Monday, February 12, 2024

အနှိုင်းမဲ့ တဲ့ အခမဲ့


 ❝ အနှိုင်းမဲ့ တဲ့ အခမဲ့ ❞


ကျောက် နမူနာခဲတွေ ထည့် ထားတဲ့ ကျောပိုးအိတ်ကြီး က တစ်နေ့ တခြား ပိုပို လေး လာနေပြီ ။ ဘယ်သူမှ ဒီ ကျောပိုးအိတ် အလေးကြီး ကို မသယ်ချင်တော့ဘူး ။ ဆရာ သာ ပါ မလာ ခဲ့ရင် ဒီ ကျောပိုးအိတ်ကြီး ကို ကျွန်တော်တို့ လွှင့်ပစ် ခဲ့ကြတာ ကြာလှပြီ ပေါ့ ။ စတည်း ချ နေကြတာ က “ ငလျင်ပြို ” ဆိုတဲ့ အိမ်ကလေး ရှစ်အိမ် ပဲ ရှိတဲ့ မြစ်ကမ်း နံဘေး ဇနပုဒ်ကလေး ။ ဒီ ရွာငယ်ကလေး က ထွက် လာ တာ ကို ပဲ ရက်တွေ အတော် ကြာ နေပြီ ။ ငလျင်ပြို နဲ့ ကျွန်တော်တို့ ရောက် နေတဲ့ နေရာ နဲ့ ဆယ်မိုင် ပိုပို လောက်တော့ ဝေးဦးမယ် ထင်တယ် ။


အုပ်အုပ်ဆိုင်းဆိုင်း ရှိလှတဲ့ သစ်ပင်မြင့်ကြီးတွေ ကြား မှာ ၊ ဘုတ် အီသံတွေ ခါ တွန် သံတွေ ခဏခဏ ကြားရ ။ အလက်တွေ ဝေဖြာ နေတဲ့ ဝါးတောကြီးတွေ ၊ မွဲခြောက်ခြောက် ကျောက်တောင်တွေ ၊ ရေကလေး စွက်စွက် ပဲ ရှိ နေတဲ့ ချောင်း မခြောက် တခြောက် ကွေ့ ကောက်ကောက်လေး က ဟို တောင်ခြေ တွေ့ လိုက် ဒီ တောစပ် တွေ့ လိုက် နဲ့ ။ ဒီ လက်ဖက်ရည်ရောင် ချောင်းရေ နဲ့ ပါလာတဲ့ ရိက္ခာခြောက်လေးတွေ နဲ့ ပေါင်းဖက်ပြီး မချက်တတ် ချက်တတ် မကောင်း တစ်လှည့် ၊ ညံ့ တစ်လှည့် ဟင်းတွေ နဲ့ ပျော့တူးမနပ် ထမင်း နဲ့ နှစ်ပါး သွားလိုက် မြိုင်ထ က လိုက် လုပ်နေ ကြရတာ လည်း ရက် အတော် ကြာခဲ့ပြီ ။ မကြာခင် မှာ တပင်တိုင် က ရတော့ လေ မလား ။ နေ က ပြင်းပြင်း ၊ ချွေးသံ တရွှဲရွှဲနဲ့ ဝတ် ထားတဲ့ အင်္ကျီ  မှာ ဆားပွင့်တွေ ဖွေးလို့ ။


လူ့ လောက နဲ့ အဆက်အသွယ် ဆိုလို့ ဓာတ်ခဲ နှစ်ခဲထိုး ရေဒီယို တစ်လုံး ကို ပဲ ကျွန်တော် တို့ အားကိုး နေရတယ် ။ အဖော်မွန် ရေဒီယိုလေး ကြောင့် ကျွန်တော်တို့ နေသာ ထိုင်သာ ရှိကြတာ ။ ရေဒီယိုလေး သာ မပါခဲ့ ရင် ဒီ ရေဒီယိုလေး သာ အကြောင်း တစ်ခုခု ကြောင့် ဆွံ့ အ သွားခဲ့ရင်... ကျွန်တော်တို့ အချင်း ချင်း တစ်ခု ခု တော့ ဖြစ်ကုန်ကြ လိမ့်မယ် ထင်တယ် ။ ရန် ပဲ ဖြစ်ကြမလား ၊ တစ်ယောက် နဲ့ တစ်ယောက် မခေါ်နိုင် မပြောနိုင်ဘဲ ဖြစ်ကြလေ မလား ။ ဘာ မဟုတ်တဲ့ ကိစ္စလေး နဲ့ ပဲ ခွန်းကြီးခွန်းငယ် ပြောကြရလေ မလား ။ တစ်ခု ခု တော့ ဖြစ်မှာ သေချာတယ် ။


တစ်နေ့တာ ပင်ပန်း နွမ်းနယ်လာခဲ့ သမျှ ဒီ အဖော်မွန်လေး က ပြေပျောက် စေတယ် လေ ။ ကမ္ဘာကြီး မှာ ဘာတွေ ဖြစ်နေသလဲ ကျွန်တော်တို့ သိချင်ကြတယ် ။ တိုင်းပြည် အတွက် အရေးကြီးတဲ့ ကြေညာချက် တစ်ခု ခု များ ထုတ်လေမလား ။ ကျွန်တော်တို့ ရဲ့ အစ်မကြီးတွေ ဖြစ်ကြတဲ့ ( ဒေါ် ) တင်တင်မြ ၊ ( ဒေါ် ) ထား ၊ ( ဒေါ် ) ချိုပြုံး တို့ သီချင်းသံလေးတွေ နဲ့ အသက် ဆက် နေကြ ရ တာပါ ။


လူတွေ က သိပ် ပင်ပန်းနေ ၊ ကျောပိုးအိတ်ကြီး က လေး သထက် လေး လာ နေ ၊ ရိက္ခာ သေတ္တာ က ပေါ့ ပေါ့ လာနေပြီ ။ တချို့ ကုန်ခြောက်တွေ ပြတ်လပ် ကုန်ပြီ ။ ဖိန်းခွဲခါ ကျရင် “ ကြာညှပ် ” မှာ ပြန် နားကြမယ် လို့ ဆရာ က ပြောတယ် ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး မပျော် တဲ့ သူ မရှိဘူး ။ ဆရာ ပြော တဲ့ ဖိန်းနွဲခါ ကို လက်ချိုး ရေ နေခဲ့ကြတယ် ။ ကြာညှပ် ရောက် ရင် ဘာ လုပ်မယ် ဘာ ဝယ်မယ် ဆိုတဲ့ စိတ်ကူး ဇယား ဆွဲတဲ့ သူ က ဆွဲ ၊ ထမင်းကြော် စားမယ် ဝက်ပုန်း ( ဝက်သား နဲ့ ပုန်းရည်ကြီးချက် ) တစ်ဝ စားမယ် လို့ ပြောသူ က ပြော ။ လက်ဖက်ရည် သုံးခွက် တစ်ထိုင်တည်း သောက်ပစ်မယ် လို့ ကြိမ်းသူ က ကြိမ်း နဲ့ ထွေလာ သောင်းပြောင်း စိတ်ကူးကောင်း တစ်သောင်း စီ နဲ့ ။


ကျွန်တော် က တော့ စာ နှစ်စောင် ရေးထား တာ ရှိတယ် ။ တစ်စောင် က အဖေ တို့ အမေ  တို့ ဆီ ။ နောက် တစ်စောင် က ကျွန်တော့် ချစ်သူ ဆီ ၊ အဖေ တို့ ဆီ ရေး တဲ့ စာ က ခပ်ပါးပါး ။ အချစ် ဆီ ရေး တဲ့ စာ က ခပ်ထူထူ ။ စားချင် သောက်ချင် လို့ ကြာညှပ် ကိုသွားချင်ကြတဲ့ သူ တွေ ထက် ကျွန်တော် စာ ထည့်ချင်တဲ့ ခံစားချက် က ပိုတာ ပေါ့ ။ တစ်နေ့ တစ်နေ့ နေလုံးကြီး ကြည့် ပြီး ဝင်ပဲ မဝင်နိုင်ဘူး လို့ အပြစ် တင် နေရတာ ။


ကြာညှပ် ကို ကျွန်တော်တို့ လှေ နဲ့ စုန်ဆင်း ခဲ့ကြတယ် ။ လှေ က လည်း နှေးရန်ကော လို့ ရေစီး ကို လည်း အပြစ် တင် ၊ လှော်ခတ် နေကြတဲ့ သူငယ်ချင်းတွေ ကို လည်း အပြစ် တင် နေမိတယ် ။ သူငယ်ချင်းတွေ လှော် ကြတာ အားမရ လို့ ကိုယ်တိုင် ဝင်လှော် ပြန် တော့ လည်း ဘယ် ကြာကြာ လှော် နိုင်လိမ့်မတုံး ။ ဒါနဲ့ လှော်တက်တွေ ခမျာ သုံးလေးငါးမိနစ် နဲ့ တစ်လက် ပြီး တစ်လက် ပြောင်းပြီး စုန်ခဲ့ကြရတယ် ။


ဟော ဟိုဟာ “ ကြာညှပ် ”  ပဲ လို့ ဆရာ က လှမ်း ပြတော့ သစ်ပင်တွေ ခပ်အုပ်အုပ် ၊ မှိုင်းပျပျ ရေးတေးတေး လေးပဲ လှမ်း မြင်ရ သေးတယ် ။ တံတွေး မျို သူ က မျို ၊ လှော်တက် ခတ်တဲ့ လက်တွေလည်း ပို သွက် လာကြ သလိုပဲ ။ တရွေ့ရွေ့ နဲ့ စုန်ဆင်း လာကြတာ ကြာညှပ် ရဲ့သရုပ် က တဖြည်းဖြည်း ပီပြင် လာတယ် ။ ကုက္ကိုပင် နဲ့ မန်ကျည်းပင်တွေ ခွဲခြား မြင် နိုင်ပြီ ။ ကမ်းနား မှာ ကပ် ထားတဲ့ လှေ တွေ မော်တော် တွေ ကိုလည်း သဲသဲကွဲကွဲ မြင်လာ ရတယ် ။


ကမ်း နဲ့ အနီးဆုံး လက်ဖက်ရည်ဆိုင် မှာ ထိုင်လိုက်ကြပြီး ပေါ့ကျ တွေ ၊ ပုံမှန် တွေ ၊ ဖန်ဆိမ့် တွေ ၊ ချိုဆိမ့် တွေ မှာ လိုက်ကြတယ် ။ ကျွန်တော်တို့ အကြိုက်တွေ ဘယ်လို ပဲ မှာ မှာ ကမ်းနား က လက်ဖက်ရည်ဆိုင်ကလေး က တော့ သူ တတ် သလောက် မှတ် သလောက် ဖျော်စပ်ပြီး ကျွန်တော် တို့ ရှေ့ မှာ ချပေး နေတယ် ။


ကျွန်တော် က လက်ဖက်ရည် ကို ဇိမ်ခံပြီး သောက် မနေတော့ဘူး ။ ခပ်မြန်မြန် မော့ချ ပစ် လိုက်တယ် ။ ဆိုင် ကကောင်လေး တစ်ယောက် ကို စာတိုက် ဘယ်နား မှာ ရှိသလဲလို့ မေး မိတယ် ။ ကျွန်တော့်လက် ထဲ မှာ စာ နှစ်စောင် ကိုင် ထားတာ လည်း တွေ့ ရော တချို့သူငယ်ချင်း တွေ က ဘယ် အချိန် က ရေးထားမှန်း မသိတဲ့ သူတို့ စာတွေ ပါ ထုတ် လာရင်း ကျွန်တော့် ကို ထည့်ခဲ့ဖို့ လူကြုံ ပါး ကြတယ် ။ လက်ဖက်ရည်ဆိုင် က ကောင်လေး က စာတိုက် ရှိရာ ကို နတ်လမ်းညွှန် လိုက်တယ် ။ ဒါနဲ့ စာတွေ တစ်ထပ်ကြီး ကိုင်ပြီး ကောင်လေး ညွှန်တဲ့ လမ်းအတိုင်း လျှောက် လာခဲ့တယ် ။ နောင်ကျတော့ အဲဒီ ကောင်လေး နဲ့ ကျွန်တော် တို့ နဲ့ မိတ်ဆွေတွေ ဖြစ်သွားကြ ပါလေရော ။ ကောင်လေး နာမည် က “ မောင်နိုဆီ ” ၊ သူ့ ခမျာ အမေနို့ နဲ့ မကြီးပြင်း ခဲ့ရဘဲ နို့ဆီ နဲ့ လူ ဖြစ်ခဲ့ရရှာ သတဲ့ ။


မောင်နို့ဆီ ညွှန်တဲ့ အတိုင်း သွား လိုက်တော့ စာတိုက်ပုံး ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော့တာ ပါပဲ ။ အခေါက် တွေ ၊ အပွေး တွေ ဗရပွ နဲ့ တမာပင်ကြီး မှာ အရောင် မှေးမှိန် နေတဲ့ စာတိုက်ပုံးနီလေး ချိတ် ထားတယ် ။ အနက်ရောင် သော့ကလေး တစ်လုံး ခတ် လို့ ။ စာတိုက် အဆောက်အအုံ ကြည့် ရတာတော့ စာတိုက် နဲ့ မတူဘဲ လူနေအိမ် တစ်လုံး လိုပါပဲ ။ စာတိုက်ဝင်း ထဲ မှာ တွေ့ တဲ့ အသက်ကြီးကြီး ပုဂ္ဂိုလ်ကြီး ကို “ တံဆိပ်ခေါင်း ဘယ် မှာ ဝယ်ရမလဲ ခင်ဗျာ ” လို့ မေးတော့ “ လာ လာ အိမ်ထဲ ဝင်ခဲ့ ၊ ဒီမှာ ရတယ်တဲ့ ” ။ လူကြီး က ဖော်ရွေတဲ့ အပြုံး နဲ့ ဖိတ်မန္တက ပြုနေတယ် ။


ကျွန်တော် လက် ထဲ က စာတွေ မှာ ကပ်ပြီး တံဆိပ်ခေါင်းတွေ ဝယ်တော့ ဆယ့်ငါးပြား တန် တဲ့ တံဆိပ်ခေါင်း ခြောက်လုံး အတွက် ပြားကိုးဆယ် ကျသင့် လို့ ကျပ်တန် တစ်ရွက် ပေးလိုက်တာ ကို ဒီ ပုဂ္ဂိုလ်ကြီး က ဆယ်ပြား ပြန် အမ်းတယ် ။ ကျွန်တော် က စာအိတ်တွေ အပေါ် တံဆိပ်ခေါင်းတွေ ကပ် ရင်း လူကြီး ရဲ့ လက် ထဲ က သတင်းစာ ဆီ မျက်လုံး က ရောက် နေမိတယ် ။ ဒါကို လူကြီး က အကဲခတ် မိတယ် ထင်ပါ ရဲ့ ၊ “ မောင်ရင့် ကြည့် ရတာ သတင်းစာ ဖတ်ချင် နေပုံ ပေါ်တယ် ” တဲ့ ။ ကျွန်တော် က ပြုံးပြီး “ ဟုတ်ကဲ့ပါ ကျွန်တော် သတင်းစာ မဖတ်ရတာ တစ်လ နီးနီး ရှိနေပြီ ” လို့ ပြောတော့ ပုဂ္ဂိုလ်ကြီး က သူ့ ဖတ်လက်စ သတင်းစာ ရော ၊ အိမ် ထဲ မှာ သိမ်း ထားတဲ့ သတင်းစာတွေ ပါ သယ်ချ လာတယ် ။


ကျွန်တော် က စာတွေ ကို စာတိုက်ပုံး ထဲ ထည့် လိုက်တယ် ။ ကျွန်တော် ထည့် လိုက်တဲ့ စာတွေ နဲ့ ကြာညှပ် နယ်သူနယ်သားတွေ ရဲ့ စာတွေ ဟာ စာတိုက်ပုံး နီနီလေး ထဲ မှာ အဆွေခင်ပွန်း ဖွဲ့ကြလို့ ။ စီးပွားရေး ၊ ကြီးပွားရေး စာတွေ ၊ မာကြောင်းသာကြောင်း စာတွေ ၊ အလှူ မှာ အတူတူ အိပ်ဖို့ သူငယ်ချင်း ကို ဖိတ်တဲ့စာ ။ လက်ရေး ဝိုင်းဝိုင်းစက်စက် ၊ အသံ ထွက် အတိုင်း ရေးထားတဲ့ သတ်ပုံ ၊ ခဲတံ ကို တံတွေး ဆွတ် ရေးထားတဲ့ စာတွေ စာတိုက်ပုံး ထဲ မှာ ရှိနေ လိမ့်မယ် ။ ကျွန်တော့် စာတွေ ကို တော့ စာတိုက်ပုံး ထဲ စာအိတ်ကလေးတွေ ကျ သွားတဲ့ အသံ ကြား လိုက်ရတာ နဲ့ ကျွန်တော် ပို့ချင်တဲ့ ကာယကံရှင် တွေ ဆီ ချက်ချင်း ရောက် သွားစေချင် နေပြီလေ ။


ကျွန်တော် သတင်းစာ ကို စ ပြီး လှန် နေတုန်းမှာ ပဲ ကျွန်တော်တို့ ကွင်းဆင်း အဖွဲ့ ထဲ က သူငယ်ချင်း တစ်ယောက် လည်း သတင်းစာ ဖတ် ရအောင် ရောက် လာတယ် ။ သူ့ ကို လည်း “ မောင်နို့ဆီ ” ကပဲ ညွှန်လိုက်တာ တဲ့ လူ့ လောကကြီး နဲ့ အဆက်ပြတ် နေကြတဲ့ ကျွန်တော် တို့ စာတွေ လည်း ထည့် လိုက်ရသေး ၊ သတင်းစာတွေ ကို လည်း နွားငတ်ရေကျ ဖတ် နေ ကြရတော့ စူဠလိပ် နှစ်ကောင် ရေထဲ ကျ သွားတာပေါ့ ။


သတင်းစာတွေ ဖတ်ရင်း စကား စပ် မိကြတော့ ဒီ ပုဂ္ဂိုလ် ဟာ ကျောင်းဆရာကြီး တစ်ယောက် ဖြစ်နေတယ် ။ ဆရာကြီး က ကြာညှပ် နယ်သူနယ်သားတွေအတွက် စေတနာ့ ဝန်ထမ်း စာတိုက်လုပ်ငန်း လုပ်သလို သတင်းစာ ကိုယ်စားလှယ် လည်း လုပ် သတဲ့ ။ ဆရာကြီး ဆီ မှာ သတင်းစာ လပေး မယူနိုင်ကြသူ တွေ လာ လာ ဖတ်ကြတယ်လေ ။


ကျွန်တော် နဲ့ မျက်ချင်းဆိုင် ခုံ မှာ သတင်းစာတွေ ဖတ် နေတဲ့ သူငယ်ချင်း က “ ဟေ့ ကောင်ရေ မင်းတို့ မန္တလေး မှာ မီးကြီး လောင်ပြန်ပြီ ” လို့ သတင်းစာ ကို ထောက် ပြရင်း လှမ်း အော် ပြော လိုက်တယ် ။ ရုတ်တရက် ကြား လိုက်ရတဲ့ သတင်းဆိုး ကြောင့် ကျွန်တော့် မှာ ထိတ်ထိတ်ပျာပျာ ဖြစ် သွားတယ် ။ သူ ဖတ်နေတဲ့ သတင်းစာ ကို ယူ ဖတ် လိုက်တော့ အမှန်ပါပဲ ။ မီး စ လောင် တဲ့ အိမ် မီးလောင် ခံရတဲ့ ရပ်ကွက် နဲ့ အိမ်ခြေ လမ်းနံပါတ်တွေ နဲ့ ပါ လာတာပါလား ။


မီးသတင်း ဖတ်ပြီး ရင် ထဲ မှာ မချိစိတ် နဲ့ စာတိုက်ဗိုလ် ဆရာကြီး ကို စကား တစ်ခွန်း မေတ္တာ ရပ် လိုက် ရတယ် ။


“ ဆရာကြီး ၊ ခုန က ထည့် လိုက်တဲ့ စာတွေ ထဲ က တစ်စောင် ပြန် ယူပါရစေ ”

 

ဆရာကြီး က အံ့အားသင့် တဲ့ အကြည့် နဲ့ ကျွန်တော့် ကို ကြည့် နေတယ် ။ 


“ ကျွန်တော် ရေးထားတဲ့ လိပ်စာရှင့် အိမ် က မီး ထဲ ပါသွားပြီ ခင်ဗျ ” 


ကျွန်တော့် ဆီ က ဝမ်းနည်းမှုတွေ က ဗော်လန်တီယာ စာတိုက်ဗိုလ် ဆရာကြီး ဆီ ကူး သွားတယ် ။ ဆရာကြီး ရဲ့ စိတ်ခံစားမှု ကို ဖုံးကွယ်နိုင်စွမ်း က နည်း သွားတယ် ။ လေးကန် တဲ့ ခြေလှမ်းတွေ နဲ့ သော့ချိတ် ထားတဲ့ အိမ် တိုင် ဆီ လျှောက် သွား သော့တွဲကလေး ယူပြီး စာတိုက်ပုံး ကို ဖွင့်ရ ရှာတယ် ။ ကျွန်တော် ထည့် လိုက်တဲ့ စာတွေ က အပေါ် နား တင် ရှိနေ တာ မို့ ပြန် လိုချင်တဲ့ စာ ကို အလွယ်တကူ ပဲ ပြန် ယူလို့ ရတယ် ။


မြို့ကြီး တစ်မြို့ ရဲ့ စာတိုက်ပုံး တစ်ခု မှာ ဒီလို အဖြစ်မျိုး နဲ့ ကြုံ ခဲ့ရင် စာသိမ်းချိန် အထိ ထိုင်ပြီး စောင့်နေ ၊ စာ လာ သိမ်းတဲ့ လူ ကို အကျိုးအကြောင်း ပြောပြရလိမ့်မယ် ထင်တယ် ။ အဲဒီလို ကော ယူလို့ ရရဲ့လား မသိ ။ တကယ်လို့ စာတိုက်ပုံး ထဲ က စာတွေ ကို ဗဟို စာတိုက်ကြီး အထိ သယ်ယူ သွားပြီ ဆိုရင်ကော ...  ။


•••••   •••••   •••••


ဧရာဝတီမြစ် အတိုင်း နောက် တစ်ခေါက် ကျွန်တော် ဆန် တက်ခဲ့တယ် ။ ဘူမိဗေဒ ကွင်း ဆင်းကြမယ့် သူငယ်ချင်းတွေ နဲ့ မဟုတ်တော့ဘူး ။ လာရင်း အကြောင်း က တော့ “ ကမ်းနီ ” ရွာကလေး ကို သွားကြဖို့ပါ ။ စာရေးဆရာကြီး ၊ သတင်းစာဆရာကြီး ရွှေဥဒေါင်း ရဲ့ ဇနီး “ ဒေါ်ကြီးစိုး ” ကို သွား ကန်တော့ကြမယ် လို့ ။


ဂေါဝိန်ဆိပ် က သင်္ဘော ခွာတော့ အအိပ် မက်ကြတဲ့ မန္တလေး က စည်းစိမ်ရှင်ကြီးတွေ တရုတ်ခြုံစောင်ကြီးတွေ ထဲ မှာ ကွေးပြီး ဇိမ်ယူ နေကြတုန်း ။ မဟာဝိသုဒ္ဓါရုံတိုက် က ဆွမ်းခံ ထွက် လာကြတဲ့ သံဃာတန်းကြီး တောင် မှ မြို့လယ် ဂုန္တန်ရပ်ကွက် ထဲ မှာ ပဲ ရှိဦးမယ် ။ 


ဆောင်းနှောင်းရာသီ ဖြစ် ပေမယ့် ကျွန်တော် တို့ သွားလမ်း လာလမ်း ဖြောင့်ဖြူး အောင် လို့ ကိုရွှေဆောင်း က အဲဒီ နေ့ဝ တ်ထားတဲ့ သူ့ နှင်းဝတ်ရုံကြီး ကို စောစော သိမ်းပြီး မြူတွေ ကို လည်း လှည်းကျင်း ထား လိုက် သေးတယ် ။ မြစ်လယ် က ကျွန်းတွေ အပေါ် မှာ ရွာလေးတွေ က ဟို တစ်စု ဒီ တစ်စု နဲ့ ။ သင်္ဘော က တရွေ့ရွေ့ နဲ့ ဧကစာရီ ကျင့် နေတဲ့ မြစ်ပြင် ပေါ် မှာ လျှောတိုက် ပြေး နေတယ် ။ ကျွန်တော့် ကို ဒေါ်ဒေါ်မာ က ဟိုဟာ ‘ သံဖို့ကျွန်း ’ ဟိုဘက် က ‘ ဓားမကျ ’ လို့ ဆိုပြီး ညွှန်ပြ နေတယ် ။


ကျွန်းတွေ ပေါ် က စိုက်ခင်းတွေ မှာ တော့ နှင်းကြွင်းတွေ က ပြောင်းရွက် ၊ ပဲရွက်တွေ ပေါ် မှာ တွဲရွဲ ခိုလို့ ။ အင်းဝသား ကဗျာဆရာ က ရှမ်းပွဲ က အပ်စိုက်ဆရာ စာရေးဆရာ နဲ့ စကား ကောင်း နေတယ် ။ ဆရာကြီး ရွှေဥဒေါင်းတို့ ညီအစ်ကို သူငယ်ချင်း အကောက်ဝန်ထောက် ကိုဝင့်မော် ရှိရာ မြတောင်ရွာ ကို လိုက်သွားကြတဲ့ အခါ ဖောင်ကြိုသမားကြီး ဟောတဲ့ ဗေဒင် အကြောင်း ပြောလာကြတယ် ။ ကျွန်တော် က တော့ မှိုင်းပျပျ ပဲ မြင် နေတဲ့ စစ်ကိုင်း မင်းဝံတောင်တန်း နဲ့ မင်းကွန်း ဘက်ဆီ ကို ငေးရင်း လိုက်လာတယ် ။


အပ်စိုက်ဆရာ နဲ့ ကဗျာဆရာ တို့ က ပေါ်ဦးပေါ်ဖျား သတင်းတွေ ကို သစ်လွင် လှပ နေ အောင် ရေးသား တည်းဖြတ် တတ်တဲ့ ဦးလေးပေါ် တို့ နဲ့ စကားတွေ ဆက်ပြော နေကြ ပြန်ရော ။ ကျွန်တော် က ဒေါ်ဒေါ်မာ တို့ ၊ ဦးလေးပေါ် တို့ ပြောနေကြတဲ့ စကားတွေ ကြား တစ်ချက် မကြား တစ်ချက် နဲ့ ။ ကျွန်တော့် ရဲ့ သင်္ဘော ပေါ် မှာ ဘယ်လို လူတွေ ပါလာကြ လေ မလဲ ။ ကြွေး လည်ပင်း ရောက် နေသူတွေ ပါလေမလား ။ သစ်မွှေး အရှာ သွားမယ့် သူတွေ ရော ပါနိုင်တယ် ။ ဘောလ်ပင် တစ်ချောင်း အရင်းပြု စား နေတဲ့သူတွေ ကော ၊ ဘဝ မျိုးစုံ ကျင်လည်ခဲ့ ဖူးသူ ရော ၊ ဝါးဖောင် မျှောမယ့်သူ ၊ ရွှေကျင် သွားမယ့်သူ ၊ လောဘ ကျော မတတ် နေတဲ့သူ ၊ အရဟံ က လွဲလို့ အားကိုးစရာ မရှိတော့ပါဘူး ဆိုတဲ့ သူ ၊ မရ ဒသက ချိုင် မယ့် သူ ၊ ဖဲသုံးချပ်သမား ၊ တံဆိပ်တုံးတွေ နဲ့ လုပ်ကိုင် စားသောက်နေသူ ၊ ပေါက်ပြား တစ်လက် နဲ့ နေ့ချင်း ညချင်း သိန်းချီ ချမ်းသာမယ် ထင် နေတဲ့ သူ ၊ ဘဝ ဆိုတာ ကြွေ တစ်လက် ကြက် တစ်ခုန် ပါကွာ ဆို သူ ၊ မရော လည်း မူး ရော လည်း မူး တဲ့ သူ ၊ ဒီ တစ်ခါ နှစ် ထိပ် စီး အလယ်ထိုင် ခြောက် ဆယ့်တစ် ဘရိတ် ကျိန်းသေပဲ ဆိုတဲ့ သူ ၊ မသေခင် လေယာဉ်ပျံ တော့ တစ်ခါ လောက် စီးဖူးချင် လိုက်တာ လို့ အောက်မေ့ နေတဲ့ သူ ၊ နေ့ပြန်တိုး က ရစရာ တွေ ကို စိတ်တွက် တွက် နေတဲ့သူ ၊ ရွှေမန်းတင်မောင် ရဲ့ ဇာတိ အစစ်အမှန် ကို သိချင်တဲ့ သူ ၊ ပိုးသတ်ဆေး သောက်လို့ သေသွား ရှာတဲ့ ညီလေး ကို သတိရနေ သူ ၊ ဒီ ကောင်မကြီး ရ လိုက်လို့ က တော့ ဒူး နန့်ပြီး နေရုံပဲ လို့ တွေးနေသူ ... ပြီးတော့ မန္တလေး ဗဟိုစာတိုက်ကြီး က ပို့ လိုက်တဲ့ စာတိုက် ချောအိတ်တွေ လည်း ပါ လာနိုင်တယ် ။


•••••   •••••   •••••


တရွေ့ရွေ့ နဲ့ ဆန်တက် လာနေတဲ့ သင်္ဘော ဟာ ကြာညှပ် နဲ့ နီး လာနေပြီ ။ ကျွန်တော် က စာတိုက်ဗိုလ် ဆရာကြီး နဲ့ မိတ်ဆွေ မောင်နို့ဆီ တို့ ကို သတိရ နေမိတယ် ။ မကြာခင်မှာ ကြာညှပ် ကို ရောက် ပါတော့တယ် ။ ကြာညှပ်ဆိပ် က ကျွန်တော်တို့ အရင် တစ်ခေါက် ရောက်ဖူးတုန်း က ဆိပ် မဟုတ်ဘူး ။ နည်းနည်းလေး ရွှေ့ပြီး ဆိုက်တယ် ။ မိတ်ဆွေ မောင်နို့ဆီ တို့ ဆိုင်လေး ကို ကောင်းကောင်း မမြင်ရဘူး ။ ကြာညှပ် က တက်လာတဲ့ ခရီးသည်တွေ ကို ကျွန်တော့် မိတ်ဆွေကြီး နှစ်ယောက် အကြောင်း မေးကြည့် တော့ နှစ်ယောက် စလုံး ကျန်းမာ ပကတိ ချမ်းသာစွာ ရှိကြ သတဲ့ ။ ဆရာကြီး က စာတွေ သင်ကြား နေတုန်း ၊ ပေး စာတွေ ဝေငှ နေတုန်း ၊ သတင်းစာ လည်း ဖြန့်ချိ နေတုန်း တဲ့ ။ မောင်နို့ဆီ တို့ ရဲ့ ဆိုင်ကလေး လည်း ခေတ်မီ ကက်ဆက် နဲ့ ကော်ဖီမှုန့် ကောင်းကောင်း ၊ အချိုခြောက် ကောင်းကောင်း တွေ သုံးပြီး မိတ်သစ် မိတ်ဟောင်းတွေ နဲ့ စည်ကား နေတဲ့ အကြောင်း ကို ကြားရလို့ မိတ်ဆွေတွေ အတွက် ပီတိဖြစ်ရတယ် ။


ကျွန်တော် နဲ့ အတူ ခရီးသွားကြသူတွေ ကို အပျော်တမ်း စာတိုက်ဗိုလ်ကြီး အကြောင်း ပြောပြတယ် ။ ဆရာသမားတွေ က စိတ်ဝင်စား ကြတယ် ။ အပ်စိုက်ဆရာ နဲ့ ဦးလေးပေါ်  တို့ က ပိုပြီး အာရုံစိုက် နားထောင် နေကြတယ် ။ “ မြန်မာပြည် မှာ ဒီလိုမျိုး ဘယ်နှယောက် ရှိလေမလဲ ”  လို့ ကဗျာဆရာ က တွေးဆဆ နဲ့ မေးခွန်း ထုတ်တယ် ။


သင်္ဘော က ‘ တကောင်း ’ မှာ လည်း ရပ် ၊ ‘ ထီးချိုင့် ’ မှာ လည်း ရပ်တယ် ။ ထီးချိုင့် ရောက် တုန်း တည်တော ဆရာ‌တော်ကြီး ကို ဝင် ဖူးချင်စိတ် ပေါ်ကြပေမယ့် တည်တော ဆရာတော် ဆီ ရောက် အောင် မြင်းလှည်း ထပ် စီး ရမှာ ၊ သင်္ဘော က လည်း အချိန် ကြာကြာ မရပ်ဘူး တဲ့ ။ ကျွန်တော့် မှာ ပါလာတဲ့ ရောင်စုံဖယောင်းတောင့် နဲ့ ထီးချိုင့် ဆိပ်ကမ်းပုံ ကို ပုံကြမ်းတွေ ရေးခြစ် နေမိတယ် ။ ကျွန်တော့် မိတ်ဆွေ ထီးချိုင့်သူ ၊ ထီးချိုင့်သားတွေ ကို မြစ်ဆိပ် မှာ ရေချိုး ၊ အဝတ်လျှော် နေကြတဲ့ သူတွေ ၊ ကုန်စည် ထမ်းပိုး နေကြသူတွေ ၊ ကုန်းဘောင် တစ်လျှောက် ဆင်းတက် နေကြသူတွေ ၊ ဆိပ်ကမ်း က ဆိုင်းဘုတ်တွေ ရေးခြစ်ရင်း သူငယ်ချင်းတွေ ရဲ့ ဖော်ရွေတဲ့ ချစ်စရာ မျက်နှာတွေ ကို မြင်ယောင် နေတယ် ။


ကျောင်း ပြီး သွားတဲ့ အခါ ပညာတွေ စုံပြီမို့ ရေကြည်ရာ ၊ မြက်နုရာ ကို ရှာကြရင်း သူတို့ မြန်မာပြည် ရဲ့ တစ်နေရာရာ မှာ ရောက် နေကြလိမ့်မယ် ။ ရေနောက် နဲ့ ဝေးကြပြီး မြက်ကြမ်းကြီးတွေ နဲ့ မတွေ့ ကြုံကြပါစေနဲ့ လို့ ဆုတောင်း နေတုန်း မှာ သင်္ဘော က ဆိပ် ကမ်း က ခွာဖို့ ဥသြ ဆွဲတယ် ။


•••••   •••••   •••••


ကမ်းနီ ကို ရောက်တဲ့ အခါ မြစ်ရေ နည်းတဲ့ ရက်တွေ မို့ သင်္ဘော က ရွာ နဲ့ ခပ်လှမ်းလှမ်း မှာ ကပ်တယ် ။ ကျွန်တော်တို့ ရွာ ဆီ ရောက် အောင် ငါးမိနစ် လောက် လမ်းလျှောက် ကြရ တာပေါ့ ။ ရောက် ချင် စိတ် စော နေလို့ ငါးမိနစ် တောင် ကြာတယ် မထင်လိုက်ပါဘူး ။ ဒေါ်ကြီးစိုး ဟာ ရွာ မှာ မသိသူ မရှိလို့ ဒေါ်ကြီးစိုး နေအိမ် မေးတဲ့ အခါ လမ်းညွှန် မနေဘဲ ကြွကြပါ ။ ဒီ လမ်း က ကြွကြပါနဲ့ အိမ်တိုင်ယာရောက် လိုက် ပို့တယ် ။


ဒေါ်ဒေါ်မာ တို့ ဦးလေးပေါ် တို့ နဲ့ ဒေါ်ကြီးစိုး တို့ ပြန်လည် တွေ့ဆုံကြတဲ့ အချိန် ဟာ ကြည့် လို့ သိပ် ကောင်းတဲ့ ဇာတ်ထွတ် ပါပဲ ။ ဦးလေးလှ  ဆုံးတာ ကို ဖုံးကွယ် ထား လို့ ဒေါ်ကြီးစိုး ခမျာ ဦးလေးလှ ကို တွင်တွင် မေး နေရှာတယ် ။ ကျွန်တော် တို့ ရော ဒေါ်ကြီးစိုး ပါ ဝမ်းသာ ဝမ်းနည်း ပီတိ အလွမ်း မျက်ရည်တွေ နဲ့ ပေါ့ ။ အလှအပ အချောဒိတ် ဆို မှ ရွေးချယ်တတ်တဲ့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ ဇနီး ဟာ အခု အသက်အရွယ် ကြီး နေတော့ လည်း ကျော့ရှင်း သပ်ရပ် နေတုန်းပါပဲ ။


ဒေါ်ကြီးစိုး ရဲ့ ညီမ က တိုင်းရင်းဆေး ကု တာမို့ ကျွန်တော်တို့ ထိုင် နေကြတဲ့ ခြေတံ ရှည်အိမ်လေး ပေါ် မှာ ဆေးပုလင်း ဖြူဖြူ ၊ ညိုညို ပုပု ၊ ဝိုင်းဝိုင်းတွေ အစီအရီ နဲ့ ။ ကျွန်တော် တစ်ခါ မှ မမြင်ဖူးတဲ့ ပုလင်းလေးတွေ က အများကြီး ။ ဦးလေးပေါ် က တော့ နှံ့စပ်သူ မို့ ဒါ ဒီဇူဇာ က အလှဆီ ထည့်တဲ့ ပုလင်း ၊ ဒါက ဝါတာဘရီကွန်ပေါင်း ၊ ဟို ဟာ က ဖဲရယ်နီကမ် ဆေးပုလင်း ၊ ဒါက ပေါ့ကျုံကွေ့ပုလင်း တဲ့ ၊ ပုလင်းတွေ ရဲ့ သမိုင်း ကို သရုပ်ခွဲ ပြတယ် ။


ဒေါ်ကြီးစိုး ရဲ့ ရွက်လှပင် ၊ ကွမ်းပင် ၊ အုန်းပင် ၊ ငှက်ပျောပင် သရက်ပင် ပိတောက်ပင် တွေ နဲ့ အုပ်ဆိုင်း နေတဲ့ ခြံ ထဲ ဝင်လိုက် ကတည်း က အုန်းလက် ကို မြင်း လို ခွစီး နေတဲ့ ကလေး တစ်ယောက် ကို မြင်ခဲ့မိတယ် ။ ကလေး က အသက် ( ၇ ) နှစ် လောက် ပဲ ရှိဦးမယ် ။ ထူးခြားတာ ကတော့ ဒီ ကလေး က ဧည့်သည် လူစိမ်းတွေ ကို အကြောက်အလန့် မရှိတဲ့ ကလေး ပဲ ။ ကျွန်တော်တို့ ကို မြင်တော့ သူ ကစား နေရာ က တစ်ချက်လှမ်း အကဲခတ် ပြီး သူ့ အုန်းလက်မြင်း နဲ့ ကစား မြဲ ဆက် ကစား နေတယ် ။


ကမ်းနီရွာ မှာ စားခဲ့ရ တဲ့ ထမင်း နဲ့ ဟင်းတွေ က တော့ မေ့နိုင်စရာ မရှိအောင် ကိုပဲ အရသာ ရှိလှတယ် ။ အစားကောင်း ကြိုက် တတ်တဲ့ ဆရာကြီး ရွှေဥဒေါင်း ရဲ့ ဇနီး ရဲ့ လက်ရာ တောင် မှ မဟုတ်သေးဘူး ။ အုန်းလက် ကို ကားယားခွ ကစား နေတဲ့ ကလေး မောင်ဇော်နိုင် ရဲ့ အမေ ရဲ့လက်ရာ တဲ့ ။ ဒေါ်ကြီးစိုး ရဲ့မြေး တော်စပ်တယ် ။ အမျိုးသမီး ခမျာ ငှက်ပျောဖက် တွေ ၊ ငှက်ပျောခိုင် ၊ ငှက်ပျောသီး တွေ နဲ့ အလုပ် များ ပြီး မအား တဲ့ ကြား က ကျွန်တော်တို့ အဖွဲ့ ကို ဂရုတစိုက် ကျွေး ရှာတယ် ။ “ ဒီ သူငယ်မ က တစ်ရွာလုံး က အားကိုး နေရတာ ၊ ငါ့ မြေး အလိမ္မာ လေး တဲ့ ”  ဒေါ်ကြီးစိုး က ရှေ့တင် ရော ကွယ်ရာ မှာ ပါ ခဏခဏ ချီးမွမ်းတယ် ။ ကမ်းနီရွာ ရဲ့ အလှူအတန်း ၊ သာရေးနာရေး မှာ ဦးဆောင်ဦးရွက် လုပ်ပြီး ထဘီတိုတို ဝတ် ချက်ပြုတ် လုပ်ကိုင် နေမယ့် မောင်ဇော်နိုင် ရဲ့ အမေ့ ပုံ ကို မြင်ယောင် ကြည့် မိ တယ် ။ ဒါပေမဲ့ ဒေါ်ကြီးစိုး ဆက် ပြောတဲ့ စကား တွေ ကြောင့် ကျွန်တော် မှင် တက် မိ သွားတယ် ။


“ အဲဒါ ကျွန်မတို့ ရွာ က စာတိုက်ဗိုလ်မ ပဲ ။ ကျုပ် မြေး ကြောင့် ကျုပ် တို့ အဝေး က စာတွေ ဖတ် နေရတာ ...”


ဒေါ်ကြီးစိုး ရဲ့ စကား ကို ဆက် မကြားနိုင် လောက် အောင် ကျွန်တော် အံ့သြပီတိ ဖြစ်မိ ပြီး ကြက်သီးတွေ ထလို့ ။ ကြာညှပ် က ဆရာကြီး ကို ချက်ချင်း ပြေး သတိရ မိတယ် ။ “ အရင် တုန်း က သင်္ဘော က ဆင်းမယ့် သူ မပါရင် ရပ်တာ မဟုတ်ဘူး ။ အခုတော့ စာတိုက်ချောထုပ် သိမ်း ရအောင် ဆင်းသူ မရှိပေမယ့် ရပ် ကို ရပ်တယ် ။ ဒါကြောင့် ဒီ ရွာ က ရော ရွာနီးချုပ်စပ် က ပါ ခရီး သွားရတာ ၊ ကုန် ပို့ရတာ အဆင်ပြေ နေတာလေ ”  ။ ဗော်လန်တီယာ စာတိုက်ဗိုလ်မ ရဲ့ စွမ်းရည် က အံ့မခန်းပါလား ။


မောင်ဇော်နိုင် အမေ က အရပ်အမောင်း ထောင်ထောင်မောင်းမောင်း ၊ တုတ်ခိုင်ပြည့်ဖြိုး တဲ့ ခန္ဓာ နဲ့ ၊ နေလောင် ထားတယ် ဆိုတဲ့ ကမ်းနီသူ ရဲ့ အသား က မန္တလေး ၊ မြင်းခြံ ၊ မိတ္ထီလာနယ် က အရိပ် ထဲ နေရတဲ့ အသားဖြူသူ တစ်ယောက် ထက် တောင် ဖြူ ပါသေး တယ် ။ မျက်ခုံး ထူထူ မျက်အိမ် ကြီးကြီး ပါ ။


အမေ ရဲ့ ငှက်ပျောခိုင် အလုပ်တွေ ကို ကူညီ လုပ်ကိုင် ပေးနေတဲ့ မောင်ဇော်နိုင် က အလုပ် လည်း အားရော ဆရာတို့ ပါ လာကြတဲ့ မဂ္ဂဇင်းတွေ နိုင်ငံခြား သတင်းစာစောင်တွေ ကို လှန်လှော ကြည့် နေတယ် ။ သူ သိချင်တဲ့ အရုပ်တွေ ဦးလေးပေါ် တို့ အပ်စိုက်ဆရာတို့ ကို မေးတော့ ဆရာတို့ က လည်း မောင်ဇော်နိုင် ကို စိတ်ရှည် လက်ရှည် ရှင်းပြကြတယ် ။


ထမင်း အစား များ လို့ ဒေါ်ကြီးစိုး ညီမ ဆီ က လျက်ဆား တောင်း လျက် နေတဲ့ ကဗျာ ဆရာ က “ ငါ့ နှမ စာတိုက်ဗိုလ် လုပ်နေတာ ကြာပြီလား ” လို့ မေးတယ် ။ အမျိုးသမီး က ထန်းခေါက်တောင်း ထဲ ငှက်ပျောဖီးတွေ စီ နေရာက မော့် ကြည့်ပြီး “ လေးငါးနှစ် ပဲ ရှိပါ သေးတယ် ” လို့ ဖြေတယ် ။


ကျွန်တော်တို့ စိတ်ဝင်စား မှန်းသိလို့ ဒေါ်ကြီးစိုး က ပြောပြတယ် ။ “ ကျွန်မတို့ ရွာ နဲ့ ရွာနီးနားချင်း က လူတွေ ဆက်သွယ်ရတာ မခက်ခဲ အောင် သူ့ အဖေ က ဒီ အလုပ် စ လုပ် ခဲ့တာ ။ စာတိုက်ပုံးလေး အိမ်မှာ ချိတ် ထားပြီး သင်္ဘော လာချိန် နီး တော့ စာတွေ ကို သင်္ဘော ဆင်း ပို့ရတာလေ ။ တစ်ပြား တစ်ကျပ် မှ ရတာ မဟုတ်ဘူး ။ စေတနာ သက်သက်ပဲ ” ။ ကျွန်တော် က ဂုဏ်ယူစရာ ရှိရင် ကာယကံရှင် ထက် ပိုပြီး ဂုဏ်ယူ ချင်တဲ့ သူ ၊ ဒေါ်ကြီးစိုး စကား ကို ကြား ရတော့ ပီတိ ဖြစ်လိုက်ရတာ ။


“ သူ့ အဖေ မရှိတဲ့ နောက် သူ့ အစ်ကိုတွေ စာတိုက် အလုပ် ဆက် လုပ်ကြသေးတယ် ။ အစ်ကိုတွေ က အိမ်ထောင်တွေ ဘာတွေ ကျ ကုန်ပြီး ဒီပြင် ရွာတွေ ပြောင်း ကုန်တော့ ဟောဒီ ငါ့ မြေး ဆက် လုပ်နေရှာတယ် ”  ဒေါ်ကြီးစိုး ရဲ့ စကား ဆုံးတော့ ကဗျာဆရာ က အမျိုးသမီး ကို မေးခွန်း တစ်ခွန်း မေး လိုက်တယ် ။


“ ညည်း ဒီ အလုပ် လုပ် နေတာ ကို ဂုဏ် မယူ မိဘူးလား ” တဲ့ ။ “ ဂုဏ် လည်း မယူချင်ဘူး ၊ လုပ် လည်း မလုပ်ချင်တော့ဘူး ” ကဗျာဆရာ မျက်လုံး ပြူး သွားပြီး ပါးစပ် အဟောင်းသား နဲ့ ။ “ ဟေ ဘာပြုလို့တုံး ဟ ” အပ်စိုက်ဆရာ က ဝင် မေးတယ် ။ “ သင်္ဘော ကပ်ချိန် က မှန် တာ မဟုတ်ဘူး ။ ကပ်ချင်တဲ့ အချိန် ကပ်တာ ရေ နည်းတဲ့ နွေရက်တွေ ပို ဆိုး သေးတယ် ။ သင်္ဘောဆိပ် ပေါ် တာ ကလည်း အနီးအဝေး အမျိုးမျိုး ၊ တစ်ခါတစ်လေ မီးခွက် ထွန်းပြီး သွားရတာ အချိန် မတော်ကြီး ” 


စာတိုက်ဗိုလ်မ က တော့ ပွင့်ပွင့်လင်းလင်း ပဲ ။ သူ့ ရင်ထဲ မှာ ရှိတာ ကို မြို့ ကစာနယ်ဇင်း နဲ့ နီးစပ်သူတွေ လာတာမို့ ဟန်လုပ် ပြော မနေဘူး ။ ရပ်အကျိုး ရွာအကျိုး မို့ သေ တစ်ပန် ၊ သက် တစ်ဆုံးတွေ ဘာတွေ လုပ် မနေဘူး ။ ကဗျာဆရာ က သိပ် မကျေနပ်သေးဘူး ။ ဒီ အလုပ် လက်ဆင့်ကမ်း စေချင်တဲ့ စိတ် နဲ့ နောက်ထပ် မေးခွန်း တစ်ခု ထပ် မေး လိုက်သေးတယ် ။


“ ဒါဖြင့်ရင် ညည်း ရဲ့ သားလေး အရွယ် ရောက် လာရင် ကော ”


“ ဟင့်အင် သူ လည်း မလုပ်စေရဘူး ၊ ကျွန်မ ပင်ပန်းသလို သူ့ ကို မပင်ပန်းစေချင်ဘူး ” ဇာတ်လမ်း က ပြတ်သွားပြီ ။


•••••   •••••   •••••


ကမ်းနီရွာ ရဲ့ ရွာလယ်လမ်း ဆိုရင် လည်း ဟုတ်တဲ့ ဆရာကြီး ရွှေဥဒေါင်း ‘ လပ်ကီး ’ ကို စီးခဲ့တဲ့ လမ်း ကို ကျွန်တော့် တို့ အခေါက်ခေါက် ဖြတ်လျှောက် ခဲ့ကြပြီး ဒေါ်ကြီးစိုး ကို နှုတ်ဆက် ကန်တော့ ခဲ့ကြတယ် ။ ဒေါ်ကြီးစိုး ခမျာ မျက်ရည်တွေ နဲ့ ။ ဦးလှ နဲ့ နောက် တစ်ခါ လာခဲ့ကြဦး လို့ မှာ နေရှာတယ် ။ အင်္ကျီလက် နဲ့ မျက်ရည်လေးတွေ ကို တို့ရင်း သုတ်ရင်း ဒေါ်ကြီးစိုး ကျန်ရစ်ရှာတယ် ။


သင်္ဘော စက်သံ က ကျွန်တော်တို့ ဝမ်းနည်း စိတ် ကို အားပေး နေ သလိုပဲ ။ ဥသြသံ ကို က အဆွေး ဟာမိုနီ စွက် လို့ ။ ဆရာကြီး ရဲ့ ဇနီးဒေါ်ကြီးစိုး ၊ စာတိုက်ဗိုလ်မ ၊ သားလေး မောင်ဇော်နိုင် တို့ နေကြတဲ့ ကမ်းနီရွာလေး  ကျန်ရစ်ခဲ့ပြီ ။ ကျွန်တော် တို့ သင်္ဘော လက်ရန်း တွေ ကိုင်ပြီး တိုင်ပင် မထားပါဘဲ နဲ့ ကမ်းနီရွာလေး မြင်ကွင်း ထဲ က ပျောက်သွား တဲ့ အထိ မတ်တတ် ရပ် ကြည့် နေ မိတယ် ။ မြစ်ပြင်ကြီး က သမထ အားထုတ် နေသလား အောက်မေ့ ရ တယ် ။ အားလုံး မှာ အတွေး ကိုယ်စီ နဲ့ ရှိနေကြမယ့် အချိန် ကျွန်တော့် ရင် ထဲ မှာ ကန့်လန့် ကြီးဖြစ်နေတဲ့ အကြောင်းအရာ တစ်ခု ကို ပြော ချ လိုက်တယ် ။


“ မောင်ဇော်နိုင် ကြီး လာရင် စာတိုက်ဗိုလ် လုပ်မှာပဲ ” စကားပလ္လင် ဘာမှ မခံဘဲ ပြောချ လိုက်လို့ ကဗျာဆရာ က လည်း ပြန် လှည့် ကြည့် လိုက်တယ် ။ “ ကလေး က လူ မကြောက် တတ်ဘူးဗျ ။ စူးစမ်းချင်စိတ် ၊ သိချင်စိတ် လည်း ရှိတယ် ။ ပြီးတော့ စာဖတ် လည်း ဝါသနာ ပါတယ် ။ ဒီ အလုပ်မျိုး ဆိုတာ ကိုယ့် အပေါ်  ရောက် လာရင် ရှောင်လွှဲလို့ ရခဲတယ် ”


ကမ်းနီရွာ မှာ ဗော်လန်တီယာ စာတိုက်ဗိုလ်လေး တစ်ယောက် ရှိစေချင်တဲ့ စေတနာ နဲ့ ထင်ရာ မြင်ရာတွေ စွတ်ရွတ် ပြော ပစ်လိုက်တယ် ။ ကျွန်တော့် စကား ထဲ မှာ ကလေး က စာတိုက်ဗိုလ် အလုပ် ကို ဆက်ခံမယ်လို့ ကျိန်းသေ ပြောနိုင်တဲ့ စကားလုံး တစ်လုံးမှ မပါ ဘူး ။


ဒေါ်ဒေါ်မာ တို့ ဦးလေးပေါ် တို့ မချိပြုံး ပြုံး နေကြတယ် ။ ဦးလေးပေါ် က “ ခင်ဗျား ဘာကို ဆိုလိုချင်တယ် ဆိုတာ ကျွန်တော် သဘောပေါက်တယ် ” တဲ့ ။ အားလုံးပဲ ခဏတိတ် သွားကြတုန်း “ ကိုညို ပြောတာ ဖြစ်နိုင်တယ် ” အပ်စိုက်ဆရာ စာရေးဆရာ ကိုတောလူ ဆီ က စကားသံ ထွက် လာတယ် ။


“ သင်္ဘောဆိပ် ဆင်းခါ နီး တော့ မောင်ဇော်နိုင် ကို နှုတ်ဆက် မလို့ ရှာတာ မတွေ့ကြဘူး ။ ဟုတ်လား ။ ကလေး ဘယ်သွား နေသလဲ သိကြသလား ” ကျွန်တော် တို့ အားလုံး မဖြေနိုင်ဘူး ။ အားလုံးက ကိုတောလူ စကား ကို နားစိုက် နေကြတယ် ။


“ ကလေး ကို သူ့ အမေ က ရွာ ထဲ စာ အဝေ ခိုင်း လိုက်လို့ သွားဝေ နေတာ မောင်ဇော်နိုင် က စာတွေ ကိုင် လို့ ပျော်ပျော်ရွှင်ရွှင် စိတ်ပါ လက်ပါ ထွက် သွားတာ ကျွန်တော် မြင် လိုက်တယ် ” 


•••••   •••••   •••••


နှစ်တွေ လည်း ကြာညောင်း ခဲ့ပြီ ။ အခုချိန် ဆို ရင် ဧရာဝတီမြစ်ကြီး ရဲ့ အရှေ့ဘက် ကမ်း က ကျွန်တော် ရောက်ခဲ့ဖူးတဲ့ အရပ်တွေ ဟာ ဆက်သွယ်ရေးတွေ ကောင်းမွန် ချောမွေ့ပြီး တော်တော် တိုးတက် စည်ပင် နေ လောက်ပြီ ။


မောင်ဇော်နိုင် တစ်ယောက် ဘာတွေများ လုပ်နေမှာ ပါလိမ့် ။  ။


◾ညီပုလေး


📖 ချယ်ရီ မဂ္ဂဇင်း 

     ၂ဝဝဝ ပြည့် ၊ မတ်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment