အခန်းစဉ် - ၈
ရာသီမိန်ငယ် ဂိမာန် ရက်ပြောင်း လတပေါင်း မို့ ရွက်ဟောင်း ကြွေကာ ... ဥတ္တရာ နှင့် ကြယ်မှာ ဘဒြပိုဒ်လေးချက်ချိန် ကို တိမ်ခြေဆိုက်လို စရိုက်ကယ်ဖွေရှာလိုတဲ့ ငါလည်း ဘာသာ သောင်တင် ပျော်မြူး .. သာရွှင်တောမယ် သဘင်လ ခါမှီလို သဲစေတီ ငွေသောင်ကမ်း က လွမ်းလှတယ်လေး ...
ဆိုသလို ရှေးစာဆို ပညာရှင်ကြီးတွေ ရေးဖွဲ့ ထားသလိုပါပဲ ။ နေ က ပူပူ ဖုန်တွေ က ထူထူ နဲ့ သစ်ရွက်ခြောက်တွေ က လေ ထဲ ဝဲလို့
“ အင်း ... ရှေ့နား က အကြော်ဆိုင်လေး ထဲ မှာ အဖန်ရည်လေး သောက်ပြီး ခဏ နားဦး မှ ”
အကြော်ဆိုင် ကို လှမ်း ကြည့်လိုက်တော့ မန်ကျည်းပင် အရိပ် အာဝါသ ကို ငြိမ်းပြီး အေးလို့၊ ရှားရှားပါးပါး တစ်ချက် တစ်ချက် တိုက်ခတ် လိုက်တဲ့ လေလေး ဟာ ယပ်တောင် တစ်ချောင်း နဲ့ အဝေး က ယပ်ခတ် ပေး လိုက် သလိုပါပဲ အေးခနဲ အေးခနဲ ဖြစ်သွားတယ် ။ အရသာ ရှိလိုက်တာ ။
“ ဘာကြော် စားမလဲ ဦးလေး ”
“ ဖြည်းဖြည်းပေါ့ ကလေးမ ရယ် ပူလွန်းလို့ ”
ရေနွေးခရား ထဲ က အဖန်ရည် ကို တစ်ခွက် ငှဲ့ လိုက်ပြီး “ ဖူး ” ခနဲ မှုတ် ကာ တစ်ကျိုက် သောက် ပြီးတော့ တောင်မြောက်လေးပါး ကြည့် လိုက်တော့ လုပ်ငန်းခွင် က နေ နေရိပ် လာခိုလှုံ ပြီး အကြော် စား နေသော လူလတ်ကြီး လေးငါးယောက် တွေ့လိုက်ရသည် ။
“ မြကျွန်းညိုရွာ က တော့ နာမည်ကြီး ပဲ ဟေ့ .. ”
“ ဘာတွေ နာမည်ကြီး တာလဲ .. လုပ်စမ်းပါဦးကွ ”
ကိုယ့် ရွာ နာမည် ပါ လာတော့ စား နေသော အကြော်လေး ကို အသာ ချ၊ မသိမသာ ဦးမျက်ပြူး နား စွင့်လိုက်သည် ။
“ ဘာရမလဲ ... ဦးကု,လား ရဲ့ လုံမလက်ဖက်ရည်ဆိုင် လေ ဟေ့ကောင် ရေ တစ်နေ့ တစ်နေ့ ရောင်းလိုက်ရတာ .. လက် ကို မလည်ဘူး ... တစ်လ တစ်လ ဝင်ငွေ လည်း နည်း မှာ မဟုတ်ဘူးကွ ... နောက်ဆို အဲဒီ ရွာ မှာ အချမ်းသာဆုံး သူဌေး ဆိုရင် သူ ပဲ ဖြစ်တော့ မှာကွ ”
“ အေးနော် ပဲတွေ ပြောင်းတွေ တောင် သူ့ လက်ဖက်ရည် လောက် ပိုက်ဆံ ရပါ့မလား ... အင်း ... ဒါပေမယ့် ... ငါ တော့ အား မကျပါဘူး ကွာ .. မိရိုးဖလာ လယ်ယာကိုင်းကျွန်း အလုပ်ပဲ ကောင်း ပါတယ် .. ခု ဟာ က လက်ဖက်ရည် ကောင်း လို့ ဟုတ်ချင် မှ ဟုတ်မှာ သူ့ သမီး နှစ်ယောက် ကောင်းလို့ လား မှ မသိတာ ”
ဦးမျက်ပြူး တစ်ယောက် တည်း ပြုံးလိုက်သည် ။ အကွက် ဝင်ပြီ သူ ပြောချင်သော စကားတွေ
“ အဲဒါ အမှန်ပေါ့ကွာ .. အညှီ ရှိ ရင် ယင်အုံတယ် ဆိုတဲ့ စကား ... ဘယ်သွား ထားမလဲ မဟုတ်ဘူးလား .. လက်ဖက်ရည် က တော့ ငါ တောင် သောက်ဖူးသေးတယ် ဆိုင် ဖွင့်ပွဲတုန်း က ... အဲလေ ... ပြီးခဲ့ တဲ့ ရက် က ... သူလို ကိုယ်လို ပါပဲ ... အဲဟို .. ဟို .. ပိုက်ဆံ သိမ်းတဲ့ ခုံ မှာ ထိုင် တဲ့ သူ့ သမီး နှစ်ယောက် က တော့ ဟေ့ ... ဗီဒီယိုမင်း သမီး ရှုံး လောက်တယ် ... ရုပ် ကို ပြောတာ မဟုတ်ဘူးနော် အဝတ်စား ကို ပြောတာ တော်ကြာ တစ်မျိုး ဟော တစ်မျိုး စကပ် ဆိုလား ဘာ ဆိုလား ကွာ .. ထဘီ မဟုတ်တာတော့ သေချာတယ် တိုတိုနံ့နံ့လေး ကွ... ငါတို့ ရွာ က ကာလသားတွေ ဆို ဘာ အလုပ် မှ လက်ကြော တင်းတင်း မလုပ်ကြ တော့ဘူး .. တစ်နေ့ တစ်နေ့ အဲဒီ ဆိုင် မှာ ပဲ သွား သွား ထိုင်နေကြတာ နွားစာ သွား မရိတ် လို့ နွားတွေအစာ ငတ် ပေါင်း လည်း များ ပါပြီ ကွာ ... ယောက်ျားကြီး တန်မဲ့ အတင်း ပြောတာတော့ မဟုတ်ပါဘူး ... ”
ရေနွေး တစ်ခွက် မှုတ် သောက်ရင်း သူ့ စကား ကို စိတ်ဝင်စားမှု ရှိ မရှိ တစ်ချက် အကဲခတ် လိုက်တော့ ခုနက ပြော နေတဲ့ လူငယ် နှစ်ယောက် အပြင် နောက်ထပ် လူလတ်ပိုင်း တစ်ယောက် ပါ ရေနွေးအိုး ကိုင် ပြီး ဦးမျက်ပြူး ဝိုင်း မှာ ရွှေ့ ထိုင်တာ တွေ့တော့ ....
“ ကြာရင် ရွာက ကာလသားတွေ ရော .. အခြား ရွာ က ကာလသားတွေ ပါ လူပျင်း လူဖျင်း လက်ကြော မတင်းတဲ့ ကောင်တွေ ဖြစ် လာမှာ ကြိမ်းသေတယ် ... ဦးကု,လား က လည်း အဲဒီ ခွင် ကို ဖန်တီး နေတာဟေ့ မျောက်ပြ ဆန်တောင်း ဆိုတာမျိုးပေါ့ ဟဲ ဟဲဟဲ ... ”
“ ဒါမျိုးကြီး တော့ မလုပ်သင့်ပါဘူး ဗျာ ... ရွာ နာမည် ပျက်တယ် ... မိန်းကလေး ပြစား မှ ထမင်း ဝတယ် ဆိုတာ အဲဒါမျိုး ဗျ ... ကျုပ် သမီးတွေ .. နှမတွေ တော့ ဒါမျိုး အသုံး မချဘူး ဗျို့ ... ”
ခပ်အူအူ ... လူငယ် တစ်ယောက် က ...
“ နိုင်ငံခြား မှာ အဲဒီလို လုပ်စားတာတွေ ကို အားကျလို့ နေမှာ ပေါ့ဗျာ ”
ဦးမျက်ပြူး က နဖူး က စီးကျ လာသော ချွေးတွေ ကို လက် နဲ့ သတ်ချ ရင်း ...
“ မှန်တယ် ငါ့ တူ ... ထမင်း တစ်လုပ် အတွက် နဲ့ တော့ ကိုယ့် သားသမီးတွေ ကို ရောင်းကုန် လို သဘောမျိုး နဲ့ ပြမစား သင့်ဘူး ကြည့်နေ ... ကြည့်နေပါ ... မကြာခင် သူ့ သမီးတွေ ... တစ်ယောက် ယောက် နဲ့ ပါသွား မှ အဲဒီ ကောင် ထိုင်ငို နေမှာ မြင်ယောင်သေးတယ် ဟား ဟား ... ”
အကြော် ရောင်း တဲ့ ကောင်မလေး က လှမ်း ပြောလိုက်သော စကား တစ်လုံး ကြောင့် ဦးမျက်ပြူး နဂို ရှိရင်းစွဲ ထက် အဆ တစ်ရာ ပြူး သွားပြီး အကြော်ဖိုး ရှင်း ကာ ကသုတ်ကရက် ထွက်ခွာ သွားပါတော့ သည် ။ ၄င်း အကြော်သည်မလေး ပြောစကား ကို ဖောက်သည်ချ လိုက် ရမှာ ဖြင့် ... ဒီလိုဗျ ... ဒီလို ....
“ ကျုပ် ကြားတာ ကတော့ အဲဒီ ရွာ မှာ လူတိုင်း လူတိုင်း အလုပ် နဲ့ လက် မပြတ်ဘူး တဲ့ ... အဲ ... ဘာကောင်လဲ ... ဟို ဟယ် ... ပွေး ... ပွေး ... မျက်လုံး နဲ့ ... မျက်မှေး ဆိုတဲ့ ကောင်တစ်ယောက် ပဲ ကြီးကောင်ကြီးမား နဲ့ ဘာ အလုပ်မှ မလုပ်ဘဲ .. အလေနတော လျှောက် သွားနေတာတဲ့ ... အဲဒီလို ကောင်မျိုးများ တော့ ကျုပ်တို့ က ထဘီ တောင် မလျှော်ခိုင်းပါဘူး တော် ... သူ့လို လူမျိုး နဲ့ ခုန က ဦးကု,လား သမီးတွေ ညား သွား လို့ က တော့ ... ဟင်း ဟင်း ဟင်း ... ထမင်း အိုး ... အမြှောက် နဲ့ ပစ်ချ သလို ... ဖြစ်နေမှာ တော့ ... ” တဲ့ ဗျာ ။
◾ကျော်ထူး
📖 ပြုတ်မနူး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment