Wednesday, February 28, 2024

ပြုတ်မနူး ( ၁၁ )


 အခန်း - ၁၁


ယောက်ျားလေးများ အင်အား ပြတဲ့ နေရာ က လက်ဖက်ရည်ဆိုင် ၊ နောက် အရက်ဖြူဆိုင် ပြီးတော့ ထန်းတော ၊ အဲ မိန်းကလေး အင်အားပြတဲ့ နေရာကတော့ အလှူ ၊ မင်္ဂလာဆောင် ၊ ဘုန်းကြီးကျောင်း ၊ သားဖွားဆေးရုံ ၊ ရေတွင်း ၊ ရေကန် ၊ ရေခပ်ချိန် ။ ခုလည်း ကန်ဘောင် မှာ ကြာလေးတွေ ချိုးပြီး ပန် သူ က ပန် ၊ လည်ဆွဲ လုပ် သူ က လုပ် နေရင်း ..


“ ဟဲ့ ... ဟဲ့ ကောင်မတွေ ... ငါတို့ ရွာ က တော့ ... ထူးခြား ပြီး ရင်း ထူးခြားရင်းပဲ ဟဲ့ ”


“ ဘာလဲ ရွာ ထဲ မှာ နောက်ထပ် ဘယ်သူ လင် နောက် လိုက် သွားလို့လဲ ... ကောင်မတွေ နော် ... မလျှိုထားကြ နဲ့ ... ပြောစရာရှိ တာ ပြောစမ်း ”


အေးမ က ခေါင်း က ဆံပင် ကို တစ်ပတ်လျှို ထုံး လိုက်ပြီး ... 


“ အဲဒါကြောင့် ကောင်မ ကို ပြောတာပေါ့ ... မြန်မာ့ရုပ်မြင်သံကြား တို့ မြဝတီ တို့ အမ်ဗမာဖိုး တို့ ကြည့်ပါလို့ ” 


မိသူ က အားကျမခံ ခပ်စွာစွာ ပုံစံမျိုး နဲ့ ...


“ ကြည့်တယ်လေ ... ကြည့်တာ မှ ထမင်းမစား ဟင်းမစား ၊ အိမ် က ဘာခိုင်းခိုင်း အရိုက် ခံပြီးတော့ ကို ကြည့်တာ ” 


“ ဘာကို ကြည့်တာလဲ ”


“ ကိုရီးယားကား လေ.. အမလေး မင်းသား က ချော မှ ချော ဟယ် .. ”


မြနွယ် က မဲ့ကာရွဲ့ကာ ဖြင့် ရေအိုး ကို ရေ ထဲ စောင်းခတ်ပြီး 


“ ခက်တော့တာ ပဲ .. ဒီ ကောင်မ လင်တရူးမ ရဲ့ သတင်း ကို ကြည့်ခိုင်းတာ .. ဒါမှ ဗဟုသုတ ရတော့မှာ ပေါ့ ” 


“ သိဘူးလေ ... တီဗွီ ကြည့် ဆိုတော့ .. ကိုယ် နားလည်တာပဲ .. ကြည့်ရတာပေါ့ .. ”


အေးမ က အံ့ဩ သွားသော အမူအရာ နဲ့ ... 


“ ဟင် နင် က ကိုရီးယားစကား ကို နားလည်တယ် ” 


အားလုံး ရဲ့ မျက်လုံးတွေ က မိသူ ထံ ရောက်သွားတယ် ။ မိသူ က ပမာမခန့် ပုံစံမျိုးနဲ့ ...


“ ဟဲ့ အောက် မှာ မြန်မာစာတန်း ထိုး ထားတာ မတွေ့ကြဘူးလား ” တဲ့ ။


အားလုံး ဝိုင်း ရယ်ကုန် ရော မိသူ က သူ ဘာ မှားသွားလဲ ပုံစံ နဲ့ တွေးတော နေတယ် ။ အဲဒီမှာ တင် အေးမ က ... 


“ ကဲ ကောင်မတွေ တိတ်စမ်း ... ငါ ပြောမယ့် စကားတောင် ဘယ် ရောက်သွားပြီလဲ မသိဘူး .. သူ့ ကိုရီးယား ဝင် ရှုပ်တာနဲ့ .. ဘာတဲ့ .. ဪ ... ရွာ ထဲ မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ထပ် ဖွင့်မယ် တဲ့ တော်ရေ .. အဲဒါ ပြောမလို့ ”


“ ဟယ် ဟုတ်လား .. ဘယ်သူ ဖွင့်မှာလဲဟင် ”


“ ဘယ်သူ ရှိရမှာလဲ ... ဦးကု,လား နဲ့ စီးပွားပြိုင်ဖက် ဦးမျက်ပြူး ပေါ့ ဟဲ့ ”


မိသူ က ဆွေ့ဆွေ့ခုန် ပြီး ...


“ ဒါဆို အတော်ပဲ ... နောက်ထပ် ငါ လမ်း လျှောက် ရင် ဝိုင်း ကြည့်ကြမယ့် ကာလသားတွေ ထပ် တိုးပြီးပေါ့ ... အဟင်းဟင်း ” 


မြနွယ် က ခါး ထောက်ပြီး ...


“ ကောင်မ နော် ... လက်ဖက်ရည် တစ်ဆိုင် ထပ် တိုးပြီ ဆို တာနဲ့ ... အစွံ ထုတ် ဖို့ အကြောင်း မရှိ အကြောင်း ရှာ ပြီး လက်ဖက်ရည်ဆိုင် ရှေ့ ဖြတ်ဖြတ် လျှောက်ပြ မနေနဲ့ ”


“ ဟဲ့ .. လျှောက် တော့ ဘာ ဖြစ်လဲ ”


“ ဘာမှ မဖြစ်ပါဘူး ... အဲဒီ ဆို င်နှစ်ဆိုင် ထဲ က ရောင်း မကောင်းတဲ့ ဆိုင် ထဲ က မျက်စိ နောက်တယ် ဆိုပြီး ရေနွေးပူ နဲ့ လှမ်း ပက် လို့ လင် မရဘဲ ခရုသင်းတွေ စွဲကုန်မယ်လို့ ပြောမလို့ပါ အေ ” 


ရယ်လိုက်တာ ရယ်လိုက်တာ အေးမ ဆိုရင် ရေအိုး အောင် မပင့်နိုင်ဘူး ။ ရယ် လို့ အားရတော့ မှ အေးမ က ...


“ ဒါဆို ငါတို့ ရွာ မှာ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကြီးများ တောင် ဖြစ်သွားပြီ ဆိုတော့ .. ဘယ်သူ့ ဆိုင် ရောင်း ကောင်းမလဲ ဆိုတာ စောင့် ကြည့်ရတော့မှာပေါ့ ... ”


“ ငါ တော့ ဟို ကြော်ငြာ ထဲ က လို ပဲ ပြောလိုက်ချင်တယ် ... တို့ တစ်ရွာလုံး က တော့ ... ဒါပဲ သုံးတယ် ဆိုတာလေ ”


မိသူ ရဲ့ အိုင်တင် နဲ့ စကား ကို အားလုံးက သဘောကျ ပြီး မိသူ နား အပြေးအလွှား ကပ် သွားပြီး ...


“ ဘာကို သုံးမှာလဲ ဟဲ့ ”


မိသူ က ခါးလေး ကို ရမ်း မရှိမဲ့ ရှိမဲ့ တင်လေး ကို အတင်း ဖြစ်ညှစ် ထုတ်ပြီး ရေကန် ကို လက်ညှိုး ထိုး ပြီး ...


“ ဟောဒီ ရေ ကို ပြောတာပါ အေ ” တဲ့ ။


သူတို့ ရဲ့ ရယ်သံ ဟာ ညနေစောင်း အိပ်တန်းဝင် တော့မယ့် ဗျိုင်း တစ်အုပ် လန့်ဖျပ် ပြီး ရေကန် ကို ရှပ်တိုက် ထွက်ပြေး သွားလေရဲ့ ။


◾ကျော်ထူး


📖 ပြုတ်မနူး


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment