောက် လ တွေ ရှိသေးတယ် ။ ရွှေတောင်ဦးပွဲ ၊ ရွှေမြင်တင်ပွဲ ၊ သိမ်တော်ပွဲ ... တဲ့ ။


တပေါင်းလ မှာ လည်း အလှူ က နှစ်လှူ ။ ဒီတော့ ပြည်တော်သာကွင်း ထဲ က ဇာတ်စင် ကို အခိုင်အမာ ဆောက် ထားကြရပြီပေါ့ ။ အမြဲတမ်း ဇာတ်ရုံ ပေါ့ လေ ။ ဒီလောက် ပွဲတွေလမ်းတွေ များ နေတော့ ပွဲငှားခ ၊ ဇာတ်ငှားခ နဲ့ နာလန် ထူပါ့မလား လို့ မေးဖို့ ကောင်းပါတယ် ။ ဟုတ်ကဲ့ ။ ဒီလောက် ပွဲ များပေမယ့် ဘယ် ဇာတ် ၊ ဘယ် အငြိမ့် ၊ ဘယ် ဆိုင်း မှ ငှားစရာ မလိုဘူး ခင်ဗျ ။ ရွာလေး က အိမ်ခြေ တစ်ရာ ကျော် ရှိပေမယ့် အရှေ့ရပ် ၊ အနောက်ရပ် က ကွဲ နေ သေးတော့ အရပ်ဇာတ် က နှစ်ဇာတ် တောင် ရှိတာကလား ။ ဒီတော့ ဘယ် ဇာတ် ၊ ဘယ် အငြိမ့် မှ ငှားစရာ မလိုဘူးပေါ့ ။


ငှားစရာ မလိုဘူး ဆိုတော့ မုသား ပြောရာ ကျဦးမယ် ။ မုံရွာ က မင်းသမီး အုံးကျင် ၊ အုံးခင် ညီအစ်မ နဲ့ သူ့ အဖေ မင်းသားကြီး သလ္လာစိန် တော့ ငှားရတယ် ။ အုံးကျင် ၊ အုံးခင် က နောက်ပိုင်း နဲ့ ပြဇာတ် အတွက် မင်းသမီး ပေါ့ ။ သလ္လာစိန် က တော့ ဇာတ်လေး ဘာလေး စီး ပေးဖို့တင်ပါ ။ ဒါပေမယ့် ကဆုန်ပွဲ ကတည်း က သလ္လာစိန် မလိုတော့ဘူး ။ ရွာ မှာ က ဝါသနာပိုး အခံတင် မကဘူး ၊ လေ့လာ လိုက်စားမှု က လည်း အားကောင်း ၊ ဘုန်းကြီး သုံးပါး စလုံး က လည်း ဝါသနာ ပါ ၊ သွန်သင် ပြသ ဆိုတော့ ရွာ က နှစ်ဇာတ် စလုံး က ဇာတ်ဆရာတွေ က တော်ရုံ တန်ရုံ ဇာတ်ဆရာ မင်းသားကြီး လောက် တော့ မမှုဘူး ။


မနှစ် သိမ်တော် ဆွမ်းလောင်းပွဲ တုန်း က ပဲ ကြည့်လေ ။ ဇာတ် အဖွင့် ပဏာမ စကား မှာ မင်းသားကြီး သလ္လာစိန် က ...


“ အဟမ်း ... အဟမ်း ယနေ့ ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ ။ သဘင် သဘင် နဲ့ အမြင် လွယ်ပေမယ့် အဟုတ် ခက်တာကိုးဗျ ” လောက် သင်ပြ နေချိန် မှာ အရှေ့ရပ်ဇာတ် ဇာတ်ဆရာ က လက်တန်း ကောက်ထည့် ပြီး ...


“ အဟမ်း... အဟမ်း ... သဘင် လာသမျှ ၊ ပဏာ သ ရ မှာဖြင့် ပညာ က တော့ အရပ်သား တွေ ကို ဗျ ။ အရပ်သား ပေမယ့် မှတ်သားစရာ နည်း အဖုံဖုံ ၊ ကဇာတ် ၊ ပြဇာတ် ၊ အော်ပရာ အဆန်းတွေ နဲ့ အရပ်ရပ် ကြော်ငြာ ကမ်းစရာ တောင် မလိုပါဘူး ။ ကြော်ငြာ ကမ်းစရာ မလိုတဲ့ သဘော မတော့ အဆို ၊ အပြော ၊ အမူအရာ သင်တာ က ကိုတောလူ ဆရာ တင်ပြီး မဟာသဘင် စာ တင်လို့ ကကြစို ရဲ့” အစ ချီ ကာ ရွတ်သွား လိုက်တာကိုး ။ ဒီတင် မင်းသားကြီး သလ္လာစိန် က လည်း လက်မြှောက် သွားရတော့တာပေါ့ ။


ရွာ က လူတွေ က ဇာတ်ပညာ တင် ပဲလား ဆိုတော့ မဟုတ်ဘူး ။ ဆိုင်း က လည်း ရွာဆိုင်း ။


အရပ်သား ၊ ရွာသား ဆိုင်း မို့ ပေါ့ပေါ့ မထင်နဲ့ ။ ကိုငွေစည်  ကို မုံရွာစိန်ရာထွန်း ဆိုင်း က တောင် ခေါ်တာ ။ ရွာ သံယောဇဉ် နဲ့ မို့ မလိုက်တာ ။


ရွာ ဆိုင်း က စိန်ဗေဒါ လက်ပေါက် ၊ ဦးဟန်ပ လက်ပေါက် အကုန် ရတယ် ။ ဧည့်ခံဆိုင်း ၊ ဇာတ်ပို့ဆိုင်း အကုန် ရတယ် ။ မရ ရှိရိုးလား ။ ရွာ သုံးကျောင်း စလုံး မှာ က ဓာတ်စက် ရှိတယ် ။ ကိုယ် ဖွင့် နားထောင်ချင် တဲ့ ဓာတ်ပြား ဖွင့် နား ထောင် ရုံပဲ ။ နားထောင် ပြီး ည ကျ ဇရပ်ကွင်း မှာ တီးလုံး တိုက်ကြတာပေါ့ ။ အချိန်ပြည့် ဒီ အလုပ် လုပ် နေတော့ မကောင်းဘဲ ရှိပါ့မလား ။ ရွာ က နှစ်ဆိုင်း စလုံး က လက်ကောင်း တွေ ချည်း ။


အရှေ့ရပ်ဇာတ် က  ' ပုလဲဒါရူ ' ဇာတ်ထုပ် ဆိုရင် အပိုင်ပဲ ။ ဇော်ဂျီ ရဲ့ သမီး ပျောက် အငိုလွမ်း ဆို လက်မောင်း မ, မျက်ရည်တို့ ယူရ သတဲ့ ။


“ ခရီးကန္တာ သည်းထန်စွာ ဟိုက် ၊ လက်ခြေအများ ၊ မလှုပ်ရှား ၊ ကျုပ် အားလှိုက် လို့ ၊ ရင်၌ ဖိုဖို ၊ သေမလိုဘဲ ၊ ဖေလှဲလို့ ငိုလိုက်ချင် ” ဆို ရင် ပဲ မျက်ရည် စို့ လာကြပြီ ။


အနောက်ရပ် ဇာတ် က တော့ “ ကျောက်တံခါးသိုက် သမိုင်း ” ဆို အပိုင် ။ အဲဒီ ဇာတ် ထဲ က ရသေ့လေပြည် ဆိုရင် ပရိသတ် ငြိမ်ကျ သွားတာချည်း တဲ့ ။


“ ကမ္ဘာတစောင်း ကမူ့မြေ ပထဗျာ၌ ၊ သိကြားကျောင်းအမှု ဖွေရှာပြီးတော့ ဘုရားအလောင်း ယခု မနေပါဘူးရယ်လို့ ၊ သူ့မေဓာ မဂ်ညန်းမွေ့ရအောင် ဆုခြွေစရာ ၊ တဖက်နရမ်း ရွှေ့လိုက်တော့ ” ဆိုတဲ့ လေပြည် ကို မုံရွာဇာတ် တစ်ဇာတ် က တောင် ကူးယူ သွားရ သတဲ့ ။


အရှေ့ရပ်ဇာတ် ၊ အနောက်ရပ်ဇာတ် က ရွာ မှာ တစ်နှစ် လေးငါးခြောက်ပွဲ ဆိုတာ အနည်းဆုံး က ကြရတာ ။ ဒါလည်း အားမရဘူး ။ ရွားနီးချုပ်စပ် က တခြား ရွာတွေ မှာ ပွဲလမ်း ရှိလို့ က တော့ ကိုယ့် လှည်း ကိုယ်စီး ၊ ကိုယ့် စရိတ် ကိုယ် စား ပြီး အလကား သွား က ကြတာပေါ့ ။ ရွာခံ က ဇာတ်ခုံ ဆောက်ပြီး ကန်တော့ပွဲ ပေး ရုံ နဲ့ တာဝန် ကျေပြီလေ ။


အမယ် ... အရပ်ဇာတ်တွေ သာ ဖြစ်တာ ။ ကိရိယာ တန်ဆာပလာ က အပြည့် ။ ဇာတ်ဆိုင်း က ပွတ်လုံးဝိုင်း နဲ့ ။ ပတ်မထမ်း နယားရုပ် နဲ့ အကျအန ။ ဇာတ်စင် က လည်း နဖူးစည်း နဲ့ ။ အဖွင့် ကတ္တီပါကား နဲ့ ။ တောကား ၊ တောင်ကား ၊ နန်းကား ၊ တိုက်ကား ၊ အိမ်ကား အစုံ ပါတယ် ။ နတ်ခေါင်း ၊ ဘီလူးခေါင်း ၊ ဗြဟ္မာခေါင်း ၊ ဓား ၊ လှံ ၊ သံလျက် အစုံ ရှိကြတယ် ။ ရွာ က အပျိုမလေးတွေ ဆို မေးကြည့် မနေနဲ့ ။ ရုပ်ကလေး အတော်အသင့် ရှိရင် လက်ထောက် မင်းသမီး သေချာတယ် ။ အရုပ်ဆိုး အိုးကွဲ တွေ တောင် ယိမ်းသမ အနည်းဆုံး ဖြစ်ပြီ ။


ဪ ... စီးပွားရေး က လည်း ကောင်း တာကိုး ။ ယာ ပဲ လုပ်ရပေမယ့် ပဲ က လည်း ရ ၊ နှမ်း က လည်း ရ ၊ ထန်း က လည်း ရ နဲ့ လှူဖို့ တန်းဖို့ ပဲ လုံးပန်းရုံ ရှိတော့ ဆိုဖို့ ၊ တီးဖို့ ၊ ကဖို့ ၊ ခုန်ဖို့ စီစဉ်ရုံ ပေါ့ ။ တစ်နှစ် မှာ တစ်သီး လောက် နဲ့ ထိုင် စားလို့ ရတဲ့ အချိန်ကိုး ။


ညပိုင်း လူကြီး လက်ဖက်ရည်ဝိုင်း က လည်း မောင်မောင် က ဘယ်လို ၊ တင်မောင် က ဘယ့်နှယ့် ၊ အခု နောက်တက် ကျော်အောင် အသံ က တင်မောင် မီ သဗျ ။ အောင်ကျော်ညွန့် နဲ့ ကျော်တင် ဘယ်သူ သာ မလဲ ။ ဒီ စကား ပဲ ပြောကြတာ ။ ဇရပ်ကွင်း က လူငယ်ဝိုင်း က လည်း ရေဒီယို က လာတဲ့ ဓာတ်ရှင် သီချင်း ၊ ဓာတ်ပြား အသစ် ထုတ် တဲ့ ပြည်လှဖေ သီချင်း ။ ဦဘမောင်ကြီး ဇာတ်ပို့ က ဘယ်လို နဲ့ စီစီညံ နေတာ ။


ရွာက ဇာတ်ဆရာ တွေ က လည်း ဇာတ်ထုပ် အသစ် ကို လည်း ဘုတ်အုပ် တစ်အုပ် နဲ့ အမြဲ ရေးချွတ် နေတာ ။ ငိုချင်း အသစ် ၊ လေပြည် အသစ် ၊ သီချင်း အသစ် နဲ့ နှစ်ဇာတ် စလုံး အသစ် ပြိုင်နေကြတာပေါ့ ။ ဖတ်ကြ ၊ မှတ်ကြ ၊ ရေးကြ ၊ ချွတ်ကြ ၊ ငြင်းကြ ၊ ခုန်ကြ နဲ့ ရာဇဝင် ၊ သမိုင်း ၊ နိပါတ် ၊ ငါးရာ့ငါးဆယ် ၊ ဘယ်ဘက် က စမ်း မလဲ ။ လောကီ ၊ လောကုတ္တရာ အကုန် ရတယ် ။ အရပ်ဇာတ် ဆရာတွေ က လည်း ခေသူတွေ မှ မဟုတ်တာ ။ သဒ္ဒါ ၊ သင်္ဂြိုဟ် အကုန် ပြီး ပြီးသား ။ လူပျံတော် တွေ ချည်းကိုး ။


ဒီလို လူတော်တွေ ရှိတော့ လူငယ်လေး တွေ မှာ လည်း အသိတွေ တိုးလို့ ။ မြို့ဝေး ၊ ရပ်ဝေး ပေမယ့် ဗဟုသုတ အတော် စုံ ကြတယ် ။ ဘုန်းကြီးကျောင်း တွေ က လည်း မြို့ က လက်လှမ်း မီသမျှ စာအုပ်စာတမ်းတွေ ဝယ်ပေး ထားတယ် ။ ဂန္တလောက ၊ ကြီးပွားရေး ၊ ဒဂုန် က အစ မဟာဆွေ ၊ မြမျိုးလွင် ၊ မြစင်္ကြာ အဆုံး ဖတ်လို့ ၊ မှတ်လို့ ရတယ် ။


မုံရွာ မင်းသမီး အုံးကျင် ၊ အုံးခင် ညီအစ်မ ဆို ရွာသူတွေ ဖြစ်လို့ ရွာ က ပြန်ရတယ် မရှိတာ ။ ရွာ က လည်း စောင့်ရှောက်တယ် ။ လေးစားတယ် ။ ပြီးတော့ ရှိသေးတယ် ။ ရွာ က ပြဇာတ်မင်းသား ။


သူ က မုံရွာ မှာ အတန်းကျောင်း နေ ဖူးတယ် ။ ဆုံးအောင် တော့ မနေ လိုက်ရဘူး ။ မြို့ အရောက် အပေါက် များတယ် ။ ဓာတ်ရှင်တွေ အကြည့် များတော့ ဓာတ်ရှင်မင်းသား အိုက်တင် ၊ ဓာတ်ရှင် သီချင်းတွေ အစုံ ရတာပေါ ။ သူ က လည်း အတန်းကျောင်း သာ မပြီး သာ ၊ မြို့ က မင်းသားတွေ လို ရှေ့ မှာ တက္ကသိုလ် ဆို တဲ့ နာမည် နဲ့ ။


ပြဇာတ်မင်းသား တက္ကသိုလ်ရွှေတင် တဲ့ ။


သူ့ ပညာ က လည်း မသေးဘူး ။ ခေတ် သီချင်း အစုံ ရတော့ မုံရွာဇာတ် က တစ်ခါတစ်ခါ ခြေကောက် ခေါ်သေးတယ် ။ သူ က ချင် ပုံ ကလည်း ပြောစမှတ် ပါပဲ ။ ရွာ မှာ လည်း ဒီလောက် က , ရ ။ မုံရွာ လည်း လိုက် က , ရ နဲ့ မနားရတဲ့ ကြား က အလယ်ကျောင်း ဘုန်းကြီး ဦးသံဝရ နှာစေးချောင်းဆိုး ဖြစ်လို့ ဆွမ်းခံ မထွက် နိုင် တာ တစ်ပတ် လောက် လည်း ကြာ ရော ပါးစပ် က ' ဗေထီ ၊ ဗေထီ ' နဲ့ မြည် နေပြီ ။ ပြီးတော့ အရှေ့ကွင်း က ကောင်မလေး တွေ ကို တိတ်တိတ်လေး စု ပြီး လှေလှော်သံ သီချင်း သင်ပေး နေလို့ လူကြီးတွေ က မသင့်တော်ပါဘူး ဆိုပြီး တား ထားရတယ် ။


ဒီ ရွာလေး ရဲ့ ရာဇဝင် က အရင် အဲဒီလို ...


•••••   •••••   •••••


အခုတော့ ရွာ မရောက်တာ ကြာပြီ ။ ဆွေမျိုးသားချင်း တွေ က လည်း မရှိတော့ဘူး ။ အတော်များများ က လည်း မျက်စိ ပွင့် ကုန်ပြီး မုံရွာ ရောက် ၊ မန္တလေး ရောက် ၊ ရန်ကုန် ရောက် ဖြစ် ကုန်ပြီ ။


ဒီ နှစ် နွေ မှာ တော့ မရောက် တာ က လည်း ကြာ ၊ ဦးလေး ဝမ်းကွဲ တစ်ယောက် က လှူ မှာ ဆိုတော့ ကိုယ့် ရပ် ကိုယ့် ရွာ ပြန်ဖြစ် တာပေါ့ ။


ရွာ က အတော် တော့ ပြောင်းလဲ နေပါပြီ ။ ငယ်ငယ်တုန်းက မြင်ဖူးတဲ့ ဆင်ဝင် ခလောက်ဆွဲ နဲ့ အိမ်ကြီးတွေ မရှိတော့ဘူး  ။ အဲဒီ အိမ်ကြီးတွေ နေရာ မှာ ခြေတံရှည် အိမ်လေးတွေ ။ မြင့်မြင့်မားမား နှစ်ထပ်အိမ် ဆိုလို့ လေးငါးအိမ် လောက် ရှိတော့ မှာ  ။ ဘုန်းကြီးကျောင်းကြီး တွေ က လည်း ကျောင်းအိုကြီးတွေ ဖြစ်လို့ ။ ဘုန်းကြီးကျောင်း က စာအုပ်တွေ ထားတဲ့ စာတိုက်ဗီရိုကြီး တွေ က လည်း ဟောင်းလောင်း ။ အဖြူအမည်း တီဗီလေး တော့ ရှိ ရဲ့ ။


အလှူ ဝင်မယ့် နေ့ ရောက်တော့ အသံချဲ့စက် က ဟဲလို ၊ ဟဲလို ၊ တက်စတင် ဝမ်း ၊ တူး ၊ သရီး ဆိုတဲ့ အသံ နဲ့ အတူ ကွီကွီ ၊ ကွမ်ကွမ် အသံ ကြား လို့ မဏ္ဍပ် ထဲ သွား ကြည့် တော့ ရွာ တီးဝိုင်း က အသံ ညှိနေတာ ကိုး ။ ရွာ တီးဝိုင်း ဆို ပေမယ့် ကက်ဆီယို အော်ဂင်လေး တစ်လုံး ၊ ဒိုးချောင် နဲ့ အုပ်စုံ ပဲ ပါတာပါ ။ ရွာ က ကောင်လေးတွေ မေးမြန်း ကြည့်တော့ ပတ်ဝိုင်း နိုင်သူ ၊ နှဲ နိုင်သူ မပြော နဲ့ ဒိုး တောင် ကောင်းကောင်း တီးတတ်တဲ့ သူ မရှိတော့ဘူး တဲ့ ။ အခု ဒိုးဆရာ ကို သာရိုးကုန်း က ခေါ်ထားရတာ တဲ့ ။ မုံရွာ မှာ ဆယ်တန်း ထိ နေဖူးတဲ့ ကောင်လေး က ကက်စီယို နှိပ် တတ်တယ် ။ ဒါလည်း တောင် တစ်လုံး မြောက် တစ်လုံး ။


ညပိုင်း မဏ္ဍပ်ဝင် ဧည့်ခံ တီး တော့ အသံ ထွက်ရုံပါပဲ ။ နား ငြီးရုံပါပဲ ။ စည်တို လေးလုံး က ဒုံးဒုံးဒိုင်းဒိုင်း  နှက် ပြီး ဘာ သီချင်းတွေ မှန်း မသိတော့ဘူး ။ ရွာ က ကွမ်းတောင်ကိုင် တွေ က တက် က ကြတာ လည်း တစ်ယောက် တစ်ပေါက် ။


ခရီး က လည်း ပန်း တာ နဲ့ စောစော ဝင် အိပ်လိုက်တာ ကံ ကောင်းတယ် ပြောရမယ် ။


မနက် အလှူ ဧည့်ခံ ဖို့ လည်း ထိုနည်း လည်းကောင်း ပါပဲ ။ ဒါပေမယ့် ကြိတ် မှိတ်ပြီး ဝဋ် ခံရုံပေါ့ ။ ဒီလိုနဲ့ မွန်းတည့် လောက် ရောက် တော့ ဘိသိက် သွန်း မှာ တဲ့ ။ မုံရွာ ဘိသိက် လား ၊ အုန်းတော ဘိသိက် လား ဆို တော့ ။ မဟုတ်ဘူး ။ ဆရာကျော် ဘိသိက် တဲ့ ။ ဆရာကျော် ဆို တာ ဒီ ရွာသား တဲ့ ။ မသိဘူးလား ၊ ဦးလှဒင် သား ဆန်းကျော်လေး ဆို မှ မှတ်မိ တော့ တယ် ။ ဘယ့်နှယ် ဆန်းကျော် က ဒီ လိုင်း ရောက်သွားရတာလဲ လို့ မေး ကြည့် တော့ ...


ရွာ က နေ ပေါက်ပေါက်ရောက်ရောက် ဖြစ်ပြီး မြို့ ရောက် ရော တဲ့ ။ လေ က လည်း ကောင်း ၊ လူရာ လည်း ဝင် ၊ အပေါင်းအသင်း လည်း ဆံ့ သမို့လား ။ ရွာ မှာ က စာလေး ပေလေး တီးခေါက် နိုင် တာ သူ ပဲ ရှိတော့ ဟိုပွဲ ၊ ဒီပွဲ သူ့ ရှေ့တန်း တင်ရတာ တဲ့ ။


ဗေဒင်လေး တွက်ချက် ပြီး အခါပေး ၊ စာလေး ရေးချွတ် ပြီး ဩဘာစာ ဖတ် နဲ့ ဆိုတော့ ဒီ အလုပ် ထဲ ရောက်မှန်း မသိ ရောက် သွားတာ ဆိုကိုး ။


ဘာပဲ ပြောပြော ရွာ ရဲ့အစဉ်အလာ မပျက်လို့ ၊ မျိုးရိုး မကော လို့ ဝမ်းသာရတာ ပေါ့ ။ ဒီလို အစဉ်အလာ ၊ ဒီလို အဆက်နွယ် က မတိမ်ကော ကောင်းဘူး မဟုတ်လား ။


ဒါနဲ့ ဘိသိက်ချိန် ရောက် တော့ သံဃာစင် ပေါ် ဝင် ထိုင် ပြီး ကိုယ့် ရွာ ဘိသိက် အစချီ ရွတ်ဆိုပြီး ...


“ ဇမ္ဗူဒီပါ ၊ ကျွန်းလကျ်ာ ၊ ထန်းစွာနိမိတ် ၊ ရွှန်းသဒ္ဒါစိတ် နှင့် အသဒိဿ အလှူ ၊ စိတ်ကယူ၍ ၊ ပူဇော်ဘဂဝါ ၊ သာသနာ ၊ ဓမ္မာနုဂ္ဂဟ ၊ ချီးမြှင့်ခြင်း အခါ ကျသောကြောင့် ၊ ရတနာအလှ ၊ သားချစ်စရာ ၊ ပါးရှစ်ဖြာ ၊ ပရိက္ခရာအစုံနှင့် ၊ စိတ်သဒ္ဒါဟုန် ၊ မနောပွားပြီး လျှင် ” ဘာညာ အစ ရှိတဲ့ ကျက် ထားတဲ့ စာတွေ ကြက်တူရွေး လို တတွတ်တွတ် ရွတ် တော့တာပါ ။


ဘုရား ကန်တော့ ၊ တရား ကန်တော့ ၊ သံဃာ ကန်တော့ ၊ မိဘ ကန်တော့ ၊ ဆရာသမား အဘိုးအဘွား ကန်တော့ ပြီး နတ်ပင့် နတ်နှင် ၊ သမားစဉ် အတိုင်း လုပ်သွား နိုင်တယ် ။ အသံ ကီး မကိုက်လှပေမယ့် အောဂင် ကက်စီယို ကောင်လေး က လည်း အပို့ အထောက် မဆိုးလှဘူး ။


နောက်တော့ ခြေမန်း ၊ ကွင်းစွပ် ၊ မင်္ဂလာ ထမင်းခွန့်ခန်း ရောက် တော့ သမိုင်း ၊ ရာဇဝင် ၊ စာစကား ပေစကား ပြောရတာ ကိုး ။ အဲဒီတင် ဇာတိ ပေါ်တော့တာပဲ ။


“ အဲသလို နဲ့ ရတနာဂီရိ အရှင် နှစ်ပါး ရှေ့မှောက် ၊ အဘ ရွာစား စိန်ဗေဒါကြီး ရောက်သွားတာ ကိုး ။ ဒီတင် သီပေါအရှင် က ဟဲ့ ... နင် မောင်လေး လား ဟဲ့ လို့ မေးတယ် ။ မှန်လှပါ ဘုရား ၊ ကျွန်တော်မျိုး ဟာ ဖြင့် ဆရာဖေကြီး သား မောင်လေး ပါ ဘုရား လို့ ပြန် အလျှောက် ကိုယ်တော်ကြီး က ဒါဖြင့် နင် ဒီကို ဘယ်လမ်း က လာခဲ့သလဲဟဲ့ လို့ အမေး ကျွန်တော်မျိုး  “ ရေရိုး ” က လာခဲ့တာပါ ဘုရား တဲ့ ။ ဒီတင် သီပေါ အရှင် က  “ ကိုင်း ရေရိုး က လာတဲ့ အတွက် နေမျိုးဗလကျော်သူဘွဲ့ အပ်နှင်းစေဗျား ဆိုပြီး အဲသလို ဘွဲ့ ချီးမြှင့်ခဲ့တာ ကိုး ဗျ ” 


ပတ်မချောင် က ပတ်မကြီး ကို “ ဂျိ  ” ကနဲ မြည်အောင် ဆို့ ပေး လိုက်တယ် ။ ရွာ ပရိသတ် က လည်း သဘောကျ လွန်း လို့ “ ဘိသိက်ကျော် ” ကွ လို့ ဩဘာ ပေးတဲ့ အထိ ။


အင်း ... ဆန်းကျော် ၊ ဆန်းကျော် အတော် ဟုတ်နေပါလား ။ ဆန်းကျော် စကား တော့ တစ်ရွာလုံး က အဟုတ် မှတ်ကြတော့ မှာ ပါ ကလား ။ ဘယ့်နှယ် စိန်ဗေဒါကြီး “ နေမျိုးဗလ ” ဘွဲ့ ရတာ “ ရေရိုး ” က လာလို့ တဲ့ ။ သူ ပြောပုံ ဆိုပုံ အရ စိန်ဗေဒါကြီး ကလေး တမူးလမ်း က သွား ရင် ဘာ ဘွဲ့မှ ရပုံ မပေါ်ဘူး ။


ဒါလို တောင်ရောက် မြောက်ရောက် နဲ့ ဘိသိက်ခန်း ပြီး သွားတယ် ။ ရွာ ပရိသတ် က ကြိုက် လိုက်ကြတာ ။ ဘုန်းကြီး က အစ ကွမ်း တမြုံ့မြုံ့ နဲ့ ကျေနပ် လို့ ။


ဒါနဲ့ အဲဒီ ည ရောက် လို့ ဆန်းကျော် နဲ့ တွေ့ တော့ မင်း အရင် က ဒီ အလုပ် မဟုတ်ပါဘူး ။ ( ------ ) လုပ် နေတာ ဆို ၊ အခု ဘယ့်နှယ့် ဘိသိက်ဆရာ ဖြစ်သွားတာလဲ ဆိုတော့ အင်း မလှုပ် ၊ အဲ မလှုပ် နဲ့ ဒီလိုပါပဲကွာ တဲ့ ။ အေး လုပ်မယ့် လုပ် လည်း ထွန်းထွန်းပေါက်ပေါက် ဖြစ်အောင် လုပ်ကွာ ။ မင်း အဘိုး ဦးတောလူ က ဖြင့် မုံရွာ မင်းသားကြီး သလ္လာစိန် လက် လန်အောင် စာ တတ်ခဲ့တာ မောင် ။ မင်း ကျ မှ ပေါက်တတ်ကရတွေ ပြော လုပ်မနေနဲ့ ။ စာ ဖတ်ဦးကွ လို့ ပြော မိတယ် ။


ဆန်းကျော် က “ ငါ့ လို ပါပဲကွာ ၊ မြို့ က လူတွေ လည်း ဒီလို ပြောဟော စား နေကြတာပါ ။ တတ် လို့ ရယ် မဟုတ်ပါဘူး ။ ဟော... သီချင်း ကျ တော့ လည်း စွယ်တော်ကြိုး ရယ် ၊ အောင်စေပိုင်စေ ရယ် ရရင် ပြီးပြီ ။ ခေတ်သီချင်း ထဲ က ရတနာပုံ နဲ့ မြနန္ဒာ” လို့ ပြန် ပြောတယ် ။


ကက်စီယို တီး တဲ့ ကောင်လေး က လည်း “ ဟုတ်တယ် ဦးလေး ရ ” လို့ အားတက်သရော ထောက်ခံတယ် ။


အဲဒီ နေ့ က ရွာ မှာ “ ဘိသိက်ကျော် ” ကောင်းချက် က တော့ ပြော မဆုံးကြဘူး ။


သူ့ အရပ် နဲ့ သူ့ ဇာတ် တော့ ဟပ် လို့ ။


◾ဆူးငှက်


📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      အမှတ် ၆၁ 

      နိုဝင်ဘာ ၊ ၁၉၉၄


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment