Sunday, February 11, 2024

ရုန်းရကန်ရ လူ့ဘဝ


 ❝ ရုန်းရကန်ရ လူ့ဘဝ ❞


[ ကိုအောင်မြင့် ( ယခု အသက် ၃၈ နှစ် ) ကို အညာ ဘုရားပွဲ တစ်ခု ကျွန်တော် ဆုံတွေ့ ခဲ့ရတာပါ ။ သူ က ၁၂ ပွဲ ဈေးသည် တစ်ယောက် ပါ ။


ပွဲခင်း ထဲ က ဆိုင်တန်း ကို အိမ် လုပ်ပြီး နေထိုင် စားသောက်ကြ ၊ ဈေး ရောင်းကြ ၊ ပွဲ ပြီး သွားရင် ပစ္စည်းတွေ သိမ်းပြီး နောက် တစ်ပွဲ ကူးကြ ၊ ဈေးတန်း မှာ ဆိုင်ခန်းသစ် ဆောက်ကြ နဲ့ သံသရာ လည် နေကြသူတွေ ဖြစ်ပါတယ် ။


ဘဝ ဇာတ်ဆရာ အလိုကျ နေထိုင် ကပြ နေကြရတဲ့ ဘဝတွေ ထဲ မှာ ၁၂ ပွဲ ဈေးသည် တွေ က လည်း စိတ်ဝင်စားစရာ တစ်ပိုင်း တစ်ကဏ္ဍ ပါဝင်ကြတယ် ။


ပွဲဈေးတန်း က ဆိုင်ခန်း ကွပ်ပျစ်ကလေး ပေါ်  မှာ ထိုင် ရင်း ကိုအောင်မြင့် ရဲ့ ဘဝ ဇာတ်ကြောင်း ကို ကျွန်တော် မေးတယ် ။ ]


•••••   •••••   •••••


ကျွန်တော့် အဖေ က လည်း ၁၂ ပွဲ ဈေးသည် ပဲ ။ ကျွန်တော် လည်း ၁၂ နှစ်သား ကတည်း က ပွဲဈေး လိုက်ခဲ့တာ ။ ကျွန်တော် တို့ ငယ်ငယ် က တော်တော် ဆင်းရဲတယ် ။ အဖေ က မိသားစု ကို သူ တစ်ယောက် တည်း ရှာ ကျွေးရတာ မို့ ပင်ပန်း ရှာတယ် ။


၁၂ ပွဲ ဈေးသည် ဆိုတာ ပွဲဈေးတန်း ကို ပဲ ကိုယ့် အိမ် လုပ်ပြီး နေရတာ ဆိုတော့ အနေအထိုင် လည်း ဆင်းရဲတာပေါ့ ။ အဖေ တို့ က ကျန်းမာရေး အသိ လည်း နည်း တော့ ဖုန် ထ တယ် ဆိုပြီး ရေဖျန်း ထားတဲ့ မြေကြီး ပေါ် အိပ် မိတော့ မြေ ကိုင် သလိုလို ၊ အဆုတ် ထဲ ရေ ဝင် သလိုလို နဲ့ အိပ်ရာ ထဲ ဘုန်းဘုန်း လဲ တော့တာပဲ ၊ မိသားစု အတွက် ဦးဆောင်ဖို့ တာဝန် က ကျွန်တော့် ခေါင်း ပေါ် မှာပေါ့ ။


ကျွန်တော်တို့ နေတာ က မြင်းခြံ မှာ ။ နယုန်လ မလှိုင် ပန်းအိုင်ပွဲ က စပြီး ပွဲဈေး စ ထွက်တယ် ။ ကိုယ့် အနီးအနား မှာ ရှိတဲ့ စည်ကြီးဆွဲပွဲ ၊ ကူမဲတောင်ပရစ်ပွဲ ၊ နွားထိုး စကြောတောင်ပွဲ ၊ ပွဲတွေ ကူးတယ် ။ ဝါခေါင် ကျ တော့ အထက် ပိုင်း က ပွဲတွေ ဆက် ကူး သွားတယ် ။ မင်းကွန်း ကျွန်းပင်မောင်နှမ နတ်ပွဲ ၊ စဉ့်အိုးကြီးတွေ လုပ်တဲ့ ကျောက်မြောင်းပွဲ ၊ ရွှေဘိုမြို့က မြို့ထောင့်စေတီပွဲ ။ အဲဒီက ပြီး ရင် မကွေး ပြန် ဆင်းတယ် ။


ပြာသို မှာ အိမ် ကို တစ်ချက် ပြန် နားတယ် ။ တပို့တွဲ မှာ တစ်ခါ ပြန် ထွက် ပြီး ပခန်း ကိုကြီးကျော် ၊ ဆံမြိတ်ခုံ ၊ မမနှဲပွဲ တွေ အပြီး တန်ခူး မှာ တစ်ခါ နား ပြန်တယ် ။


ကျွန်တော် က ကိုယ်တိုင် လုပ်တဲ့ စက္ကူ အရုပ်ကလေးတွေ လည်း ရောင်းတယ် ၊ ကလေး ကစားစရာ လေမှုတ် ပလတ်စတစ် အရုပ် ၊ နာရီ ၊ ပိုက်ဆံအိတ် အမျိုးစုံ ရောင်းတယ် ။ ကျွန်တော် ရောင်းတဲ့ ကုန် က ကုန်ကျစ်ကလေးတွေ ၊ သယ် လို့ လွယ်တယ် ။ ၁၂ ပွဲသမားတွေ က တာ့ ခြေလျင်ထိုး ခေါ်တာပေါ့ ၊ ကိုယ့် အိတ် ကိုယ် ထမ်း ပြီး သွား ရောင်း ၊ ပြန်လာ ၊ ဝန်ကျဉ်းကျဉ်း ပေါ့ ။ တစ်ပွဲ နဲ့ တစ်ပွဲ ကြား ပွဲ ကူးပြီး နား တဲ့ ရက် မှာ နောက်ပွဲ ရောင်းဖို့ ဆိုင် ဆောက် တဲ့ သူ က ဆောက် ၊ လို တဲ့ ကုန် ပြန် ဝယ် တဲ့ သူ က ဝယ် လုပ်ရတယ် ။ မရောင်းရတဲ့ ပစ္စည်း နည်းနည်း ဟောင်း သွားရင် လူ က မကြိုက်တော့ဘူး ။ အဲဒါမျိုး ကို တော့ ငွေ ဖော်တဲ့ အနေ နဲ့ ရ သလောက် နဲ့ ပြန် ရောင်းရတာ ။


ပွဲသမား ရှုံးတယ် ဆိုတာ စရိတ်စကတွေ က သိပ် ကြီးလာလို့ ။ လမ်းစရိတ်တွေ က အစ ရင်း ရတာ ။ ပွဲကော်မတီ က ဆိုင်ခန်း တစ်ခန်း တစ်သောင်း ဆို လည်း ပေး လိုက်ရ ၊ နှစ်သောင်း ဆို လည်း ပေး လိုက်ရ ။ ဈေး ရောင်းဖို့ နေရာကလေး တစ်ခု အတွက် နှစ်သောင်းခွဲ လောက် စ ရင်းရတယ် ။ နောက် ဝါး ဝယ် ဆိုင် ဆောက် ၊ စားတာ သောက်တာ နဲ့ ငါးသောင်း လောက် ငွေ ထုတ်ပြီး စ ရင်းရတယ် ။


ကျွန်တော်တို့ ငယ်ငယ် က နှစ်ကျပ် ရင်း ထားတဲ့ ပစ္စည်း ကို ငါးကျပ် ရောင်း လို့ ရတယ် ။ အခု တော့ ၈ဝ ရင်း တဲ့ ပစ္စည်း ၁ဝဝ မနည်း ရောင်း ရတယ် ။ တစ်ရာ ကို နှစ်ဆယ်နှုန်း ပဲ တွက် ပါတော့ ။ တစ်သိန်း ရောင်း ရ မှ နှစ်သောင်း ။ တစ်သိန်း ဖိုး ရောင်းရဖို့ ဆိုတာ တော်တော် ခဲရတာ ။ နှစ်သိန်းဖိုး လောက် ပဲ ရောင်းရတဲ့ ပွဲ ဆိုရင် ရှုံးပြီ ။ တစ်သောင်း လောက် ကိုယ့် ထဲ က ပါတယ် ။ ဈေး ရောင်း ကောင်း တဲ့ ပွဲ ဆိုရင် တော့ ကျန်ပါတယ် ။


ပွဲ နားတဲ့ ရက် အိမ် မှာ တော့ အရုပ်ကလေးတွေ ထိုင် လုပ်တယ် ။ ကြက်တူရွေးကလေးတွေ ၊ ဘဲကလေးတွေ ပေါ့ ။ ခုနစ်ကျပ် ရင်း ရတာ ကို အစိတ် ရောင်း ရတယ် ။ ၁၅ ကျပ် ရင်းရတာ ကို ၅၀ လောက် ရောင်းရတယ် ။ ကိုယ့် လုပ်အားခ ရော အမြတ် ရော ပါတာပေါ့ ။


ဈေး ရောင်းတဲ့ နေရာ မှာ သည် အသက် သည် အရွယ် အထိ တစ်ခါမျှ ရန် မဖြစ်ဖူးပါဘူး ။ လူတိုင်း နဲ့ အဆင်ပြေအောင် နေပါတယ် ။ တစ်ခါတလေ ကန့်လန့် တိုက် တဲ့ ဈေးဝယ် နဲ့ ကြုံရတယ် ။ အမူးသမား ဆို ရင် ပို ဆိုးတာပေါ့ ။


ရေအဘိုးပွဲ မှာ ကောင်လေး တစ်ယောက် သေနတ် လာ ဝယ်တယ် ။ ကျွန်တော် က ပြောပါတယ် ။ ငါ့ ညီ တရုတ်ပစ္စည်း က နုတယ် ၊ ဘယ်လိုကိုင် ရတယ် ဆိုတာ ကိုယ် ပြမယ် ခဏ စောင့် ။ သည်မှာ ဈေးဝယ် ရှိ သေးတယ် လို့ ပြော ပါတယ် ။ ဒါကို မစောင့်ဘဲ သေနတ်မောင်း ဆောင့် ဆွဲတော့ ကျိုးကရော ၊ တစ်ယောက် တစ်ခွန်း စကား ပြောရပြီပေါ့ ။


ပြီးခဲ့တဲ့ ပခန်း ကိုကြီးကျော်ပွဲ တုန်း က လည်း ကောင်လေး တစ်ယောက် နာရီ လာ ဝယ်တယ် ။ သူ ဆစ်တဲ့ ဈေး လျှော့ ပေးတယ် ။ ဒါကို သူ က ထပ် ဆစ်တယ် ၊ ထပ် လျှော့ ပေးလိုက်တယ် ၊ မယူချင် ရင် မယူချင်ဘူး ။ ဒါမှမဟုတ် ပိုက်ဆံ မပါသေးဘူး ပြောပြီး ထ ပြန်သွား ရင် လည်း လက်ခံ ပါတယ် ။ သူ က သည်လို မဟုတ်ဘူး ။ နာရီ က ဟိုဟာ မကောင်း သလိုလို သည်ဟာ မကောင်း သလိုလို ပြော လာတော့ ကျွန်တော် ဒေါသ ထွက် လာတယ် ။ ဒါပေမယ့် သည်းခံ လိုက်ပါတယ် ။


တချို့က တစ်ဆိုင်လုံး မှာ ရှိတဲ့ ပစ္စည်းတွေ ကို ဈေး လျှောက် မေးတယ် ။ မင်း ဈေး ရောင်းစား မှာ မို့လို့ စုံစမ်းတာလား ၊ ဈေး ဝယ် မှာ ဆိုရင် လည်း ကိုယ် လိုချင်တဲ့ ပစ္စည်း ပဲ မေးပါလို့ ပြောရတော့တယ် ။


ခု နောက်ပိုင်းတော့ စကားတွေ အများကြီး မပြောချင်တော့ဘူး ။ ၃၅ဝ ဆို ၃၅၀ တန် ပစ္စည်းတွေ ချည်း ချ ရောင်းတယ် ။ ကလေး လက်ပတ်နာရီ ပါတယ် ။ ပိုက်ဆံအိတ် ပါတယ် ။ ကလေး ကစား တဲ့ ဖုန်းကလေးတွေ ပါတယ် ။ ကလေး လာ ဝယ် လည်း ၃၅ဝ ၊ လူကြီး လာ ဝယ် လည်း ၃၅၀ ပဲ ။ ကူလီကူမာ နဲ့ ဘယ်လောက် ပဲ ကျန်တာပါ ၊ ပစ္စည်း က ဘယ်လောက် ကောင်းပါတယ် ဆိုတာတွေ လည်း မပြော ချင် တော့ဘူး ။ မနက် တစ်နပ် ၊ ည တစ်နပ် ပဲ လေ ။ ကြိုက်တာ ယူ ၃၅၀ ၊ စာ ရေးထား လိုက်တယ် ။ စတိုးဆိုင် လို ပေါ့ နော် ။


၁၂ နှစ်သား ကတည်း က ပွဲ လိုက်ခဲ့တာ ၊ ကိုယ် က လည်း သန်မာ တော့ ပွဲ သွားရ မှ ပျော်တာ ၊ ပွဲ မရှိ ရင် အိမ် မှာ မနေချင်ဘူး ။ ၈၈ သပိတ် ဖြစ်တော့ ပွဲတွေ က မရှိတော့ဘူး ။ ည မထွက်ရ လုပ်တဲ့ အချိန်လေ ။ အဲဒီတုန်း က ကျွန်တော် ဘာ လုပ်ရမှန်း မသိဘူး ဖြစ်နေတယ် ။ ဒါနဲ့ ရှိတဲ့ ပစ္စည်းကလေး ဘမ်း ထဲ ထည့် မြင်းခြံဈေး ထဲ ထိုင် ရောင်း လိုက်တာပေါ့ ။


ပွဲတော်ဒဏ်တွေ ကို တော့ သေကောင်ပေါင်းလဲ ခံ ရတာပေါ့ ။ အအိပ် အစား က မမှန် ။ တစ်ခါက အင်းတော်ကြီးပွဲ က နေ ဗန်းမော် ကူးတယ် ၊ နောက် ရွှေဘိုဆိပ်ခွန်ပွဲ ၊ နောက် ကုတို့ဆိပ်ပွဲ ၊ မူးမြစ် ထဲ ရေ ဆင်း ချိုးရာ က အပူ ငုပ်ပြီး ဖျား လိုက်တာ သေကောင်ပေါင်းလဲ ပဲ ။ တွေ့ တဲ့ ဆရာ နဲ့ ကုရတာ ဆေး မှားတာ လည်း ခံလိုက်ရ သေးတယ် ။ ပွဲတော် မလိုက်ချင်တော့ဘူး ။


အခု တော့ ညီတွေ ကို ပဲ လုပ်ငန်းတွေ လွှဲပြီး လုပ်ခိုင်း နေရပြီ ။ ကောင်း တဲ့ ပွဲ ပဲ လိုက်တော့တယ် ။ ငယ်ငယ် က လို လျှောက် မလိုက်တော့ဘူး ။ အမေ က လည်း မကျန်းမာ တော့ ပြုစုဖို့ လူ လိုတယ် ၊ အဖော် လိုတယ် မဟုတ်လား ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment