Tuesday, February 20, 2024

ဝါသနာ မပါတဲ့ အလုပ် နဲ့ ကြီးပွားသူ


 

❝ ဝါသနာ မပါတဲ့ အလုပ် နဲ့ ကြီးပွားသူ ❞

[ မြို့ပြ ကို ပြောင်းရွှေ့ အခြေချ နေထိုင်ကြသူတွေ ထဲ မှာ ဒုက္ခတွေ ပင်လယ် ဝေ ရ သူတွေ ရှိ သလို အဆင်ပြေ သူတွေ လည်း ရှိတယ် ။ လုံ့လ ဝီရိယ ရှိပြီး အလုပ် ကြိုးစားမယ် ၊ အတတ်ပညာ အခြေခံ ပါတယ် ဆိုရင် မြို့ပြ မှာ ရပ်တည် ဖို့ ဖြစ်နိုင်တယ် ။

တက်နေဝင်း ဓာတ်ပုံတိုက် ပိုင်ရှင် ဦးစန်းမောင် ( ၆၈ နှစ် ) ကို မန္တလေးမြို့ မှာ လူသိ များတယ် ။ သူ က မြို့မိမြို့ဘ လူကြီး ပါ ။ ဦးစန်းမောင် ဟာ လက်ဖဝါး ဗလာ နဲ့ အသက် ၂ဝ ကျော် စ လူငယ် အရွယ် မှာ မန္တလေးမြို့ ကို ရွှေ့ပြောင်း ရောက်ရှိ လာခဲ့တယ် ။ မန္တလေး ၊ မုံရွာ ၊ ရန်ကုန်မြို့ တွေ မှာ တက်နေဝင်း အမည် နဲ့ ဓာတ်ပုံဆိုင် ငါးခု ကို ဦးစန်းမောင် ဖွင့် ထားတယ် ။ အခြား လုပ်ငန်းတွေ လည်း ထူထောင် ထားတယ် ။

သည် အခြေအနေ ကို ရောက် အောင် သူ လျှောက်လှမ်း လာခဲ့ရတဲ့ ခရီး ကို ဦးစန်းမောင် က ပြောပြပါတယ် ။

•••••   •••••   •••••

ကျွန်တော့် ကို ဘုတလင် မှာ မွေးတယ် ။ မိဘတွေ က ပထမ တော့ ဈေးသည် ၊ နောက် တော့ ဖော့ဦးထုပ်တွေ လုပ် ရောင်းတယ် ။ မြင်ဖူးလား မသိဘူး ၊ ရှေးတုန်းက လူတွေ ဆောင်းခဲ့ကြတဲ့ ဖော့ဦးထုပ် အဝိုင်းကြီးတွေ ၊ အဲဒါမျိုး လုပ်တာပေါ့ ။ မိဘတွေ ရဲ့ လုပ်ငန်း က စားဝတ်နေရေး ပြေလည်ရုံ ပဲ ဆိုတော့ ကျွန်တော့် ကို ပညာ သင်ဖို့ ဘုန်းကြီးကျောင်း မှာ ပဲ ထား နိုင်တယ် ။ တန်းကျောင်း မနေခဲ့ရဘူး ။ မိဘ အလုပ် ကို ကူ လုပ် ပေးဖို့ လူ လို တော့ ဘုန်းကြီးကျောင်း မှာ လည်း လေးနှစ် လောက် ပဲ ပညာ သင် ပြီး ထွက် ခဲ့ရော ။

ကျွန်တော့် အသက် ၁၆ နှစ် ၁၇ နှစ်သား အထိ ဘုတလင် မှာ ပဲ နေကြတယ် ။ နောက်တော့ သူပုန်တွေ က ရပ်ရွာ မအေးချမ်း တော့ ကျွန်တော် မုံရွာ ကို ပြောင်းခဲ့ကြ ရတယ် ။

မုံရွာ မှာ တစ်လ နှစ်ဆယ် နဲ့ အိမ် ငှားပြီး နေ ကြတယ် ။ မိဘတွေ က တော့ ဖော့ဦးထုပ် လုပ်ငန်း ကို ဆက် လုပ်တယ် ။ ကျွန်တော့် ကို အဖေ က ဓာတ်ပုံပညာ သင် ခိုင်းတယ် ။ မုံရွာ က အောင်မြန်မာ ဓာတ်ပုံတိုက် မှာ အသင် အပ် တယ် ။ အဖေ က ပညာသင် အပ် လို့ သာ သင်ရတယ် ၊ ကျွန်တော် က ဝါသနာ မပါဘူး ။ မိဘ ခိုင်းတော့ လုပ်ရတာပေါ့ ။

ဓာတ်ပုံဆိုင် မှာ နှစ်နှစ် သုံးနှစ် သင်ရတယ် ။ ဓာတ်ပုံဆိုင် က ဓာတ်ပုံ ရေ ဆေး တာ ခြောက်လ လောက် လုပ် ခိုင်းတယ် ။ ဓာတ်ပုံတွေ ရေ ဆေးခိုင်းတယ် ဆိုတာ အနိမ့်ဆုံး အလုပ် ပေါ့ ။ နောက် ခြောက်လ ကျတော့ ဓာတ်ပုံ ခဲထိုး တာ ခြောက်လ ၊ ခုနစ်လ ကြည့် ရ ပြန်တယ် ။ ဓာတ်ပုံ အရိုက် တော့ သင် မပေးသေးဘူး ။ ကျွန်တော့် အဖေ က တော့ ဆိုင် ကို နေ့တိုင်း လာပြီး ကျွန်တော် ဘာ လုပ်ရလဲ နေ့တိုင်း လာ လာ ကြည့်တယ် ။

အဖေ က သား ဖြစ်တဲ့ ကျွန်တော့် ကို မင်း ဓာတ်ပုံ ရိုက်တတ်ပြီလား မမေးဘူး ၊ ဖော့ဦးထုပ် ရောင်း ဖို့ မန္တလေး သွားရင်း သုံးချောင်းထောက် ကင်မရာကြီး တစ်လုံး ဝယ်ချ လာတယ် ၊ ကင်မရာ က အဝတ် ခြုံပြီး ထောက်ကြီး နဲ့ ဟာမျိုး ပေါ့ ။ ဒါကြီး ဝယ် လာ တော့ အရပ် ထဲ က ကလေးတွေ ကို ကျွန်တော် က လိုက် ရိုက်တယ် ။

ကြာတော့ ကလေးတွေ က အရိုက် မခံချင်လို့ ရှောင်ပြေး ကုန်ကြရော ။ ကျွန်တော် ဘုရားတွေ လည်ရိုက် တာပေါ့ ။

နောက်တော့ မုံရွာ မှာ တက်နေဝင်း ဆိုတဲ့ အမည် နဲ့ ဓာတ်ပုံဆိုင် ဖွင့်တယ် ။ ဓာတ်ပုံဆိုင် ဖွင့် လို့ မှ ဘာ ကြာတုန်း မုံရွာမြို့ ကို မီးကြီး လောင် တော့ အဲသည် ကင်မရာကြီး လည်းပါ သွားရော ။ ကျွန်တော် တို့ လည်း ဆွဲမိဆွဲရာ ဆွဲပြေး လာရပြီး ချင်းတွင်းမြစ်ကမ်း က ဝါးဖောင်တွေ ပေါ် ဆင်း အိပ် ရတယ် ။ နောက်နေ့ မနက် ကျတော့ အဝတ် တစ်ထည် ကိုယ် တစ်ခု နဲ့ မိသား တစ်စုလုံး မန္တလေး တက်ခဲ့ကြတယ် ။ အဲဒါ ၁၉၅၈ ခု ကပေါ့ ။

မန္တလေး ရောက်တော့ တောင်သမန်ကျောင်းတိုက် ထဲ က သဖန်းကျောင်း မှာ ခေတ္တ တည်း နေကြတယ် ။ ဘုန်းကြီးကျောင်း မှာ နှစ်လ သုံးလ လောက် တည်း နေ ပြီးတော့ မြေ တစ်ကွက် ကို ဝင်း ထဲ မှာ တစ်လ လေးဆယ် နဲ့ ငှားပြီး အိမ်ကလေး ဆောက်တယ် ။ ဓာတ်ပုံဆိုင်ကလေး ဖွင့်တယ် ။ ကင်မရာ က ဝမ်းတွမ်တီး ကင်မရာ နဲ့ ။

အဖေ က ရောင်လုံးကြီး နဲ့ ရှေးဗမာ ပုံ မျိုး ။ အဖေ့ မှာ အနုပညာစိတ် ရှိတယ် ။ ဓာတ်ပုံ ရိုက်ဖို့ ဘက်ဂရောင်း ပန်းချီတွေ ဆွဲ ပေးတယ် ။ သူ့  ပုံ ရောင်ထုံးကြီး နဲ့ မန္တလေး ကို လာ တိုးလို့ ဘယ် ရမှာလဲ လို့ ပြော ကြတယ် ။ အဖေ က သားသမီး ကို ဖြစ်စေချင်တဲ့ စိတ် ထက်သန်တယ် ။

ကျွန်တော်တို့ ဆောက် ထားတဲ့ အိမ် က မျောတိုင် နဲ့ ။ အပေါ်ထပ် တက် ရိုက် ရတာ ။ လူ တက် လာ ရင် အိမ် က ယိမ်းထိုး နေတာ ၊ ဝင်း ထဲ ဝင် ၊ အိမ်ကလေး အပေါ်ထပ် အထိ တက် လာပြီး ဓာတ်ပုံ ရိုက် တဲ့ လူ ရောက် လာ ရင် ထောက် ပေါ်  တင် ထားတဲ့ ကင်မရာ မလှုပ် အောင် ဘေး က ပါလာ တဲ့ လူ ကို ငြိမ်ငြိမ်ကလေး နေပေး ဖို့ ပြော ရတယ် ။ ကင်မရာ ငြိမ် မှ လက်ငြိမ် မှ ဓာတ်ပုံ က ကောင်း မှာ ကိုး ။

အဖေ က အလုပ် လုပ် မှ ကြိုက်တာ ။ အခါကြီး ရက်ကြီး တွေ မှာ သူများတွေ လို ဆိုင် မပိတ်ဘူး ။ သည် ရက် မှာ လူတွေ က သွားလာ လည်ပတ် ကြတာ မို့ ဓာတ်ပုံ ရိုက်ရတယ် ။ အဖေ့ ကြောက် တော့ နားရက်ရယ် လို့ လည်း မယူခဲ့မိပါဘူး ။ ယခု တော့ ဒါ အကျင့် ပါ နေပြီ ။

မန္တလေးမြို့ အနီးတစ်ဝိုက် ဧရာဝတီမြစ်ရိုး တစ်လျှောက် မှာ ရွာတွေ ရှိတယ် ။ စက်ဘီး တစ်စင်း ကို သုံးရာ နဲ့ ဝယ်ပြီး ရွာစဉ် စက်ဘီး နင်း ပြီး သွားတယ် ။ ဓာတ်ပုံ လိုက် ရိုက် ရတာပေါ့ ။

ရွာတွေ မှာ အလှူမင်္ဂလာ ရှိရင် လည်း သွား ရိုက်တယ် ။ အလှူအတန်း တွေ က လည်း ဆောင်း ခါ မှာ များတယ် ။ ရွာ က အိမ်တွေ က ဝါးကြမ်း ခင်းထားတာ ၊ ည မှာ ဆိုရင် ကြမ်းကြား လေ က လည်း အေး လိုက်တာ ၊ ချမ်း လိုက်တာ မအိပ်နိုင်ဘူး ။ အလှူမင်္ဂလာ ဓာတ်ပုံ ရိုက် ရ ရင် ရိုက်တာ က တစ်ခေါက် ၊ ဓာတ်ပုံ ကူးပြီး လို့ ပို့ရတာ က တစ်ခေါက် သွားရတယ် ။ လှည်းလမ်း ချပ်ကြားတွေ မှာ စက်ဘီး နင်းရတာ မို့ ပင်ပန်းတယ် ။ ဒါကြောင့် အချို့ ကို လည်း ဓာတ်ပုံ ကို ဆိုင် လာ ရွေးလှည့်ပါ ပြောတယ် ။

တောသူတောင်သားတွေ ခမျာ အဆင် ပြေကြတာ က နည်းတယ် ။ လှူ တဲ့ အချိန် မှာ ကုန်ချင် သလောက် ကုန်ပစေကွာ ဆိုပြီး ချ ထည့် လိုက်တယ် ။ ကြွေး တင်တာ ကျန်တာ သီးနှံ ပေါ် မှ ရှင်းတယ် ။ ကျွန်တော့်  ဓာတ်ပုံတွေ က အလှူ ပြီး မှ ရှင်းရတာ ဆိုတော့ အလှူဒကာ ကြွေး တင်ရင် ပြီးပြီ ။ သူတို့ အဆင် ပြေတာ နဲ့ မဖြစ်မနေ တော့ ရွေးကြပါတယ် ။

မိဘ နဲ့ အတူ နေပြီး ကြိုးစား အလုပ် လုပ်တာ မိဘတွေ နေဖို့ လည်း ဝယ်ပေး နိုင်တယ် ။ အိမ်ထောင် ကျ ပြီး ဆယ်နှစ် လောက် မိဘတွေ နဲ့ အတူ နေပြီး မှ ကျွန်တော် အိမ် ခွဲတယ် ။ မြေဝယ် ပြီး အိမ် ဆောက်တယ် ။ ဓာတ်ပုံဆိုင် ဖွင့်တယ် ။

ကျွန်တော် က အလုပ် လုပ်ချိန် ကို သူများ ထက် နာရီ များများ ပို ရအောင် ကြိုးစားတယ် ။ သူများ ဆိုင် က မနက် ၈ နာရီ ဖွင့်တယ် ။ ကျွန်တော် က မနက် ၆ နာရီ ဆိုင် ဖွင့် တော့ သူများ ထက် အလုပ်ချိန် ၂ နာရီ ပို ရတယ် ။ အဲဒီ ၂ နာရီ အတွင်း ပတ်စပို့ သုံးလေးယောက် ကျွန်တော် ရိုက်ပြီး သွားပြီ ။ သူများ က ညနေ ၆ နာရီ ဆိုင် ပိတ်တယ် ။ ကျွန်တော် က ည ၈ နာရီ အထိ ဖွင့် ထားတော့ ပို ရိုက်ရတယ် ။

တစ်ယောက် ယောက် က ဓာတ်ပုံ တစ်ပုံ လောက် ရိုက်ချင် လို့ အိမ် လိုက် ရိုက်ပေးပါ ခေါ် လည်း လိုက် သွားတယ် ။ တစ်ပုံ တည်း ကွာ မလိုက်ဘူး ၊ ဖလင် ဖြတ် ရမှာ မို့ မရိုက်ဘူး ဆိုတာမျိုး မလုပ်ဘူး ။ သူ က ကျွန်တော့် ကို ပြောလို့ ဆိုလို့ ကောင်းတယ် ၊ ခိုင်း လို့ ကောင်းတယ် ဆိုပြီး သူများ ကို တစ်ဆင့် မိတ် ခေါ်  ပေးတယ် ။ ဒါ ကျွန်တော် အကျိုး ခံစားရတာပဲ ။

ကျွန်တော် အလုပ် လုပ်ပြီး ဝင်ငွေ ရှာ ရာ မှာ ဘုရား ရှေ့ က အလှူခံသေတ္တာ ကို နမူနာ ယူတယ် ။ တစ်မတ် ထည့် သူ လည်း ထည့် ၊ ငါးမူး ထည့် သူ လည်း ထည့် ၊ ထည့်ဖန် များတော့ သေတ္တာ ပြည့်တာပဲ ။

ကျွန်တော့် ဆိုင် ထဲ ဝင် လာတဲ့ လူတိုင်း ကို စိတ်တိုင်း ကျ ပြီး အဆင်ပြေ အောင် ကျွန်တော် လုပ် ပေးတယ် ။ အချို့ က မာန နဲ့ မကျေနပ်မှု အလို မကျမှုတွေ နဲ့ ဆိုင် ထဲ ဝင် လာတာ ။ ဆိုင် ထဲ ကို ဒေါသ နဲ့ ဝင် လာတဲ့ သူ ကို တောင် ထိုင်ပါဦးဗျာ လို့ ကျွန်တော် ပြောမယ် ၊ သူ့ မှာ ချွေးသီးတွေ နဲ့ ဆို ယပ်တောင် ပေးပြီး နားခိုင်းမယ် ။ ကိုယ် က မေတ္တာ ပေး မှ သူ ထိုင်မယ် ၊ ထိုင် မှ ကိုယ့် အပေါ် နားလည်ပြီး အလုပ် အပ်မယ် ။ ဒါမှ ဝင်ငွေ ရှိမှာ ၊ သူ က ထန် နေတာ ကိုယ် က လည်း မာန နဲ့ ပြန် ထန် ရင် လန် ကုန် မှာ ပေါ့ ။

ကျွန်တော့် ဆက်ဆံရေး ၊ ဝိရိယ နဲ့ ကြိုးစားမှု ကြောင့် အဆင် ပြေတာ ။ ကျွန်တော့် ဉာဏ် က အလယ်အလတ် ပါ ။ အချို့ ကျွန်တော့် ထက် ဓာတ်ပုံပညာ တတ်သူတွေ ရှိတယ် ။ ဒါပေမယ့် မာန်တွေ နဲ့ အိုက်တင် ခံ နေတော့ အလုပ် က ဖြစ် သင့် သလို ဖြစ် မလာဘူး ။ ကျွန်တော့် မှာ ပိုက်ဆံကလေး အပို ရှိရင် ကိုယ် အသုံး လို မယ့် ဓာတ်ပုံ ပစ္စည်းလေးတွေ ဝယ် ထားတယ် ။ ဖလင်လေး ဝယ်ထား ၊ စက္ကူလေး ဝယ်ထား ပေါ့ ။ နယ် က လာ တဲ့ ဓာတ်ပုံသမားတွေ ကို ပြန် မျှ ပေးတယ် ။ ဒီလိုနဲ့ မိတ်တွေ ရ လာတယ် ။ သူတို့ လိုချင်တဲ့ ပစ္စည်း ကိုယ့် ဆီ မရှိ လည်း စက်ဘီးကလေး နဲ့ ရှိတဲ့ ဆီ ပြေးပြီး ဝယ် ပေးတယ် ။ လူမှုရေး ပြေလည်မှု အတွက် လုပ် ပေးရင်း ဓာတ်ပုံ ပစ္စည်းဆိုင် တစ်ခု ဖြစ် လာတယ် ။ ရတဲ့ ငွေ ကို ပစ္စည်း ဝယ် ဝယ် ထားတော့ ငွေ ဖောင်းပွတဲ့ ဒဏ် မခံရဘူး ။ ကျွန်တော့် မှာ ဖြုန်းတီးမှု မရှိဘူး ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး အချိန် ဖြုန်း ငွေ ဖြုန်း ခဲ့တာ မရှိဘူး ။ မစားရက် မသောက်ရက် ကုတ်ကပ် နေတာ တော့ မဟုတ်ဘူး ။ ကျွန်တော် ဂျပန်ပြည် ကို လည်း သွား လည်ခဲ့ ပြီးပြီ ၊ မလေးရှား ၊ စင်ကာပူ ၊ ထိုင်း စတဲ့ ငါးနိုင်ငံ လည်တာ လည်း သွားခဲ့တယ် ။ အိန္ဒိယ ဗုဒ္ဓဂါယာ ဘုရားဖူး လည်း သွားခဲ့တယ် ။ ကိုယ် ရှာတဲ့ ပိုက်ဆံ ကိုယ် ပြန် သုံးတယ် ။

ကျွန်တော့် ဆီ မှာ အလုပ်သမား မြဲတယ် ။ အချို့ ဆို ၁၅ နှစ် ၊ အနှစ် ၂ဝ ရှိတယ် ။ နှစ် ၃၀ လုပ်ခဲ့ပြီး မြဲ နေတဲ့ လူ တောင် ရှိတယ် ။ ဝန်ထမ်း ရဲ့ အခြေအနေ ကို ကြည့်ပြီး သူတို့ အတောင်း မခံနိုင်ဘူး လခတိုးသင့် တဲ့ အချိန် မှာ တိုး ပေးတယ် ။ ဝန်ထမ်း တစ်ယောက် အိမ်ထောင် ကျတယ် ဆိုရင် ကိုယ် က မျှတ အောင် တိုး ပေး လိုက်တယ် ။ မကျန်းမာဘူး ထင်ရင် သူတို့ ပိုက်ဆံ အနုတ် မခံဘူး ကိုယ် က ထုတ် ပေးပြီး ဆေး သွား ထိုးချေ ခိုင်းတယ် ။

ကျွန်တော် က ဟိုဟာ စမ်းစမ်း ၊ ဒီဟာ စမ်းစမ်း ၊ ဟိုလိုင်း ပြောင်း ဒီလိုင်း ပြောင်း လုပ်တာ မကြိုက်ဘူး ။ ဓာတ်ပုံ ဝါသနာ မပါပေမယ့် မိဘ က လုပ်စေချင် တော့ မိဘ စိတ် ချမ်းသာအောင် လုပ်တယ် ။ ကိုယ် လုပ်မိတဲ့ အလုပ် ကို တစိုက်မတ်မတ် ကြိုးစား လုပ် တော့ လည်း ဖြစ် သွားတာပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘ၀ဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment