Saturday, February 17, 2024

ယုဇနအေးကြည်


 ❝ ယုဇနအေးကြည် ❞


လေပြည် ထိုးလိုက်သည် နှင့် တစ်ပြိုင်နက် ယုဇနအေးကြည် သည် ဆေးပေါ့လိပ် ကို ကပျာကယာ ဖွာ လိုက်ပြီး သေတ္တာ ထဲ မှ ပဝါကလေး ကို ဆွဲ ထုတ်လိုက်သည် ။ ပဝါစ ကို ရှေ့ တွင် လှအောင် ဆွဲချ လိုက်ပြီး လျှင် ဘေးတွင် ထိုင် နေသော သဇင်ကြိုင် ကို လှမ်း ၍ ကြည့်လိုက်သည် ။


သဇင်ကြိုင် သည် စီးကရက် ကို ဟန်ပါပါ ဖွာ လိုက်ရင်း ယုဇနအေးကြည် ကို အကဲ ခတ် နေဟန် ရှိသည် ။ ယုဇနအေးကြည် သဇင်ကြိုင် ၏ မျက်နှာ ကို မြင်လိုက် ရုံ ဖြင့် သူ ဆုံးဖြတ်ရမည့် ကိစ္စ ကို အလိုလို စိုးရိမ် လာ မိသည် ။ စိုးရိမ်စိတ် ဖြင့် ရင်တွင်း ၌ တဒိတ်ဒိတ် ခုန် လာသည် ။ ကိုယ့် သတ္တိ ကို ခုမှ ပြန် ၍ အားမလို အားမရ ဖြစ် မိသည် ။


ယုဇနအေးကြည် ဆို လျှင် တိုင်းပြည် က သိပြီး သား ဖြစ်သည် ။ တစ်ချိန်က အစ်ကို ကာလသား တို့ အသည်းစွဲ မင်းသမီး ဖြစ်သည် ။ ယုဇနအေးကြည် ဆို လျှင် ဘယ်ဘက် စမ်းစမ်း သူများ လို မှန်တမ်း လောက် သာ နေခဲ့ သူ မဟုတ် ၊ ယှဉ် ထွက် လျှင် တစ်လှမ်း တော့ သာရမည် ။ လူချင်း ယှဉ် လိုက်လျှင် လက် တစ်လုံး တော့ ပို ရသည် ။


ရုပ် ကို ပြိုင် မလား ၊ ကြာ အမူအရာ မျက်နှာပေး ကို ပြိုင် မလား အဆိုဘက် က ပြိုင် မလား ၊ စာပြော ဘက် က ပြိုင် မလား ၊ အက ဘက် က ပြိုင် မလား ၊ ကုန်ကုန် ပြောရ လျှင် လူပြက်တွေ နှင့် ‘ ချိတ် ’ ဝင်အောင် လုပ်သည့် ဘက် က ပြိုင်မလား ။


တစ်ခေတ် တွင် သူ တစ်ယောက် တည်း သာ ပိုင်ဆိုင်နိုင်သော နေရာမျိုး ကို ရယူ နိုင်ခဲ့သူ ဖြစ်လေသည် ။


လူပြက် နှစ်ယောက် ကြား ရောက်သွားသည် ဆို လျှင် အနား မပေးသော ဇွဲမျိုး ဖြင့် ဆိုခဲ့ ကခဲ့ သူ လည်း ဖြစ်သည် ။ ပညာ ရဲရင့်သူ ဖြစ်၍ မို့ ပွဲတိုင်း လည်း တင့်ခဲ့ သူ ဖြစ်လေသည် ။ အငြိမ့်စင် တွင် စတင် ခြေချ ခဲ့ရသည့် ပွဲ က စ၍ ပရိသတ် ကို ဖမ်းစားနိုင်ခဲ့ သူ လည်း ဖြစ်သည် ။


ပွဲစမ်း မင်းသမီးကလေး ဘ ဝ က ပင် ဇွဲ နှင့် မာန ကို တစ်ရွေးသား လျှော့ခဲ့သူ မဟုတ်ပေ ။ အပျိုတော် သာသာမျိုး ရှေ့ပိုင်း လူ စုရုံ က ပေး ခဲ့ရသည့် လက်ထောက် မင်းသမီး ဘဝ ကို ခံပြင်း ၍ တစ်နေ့ ခေါင်းဆောင် မင်းသမီး ဖြစ်ရမည် ဟု အခဲကြီး ခဲခဲ့ သူ ဖြစ်လေသည် ။ သူ့ ကို ဦးဆုံး စင်တင် ပေးခဲ့သည့် မင်းသမီး မြရတနာ က ပင် လျှင် အငြိုအငြင် ခံခဲ့ ရ သေးသည် ။ ဆရာ ကို အာခံသူ ဟု စွပ်စွဲခဲ့ သေးသည် ။ ကျေးဇူးရှင် ကို ကျေးစွပ်တတ်သူ ဟု အပြော ခံခဲ့ရသေးသည် ။


ဟုတ်ချင် လည်း ဟုတ်ပေလိမ့်မည် ။ သို့သော် မတတ်နိုင်ပေ ။ ကိုယ့် တက်လမ်း ကို တော့ ရှာရပေမည် ။ လူ ဆို တာ ကြီးမြင့် ကျော်ကြားမှု ကို လိုချင်သူ ချည်း ဖြစ်ပေမည် ။ ကျော်ကြားမှု ကို ဘယ်လောက် လိုချင်သလဲ လိုချင် သလောက် ပို၍ ကြိုးစား ရ ပေလိမ့်မည် ။


ရွှေပွဲလာ မိဘ တို့ က ကျွေး လို့ ထမင်း တစ်လုတ် စားရသော ဘဝ ၊ နာမည်လေး ကြီး ပါ မှ ထမင်းလုတ်ကလေး ကြီး လာပေမည် ။ သည်တော့ လည်း နာမည် ကြီး အောင် ကိုယ် က ကြိုးစားရပေမည် ။ ကိုယ့် ကျော်ကြားမှု အတွက် ကြိုးစားရာ မှာ သူများ ကို တော့ ငဲ့ညှာ ၍ မနေနိုင်ပေ ။ တော် သူ တက် ၊ မတော် သူ ဆင်း ၊ လောက ၏ ဓမ္မတာ အတိုင်း ဖြစ်ကြ ရပေမည် ။


ရှေ့ပိုင်း မင်းသမီးကလေး ဘဝ က ကြိုးစား လိုက် ပြန်တော့ လည်း နောက်ပိုင်း ခေါင်းဆောင် မင်းသမီးများ က ငြိုငြင် လာကြသည် ။ “ တို့ တော့ ယုဇနအေးကြည် ရဲ့ နောက် က တော့ တစ်သက်လုံး မထွက်ဘူး ဟေ့ ” “ ယုဇနအေးကြည် တို့ များ ရှေ့ က ထွက် ရရင် နောက်လူ ကို ဘယ်တော့မှ မညှာဘူး တဲ့ ”


မင်းသမီးကြီးများ ညည်းညူ လာရသည့် အချိန် ၌ ပရိသတ် ၏ လက်ခုပ်သံများ သည် ယုဇနအေးကြည် ၏ နား တွင် ပြည့်လျှံ၍ လာလေသည် ။ သူ သီချင်း တစ်ပုဒ် ဟစ် လိုက် လျှင် ပရိသတ် သည် ငြိမ် ၍ သွားရသည် ။ ကကြိုး တစ်ကွက် ဆုံး လျှင် လက်ခုပ်သံ များ နားကွဲ မတတ် ကြား လာရသည် ။ ရှေ့ က ထွက် လျှင် သူ ထွက်ချိန် ပွဲ စည်၍ သူ ဝင် လျှင် ပရိသတ် ထ ပြန် ကြသည် ။ နောက် မှ ထွက် လျှင် ရှေ့ပိုင်းမင်းသမီး ကို အအော် ခံရတတ် သည် ။ “ ဝင်တော့ဗျို့ ” ဆိုသော အသံများ မကြာခဏ ကြား ရလေသည် ။ "ယုဇနအေးကြည် ထွက်ပါတော့ဗျို့ ” ဆိုသော အသံများ အဝတ်အစား ဝတ် နေရင်း ကြား နေရ တတ်သည် ။


သည်တုန်း က လို ကြည်နူး ခဲ့ရသော ကြည်နူးခြင်း မျိုး ကို ကား တစ်သက် နှင့် တစ်ကိုယ် ပြန်၍ ရနိုင်တော့မည် မဟုတ်ပေ ။ ကံ ဟု ပြောရမည်လား ၊ ခေတ်အခါ ဟု ပြောရမည် လား မသိ ။ ကိုယ် လုပ်ချင် သလို လုပ်နေသည် ကို ပရိသတ် က ကြိုက် နေကြရသည့် ဘ၀ ။ တစ်ခါတစ်ရံ ဆိုင်း နှင့် အံမကျ သဖြင့် အိုးနင်းခွက်နင်း ကျ ပစ် လိုက်သည် ။ ဒါကိုပင် ပရိသတ် က ကြိုက် နေ ပြန်သည် ။ တစ်ခါတစ်ရံ လူပြက်များ စကားကြော ရှည် နေ သဖြင့် စကား ဆုံးအောင် မစောင့်ဘဲ သီချင်း ကို ဖြတ်၍ ဆို ပစ် လိုက်သည် ။ လူပြက် ဦးဓာတ်ခဲကြီး ဆိုလျှင် ပါးစပ်ကြီး အဟောင်းသား နှင့် သူ့ ကို ငေးကြည့် နေရသည် ။ ဒါကို ပင် ပရိသတ် က တဝေါဝေါ ပွဲကျ သွား တတ်သည် ။ လက်ခုပ် တဖြောင်းဖြောင်း တီး တတ်သည် ။


ပွဲ ပြီး လျှင် ဦးဓာတ်ခဲကြီး က မကျေမနပ် ဖြင့် သူ့ အား ဆုံးမ တတ်သည် ။


“ အေးကြည်ရယ် ၊ နင် ဒါလောက် တောင် က ချင် ရင် လည်း တို့ ကို မသုံးပါနဲ့ တော့ ၊ ပြက်လုံး ဆ င်လို့ မပြီးသေးဘူး နင် က ဇွတ် ဝင် ဆိုတော့ တို့ က မသိတတ်ရာ ကျ နေတာပေါ့ ”


“ ကျွန်မ တော့ ဒါတွေ မသိဘူး ဦးလေး ရေ့ ၊ စိတ် က ချက်ချင်း ကကွက်ကောင်း ကလေးများ ပေါ် လာရင် သီချင်း ကောက် ဆိုပစ် လိုက်တာပဲ ၊ မလုပ်ကောင်း လို့ သာ သီချင်း တောင် ဆိုမနေချင်ဘူး ၊ တစ်ခါတည်း တန်း က ပစ် လိုက်ချင်တာပဲ ”


“ အေး ၊ ငယ်တုန်း က နိုင်တဲ့ အခါ ပြောသေးတာပေါ့ ၊ နောက် နင် တို့ အရွယ် ရ လာ တော့ တို့ လူပြက်ပညာ ကို အဖိုးတန် မှန်း ပို သိလာမယ် ၊ အတူ တွဲ ရတဲ့ လူချင်း ဆိုတာ အပေးအယူ တော့ ရှိရတယ် ကွယ့် ၊ အဟပ် ကောင်း မှ အဖွဲ့ နာမည် ကောင်း တာ ”


ယုဇနအေးကြည် သည် ဦးဓာတ်ခဲ ဆုံးမသည် ကို ပြုံး ၍ နားထောင် နေလိုက်သည် ။ ဦးဓာတ်ခဲ က မည်သို့ပင် အပြစ် ဆိုစေကာမူ သူ့ အတွက်ကား ကျေနပ် ပြီး ဖြစ်လေသည် ။ ပွဲပြန် ပရိသတ်များ ၏ ချီးကျူး စကား ကို သူ့ နား နှင့် ဆတ်ဆတ် ကြား ရ လေသည် ။


“ မင်းသမီး ဆို အေးကြည် တို့ မှ ပဲ ဟေ့ ၊ အက တော့ တကယ် ရက်စက်တယ် ၊ ကြည့် ပါလား လူပြက် ပြက်လုံး ဆုံးအောင် တောင် မစောင့်ဘူး ၊ ဆက် ဆိုပြီး က ပစ်လိုက်တာပဲ ” 


နောက်တော့ လည်း ဦးဓာတ်ခဲ လို ဝါရင့် သော လူရွှင်တော်ကြီး တစ်ယောက် က ပင် လျှင် ယုဇနအေးကြည် ကို အလျှော့ ပေး ခဲ့ရသည် ။ ယုဇနအေးကြည် ထွက် လျှင် ‘ ချိတ် ’ လုံး ကို တစ်မျိုး ဆင် ပေးရသည် ။ ဥပမာ ဦးဓာတ်ခဲ သည် သူ ပြက်နေ ကျ ပြက်လုံးရှည် တစ်ခု ကို ပြက်မည် ဆို လျှင် ၎င်း ပြက်လုံး ကို တစ်မျိုး ဖြတ် ၍ ပေးရသည် ။


“ တို့ အဖေများ ဘယ်လောက် စွမ်းတယ် မစွမ်းတယ် ဆိုတာ မပြောနဲ့တော့ ၊ အမေ နဲ့ ရတာ လေးလ ပဲ ရှိသေးတယ် ၊ တစ်ခါတည်း ငါ့ ကို မွေးတာပဲ ၊ ဒါပေမဲ့ အမေ က လည်း အားကျမခံပဲ ဟေ့ ၊ အဖေ သစ်ဖောင် ချ သွားတာ တစ်နှစ် လောက် ကြာတယ် ၊ အမေ က ဒါလောက်တောင် ကြာရမလား ဆိုပြီး ဘာ လုပ်တယ် မှတ်လဲ တစ်ခါတည်း အဖေ လည်း ပြန် လာရော ဟောဗျ နောက်ထပ် ကလေး တစ်ယောက် မွေးထားနှင့် တယ် ၊ ပြီးတော့ အဖေ့ ကို ဆီး ကြွား လိုက်သေး ၊ ကျုပ် ကို ဘယ်လို မိန်းမစား မှတ်လဲ ၊ ရှင် မရှိလည်း ကြံဖန် လုပ်စားတတ်တယ် တဲ့ ”


ဦးဓာတ်ခဲ က ဤသို့ ပြက် လိုက် လျှင် တစ်ယောက် က ဝင်၍ ထောက် ပေးရသည် ။ 


“ ရောင်းဝယ် လုပ်ကိုင်ပြီး စားတတ်တယ် ပြောတာ နေမှာ ပေါ့ကွာ ”


“ အဖေ က လည်း အားကျ မခံပဲ ကွ ၊ ဘာ ပြန် ပြောတယ် မှတ်လဲ ၊ အမယ် မင်း မှ မဟုတ်ပါဘူး ငါ လည်း မင်း လို ပါ ပဲ ၊ ရန်ကုန် မှာ မိန်းမ ရ လို့ ကလေး တစ်ယောက် တောင် မွေးခဲ့သေးသတဲ့ ဗျာ ၊ ဒါပေမဲ့ အမေ က စိတ် မဆိုးဘူးဗျ ၊ ငါ့ ကို သာ တိုးတိုး ပြောတယ် ၊ ဟဲ့ ကောင်လေး နင့် အဖေ နောက် မိန်းမ နဲ့ ရတဲ့ ကလေး ဟာ နင် နဲ့ ဆွေမျိုး ဘာမှ မတော်ဘူး အခု နင့် အဖေ မရှိတုန်း မွေး တဲ့ သားလေး က သာ နင့် ညီ အရင်း တဲ့ ”


အထက်ပါ ပြက်လုံးမျိုး ကို ဦးဓာတ်ခဲ သည် ဆက်၍ မဆုံး အောင် ပြက် နိုင် သူ ဖြစ်သည် ။ သို့သော် ယုဇနအေးကြည် ထွက် နေသည့် အခါမျိုး ဆိုလျှင် ၎င်း ပြက်လုံး ကို တချို့ မျှ ပြက် လိုက်သည် ။ နောက် တချို့ ကို စ လိုက်သည် ။


“ အမေ က ဒီလို ပြော တော့ အဖေ က လည်း ဘာပြောတယ် မှတ်လဲ ”


ဦးဓာတ်ခဲ က နောက် ပြက်လုံး ကို စ ၍ ပျိုး လိုက်လျှင် လူပြက် တစ်ယောက် က ဝင်၍ ထောက်ပေး လိုက်သည် ။


“ အင်း ၊ ဆိုစမ်းပါဦး ၊ ဘယ်လို ပြောလဲ ”


သည်အခါ တွင် ဦးဓာတ်ခဲ သည် နောက် ပြက်လုံး ကို မဆက်သေးဘဲ ယုဇန အေးကြည် ကို လှမ်း ၍ ကြည့် လိုက်ပြီး မေးရ သေးသည် ။


“ ကဲ ဘယ့်နှယ်လဲ မအေးကြည် ၊ ကျုပ် ဒီ ပြက်လုံး ဆုံးအောင် ပြက်ရဦးမလား ၊ စောင့်နိုင်ရင် ခင်ဗျား က ပြီး မှ ပြက် တော့မယ် ”


ဤသို့ဖြင့် ဦးဓာတ်ခဲ နှင့် ယုဇနအေးကြည် တို့ သည် ချိတ်လုံး အသစ် ကို ထွင်ခဲ့ ရသည် ။ ဤသည် ကို လည်း ပရိသတ် က သြဘာ ပေး ကြလေသည် ။ တစ်ချိန် က ဆိုလျှင် ယုဇနအေးကြည် လုပ်သမျှ ကို ပရိသတ် က သြဘာ ပေး ခဲ့ကြလေသည် ။ ထို့ကြောင့် လည်း အလုပ် အပေါ် တွင် ယုံကြည် စိတ်ချသည့် စိတ် က ပို၍ များ လာသည် ။


စိုးရိမ်သော စိတ် ၊ ပူပန်သော စိတ် များ သည် လုံးဝ မရှိသလောက် ဖြစ်သွား လေသည် ။


“ ဒီ သီချင်း ဆိုလို့ ကောင်းပါ့မလား ”


“ ဒီ ကကြိုး ကို ကလို့ ကြိုက်ပါ့မလား ” စသည့် ကြောင့်ကြ ပူပန်တတ်သော စိတ်များ သည် နောက်တော့ လုံးဝ မရှိတော့ပေ ။


“ ငါ လုပ်တာ ကို ပရိသတ် ကြိုက်ရမယ် ” ဆိုသော မာနကလေး က တဖြည်းဖြည်း ကြွ၍ လာလေသည် ။ ဤသို့ နှင့် ယုဇနအေးကြည် သည် အငြိမ့် လောက ၌ ခေတ် ကို စိုးမိုး လာနိုင်ခဲ့သူ တစ်ယောက် ဖြစ်လာ လေသည် ။


ရှေ့ က ထွက် ချင် ထွက် ၊ နောက် က ထွက် ချင် ထွက် ၊ ကကွက် ကို ပြောင်းခြင်း ကြောင့် အို ယုဇန ဆို လျှင် လက် မြှောက် လိုက် ၊ ခြေ ကြွ လိုက် ရုံ နှင့် ပရိသတ် က ကြိုက် ပြီးသား ဟူသော အစွဲ သည် ကြီး ၍ လာ လေသည် ။ သည်လို နှင့် ခေတ် ကို ကျော်ဖြတ် လာခဲ့ရာ မှ ကိုယ့် ကိုယ် ကိုယ် မမျှော်လင့် သော ဘဝ သို့ ရောက်လာ ရသည် ။ သည်အခါ တွင် ဦးဓာတ်ခဲ ပြော သော စကားများ သည် အဓိပ္ပာယ် ရှိ လာလေသည် ။ လူရွှင်တော် တို့ တန်ဖိုး ကို အသက်ကြီး လာ မှ ပို၍ သိလာ ရ လေသည် ။ အရင် လို ပြက်လုံး အတိုး မခံဘဲ ဆက်တိုက် က နိုင်သော ဘဝမျိုး က မဟုတ်လေ တော့ ကကြိုးရှည်ရှည် တစ်ကြိုး က ပြီး လျှင် ပြက်လုံး ကို အဝင် ခိုင်း ရသည် ။ စကားဖန် နှော လာရသည် ။ ရှေ့ထွက် နောက်ထွက် စဉ်းစား လာ ရသည် ။ နောက် က ထွက်ရသည့် ဘဝ ဖြစ်၍ ရှေ့ လူ ကို ကြောက် လာရသည် ။ ရှေ့ က အကုန်များ လုပ်သွား မလား ၊ ကိုယ့် ဖို့ အကွက် မှ ကျန်ပါ့မလား ၊ အချိန်တွေ သိပ် ယူသွား လို့ ပရိသတ် ညောင်း လာ လျှင် ကိုယ် ထွက် လှည့် ၌ ပြန် ကုန်မည် ကို လည်း ကြောက် လာ ရသည် ။


ယခု လည်း လေပြည် ထိုး နေသည့် တိုင်အောင် ရှေ့ထွက် နောက်ထွက် ကို ဝေခွဲ ဆုံးဖြတ်၍ မရသေးဘဲ ချီတုံ ချတုံ ဖြစ်နေသည် ။ သဇင်ကြိုင် ကို ကြည့်လိုက်ပြန် တော့ လည်း သူ့ မျက်နှာ မှာ အစိုးရိမ် အကြောင့်ကြ လုံးဝ ရှိပုံ မရပေ ။ ဘယ်က ထွက်ရ ထွက်ရ ဘယ်လိုပင် ကရ ကရ အရေး စိုက်ပုံ မပေါ်လှသော မျက်နှာမျိုး ဖြစ်လေသည် ။ လူပြက် ဦးငှက်ရိုး သည် ပဝါ ကို ပေါင်း နေရင်း က ယုဇနအေးကြည် ကို ကြည့် လိုက်သည် ။


“ ကဲ မအေးကြည် ၊ ဘယ်သူ ထွက်မှာလဲ ၊ တော်တော်ကြာ အခေါ် မှား နေဦးမယ် ” 


ယုဇနအေးကြည် သည် ဆေးပေါ့လိပ် ကို ဖွာ နေရင်း စဉ်းစား လိုက်သည် ။ ရှေ့ က ထွက် တော့ လည်း ကလက်မည် ၊ နောက် က ထွက် တော့ လည်း အကွက် မကျန် မှာ ကြောက် ရသည် ။ ပွဲ ညောင်းပြီး ထ ပြန် လျှင် လည်း ရှက်စရာ ကောင်းသည် ။ သို့သော် ကိုယ် က လူကြီး ဖြစ် နေသည် ။ တက္ကသိုလ် ကျောင်းသားများ ဆိုတော့ နားကြီး မျက်စိကြီး တွေ ပဲ ။ ပညာမျက်စိ နှင့် ကြည့် လျှင် သူ့ ကို လက်ခံကြ ပေလိမ့်မည် ။


“ ကဲ သဇင် ရေ ၊ ညည်း ရှေ့ က ထွက်ကွယ် ၊ အလုပ် ကို တော့ စည်းကမ်း နဲ့ လုပ်ဟေ့ ၊ ဆယ်နာရီခွဲ ရင် ဝင် ကြားလား ”


သဇင်ကြိုင် သည် စီးကရက်တို ကို တအား ဖွာ လိုက်ပြီးလျှင် အောက် သို့ ပစ်ချ လိုက်သည်  ။


“ စည်းကမ်း နဲ့  က တာပဲ အစ်မ ရေ ၊ ပရိသတ် က ကပါဦး ဆိုတော့ လည်း ဇွတ် ဝင် လို့ မဖြစ်ဘူး ၊ ကျေနပ်အောင် က နေရ သေးတယ် ၊ အချိန် လိုချင် ရင် အစ်မ ရှေ့ က ထွက် လေ ၊ ဝင်ချင် တဲ့ အချိန် မှ ဝင်ပေါ့ ”


သဇင်ကြိုင် ၏ စကား သည် ယုဇနအေးကြည် ၏ ရင် ထဲ ၌ နင့် ၍ သွားလေသည် ။ အရွယ်ကောင်း ချိန် က များ တွေ့ လိုက် ရ ရင် ကြိုက်ရာ အချိန် ပေးပြီး ပြိုင် က လိုက် ချင်သည် ။ ခုတော့ တက်ချိန် နှင့် ကျချိန် မှာ ယှဉ် ရသည့် ဘဝ မို့ သာ ငြိမ် ခံ နေ လိုက်ရသည် ။ သို့ ခံနေ လိုက်ရသည့် တိုင်အောင် ကိုယ့် စိတ် ကို ကြံဖန် ၍ ဖြေရ သေးသည် ။


“ ငယ်စိတ် ဆိုတော့ ဒီလိုပဲ ပြောကြာတာပေါ့ ကွယ် ၊ ငါတို့ ငယ်ငယ် က လည်း မင်းတို့ လို ပေါ့ ”


ယုဇနအေးကြည် သည် သဇင်ကြိုင် ကို မချိပြုံး ပြုံး၍ ကြည့် လိုက်ရှာသည် ။ 


“ အေးပါကွယ် မင်း ပဲ ရှေ့ က ထွက်ပါ ၊ တကယ်တော့ ပရိသတ် ဆိုတာ ငယ်ဂုဏ်ကလေး လည်း ကြိုက်ကြတာ ကိုး ၊ ညည်း ကို ပဲ ကြိုက်ကြမှာပါ ”


သို့ ပြောလိုက်သည့် တိုင် စိတ် ထဲ တွ င်ကား မကျေမနပ် နှင့် သည် တစ်ပွဲ တော့ နွှဲလိုက် မည်ဟု ခဲလိုက်သည် ။


ပြည်ဖုံးကား ဖွင့် ၍ ဦးငှက်ရိုး သည် ခွန်းထောက် တစ်ပုဒ် ကို အသံကွဲကြီး ဖြင့် ဟဲ လိုက်သည် ။ ခွန်းထောက် အဆုံး တွင် ဦးရွှေဗျိုင်း က ပြက်လုံး ဖောက် လိုက်သည် ။ နောက် ထုံးစံအတိုင်း မင်းသမီးကို ခေါ်လိုက်သည် ။ သဇင်ကြိုင် သည် ကား တွင်း မှ သီချင်း ဆို၍ အတီးလှည့် တွင် က ရင်း ထွက် လိုက်သည် ။ ယိုးဒယား သဘောမျိုး က လိုက် သော် လည်း သဇင်ကြိုင် ၏ အက သည် ပညာမျက်စိ နှင့် ကြည့်လျှင် ဘာမျှ မဟုတ်ပေ ။ သို့ပေမင့် ကကြိုး ဆုံး လျှင် ပရိသတ် က သြဘာ ပေးလိုက်သည် ။ ယုဇနအေးကြည် သည် သက်ပြင်း ကို မသိမသာ ချလိုက်မိသည် ။ မီးငြိမ်း နေသော ဆေးပေါ့လိပ်တို ကို လက်ညှိုး ဖြင့် ပြန် သိပ် ပြီး မီး ထပ် ညှိ လိုက်သည် ။ ဆေးပေါ့လိပ် ကို ဖွာ နေရင်း မှ ကနေ့ ည က ရမည့် ကကြိုး များ ကို စဉ်းစား နေမိသည် ။ ထဘီနားခပ် အက နှင့် ယိုးဒယား အစ အဆုံး တစ်မျိုး တော့ က လိုက်မည် ဟု စိတ်ကူး လိုက်သည် ။ တက္ကသိုလ် ကျောင်းသားများ ဆို တော့ နာကြီး မျက်စိကြီးများ ဖြစ်၍ ပညာခန်း ပါ သော အကမျိုး ကို ကြိုက် ရမည် ။ မပျင်း အောင် ကြား ထဲ တွင် ဆတ်ကော့လတ်ကော့ကလေးများ ညှပ် ၍ က သွားမည် ။ ဒါမှ မျက်စိ ညောင်းမည် ထင် လျှင် မာယာလေးဆယ် ခုနှစ်ထွေ ကို ညှပ် ၍ က သွားမည် ။


ယုဇနအေးကြည် သည် ပရိသတ် ရှေ့ ထွက်ရမည့် အရေး ကို တွေးရင်း ရင်လေး လာ သည် ။ ရှိသမျှ ငယ်စိတ်ကလေးတွေ ကို ပြန်၍ မွေး လိုက်မိပြန်သည် ။


“ ဒီ အရွယ် ရောက် မှ ပရိသတ် အကဲ ကို မသိဘဲ နေမလား ၊ နိုင်အောင် ထိန်းရမှာပေါ့ ”


ယုဇနအေးကြည် သည် သို့ တွေး နေရင်း မှ နာရီ ကို ကြည့် လိုက်သည် ။ ဆယ်နာရီ ခွဲတော့မည် ။ ရှေ့သို့ အကဲခတ် လိုက်ပြန်တော့ လည်း သဇင်ကြိုင် သည် က ကောင်းတုန်း ပင် ရှိသေးသည် ။ ပရိသတ် ၏ သြဘာသံ ကို မစဲ ကြားနေရသည် ။ 


“ ရော့ကင်ရိုး ထပ် က ပါဗျို့ ”


“ ဟော ပြည်ကျောင်းဆောင် က နွားသိုး က ဆုငွေ ငါးကျပ် တဲ့ ၊ ကျွန်တော် မောင် နွားသိုး အား မိန်းမများများ ရအောင် လည်း ဆုတောင်း ပေးပါ ၊ ရော့ကင်ရိုး လည်း ပြန် ကပါ ၊ သဇင်ကြိုင်လေး ရာ ဟဲ ဟဲ ဟဲ ”


သဇင်ကြိုင် သည် ဆုတော်ငွေ ငါးကျပ် ကို ကိုင် ၍ ဇာတ်စင် ရှေ့ပိုင်း သို့ ထွက် လိုက်သည် ။


“ သဇင်ကြိုင် ကို ခုလို မေတ္တာ ထားပြီး ဆုလာဘ်များ ချတဲ့ အစ်ကိုကြီး ကိုနွားသိုး ကို ကျေးဇူး တင်ပါတယ် ရှင် ၊ လိုချင်တဲ့ ဆု လည်း တစ်လုံးတစ်ဝ တည်း ပြည့်ပါစေ ရှင် ၊ မယ်ဗမာ မယ်တက္ကသိုလ် တွေ ရှုံး လောက်တဲ့ နတ်သမီးတွေ တစ်ဖက် လေးငါးရာ ထား ပြီး စံစားတဲ့ နတ်သားလေး ဘဝမျိုး ကျွန်မ တို့ အစ်ကိုကြီး ကိုနွားသိုး တစ်ဟုန်ထိုး ရောက်ပါ စေရှင် ”


လက်ခုပ်သံ ၊ လေချွန်သံများ ဆူဆူညံညံ ထွက် လာသည် ။ နောက် သဇင်ကြိုင် ၏ ရော့ကင်ရိုး သီချင်း ကို ကြားရ ပြန်သည် ။


ဦးငှက်ရိုး နှင့် ဦးရွှေဗျိုင်း သည် ခါးတောင်း ကို အမြှောင်သား ကျိုက် ၍ ဖင်ကလေး များကို လှုပ်ကာ လှုပ်ကာ ဖြင့် လက်ခုပ်တီး ပေးကြသည် ။ သည် နောက်တော့ သဇင်ကြိုင် ၏ ဖင် ကို လိမ်ကောက် ၍ ကသော ရော့ကင်ရိုးအက ကို မြင်ရသည် ။ ပရိသတ် ထဲ မှ စည်းချက်ဝါးချက် အတိုင်း လိုက်၍ တီးသော လက်ခုပ်သံများ ပေါ် လာသည် ။ သံသေး သံကြောင် ဖြင့် အော်သံများ ပေါ်လာသည် ။ ကကြိုး ဆုံး လျှင် ဩဘာသံများ ပေါ်လာ၏ ။ ဦးငှက်ရိုး နှင့် ဦးရွှေဗျိုင်း တို့ လက် သို့ စာများ ရောက်လာသည် ။ စာတွေ ဖတ် ပြရသည် ။ နောက် ဆုငွေများ ပါ လာသည် ။ သဇင်ကြိုင် က ဆုတောင်း ရ ပြန်သည် ။ နောက် တစ်ဖန် ဝမ်းစမိုး ကြောင့် တစ်ချိုး ထပ် က ရပြန်သည် ။


ယုဇနအေးကြည် သည် သဇင်ကြိုင် ၏ အက ကို ကြည့်ရင်း မျက်စိ ရှက် လာသည် ။ နာရီ ကို ကြည့်လိုက်ပြန် တော့လည်း ဆယ့်တစ်နာရီ ခွဲ နေပြီ ။ ယုဇနအေးကြည် သည် စိတ် မရှည်နိုင်တော့ပေ ။ ဝိုင်းဆရာ အား လှမ်း၍ အော် လိုက်သည် ။


“ ဟေ့ ဆယ့်တစ်နာရီ ခွဲပြီ ဟေ့ ၊ ဆာဒါ ချိုး ပြီး ဝင်တော့လို့ ပြောလိုက် ”


ဝိုင်းဆရာ သည် တစ်ချက် မျှ ပြုံး လိုက်ပြီး သဇင်ကြိုင် အား ခပ်တိုးတိုး လှမ်း ၍ ပြော လိုက်သည် ။


သဇင်ကြိုင် သည် မကျေမနပ် ဖြင့် ပရိသတ် ကို တောင်းပန် လိုက်ပြီး လျှင် ဆာဒါ ချိုး လိုက်သည် ။ သဇင်ကြိုင် ဝင်သွားသော အခါ ပရိသတ် ၏ သြဘာသံများ မှာ မစဲ အောင် ရှိတော့သည် ။


ဦးငှက်ရိုး သည် စကားဖန် ထိုး လိုက်သည် ။ ပြီးမှ ဆိုင်းဆင့်စာ ကို ရွက်၍ ဆိုင်းဆင့် လိုက်သည် ။ တီးဝိုင်း မှ တီးလုံး ဆုံးခါနီး တွင် ယုဇနအေးကြည် သည် တီးဝိုင်း ရှေ့ တွင် ဣန္ဒြေ ဖြင့် ထိုင် လိုက်သည် ။ နောက် တီးဝိုင်း နှင့် ပရိသတ် ကို ကန်တော့ လိုက်သည် ။


ဦးငှက်ရိုး နှင့် ဦးရွှေဗျိုင်း တို့ က ပြက်လုံးကလေးများ ညှပ် ပြီး လျှင် ခေါ် လိုက်လေ သည် ။ တီးဝိုင်း မှ ယိုးဒယား ကန်တော့ခန်း နှင့် ချူချိုက်သီချင်း ကို ဆက်၍ တီး ပေး လိုက်သည် ။ ယုဇနအေးကြည် သည် မေမေမြိုင် ထံ မှ လက်ထပ် သင် ခဲ့သော ယိုးဒယားအက ကို စနစ်တကျ သပ်သပ်ရပ်ရပ် က ပြ လိုက်လေသည် ။ ယိုးဒယား ကို အခန်းစုံ အစအဆုံး ကပြ လိုက်ရ သဖြင့် အတော်ပင် မောသွားရှာ သော်လည်း ပညာရှိ ပရိသတ် ရှေ့ တွင် ယခုလို ပညာခန်း စစ်စစ် ကို ကပြ လိုက်ရ သဖြင့် ဝမ်းသာ ကျေနပ် မိလေသည် ။


ပရိသတ် ကား ငြိမ် ၍ နေသည် ။ စောစော က လို လေချွန်သံ လက်ခုပ်သံများ မကြား ရ ။ သို့သော် သူ ၏ အက ကို ကား စိတ်ဝင်စားသည် ဟု ထင် မိသည် ။ ထို့ကြောင့်ပင် အား တက်သရော ဖြင့် ထဘီနားခတ် အက ကို ကပြ လိုက်သည် ။ ပရိသတ် သည် ငြိမ်မြဲ ငြိမ်နေ ပြန်၏ ။ ယုဇနအေးကြည် ကား ငယ်စိတ် ကို ပြန် မွေးကာ ကဇွဲ ကို မလျှော့ဘဲ ဆက်၍ က လိုက်ပြန်သည် ။ အတော်လေး မော လာ မှ လူပြက်များ ကို အဝင် ခံလေသည် ။ ပြက်လုံး များ ထိုး ပြီး လျှင် ပညာ ပါသော ကကြိုးများ ကို ဆက် ၍ ကပြန်သည် ။ သည် တစ်ကြိမ် တွင် အက ၏ ခွဲထားသရုပ် ကို ဖော် လိုက် လေသည် ။ အကပညာ တွင် ဘယ်ခြေ ညာလက်

ဟူ၍ အဆို ရှိသည် ။ သို့သော် ဘယ်ခြေ ဘယ်လက် ၊ ညာခြေ ညာလက် ဖြင့် မည်သို့ လှအောင် ကရမည် ကို သရုပ် ခွဲ ၍ ပြ လိုက်သည် ။ နောက် အရုပ်ကြိုးက ကို က ၍ ပြလိုက် သည် ။


သို့ ဆက်တိုက် က နေသည့် တိုင်အောင် မောရမှန်း မသိပေ ။ မောသည့် စိတ် ကို လည်း အားတင်း ၍ ဖျောက် လိုက်သည် ။ ပရိသတ် ထဲ မှ စာများ ရောက် လာ ပြန်သည် ။ ဦးငှက်ရိုးသည် စာများ ကို ဖတ် လိုက်ရင်း မျက်နှာ ပျက် ၍ လာ လေသည် ။


“ ယုဇနအေးကြည် ၊ ကျွန်တော် မသုံးရက် မစားရက် စု ထားသော ငွေ တစ်ဆယ် ကို ဆု ချလိုက်ပါသည် ခင်ဗျာ ”


ဦးငှက်ရိုး သည် စာရွက် နှင့် အတူ ပါလာသော ဂျပန် ဆယ်တန် စက္ကူ ကို ကိုင် ၍ ကြည့်ရင်း မျက်နှာ ပျက် ၍ နေ လေသည် ။


“ ဪ တန်တော့ ဒီ ငွေ တစ်ဆယ်တန် ဟာ ဂျပန်ခေတ် ချွေးတပ် ထဲ လိုက် တုန်း က စုထားတဲ့ ငွေ တစ်ဆယ် ထင်ပါရဲ့ နော် ”


ယုဇနအေးကြည် သည် ဦးငှက်ရိုး လက် ထဲ မှ ဂျပန်ငွေ တစ်ဆယ် ကို ယူ၍ ဆု ချသူ အတွက် ဝတ္တရားကျေ ဆုတောင်း ပေးရလေသည် ။ သို့ ဟန်ဆောင် ၍ ဆုတောင်း လိုက်ရ သော် လည်း သူ့ ရင် ထဲ ၌ ကား အလိုလို မော၍ လာသည် ။ ငိုချင် ၍ လာသည် ။ နောက်ထပ် စာများ ရောက်လာ ပြန်သည် ။ ထို စာများ ထဲ တွင် ဟာဝေယန် အက ကပြ ရန် တောင်းဆို သူ လည်း ပါ၏ ။ ဥရန်ခတိုလာ သီချင်း အဆို ခိုင်းသည့် စာ လည်း ပါ၏ ။ ကျောင်းသား များ နှင့် တွဲ ၍ အက ခိုင်းသော စာများ လည်း ပါ၏ ။ ယုဇနအေးကြည် သည် အလိုလို မော လာသည် ။ ငိုချင်ချင် ဖြစ် လာသည် ။ သူ့ စိတ် ကို တင်း သော် လည်း မရတော့ချေ ။ ခြေဖျား လက်ဖျား များ ပင် အေး၍ လာသည် ။


“ ခင်ဗျားတို့ ဒီလောက် ကြည့်ချင်တယ် ဆိုရင် လည်း ပြရမှာပေါ့ ဗျာ ၊ နည်းနည်း သည်းခံကြပါ ၊ ခု ကပြ နေတာတွေ ဟာ ခဲရာခဲဆစ်တွေ ပါ ၊ ယုဇနအေးကြည် က စေတနာ ထား ပြီး ပညာခန်းတွေ ကို တစ်ခု စီ အသုံးတော် ခံသွားမှာပါ ”


ဦးရွှေဗျိုင်း က အကြောင်းခံ နှင့် တောင်းပန် သော် လည်း မရတော့ချေ ။ 


“ ပညာခန်းတွေ ပျင်းတယ် ဗျို့ ၊ ရော့ကင်ရိုး က ပါ ”


“ ဥရန်ခတိုလာ ဆိုပါ ဗျို့ ”


ယုဇနအေးကြည် သည် နေရာ မှ အားယူ ၍ ထ လိုက်သည် ။ စိတ် ကို အတတ်နိုင်ဆုံး တင်း၍ ဇာတ်ခုံ ရှေ့ သို့ ထွက် လိုက်သည် ။


“ ပရိသတ် အလို အတိုင်း ရှုစားရမှာပေါ့ ရှင် ၊ တတ်တဲ့ ပညာ မနေသာ ကိုး ရှင့် မဟုတ်ဘူးလား ကိုရွှေဗျိုင်း ရဲ့ ”


“ ဟုတ်ပါ့ဗျာ ၊ ပရိသတ် အလိုကျ အောင် ပြချင်တာတွေ လည်း စုံအောင်ပေါ့ဗျာ ” 


“ ယုဇနအေးကြည် လို့ တိုင်းပြည် က နာမည် တစ်လုံး ပေးပြီး မြှောက်စား ထား တာ နာမည် နဲ့ လိုက်အောင် စုံစုံစေ့စေ့ မြင်ရမှာပေါ့ ရှင် ၊ သလဲသီးများ လို အကန့် အကန့် ပြသွားမှာ ပေါ့ ”


ယုဇနအေးကြည် သည် ပြောနေရင်း က သီချင်း ကို ကောက် ၍ ဆို လိုက်သည် ။ အတီးလှည့် တွင် အားသွန် က လိုက်သည် ။


နောက်ပိုင်း မှ ပရိသတ်များ ထ ၍ ပြန်သွားသည် ကို ရုတ်တရက် မြင် လိုက်ရသည် ။ က နေရင်း မှ အလိုလို ချောက်ချား တုန်လှုပ်၍ လာသည် ။ စိတ် ကို တင်း၍ ဇွတ်လှည့် က လိုက် ပြန်သည် ။ ဇာတ်ခုံ တစ်ခုလုံး ချာချာလည် ၍ သွားသည် ဟု ထင် လိုက် ရသည် ။ မျက်လုံး ထဲ ၌ ပရိသတ်များ သည် မှုန်ဝါး လာသည် ။


“ တော်ပါတော့ဗျို့ ” 


“ ပျင်းတယ်ဗျို့ ”


ပရိသတ် ၏ အော်ဟစ်သံများ နား ထဲ ၌ အလိုလို ကြား လာရသည် ။ ရင် ထဲ တွင် လည်း တလှပ်လှပ် ဖြစ်နေရာ မှ ဆို့ ၍ လာသည် ။ ရုတ်တရက် မိုက်ခနဲ ဖြ စ်သွားသည် ။ နောက် အရုပ်ကြိုးပြတ် သလို လဲ ကျ ၍ သွားလေသည် ။


ဦးရွှေဗျိုင်း သည် စိုးရိမ်တကြီး အနား သို့ ရောက်လာပြီး လျှင် ယုဇနအေးကြည် အား ပွေ့ထူ လိုက်သည် ။ တီးဝိုင်း မှ လူများ လည်း အားလုံး ပြေး ထွက် လာကြသည် ။ ပရိသတ် ထဲ မှ တချို့ သည် ဇာတ်စင် ပေါ် သို့ တက် လာ ကြသည် ။


ယုဇနအေးကြည် သည် မျက်လုံး ကို အသာ ဖွင့် လိုက်သည် ။ အနား တွင် စိုးရိမ် တကြီး ကြည့် နေသော လူများ ကို တဖြည်းဖြည်း မြင် လာ ရသည် ။


“ မအေးကြည် သတိရပလား ၊ ရော့ ရော့ ဒါလေး ရှူ ၊ ဟဲ့ ခေါင်း က လေကလေး ရ အောင် ယပ်ခတ် ပေးကြပါ ဟဲ့ ”


သဇင်ကြိုင် သည် ယုဇနအေးကြည် ၏ ဆံပင်များ ကို ဖြေ ၍ ယပ်ခတ် ပေး လိုက်သည် ။


“ အစ်မ အစ်မ သတိရပြီ လား ၊ အစ်မ ရယ် ဒါလောက်တောင် အပင်ပန်း ခံရသလား ၊ အကြိုင့် ကို စိတ် မဆိုးပါနဲ့ နော် ၊ အကြိုင် မှားပါတယ် အစ်မ ရယ် ”


ယုဇနအေးကြည် သည် သဇင်ကြိုင် ကို သာ ကြည့်ရင်း မျက်ရည်များ တလိမ့်လိမ့် ကျလာ တော့သည် ။


“ ငါ့ ညီမ မမှားပါဘူး ကွယ် ၊ အစ်မ ကို က မိုက်တာ ၊ တို့ အလုပ်မျိုး ဟာ ခေတ် မရှိ ရင် သေအောင် က လည်း အလကားပါပဲ ”


“ အကြိုင် အစ်မ ကို အာခံ မိ တာ မှားပါတယ် အစ်မ ရယ် ၊ တကယ်တော့ အစ်မ ပညာတွေ ဟာ အကြိုင် တို့ သင် လို့ မကုန်နိုင်ပါဘူး ”


ယုဇနအေးကြည် သည် မျက်ရည်များ တွေတွေ စီးကျ နေရင်း မှ ပြုံးလိုက် ရှာသည် ။ သည် ည အတွက် သူ့ အဖို့ သည် တစ်ချက် သာ ကြီးမားသော အမြတ် နှင့် ဆုလာဘ် ဖြစ် ပေသည် ။


“ မင်း နားလည်ရင် ငါ ဝမ်းသာပါပြီ ကွယ် ၊ နောက် ဒီ အငြိမ့် ကို မင်း ပဲ ခေါင်းဆောင် ပြီး ကရမှာ ပါ ၊ ငါ အနှစ်နှစ် ရ ခဲ့တဲ့ နာမည် နဲ့ ကျော်ကြားမှု ကို မင်း ဆက်ခံ နိုင်ရင် ငါ ကျေနပ်ပါပြီ ၊ တကယ်တော့ တို့ ရဲ့ အမြတ် ဟာ ဒါပါပဲ ကွယ် ”


သဇင်ကြိုင် သည် ဝမ်းသာ ဝမ်းနည်း ဖြစ်မိရှာ လေသည် ။ ခေါင်းဆောင်မင်းသမီး ဖြစ်ရမည် ကို ဝမ်းသာမိ သော်လည်း ယုဇနအေးကြည် အတွက် မူ ကား အလိုလို ဝမ်းနည်း ကြေကွဲမိလေသည် ။


ယုဇနအေးကြည် သည် ဘေး မှ လူများ ကို ကြည့်ရင်း ကျေနပ်ရွှင်လန်းစွာ ပြုံး လိုက် လေသည် ။ သို့ ပြုံးလိုက်သည့် တိုင်အောင် မျက်ရည် တို့ ကား ရစ်ဝဲ လျက် ရှိသေးသည် ။ 


“ ကိုရွှေဗျိုင်း ရေ ၊ ရှေ့ က ပြည်ဖုံးကား ကို ချလိုက်ပါတော့လား ရှင် ” 


ဦးရွှေဗျိုင်း သည် ပြည်ဖုံးကား ကို ချ လိုက် လေသည် ။


ဤ ပြည်ဖုံးကား သည် တစ်ကြိမ် က သူ မတူ အောင် ကျော်ကြားခဲ့သော ယုဇနအေးကြည် အတွက် နောက်ဆုံး ချလိုက်ရခြင်း ပင် ဖြစ်သည် မဟုတ်လော ။


◾အောင်လင်း 


📖 ဝတ္ထုတိုများ ပေါင်းချုပ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment