❝ အချစ် ❞
ဪ .. အချစ် အချစ် ၊ တယ်ပြီး တော့ ဆိုးပါလား နော် ၊ အချစ် ဆိုတဲ့ စက်ကွင်း ကြီး မှ ဝင်မိသူများ မှာ မရူး သော် လည်း မသေရုံ သာ ကျန်ကြတာဘဲ ။ မီး သည် အလွန် ပူ သော် လည်း အချစ်မီး လောက် မဆိုး ၊ အချစ်မီး လောင်သူများ မှာ မီးလောင် သော သူများ ကဲ့သို့ ရုတ်ခြည်း ချက်ချင်း မသေ ၊ တဖြည်းဖြည်း တရွေ့ ရွေ့ နှင့် လောင်ကျွမ်း၍ သေ လေ၏ ။ ဓား တပြပြ နှင့် ခြိမ်းခြောက်၍ ကြိမ်းမောင်းခြင်း နှင့် ချက်ချင်း အထိုး ခံ၍ သေခြင်း က ကောင်း၏ ။ ထို့အတူ တဖြည်းဖြည်း လောင်ရမည့် အစား ၊ ရုတ်ခြည်း လောင်၍ သေခြင်း က ကောင်းပေ၏ ။
အချစ် ဆိုသော ဟာ သည် လူ အပေါင်း တို့ အားလုံး နှစ်သက်ကြ၏ ။ ထို ဟာ ကို အစဉ် သဖြင့် တောင့်တ ကြ၏ ။ ရေငတ် နေသော သူ သည် ရေ ကို တောင့်တ သကဲ့သို့ ၊ လူ အပေါင်း တို့သည် အချစ် တည်း ဟူသော မရောင့်ရဲနိုင် သော ရေ ကို အစဉ် တောင့်တ ကြ၏ ။ အချစ် သည် တစ်ခါတစ်ရံ အလွန် မှ ပျော်ရွှင်သုခ ချမ်းသာ ကို ပေးလေ၏ ။ အပျော် ထဲ က အပျော် တွင် အချစ် နှင့် ပတ်သက်သော အပျော် သည် အလွန် မှ မွန်မြတ် ၍ မရောင့်ရဲ နိုင်သော ပျော်ခြင်း ကို ပေး၏ ။ အနောက်နိုင်ငံသား ပြောလေ့ ရှိသော စကား တစ်ရပ် မှာ မင်း ရဲ့ အချစ် သည် ကျွန်ုပ် ပေါ် သို့ ပုံခဲ့သည် ရှိသော် ကျွန်ုပ် သည် ကမ္ဘာမြေ ပေါ် တွင် အတု မရှိသော ပျော်ခြင်း ဖြင့် ပျော်လိမ့်မည် ဟု ဆိုပေ၏ ။ ထို့ကြောင့် အချစ် သာ လျှင် မွန်မြတ်သော ပျော်ခြင်း ကို ပေးနိုင်၏ ။ မြန်မာစကားပုံ ၌ လည်း ငွေပုံ တွင် ထိုင် ၍ စံစား ရ သော်လည်း မချစ် မနှစ်သက် သော သူ နှင့် ပေါင်းရခြင်း သည် ဆင်းရဲ ဒုက္ခ တစ်မျိုးပင် တည်း ဆိုခြင်း သည် ဤ ဟာ ကို ရည်ရွယ်၍ ပြောခြင်း ပေတည်း ။ ၎င်း သည် တစ်ခါတစ်ရံ လည်း အလွန်တရာ စိတ် ညစ်၍ သေချင် မလောက် ဖြစ် နေသော လူ တစ်ယောက် ကို ဒုက္ခဆင်းရဲတွင်း မှ ကယ်တင် ၍ ပျော်ရွှင်သော ဘဝ ကို ပို့ သောကြောင့် အလွန် မှ ကောင်းပေ၏ ။ ဤကား အချစ် ၏ အကျိုးတည်း ။
သို့သော် တစ်ခါတစ်ရံ လူ ကို နာလန် မထူ နိုင် သော ဘဝ ကို ရောက် အောင် ပို့သည် သာ မက လူ ၏ အသက် ကို ပင် ရန်ရှာ လေ၏ ။ သတင်းစာ အပေါင်း တို့ ၌ လည်း အချစ် ၏ ပြင်းထန်သော ဝေဒနာ ကို မခံရပ် နိုင်သော ကြောင့် အချစ် ၏ ကြိုးဆွဲရာ သို့ လိုက်ပါ ရသော ကံ ဆိုးသူ ချစ်သူ နှစ်ဦး တို့ အကြောင်း ဟူ၍ မကြာမကြာ တွေ့မြင် တတ်ရလေ၏ ။ ထို့ကြောင့် အချစ် သည် အစဉ်သဖြင့် ချမ်းသာသုခ ကို မပေး ။ တစ်ခါတစ်ရံ အလွန် မှ ခံရ ခက် သော ဒုက္ခ ကို ပေးလေ၏ ။ သို့သော် ကျွန်ုပ်တို့ သည် ထို ဟာ ကို မစွန့် မပစ် မခွာ ရက် နိုင် ။ ဤကား အချစ် ၏ အပြစ်တည်း ။
ထို့ကြောင့် လူ ဖြစ်လာ ရင် ဖြစ်ချင်း ကျွန်ုပ်တို့ သည် ထို အကျိုး အပြစ် နှစ်ခု ကို ကြိုက်ရာ ရွေးရ လေ၏ ။ ကံ ကောင်းသော သူများ မှာ အကောင်း ကို ရွေး မိ၍ ၊ ကံ မကောင်းသော သူများ မှာ မကောင်း တာ ရွေးမိ လေ၏ ။
ကျွန်တော် မောင်တင်ဦး မှာ လည်း ထို ကံ မကောင်းသူများ အနက် တစ်ယောက် အပါအဝင် ဖြစ်လေ၏ ။ ထို့ကြောင့် ကျွန်တော် မှာ ယနေ့ ထိ တိုင် တပိန်ပိန် နှင့် အချစ် ၏ ပြင်းထန်သော ဝေဒနာ ကို ခံစား ရ လေ၏ ။
အဘယ့်ကြောင့် ဆိုသော် ကျွန်တော် မှာ တင်တင်မေလေး အား ရိုးတွင်းချဉ်ဆီ မှ မကုန်နိုင်သော အချစ် နှင့် ချစ် လာလေ၏ ။ တင်တင်မေ မှာ ကား ကျွန်တော် ကဲ့သို့ မဟုတ် ၊ ကျွန်တော့် ကို ဂရု မစိုက် ၊ ကျွန်တော် ချစ် နေတာ ကို ပင် မသိ၍ နေရော့ သလား ၊ သူ့ မှာ တော့ အေးအေးလူလူ ၊ အပူအပင် ကင်းသော သူ ကဲ့သို့ ပျော်ရွှင်စွာ သွား လား လာ လား နှင့် ၊ ကျွန်တော့် ကို ပင် အဖက် မလုပ်ဘဲ နေလေ ရ ကား ကျွန်တော့် မှာ အခံရ ခက်ကာ ငါ က တော့ တကယ့် မေတ္တာစစ် နှင့် ၊ တစ်သက် မကွာ အမြဲ ပေါင်းဖို့ စိတ်ကူးတယ် ၊ သူ က တော့ မကြင်နာ မသနား ၊ ရက်ရက်စက်စက် ပြုရက်တယ် ၊ ကောင်းပါပေ့ တင်တင်မေ ရေ ၊ မင်း က တော့ မင်း မာန အားကိုးတာ ကိုး ၊ တစ်ဖက် လူသား မှာ တော့ မင်း ချစ်တဲ့ အချစ်မီး နှင့် တော့ ကျွမ်းရုံ ရှိတာပဲ ၊ အသက် တစ်ချောင်း ဟာ ဖြစ်ခဲတာ မို့ ၊ တင်တင်မေ ရေ ကယ်ထိုက်လှပါတယ် ၊ ဪ .... တစ်ဦး မေတ္တာ တစ်ဦး မှာ ဆိုတဲ့ စကား ဟာ ဒီနေရာ မှာ တော့ လွဲပါလား နော် ၊ အချစ် အချစ် တယ်ပြီး ဆိုးဝါးပါ လား ၊ အသက် အတွက် ဖြင့် မောင် ဖြင့် ရူးပြီ အချစ် ရဲ့ ဟု ကျွန်တော် မှာ အချစ် ငန်း ဖမ်း နေ သဖြင့် အရူး သဖွယ် တွေးမိတွေးရာ ထင်ရာစိုင်း ကာ တွေး လေ၏ ။
သို့သော် တစ်ခါတစ်ရံ တွင် ငါ ၏ အချစ် သည် သူ သိမည် လော ၊ ငါ သည် သူ မသိ ငါ ပိုး ဆိုဘိ သကဲ့သို့ ၊ ငါ သာ လျှင် အိပ်ပိုး ... ကျိတ်ပိုး နေ သဖြင့် သူ သိမည် လော ဟူသော မေးခွန်းများ ကို အဖန် တလဲလဲ စဉ်းစား ကာ ခေါင်းရှုပ် လာ သဖြင့် ရပ် လိုက် ရလေ၏ ။
ထိုသို့နှင့် ပင် ရက်တွေ ကုန်ခဲ့ သော်လည်း တစ်နေ့သော ကျောင်းအား အချိန် တွင် ကျွန်တော် သည် အိမ်ရှေ့ ပက်လက်ကု,လားထိုင် ၌ မှီကာ တင်တင်မေ ၏ ရက်စက်ပုံ ၊ စိမ်းကားပုံ တို့ ကို အမျိုးမျိုး စဉ်းစားခန်း ထုတ် ကာ ယောက်ျား တို့ လုံ့လ ၊ သေခါ မှ လျှော့ရမည် ဟူသော စကားပုံ ကို သတိရ သဖြင့် မည်ကဲ့သို့ မည်ပုံ ကြံစည်ရမည် ကို စဉ်းစား နေ စဉ် ရုတ်တရက် နောက် သို့ လန် သွားလေ၏ ။
တင်တင်မေ မှာ မမျှော်လင့် ၊ မတောင့်တ ဘဲ အိမ် ထဲ သို့ ဝင်လာ ပြီး လျှင် တရှုပ်ရှုပ် ငိုကာ “ ကိုဦး ရဲ့ တင်မေ ကို မကယ်နိုင်တော့ဘူး လား ၊ တင်မေ ဖြင့် အရှက် လည်း ရ အကျိုး လည်း နည်း ကုန်ပြီ ၊ တင်မေ ဖြင့် ဒီ တစ်သက် မှာ လူမြင် မခံဝံ့တော့ဘူး ကိုဦး ရဲ့ ၊ ကိုဦး မှ မကယ် ရင် တင်မေ ဖြင့် တင်မေ ကိုယ် တင်မေ သ,တ်သေလိုက်တော့မယ် ၊ ကိုဦး ၊ တင်မေ မှားပါပြီ ၊ ဝန်ချပါတယ် ၊ ကိုဦး တင်မေ ကို ချစ်တယ် ဆိုတာ သိပါတယ် ၊ ခုတော့ဖြင့် လွန် ကုန်ပြီ ကိုဦး ရဲ့ ”
ကျွန်တော် မှာ တင်မေ ပြောသည့် စကား ကို နား မလည်ဘဲ တင်မေ တရှုပ်ရှုပ် ငို နေသည် ကို ပင် အလွန် သနားသည့် မျက်နှာ နှင့် ကြည့် ကာ ...
“ မဟုတ်ပါဘူး တင်တင်မေ ရဲ့ ပြောပါဦး ၊ ဘာများ ဖြစ်သလဲ လို့ ၊ တင်မေ အတွက် ဆိုရင် ကိုဦး အသက် နှင့် လဲပြီး အသေခံပါမယ် ”
တင်တင်မေ မှာ ကျွန်တော် ပြောသည် ကို အားတက် သွားပြီး နောက် တစ်စုံတစ်ခု ကို စဉ်းစား မိ သဖြင့် မျက်နှာ ညှိုး သွား ပြီးလျှင် ...
“ တင်တင်မေ မှားတာပဲ ကိုဦး ရဲ့ တင်တင်မေ ယုံလို့ သူ့ ကို ပုံအပ်တာ ၊ ခုတော့ ငါးပါး မှောက်တာပဲ ၊ ကိုဦး ရဲ့ ”
“ ဟင် ... ဘယ်သူလဲ ”
“ ဝန်ထောက် တူ မောင်ခင်လှိုင် ”
ကျွန်တော့် မှာ ငယ်ထိပ် သို့ သွေးတက် ရိုက် သဖြင့် မူးမိုက် သွားပြီး လျှင် မျက်လုံး နှစ်ဖက် မှာ လည်း သံပူရေ လောင်း ထည့် သကဲ့သို့ ၊ ကျိန်း၍ ပူစပ် သဖြင့် မခံရပ်နိုင်ဘဲ မျက်လုံး ကိုစုံ မှိတ်ကာ ပြင်းထန်သော ဝေဒနာ ကို ခံစားရ လေ၏ ။
“ ကောင်းပါပေ့ မတင်တင်မေ ရေ ၊ မင်း လုပ်ပုံ သေသပ်ပါရဲ့ ၊ ရက်စက် နိုင်ပါပေ့ ၊ မစိမ်းကားကြီး ၊ ဒါကြောင့်မို့ မင်း ငါ့ အချစ် ကို လက်မခံ နိုင်တာကိုး ၊ မင်း က အတွေ့ ကောင်း ၊ ခံတွင်း မိ နေတာ လား ၊ ခုတော့ မင်း က သူများ လှည်းကျိုး ဝင် ထမ်းခိုင်းပြီး ၊ ဒူးမနာ သားကလေး ကိုယ့် သား မှတ်ပြီး လုပ်ကျွေး နေရဦး မှာ ၊ မင့် နှယ်ကွယ် ၊ တစ်ယောက် ဆို လည်း တစ်ယောက် နေ ရောပေါ့ ၊ ဘာလို့ ငါ့ ကို လာပြီး စိတ်ဒုက္ခ ပေးရတာလဲ ”
“ ပြောပါ ၊ ပြောပါ ကိုတင်ဦး ရယ် ၊ ကျွန်မ အပြစ် ကိုး ၊ သို့သော် အစ က အဆုံး နား ထောင်ပြီး သ,တ်ပစ် ရင် လည်း သေရဲပါတယ် ၊ ကိုတင်ဦး နှင့် ကျွန်မ မှာ တစ်ရပ်တည်း နေ တစ်ရေတည်း သောက် တာ မို့ တွေးပြီး သနားသင့် ပါ တယ် ၊ ကျွန်မ ရှင့် ကို စိတ်ဒုက္ခ ပေးတာလည်း မဟုတ်ပါဘူး ”
ကျွန်တော် မှာ စိတ် ထွက်လာပြီး အမယ်လေး သနားစရာလေးပါလား တယ် လည်း သနားစရာ ကောင်းတဲ့ ဟာကလေး ပါ လား ၊ ငါ က မင့် ကို သနားပြီး ကလေး တစ်ယောက် မွေးပြီး ငါ နဲ့ လက်ထပ်ပါ ဆိုချင်သလား ဟုတ်လား ၊ အစက များ ငါ့ ကို မြင်ရင် အဖက် မလုပ်ချင် လုပ်ပြီး မာနကြီး မြိုင်မြိုင် သုံးကာ ခုတော့ ၊ ဟား ... ဟား .. ငါ့ ကို တောင် ရှယ်ယာ ဝင်ခိုင်းတယ် ၊ ကျေးဇူး တင်ပါ တယ် မာနရှင်လေးရယ် ဟု ကျွန်တော် မှာ ပြောသာ ပြော ရ သော်လည်း ကိုယ် က မချိ ဘဲ ၊ တင်တင်မေ ၏ စိမ်းကားပုံ ကို မျက်စိ ၌ မြင်ယောင်ကာ ဝမ်း ထဲ မှ လှိုက်လှိုက် တက် လာသည့် အပူလုံးကြီး ကို အသာ ကျိတ် ကာ ဖိရင်း စား ရ မှာ လည်း သဲ တရှပ်ရှပ် ၊ ပစ် ရ မှာ လည်း အဆီ တဝင်းဝင်း ဆို သကဲ့သို့ တင်တင်မေ အား တစိမ့်စိမ့် ကြည့်ရှု ကာ အသည်း ၊ အဆုတ်တွေ မှာ အရည်ပျော် ၍ ကျ သလို ဆွေးမြည့် ဖိုလှိုက် ၍ နေလေ၏ ။
“ ဪ .... ကိုတင်ဦး ၊ တင်တင်မေ့ ကို အမုန်းကြီး မုန်း သွားပေါ့နော် ၊ မုန်း ဆို လည်း မုန်းစရာပဲ ၊ ဒါ ညည်း အပြစ် မိတင်မေ ရဲ့ ၊ ဘယ်သူ မပြု ညည်း အမှု ၊ ကဲ ညည်း အမှု ညည်း ပဲ စီရင်တော့ ၊ ဪ .... ခုတော့ အားကိုးစရာ ကင်း ပေါ့ ကိုတင်ဦး ရေ ၊ မိတင်မေ အမှု မိတင်မေ ပဲ စီရင် လိုက်မယ် ၊ သွားတော့ မယ်နော် ကိုတင်ဦး ရေ ၊ ကိုတင်ဦး သွားပြီ ”
ကျွန်တော် မှာ အူအသည်း ပြတ် ကျကာ ကမ္ဘာကြီး ချာချာလည် သည် ဟု ထင်မှတ် ကာ ဘာမှ မမြင်ဘဲ မျက်ရည်တွေ ဖြိုင်ဖြို င်စီးကာ နေစဉ် “ အမယ်လေး ငယ်ချစ်လင် ရယ် ၊ တင်တင်မေ ပျိုတစ်ပါးတော့ လင်ယူ မှားတာမို့ သွားပေါ့ နော် ” ဟု ပြောသံ ကြားရပြီး နောက် “ ဒိုင်း ” ခနဲ ကျ သံ ကြားရလေ လျှင် ၊ ကျွန်တော် မှာ ပြည့်ဖြိုးဝေထန် နေသော မျက်ရည်များ ကို သုတ်ကာ ကပျာကယာ တင်တင်မေ ဆီ သို့ ပြေး၍ ပွေ့ဖက်မည် လုပ်ရာ ၊ တင်တင်မေ မှာ သွေးအိုင် ထဲ တွင် လူးလဲ နေသည် ကို တွေ့မြင် ရ သဖြင့် ကျွန်တော် မှာ လူစိတ် ပျောက်သွား ပြီး လျှင် ၊ အရူး စိတ် ဝင်ကာ အတင်း ပွေ့ဖက် ကာ အသက်များ ရှိသေးရဲ့လား ဟု ရင်ဘတ် ပေါ် သို့ ခေါင်း တင်ကာ နားထောင် လေ ရာ ၊ တင်တင်မေ မှာ ကျွန်တော် နှင့် ကမ္ဘာ ကို မုန်းသွားသည် ကို သိ သဖြင့် တစ်ကိုယ်လုံး သွေးကြော ၊ လေကြောများ သည် ဆူပူ ထကြွလာပြီး လျှင် ၊ ရင်တွင်း မှ ဖောင်းကြွ ရင့်မာ လာ သော အဆွေးလုံးကြီး သည် ပေါက်ကွဲ သွားပေ၏ ။
“ အမယ်လေး တင်တင်မေ ရဲ့ မင်း တယ် ရက်စက်ပါလား နော် ၊ မင်း ကျုပ် ကို တွင်တွင်ကြီး မုန်းသွားပေါ့ အသက် ရဲ့ ၊ အချစ်ဦး ရဲ့ ကျုပ် မှားပါပြီ ၊ ထ ပြီးတော့ ငတင်ဦး ရူးပုံ ကို ကြည့်ပါဦး တင်တင်မေ ရဲ့ ၊ အမယ်လေး မင်း ကိုယ်လုံး တစ်ပိုက်တစ်ပွေ့ကြီး ကို ငတင်ဦး ဘယ့်နှယ် ပစ် နိုင်မလဲ တင်တင်မေ ရဲ့ ၊ အမိုက်မကလေး မင်း တယ် မိုက်ပါလားနော် ၊ ဟေ့ ငတင်ဦး .. မင်း ပယောဂ ကြောင့် တင်တင်မေ သေ သွားပြီ ၊ တင်တင်မေ ရေ ၊ ငတင်ဦး အဆွေးကြီး ကို ဘယ်လို လုပ်ပြီး မေ့ပစ် နိုင် မလဲ ၊ မင်း ကို ချစ်ခဲ့တဲ့ မီး နှင့် တော့ ငတင်ဦး ဒီ တစ်သက် မှာ ပျော်ဖို့ အတွက် မရှိတော့ဘူး ၊ လူတန်း မစေ့တော့ဘူး နော် ၊ ဒီ ဘဝ မပေါင်းရ သော် လည်း နောင် ဖြစ်လေရာ ဘဝ ဘ ဝမှာ ပေါင်းရ ဖို့ ဆုတောင်းရစ်ခဲ့ မနော် အချစ် ရဲ့ ၊ နှမ တင်တင်မေ ရဲ့ ၊ မောင့် ဖြစ်အင် ကို ရှုလှည့်ပါဦး ၊ ဟယ် ... ငတင်ဦး မင့် အတွက် ကြောင့် တင်တင်မေ သေ သွားပြီ ၊ မင်း နေလို့ ဘာ အကျိုး ရှိမတုံး ” ဟု ပြောကာ ၊ ကျွန်တော် မှာ တင်တင်မေ ဓား ကို ယူ ကာ “ တင်တင်မေ ၊ မောင့် အချစ်ဆုံး ရဲ့ ၊ မောင်ကြီး လိုက်ခဲ့ပြီ ၊ ဆီးကြို လှည့်ပါ ” ဟု ပြောကာ မျက်စိ မှိတ် ကာ တအား ထိုး လိုက် လေ လျှင် ကျွန်တော် သည် ပက်လက်ကု,လားထိုင် ပေါ် မှ လဲကျ သွားလေ၏ ။
◾ရွှေလဲတင်ဦး
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment