Monday, February 5, 2024

ခုနစ်ထွေ မင်းသမီး


 ❝ ခုနစ်ထွေ မင်းသမီး ❞ 


( ၁ )


သူမ ကို မျက်စိ နဲ့ လည်း အသိ ပေး ဖူးတယ် ။ ကိုယ် အမူအရာ နဲ့ လည်း အချက် ပြ ဖူးတယ် ။ စာ နဲ့ လည်း သက်သေ ထူ ဖူးတယ် ။ နှုတ် နဲ့ လည်း အတိအလင်း ချစ်ခွင့်ပန် ခဲ့ ဖူးတယ် ။ ဒါပေမဲ့ သူမ နဲ့ ကျွန်တော် ချစ်သူ ဘဝ မရောက်ခဲ့ ကြပါဘူး ။


တကယ် ချောပြီး ယဉ်ကျေးတဲ့ ကောင်မလေး ဗျာ ။ ခင်ဗျား သာ မြင်ဖူး ရင် တစ်ခါတည်း ခိုက် သွားမှာ သေချာတယ် ။ တကယ် ပြောတာ ။ ကျွန်တော် ဆိုတဲ့ ကောင် က တော်ရုံ တန်ရုံ မိန်းကလေး ဆိုရင် အမွှမ်း တင် တတ်တာ မဟုတ်ဘူး ။ မျက်စိ စားပွဲ လည်း အညောင်း ခံ မထိုင်ဘူး ။ နှလုံးသား တံခါး က လည်း ဖွင့် ကြည့် တာ မဟုတ်ဘူး ။


အခု ကျွန်တော် ပြောနေတဲ့ ဝါဝါလွင် က တော့ နာမည် နဲ့ လိုက်အောင် အသား က ဝါဝင်း ပြီး အသံ က ချိုလွင် နေတာ ။ အပြစ် ကင်းစင်ပြီး ချောမောတဲ့ မျက်နှာ မှာ စံပယ်တင်မှဲ့ က ညာဘက်ပါး ပေါ် မှာ နေရာ ယူ ထားတယ် ။ ညီညာ ဖြူဖွေး တဲ့ ပုလဲသွယ် သွားတန်း ထဲ မှာ သွားတက် နှစ်ခု က ဘယ်ညာ မို့ ပြုံး လိုက်တိုင်း ကျွန်တော့် ရင် မှာ အေးမြ သွား တာပဲ ။ 


မနိမ့်မမြင့် အရပ် ( ၅ ) ပေ ကျော် မှာ မဆူမဖြိုး ခန္ဓာကိုယ် ကို တိုင်းထွာ ကြည့် ရင် တင် ( ၃၆ ) ၊ ရင် ( ၃၅ ) ၊ ခါး ( ၂၄ ) ရှိ မှာ သေချာတယ် ။ လက်ရာ မြောက်တဲ့ ပန်းပုရုပ်လေး ဆိုပါတော့ ဗျာ ။ 


မရယ် နဲ့ ကိုယ့် လူ ။ ကျွန်တော် တကယ် ပြော နေတာ ။ ဝါဝါလွင် နဲ့ ကျွန်တော် က တစ်ရပ်ကွက် ထဲ နေရုံ မကဘူး ။ အရှေ့ဘက်ခြံ နဲ့ အနောက်ဘက်ခြံ အိမ်နီးချင်းတွေ ဆိုတော့ သိတာပေါ့ ။သူ့ ထက် လှတဲ့ သူတွေ မရှိဘူး မပြောပါဘူး ။ သူ့ အလှ နဲ့ သူ တော့ ရှိမှာပါ ။ ဒါပေမဲ့ ကျွန်တော့် မျက်စိ ထဲ မှာ တော့ ဝါဝါလွင် လောက် လှတဲ့ သူ မတွေ့မိ သေးတာတော့ အမှန်ဗျ ။ 


ဝါဝါလွင် ရဲ့ ထူးခြားချက် က ရှက်ရွံ့ရွံ့ ပုံစံလေး ပဲ ။ စကား ပြော ရင်လည်း တိုးတိုးလေး ပြော တတ်တယ် ။ ကျွန်တော် နဲ့ များ စကား ပြောရင် ခေါင်းကြီး ကို အရမ်း ငုံ့ ထားတာပဲ ။ ပါးစပ် က ဘာသံ မှ မထွက်ဘူး ။


ဝါဝါလွင် တို့ မှာ ညီအစ်မ နှစ်ယောက် ပဲ ရှိတာဗျ ။ သူ့ အစ်မ က အိမ် လည် သလောက် ဝါဝါလွင် က တော့ ကျောင်း နဲ့ အိမ် က လွဲ ပြီး ဘယ်မှ မသွားဘူး ။ အိမ်မှုကိစ္စ ကို သူ ပဲ လုပ်တာ ။ သူ့ အဖေ ကတော့ ပွဲရုံ မှာ လုပ်တယ် ။ ညနေတိုင်း မူး ပြီး ဆူနေတဲ့ လူကြီး ပါ ။ 


ကျောင်း မှာ လည်း သိပ် အေးတာ ။ ဘယ်သူ နဲ့ မှ စကား ပြောတာ မဟုတ်ဘူး ။ စာ ပဲ ဖတ် နေတာ ။ အတန်း ထဲ က လည်း မထွက်ဘူး ။ ဒီလောက် မိန်းမ ပီသတဲ့ မိန်းမ ဗျ ။ 


ဖူးစာ မှန် မှ ကံ ဆုံတယ် ဆိုတဲ့ စကား သိပ် မှန်ပါလား ။ ကျွန်တော် က ဝါဝါလွင် ကို မင်းကုသ ထုံး နှလုံး မူ ပြီး ပိုးပန်းခဲ့ ပေမယ့် လက်တောင် မကိုင်ခဲ့ ဖူးပါဘူး ။ ကျွန်တော့် ရုပ် က ပဲ ဆိုး လို့လား ။ မျက်စိ အားနည်း လို့ မျက်မှန် တပ်တာ ကို ပဲ မှန်ကြောင် ထင်နေသလား ။ ဒါမှမဟုတ် ဝါဝါလွင် က ပဲ အသည်း မပါလို့လား တော့ မသိဘူး ။


အရေး ထဲ ဝါဝါလွင် နဲ့ ကျွန်တော် ပို ဝေးချင်တော့ ( ၁၀ ) တန်း မှာ ကျွန်တော် ( ၃) ဘာသာ နဲ့ အောင် ပြီး ဝါဝါလွင် က တော့ ကျ တယ်လေ ။ ဒီတော့ ကျွန်တော်မျိုး မှာ ဝါဝါလွင် နဲ့ ဝေးရာ ရန်ကုန် စက်မှုတက္ကသိုလ် ကို ပြေးခဲ့ ရတယ် ။ ဝါဝါလွင် က တော့ သူ့ အဖေ ပွဲရုံပိုင်ရှင် ဖွင့် ထားတဲ့ ရွှေဆိုင် မှာ အရောင်းစာရေးမ ဝင် လုပ်တယ်လေ ။ 


ကျွန်တော့် မှာ လေ စာ သင် နေရပေမယ့် ဝါဝါလွင် ကို ပဲ မျက်စိ ထဲ က မထွက်ဘူး ။ အုံ့ပုန်းချစ် ရဲ့ ဒုက္ခ ဟာ တော်တော် ဆိုးပါလားဗျ နော် ။ ဝါဝါလွင် ဆီ ကို တော့ တံဆိပ်ခေါင်း အားကိုး နဲ့ စာတွေ ပို့ခဲ့တယ် ။ မျှော်လင့် ထား သလိုပါပဲ ။ စာ တစ်စောင် မှ မပြန်ဘူး ။


ဒါပေမဲ့ ဗျာ ။ စာသင်နှစ် မကုန်ခင် မှာ အသည်း တုန်လှုပ်စရာ သတင်း တစ်ခု ကို သူငယ်ချင်း တစ်ယောက် စာ ထဲ က သိ လိုက်တယ် ။ ဝါဝါလွင် ရဲ့ အချစ်မြား ဟာ ကျွန်တော့် ရင်ဝ က လွဲ ပြီး အခြား လူ တစ်ယောက် ရဲ့ ရင်ဝ ကို သွား မှန်တယ်တဲ့ ။


ကျွန်တော့် ခေါင်း ငယ်ထိပ် တည့်တည့် ပေါ် ကို နေ့ခင်း ကြောင်တောင် မိုးကြိုး ပစ် ခံလိုက်ရခြင်းပါပဲ ။ ကျွန်တော် ဘယ်လို ပုံ ဖြစ်သွားမယ် ဆိုတာ ခင်ဗျား စဉ်းစား ကြည့်ပေတော့ ။


အိပ်ရာ ထဲ ခေါင်းအုံး ဖက် ပြီး ဘယ်ညာ လူးလှိမ့်လိုက် ၊ မြို့ ထဲ ယောင်ချာချာ နဲ့ ကား ပတ် စီး လိုက် ။ ကန်တော်ကြီးစောင်း ရေစပ် မှာ ထိုင် ပြီး ရေပြင် ထဲ စိတ် အမျိုးမျိုးတွေ ပစ် လွှတ်လိုက် ။ ကျွန်တော့် နား ဟာ လည်း ကိုသန်းလှိုင် ၊ ကိုတင်လှိုင် သီချင်းတွေ နဲ့ ဆွေး နေ လိုက်ပေါ့ ။ ကျွန်တော် ခေတ္တ ရူး သွားတယ် ဗျာ ။ 


ဒါနဲ့ မနေနိုင်တာ ကြောင့် ရှေ့ မျက်နှာ နောက် ထားပြီး အစ်မ ဆီ ကို “ ဝါဝါလွင် ရည်းစား ရှိတာ တကယ်လားဗျာ … စုံစမ်းပေးပါဦး ” လို့ စာ ရေး လိုက်တယ် ။


မကြာခင် အစ်မ ဆီ က စာ ပြန် လာတယ် ။ ဝါဝါလွင် ဟာ ရည်းစား ထား တာ မဟုတ်ဘူး ။ ယူနန်ဘုံကျောင်း မှာ ပြီးခဲ့တဲ့ တနင်္ဂနွေ က လက်ထပ် လိုက်ပြီ တဲ့ ။ အင်္ဂလိပ်စာ ညံ့ တဲ့ ဝါဝါလွင် ဟာ အင်္ဂလိပ်စာ မကျွမ်း ပေ မယ့် ဘာသာစကား တစ်ခု ကို တော့ ထမင်းစား ရေသောက် တတ်နေပြီ တဲ့ ။


   •••••   •••••   •••••

 

( ၂ ) 


ကျွန်တော် ဇာတိမြို့လေး ကို မရောက်တာ ( ၄ ) နှစ် ရှိပြီ ။ ကျောင်း ပိတ်ရက်များ မှာ အိမ် ကို မပြန်ဘဲ သူငယ်ချင်းတွေ ရဲ့ မြို့ ကို လိုက်ပြီး အချိန်ဖြုန်း နေခဲ့တယ် ။


ရယ်စရာ တော့ အတော် ကောင်းသားဗျ နော် … ။ ကျွန်တော် ဘာကြောင့် ကျောင်း ပိတ်ရက် များ မှာ အိမ် ကို မပြန်တာ ကို ခင်ဗျား ရိပ်မိ မှာ ပါ ။ 


ဟုတ်တယ် … ။ ခင်ဗျား ထင်တဲ့ အတိုင်း ဝါဝါလွင် ကြောင့် က လွဲ ပြီး ဘာ အတွက် ရှိရဦးမှာလည်း ဗျာ ။ ကျွန်တော် က လူငယ် ။ မရှက်ပါဘူး ။ နောက်ပြီး ကျွန်တော် ဟာ အစွဲအလမ်း ကြီးသူ တစ်ယောက် ဆိုတာ ဝန်ခံပါတယ် ။ ကျွန်တော့် မျက်စိ ထဲ မှာ ဝါဝါလွင် ရဲ့ အပြစ် ကင်းစင်တဲ့ မျက်နှာလေး ၊ ချစ်စရာ ကိုယ်လုံးလေး ဟာ ယနေ့ အထိ စွဲ နေတုန်းပဲ ။ ဒါပေမဲ့ စိတ် နဲ့ တပ်မက် နေတာ တော့ မဟုတ်ပါဘူး ။


လွန်ခဲ့တဲ့ ( ၃ ) နှစ် လောက် က ဝါဝါလွင် ရဲ့ သတင်း ကို ကြား တော့ ဝါဝါလွင် လက်ထပ် စဉ် က ပူဆွေး ရတာ ထက် ပိုမို ပြင်းထန်တဲ့ ဝေဒနာ ကို ခံစား ရ ပါတယ် ။


ဝါဝါလွင် နဲ့ ရတဲ့ သူ က ဝါဝါလွင် ထက် အသက် ( ၂၀ ) ကြီး တဲ့ ကိုယ့် အဖေ အရွယ် တဲ့ ။ သားကြီး မယားကြီး နဲ့ တဲ့ ။ သူ့ အဖေ ပွဲရုံ က ပွဲရုံပိုင်ရှင် တဲ့ ။ ဝါဝါလွင့် အမေ က အတင်း နားချ ပေးစား တာ တဲ့ ။ ဝါဝါလွင် က နံပါတ် ( ၄ ) တဲ့ … စတဲ့ သတင်းတွေ ကြား တော့ ကျွန်တော် လေ ဝါဝါလွင် ကို သနား တာ လား ၊ နှမြော တာ လား ၊ အမျိုးအမည် မသိ တဲ့ ဝေဒနာ ခံစား ခဲ့ ရတယ် ။ အဲဒီ လူ ကို လည်း သ,တ်ပစ် ချင် လောက် အောင် ဒေါသ ဖြစ်မိတယ် ။ တကယ် ။ အဲဒီတုန်း က များ ကျွန်တော့် နား မှာ ရှိရင် ကျွန်တော် စိတ် မထိန်းနိုင်ဘဲ တကယ် လုပ်မိ မှာ သေချာတယ် ။ အဲဒီတုန်း က ကျွန်တော့် ပုံ ကို ခင်ဗျား မြင် ရင် ကျွန်တော့် အပေါ် ကို ခင်ဗျား မှတ်ချက် တစ်ခု ချမှာ သေချာတယ် ။ ဒီ မှတ်ချက် ကို ကျွန်တော် သိနေ ပေမယ့် မကြားချင်ဘူး ။ အဲဒီ နှစ် က လည်း ကျွန်တော် မြို့ ကို မပြန်ဖြစ်ဘူး ။ ဘာကြောင့် မှန်း တော့ မသိဘူး ။


လွန်ခဲ့တဲ့ ( ၂ ) နှစ် က လည်း ဝါဝါလွင် ရဲ့ ခင်ပွန်း ဆုံးကြောင်း သတင်း ကြားရ ပြန်တယ် ။ ကျွန်တော် လုံးဝ စိတ် မကောင်းပါဘူး ။ ဒါပေမဲ့ ကျွန်တော့် ရင် ထဲ မှာ တော့ ပျော် နေ သလိုပဲ ။ ဒါပေမဲ့ သိပ်တော့ မသေချာဘူး ။ ဝါဝါလွင် ကို ပြေးပြီး နှစ်သိမ့်ချင်တာ တော့ အမှန်ပဲ ။ ဒါပေမဲ့ လူ က တွေဝေ နေတယ် ။ အဲဒီ နှစ် က လည်း ကျွန်တော် မြို့ ကို မပြန်ဖြစ် ပြန်ဘူး ။ ဘာကြောင့် မှန်း တော့ မသိဘူး ။


လွန်ခဲ့တဲ့ ( ၁ ) နှစ် လောက် က ဝါဝါလွင် ရဲ့ သတင်း ကြား တော့ ကျွန်တော် လုံးဝ မယုံကြည်ခဲ့ဘူး ။ ဘယ့်နှယ်ဗျာ ဖြစ်နိုင်ပါ့ မလား ။ ခင်ဗျား စဉ်းစားကြည့် ။ မလိုသူတွေ ပြောတဲ့ စကား ပဲ ဖြစ်မှာပါ ။ ဒီလောက် အေးဆေးပြီး စကား လေးလုံး ကွဲအောင် မပြောတတ် သူ က ချစ်တီးမ ဖြစ်နေပြီ တဲ့ ။ ရှင်းရှင်း ပြောရရင် ရပ်ကွက် ထဲ မှာ အပေါင် ခံတယ် ။ နေ့ပြန်တိုး ပေးတယ် ။ တစ်ရာ ကို အတိုး (၂၀) နှုန်း နဲ့ ငွေတိုးချေး စားတယ် ။ ဒါကို ပြောတာ ။ သူ ချေး ထားတဲ့ ငွေ ပြန် မဆပ်ရင် အော် တောင်းရမှာ လည်း မရှက်ဘူး ။ ဆဲ တောင်းရမှာ လည်း မရှက်ဘူး ။ ရန် ဖြစ် ရမှာ လည်း မရှက်ဘူး ။ ကုန်ကုန် ပြော ရရင် ထဘီ ခါးတောင်းကျိုက် ပြီး နပန်းလုံး တောင် တောင်းတယ် ဆိုပါလား ။ 


ဒါထက် ပို ဆိုးတဲ့ သတင်း က ဝါဝါလွင် ဟာ မှန် ကြည့် လို့ မရတော့ဘူး တဲ့ ။ ဝါဝါလွင် မှန်ကြည့် ရင် ဘာကြောင့်မှန်း မသိဘူး ။ မှန်တွေ ကွဲတယ် ဆိုပဲ ။ 


ဟား … ဟား … ဟား ။ ကြည့် လည်း ပြောကြပါ အရပ်ကတို့ ရေ … ၊ ဒီ သတင်းတွေ ကို ကျွန်တော် က တော့ မယုံ ရေးချ မယုံ ပဲ ။ 


ဪ … လူတွေ လူတွေ မြေနိမ့် ရာ လှံ စိုက်ကြပါလား လို့ ကျွန်တော် ထင်မိတယ်ဗျာ ။ 


   •••••   •••••   •••••


( ၃ ) 


ဒီနှစ် ကျောင်းပိတ်ရက် မှာ အိမ် ကို မပြန် မဖြစ် ပြန်ခဲ့ ရတယ် ။ အမေ နေ မကောင်းဘူး လို့ မှာ လို့ ပါ ။ 


အိမ် ရောက် တော့ ဝါဝါလွင့် အိမ် ဘက် မျက်စိ စွေ ကြည့် နေမိတယ် ။


ဝါဝါလွင့် အိမ် ဟာ အရင် က လို မြေစိုက် ၊ ထရံကာ ၊ ကပ်မိုး သုံးပင်နှစ်ခန်း အိမ် မဟုတ်တော့ဘူး ။ ( ၂ ) ထပ် ကွန်ကရစ်ခံ အာစီတိုက် ဖြစ်နေတယ် ။ဝင်းပြည့် အိမ်ပြည့် ကို ဆောက် ထားတာ ။ သူ့ အိမ်ထဲ မှာ လူရိပ်တွေ မြင် နေရတယ် ။ ဘာပါလိမ့် လို့ အစ်မ ကို မေးကြည့်ချင် ပေမယ့် လည်း နေ မကောင်းတဲ့ အမေ က  ကျွန်တော့် ကို စကားနာ ထိုး နေလို့ အမေ့ ရင်ခွင် ထဲ ခေါင်းဝှေ့ နေရတယ် ။ဒါကြောင့် မမေးမိတော့ဘူး ။


ဒါပေမဲ့ မနက် ကျ တော့ အစ်မ က ဝါဝါလွင့် သမီး မွေးနေ့ပွဲ သွား ရန် ခေါ် နေတယ် ။ ကျွန်တော် က ကျွန်တော့် မဖိတ် လို့ မလိုက်ချင်ဘူး ငြင်းတယ် ။ ဒီတော့ အစ်မ က မဲ့ ပြီး … 


“ နင် ရောက် တာ မိဝါ ဘယ်လို သိတယ် မသိဘူး … ဒီနေ့ မနက် အစောကြီး အိမ် လာပြီး နင် ပါ လိုက်ခဲ့ဖို့ ဖိတ် သွားတယ် … နင် အိပ်နေလို့ မနှိုးတာ ” လို့ ပြောတယ် ။


ကျွန်တော့် ရင် ထဲ မှာ ဒိုင်းခနဲ အရာ တစ်ခု ခုန် သွားတယ် ။ ပါးစပ် ထဲ တံတွေး တွေ လည်း ဘယ် ရောက် ကုန်တယ် မသိတော့ဘူး ။


အစ်မ က မနက် ( ၈ ) နာရီ သွားရအောင် ပြောတယ် ။ ရေချိုး ၊ ခေါင်း ကို ကျကျနန ဖြီး ၊ အရောင်နု တဲ့ အင်္ကျီ နဲ့ လုံချည် ကို ရွေး ဝတ် လိုက်တယ် ။ မှန် ကို ကြည့်လို့ အားမရသေးဘူး … “ မောင်လေး ရေ … သွားရအောင် ” ဆိုတဲ့ အစ်မ အသံ ကြောင့် အခန်း ထဲ က ပြေးထွက်ခဲ့ ရတယ် ။ ဒါတောင် မျက်မှန် မပါ လို့ ပြန် ယူရသေးတယ် ။ မျက်မှန် မပါလို့ မဖြစ်ဘူး ။ ကျွန်တော် က အဝေးမှုန် လေ ။ 


ကျွန်တော် မျက်မှန် ကို ( ၁၀ ) တန်း ရောက်တဲ့ နှစ် က စ တပ်ရတာ ။ မှတ်မှတ်ရရ ပြောရ ရင် ဝါဝါလွင့် ကို နှုတ် နဲ့ ချစ်ရေး စ ဆိုတဲ့ နေ့ ပဲ ။ ဝါဝါလွင် လေ သိပ် ရိုးတာ ။ ကျွန်တော် က ချစ်ရေး ဆိုတော့ ခေါင်းကြီး ငုံ့ ပြီး ကျောက်ရုပ် လို ရပ် နေတယ် ။ ဘာမှ လည်း မပြောဘူး ။ လူတွေ ဝိုင်း ကြည့် နေကြ လို့ ကျွန်တော် လည်း နေရာ က ခွါ ပေး ရတယ် ။တကယ့် ရယ်စရာ ပါ ဗျာ ။ 


ဝါဝါလွင့် အိမ် ရောက် တော့ တိုက်ခန်း ထဲ မှာ လူတွေ ပြည့် နေပြီ ။ အဲ … စားစရာ တည်ခင်း တဲ့ စားပွဲခုံ ပတ်လည် မှာ လူတွေ ပြည့်တယ် ဆိုတာ ပို မှန်မယ် ။ အလဲ့ … ၊ ဝါဝါလွင့် အိမ် က ဘယ် ဆိုးလို့လဲ ၊ အခန်း ထဲ က ပစ္စည်းတွေ က နိုင်ငံခြားဖြစ်တွေ ချည်းပါလား ။ ပစ္စည်းတွေ က လည်း အများသား ဗျ ။ မဆီမဆိုင် ဆိုရ မလားပဲ ၊ အခန်း ထဲ မှန် ရှိ ၊ မရှိ ကျွန်တော် ရှာ နေမိတယ် ။


စားပွဲခုံ ဘေး ဝင် ထိုင်ရ ပေမယ့် ကျွန်တော် အခန်း ထဲ ကို မျက်လုံး ဝေ့ ကြည့် လိုက်တယ် ။ ကျွန်တော် မြင်ချင်တဲ့ အရာ တစ်ခု မမြင်ရသေးဘူး လေ ။ ဒါပေမဲ့ ကိုယ် က ဧည့်သည် ပဲ ၊ ဧည့်ခံတာ ကို စား ဖို့ မြန်မာ့ဓလေ့ ထုံးစံ လေ ။  ဒါကြောင့် မုန့်ဟင်းခါး ကို ဇွန်း နဲ့ ခပ် လိုက်တယ် ။ ပါးစပ် ထဲ မုန့်ရည် မရောက် ခင် … 


“ သေချင်းဆိုးမ … အစိမ်းသေမ … ၊ ဒီလောက် နမော်နမဲ့ နိုင်ရသလား ”  


ကျား ဟိန်းသံ ထက် ( အို … မဟုတ်သေးဘူး ) ခြင်္သေ့ ဟိန်းသံ ထက် ပို ကျယ်တဲ့ အသံ ကြောင့် ဇွန်း ထဲ က ဟင်းရည် အောက် ကို ဖိတ် ကုန်တယ် ။ ကျွန်တော့် လို ပဲ အခန်း ထဲ က လူ အားလုံး လန့်သွားကြတယ် ။ဒါပေမဲ့ မိန်းမတွေ က တစ်ဦး နဲ့ တစ်ဦး လက် တို့ ၊ မျက်စ ပစ် ပြီး ရယ်ကြလေ ရဲ့ ။ 


ကျွန်တော် က အသံ လာရာ ဆီ ကို ကြည့် လိုက်တော့ ။ အိမ်တွင်း တံခါးဝ မှာ ခါးကြီး ထောက် ရပ် နေတဲ့ ပေါင် ( ၂၀၀ ) ကျော် မိန်းမ ဝဝကြီး တစ်ယောက် ကို တွေ့ လိုက်ရတယ် ။ ဝတယ် ဆိုတာ သူများ လို ကိုယ်ခန္ဓာ နဲ့ အရပ် လိုက်ဖက် ညီထွေ တစ်ဖြိုး တည်း ဝ တာ မဟုတ်ဘူး ။ အောက်ပိုင်း သေး ၊ ဖင်ပိုင်း ရှူး ပြီး ရာဝင်အိုး ပုံ လို ဝ တာ ။ ခေါင်း သေးသေးလေး မှာ ပါးစုန့် နှစ်ဖက် က လေအိတ်တွေ လို ဘေး ကို ကား ထွက်ပြီး နေတာ ။ မျက်နှာ ပေါ် မှာ လည်း အနီရောင် ၊ အပြာရောင် ၊ လိမ္မော်ရောင် ၊ အနက်ရောင် တွေ နဲ့ ခြယ်သ ထားတာ ဆိုတော့ ခင်ဗျား သာ ပုံ ဖော် ကြည့် ပေတော့ ။


သူမ ရှေ့ မှာ ပိန်ပိန်သေးသေး ကောင်မလေး က ပန်းကန်ကွဲ နဲ့ မုန့်ဖတ်တွေ ကို ကျုံး နေတယ် ။


“  …  …  … မ ၊ နင် …  …  … တာ အရေး မကြီးဘူး … ငါ့ ပစ္စည်းတွေ ကုန်ပြီ ” 


မိုး ခြိမ်းသံ ထက် ကျယ်တဲ့ အသံ နဲ့ အတူ ကြီးမားတဲ့ သူမ ရဲ့ လက် နဲ့ ကောင်မလေး နားရင်း ကို တီး လိုက်တာ ‘ ဖြောင်း ’ ဆိုတဲ့ အသံ ဟာ တစ်ခန်းလုံး ကြားရတယ် ။ ကောင်မလေး လည်း ( ၅ ) ပေ လောက် လွင့် သွားတယ် ။


ကျွန်တော် လည်း မိန်းမ ဝဝကြီး ကို မျက်လုံး ပြူး ပြီး ကြည့် မိတယ် ။ မိန်းမ ဝဝကြီး က လည်း ကောင်မလေး ကို မျက်လုံးပြူးကြီး နဲ့ ကြည့် နေတယ် ။ မိန်းမ ဝဝကြီး ရဲ့ မျက်လုံး ထဲ က ဒေါသတွေ ဟာ ကောက်ကွေ့ ပြီး ထွက် လာတယ် ။ ဆေးဆိုးပန်းရိုက် မျက်နှာကြီး ဟာ ကျီးအာသီး လို ရဲ တက် လာတယ် ။ ပါးစုန့်ကြီး နှစ်ခု ဟာ လည်း ဘေး ကို အဆမတန် ထွက် လာတယ် ။


“  …  …  … မ ”  


“  …  …  … မ ”  


“  …  …  … မ ”  


မြန်မာ သတ်ပုံကျမ်း ၊ အဘိဓာန် တွေ ထဲ မှာ ရှာ မတွေ့တဲ့ စကားလုံးတွေ နဲ့ ကောင်မလေး ကို ဆဲဆို နေတယ် ။


လက် ကားရား ၊ ခြေ ကားရား နဲ့ ဒေါသ ထွက် နေတဲ့ သူမ မျက်နှာ ကို ကြည့် ပြီး ကျွန်တော် ဘီလူးဆိုင်း ကို စိတ် ထဲ က တီး ပေး နေ မိတယ် ။


သူမ မျက်နှာ ကို ကြည့် နေရင်း ကျွန်တော့် ရင် ထဲ မှာ ‘ ဒိတ် ’ ခနဲ ဖြစ်သွားတယ် ။ ညာ ပါး မှာ စံပယ်တင် မှဲ့လေး တွေ့ လိုက် သလိုပဲ ။ ဒါပေမဲ့ မျက်နှာ မှာ ရောင်စုံကာလာတွေ ကြောင့် သိပ် မသေချာဘူး ။ ဒါကြောင့် မိန်းမ ဝဝကြီး ကို စူးစိုက် ကြည့် နေ မိတယ် ။


ဒီ အချိန် မှာ မိန်းမ ဝဝကြီး က လည်း ကျွန်တော့် ကို မြင် သွားတယ် ။ ပထမ အံ့ဩ သွား ပုံရတယ် ။ ပါးစပ်လေး ဟ ၊ မျက်လုံးလေး ဝိုင်း သွားတယ် ။ နောက် မှတ်မိပုံ ရ သွားတယ် ။ သူမ မျက်နှာ ပြုံး လာတယ် ။ ဒီတော့ ကျွန်တော် နေရာ က ‘ ဝုန်း ’ ခနဲ ထ ရပ် လိုက်တယ် ။ ဘာကြောင့်လဲ ဆိုတော့ သူ့ ပါး နှစ်ဖက် မှာ အစွယ် နှစ်ချောင်း ကို တွေ့လိုက်ရ လို့ပဲ ။ 


အံ့ဩစရာ ပဲ ဗျာ ။ မိန်းမ ဝဝကြီး ကို စူးစိုက် ကြည့် နေတဲ့ ကျွန်တော့် မျက်မှန် လည်း ဖျတ်ခနဲ ကွဲ သွားတယ် ။ ကျွန်တော် လည်း ကွဲ သွား တဲ့ မျက်မှန် ကို ဖြုတ် ပြီး အိတ်ကပ် ထဲ အပြီး သိမ်း လိုက်တယ် ။


နောက်တော့ ကျွန်တော် ဟာ အစ်မ ကို ပင် မခေါ်တော့ ဘဲ ဝါဝါလွင့် အိမ် က ပြေး ထွက်ခဲ့တယ် ။


   •••••   •••••   •••••

 

( ၄ )


ကျွန်တော် မျက်မှန် မတပ်တာ ( ၅ ) နှစ် လောက် ရှိ သွားပြီ ။ အလုပ် လည်း ရ ၊ မိန်းမ လည်း ရ လို့ ကလေး ( ၂ ) ယောက် ပင် ရပြီ ။


ကျွန်တော့် မျက်စိ ထဲ မှာ အပြစ် ကင်းစင်ပြီး ချောမောတဲ့ မျက်နှာ နဲ့ စံပယ်တင်မှဲ့လေး ကို လည်းကောင်း ၊ ညီညာပြန့်ပြူး တဲ့ ပုလဲသွယ်တန်း နဲ့ သွားတက်လေး နှစ်ခု ကို လည်းကောင်း ၊ မနိမ့်မမြင့် အရပ် နဲ့ ငါးရံ့ကိုယ်လေး ကို လည်းကောင်း ပုံရိပ် မထင်တာ လည်း ကြာပြီ ။


ဘယ်လောက် ကြာသလဲ ဆိုတော့ ကျွန်တော် မျက်မှန် မတပ်တဲ့ နေ့ က စ လို့ပဲ ။ ခုတော့ ရူး နေတဲ့ ကျွန်တော့် မျက်လုံး ကောင်း နေပြီ ကိုး ။


◾မင်းတင်ထွဏ်း


📖 ရွှေအမြုတေ မဂ္ဂဇင်း 

      မေလ ၁၉၉၈ ။ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment