Sunday, February 25, 2024

ပြုတ်မနူး ( ၆ )


 

အခန်း - ၆

“ အကုန်ထက ”

“ အကုန်ထက ”

“ မင်းတို့ ရှေ့ မှာ ငါ ရောက်ပြီ ”

ဗြုန်းစားကြီး အသံတွေ သီချင်းတွေ ကြား လို့ ကမန်းကတန်း အိပ်ရာ ထဲ က ကုန်းရုန်းပြီး ဘာလဲပေါ့ လေ ထ ကြည့်မိတယ် ။

“ ဟဲလို ... ဟဲလို ... တက္ကစီ ... တက္ကစီ ... ကြားလား ... ကြားလား ”

လော်စပီကာသံ က မိမိတို့ အိပ်ရာဘက် ကို လှည့်ထား သဖြင့် နားတွေ အူ ကုန်ပြီး ဘာသံ မှ မကြားရတော့ တံခါး ပြတင်းပေါက် ကို လှမ်း ဖွင့်ပြီး ကြည့် လိုက် တော့ အားပါးပါး နည်းနည်းနောနော လူတွေ မဟုတ်ပါလား ။ ဘာတွေ ဖြစ်ကုန်ပြီလဲ ၊ ကမန်းကတန်း အောက် ထပ် ကို ဆင်းမယ် အလုပ် ...

“ လေးစား ချစ်ခင်ရပါသော ... ရွှေပွဲကြွလာ ... မဟုတ်ဘူးလေ ... ( ဘေး က လူ တစ်ယောက် ၏ အသံ ) အဲလေ ... ကျွန်တော် ရဲ့ လ နဲ့ စတဲ့ လက်ဖက်ရည်ဆိုင် ဖွင့်ပွဲ ကို လာရောက် အားပေး ကြသော ရပ်မိရပ်ဖအပေါင်းတို့ ခင်ဗျာ အခုလို ”

ဘေး ကို လှည့်၍ မိုက်ခရိုဖုန်း မပိတ်ဘဲ ... “ ဘာ ဆက် ပြောရမလဲ ” ဟူသော အသံကြီး က တစ်ရွာလုံး ကြား ပြီးသား ။ ဘေး က တစ်ဦး တစ်ယောက် က

“ အထူးရှယ်ပဲ ဂုဏ်ယူပါတယ် ” လို့ ပြောလေ တဲ့ မကြားရတဲ့ အတိုင်း ပဲ .. ဘေး က ထောက်ပေး နေတာ ...

“ ဟုတ်ကဲ့ ... အထူးရှယ်ပဲ ဂုဏ်ယူပါတယ် ... ပြီးတော့ကာ .... ”

ဘာ ဆက် ပြောရမှန်း မသိ ဖြစ်နေစဉ်မှာ ပင် ...

“ သုံးရက် လောက် ကတည်း က ကြို ရေး ပေးထားတယ် လေ ... အလွတ် ရအောင် မကျက်ထား ဘူးလား ”

ဟူသော ကြိတ် ပြောသံ ပါ ကြား နေရသည် ။

“ ကျက်တာပဲ .. ကျက်လိုက် မရလိုက် .. ကျက်လိုက် မရလိုက် နဲ့ ကျက်လိုက်လို့ ကို မရဘူးဖြစ်နေတယ် ”

“ ဟား ဟား ဟား ”

ဟူသော ရွာသားတွေ ၏ ရယ်သံ ကြားရတော့ ကျွန်တော် လည်း မနေနိုင်တော့ဘူး ဗျ ။ ဒါ ... ဒါ ဦးကု,လား ရဲ့ အသံ ပဲ ဆိုပြီး အောက်ထပ် ဆင်း အိမ်ရှေ့ တံခါး ဖွင့် ကြည့် လိုက်တော့ အံမယ် တိုက်ပုံ ပန်းရောင် ၊ မောင့်ကျက်သရေ ခေါင်းပေါင်း ဘယ် လူရွှင်တော် ဆီ က ငှား လာလဲ မသိဘူး ။ အောက် က တောင်ရှည် နဲ့ ဗြုန်းစားကြီး ကြည့်မယ် ဆိုရင် စာဟောဆရာ လိုလို ဘိသိက်ဆရာ လိုလို သတို့သားလောင်း လိုလို နဲ့

“ သောက်ကြပါ .. စားကြပါ ဒီနေ့ အဖို့ က တော့ ဆိုင်ဖွင့်ပွဲ ဖြစ်တဲ့ အတွက် ပိုက်ဆံ မယူပါဘူး ဟဲ ဟဲ ဟဲ ... ”

ဘေးလူ တစ်ယောက် က ...

“ ရေးထားတဲ့ အထဲ မှာ ဟဲ ဟဲ ဟဲ မပါဘူးလေ ”

“ ဘာဖြစ်လဲကွာ ပါပါ မပါပါ ငါ့ ဘာသာ ငါ ရယ်တာ ဒီတော့ မင်း ကို ပြောနေရတာ နဲ့ ဘာဆက် ပြောရမလဲ တောင် မသိတော့ဘူး ”

“ ကဲပါ ... စာရွက် ကြည့် မနေနဲ့ တော့ ကျုပ် ပဲ ဘေး က ပြော ပေး တော့မယ် ၊ မိတ်ဆက်မယ့် ကိစ္စ ဗျာ ”

“ ဟုတ်ကဲ့ သူ ပြောသလို မိတ်ဆက်မယ့် ကိစ္စ ဖြစ်ပါတယ် ”

အဲဒီ အချိန် မှာ ပဲ ရွာလယ် က အကြော် ဝယ်ပြီး ပြန်လာတဲ့ မျက်မှေး ရဲ့ ဖခင် ဦးမျက်ပြူး က တအံ့တဩ နဲ့ အဝေး က လှမ်း ကြည့် နေတယ် ။

“ ပထမဦးဆုံး မိတ်ဆက် ပေးရမှာ တော့ ကျွန်တော် ဦးကု,လား ဖြစ်ပါတယ် ”

“ ပေးစမ်းဗျာ ဒီ မိုက်ခရိုဖုန်း အလွတ် ပြောတော့ နားတွေ ငြီးနေပြီ ”

ဦးကုလား လက် ထဲ မှ မိုက်ခရိုဖုန်း ကို ဘေး က လူ တစ်ယောက် က လှမ်း ယူ လိုက်ရာ ဦးကု,လား က မပေးဘဲ ...

“ ဘာလို့ ပေးရမှာလဲ ... သူ့ စက် ကို တစ်နေ့ကုန် ငှားထား တာ တန်အောင် တော့ ပြောရမှာပဲ ... ထမင်း စား လည်း ဒါနဲ့ ပြော မယ် ... အိမ်သာ တက် လည်း ဒါနဲ့ ပြောမယ် ... ဘာ လုပ်လုပ် တစ်နေကုန် ဒါနဲ့ပဲ ပြောရမယ် ”

သွားပြီ ။ တစ်နေကုန် တဲ့  ။ ပတ်ဝန်းကျင် ထိခိုက်အောင် လုပ်ပြီ ။ ဦးကု,လား တို့ က ။

ဘေး က လူ က .....

“ ခင်ဗျား ကို မိတ်ဆက် ခိုင်း နေတာ မဟုတ်ဘူး လေ ”

“ သိတယ် ကု,လား သိတယ် ”

အဲဒီမှာတင် ရွာ ထဲ က ကာလသား တစ်ယောက် က ...

“ ကု,လား သိရင် ပြောဗျာ ”

“ ဟိုက် .. ဒီကောင်တွေ ဘယ်လို ကြားသွားလဲ မသိဘူး နော် ”

ရိုး လိုက်တာ မိုက်ခရိုဖုန်း မပိတ်ဘဲ ကိုယ် ပြောချင်တာ ပြော နေတာ ကို အတိုင်းသား ကြားနေရတဲ့ ဥစ္စာ ..

“ အဟမ်း ခုနက ကျွန်တော် ပြောသလို ဟောဟို က ထိုင်နေ တာ က တော့ ကျွန်တော့် ရဲ့ ရှုမငြီး တဲ့ သမီး အကြီး ဆောင်းဟေကု,လား ဖြစ်ပါတယ် .. ”

ဦးကု,လားသမီး က ကမန်းကတန်း ပြေး လာပြီး ...

“ ဆောင်းဟေကို ပဲ ပြောပါ အဖေ ”

“ အေးပါ သမီးရယ် အခု ခေတ် က မိဘ နာမည်တွေ ပါ ထည့် ထည့် တပ်တော့ ခေတ်မီအောင် လို့ ပါ ... သမီး မကြိုက်ရင် မပြောတော့ဘူး နော် ”

“ သမီး မကြိုက်ပေမယ့် သား ကြိုက်တယ် ” လို့ ကြား ထဲ က ဘယ်က ထွက်လာမှန်း မသိသော အသံ တစ်သံ က ဦးကု,လား အသံ ထက် ပိုမို ကျယ်လောင် သွားသည် ။

“ ဘာကွ ဘာပြောတယ် ... ကု,လား နော် ဒီ ရွာ မှာ တစ်ယောက် တည်း ရှိတယ် ... သောက်စရာ ရှိတာ သောက် ၊ စားစရာ ရှိတာ စား ”

ရယ်ချင် နေသော စိတ် ကို ဖျောက် ၍ မျက်မှေး စဥ့်အိုး ထဲ မှ ရေ နဲ့ မျက်နှာသစ် ရန် အလုပ် ...

“ ဟောဒါလေး က တော့ ကျွန်တော့် သမီးအငယ်မ ဖြူဖြူကျော်ကု,လား ဖြစ်ပါတယ် ... မကြာခင် မှာ မြို့ပေါ် တက်ပြီး မင်းသား ကျော်ရဲအောင် နဲ့ “ လိမ္မာရင် မထွက်နဲ့ ” ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ဖို့ အစီအစဉ်တွေ ၊ သီချင်းတွေ ရိုက်ဖို့ အစီအစဉ်တွေ ၊ သီချင်းတွေ ၊ ကာရာအိုကေတွေ ရိုက်မယ့် ထဲ မှာ အခု နာမည်ကြီး နေတဲ့ အမေ သီချင်း တွေ ဆိုပြီး ငိုငို နေတဲ့ ကောင်လေး ဘာတဲ့ အနီရောင်လေး ဆိုတဲ့ အဆိုတော် ”

“ သုခ ပဲ .. အဆိုတော် ရဲလေး ကို များ အနီရောင်လေး တဲ့ ... ”

“ အဲ သူ နဲ့ တွဲ ပြီး ရိုက်မှာ ... ပြီး ... ဟောဒီက ကျွန်တော့် ရဲ့ လက်ဖက်ရည်ဆိုင် အသစ်စက်စက်လေး မှာ ဖွင့် ပြမယ် .. တစ်ဝ တစ်ပြဲကြီး ကြည့်ရမှာ ပါ .. ”

ဦးကု,လား ရဲ့ သမီး နှစ်ယောက် ကို လှမ်း ကြည့် လိုက်တော့ ခမျာတွေ ရှက် နေတာလား ၊ ပဲ ပေး နေတာလားတော့ မသိဘူး ။ ခေါင်းလေးတွေ ငုံ့ ပြီး ...

“ ဝရှေား ... ဖလူး ... ဖလူး ”

ပလုတ်ကျင်း ပြီး မျက်နှာသစ် ဖို့ ဆပ်ပြာခွက် အကိုင် မှာ ပဲ ..

“ ပြီးတော့ ကာ ရုပ်မြင်သံကြား မှာ လည်း ကြော်ငြာတွေ ထပ် ရိုက်မှာပါ ... အဲ ... ပြီးတော့ ကာ ဘယ်သူ့ ကို မိတ်ဆက် ဖို့ ကျန်သေး လဲ ... ဪ ... ဟုတ်ကဲ့ ... ”

လက်ဖက်ရည် အဖျော်ဆရာ ကို တွေ့ သွားပြီး အဖျော်ဆရာ က ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် ဦးကျော် ပုံစံမျိုး လက် နှစ်ဖက် မြှောက် ပြတယ် ။

“ ဪ .. ဒါကတော့ ရွှေညာသားလေး ပုသိမ် က ”

ဦးကု,လား ၏ ဘေး မှ လူ က

“ ဦးကု,လား ရွှေညာသား က ပုသိမ် လား ” လို့ ဆို လိုက်တော့

“ ပုသိမ် မှာ မွေးပြီး အညာ မှာ ကြီးလာတဲ့ ကျွန်တော် ရဲ့ ‘ လုံမေ ’ လက်ဖက်ရည်ဆိုင် ရဲ့ ပင်တိုင် အဖျော်ဆရာ ပါ .. သူ့ ရဲ့ လက်ရာ ကို သောက်လိုက် မိ ရင် ရင် ထဲ ... ဟတ် ထဲ စွဲ သွားအောင် ဖျော်ပေးမယ့် အဖျော်ဆရာ ကိုဖိုးတာ ပါ ”

အဲဒီ အချိန် မှာ ပဲ ဆိုင် ရှေ့ က ဖြတ်လျှောက် သွားတဲ့ ဦးမျက်ပြူး ကို တွေ့ သွားပြီး

“ ဟော ... ဟေ့ မတ်တတ်ရပ် ကြည့် လို့ အကျိုး မရှိဘူး ... လက်ဖက်ရည် ရဲ့ အရသာ လက်ဖက်ခြောက် ရဲ့ ကောင်းခြင်း အချို အပေါ့ အကျ အလေး ”

“ အပေါ့ လည်း မသွားဘူး အလေး လည်း မသွားဘူး ... ငါ့ အိမ် ငါ ပြန် မလို့ကွ ကု,လား ရဲ့ ”

ပြောပြီး လှည့် ထွက်မယ် အလုပ် မှာ ဆိုင်ပိုင်ရှင် ဦးကု,လား က လက် ထဲ က မိုက်ခရိုဖုန်း ကို မချဘဲ အတင်း ဦးမျက်ပြူး ကို ထွက် ဆွဲ ပါတော့တယ် ။ မိုက်ခရိုဖုန်း ရဲ့ ကြိုး က တော့ ထိုင် နေတဲ့ လူတွေ ရဲ့ လည်ပင်း ၊ နှာခေါင်း တွေ့ ရာ နေရာတွေ ကို ပတ်လိမ် သွားပြီး ကြိုး က မမီ တော့ ဂျက်ပင် ပါ ပြုတ် ပါ သွားရောဗျာ ...

“ လာစမ်းပါ မျက်ပြူး ရာ ... တစ်သက် မှာ တစ်ခါ ပဲ အလကား စားရ ၊ သောက်ရ မှာ ဟော .. သားတော်မောင် ပါ ရောက် လာတာကိုး ... ကဲ ... ကဲ ဝင်ထိုင် နေရာ ပေးဟေ့ ဂရုစိုက်ပါ ... မုန့်တွေ ကို အဲလေ ... မျက်ပြူး တို့ သားအဖ ကို ”

ပြောရင်း ဦးကုလား က မိုက်ခရိုဖုန်း ကို လက် နဲ့ ပုတ်လိုက် ၊ ပါးစပ် နား ကပ်လိုက် နဲ့ ..

“ ဟဲလို .. ဟဲလို ”

“ ဟေ့ စက်ဆရာ မင်း ဟာ က မလာတော့ဘူးကွ ”

လို့ လှမ်း ပြော လိုက်တော့ စက်ဆရာ က ..

“ ဘယ် လာတော့မလဲ .. သူ လည်း ကြာတော့ ညောင်းလာပြီ ပေါ့ .. အဲ ... မဟုတ်ဘူး ဆရာ ... ဂျက်ပင် ပြုတ် သွားလို့ ကြိုး က မမီတော့ဘူး ... ရှေ့ နည်းနည်း ပြန် ဆုတ်လာပါ ... ဟုတ်ပြီ ... တစ်လှမ်း ... နှစ်လှမ်း .. သုံး ... ဟိုး ရပြီ အဲဒီမှာ ပဲ မတ်တပ်ရပ် ပြော ရှေ့ သိပ် မထွက်နဲ့ ဒီ မှာ က မမီဘူး ... ”

“ အဟမ်း ... အဟမ်း ... ရပြီနော် ... ဒီနေရာ ... အဲဒီ တော့ ... ဒီ ရွာ မှာ ... စီးပွားရေးသမားကြီး ... သူဌေးကြီး လက်ဖက်ရည်ဆိုင် ပိုင်ရှင်ကြီး ... ဦးကု,လားကြီး က တော့ ဖြင့် ဒီနေ့ အဖို့ ... ရေတွင်းပေါင်း ရှစ်သောင်း လေးထောင် ရေကန်ပေါင်း ရှစ်သောင်း လေးထောင် လှူတဲ့ ... မဟာဗန္ဓုလ ဟာ ”

အမြင်ကတ် သော မျက်နှာပေး ဖြင့် ဦးမျက်ပြူး က ကပျာကယာ မတ်တတ် ရပ်ပြီး ...

“ အာသောကမင်း ပါ ဗျာ ... စားရသောက်ရတာ နဲ့ နားထောင်ရတာ .. မတန်လိုက်တာ ”

အဲဒီ အချိန်မှာ မျက်မှေး ရဲ့ လက်ဖက်ရည်ပန်းကန် ကို ဘယ်သူ က ယူ သောက်သွားတယ် မသိပါဘူး ။ မုန့် ကို လှမ်း ကြည့်တော့ လည်း မရှိ ။ ဖခင် ဦးမျက်ပြူး ကို မသင်္ကာ သလို ကြည့်ပြီး မျက်ရိပ်မျက်ကဲ ပြ ၍ ထွက်ရန် လုပ် သော်လည်း ဖခင် ဖြစ်သူ က မမြင် ။ မိုက်ခရိုဖုန်း နတ် ဝင် သွားပြီလား မသိ .. ဦးကု,လား ဘေး မတ်တတ် ရပ် က တစ်ဖဝါး မှ မခွာ ...

“ ဘာပဲ ပြောပြော .. ဒီ ရွာ မှာ ... ဒီလို လက်ဖက်ရည်ဆိုင် မျိုး ရှိတယ် ဆို ကတည်း က ရွာ အတွက် ဂုဏ်ယူ လိုက်စမ်းပါ မျက်ပြူး ရာ မဟုတ်ဘူးလား ”

“ ဟုတ်သပ ... ကျုပ်တို့ ရွာ မှာ က ...ပေါ်လေး အရက်ဆိုင် ပြီးရင် ဦးကု,လား ... လက်ဖက်ရည်ဆိုင် ပဲ ... ဒီတော့ သူ့ ကိုယ်စား ကျွန်တော် ပြောချင်တာ က ... အားပေးကြပါ ... သုံးဆောင်ကြပါ .. လက်ငင်း ရော .. အကြွေး ပါ ... ရ ပါတယ် ... မယုံရင် သူ့ သမီး တွေ မေး နိုင်ပါတယ် .. ”

“ ဘာကွ .. ငါ့ သမီးတွေ က ဘာလို့ အကြွေး ရော ... လက်ငင်း ရော ရ , ရမှာလဲ ”

“ မဟုတ်ဘူး လေ ... မင်း သမီးတွေ က ဒီ ဆိုင် ရဲ့ တာဝန်ခံတွေ မဟုတ်ဘူးလား .. သူတို့ နဲ့ အဆင်ပြေ ဖို့ တော့ လိုပါတယ် လို့ ... ငါ က စေတနာ နဲ့ ပြောပေးတာ .. မပြောရ လည်း နေတော့ သွားမယ် ”

“ ရော့ ”

ဆိုပြီး ဦးကု,လား လက်ထဲ မိုက်ခရိုဖုန်း ပေးပြီး သူ့ သား မျက်မှေး ကို ..

“ ဟေ့ကောင် သူများတွေ စားလို့ သောက်လို့ ပြီး နေပြီ ... ခုထိ မျိုလို့ ဆို့လို့ မပြီးသေးဘူးလား .. လာ သွားမယ် ”

ပြောပြောဆိုဆို မျက်မှေး ကို အတင်း လက် ဆွဲပြီး ထွက်သွား တော့တယ် ။

“ တော်ရုံသင့်ရုံ ဆို ဘာမှ မဖြစ်ဘူး .. ”

“ အေး ငါ့ သား ပြောတာ မှန်တယ် ... နည်းနည်းပါးပါး စတိ လောက် ဆို တော်ပြီပေါ့ ”

“ ဟုတ်တယ် အဖေ ရ .. အလကား ရ .. အားမနာ တဲ့ လူတွေ အများကြီး ”

သူ့ ဖခင် ကို ကြည့်ရင်း ပြော ရာ ဦးမျက်ပြူး က လည်း အားကျမခံ မျက်မှောင် ကြုတ် ၍ ...

“ အခွင့်အရေး ဆိုတာ ရတုန်း ယူတတ်ကြတာပဲ သား ရဲ့ ”

“ ယူတိုင်း မကောင်းပါဘူး ... သူ တစ်ခွက် ၊ ကိုယ် တစ်ခွက် သူ မုန့် တစ်ခု .. ကိုယ့် မုန့် တစ်ခုပေါ့ ခုတော့ ဗျာ ” 

ဦးမျက်ပြူး က ဒီ ကောင် ဘာတွေ ပြောနေတာလဲ ပေါ့ ။ သူ့ ခါးပိုက်ထောင် ကို လည်း မသိမသာ လက် ဖြင့် စမ်း ကြည့်သေးတယ် ။ သူ မုန့် ခိုး ပြီး ခါးပိုက်ထောင် ထဲ ကို ထည့်တာ သူ့ သားများ တွေ့သွား လား ၊ တွေ့ သွား လည်း ဘာဖြစ်လဲ ။ ကိုယ့် အတွက်ရတဲ့ မုန့်ပဲ ဥစ္စာ ။ သူများ ဥစ္စာ ခိုးတာ မှ မဟုတ်တာ ..

“ မင်း .. မင်း ဘာတွေ ပြောနေတာလဲ ငါ့ သား ”

“ အဖေ က ရော .. ဘာတွေ ပြောနေတာလဲ ”

“ ငါ ပြောတာ က ဒီကောင် ကု,လား ကြီးကြီးကျယ်ကျယ်တွေ ပြောပြီး ကြွား နေလို့ .. နားကြားပြင်း ကတ် တာ တွေ ပြော တာ .. မင်း ပြောတာက ဘာလဲ .. ”

မျက်မှေး က သူ့ လက်ဖက်ရည် နဲ့ မုန့် ကို ပြန် မြင်ယောင် ရင်း

“ ဘာမှ မဟုတ်တော့ပါဘူး အဖေ ရာ ... ကျွန်တော် တောင်ပိုင်း ခဏ သွားဦးမယ် ”

“ ဘာကောင်တုန်းဟ ” ဆိုပြီး ဦးမျက်ပြူး တွေဝေ သော မျက်နှာ ဖြင့် ကျန်ခဲ့ပါ တော့သည် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment