❝ လူမွဲနာ ❞
၁ ။
ဝတ္ထု ထဲ က ဇာတ်ကောင် တွေ ကို စိတ်တိုင်းကျ ငိုခိုင်း ရယ်ခိုင်း ၊ စိတ် မထင်ရင် အသေသ,တ်ပစ် ဖြစ်စေချင် သလို ဖြစ်စေခဲ့တဲ့ စာရေးဆရာ တစ်ယောက် ဝဋ် လည်ပြီး ကိုယ်တိုင် သရုပ်ဆောင် ရမယ့် နေ့ တစ်နေ့ ၊ အချိန် တစ်ချိန် ရှိလာ နိုင်တယ် လို့ တစ်ခါ မှ မတွေးဖြစ်ခဲ့ဘူး ။ ဒါပေမဲ့ အဲဒီ မမျှော်လင့်ခဲ့ တဲ့ နေ့ တစ်နေ့ က ၄၄ နှစ် လုံးလုံး လုံအောင် ပုန်း နေရာ က နေ ၄၅ နှစ် ရောက် မှ ဘွားခနဲ ကိုယ်ထင် ပြ တော့ ငယ်ငယ်တုန်း က လို ( ဟာ ... တွေ့ပြီ တစ် ၊ နှစ် ၊ သုံး ) လို့ ကုန်း အော်ချိန် ၊ သံပုံး ခေါက်ချိန် လည်း မရတော့ပါဘူး ။ အို ၊ နာ ၊ သေ ဆို တာ ထဲ က နာခြင်း ဆိုတာကြီး က “ ဟေ့ကောင် လာခဲ့ ” ဆိုပြီး နားရွက် တံတွေး ဆွတ် ၊ တရွတ်တိုက် ပွတ်ဆွဲ လက်ရဲ ဇက်ရဲ ဖမ်း ခေါ် သွားလိုက်တာ ၅ သိန်း ပေး မှ လွတ်မယ် ဖြစ်ကရော ။ ကျုပ် တော်တော်ကြီး ကို လန့် သွားတယ် ။ ခုတော့ ကျုပ် ကိုယ်တိုင် ဇာတ်လိုက် ဖြစ်ကရော ။ ကံဇာတ်ဆရာ က လည်း ပြုံးပြုံးလေး ပါ ပဲ ( စာရေးဆရာ ဆိုတာ မင်း လားကွ ၊ ကိုင်း ... က , နိုင် အောင် က , တဲ့ ) ။ ဆေးရုံ ဆို တဲ့ ဆိုင်းဝိုင်းကြီး က လည်း ( ပလို့ ဂျိ ) ဆို တန်း အချက်ပြ တာ ။ ခြေရော လက်ပါ မြှောက်ချိန် တောင် မရလိုက်ဘူး ရယ် ။
အဲဒီ ထဲ က ဆေးရုံဆိုင်း နဲ့ အက တိုက် ဖို့ ပြင်ရတော့ တာပါ ။
ရက်ချိန်းတွေ ယူကြ ၊ ညှိကြ ၊ ချိန်းကြ ၊ တိုက်ကြ ၊ စည်းချဝါးချ ပေါ့ ။
••••• ••••• •••••
၂ ။
ရွေးကောက်ပွဲ မှာ အနိုင် ရပြီး ကတည်း က ဘယ်နေ့ လွှတ်တော် တက်ရမှန်း မသိသေးတဲ့ အမတ် မဖြစ် တဖြစ် သူငယ်ချင်း က သံယောဇဉ် ကြီး ရှာပါတယ် ။ သတင်း ကြားတာ နဲ့ သူ့ ကား နဲ့ ကျားခနဲ ရောက် လာတာပါပဲ ။
“ လုပ်စရာတွေ အများ ကြီး ကျန်သေးတယ် ၊ ဆရာ သေလို့ မဖြစ်ဘူး ၊ ထ , လိုက်ခဲ့ ”
ဇွတ် လုပ်တော့ ကျုပ် ငြင်းပါသေးတယ် ။ ရပါတယ်ကွာ ဖြစ်ပါတယ်ပေါ့ ။ မောရိယမန်းဆေးလေး ၊ ညှော် ခံအောင် သောက် ၊ ဆရာမောင် ဆေးနီမှုန့်လေး နဲ့ ချွေးထုတ် ၊ ငါ လုပ်နေကျ ပေါ့ ။ မရဘူး ။
သိန်း ဘယ်လောက် တန် မှန်း မသိတဲ့ သူ့ ကား ပေါ် မိန်းမ ခိုး သလို ဆေးရုံကြီး ပြင်ပ လူနာကု ဌာန ကို ကားတင် ပြေး တာပေါ့ ။ သူ့ လို ပဲ တာဝန်ကျ တဲ့ ဆရာဝန် မဖြစ် တဖြစ်လေး က ကျုပ် ဗိုက် လှန် ပြီး ဟိုဖိ ဒီဖိ လုပ်တော့တာပဲ ။ အားခနဲ အော် မှ ရပ်တယ် ။
အမှန်က နာ လို့ မဟုတ်ဘူး ၊ ယားလို့ ။ ဗိုက် က နာတာ တော့ နာ ပါတယ် ။ ဝမ်းကိုက် သလို စစ်စစ် နာ တာ ။ ဒါလည်း ဗိုက် နာ တာပဲ ။ ဘယ်လို ခွဲ ပြော မတုံး ။ ဆရာဝန် မဖြစ်တဖြစ် ကောင်လေး က မေးချင် တာ မေးပြီး တကယ် ဖြစ် နေတယ် ၊ ခွဲစိတ် ဆရာဝန် ဆေးခန်း တန်း လွှတ်တာ ။ ကားနက်ကြီး စီးပြီး လျှောခနဲ ရောက် တာပေါ့ ။ ကျုပ် က တော့ ဗိုက်နာ တဲ့ ကြား က ရယ်တာပါပဲ ။ ဆရာဝန်တွေ က ဟိုကောင့် ကို အမတ်မှန်း တောင် သိ , မထင်ဘူး ။
••••• ••••• •••••
၃ ။
အဲဒီနေ့ က ရဲစခန်း တိုက်တန်း က ရောဂါ ရှာဖွေရေး ဆေးခန်း မှာ နေဝင်းဖြိုးဖျ မှ ရိုက်ဟယ် ၊ စစ်ဟယ် ပြီး တယ် ။ “ ရေ အဝ , သောက် ၊ ဆီး အောင့်ထား ” ဆိုပြီး ခံစား ရတဲ့ ကနဦး အတွေ့အကြုံ ကို က စ ကတည်း က ယဉ်သကို ပေါ့ ။ အဲဒီက စာရွက်တွေ ယူ ၊ ခွဲစိတ် ဆရာဝန် ဆီ ပြန်ပြေး ။ ဒေါက်တာမမ က နောက်နေ့ ပုဂ္ဂလိက ဆေးရုံ မှာ လာ ပြဖို့ ချိန်းတယ် ။ ဒေါက်တာမမ က ဖြူဖြူသွယ်သွယ် ပါ ။ နှစ်လိုဖွယ် အပြုံး နဲ့ ။
စာရေးဆရာ ဆိုပြီး အထင်ကြီး တဲ့ လူ တွေ ကို တစ်ခါတလေ ကျုပ် တကယ် အံ့သြတယ် ။ ကျုပ် က စိတ် မဝင်စားရင် လုံးဝ လှည့်မကြည့် ဘူး ။ ကျုပ် စိတ် မဝင်စား ဆုံး က ကျုပ် ကိုယ် ကျုပ် ပဲ ။ တစ်သက်လုံး ကျုပ် ကိုယ် ကျုပ် ပစ်ထားခဲ့တာ ဗျာ ။ ဒါဆို ဆေးရုံ ဆေးခန်း မရောက် ဖူးဘူးလား မေးစရာ ရှိတာ ပေါ့ ။ ရောက်ဖူးတာပေါ့ ဗျာ ။ လူနာ မေး လေ ။ လူများ မေ့တတ်ပုံ ပြောပါတယ် ။
ငါ လည်း တစ်နေ့ ဒီလူ တွေ လို ဆေးရုံများ တက် ရမှာလား လို့ ယောင်လို့ လည်း မတွေးမိဘူး ။ ယမ်း လို့ လည်း မတမ်းမိဘူး ၊ မှန်း လို့ လည်း မမျှော်ဘူး ။ သံမဏိ ပေါ့ လေ ။ ဒီလိုနဲ့ ရောဂါရှာဖွေရေး က နေ ဆရာဝန် ၊ ဆရာဝန် က နေ အပြင်ဆေးရုံ ဆိုတာကြီး ကို ကား က ဆက် ပြေးတယ် ။ ဒေါက်တာမမ က အပြုံးချိုချို နဲ့ ကြိုပါတယ် ။ ဆေးစာရွက် တွေ ကြည့်တယ် ။ ဆရာဝန် ဆိုပြီး နဖူးတွေ့ ဒူးတွေ့ မို့ ယုံရတာပါ ၊ သူတို့ ရေးတဲ့ အင်္ဂလိပ်စာ လက်ရေး က ကျုပ် ဘေး အိမ် က နှစ်တန်း ကျောင်းသား ၊ ဆိတ်ချေး ဆိုတဲ့ ကောင် လောက် ကောင်း တာ မဟုတ်ဘူး ။
“ အသည်း ရောင် နေ တယ် ။ ဆီးချို ရှိလား ၊ သွေးချို ရှိလား ၊ သွေးတိုး ရှိလား ”
မေးခွန်း က ရိုးရိုးလေး ပါ ။ ဒါပေသိ ကျုပ် မယ် ဖြေရ ခက်တယ် ။ တစ်သက် နဲ့ တစ်ကိုယ် ဖျားဖျားနာနာ ရွာ က ဝမ်းဆွဲဆရာမ ၊ ကျန်းမာရေးမှူး နဲ့ ပြီးခဲ့တဲ့ ကောင် ဆိုတော့ သိတယ် မဟုတ်လား ။ ခုမှ ကြားဖူးတာပေါ့ ။ ဒါတွေ သိ အောင် စစ်ဟယ် ၊ ဆေးဟယ် ခုချိန်ထိ မလုပ်ခဲ့ဖူးပါဘူး ။
“ ဝမ်း သွားရင် သွေးပါလား ”
“ ပါတယ် ဆရာမ ”
“ ဝေါခနဲ ပန်းတာလား ၊ တစစ်စစ် တစ်စက်ချင်းလား ”
“ စစ်စစ် စစ်စစ် ပြောပါ တော့ ၊ ဗိုက် က လည်း စစ် စစ် နာတယ် ”
“ ဘယ်နှရက် ရှိပြီလဲ ”
“ သုံးရက် ”
ကျုပ် စကား ဆုံးတော့ ဟိုဘက် လှည့် ၊ ဒူးကွေး တစောင်းအိပ် ခိုင်းတော့တာပဲ ရယ် ။ ကျုပ် မ လည်း ဘုမသိ ဘ,မသိ ပေါ့ ။ မိဆိုင်ဖဆိုင် တွေ တောင် တ,ချိန် မရလိုက် ပါဘူး ။ အဲဒီတော့ ဘုမသိ ဘ,မသိ ဘဲ နေ လိုက်ကြပေါ့ ။ စာပေစိစစ်ရေး ကို မလွမ်းပေမဲ့ ဒီ အခန်းတော့ ကဒ် ပေါ့ ။
ကျုပ် မှာ မျက်နှာ ဘယ်နား သွား ထားရမှန်း မသိပေမဲ့ ဒေါက်တာ မမချောချော နဲ့ နာ့စ်မ နှစ်ယောက် ချောချော က တော့ ရှော့ပင်းမောလ် ထွက် သလိုပဲ ရယ် ။ အေးဆေးပေါ့ ။ သောက်ဆေး သုံးကတ် နဲ့ ဆေးဖြူ တစ်ထုပ် ပေးတယ် ။ တစ်နေ့ သုံးကြိမ် တဲ့ ။ နောက် တစ်နေ့ အစီအစဉ် က ဆေးရုံ လာ တဲ့ အထိ အစာ မစားရ ၊ ရေ တောင် မသောက်ရ တဲ့ ။ ဆေးရုံဆိုင်း က လက်ဝှေ့ပွဲ တီးလုံး လို ဗိန်းမောင်း မတိုက်သေးဘဲ မောင့်နောင် မောင့်နောင် လုပ် လွှတ် လိုက်တော့ အပြန်လမ်း မှာ ကား ပေါ် က မြင် နေရတဲ့ ဆေးရုံ နာမည်က ချမ်းမြေ့ တဲ့ ။
ဒီ ပုံစံ နဲ့ ကျုပ် မှာ ဘယ် ကလာ ချမ်းမြေ့နိုင်ပါ့ မတုံးဗျာ ။
••••• ••••• •••••
၄ ။
ဆိုတော့ကာ မချမ်း မမြေ့နဲ့ ဘဲ ကျုပ် နောက်နေ့ ချမ်းမြေ့ ပြန် ရောက်တာပေါ့ ။ အမှန်က ကိုယ့် ဘာသာ မချမ်းမြေ့ တာ ပါ ။ အကုန်လုံး က ဖော်ဖော်ရွေရွေ ပါပဲ ။ သန့်ရှင်းရေး က အစ ဝန်ထမ်းတွေ အကုန်လုံး ပြုံး လို့ ။ အလွယ် ဥပမာ ပေး ရရင် ကိုရီးယားဇာတ်ကား ထဲ က ဆေးရုံ ကို ရောက် နေ သလိုပါပဲ ။
“ မလိုက်ချင်တော့ဘူး ” လို့ ကျုပ် အတင်း ငြင်း ပေမဲ့ ကိုသက် နဲ့ ဟန်ဇော် က အတင်းကြီး ခေါ်တာ ဆိုတော့ မလွဲသာ မရှောင်သာ ပါ လာ တာပါ ။ ကား ပေါ် မှာ မနေ့ က အခန်း ထဲ က အဖြစ်တွေ ပြန် ပြောရင်း “ ရောဂါနဲ့ မသေဘူး ၊ ကျုပ် ရှက်လို့ သေလိမ့်မယ် ” လို့ ပြောတော့ ကား ရပ် ပြီး ရယ်လိုက်ကြတာ ခို့ခို့ခွိခွိ ဟိဟိဟစ်ဟစ် တွေ ဖြစ်လို့ ။ ကျုပ် မယ် မနည်း ဟန့်ယူ တားယူ ရတယ် ။
ကိုင်း .. ပြန် ရောက်ပြီပေါ့ ။
ကျုပ် မှာ မျက်နှာ ကို ခပ်တည်တည် လုပ် နေရပေမဲ့ စိတ် က တော့ တကယ် မလုံလှ ဘူး ။ ချောချောလေးတွေ ကို ချောချောမောမော ကို မကြည့် ရဲ တာ ။ အဲဒီ နေ့ ဇာတ်လမ်း က ပိုကြမ်းတယ် ။ ဆေးရုံဆိုင်း က စ ကတည်း က ဗေပို့တူးပေါင် လုပ်တော့ တာ ပဲ ရယ် ။ ဝမ်း သုံးခါ ချပြီး အဏုမြူရောင်ခြည် သင့်နိုင်သည် လို့ ရေးထားတဲ့ အခန်း ထဲ သွင်း တော့တာပဲ ။ စာ မှန် သမျှ ဖတ် တဲ့ အကျင့် က လည်း ရှိနေတော့ အဏုမြူဆိုတာ မြင် ကတည်း ပြန် ပြေးရင် ကောင်းမလား လို့ လည်း စဉ်းစားသေးတာ ။ ဒါပေသိ ဗျာ ။ ပေါက်တဲ့ နဖူး မထူးပါဘူး ဆိုပြီး စိတ်နှလုံး တုံးတုံး ချ လိုက်ရတယ် ။ ချာတိတ် နှစ်ယောက် ၊ ဓာတ်မှန်ဆရာ ၊ အနီအပြာ နဲ့ ကျုပ် လူနာ စက်တွေ ရှုပ် နေတဲ့ အခန်း ထဲ မှာ ဘယ် လွမ်းရမှန်း မသိဘူး ။ နောက်တော့ သိသမျှ ဆရာဝန် စာရေးဆရာ ၊ ဆရာမတွေ ကို အကုန် တ,မိ တော့တာပဲ ။ ဆရာမ မသီတာ ရဲ့ မြင်လှည့်ပါဦး ၊ ဆရာ ညိုထွန်းလူ ရဲ့ ကြည့်လှည့်ပါ ဦး ၊ ဂျူး လည်း အမှတ်ရ ၊ စာပေဟောပြောပွဲ မှာ အတူ ပြောဖူးတဲ့ ကလေးဆရာဝန်ကြီး ဒေါက်တာရဲ ကို အမှတ် ရ ။ အဲဒီ က နေ ခန္တီး မှာ ကလေး မွေး ပေး နေတဲ့ ဖုန်း ထဲ က ဇေဦးယျာ ကို ဆက် တ, မလို့ လုပ် နေတုန်း -
“ အိပ် ၊ ဟိုဘက် လှည့် ၊ ဒူးကွေး ”
အသံ က တိုးတိုးလေး ပါ ။ ဒါပေမဲ့ ကျုပ် နား ထဲ တော့ ဗုံး ပေါက် သလိုပဲ ရယ် ။ ဒီတစ်ခါ တ,စရာ က ဘုရား ပဲ ကျန် တော့တယ် ။ အင်း ... သမ္ဗုဒ္ဓေ အစ က ဘာပါလိမ့် ... ”
“ စိတ် ကို တင်းမထားနဲ့ ဆရာ ရဲ့ လျှော့လျှော့ ”
အနီဝတ် ဆရာမ ချောချောလေး က ကျုပ် ကို ကလေး ချော့ သလို ချော့ရှာ တာပါ ။ ဒါပေမဲ့ သိစိတ် ထဲ က တော့ “ ငါ့ စိတ်တွေ တင်းနေ တာ ညည်းတို့ ရှိလို့ပေါ့အေ ရဲ့ ” လို့ စကားနာထိုး နေတာပါပဲ ။ အူတွေ ထဲ ဆေးရည်တွေ ဝင် နေ မှန်းတော့ စိတ် က သိသပေါ့ ။ အဆင် မပြေလိုက်ပုံများ ဗျာ ။ ဆေးရုံဆိုင်း က ဗိန်းမောင်း သာ တိုက် နေတာ ကျုပ် လူနာ က တစ်ချက် မှ ထ , ပြီး လက်ဝှေ့ရေး ပြနိုင်တာ မဟုတ်ဘူး ။ ဒီအတိုင်း ဆို အလကား ရ ထားတဲ့ လက်ဝှေ့ပွဲ လက်မှတ်ကလေး နဲ့ လက်ဝှေ့ပွဲ က ကြည့်ရတော့ မှာ မဟုတ်ဘူး ဆိုပြီး စိတ်တွေ က ဟိုရောက် ၊ ဒီရောက် ပေါ့ ။
“ ရပြီ ၊ ရပြီ ပက်လက် ပြန် လှန် ”
အဲဒီလိုနဲ့ အပေါ် က ငုံ့ ကြည့် နေတဲ့ ဘုလုံးကြီး အောက် ပက်လက် ၊ မှောက်လျက် ၊ ဘေးတိုက် မော်ဒယ်လ်တွေ လို မလုံ့တလုံ ဓာတ်ပုံ ရိုက်ပြီး တော့ လူ က ဆတ်ဆတ်တုန် ဆောင်းကာလ မို့ ဆေးရုံ အဲယားကွန်း က ပျပျ လေး ပေးတာပါ ။ ကျုပ် တုန် တာ ရှက်တုန် ၊ ကြောက်တုန် ။ နောက်မှ ဟယ် မိန်းကလေး ဖြစ်တဲ့ မော်ဒယ်လ်မတွေ တောင် ရေကူးဝတ်စုံ နဲ့ ကိုယ်ဟန် ပြရသေးတာ ။ ငါ က ယောက်ျား ပဲ ဆိုပြီး ကောင်မလေးတွေ အတုယူ အားကျ မှ သတ္တိတွေ လက် တစ်ဆစ်စာ ပြန် ရတယ် ။
TV ထဲ က ပုံတွေ ဝိုင်း ကြည့် နေ ကြလို့ ကျုပ် ကို ဘယ်သူမှ အမှတ် မရကြပါဘူး ။
“ အဆင် မပြေဘူး ၊ အူ ထဲ မှာ ဆေး မနှံ့ဘူး ။ ဒီ တစ်ခါ လေဖိအား သုံးမယ် ”
ဓာတ်မှန်ဆရာ ပြောသံ အဆုံး မှာ ဘယ့်နှယ် ပြောပါ လိမ့် ဗျာ ။ ကျုပ် ဘဝ တစ်သက် မှာ ဒီ တစ်ကြိမ် ၊ ဒီ အချိန် ဟာ မျက်နှာ အငယ်ရဆုံး ပေါ့ ။ ဒီ တစ်ခါ ကျုပ် တ , မိတာ က ကွမ်းယာ ၊ ဆရာ့ စားပွဲ ပေါ်က ကွမ်းထုပ် ကို တ , မိတော့တာပေါ့ ။
“ ဆရာ ကျွန်တော့် ကို ကွမ်း တစ်ယာ ကျွေးပါ ”
လှုပ်ရှားလွန်း နေတဲ့ စိတ် ကို ငြိမ်အောင် ထိန်းဖို့ ဒီ ဆေးနည်း ဟာ အကောင်းဆုံး ဆိုတာ လူနာ ဖြစ်တဲ့ ကျုပ် သာ အသိဆုံး ရယ် ။
“ မဖြစ်ဘူး ၊ X-ray ရိုက် နေတာ အူ ထဲ မှာ ရေ တောင် ရှိလို့ မရဘူး ”
အပြာဝတ် ဆရာမ အသံ က ခပ်ဆတ်ဆတ် ထွက်လာ ပေမဲ့ မာန်တာ မဟုတ်ဘူး ။ စိုးရိမ်တကြီး ဟန့်တာ ၊ တား တာ ။ ဓာတ်မှန်ဆရာ က သွေး ပျက် နေတဲ့ ကျုပ် မျက်နှာ ကြည့် ပြီး မှ ကွမ်း တစ်ယာ ထုတ် ပေးတယ် ။
“ မျိုချလို့ မရဘူးနော် ” လို့ သတိ ပေးတယ် ။ ထုံးစံ အတိုင်း စောင်းအိပ် ၊ ဒူးကွေး ပေါ့ ။ လုပ်ကြ ကိုင်ကြပေါ့ ။ ဘဝ မှာ မြုံ့ ခဲ့ရတဲ့ ကွမ်းယာ တွေ ထဲ မှာ ဒီ ကွမ်းယာ အရသာ အရှိဆုံးပဲ ။ ဘယ့်နှယ် ပြောပါလေ့ ဗျာ ။ အဆင့်မြင့်ဆုံး လူနာ ပေါ့ ။ ကွမ်း မစားရ လို့ စာတွေ နေရာအနှံ့ ရေး ထားတဲ့ ဆေးရုံကြီး ထဲ မှာ ဒူး ကလေးကွေး အိပ် ၊ X-ray ခန်း ထဲ မှာ ကွမ်းယာလေး တမြုံ့ မြုံ့ မြုံ့ ပြီး လူနာ ဖြစ်ရတဲ့ အရသာ လွယ်တာ မှတ်လို့ ။
စိတ် က ပြောင်းသွားတယ် ။ ကွမ်းယာ တန်ခိုး နဲ့ သူတို့ လည်း လုပ်ရ ကိုင်ရတာ အဆင် ပြေပုံ ကျပါတယ် ။ ဒါပေမဲ့ ဘောလုံး နှိပ်ပြီး ဆေးတွေ အချက်ရေ သွင်း မှ ပြဿနာ က စ,တာဗျို့ ။ တစ် ၊ နှစ် ၊ သုံး နဲ့ အချက် ရေ လိုက်ကြတာ ၁၅ နဲ့ ၁၈ ကြား မှာ ဘယ်နေရာ မှား မှန်း မသိဘူး ။ တစ်ယောက် က ၁၆ တဲ့ ၊ တစ်ယောက် က ၁၇ တဲ့ ။ ကျုပ် က လောင်းကစား လုံးဝ ကင်းတဲ့ ကောင် ပါ ။ ရွာ ပြန် မှ ဘုန်းကြီး ကို အတိတ်စိမ်း ပေးဖို့ ၁၆ R , ၁၇ R ဆိုတာတွေ ကို ဖြစ် လို့ ။ ကျုပ် ဗိုက် တော့ ပူဖောင်း လို ပူ လို့ ဖောင်း လို့ ပေါ့ ။
“ ဆရာ ဘယ်နှချက် နှိပ်ရမှာတုံး ”
“ နှစ်ဆယ် ”
“ ကြားချ လိုက် ၁၆ ထား ၊ ၄ ချက် ဆက်နှိပ် ”
အသံတွေ သာ ကြားနေ ရတာ ။ ကျုပ် မယ် မြင်ရတာ မဟုတ်ဘူးရယ် ၊ ၁၉ အရောက် မှာ ဗိုက် ဆီ က ဖျစ်ခနဲ မြည်သံ ကြားရ သလိုပဲ ။
“ ဟာ ... ရပ် ၊ ရပ် ဗိုက် ကွဲ ထွက်တော့မယ် ”
ကျုပ် အလန့်တထိတ် အော်သံ အဆုံး မှာ နောက် က အဖွဲ့တွေ ဆီက ရယ်သံ က သောခနဲ ပဲ ။ ကျုပ် လည်း ရောယောင် ရယ် မိတော့တာပေါ့ ။ လူ ပဲ ဘာသား နဲ့ ထုထားတာ မှတ်လို့ ။
“ အယ် ... ဆရာ ၊ မရယ် နဲ့ လေ ၊ မရယ် နဲ့ ”
အနီမလေး က အထိတ်တလန့် သတိ ပေးပြီး သူ့ လက် ဖဝါးနုနုလေး နဲ့ ကျုပ် ပါးစပ် လာ ပိတ်တယ် ။ ဘယ်က လာ မွှေးလိမ့်မတုံး ၊ ဆေးစော် ကို ထောင်းလို့ ။ အချိန် မမီပါဘူး ။
“ ဟာ ... ပြန် ထွက်ကုန် ပြီ ၊ ပြန် ထွက်ကုန်ပြီ ”
ချာတိတ် တစ်ယောက် လန့် အော်သံ အဆုံးမှာ တစ်ဖွဲ့ လုံး အုန်းခနဲ ရယ် လိုက်ကြတာ လူနာ နဲ့ ဆရာ ဆေးကုတာ နဲ့ မတူပါဘူး ။ နွေးနွေး ထွေးထွေး မိသားစုလေး ပျော်ပွဲစား ထွက်နေ သလိုပါပဲ ။ အားရအောင် ရယ်ပြီးကြ တော့ မှ ဓာတ်မှန်ဆရာ က ကျုပ် ကို ပြုံးပြုံးကြီး ကြည့်ပြီး ပြောတယ် ။
“ ကိုင်း .. တစ် ကနေ ပြန် စ,မယ် ၊ ဒီတစ်ခါ မရယ် ကြကြေး ” တဲ့ ။
••••• ••••• •••••
၅ ။
အချိန်က အတော်ကြာတာ ဆိုတော့ အခန်း အပြင် ဘက် ပြန် အရောက် မှာ ကိုသက် နဲ့ ဟန်ဇော် လည်း မျက်နှာလေးတွေ ကို ငယ်လို့ ။ စိုးရိမ် နေကြတာ ။ ဓာတ်မှန်လေး နှစ်ချပ် ၊ စာရွက်လေး က နှစ်ရွက် ၊ ကောင်တာ မှာ ငွေ အပ်ပြီး ဒေါက်တာမမ ဆီ ပြန် ချီတက် ရတယ် ။ ဆရာဝန်မမ ကလည်း အပြုံးနုနုလေး နဲ့ ကြိုပါတယ် ။ လူနာ မှတ်တမ်း စာအုပ် မှာ အပြုံးရေးရေးလေး နဲ့ ခွဲစိတ်ရက် ယူရန် ဆိုပြီး ရေးတော့တာ ပါပဲ ။
“ ချမ်းမြေ့ မှာ ခွဲရင် ၅ သိန်း လောက်ကုန်မယ် ၊ သိပ် မကြာပါဘူး တစ်ပတ် ပဲ ”
မှားပြီ လို့ စိတ် က ချက် ချင်း သိလိုက်တယ် ။ ဟန်ဇော့် ကားအကောင်းကြီး နဲ့ သူမ ဆေးခန်း လှမ်းခဲ့တဲ့ ကျုပ် ကို ကား နဲ့ လူနာ ဆရာမ တွဲပြီး မှားတော့တာပေါ့ ဗျာ ။ ကျုပ် က အဝတ်အထည် ရောင်း စား ရတဲ့ ကောင် ဆိုတော့ မင်္ဂလာ ဈေး မှာ ကုန် ဝယ် သလို ၃ သိန်း ထား ဗျာ ဆရာမ လို့ ဈေးဆစ် ကြည့်ဖို့ မထော်မငံ့ စိတ်ကူးတွေ ရှေ့ ရောက်လာသေးတာ ။
••••• ••••• •••••
၆ ။
ည ရောက်တော့ ရွာ က လူတွေ နဲ့ အမျိုးတွေ ကျုပ် ဆီ ပုံလာကြတယ် ။
ရွာဓလေ့ ရပ်ဓလေ့ က ဒီလိုပါပဲ ။ ဆေးရုံ တက်ပဟဲ့ အသံ ကြားတာ နဲ့ မေးကြ မြန်းကြ ပေါ့ ။ မေးပုံတွေ က လည်း ကြည့်ဦး ။
“ ဘာတွေ လုပ်ရကိုင်ရ သာဒုံး ဖိုးဆေး ရဲ့ ၊ ဘယ်လောက် ကုန်ခဲ့ဒုံး ”
ဒါက အရီး တစ်ဝမ်းကွဲ မေးဟန် ။
“ ချမ်းမြေ့ မှာ လား ၊ အစိုးရ ဆေးရုံမှာလား ။ ဓာတ်မှန် နှစ်ချပ်စာ က ဘယ်လောက် ကုန်သာဒုံး ”
ဒါက အဒေါ်နှစ်ဝမ်းကွဲ မေးသံ ။
“ ဆေးရုံမှာ ဆေးတွေ အလကား ရ နေဘီဆို ၊ အရင် က လို မကုန်တော့ဘူး ဆို ”
ဒါက အစ်ကို နှစ်ဝမ်း ကွဲ ရဲ့ မျှော်လင့်တကြီး ၊ အားကိုးတကြီး တောင့်တသံ ။ ကျုပ် စိတ် ထဲ မလဲ မသင်္ကာတော့ဘူး ၊ ဒီ လူတွေ လာ မေးနေပုံ က ကျုပ် ကျန်းမာရေးထက် ကုန်ကျစရိတ် ကို ပို စိတ်ဝင်စားပြီး ရောက်လာ ကြတာ ။ မနည်းကြီး လှည့်ပတ် မေး မှ ကျုပ် လို ရောဂါ ဖြစ်နေတဲ့ လူတွေ က ရွာ ထဲ မှာ ၁ဝ ယောက် တောင် ရှိ သတဲ့ ။ အားလုံး သိချင်တဲ့ မေးခွန်း ကို အရီးကြွက် က အဆုံးသတ် တယ် ။
“ ဘယ်လောက် ကုန် မယ် ပြောလိုက်သဒုံးကွ ”
ကျုပ် ချက်ချင်း အသံ မထွက်နိုင်ဘူး ၊ စိတ်ဝင်တစား တောက်ပြောင် နေတဲ့ မျက်ဝန်းတွေကြည့်ပြီး မှ -
“ ၅သိန်း တဲ့ ”
ဟောင်းလောင်း ပွင့် သွားတဲ့ ပါးစပ်တွေ က ကျုပ် မျက်ဝန်းတွေ ကို ပိတ်စေ လိုက်တယ် ။ ပြိုင်တူ သက်ပြင်း ချတဲ့ လေတွေ ဒဏ် ကို ကျုပ် နှလုံးအိမ် ပါးပါး က တိုးတာ မခံနိုင်ဘူး ။ တလှပ်လှပ် နဲ့ ။
စာမျက်နှာ က ၆ မျက်နှာ အကိုက် ပါ ။ ဝတ္ထုတို တစ်ပုဒ် အနေ နဲ့ ဒီနေရာ မှာ ဖြတ်ရင် ရ ပြီပေါ့ ။ ဒါပေမဲ့ စာရေးဆရာ ကျုပ် ကိုယ်တိုင် သရုပ်ဆောင် ခဲ့ရတဲ့ ဒီ ဇာတ်လမ်း က ရင်နင့် ကြေကွဲဖွယ်ရာ တကယ့် အဖြစ် နဲ့ နောက် တစ်ခန်း ဆက်ရ ပြန်တယ် ။ ကိုယ်တွေ့ ဆိုတော့ ဟန်ဆောင်မှု မပါ သလို တကယ် အသက်ဝင်ခဲ့ တာပါ ။ ကျုပ် သွေးတွေ တောင် တိုးတယ် ။ အရက် သောက် လို့ မဟုတ်တာ လည်း သေချာတာ ပေါ့ ။ ကား ကြိုပို့ လုပ်တဲ့ အမတ် က နေပြည်တော် ကို သင်တန်းတက် သွားရ သလို အလုပ်များ နေတဲ့ ပရဟိတ အသင်း က ကလေးတွေ လည်း ဒုက္ခ မပေးချင်တော့ ဘူး ။ ဆေးရုံ က အသိ တစ်ယောက် ဆီ ဖုန်း ဆက်ပြီး ကိုယ့်နည်း ကိုယ့်ဟန် ရုန်းကန် ဖြစ်တယ် ။
“ ဆရာဝန် ပြ ပြီးပြီလား အစ်ကို ”
“ အင်း ”
“ ခွဲဖို့ ပြောလား ”
“ ပြောတယ် ၊ လာ တက်ရင် ဖြစ်လား ”
“ အပြင် ဆေးရုံပဲ ဆရာ ရယ် ၊ ပိုက်ဆံ ရှိ ဘယ်အချိန် တက်တက် ရတာပေါ့ ”
ဒီ အခန်း က တိုပါ တယ် ။ ခွဲရက် ကို အသိတွေ နဲ့ တိုင်ပင်ပြီး ၂၆ ရက် သတ်မှတ် ၊ ဆရာမ အဖြူရောင် ( ရွှေ ) ဆီ ဖုန်း ဆက်တော့ ဆရာ ဦးဝင်းငြိမ်း ပါ မနေသာဘဲ လိုတဲ့ ငွေ က ကမ္ဘောဇဘဏ် ကို လေ ထဲ က နေ ဖက်စ်ကြေးနန်း စီး ပြီး ၂၅ ရက် ဒုတ်ဒုတ်ထိ ရောက်သာပါပဲ ။ ခွဲရက် ကို ၂၆ ရက် ကိုယ့် ဘာသာ သတ်မှတ် ပြီး ဘဏ် က ထွက် ၊ ရွာပြန် ခရီး ကို ဆက်ခဲ့ပေမဲ့ ... ။
••••• ••••• •••••
၇ ။
စောင့်နေကြတဲ့ လူစုလူဝေး က မနည်းဘူးပေါ့ ။ စာရေးဆရာ ဖြစ်ပြီး ကတည်း က အားကိုးတကြီး ရှေ့က တင်ပြီး ရွာရပ် ပြဿနာတွေ ရှင်းပေးဖို့ လူမိုက် ငှားပြီး ခဏခဏ အသုံးချတာ ဆိုတော့ လူ စုရင် အခြေအနေ ကို ကျုပ် အားမရ ချင်တော့ဘူး ။
“ အရီးတို့ ကျုပ် ကို စောင့် နေကြတာလား ”
“ အေး ... သလိုကွာ ၊ မင်း ကုရင် ဆေးရုံကြီး မှာ အရင် တက်ပြီး ရွာ က ကုစေ ချင်တယ် ။ အဲသာမှ မင်း က ဘယ် သွားရ ၊ ဘယ် လာရ ၊ ဘယ် ပြရ ဆိုတာတွေ နည်းယူ ပြီး ဘယ်လောက် ကုန်ဒယ် ဆို တာ သိမှ ကျန်ဒဲ့ လူတွေ က ရှိတာလေး နဲ့ ချိန်ဆ ပြီး ကုဖို့ သဖို့ တွက်လို့ ချက်လို့ ရမှာ ”
ရွာ က သင်္ချာပညာ က ရှင်းရှင်းလေး ပါ ။ အင်မတန် ရိုးပါတယ် ။ ခေတ်ကြီး ထဲ မှာ ရိုးလွန်းတော့ အ , ကျန် ခဲ့တာ တော့ ကျုပ် သာ အသိဆုံးပါ ။
••••• ••••• •••••
၈ ။
နောက်နေ့ ဆေးရုံကြီး ရဲ့ ပြင်ပလူနာဌာန မှာ ဘဝတူ တွေ နဲ့ အတူ ထိုင် စောင့်ရင်း တာဝန်ကျ ဆရာဝန် ၊ ဆရာမ တွေ က လူနာတွေ ကို တရင်း
တနှီး ဖေးမ,ကူညီ နေကြတာ မြင်ရပါရဲ့ ။ အားလုံး ပြီး မှ အပေါ်ထပ် က ခွဲစိတ်ဆောင် အခန်း ကို ကျုပ် ကို ခေါ်သွား ကြတယ် ။ ကျုပ် ရှေ့က အဘိုးကြီး က လည်း ကျုပ် လို တစ်ယောက် တည်း ပါ ပဲ ။ ရွာရပ် အတွက် အစမ်းသပ်ခံ လူနာ အဖြစ် ဆေးရုံကြီး လက် ဝ,ကွက်အပ်ဖို့ ကျုပ် လာခဲ့ပုံ နဲ့ တော့ မတူနိုင်ဘူးပေါ့ ။
“ အဘ က အသက် ကြီး နေပြီ ၊ အသေးစိတ် ခွဲရမှာ ဖြစ် လို့ ကျွန်မတို့ ပခုက္ကူဆေးရုံ မှာ ခွဲစိတ် ကိရိယာတွေ မစုံ ပါဘူး ။ အသက် အန္တရာယ် စိတ်ချရ အောင် မန္တလေးဆေးရုံ ကို လွှဲရတာပါနော် အဘ ”
မချိပြုံးလေး နဲ့ ထွက် သွားတဲ့ အဘိုးကြီး ကို သနား သလို ဆရာဝန် ဖြစ်ပါလျက် နဲ့ ဆင်းဆင်းရဲရဲ ဆေးရုံ ကို ထဘီ အကွဲ နဲ့ ဂျူတီ ဝင်ရတဲ့ ဆရာဝန်မ ညိုချောလေး ကို လည်း သနားတယ် ။ မယုံမရှိ နဲ့ ဗျ ။ သူ့ ထဘီ အောက်နား တစ်ထွာ လောက် ကွဲပြီး ပြဲ နေတာ ခြေသလုံးသားလေး ကို ဝင်း နေအောင် မြင်ခဲ့ရတယ် ။
ကျုပ် စာရွက်တွေ ၊ ဓာတ်မှန်တွေ ယူ ကြည့်တဲ့ ဆရာဝန်လေး က လည်း အေးဆေးသိမ်မွေ့ပါတယ် ။
“ သွေး ပါတာရော ရပ်သွားပြီလား ဆရာ ”
“ အင်း ”
“ ဆေးတွေ ဆက် သောက် ။ အရက် ၊ ပူတဲ့စပ်တဲ့ အစားအသောက်တွေ ဆင်ခြင်ပါ ”
“ ဟုတ် ”
“ ရွာ မှာ ဘာလုပ်လဲ ”
“ အစုံပေါ့ ၊ ထော်လာဂျီ မောင်းတယ် ၊ ပန်းရန် လက်သမား ၊ တောလုပ် တောင်လုပ် ”
“ ဒီ ထဲ မှာ ခွဲရက် ပေး လိုက်တယ် ။ ဆေးရုံကြီး ခွဲခန်း က အမိုးတွေ ပြင်ပြီး ပိုး သတ် နေလို့ တစ်ပတ် ၊ ၁၀ ရက် ကြာဦးမှာ ။ ကြား ထဲ မှာ သွေးပြန် ပါရင် ကျွန်တော်တို့ ပြင်ပလူနာကုဌာန ကို အချိန် မရွေး ပြန်လာပါ ”
ဒီ သတင်း က အမှန်ပါ ။ သိပ် မကြာခင် ပရဟိတ အသင်း အားလုံး က လူနာတင် ကားတွေ ကို ဆေးရုံအုပ်ကြီး က အကူအညီ တောင်းပါတယ် ။ အရေးပေါ် ခွဲစိတ်လူနာတွေ ကို အနီးဆုံး မြို့ က ဆေးရုံတွေ ပို့ ပေးဖို့ ပရဟိတအသင်းကားတွေ ထွက်ကြရပါတယ် ။ ကားတွေ အတွက် ဆီ ၂ ဂါလန် စီ ကို မိုးကုတ်ရိပ်သာ က စာရေးဆရာ ( လရောင် ) ဆိုတဲ့ ဆရာတော်လေး က ပေးကမ်းစွန့်ကြဲတာပါ ။
••••• ••••• •••••
၉ ။
အညာဆောင်း က ည ၁၂ နာရီ ကို အဖော် ပြုပြီး ခပ်ကြမ်းကြမ်း သရမ်း နေတုန်းပါပဲ ။ ကျိုးကျ သွားလို့ အသစ် ပြင် ထားတဲ့ ရွှေချောင်းတံတား ဟာ မီးရောင် မှိန်မှိန် အောက် မှာ ဆတ်ဆတ်တုန် နေတာ ကျုပ် မြင်ရတယ် ။ စေတနာ နဲ့ ပို့ ပေးတဲ့ ငွေ ၅ သိန်း က လည်း မသုံးရဲသေး တာ မို့ ကျုပ် ပင်နီလွယ်အိတ် ထဲ မှာ ကွေးကွေးလေး အိပ် လို့ပေါ့ ။
တံတား ပေါ် မှာ ဆိုင်ကယ် ရပ်ပြီး လူပေါင်း ၁ဝဝဝ ကျော် သေစေခဲ့တဲ့ ရွှေချောင်း ချောင်း က သူ့ ကိုယ် သူ အပြစ် ပေးတဲ့ အနေ နဲ့ ဆောင်းကမ္ဗလာ မှာ ဖွေးဖွေးကြီး ကိုယ်လုံးတီး နဲ့ အအေးဒဏ် ကို စင်းခံ နေရ သလို ရေ ခန်းစ , ပြု နေတဲ့ မြစ်မင်းဧရာဝတီ ဟာ အမိမြေ လွမ်းတေး ကို တိုးတိုးလေးပဲ ညည်း နိုင်ပါတော့တယ် ။
မီးရောင်တွေ ဝင်း နေတဲ့ ရွှေပြည်ဟိန်းဟိုတယ် နဲ့ ချမ်းမြေ့ဆေးရုံ က လည်း ဆောင်း ည မှာ ချမ်းမြေ့ နေတာပါပဲ ။ ချမ်းမြေ့ ဟာ ဝန်ထမ်းပေါင်း များစွာ ကို အလုပ် ပေး ၊ ထမင်း ကျွေး နေခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ ။ သူ့ ဝန်ဆောင်မှု က သူ့ အတွက် ချည်း မဟုတ်ဘူး ဆိုတာ ကျုပ် သဘော ပေါက် ပါတယ် ။ ဆတ်ခနဲ မြည် လာတဲ့ ဖုန်း ကို ဖွင့် တော့ N.G.O မှာ အတူ လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ သူငယ်ချင်း ။
“ သတင်း ကြားကြား ချင်း မေးတာပဲ ၊ ဆေး အဖြေ ရပြီလား ၊ ဘာ ရောဂါလဲ ဆရာ ”
“ လူမွဲ ရောဂါ ၊ လူမွဲနာ ပါ ဆရာ ရယ် ”
ဆောင်းည မှာ ဆို့နင့်ကြေကွဲ ကျုပ် လေသံ က အအေးဒဏ် ထဲ မှာ ဖျတ်ခနဲ ပျောက် သွားတယ် ။
••••• ••••• •••••
၁၀ ။
ရွာ ပြန် ရောက် တော့ ည ၁၂ နာရီ ပါ ။ သိန်း ၁ဝဝဝ လောက် ကိုယ်ထူကိုယ်ထ မီးလင်းရေးကုန်ကျငွေ အကြွေးတွေ ကြား မှာ လူမွဲနာ နဲ့ လူမွဲရွာ က သက်ပြင်းမောတွေ နဲ့ ကွေးကွေးလေး အိပ်ပျော် နေ ပါပြီ ။ စာကြည့်တိုက် ထဲ ဝင် တော့ သမီးတော် က စာအုပ် နဲ့ မျက်နှာ မခွာသေးပါ ဘူး ။ စိတ်မော လူမော နဲ့ ခုတင် ပေါ် တုံးလုံး လှဲတော့ မေ့ခနဲ အဖြစ် မှာ ဆောင်းတွင်း အိပ်မက် က ကတောက်ကတက် ပေါ့ ။
နတ်စင် တစ်ခု နဲ့ နတ် နှစ်ပါး က ရွာတော်ရှင် နဲ့ နယ်တော်ရှင် လို့ ကျုပ် ကို အိပ်မက် ထဲ မှာ အရင် မိတ်ဆက်ကြပါတယ် ။
“ မင်းတို့ ရွာက လူတွေ က အစတုန်း က သာ ကယ်ပါ မ,ပါ နဲ့ ငှက်ပျောသီး ကျွေး ၊ အုန်းသီး ကျွေး ၊ လက်ဖက်ဆီ ဆမ်းလေး ၊ မုန့်ဆီကြော်လေး နဲ့ ငါတို့ ဆီ လာတာပါ ကွာ ။ အခုတော့ ပန်း ခပ်ညံ့ညံ့တွေ လာ လာ ကပ်လို့ ငါတို့ လည်း ပိန်ကပ် ပြီး နတ်သက် ကြွေပါပြီ ။ ဟို ကဇော်သမား ကိုကြီးကျော် လည်း အသည်း ဆန်ခါ ကျ ၊ အစာအိမ် သွေးကြော ပေါက် ပြီး ပခန်းကြီး ဆေးရုံ က နေ မင်းတို့ ပခုက္ကူ ဆေးရုံ လွှဲ မလို့တဲ့ ”
“ ဟာ ... မလာနဲ့ မလာ နဲ့ ၊ ဆေးရုံ မှာ ခွဲခန်း ပိတ်ထား တယ် ၊ ပစ္စည်း လည်း မစုံ ... ”
ကျုပ် ဆတ်ခနဲ လန့် နိုး သွားလို့ တော်ပါသေးရဲ့ ။
••••• ••••• •••••
၁၁ ။
မီး ဖွင့်ပြီး စားပွဲ မှာ ထိုင် နေတော့ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ က စာကြည့်တိုက် နံရံ ဓာတ်ပုံ ထဲ က နေ ပြုံး ကြည့် နေ တယ် ။ ငွေ ၅ သိန်း နဲ့ တစ်ကိုယ်ရေ လွတ်လမ်း ရုန်း မှာ လား ၊ လူမွဲရွာ က လူမွဲနာ တွေ အတွက် ဆေးရုံကြီး မှာ စမ်းသပ်ခံ လူနာ လုပ်မှာလား ၊ စူးစမ်း နေတဲ့ ဟန် နဲ့ ပါ ။ ကျုပ် ဆတ်ခနဲ ထ ပြီး သူ နဲ့ ခပ်ရဲရဲ မျက်နှာချင်း ဆိုင် ဖြစ်တယ် ။ သူ က လည်း တိုပြတ် ၊ ကျုပ် က လည်း ထောင့် မကျိုးပါ ။
“ တစ်ခု ခု ခင်ဗျား ကျုပ် ကို ပြောဗျာ ”
သူ က မှုန်ရေးရေး အပြုံး နဲ့ ထိုင်လျက် က အနေအထား မပျက်ပါဘူး ။ မင်း လည်း
စာရေးဆရာ ပဲ လေကွာ လို့ ထေ့ ပါ တော့တယ် ။ လူမွဲရွာ က လူမွဲနာတွေ ကုစား ဖို့ လူမွဲ
စာရေးဆရာ နဲ့ စာအုပ်တွေ က မာန ကြီး နေတုန်းပါပဲ ။ စာအရုဏ်ကျင်း ပြီး စာ အလင်းတွေ နဲ့ စာရနံ့ သင်းမယ့် မနက်ခင်း ဟာ ဆေးရုံ က ခွဲစိတ်ရက် လို အတော်ကြီး အလှမ်းဝေး နေဆဲ ပါ ...။ ကျုပ် သူ့ ဆီ က အဖြေ ကို စောင့် နေတုန်းပါပဲ ။
“ လူမွဲနာ ဆိုတာ အနိစ္စ ... ဒုက္ခ ... အနတ္တ ... ဆိုတာလေး နဲ့ ကု မရဘူးကွ ” တဲ့ ။
ကျုပ် လှည့် ထွက်ဖို့ ပြင် တော့ “ နေဦး ” တဲ့ ။
“ အရှင်ကြီး ၊ အရှင်ကောင်း အားကိုး လို့လည်း မရဘူးကွ ၊ ကိုယ်တိုင် လုပ်ယူ ကြရမှာ ” တဲ့ ။
ကျုပ် ဆတ်ခနဲ လှည့် ကြည့်တော့ သူ က ပြုံးနေ တုန်း ပါပဲ ။
ကျုပ် က လည်း ရေ သုံးရက် မချိုးဘဲ နေနိုင်တာ နဲ့ စာရေးစာဖတ် တာ ပဲ သူ နဲ့ တူ တဲ့ ကောင် မို့ လား ဗျာ ၊ ကျန်တာ က တော့ ... ။
◾အောင်ဖြိုးကျော် ၊ ပခုက္ကူ ၊
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
မတ်လ ၊ ၂၀၁၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment