Tuesday, February 13, 2024

သက်နွယ် ရဲ့ မောင်


 ❝ သက်နွယ် ရဲ့ မောင် ❞


အခါး ကို ကြိုက်တဲ့ ပျား ကမ္ဘာ ပေါ်မှာ ရှိမတဲ့လား ကွယ် ။ ရွေးချယ်ခွင့် နဲ့ ဖြစ်တည်ခွင့် သဟဇာတ မဖြစ်ခဲ့ရတာ ကို ကံကြမ္မာ ကြောင့် လို့ ယိုးမယ် မဖွဲ့ချင်တော့ဘူး ။ အဲဒီ ကံ ဆိုတာ ကို သက်နွယ် မုန်းလွန်းလှတယ် လေ ။


၁ ။


အဆိပ်ပြင်း တဲ့ အကြည့် ဆိုတာ အဲဒီလို မျိုး လား ။ စူးရှ တဲ့ အကြည့် အောက် မှာ အသက် ကို တောင် ဝ , အောင် မရှူမိတဲ့ သက်နွယ် ရယ် ပါ ။ မောင့် အရှေ့ မှာ ဆောက်တည်ရာ မဲ့ ညွှတ်ခွေကျလု မတတ် ဖြစ် နေတဲ့ ခြေအစုံ နဲ့ အားတင်းပြီး ရပ်နေခဲ့ ပေမဲ့ တုန်လှုပ် လွန်း လှပြီ ။ 


“ မင်း ပဲ သက်နွယ် ၊ အားလုံး ဟာ မင်း ကြောင့် ” 


သက်နွယ် ယစ်မူးတိမ်းညွတ် ခဲ့တဲ့ မောင့် နှုတ်ခမ်းပါး က တဆတ်ဆတ် တုန်ယင် လို့ ။ သက်နွယ် နှုတ်ခမ်းတွေ ဆွံ့အ , နေတယ် ။ ပြောစရာ စကား မရှိလို့ တော့ မဟုတ် ။ ဒီလောက် အထိ သွေးပျက် ချောက်ချား နေတဲ့ မောင့် ကို သက်နွယ် တစ်ခါ မှ မမြင်ဖူးခဲ့ လို့လေ ။ 


“ မင်းကြောင့် .. ” 


ခပ်တင်းတင်း အံကြိတ် ပြီး ပြော တဲ့ မောင် ရဲ့ စကားသံ အဆုံး မှာ သက်နွယ် ဒူးတွေ ညွတ်ခွေ ချင် လာတယ် ။ မောင့် ရဲ့ စွပ်စွဲမှုတွေ က ပြင်းထန်လွန်း လိုက်တာ ။ ဒီ အခြေအနေ က သက်နွယ် ကြောင့် ဆိုရင် တောင် နှစ်ဖက် တီး မှ မြည် တတ်တဲ့ လက်ခုပ် ရဲ့ သဘာဝ ကို မောင် နားလည် သင့်တယ် ။ ထားပါတော့ ။ သက်နွယ် ဘဝ မှာ မောင့် ကို ဘယ်တုန်း က များ

ငြိုငြင်ခဲ့ ဖူး လို့လဲ ။ မောင် က အဖြူ ဆို သက်နွယ် က အမည်း မှ မလုပ်ဝံ့ ခဲ့ ပဲလေ ။ 


“ ငါ့ ဘ ဝမှာ မိန်းမ နှစ်ယောက် နဲ့ ပတ်သက်ခဲ့ ဖူးတယ် သက်နွယ် ၊ အဲဒါက မင်း နဲ့ မမညိုမီ ပဲ ။ မမညိုမီ က အထက်တန်းလွှာ က အဆင့်အတန်း ရှိတဲ့ မိန်းမ တစ်ယောက် ၊ မင်း က ...”


မောင် က  စကားလုံး တွေ နဲ့ အသေသ,တ်တယ် ။ အထက်တန်းလွှာ တဲ့ ။ အဆင့်အတန်း တဲ့ ။ သက်နွယ် က အောက်ဆုံးအလွှာ က အဆင့်အတန်း မရှိ တဲ့ မိန်းကလေး ဆို တာ ထည့် မပြော ဘဲ အဓိပ္ပာယ် သက်ရောက်စေတဲ့ အထိ မောင့် စကား က ထိရောက် လွန်း လှတယ် ။ အထက်တန်းလွှာ ဆို တဲ့ အဆင့်အတန်း က သိက္ခာ နဲ့ တိုက်ရိုက် သက်ဆိုင် သလား သက်နွယ် တွေး ကြည့် မိတယ် ။ လူ တစ်ယောက် ရဲ့ သိက္ခာ ကို ချမ်းသာခြင်း ဆိုတဲ့ အလွှာ နဲ့ တိုင်းတာ လို့ ရ သတဲ့ လား ။ သက်နွယ် တို့ ဆီ ရောက် လာ တဲ့ အထက်တန်းလွှာ က လူကြီး လူကောင်းတွေ ရဲ့ သွေးသား ကို ဆေးဝါး လို တန်ဖိုး ထား ကြတဲ့ သိက္ခာတရားတွေ မောင့် ကို မြင်စေချင် လိုက်တာ ။


“ ငါ့ ဘဝ ကို ဖျက်ဆီး လိုက် တဲ့ မင်း ကို ဘယ်တော့ မှ ခွင့် မလွှတ်ဘူး သက်နွယ် ”


နောက်ထပ် ထွက်ကျ လာ တဲ့ မောင့် ရဲ့ စကား အဆုံး မှာ အကြိမ်ကြိမ် သေဆုံး နေတဲ့ သက်နွယ် က ကျင့်သားရ စွာ နဲ့ ပဲ သေဆုံး သွားခဲ့ပြန်တယ် ။ သက်နွယ် ဆို တဲ့ မိန်းမ က သေ ဆို ရင် ရှင် ဝံ့ တဲ့ သူ မှ မဟုတ်ခဲ့ ဘဲ လေကွယ် ။


  •••••   •••••   •••••


၂ ။


သက်နွယ် ရဲ့ ဘဝ ကောင်းကင် မှာ အစ ကတည်း က ကြယ် မစုံခဲ့ဘူး ။ ဒီလို ဘဝ ထဲ ကို မောင် က ကြယ် တစ်လုံး အဖြစ် နဲ့ ရောက် လာ ခဲ့တယ် ။ သက်နွယ် အတွက် အတောက်ပဆုံး ကြယ် တစ်လုံး အဖြစ် မောင် က ဖြစ်တည် ခဲ့တယ် ။ မောင် နဲ့ စ , တွေ့ခဲ့ တဲ့ ညနေ ကို လည်း သက်နွယ် မှတ်မိသေးတယ် ။


စားသောက်ဆိုင် မှာ  အရက် သောက် ပြီး ပိုက်ဆံ မရှင်းနိုင် တဲ့ မောင့် ကို သက်နွယ် စ , တွေ့ခဲ့တာပေါ့ ။ ဆီးရွက် လောက် ရှိတဲ့ မျက်နှာလေး နဲ့ မောင် က သနားစရာလေး ။ အဲဒီ သနားစိတ် က နေ အကြင်နာ ပိုပြီး မောင့် ရဲ့ ပြဿနာ ကို သက်နွယ် ဖြေရှင်း ပေးခဲ့တာပေါ့ ။ မောင် က လေလွင့် နေတဲ့ တေလေငှက် ၊ သက်နွယ် က အမှောင် မှာ တွယ်ငြိ မိ နေတဲ့ ညဉ့်ငှက် ။ အဲဒီ အချက်တွေ နဲ့ ပဲ သက်နွယ် နဲ့ မောင့် ရဲ့ ဘဝ နှစ်ခု ထပ်တူကျ ဖို့ အကြောင်းပြချက် ခိုင်လုံ သွားခဲ့ကြတယ် ။ 


သက်နွယ် က လူတိုင်း အတွက် အေးစက်တဲ့ နှလုံးသား နဲ့ အရုပ် တစ်ရုပ် ဖြစ်ခဲ့ ပေမဲ့ မောင့် အတွက် တော့ ပူနွေး တဲ့ နှလုံးသား နဲ့ စစ်မှန်တဲ့ သက်ရှိ လူသား တစ်ယောက် ဖြစ်ခဲ့တယ် ။


သက်နွယ် အနား မှာ မောင် ရှိ နေရုံ နဲ့ ပြည့်စုံ ပေမဲ့ မောင့် အတွက် တော့ သက်နွယ် ရှိ နေရုံ နဲ့ မဖြစ်ဘူး ဆိုတာ သိတဲ့ နေ့ က ငွေ ကို ပို ကြိုးစား ရှာ ရတယ် ။ ရင်နာစရာ ကောင်းတယ် ။ သက်နွယ် ရဲ့ အလုပ် ကို က အရမ်း ရင်နာ စရာ ကောင်းတယ် ။ တခြား ရင်ခွင် ကို ခိုဝင် ပြီး မှ ပြည့်စုံမှု ကို ရတဲ့ ဘဝမျိုး ဒီ တစ်ဘဝ တည်း နဲ့ လုံလောက် စေ ချင်ပြီ ။ 


အဖမ်းအဆီး များ လို့ အဆင် မပြေ တဲ့ ကာလတွေ မှာ မောင် ပိုက်ဆံ တောင်း ရင် သက်နွယ် ငို ချင်တယ် ။ မောင် မျက်နှာ မကောင်း ရင် အရမ်း စိတ်ညစ်တာပဲ ။ သက်နွယ် တို့ အလုပ် က တရားဝင် မှ မဟုတ် တာ ။ ခေါင်းပုံဖြတ်မှု ဆိုတာ ကလည်း စက္ကန့် နဲ့ အမျှ ရှိနေတယ် လေ ။ ခေါင်းကြေး တွေ နုတ် ရင် အပေါစား မိတ်ကပ် ဖိုး တောင် မိုင်းနပ်စ် ပြ နေခဲ့တာ ။


တစ်ခါတလေ ပတ်ဝန်းကျင် ရဲ့ စကားတွေ ကို ကြား ပြီး မောင့် ရဲ့ ပုတ်ခတ်မှုတွေ ပြင်းထန် လာတယ် ။ တကယ်တော့ ပတ်ဝန်းကျင် ဆိုတာ က လည်း အရေးပါ သား နော် ။ သက်နွယ် ရဲ့ ဝမ်း တစ်ထွာ ကို ပတ်ဝန်းကျင် က မဖြည့်တင်း ပေးနိုင် ပေ မဲ့ သက်နွယ် ဘဝ ကို အရောင် ဆိုး ဖို့ ကျတော့ ပါးစပ် မှာ စုတ်တံကြီး တွေ တပ်ထား သလား ထင်ရတယ် ။


ဒီ အလုပ် ကို ပျော်လို့ လုပ်တယ် ပြောတဲ့ သူ တွေ ကို သက်နွယ့် နေရာ မှာ တစ်ပတ် လောက် ပဲ နေစေချင် ရဲ့ ။ တစ်ရက် လောက် မှ ခံနိုင်ရည် ရှိရဲ့လား ဆိုတာ ကို ထိုင် ကြည့်ချင် မိတယ် ။ တကယ်တော့ ဒုက္ခ ဆိုတာ ကို အန်တု ဖို့ ရင်းနှီးစရာ ဆိုလို့ ဒီ ခန္ဓာကိုယ် တစ်ခု ပဲ ရှိတော့ လည်း ပြတ် ပြတ်သားသား ချ နင်း လိုက်ရ တာ ။ ဒီ အတွက် အားလုံး က ကဲ့ရဲ့ကြ လည်း ပြုံးပြုံးလေး ပဲ နေ မိတာ မျက်နှာပြောင် တိုက် တယ် ထင်လည်း ထင်ကြပါစေတော့ ။


နာတာရှည် ရောဂါ ခံစား နေရတဲ့ အမေ့ ကို ပဲပြုတ် ရောင်း ပြီး ကု ရ မလား ၊ ပန်း ရောင်းပြီး ကု ရမလား ။ အပူမီး တွေ ဝိုင်း ပြီး တစ်ကိုယ်လုံး ကျွမ်းလောင် လု မတတ် ဖြစ် နေတဲ့ အချိန် မှာ ငြင်းဆန် ခံ ရ တဲ့ အကူညီ တောင်းမှုတွေ ။ မျက်နှာလွှဲ ခဲပစ် လုပ်ရက်ကြ သူတွေ အကြား မှာ သက်နွယ် အသက် ခပ်ယဲ့ယဲ့ ပဲ ကျန် ခဲ့တယ် ။ ပြည်သူ့ဆေးရုံ ဆိုတာ

လည်း ငွေ ရှိ မှ ဝင် လို့ ရတာ ။ ဘယ်လောက်ပဲ ဆင်းရဲတယ် ပြောပြော အမေ့ ကို ဒီ အတိုင်း

သေမင်း လက် ထဲ ဝကွက် မအပ်နိုင် ခဲ့ဘူး ။ မီး ကို တိုး ဖို့ ပိုးဖလံ တစ်ကောင် လို သတ္တိ မွေး ခဲ့ တဲ့ နေ့ က အရှက် အကြောက်တရား တွေ အငွေ့ ပြန် သွားခဲ့တယ် ။ 


သက်နွယ် ဘဝ အကြောင်း ဘယ်သူ့ ကို မှ ရှင်း မပြချင်တော့ဘူး ။ ကတ္တား ဖြစ်ဖြစ် ၊ ကံ ဖြစ်ဖြစ် ဘဝ က ဘာများ ထူးခြား လာ မလဲ ။ အမေ့ ကြောင့် ဒီ ဘဝ ထဲ ခြေစုံ ပစ် ဝင်ခဲ့တယ်လို့ အကြောင်းပြချက် မပေးချင်ဘူး ။ သက်နွယ် ဘဝ နဲ့ ရင်းပြီး နာတာရှည်ရောဂါ ခံစား နေရတဲ့ အမေ့ ကို သုံးနှစ် တိတိ အသက် ဆက်ခွင့် ရခဲ့တာ ကိုပဲ သက်နွယ် အကြီးအကျယ် ကျေနပ် မိ ခဲ့တယ် ။


 •••••   •••••   •••••


၃ ။


“ ကိုယ် မမညိုမီ ဆီ သွားတော့မယ် သက်နွယ် ” 


မောင့် စကား တစ်ခွန်း မှာ သက်နွယ် ရဲ့ မျက်ရည်စက်ပေါင်း များစွာ စတေး လိုက်ရတယ် ။ သက်နွယ် ဘဝ မှာ သစ္စာ ဆိုတာ ကို မယုံ ရဲ ခဲ့ဘူး ။ သက်နွယ် အပေါ် မောင် သစ္စာ ရှိပါစေလို့ ပဲ အကြိမ်ကြိမ် ဆုတောင်း ခဲ့ တာ ။ ဆုတောင်း တိုင်း ဘယ်တုန်း က မှ မပြည့်ခဲ့ဖူးတာ က လည်း ကျိန်စာတွေ များ သင့် နေခဲ့ သလား မောင် ။ 


မောင့် ကို ချစ်တဲ့ စိတ် နဲ့ နှုတ်ဆိတ် နေခဲ့ ပေမဲ့ မောင် ခြေလှမ်း စ  ,ပျက် ကတည်း က သက်နွယ် စုံစမ်း ခဲ့တယ် ။ မမညိုမီ ဆိုတာ အရွယ် ကောင်းပြီး ချမ်းသာတဲ့ မုဆိုးမ ။ ရွှေပင် နား တော့ ရွှေကျေး တဲ့ ။ မောင် က ရွှေကျေး တစ်ကောင် ဖြစ်ချင် နေခဲ့ပြီ ။ 


သက်နွယ် က မောင့် ဘဝ ကို တောက်ပြောင် စေတဲ့ ရွှေပင် မှ မဟုတ်ခဲ့ပဲ ။ မောင့် ကို သက်နွယ် တားချင်မိ တယ် ။ သက်နွယ် မျက်ဝန်း က မျက်ရည်စက်တွေ ရဲ့ အတိမ်အနက် ကို နားလည် ခဲ့ မယ် ဆိုရင် မောင့် ခြေလှမ်းတွေ ကို အဲဒီ မှာ ရပ်တန့် ပေးပါ လား မောင် ။ 


တစ်လှမ်း .. ။ 


နှစ်လှမ်း ... ။ 


တဖြည်းဖြည်း နဲ့ မောင့် ခြေလှမ်းတွေ က သက်နွယ် နဲ့ အဝေးဆုံး ကို ရောက်သွား ခဲ့ပြီ ။ လက်ထပ်စာချုပ် မရှိတဲ့ မောင် နဲ့ သက်နွယ် အတွက် ကွာရှင်းစာချုပ် ဆိုတာ လည်း မရှိဘဲ ခြားနား သွားခဲ့ပြီ ။ ကျောခိုင်း သွားတဲ့ မောင့် ရဲ့ ကျောပြင် ကို ကြည့်ပြီး မျက်ရည်တွေ က မိုး လို ရွာတယ် ။ အပြောင်းအလဲ များ တဲ့ လောက မှာ သက်နွယ် ဘာ ကို တိုင်တည် ပြီး ငိုကြွေး ရ မလဲ ။ မောင် ပျော်ရွှင်ဖို့ ပဲ ဆုတောင်း ရတော့ မှာ ပေါ့ ။ မောင့် ဘဝလေး သာယာ ချမ်းမြေ့ပါစေကွယ် ။


 •••••   •••••   •••••


၄ ။


သက်နွယ် ဆုတောင်း တိုင်း မပြည့်တတ် တာ ကျိန်စာ တစ်ခု လား မောင်ရယ် ။ မှတ်မှတ်ရရ မောင် ထွက် သွားတာ နှစ်နှစ် ပြည့် တဲ့ နေ့ ။ ပြက္ခဒိန် ကြည့် စရာ မလိုဘဲ နှလုံးသား က နာနာကျင်ကျင် နဲ့ မှတ်မိ နေခဲ့တဲ့ သက်နွယ် နဲ့ မောင် ရဲ့ နောက်ဆုံး နေ့ ။ 


အဲဒီ နေ့ မောင့် ဆီ က ဖုန်း လာ တော့ သက်နွယ် ရင်တွေ တလှပ်လှပ် ခုန်မိတာ အရင် က အတိုင်းပဲ ။ ချက်ချင်း အလှတွေ ပြင် ပြီး မောင့် ဆီ အပြေး လှမ်း မိတဲ့ သက်နွယ် ရယ် ပါ ။ မောင့် ဆီ လည်း ရောက် ရော သက်နွယ် မထင်မှတ် ထားတဲ့ စကားလက်နက်တွေ နဲ့ ပစ် ပေါက် တော့ တာ ပါပဲ လား ။ 


“ မင်း ကြောင့် ငါ့ ဘဝ အညွန့် ကျိုးခဲ့ရပြီ သက်နွယ် ” 


စိမ်းသက် တဲ့ မျက်ဝန်း ၊ ခါးသက် တဲ့ အကြည့် တွေ က ချောက်ချားစရာ ကောင်းလိုက် တာ ။ အံ ကြိတ်ပြီး ပြောတဲ့ မောင့် ရဲ့ စကားသံ ထဲ မှာ အမုန်းတွေ ကြီးစိုး နေတယ် ။ မောင့် ရဲ့ စွပ်စွဲချက်တွေ က လည်း ပြင်းလွန်းလှတယ် ။ 


“ သက်နွယ် မှာ ဘာ အပြစ် ရှိလို့လဲ မောင် ရယ် ”


“ ဘာ ... ဟား ... ဟား ”


ဘုရား ... ဘုရား ။ မောင် ဟားတိုက် ရယ်တယ် ။ ပြီးတော့ မောင့် မျက်ဝန်း က မျက်ရည်တွေ စီးကျ နေတယ် ။ မောင့် မျက်ရည်တွေ ကို မြ င်ရတာ သက်နွယ် နှလုံးသား ထဲ မှာ နာတယ် ။ 


“ အဲဒီမှာ ကြည့် လိုက် သက်နွယ် ၊ အဲဒါ မင်း ငါ့ ကို လှလှပပလေး ပေး လိုက်တဲ့ လက်ဆောင် ပေါ့ ” 


မောင် ပစ် ပေး တဲ့ စာရွက် တစ်ရွက် သက်နွယ် ရှေ့ ကို လွင့်ကျ လာတယ် ။ တုန်ယင် တဲ့ လက်အစုံ နဲ့ ကောက် ယူ ဖတ် လိုက်တဲ့ အချိန် မှာ ကမ္ဘာ တစ်ခြမ်း မှောင်မိုက် သွားခဲ့တယ် ။


 •••••   •••••   •••••


၅ ။


မောင် အရမ်း ပိန်သွား တယ် ။ အရင် လို နုပျို စိုလက်မှုတွေ မောင့် ဆီ မှာ မတွေ့ရ တော့ဘူး ။ မောင့် မျက်ဝန်း က လည်း ဖျော့တော့ လို့ ။ စူးစိုက် ကြည့် လိုက်တဲ့ မောင့် အကြည့် တွေ က လည်း နွမ်း လို့ နေခဲ့ပြီ ။ မောင့် ကို ဒီလို ပုံစံမျိုး နဲ့ မြင် ရတာ နှလုံးသား ထဲ မှာ နာတယ် ။


“ မင်း ဘာ လာ လုပ်တာလဲ သက်နွယ် ”  


မောင့် အသံ တွေ က အရင် လို တင်းမာ နေဆဲ ။ သက်နွယ် လက် ထဲ မှာ အမှန်တရား တစ်ခု ကို ဆုပ်ကိုင် လာခဲ့တယ် မောင် ။ မောင့် ရဲ့ သံသယတွေ အမုန်းတွေ ကို ချေဖျက် နိုင်မယ့် အမှန်တရား တစ်ခု ပေါ့ ။ ဒါပေမဲ့ အဲဒီ အမှန်တရား က မောင့် အတွက် ခါးသီး နေ လေ မလား ။ 


“ ရော့ မောင် ၊ ဒါကို မောင့် အပေါ် မြတ်နိုးခဲ့တဲ့ သက်နွယ် ရဲ့ အမှန်တရား တစ်ခု အဖြစ် လက်ခံပေးပါ မောင် ” 


သက်နွယ့် လက် ထဲ က စာရွက် က မောင့် လက် ထဲ ရောက်သွား ခဲ့ပြီ ။ စာရွက် ကို မောင် ကြည့် နေတဲ့ အချိန်မှာ သက်နွယ် မျက်နှာ လွှဲ ထားခဲ့ တယ် ။ မောင့် မျက်နှာ ပေါ် က အရိပ်အယောင်တွေ ကို မဖမ်း ဆုပ် ချင်တော့ဘူး ။ မောင် နောင်တ ရ မှာ ကို သက်နွယ် မကြည့်ရက်ဘူး ကွယ် ။ 


“ သက်နွယ် ... ” 


မောင့် နှုတ်ဖျား က ထွက် ကျ လာတဲ့ နာမည် က သက်နွယ် တဲ့ လား ။ နူးညံ့လွန်းတယ် မောင် ။ မောင့် ရဲ့ ခေါ်သံ ကို ကြားရတာ နဲ့ တင် သက်နွယ် မျက်ဝန်း မှာ မျက်ရည်တွေ တာကျိုး ခဲ့ရပြီ ။ 


“ ကိုယ့် ဘဝ မှာ လေးစားစရာ အကောင်းဆုံး မိန်းမ တစ်ယောက် နဲ့ ဆုံခဲ့ရတဲ့ အတွက် သေပျော်ပါပြီ သက်နွယ် ၊ မင်း ထွက်သွားပါတော့ ” 


နောက်ဆုံးတော့ လည်း သက်နွယ် က အရှုံး နဲ့ ရင်ဆိုင် ရတာပါပဲလား မောင် ။ သက်နွယ် ဘယ်လိုပဲ မှန် နေပါစေ မောင့် အနား မှာ မှ နေခွင့် မရှိ တော့တာပဲ လေ ။ မောင် က သက်နွယ် ဘဝ ရဲ့ အချစ်ဆုံး နဲ့ အချစ်ဦး ပါ ပဲ မောင် ရယ် ။ 


“ နောက်ဆုံး အနေနဲ့ နမ်းခွင့် ပြုပါလား မောင် ” 


မောင် ခေါင်း မညိတ် ဘူး ။ ဒါပေမဲ့ သက်နွယ် ရဲ့ ခြေလှမ်းတွေ က ညင်သာစွာ နဲ့ မောင့် အနား ရောက် သွားခဲ့ တယ် ။ မောင့် ရဲ့ ပါးပြင်လေး ကို ခပ်ဖွဖွ ကိုင် တော့ မောင့် နှုတ်ခမ်းဖျားလေး တုန်ယင် သွားတယ် ။ သက်နွယ် မျက်လုံး ကို မှိတ်ပြီး မောင့် နဖူး ကို မြတ်မြတ်နိုးနိုး နမ်းရှိုက် လိုက်တယ် ။ မောင် တွန့်ခနဲ ဖြစ်သွား ပေမဲ့ သက်နွယ် ရဲ့ အနမ်း က ဟန်ချက် မပျက်ခဲ့ဘူး ။


အရင် က ပြောခဲ့ဖူးတာ ကို မောင် မှတ်မိ မှာ ပါ ။ ပါး ကို နမ်းတာ က ချစ် လို့ ။ နှုတ်ခမ်း ကို နမ်းတာ က ပိုင်ဆိုင်ချင် လို့ ။ နဖူး ကို နမ်းတာ က တော့ မြတ်နိုး တန်ဖိုးထားလို့ တဲ့ ။ အခုချိန် ထိ မောင့် ကို မြတ်နိုး တန်ဖိုး ထား ဆဲ ဆိုတာ မောင့် နဖူး ပေါ် မှာ ဖြစ်တည်ခဲ့ တဲ့ အနမ်း က သက်သေ ပါပဲ မောင်ရယ် ။ 


မောင့် ကို နမ်း ပြီးတဲ့ အချိန် မှာ သက်နွယ် အကြည့် က တဆတ်ဆတ် တုန် နေတဲ့ မောင့် လက် ဆီ ရောက် သွား တယ် ။ သက်နွယ် ပေးထား တဲ့ ဆေးစစ်ချက် စာရွက်လေး က ဖြင့် မောင့် လက် ထဲ မှာ နွမ်းကြေ လို့ နေခဲ့ပြီပဲ ။ အဲဒီ စာရွက် ထဲ က အမှန်တရား ကို မြင်တယ်မဟုတ်လား မောင် ။ HIV Negative တဲ့ ။ ဒီလောက် ဆို မောင့် ဆီ မှာ အမြစ်တွယ် နေတဲ့ ရောဂါဆိုး ရဲ့ မြစ်ဖျားခံရာ ကို သိ ရော ပေါ့ ။ ဒီ အလုပ် ကို လုပ် နေခဲ့ ပေမဲ့ သက်နွယ် ကိုယ့် ကိုယ် ကို အမြဲ ကာကွယ်ခဲ့ သူပါ ။ သုံးလ တစ်ခါ ဆေး စစ်ပြီး ဒီ ရောဂါဆိုး ကင်းရှင်းကြောင်း အတိအကျ သိခဲ့ပြီး မှ မောင့် ရင်ခွင် ထဲ ခိုဝင် ခဲ့တာပါ ။ လူ တစ်ယောက် ရဲ့ ကိုယ်ကျင့်တရား ဆိုတာ ကို မောင် လက်တွေ့ သိပြီ မဟုတ် လား ။ အထက်တန်း အလွှာ က ဂုဏ်သရေ ရှိတဲ့ သူတိုင်း မသန့်စင်ဘူး ဆိုတာ မောင် လက်ခံပြီ မဟုတ်လား ။ သူတို့ ကျတော့ ပတ်ဝန်းကျင် မှာ အနံ့ မထွက် အောင် ငွေကြေး ပကာသန တွေ နဲ့ ဖုံးလွှမ်း ထား နိုင်ခဲ့တာပေါ့ မောင် ။ 


သက်နွယ် တို့ ကျ တော့ ကိုယ့် ကိုယ် ကို ကာကွယ်စရာ ဆို လို့ အရည်သွေး မြင့် တဲ့ ကွန်ဒုံးတွေ ပဲ ရှိတာပါ ။ အလုပ် တွေ အများကြီး ထဲ က ဒီ အလုပ် ကို မှ ရွေး လုပ်ရသလား လို့

ပါးစပ်ဖျား က မဲ့ရွဲ့ ပြီး ပြောတဲ့ သူတွေ ကို သက်နွယ် မရှင်းပြ ချင်တော့ပါဘူး ။ မောင့် တစ်

ယောက် တည်း ကို ပဲ နောက်ဆုံး အနေနဲ့ ရှင်းပြခဲ့ပါရစေ ။ 


ဘယ် မိန်းမ က ကလက်တက်တက် ဝတ်စား ပြီး ကိုယ့် ဘ ဝကို အနင်း ခံချင် မလဲ မောင် ။ ငွေ ပေးပြီး သွန် လို သွန် မှောက် လို မှောက် ပြု သမျှ အနု ခံရအောင် မာန မရှိတဲ့ သူ ဖြစ် ချင်မလဲ ။ ပြီးတော့ ပတ်ဝန်းကျင် မှာ အညှီနံ့ ထွက်အောင် ဘယ် နေချင်ပါ့ မလဲ ။ ကိုယ့် ကို အော့အန်စရာ ကောင်းတဲ့ အကြည့် နဲ့ ကြည့် နေကြတာ ကို လည်း ဘယ် ရင်ဆိုင် ချင် ပါ့ မလဲ မောင် ။ သက်နွယ် လည်း ကတ္တီပါ ဖိနပ် စီး ပြီး ရွှေထီး ဆောင်း ချင်တာပေါ့ မောင် ။ ဒီ ဘဝ မှာ တော့ ကတ္တီပါဖိနပ် စီး ခွင့် မရ သလို ရွှေထီး လည်း မဆောင်းခဲ့ ရဘူး ။ ဒါပေမဲ့ အမေ့ ကို နောက်ဆုံး ထွက်သက် မတိုင်ခင် ကျေနပ် လောက် အောင် ပြုစုခွင့် ရ ခဲ့ပြီး မောင့် ကို ချစ်ခွင့်လေး ရ ခဲ့တာ နဲ့ တင် သက်နွယ် လူ ဖြစ်ရ ကျိုး နပ်ပြီ လို့ မှတ်ယူ လိုက်ပါ ပြီ မောင် ရယ် ။


◾နတ်ရဲ ၊ ရူပဗေဒ ၊


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      ဧပြီ ၊ ၂၀၁၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment