Wednesday, February 28, 2024

မိန်းမတို့ အတွက် မိန်းမ ပညာ


 

❝ မိန်းမတို့ အတွက် မိန်းမ ပညာ ❞

နေ့စဉ် သတင်းစာများ တွင် ပါ နေကျ အသုဘ ဖိတ်စာများ ကို အမှုမဲ့ အမှတ်မဲ့ ဖတ်မိရာ က ကျွန်မ ၏ စိတ် ကို လှုပ်ရှား သွားစေသော ဖိတ်စာ တစ်ခု ပါ လာ ပါသည် ။

ဘယ်မြို့ က ဘယ် အရာရှိ ၊ ဘာမှူး ၊ ဗိုလ်ကြီး ဘယ်သူ ... စသည်တို့ ၏ နာမည်များ နောက် တွင် သူ့ နာမည် ကို တွေ့ ရပါသည် ။

“ ဟယ် ... သူတို့ အဖေလား ” ဟု ဖိတ်စာ ကို အသံ ထွက် ဖတ် နေသော ကျွန်မ အား ခင်မိမိ က မေးလိုက်ခြင်း ဖြစ်ပါသည် ။

“ အေးကွယ် ... စိတ် မကောင်းစရာပဲ ခင်မိမိ ရေ ... ဒါပေမဲ့ အသက် ကြီး မှ သားသမီးတွေ လည်း အားလုံး အရာရှိတွေ ချည်း ပဲ ဖြစ်ပြီးမှ သေရတာ ကံကောင်းတယ် လို့ ခေါ်ရမှာပေါ့ ” ဟု ကျွန်မ က ပြောလိုက်မိ၏ ။

ခင်မိမိ က ကျွန်မ စကား နှင့် မတူသော စကား တစ်မျိုး ကို ပြောပါသည် ။

“ ဒီ ဒေါ်မေစော တစ်ယောက် ဟာ ရန်ကုန် ရောက် နေတာ တောင် တို့ဆီ လာရ ကောင်းမှန်း မသိဘူး ” ဟူ၍ ဖြစ်ပါ၏ ။

ဒေါ်မေစော မှာ ကျွန်မ တို့ နှင့် အတန်း တူ ဖြစ်ပါ သည် ။ သူ က အသက် ကြီး မှ ကျောင်းနေ သဖြင့် ကျွန်မ တို့ လို ဆယ့်လေးငါးခြောက်နှစ် အတန်းသူများ ကြား ဝယ် ၂၅ နှစ် အရွယ်ကြီး ဖြင့် ၈ တန်း စ , နေသူ ဖြစ်ပါသည် ။ ကျွန်မ ခင်မိမိ ၊ မေစော တို့ သည် ကျောင်း တွင် အရင်းနှီးဆုံး သူ များ ဖြစ်ခဲ့ကြသည် ။

ကျွန်မ နှင့် ခင်မိမိ မှာ ငါးပြေမ ဆားပက် သလို ဖြိုးဖြိုးဖျတ်ဖျတ် သွားတတ် လာတတ်သည် ။ ကိုယ် နှင့် မဆိုင်မှန်း သိ ၊ ဆိုင်မှန်း သိ ဇိုးခနဲ ဇတ်ခနဲ ဟိုဟာ လှန် ဒီဟာ လှော လုပ်လား တွယ်လား လုပ်တတ် ကြသည် ။ တစ်ယောက် လောက် က ကျောင်းစာ မဟုတ် ဟု ထင် သည့် စာ တစ်အုပ် အုပ် ဖတ် နေ လျှင် လည်း ကျွန်မတို့ နှစ်ယောက် သည် စာ ဖတ်နေသူ ကြိုက်မှန်း မကြိုက်မှန်း မသိ သွားရောက် ပြီး ဘာ စာအုပ် ဆိုတာ ကြည့် လိုက်ကြသေး သည် ။ သတင်းစာ ဖတ် နေပြီ ဆိုပါ က ဖတ်သူ လက် က မချ ခင် “ ငါ့ တစ်ရွက် ပေးဖတ်ဟယ် ” ဟု ဆိုကာ တစ် ယောက် တစ်ရွက် ပထမ ဖတ်သူ က ခွင့် မပြု မီ ပင် ဆွဲယူ ကာ ဖတ်ခဲ့ကြ သူများ ဖြစ်ပါသည် ။

မေစော က တော့ သည်လို မဟုတ်ပါ ။ သူ သည် ကျွန်မတို့ ထက် အသက် အား ဖြင့် ၁ဝ နှစ် နီးပါး ကြီး ပါသည် ။ အသက် ကြီး ရုံ မျှ မက အလိမ္မာ လည်း ကြီး သူ ဖြစ် ပါသည် ။ ကျွန်မတို့ က သူ့ အား ‘ မေစော ’ ဟု ခေါ်သည် ကို သဘောကျ၏ ။

“ ဟုတ်ပါတယ် ၊ စော ဟာ မင်းတို့ ရဲ့ အမေ လို ပါပဲ ” ဟု ဆိုလေ့ ရှိပါသည် ။ အမေ ကွယ်လွန်ခဲ့ ပြီးသော ခင်မိမိ နှင့် ကျွန်မ အဖို့ မူ မစောမြင့် သည် မိခင် ကဲ့သို့ပင် တည်ကြည် ငြိမ်သက်စွာ မိန်းမများ နေရ ထိုင်ရ လိုက်နာရ မည့် သဘောတရားများ ကို သင်ပေး လေ့ ရှိခဲ့ပါပေသည် ။

မစောမြင့် က သင်ပေးမည် ဆို လျှင် သင်ပေး နိုင်ပေ မည် ။ သူတို့ မောင်နှမ ၁ဝ ယောက် တွင် မစောမြင့် သည် စတုတ္ထမြောက် သမီး ဖြစ်ပါသည် ။ သူ့ အထက် အစ်ကို သုံးယောက် ၊ သူ့ အောက် တွင် လည်း ဘုစုခရု မောင်တွေ ညီမ တွေ ရှိ နေပါသည် ။

မစောမြင့် တို့ ဖခင် မှာ အထက်တန်းစာရေး တစ်ဦး သာ ဖြစ်ရ ကား ၊ သားသမီး ဆယ်ယောက် အား ကျွေးရ ပညာသင်ရ သည့် ဝန် ကို အနိုင်နိုင် ရုန်းကန်ရသည် တွင် အိမ် ၌ မိခင် အတွက် အကူအညီ ရ စေရန် မစောမြင့် ကို ငယ်စဉ် က ကျောင်း မထားဖြစ်ခဲ့ ... မစောမြင့် အထက် အစ်ကိုကြီး အလုပ် ရ မှ မစောမြင့် က အလွတ်ကျောင်း မှ ၇ တန်း အောင် အောင် စာသင် ပြီး ကျွန်မတို့ နေသော အစိုးရကျောင်း တွင် ရှစ်တန်း လာ နေချိန်ဝယ် မစောမြင့် အသက် မှာ အစိတ် နီးပါး ဖြစ်နေလေပြီ ။ “ တို့ အစ်မ အရွယ် တောင် မဟုတ်ပါဘူးကွ ၊ တို့ က တော့ အမေ လို့ တောင် ခေါ်ချင်ပြီ ” ဟု ခင်မိမိ က ရယ်ကာ မောကာ ပြောသည့် အတွက် ကျွန်မတို့ အသိုင်းအဝိုင်း ထဲ တွင် မစောမြင့် တစ်ယောက် ‘ မေစော ’ ဖြစ်လာရပါ သတည်း ။

မစောမြင့် သည် ကျောင်း မရောက် ခင် က မိခင် နှင့် အတူ နေ ရ၍ မိန်းမ ပီပီသသ နေခဲ့ရ၏ ။ အိမ့် တာဝန် ကို လုံးဝဥဿုံ လုပ် တတ်၏ ။ ဇာထိုး ၊ စက်ချုပ် ၊ အချက် အပြုတ် ၊ ယုတ်စွ အဆုံး မီးနေသည် ကိစ္စပါ မကျန် လူမမာ တာဝန် ကို မေစော ယူ နိုင်၏ ။ ကလေး တစ်နှစ် တစ်ယောက် မွေး နေသော အမေ့ အတွက် မေစော မှ တာဝန် မယူ လျှင် မည်သူ က ယူ မည်နည်း ။

အမေ က နို့စို့ နှင့် အိပ်သော အခါ အဖေ က နို့ညှာ အထက် တွေ နှင့် အိပ်နေစဉ် ၊ မေစော က နို့ညှာ နှင့် အိပ်ခဲ့ရ သည် မှာ လည်း ညစဉ် ပင် ။ ထို့ကြောင့် လောက အကြောင်းတွေ သိ၍ အမေ နှင့် တူသော မေစော ဟု ကျွန်မ တို့ က ဆုံးဖြတ် ထား ခဲ့ပါသည် ။ မေစော ကား အကယ်ပင် ဣန္ဒြေ နှင့် သိက္ခာ နှင့် မေစော ။ ကျွန်မ တို့ နှင့် ကွာချင် တိုင်း ကွာသော မေစော ပင် ဖြစ်ပါသည် ။

ယခု သတင်းစာ တွင် မေစော တို့ အဖေ ဆုံးကြောင်း ဖတ်ရသော အခါ ကျွန်မ သည် မေစော ၏ ပုံဟန် ကို ပြန်၍ မြင်ယောင် လာသည် ။ ကျွန်မတို့ အား လည်း “ ဟဲ့ ... ယောက်ျား မဟုတ် ၊ မိန်းမ မဟုတ်တွေ ... တစ်စက် မှ သိက္ခာ မရှိကြဘူး ၊ နင် တို့ မှာ အရှက် ဆိုတာ ရှိကြရဲ့လား ဟယ် ၊ ဝယ်တပ် ပေးရင် တောင် ဘတ်ဘတ် နဲ့ ကွာ ကျမယ့် မိန်းမတွေ ပဲ ” ဟူသော ပြောသံ ကို ပါ ကြားယောင် လာ မိပါ သတည်း ။

( ၂ )

တစ်နေ့ ဆီ ကမူ ကျွန်မ တို့ သူငယ်ချင်း တစ်ဦး ဖြစ် သူ ကိုတင်သောင်း သည် ကျွန်မ တို့ ဆီ ရောက် လာပါ သည် ။ “ ဘာရယ်လို့ မဟုတ်ပါဘူး ဗျာ ၊ ပညာမင်းကြီးရုံး မှာ ကိစ္စ တစ်ခု ရှိတာ နဲ့ လာရင်း ခင်ဗျားတို့ ကို သတိရ လို့ ဝင်လာတာ ” ဟု ကိုတင်သောင်း က ပြောပါသည် ။

“ ဝမ်းသာလိုက်တာ ကိုတင်သောင်း ရယ် .... ကျွန်မ တို့ ဖြင့် အထက်တန်း တုန်း က ကျောင်းနေဘက် တွေ ကို ပြန် မြင် ရင် လေ ကျွန်မတို့ အသက်တွေ ပြန် ငယ်သွားတယ် လို့ ပဲ ထင်တယ် သိလား ”

“ အလို လို ... ခုမှ ခင်ဗျား အသက် ဘယ်လောက် ရှိသေးလို့လဲ ၊ ခင်ဗျား ကိုယ် ခင်ဗျား လူကြီး ကြီး ထင် မနေ ပါနဲ့ဗျာ ၊ ခင်ဗျား က လှတုန်း နုပျိုတုန်းပါပဲ ”

“ ဟဲဟဲ ... ကျွေးစရာတော့ မရှိဘူး နော် ၊ ကြားရ တာတော့ ဝမ်းသာပါရဲ့ ” ဟူ၍ ကျွန်မ တို့ နှစ်ယောက် က ရွတ်လိုက် နောက်လိုက် ကြ ပြီး မှ သားသမီးများ အကြောင်း ၊ အခြား သူငယ်ချင်းများ အကြောင်း ဆီ သို့ ရောက်သွားပါသည် ။

“ ဒါထက် မစောမြင့် တို့ အဖေ ဆုံးတာ သတင်းစာ ထဲ မှာ ဖတ်ရတယ် ။ ကျွန်မ တို့ ဖြင့် စိတ် မကောင်း ဖြစ် လို့ ၊ ကျွန်မတို့ နဲ့ လည်း ဒီ လူကြီး က သိပ် ခင်တာ မဟုတ်လား ... ပြီးတော့ မစောမြင့် တစ်ယောက် ရန်ကုန် မှာ ရှိတာလေ ၊ ကျွန်မတို့ ဆီ တောင် လာ မလည်ဘူး ကိုတင်သောင်း ရဲ့ ” 

“ ယော် ... ခင်ဗျာ သူ့ အကြောင်း မသိဘူး ” 

“ ဟောတော့ ၊ ဘာ အကြောင်းများ ပါလိမ့် ”

“ တကယ် ကို မသိတာလား ”

“ ဪ ခက်ပါချေ ရော ၊ တကယ် မသိလို့ပါ ဆိုနေ ”

“ ခင်ဗျားတို့ မေစော ... လင် ရနေပြီ ဗျာ့ ” 

“ ဟာ ... အပျိုကြီး စွံ သွားပြီ ၊ ကျွန်မ ဖြင့် ဒီ အပျိုကြီး လင်သားစိတ် ကုန်နေပြီ ထင်တာ ၊ သူ့ အမေ ကလေး တစ်ခါ မွေး တိုင်း အနှီး လျှော်ရတာ စိတ် ဆင်းရဲလွန်း လို့ လို့ ပြောတာ ခဏခဏ ပဲ ”

“ အေး ... လင် ရရုံတင် မကသေးဘူး ၊ သူ့ လင် က လေ ... ”

ကျွန်မသည် ကိုတင်သောင်း ၏ စကား ကို ပင် ဆုံး အောင် နားထောင်နိုင်စွမ်း မရှိတော့ပါ ။ ပြောနေသူ သည် ကျွန်မ ၏ သူငယ်ချင်း မဟုတ်ပါ က ၊ မေစော ၏ သူငယ်ချင်း မဟုတ်ပါ က ကျွန်မ သည် ကိုတင်သောင်း အား နီးရာ နှင့် ဆွဲ ပြီး တီး မိပေတော့မည် ။ ကျွန်မ အိမ် ပေါ် မှ သွားပါ မည့် အကြောင်း ဇွတ် အတင်း ပင် မောင်းချ လိုက်မိမည် သာ တည်း ။ ယခုတော့ မူ ...

( ၃ )

“ မစောမြင့် တစ်ယောက် ရန်ကုန် သွား ၍ ဘွဲ့ ယူ ရင်း လင် ရခဲ့ သတဲ့ ။ အဲဒီ လင် နဲ့ အိမ် က သဘော မတူလို့ ခွဲခဲ့တာ အခု အိမ်ပြန် ရောက်နေပြီ ” ဟူသော သတင်း သည် မစောမြင့် တို့ ၏ ဇာတိ မြို့ငယ်လေး တွင် ပျံ့နှံ့ သွားတော့သည် ။

သည် သတင်း ကို ပွင့်ပွင့်လင်းလင်း မေးချင်သူများ ရှိကြသည် ။ “ ဘာပြုလို့ သဘော မတူရတာလဲ ၊ သူတို့ ချစ်ခြင်း ကို မခွဲချင်ပါနဲ့ ၊ ပေးစားလိုက်ပါ ” ဟု ပြောချင်ကြ သူတွေ လည်း အများအပြား ပင် ဖြစ်ပါသည် ။

သူတို့ မြို့ တစ်မြို့လုံး နီးပါး က ပင် မစောမြင့် ရိုးသားမှန်း ၊ ဣန္ဒြေရှိမှန်း သိကြသည် ။ မိဘ အပေါ် ၊ မောင်နှမ အပေါ် အနွံအတာ ခံမှန်း လည်း သိကြသည် ။ တက္ကသိုလ် သွားပြီး ဘီအီးဒီဘွဲ့ မယူခင် ဘီအေအီးဒီ အောင်ပြီး ကျောင်းဆရာ လုပ်စဉ် က လည်း ကျောင်းသား မိဘများ က မစောမြင့် ကို သဘောကျ ကြသည် ။

“ တို့ ဆရာမ က တော့ ရိုးရိုးကြီး ဟေ့ ၊ တပည့်တွေ အပေါ် လည်း သိပ် ညှာတာ အသင်အပြ လည်း တော် တယ် ” ဟူ၍ ပြောလေ့ ရှိခဲ့ကြသည် ။ မစောမြင့် ကဲ့သို့ အသက် သုံးဆယ် ကျော် လေးဆယ် တွင်း တက္ကသိုလ် ဘွဲ့ရ ကလေးများ ၏ ဆရာမ လုပ်သူ တစ်ဦး က ရွေးချယ်သော လင် သည် ဘယ်နည်း နှင့် မှ လူဆိုး တစ်ဦး မဟုတ် ဟု အများ က ထင်မှတ်ကြသည့် အတွက် ပင် မစောမြင့် ကို သူ့ ချစ်သူ နှင့် မခွဲဖို့ ပြောကြခြင်း ဖြစ်လေသည် ။

မစောမြင့် တို့ မိသားစု အဖို့ တွင် ကား ၊ အဖေ သည် ယောက်ျားရင့်မကြီး တန်ရက် နှင့် အခန်း ထဲ တွင် ထည့် လှောင် ထားသော သမီး အနား သို့ ရောက် လာသည် ။ မချိ တင်ကဲ မျက်ရည်ဝဲ သော မျက်လုံး ဖြင့် သမီး ဖြစ်သူ ကို ကြည့် ကာ “ သမီးရယ် ... ဒီ အဖြစ်တွေ ကို သမီး မသိဘူး လား ကွယ် ၊ အဖေ တို့ တော့ ရှက်တယ် ။ ပြီးတော့ သမီး အစ်ကို သုံးယောက် ဟာ အညွန့် တလူလူ အရာရှိ တွေ ကွယ့် ။ ပြီးတော့ သမီး မောင် တွေ ညီမ တွေ က လည်း သမီး အတွက် ရှက်ကြပေမယ် ။ သူတို့ တစ်တွေ သမီး ရဲ့ နမူနာ ကို ယူ ကုန်ရင် မခက်ပါလား သမီး ” ဟု တိုးတိုးတိတ် တိတ် ပြောပြရှာသည် ။

အမေ ဆိုသည် ကတော့ ပြောဖွယ်ပင် မရှိတော့ပါ ။ ငိုလိုက် ၊ ချော့လိုက် ၊ တောင်းပန်လိုက် ၊ အော်ငိုလိုက် နှင့် အမေ့ ဖြစ်ပုံ မှာ ရုပ်ရှင်မင်းသမီး ပင် ရှုံးလောက်ပါ ချေ သည် ။ ယောက်မ အကြီး က ဆို လျှင် လည်း အစ်မ ရင်း နှင့် မခြား ပင် ။

“ စောရယ် ... စော အစ်ကိုကြီး မျက်နှာ ကို မထောက် တော့ဘူးလား ကွယ် ။ အစ်ကိုလတ် တို့ ၊ အစ်ကိုလေး တို့ ကို မသနားဘူးလား ။ သူတို့ လေ .. ထမင်း တောင် မစားကြဘူး ကွယ့် ”

ဘယ်သူတွေ ဘယ်လိုပင် ချော့ချော့ မစောမြင့် က တော့ ပျော့၍ မရပါ ။ အဖေ့ ကို သနားပါသည် ။ အမေ့ ကို လည်း သနားပါသည် ၊ ယောက်မ နှင့် အစ်ကိုများ ၊ မောင်, ညီမများ ကိုလည်း သနားလိုက်ပါသည် ။ မည်သို့ သနား ပေမဲ့ မစောမြင့် ၏ စိတ် တွင် လင့် ကို မေ့၍ မုန်း၍ မရ ။ မောင် ၏ အရိပ်သည် အဖေ တို့ ၊ အမေ တို့ ၊ ယောက်မ ၊ အစ်ကို တို့ ၏ အရိပ် ထက် အေးမြ၏ ။ မောင် ၏ အပြုံး သည် မောင်လေး ညီမလေး တို့ ၏ အပြုံး ထက် မစောမြင့် ဘဝ တစ်ခုလုံး ကို သာယာ စေပါသည် ။ နှစ်လို စေပါသည် ။ မစောမြင့် လျှောက် ခဲ့ရသည့် ဘဝ ခရီး တစ်လျှောက် ဝယ် မောင် သည် သာ မစောမြင့် အတွက် အေးကွက် ကို ပေးသူ ၊ ပေးနိုင်သော သူ ဟု ယုံကြည် နေ မိပါ သည် ။ နောက်ဆုံး အချိန်ထိ တောင်းပန် တားမြစ်၍ မရ သည့် အဆုံး အစ်ကိုကြီး က လက်လျှော့ လိုက်တော့ သည် ။

“ အဖေ ... သူ ဟာ ပညာတတ် တစ်ယောက် ၊ အသက် က လည်း လေးဆယ် နား နီးလာပြီ ၊ ဒီလောက် တောင် ပြောနေတာတွေ ကို မှ သူ နား မဝင်ရင် နေပါစေ တော့ အဖေ ရယ် ... သူ ဟာ ကျွန်တော်တို့ အားလုံး စိတ် ချမ်းသာရေး အတွက် သူ့ စိတ်ချမ်းသာမှု ကို စွန့်ရမယ် ဆို ရင် လည်း ကျွန်တော်တို့ အားလုံး ဟာ သူ့ အပေါ် မှာ မတရား ရာ ကျပါတယ် ။ ဒီတော့ သူ့ ဘဝ သူ ထိန်းနိုင် နေ တဲ့ သူ့ ကို ကျွန်တော်တို့ ထိန်းဖို့ မလို သလို သူ့စိ တ်ကြိုက် သူ ဖန်တီး ထားတဲ့ ကိစ္စ ကို လည်း သူ ကြိုက် သလိုပဲ ခွင့်ပြု လိုက်တာပေါ့ဗျာ ” ဟု စတင် ပြောရတော့သည် ။

မစောမြင့် ပြန်မည့် နေ့ က ဆို လျှင် တစ်အိမ်လုံး ငိုပွဲကြီး ဆင် နေကြသည် မှာ အသုဘအိမ် သဖွယ် ပင် ဖြစ်သည် ။ မစောမြင့် အဖို့ လည်း မိမိ ကြိုက်ရာ ကို လုပ်ခွင့် ရ ၍ စိတ် ချမ်းသာမိ သော်လည်း အမေ ရော ၊ အဖေ ရော ၊ ယောက်မများ က အစ ငိုယို နေရ၍ စိတ်လွတ် ကိုယ်ပါ ဝမ်း မသာ ဖြစ်ခဲ့ရသည် အထိပင် ။

မည်သို့ ဖြစ်စေ ... မစောမြင့် သည် မိဘ ၏ အရိပ် မှ ခွာကာ မောင့် ရင်ခွင် ရှိရာသို့ ပြန် သွားခဲ့သည် မှာ သိုက်မြုံ မှ ပျံထွက် သွားသော ငှက်ငယ် ပမာပင် ဖြစ်ချေသည် ။

( ၄ )

ကျွန်မ နှင့် ကိုတင်သောင်း တို့ စကား ပြောနေစဉ် ခင်မိမိ လည်း ရောက် လာသည် ။

“ ဟော ကိုတင်သောင်း ဘယ်တုန်းက ရောက်တုံး ၊ တစ်နေ့တုန်း က တောင် မစောမြင့် တို့ အဖေ ဆုံးတဲ့ သတင်း ဖတ်ပြီး အဲဒီ မြို့ က အကြောင်း ကို ပြောနေကြ သေးတယ် ” ဟု နှုတ်ဆက်သည် ။

“ ခင်ဗျားတို့ နှစ်ယောက် ကတော့ ဗျာ ၊ ဘယ်မှာ တွေ့ တွေ့ ငယ်ငယ်တုန်း က အတိုင်း ဖြိုးဖြိုးဖျတ်ဖျတ် အမူအရာ ကို မပျောက်ဘူး ၊ နှုတ် က လည်း သွက်ပါပေ့ ” ဟု ကိုတင်သောင်း က ဆိုသည် ။

ခင်မိမိ က ... “ ဘာလဲ ၊ မစောမြင့် ပြောသလို ဣန္ဒြေ တွေ အရှက်တွေ ကို တင်ပြီး ကျွန်မ တို့ ကို တပ် ပေးရင် တောင် ဘတ်ဘတ် နဲ့ ကွာကျဦးမယ် လို့ ပြော မလို့လား ” 

“ မဟုတ်ရပါဘူးဗျာ ၊ ကျွန်တော် က ဒီလို အမူအရာ တွေ ကို ပဲ သဘောကျ ပါတယ် ။ မစောမြင့် တို့ လို ဣန္ဒြေ ရှိ ဟန် သိက္ခာ ရှိဟန် ဆောင်ပြီး ယောက်ျား မြင်တော့ ငမ်းငမ်းတက် မယား ရှိမှန်း သိရက် နဲ့ ဇွတ် ယူတာ မျိုးတော့ မကြိုက်ပါဘူး ”

ခင်မိမိ ၏ ပြုံးပျော်ရွှင်မြူး နေသော မျက်နှာ မှာ တစ်ခဏချင်း တည် သွားသည် ။ အံ့သြ ဝမ်းနည်းဟန် လည်း ပေါက်သည် ။ ကျွန်မ က ပင် မစောမြင့် လင် ရနေပြီ ဖြစ်ကြောင်း အိမ်ထောင် လက်ရှိ ကလေးများ ရှိသော သူ ကို ယူကြောင်း ပါ ရှင်းပြ ရ ပါသည် ။

ကိုတင်သောင်း က ... “ သူတို့ အိ မ်က သိပ် စိတ်နာ တာပဲတဲ့ ဗျာ ၊ ဒီ လူ့ မယားငယ် လည်း ခံရသေး ၊ ရတဲ့ လခ တွေ လည်း အားလုံး အပ်ရ သတဲ့ ၊ အခု အဘိုးကြီး ဆုံး တော့ လာသေးတယ် ။ အဘိုးကြီး က လည်း သူ့ စိတ် ကြောင့် ဆုံးတာပဲ လို့ ကြားရတာပဲ ။ သူ့ ကို ဝိုင်းပြီး အမေ နဲ့ ပဲ လာနေဖို့ ၊ အဖေ မရှိလို့ ပြုစုဖို့ ပြောတာ မရဘူး တဲ့ ၊ သူ က သူ့ လင် နဲ့ မခွဲနိုင်ဘူး လို့ ပြောသတဲ့ ၊ ကျွန်တော် ဖြင့် စိတ် ထိခိုက် လိုက်တာ ဗျာ ” ဟု ပြော လိုက်ပါသည် ။

ကျွန်မတို့ စကားဝိုင်း မှာ ခေတ္တ တော့ ငြိမ်သွားသည် ။ အတန် ကြာ မှ ကိုတင်သော င်းက ...

“ အဲဒါပဲဗျာ ၊ ခင်ဗျား တို့ မိန်းမတွေ ငယ်ငယ်တုန်း က တော့ ရှက်သလေ့ ဘာလေ့ နဲ့ ၊ တချို့ကျတော့ သူ့ ထက် သူ ကျောအောင်လေ့ နဲ့ ၊ ပညာတွေ ရှာ ရ ၊ စီးပွားတွေ ရှာ ရ ၊ အသက် ၃ဝ လောက် ဖြစ်လာလို့ ဆုံးမဖို့ မလိုဘူး ဆိုပြီး ဘေးလူ က စိတ်ချ လောက် လည်း ရှိ ရော ၊ ယောက်မ မြင်းစီး ပြ ကြတော့တာပဲ ” ဟု ဆို လိုက်ပါသည် ။

ထိုမျှ မကသေး .. ကိုတင်သောင်း က သူ ၏ စကား ကို ပိုမို ခိုင်လုံစေရန် ဘယ်သူ က ဘယ်ဝါ နှင့် ယူပုံ ၊ ဘယ်သူ ဖြင့် ဘယ် အရာရှိကြီး ရဲ့ အငယ် ဖြစ်ရပုံ ၊ ဘယ် သူဌေးသမီး က ဖြင့် ဒရိုင်ဘာ နှင့် လိုက်ပြေးရပုံ စသည် စသည်တို့ ကို အထောက်အထား ခိုင်လုံစွာ တင်ပြပါ သည် ။ သူ တင်ပြသည့် အမျိုးသမီးများ ၏ အမည်နာမ များ သည် လည်း ကိုတင်သောင်း ၏ အသိ ၊ ခင်မိမိ ၏ အသိ ၊ ကျွန်မ ၏ အသိတွေ ထဲ က ပင် ဖြစ်ပါသည် ။

ခင်မိမိ က ဆက် ၍ တင်ပြသည် က မူ ...

“ ဟေ့ ... မိရွှေကြွယ် .. အဲဒီလို ဖြစ်ရတာ သိလား ၊ တို့ မိန်းမတွေ ဟာ ဟန် မလုပ်သင့် မရှက်သင့်တဲ့ နေရာ မှာ ရှက် နေ ဟန်လုပ် နေ တာ တစ်ပိုင်း ပါတယ် ၊ ပြီးတော့လည်း မိဘတွေ ဘက် က ငါ့ သမီး ရိုးလှချည်ရဲ့ ၊ အေးလှ ချည်ရဲ့ လို့ တွေးပြီး နှစ်သိမ့် နေတာပါဟယ် ၊ အပျိုကြီး ဖြစ် တာ ကို သဘောကျ နေတာတွေပဲ ကွယ့် ၊ မိဘဝတ် ငါးပါး ထဲ မှာ အိမ်ထောင် ချ  ပေးရတာ လည်း တစ်ပိုင်း ပါတယ် မဟုတ်လား ၊ အခု ကိုတင်သောင်း တင်ပြခဲ့တဲ့ မိန်းမတွေ ဟာ ငယ်စဉ် က ဘဝ ကို အပြင်းအထန် ရုန်းကန် ခဲ့ရတဲ့ သူတွေချည်း ပဲ ၊ အဲဒီလို ရုန်းကန် နေရ လို့ ချစ်ရေး ချစ်ရာ လောကီ လူသားတွေ မလွှဲမသွေ ကြုံရမယ့် ကိစ္စတွေ ကို မေ့ လို့ နေ ခဲ့ကြတယ် ။ ဒီလို နေတာ ကို ဘေး လူတွေ က သူတို့ မှာ လင်ယူသားမွေး စိတ်တွေ ကုန် နေလို့ လို့ ထင်ခဲ့ ကြတယ် ၊ ဒီလို ထင်ခဲ့တဲ့ အတွက်ပဲ ဒီ အမျိုးသမီးတွေ ဟာ လွတ်လပ်မှု ပို ရသွားပြီး အမျိုးသားတွေ နဲ့ ပို နီးစပ်မိကြ တာ ၊ ဒီအခါမှာ မရှောင်နိုင်တဲ့ အတွေ့ အာရုံ ကို သူတို့ ခုံမင် သွားကြတာ ပဲကွယ့် ၊ အဲဒီတော့ အရူး အမဲသား ကျွေးမိသလို ဖြစ်ပြီး .. အခု မစောမြင့် လို မလွတ်တမ်း ဇွတ်ဆွဲ ထားတဲ့ အဖြစ်မျိုး တွေ ကြုံရတာပေါ့ကွယ် .. ” ဟူ၍ ပြော လိုက်ပါသည် ။

ကျွန်မ အဖို့မူ မစောမြင့် သည် တက္ကသိုလ် မှ ဘီအေ အီးဒီဘီအီးဒီဘွဲ့ ရ ဆရာမ တစ်ယောက် ဖြစ်၍ ပညာ တတ် တစ်ယောက် ဟု ကျွန်မ လက်ခံ မိပါသည် ။ ဇာထိုး ၊ ပန်းထိုး ၊ စက်ချုပ် ၊ အိမ်ထောင်ထိန်း အတတ်တွေ လည်း တတ် နေ၍ မိန်းမတို့ တပ်အပ်သည့် ပညာများ တတ်ပြီ ဟု ဆိုချင်ပါသည် ။

သို့သော် .... ဒေါ်စောမြင့် ကား မိန်းမတို့ တတ်အပ် သည့် ပညာ ကို အကုန် တတ်သည် ဟု ယခု အခါ တွင် ကျွန်မ မဆိုချင်တော့ပါ ။

သူ ကဲ့သို့ပင် မိန်းမအများ တတ်အပ်သည့် မိန်းမ ပညာတွေ ရှိနေသေးသည် ဟု ကျွန်မ ယုံကြည် နေပါသည် ။

ထို ပညာ ကား မည်သည့် ပညာနည်း ။ ကျွန်မ လည်း မသိတော့ ... မည်သူတွေ က မည်သည့် ခေတ် ကျ မှ သင်ပေးနိုင်ပါမည်နည်း ဟု ကျွန်မ တွေး နေ မိပါ သတည်း ။

◾ကြွယ်ကြွယ်

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၇၀

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment