❝ ယူနီယံဂျက် အလံ အောက် မှ စကားဝိုင်းကလေး ❞
တစ်နေ့သ၌ မောင်တိုင်းကျော် သည် အခါတိုင်း ကဲ့သို့ပင် အလုပ် တာဝန် ကျရာ နေရာ သို့ သွားရောက် ၍ အလုပ် ဝတ္တရားများ ကို ပင်ပန်းကြီးစွာ ပြုလုပ် ဆောင်ရွက် ရ လေ၏ ။ ထိုသို့ ဆောင်ရွက် နေစဉ် အတွင်း ၎င်းတို့ အား အုပ်ချုပ်သော အကြီးအကဲ က မောင်တိုင်းကျော် ရှိရာ သို့ ရောက်လာပြီး လျှင်
“ ဟေ့ကောင် တိုင်းကျော် ။ ဟောဒီမှာ ကျွန်းမင်းကြီးရုံး က လာပြီး ခေါ်တဲ့ လူတွေ နဲ့ လိုက်သွားပေတော့ ”
ဟု ပြောရာ တိုင်းကျော် က
“ ဘယ်လို ဖြစ်တာတုံး ဆရာတို့ ရယ် ”
ဟု ထိတ်လန့်တကြား မေး လိုက်လေ၏ ။
ထိုအခါ အလုပ်တာဝန် ကို ကြီးကြပ်ရသော အလုပ်ခေါင်း ဘုတ်ကိုင် က
“ ဟေ့ကောင် ကြောက် မနေပါနဲ့ ကွ ။ နေရာ ပြောင်း မလို့ ခေါ်တာပါ ။ ငါ ထင်တာ က တော့ မင်း ကို အပြင် ထုတ်ပြီး ခိုင်းလိမ့်မယ် ထင်တယ် ”
ဟု ပြောလေ၏ ။
မောင်တိုင်းကျော် လည်း ဘုတ်ကိုင် ကို အရိုအသေ ပေး၍ ကျွန်းမင်းကြီးရုံး မှ လာ ခေါ်သော ဝန်ထမ်းများ နောက်သို့ လိုက်ပါသွား ရလေ၏ ။
ကျွန်းမင်းကြီးရုံး သို့ ရောက်သော အခါ၌ မူ မင်းကြီး ၏ ရုံးရှေ့ အလံတိုင်ကြီး အောက် တွင် ဆောင့်ကြောင့် ထိုင် ၍ တစ်စုံတစ်ခု ကို စောင့်မျှော် နေသော ကျွန်းသား အစိတ်ခန့် ကို တွေ့ရလေ၏ ။ ဝန်ထမ်းများ သည် တိုင်းကျော် အား ထိုလူများ နှင့် အတူ ရော၍ ထိုင် ခိုင်း လေ၏ ။ တိုင်းကျော် လည်း ထိုင် ရလေ၏ ။ တိုင်ထိပ်ဖျား တွင် လွှင့်ထူ ထားသော အလံကြီး သည် တဖျပ်ဖျပ်အသံ မြည်လျက် လှုပ်ခါ နေလေ၏ ။ တိုင်းကျော် ၏ စိတ်သည် လည်း ဘယ်လို ဒုက္ခများတဲ့ နေရာ ကို ပို့ဦး မလို့လဲ မဆိုနိုင်ဘူး ဟု တွေးတော ရင်း လှုပ်ခါ နေလေ၏ ။
ကျွန်းသားများ သည် တိတ်ဆိတ်စွာ ထိုင်နေ ကြ လေ၏ ။ ထိုအချိန် ၌ ကျွန်းသား တစ်ဦး က အခြားသော အသိ ကျွန်းသား တစ်ဦး ကို
“ ဟေ့ ဖိုးမောင် ၊ ဒီအလံတိုင် ထိပ်ဖျား က အလံကြီး ကို လိုချင်တယ်ကွာ ”
ဟု ပြောလိုက်လေ၏ ။
ထိုအခါ ဖိုးမောင် ဆိုသူ က
“ ဘာလုပ် မလို့လဲ စံတင့် ရဲ ။ ည ကျ ရင် ခြုံအိပ် မလို့လား ”
ဟု ပြန်၍ မေးလိုက် လေ၏ ။
“ မင်း တော်တော် စိတ်ကူး ရိုင်းသေးတဲ့ ကောင်ပဲ ဖိုးမောင် ရယ် ။ ဘယ်ကလာ ခြုံ အိပ်ရမှာတုံး ။ နည်းနည်းချင်း ဖြဲပြီး ချေးကုန်း ချင်လို့ပါကွာ ။ အခုဟာ က တုတ် ကို အသုံးပြုရ ၊ သစ်ကိုင်းခြောက် ကို အသုံးပြုရ နဲ့ နေရာ မကျဘူး ”
ဟု စံတင့် က ပြန်၍ ပြော လိုက်ရာ ဖိုးမောင် က
“ မင်း လဲ သစ်ခုတ်တဲ့ စခန်း မှာ ဟို ဆရာကြီး နဲ့ အတူ နေခဲ့ရ ကတည်း က ဒီလို အပြောအဆိုမျိုး တွေ တတ် လာတာပဲ ။ ဒါနဲ့ နေစမ်းပါဦးကွ ။ အဲ့ဒီ ဆရာကြီး ဘယ် ရောက်သွားပြီလဲ ”
ဟု မေး လိုက်လေ၏ ။
“ ငါ့ အထင်တော့ တောစခန်း မှာ ပဲ ရှိဦးမယ်ကွ ”
ဟု စံတင့် က ပြန်၍ ပြောလိုက် လေ၏ ။
“ အဲဒီ ဆရာကြီး က လူပျော်ကြီး ကွ နော် ”
ဟု ဖိုးမောင် က ပြောလေ၏ ။
“ လူပျော်ကြီး မဟုတ်ဘူးမောင် လူတော်ကြီး ။ လူတော်ကြီး ။ တကယ့်ကို တော်တဲ့ ဆရာကြီး ကွ ။ သူ မသိတာလဲ ဘာမှ မရှိဘူးကွ ။ ဗဟုသုတ စုံလိုက်တာလဲ မပြောနဲ့ တော့ကွာ ။ ဒီ လူကြီး နဲ့ နေရတဲ့ ရက် အတွင်း မှာ ငါ ဖြင့် တစ်သက် တစ်ကျွန်း ကျ နေတယ် ဆိုတာ ကို တောင် မေ့သွားတယ် ”
ဟု စံတင့် က ပြန်၍ ပြောလေ၏ ။
“ သူ့ နာမည် က လဲ ခပ်ဆန်းဆန်းပဲ ကွ ”
ဟု ဖိုးမောင် က ပြော ပြန်လေ၏ ။
“ ဆန်းတာပေါ့ ငါ့ လူ ရာ ။ ဒီ နာမည်မျိုး လူ တစ်သိန်း မှာ တစ်ယောက် ရှိမယ် မထင်ပါဘူး ”
ဟု စံတင့် က ပြန်၍ ပြောလေ၏ ။
“ လုပ်စမ်းပါဦး ကိုယ့်လူ ရဲ့ ။ သူ့ ကို ဆရာကြီး ဆရာကြီး လို့ ပဲ ခေါ်နေ ရတာ နဲ့ သူ့ နာမည်ကိုတောင် မေ့သွားပြီ ။ ဘယ်သူတဲ့ ”
ဟု ဖိုးမောင် က ပြော လိုက်ရာ စံတင့် က
“ မမေ့အောင် ဒီလို မှတ်ထား ။ ဟပ်ချိုး ”
ဟု နှာချေ ပြ လိုက်ပြီး လျှင်
“ ဆိတ်ဖွား ”
ဟုအော် လိုက်လေ၏ ။
ထိုအခါ ဖိုးမောင် က
“ ဟုတ်ပြီ ဟုတ်ပြီ ။ ဆိတ်ဖွား ဆိတ်ဖွား ။ ဆရာကြီး ဦးဆိတ်ဖွား ဟား ဟား ဟား ”
ဟု ရယ်မော လိုက်လေ၏ ။
၎င်းတို့ နှစ်ဦး ပြောဆို နေသည် ကို မလှမ်းမကမ်း မှ အားစိုက် ၍ နားထောင် နေသော ကျွန်းကျ တစ်ဦး က
“ ဪ ကိုယ့် လူ တို့ ပြော နေတာ ဦးဆိတ်ဖွား အကြောင်း ကိုး ။ ဒီ လူကြီး အကြောင်း ခင်ဗျားတို့ မကြားဘူးလား ”
ဟု မေး လိုက်လေ၏ ။
“ မကြားပါဘူး မိတ်ဆွေရယ် ”
ဟု ဖိုးမောင် နှင့် စံတင့် က ပြိုင်တူ ဖြေဆို လိုက်ရာ ထို သူ က
“ ပြီးခဲ့တဲ့ နှစ် က ကျုပ် နဲ့ အတူ နေရသေးတယ် ဗျ ။ အဲဒီလို နေ နေတုန်းမှာ ကျုပ်တို့ နှစ်ယောက် က လမ်းဖောက် ကျောက်ထု တဲ့ လုပ်ငန်းမှာ အလုပ် ကျတယ်လေဗျာ ။ အဲဒီ လမ်း ကို ကျွန်းမင်းကြီး ကိုယ်တိုင် တစ်နေ့ မှာ လာပြီး ကြည့်တာဗျ ။ အဲဒီလို လဲ လာ ကြည့်ရော ကျုပ်တို့ လူကြီး က ကျွန်းမင်းကြီး ကို အင်္ဂလိပ်စကား နဲ့ လှမ်းပြီး ပြောတယ်ဗျ ။ ဆယ်မိနစ် လောက် ကြာတယ် ။ ကျွန်းမင်းကြီး က ငြိမ်ပြီး နားထောင် နေတယ် ။ ပြီး လဲ ပြီးရော ။ ကျွန်းမင်းကြီး ရဲ့ မျက်နှာ ဟာ နီ လာ တော့တာပဲ ။ အဲ့ဒီလို နီ လာ ရာ က နေ ပြီးတော့ ကျွန်းမင်းကြီး ဟာ “ ဖူး ” လို့ တစ်ချက် အော်ပြီး ရှေ့ဆက် မသွားတော့ဘဲ နောက် ကို ပြန်လှည့် သွားတော့တာပဲ ။ ဒါနဲ့ ကျုပ် က ဦးဆိတ်ဖွားကြီး ကို ခင်ဗျား ဟာ ဘာတွေ သွားပြီး ပြောလိုက်တာတုံး ။ ကျွန်းမင်းကြီး က တော့ “ ဖူး ” လို့ အော်ပြီး ဒေါပွ သွားပြီ လို့ ပြောတော့ သူ က ကျုပ် ကို ရှင်းပြတယ် ”
ဟု ထို သူ က ဆိုလေ၏ ။
ထိုအခါ ဖိုးမောင် နှင့် စံတင့် တို့ က
“ လုပ်စမ်းပါဦး မိတ်ဆွေ ရဲ့ ။ ဆရာကြီး က ဘယ်လို ရှင်းပြသတုံး ”
ဟု မေးမြန်း ကြ လေ၏ ။
“ ဘာဖြစ်လို့ ကျွန်းကြီး ကို အလှပြင်ပြီး လမ်းတွေ ဖောက်နေမှာတဲ့ ။ ဒီ ကမ္ဘာကြီး မှာ နယ်ချဲ့ အရင်းရှင်စနစ် ကို လူသားတွေ ဟာ အော့နှလုံး နာ ကုန်ကြပြီ တဲ့ ။ နယ်ချဲ့ အရင်းရှင်စနစ် ဟာ သံကြိုး ကွင်းဆက် လို ကမ္ဘာကြီး ကို တစ်ပတ် ပတ်ပြီး တုပ်နှောင် မလို့ ကြိုးစားနေတာ ကို ကမ္ဘာသားတိုင်း ဟာ သိပါတယ်တဲ့ အဲဒီတော့ ဆင်းရဲသား အလုပ်သမား လူတန်းစား ဟာ မကြာခင် နှစ် အနည်းငယ် အတွင်း မှာ အဲဒီ သံကြိုး ကို ဖြတ်တောက် ပစ်ကြ လိမ့်မယ်တဲ့ ။ အဲဒီအခါ မှာ နေ မဝင်တဲ့ ဗြိတိသျှ အင်ပါယာကြီး ဟာ လုံးဝ နေဝင် သွားလိမ့်မယ် တဲ့ ။ ခင်ဗျားတို့ အလံကြီး ဟာ လဲ အမှိုက်ပုံး ထဲ ကို ရောက်သွား လိမ့်မယ် တဲ့ ။ အဲဒါကြောင့် အပင်ပန်းခံပြီး ကျွန်းကြီး ကို ပြင် မနေပါနဲ့ တဲ့ ။ ကျွန်းကြီး ဟာ ကျွန်း အနေ နဲ့ လှ နေပါတယ် တဲ့ ။ အဲဒီအခါမှာ ကျွန်းမင်းကြီး က သင် ဘယ်သူလဲ လို့ ဦးဆိတ်ဖွားကြီး ကို မေးတယ် ။ ဦးဆိတ်ကြီး က ကျွန်ုပ် ဟာ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ဖြစ်တယ်လို့ ပြန်ပြီး ပြော လိုက်တယ် ။ အဲဒီလိုလဲ ဖြေလိုက်ရာ ကျွန်းမင်းကြီး က “ ဖူး ” လို့ တစ်ချက် အော်ပြီး ပြန်သွားပဲ မိတ်ဆွေတို့ ရယ် ။ ပြန်သွားပြီး ဘာမှ မကြာပါဘူး ။ ကျွန်းပုလိပ်တွေ လိုက် လာပြီး ကျုပ်တို့ လူကြီး ကို ဖမ်းသွားတော့တာပဲ ။ အဲဒီလို ဖမ်းသွား ပြီးတော့ ကျွန်းမင်းကြီးရုံး နောက် မှာ ရှိတဲ့ မြေတိုက် ထဲ မှာ အရူး ဆိုပြီး ပိတ်လှောင် ထားတာ တစ်နှစ် ရှိပါပကော ”
ဟု ထို သူ က ရှင်းပြ လေ၏ ။
ထိုအခါ ဖိုးမောင် နှင့် စံတင့် တို့ က “ သနားစရာဗျာ ” ဟု ပြောဆို လိုက်လေ၏ ။
တိုင်းကျော် သည် ထိုသူ တို့ ပြောဆို နေကြသည် ကို တမင်တကာ နားထောင်ခြင်း မရှိပါ ဘဲ လျက် ကြားနေရ လေ၏ ။
တစ်သက်တစ်ကျွန်း ကျခံနေရသည့် အခါမျိုး၌ ပင် လျှင် မျက်နှာဖြူ ကျွန်းမင်းကြီး အား ပမာမခန့် ပြန်လည် ပြောဆို ဝံ့သော ထို အရူး ခေါ် ခံရသည့် လူကြီး အား စိတ် အတွင်း မှ ကျိတ်၍ ချီးကျူးမိ သေးတော့၏ ။
ထိုအချိန် ၌ မှာ ပင် ကျွန်းမင်းကြီးရုံး မှ တာဝန်ရှိသူ တစ်ဦး ထွက်လာ ပြီး လျှင် အမည် ခေါ်၍ အုပ်စု နှစ်စု ခွဲ လိုက်လေ၏ ။
အုပ်စု တစ်စု ကို မူ လမ်းဖောက်လုပ်ငန်း အတွက် ပို့ လိုက်လေ၏ ။ ကျန် တစ်စု ကို မူ သစ်ခုက်လုပ်ငန်း သို့ စေလွှတ်ရန် ဖြစ်၏ ။ ထို လုပ်ငန်း တွင် တိုင်းကျော် လည်း ပါ၏ ။
တာဝန်ရှိသူ သည် သစ်ခုတ်လုပ်ငန်း သို့ သွားရမည့်သူများ အား ညွှန်ကြားချက်များ ကို ပြောဆို နေ လေ၏ ။ ယခု သွားရောက် လုပ်ကိုင်မည့် နေရာ သည် ငှက်ဖျားရောဂါ အလွယ်တကူ ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း ။ ထို့ကြောင့် ရေ ကို ကျိုချက် ၍ သောက်ရန် လိုအပ်ကြောင်း ။ နှစ်ယောက် တစ်တွဲ တဲကလေးများ ထိုး၍ နေထိုင်ရမည် ဖြစ်ကြောင်း တဲ မှာ လည်း မိမိတို့ ကြိုက်နှစ်သက် သလို ထိုး၍ မရ ။ ပုံစံ နှင့် တကွ အတိုင်းအတာနှင့် ဟု ညွှန်ကြား လိုက်မည် ဖြစ်ကြောင်း ။ ညွှန်ကြားသည့် အတိုင်း လုပ်ရမည် ဖြစ်ကြောင်း စား အိုးစားခွက်များ ပေးထားပြီး လျှင် ဆယ့်ငါးရက် တစ်ခါ ရိက္ခာ လာ၍ ပေးမည် ဖြစ်ကြောင်း ။ ဆယ့်ငါးရက် အတွင်း သတ်မှတ် ထားသော လုပ်ငန်းများ ကို ကြည့်ရှု စစ်ဆေးမည် ဖြစ်ကြောင်း ။ အကယ်၍ လုပ်ငန်း မပြီးပါ က လည်း အပြစ် ပေးမည် ဖြစ်ကြောင်း ပြောဆို၍ ထို ကျွန်းကြီး ၏ အစွန်အဖျား တစ်နေရာ ဆီ သို့ မော်တော်ကား တစ်တန် ၊ ခြေကျင် တစ်တန် ဖြင့် ခေါ်သွား လေတော့၏ ။
တိုင်းကျော် လည်း စိတ်ပျက်လက်ပျက် ဖြင့် လိုက်ပါ သွားရလေတော့၏ ။ ထို တော သို့ ရောက်လျှင် ကျွန်းပင် များ ဝါးများ ကို ခုတ်ခိုင်း ပြီး လျှင် တဲအိမ်များ ဆောက်လုပ် ခိုင်း လေတော့၏ ။ တဲအိမ် မှာ နှစ်ယောက် တစ်တွဲ ။ နှစ်ယောက် တစ်တွဲ နေနိုင်ရန် ဖြစ်၏ ။ တစ်အိမ် နှင့် တစ်အိမ် လည်း တစ်ခေါ် လောက် ဝေး၏ ။
တိုင်းကျော် အဖို့ ကံဆိုးသည် မှာ နှစ်ယောက် တစ်တွဲ နှစ်ယောက် တစ်တွဲ ပြုလုပ်ရာ တွင် ဆယ့်တစ်ယောက် ဖြစ် နေသော ကြောင့် တိုင်းကျော် အဖို့ အတွဲ မရဘဲ တစ်ယောက် တည်း တဲ ထိုး ရ လေ၏ ။ တစ်ယောက် တည်း ရေခပ် ရ လေ၏ ။ တစ်ယောက် တည်း ချက်ပြုတ် စားသောက် ရ လေ၏ ။
ထို့အပြင် နှစ်ယောက်စာ လုပ်ငန်း ကို တစ်ယောက် တည်း လုပ်ရမည် ဟု အမိန့် ချမှတ် သွားလေ၏ ။
ထို့ကြောင့် သစ်ပင်များ ခုတ် ရာ တွင် တခြားသူများ ငါးမန်းလွှကြီး ကို ကိုင်ကာ ဟိုဘက် တစ်ယောက် ဒီဘက် တစ်ယောက် ထိုင်၍ တရွှင်းရွှင်း တိုက်ဖြတ်ကြ၏ ။ ပျင်း လျှင် တစ်ဦး ကို တစ်ဦး ပုံတိုပတ်စ ပြောဆို ကြ၏ ။ ရှေးဟောင်း နှောင်းဖြစ် ပြောဆို ကြ၏ ။ တစ်ဦး အလုပ် လုပ် နေလျှင် ကျန် တစ်ဦး က စားသောက်ရန် အတွက် ချက်ပြုတ် ခြင်း ၊ ရေခပ်ခြင်း အလုပ် ကို လုပ်ပေး နိုင်၏ ။
တိုင်းကျော် မှာ မူ ကား ထိုသို့ မဟုတ် ။ တစ်ယောက်တည်း အလုပ် လုပ်ရ၏ ။ လူ တစ်ဖက်ခန့် ရှိ သစ်ပင်ကြီးများ ကို ပုဆိန်ကြီး ဖြင့် ပင်ပန်းကြီးစွာ ပေါက်ရ၏ ။ ပြတ်လု ပြတ်ခင် ဖြစ်သော အခါကျ မှ ပင် ကြိုး ဖြင့် ဆိုင်း၍ သက်စွန့်ဆံဖျား လှဲချ ရ၏ ။
ပြီးလျှင် အကိုင်းများ ကို ပုဆိန် ဖြင့် ပင် ခက်ခဲစွာ ခုတ်ယူ ရ၏ ။ ထိုသို့ ခုတ်ပြီး လျှင် ထမင်း ကို ချက်ရ၏ ။ သောက်ရေ အတွက် ဝေးလံသော နေရာ သို့ ပင်ပန်းကြီးစွာ သွား၍ ခပ်ရ၏ ။
အတွဲ ရှိသော သူတို့မှာမူ ရှဉ့်များ ၊ ဖွတ်ပတတ်များ ၊ ငါးများ ကို တစ်ယောက် က ရှာဖွေ ၍ ကျန် တစ်ယောက် က အလုပ် လုပ်ပေး ထားသောကြောင့် ပင်ပန်းစွာ အလုပ် လုပ် ရ သော်လည်း စားသောက်သော အခါ၌ မြိန်ရှက်စွာ စားသောက်ခွင့် ရှိ၏ ။
တိုင်းကျော် အဖို့ မှာ မူ ကား သူတစ်ပါး ထက် နှစ်ဆ အလုပ် လုပ်ရ၍ စားသောက်သော အခါ၌ လည်း ညံ့ဖျင်းသော အစားအသောက် ကို သာ စားရလေ၏ ။
ထို့ကြောင့် တိုင်းကျော် က
“ သြော် ငါ့ နှယ် နော် ။ ကံ မကောင်း လို့ တစ်သက် တစ်ကျွန်း ကျတဲ့ လူတွေ ထဲ မှာ တောင် ငါ က ပိုပြီး ကံဆိုး နေပါသေး သလား ” ဟု ညည်းညူရင်း မိမိ ၏ အဖြစ် ကို တွေးမိကာ မကြာခဏ မျက်ရည် ဝိုင်း လာလေတော့၏ ။ သို့ရာတွင် “ ယောက်ျား ပဲ လေ ” ဟု အားတင်း ကာ ဒုက္ခ ကို ခါးစည်း ၍ ခံ နေရလေ၏ ။
ဤသို့နှင့် ပင် ခြောက်လခန့် ထိုနေရာ ၌ နေထိုင်ခဲ့ပြီး တစ်ည သ ၌ တိုင်းကျော် သည် ၎င်း ၏ တဲကလေး အတွင်း ၌ နှစ်ခြိုက်စွာ အိပ်စက် လေ၏ ။
အတော်အတန် ညဉ့် နက်သော အခါ၌ တိုင်းကျော် အိပ်စက် လျက် ရှိသော ဝါးကြမ်းခင်းကလေး သည် “ တကျွတ်ကျွတ် ” မြည် သဖြင့် တိုင်းကျော် လည်း အိပ်ရာ မှ ရုတ်တရက် လန့် နိုး ကာ အနီး တွင် ရှိသော သစ်ခုတ်သည့် ပုဆိန်ကြီး ကို ကြောက် ၍ ကိုင် ကာ “ ဘယ်သူလဲ ” ဟု အလန့်တကြား မေး လိုက် လေ၏ ။ ထိုအခါ တစ်စုံ တစ်ယောက် က
“ အေးအေးဆေးဆေး အိပ်စမ်းပါ ငါ့ လူရယ် ၊ ရန်မူမယ့် လူ မဟုတ်ပါဘူး ။ လူ နဲ့ အတူ တွဲပြီး အလုပ် လုပ်ရမယ့် ကျွန်းသားပါ ”
ဟု ထို သူ က ပြန်၍ အေးဆေးစွာ ပြော လိုက်လေ၏ ။
ထိုအခါ တိုင်းကျော် က
“ အလုပ် လုပ်ဖို့ ရောက် လာတဲ့ ကျွန်းသား က လဲ အချိန် မတော် ညကြီး ရောက်လာ သတဲ့လားဗျာ ”
ဟု ပြန်၍ ပြော လိုက်ရာ ထို သူ က
“ ကျွန်း ပေါ် မှာ နေ့တွေ ညတွေ မရှိဘူး ကိုယ့်လူ ။ ခိုင်းချင် တဲ့ အချိန် ခိုင်းပြီး ပို့ချင် တဲ့ အချိန် ပို့ တာပဲ ။ အေးအေးဆေးဆေး အိပ်စမ်းပါ ငါ့ လူ ရယ် ။ အင်မတန် လေးလံတဲ့ သစ်ခုတ်ပုဆိန်ကြီး ကို ဘာဖြစ်လို့ ကိုင်မြှောက် ထားရတာတုံး ။ ပင်ပန်းပါတယ် ငါ့ လူ ရာ ကျုပ် ကို ဒီ ပုဆိန်ကြီး နဲ့ ခုတ် မလို့လား ။ ကျုပ် က သစ်ပင် မှ မဟုတ်ဘဲ ဟဲ ဟဲဟဲ အိပ်စမ်းပါ ။ အိပ်တယ် ဆိုတာ စရိတ် အသက်သာဆုံး နဲ့ ဇိမ်ခံရတာမျိုး ကွ ”
ဟု ထို သူ က ပြန်၍ ပြောလိုက်လေ၏ ။
“ ခင်ဗျား ဘယ်သူလဲ ”
ဟု တိုင်းကျော်က မေး လိုက်လေ၏ ။
“ နာမည် ပြောလို့ ဘာ လုပ်မှာလဲ ကွ ။ မင်း လဲ သိတာမှ မဟုတ်ဘဲ ။ မနက်ကျတော့ အလင်းရောင် လာရင် မင်း ကို လဲ ငါ တွေ့ရမယ် ။ ငါ့ ကို လဲ မင်း တွေ့ရမယ် ။ အိပ်စမ်းပါကွာ အိပ်စက်ခြင်း ရဲ့ ငြိမ်းချမ်းခြင်း ကို မနှောင့်ယှက်စမ်းပါနဲ့ ”
ဟု ထို သူ က ပြန်၍ ပြော လိုက်ရာ
တိုင်းကျော် က
“ မလိုချင်ဘူး ။ ထွေလီကာလီတွေ လုပ် မနေနဲ့ ။ ခင်ဗျား နာမည် ပြောစမ်း မပြောရင် ပုဆိန် နဲ့ ခုတ်ချလိုက်မယ် ”
ဟု ကြိမ်းဝါး လိုက်ရာ ထို သူ က
“ မင်း က ဘယ်သူလဲတော့ မသိဘူး ။ မှောင်ကြီး ထဲ မှာ ဆိုတော့ ငါ လဲ မမြင်ရဘူး ၊ ဒါပေမဲ့အတော့် ကို တုံးတဲ့ အကောင်ပဲ ။ ဒီလို တုံး လို့လဲ တစ်ကျွန်း ကျခံရတာပဲ ”
ဟု ထို သူ က ပြော လိုက်လေ၏ ။
“ ဒါဖြင့်ရင် ခင်ဗျား က ကော ဘာဖြစ်လို့ တစ်ကျွန်း ရောက်လာရတာတုံး ”
ဟု တိုင်းကျော် က ပြန်၍ မေး လိုက်ရာ ထိုသူ က
“ ငါ က ချွန် လို့ ရောက်လာတာကွ ”
ဟု ပြန်၍ ဖြေလေ၏ ။
“ ခင်ဗျား နာမည် ပြောပါ ”
ဟု တိုင်းကျော် က ထပ်၍ မေး လိုက်လေ၏ ။
“ မင်း နဲ့ စကား ပြောဖို့ ခေါင်းမြီးခြုံ ထားတဲ့ စောင် ကို ဖွင့်ရတာ နဲ့ ငါ့ ခေါင်း ကို လေစိမ်း တိုက်ပြီး နှာတောင် မွှန် လာပြီကွာ ။ ဟပ်ချိုး ဟပ်ချိုး ဆိတ်ဖွား ငါ့ နာမည် ဆိတ်ဖွား တဲ့ ဟေ့ ကွ ။ သင် ငတုံး ဘဝ ဆုံး တဲ့ တစ်ကျွန်းသား သည် ဂဏှာဟိ မသေမချင်း မှတ်လေလော့ ”
ဟုထို သူ က ပြန်၍ ပြော လိုက်လေတော့ သတည်း ။
••••• ••••• •••••
❝ ပရော်ဖက်ဆာ ရောက်လာခြင်း ❞
တိုင်းကျော် သည် သစ်ခုတ် ပုဆိန်ကြီး ကို ချ၍ ခြေပစ် လက်ပစ် ထိုင်ချ လိုက် လေ၏ ။ ထို့နောက် အိပ် မပျော်ဘဲ ငုတ်တုတ် ထပြီး ထိုင် နေလေ၏ ။
ဤသို့နှင့်ပင် တဖြည်းဖြည်း အရုဏ် တက် သော အချိန်သို့ ရောက်လာ လေ၏ ။ ၎င်း နှင့် အတူ အလုပ် လုပ်မည့် ကျွန်းသားကြီး ဆိတ်ဖွား ဆို သူ ကား စောင် ကို ခေါင်းမြီး ခြုံ လျက် နှစ်ခြိုက်စွာ အိပ်စက် လျက် ရှိနေသေး၏ ။
တိုင်းကျော် ၏ စိတ် တွင် ကျွန်းမင်းကြီးရုံး ရှေ့ တွင် လူစု ထားစဉ် က ဖိုးမောင် ဆိုသူ နှင့် စံတင့် ဆိုသူတို့ ပြောသည့် ဟပ်ချိုး ဆိတ်ဖွား ဆိုသည့် လူကြီး မှာ ဤ လူကြီးပင် ဖြစ်လိမ့် မည်ဟု တွေး နေလေ၏ ။
ဤ လူကြီး မှာ နှယ်နှယ်ရရ လူကြီး မဟုတ် ။ အင်္ဂလိပ်လူမျိုး ကျွန်းမင်းကြီး ကို ပင် ပမာမခန့် ပြန်၍ ပြောဝံ့သော လူကြီး ဖြစ်ကြောင်း ကို လည်း သိရှိခဲ့ပြီ ဖြစ်ရာ ဤ လူကြီး ရောက်လာခြင်း အတွက် မိမိ အဖို့ နစ်နာစရာ မရှိ ကြောင်း ရိပ်စားမိ လေတော့၏ ။
အရုဏ်ဦး ၏ နေရောင်ခြည် သည် တိုင်းကျော် တို့ ၏ တဲကလေး ပေါ် သို့ ဖြာ၍ ကျ နေလေ၏ ။ ထိုအခါ ကျ မှ ပင် ခြုံစောင် ထဲ မှ လူကြီး သည် စောင် ကို ဖွင့်၍ ထ လာ ပြီးလျှင်
“ ဂွတ် ( ဒ် ) မောနင်း မိုင် ကွန်းပရိတ် ။ ကောင်းသော နံနက်ခင်း ပါ ။ ကျွန်ုပ် ရဲ့ သွေးသောက်ရဲမက်ကြီး ။ ဘာဖြစ်လို့ မအိပ်ဘဲ နဲ့ ငုတ်တုတ်ကြီး ထိုင် နေရတာတုံး ”
ဟု ပြော လေ၏ ။
“ ဟုတ်တယ် ဦးဟပ်ချိုး ”
ဟု တိုင်းကျော် က စကားစ လိုက်ရာ ထို သူ က
“ ဘယ်ကလာ ဟပ်ချိုး ရ မှာ တုံး ။ ငါ့ နာမည် ဆိတ်ဖွား ပါ ။ နေဦး နေဦး ။ငါ့ မှာ ဆန် နည်းနည်း နဲ့ အသားခြောက် နည်းနည်း ပါ လာတယ် ။ ဆန်ပြုတ်ကလေး ဘာလေး ပြုတ်ပြီး ဘရိတ်ဖတ် လုပ်ကြတာပေါ့ ”
ဟု ဆိုကာ ဦးဆိတ်ဖွား ဆိုသူ သည် တိုင်းကျော် ၏ တဲ အတွင်း မှ အိုး တစ်လုံး ကို ယူ၍ ဆန်များ ထည့် ပြီး လျှင် မီးမွေး ၍ ထမင်းအိုး တည် လေ၏ ။ ထို့နောက် ၎င်း သည် မျက်နှာ သစ်ခြင်း အာလုတ် ဆေးခြင်းများ ကို ပြုလုပ် လေ၏ ။
ထိုသို့ ပြုလုပ်ပြီး နောက် မီးဖိုခန်း အနီး တွင် ထိုင်ကာ ၎င်း ကိုယ်တိုင် ပြုလုပ် ထား ဟန် ရှိသော ဆေးလိပ်ကြီး တစ်လိပ် ကို အားရပါးရ ရှိုက်ဖွာ လေ၏ ။ တိုင်းကျော် သည် ထို လူကြီး ကို မျက်တောင် မျှ ပင် မခတ်ဘဲ တစိမ့်စိမ့် ကြည့်လေ၏ ။ ထို လူကြီး ကား အရပ် လွန်စွာ မြင့်၏ ။ ပခုံး လွန်စွာ ကျယ်၏ ။ ၎င်း ၏ မျက်နှာထား မှာ လူ အပါအဝင် သက်ရှိသတ္တဝါ အားလုံး နှင့် တောတောင် ရေမြေ အားလုံး ကို မည်သည့် အရာ ကို မျှ အလေး မထား ။ ပမာမခန့် ပြုလုပ်ဝံ့သော မျက်နှာထားမျိုး ရှိ၏ ။ ၎င်း ၏ ဆံပင် တို့ သည် ဆွတ်ဆွတ်ဖြူ နေပြီဖြစ်၏ ။ ၎င်း ၏ အသားအရေ မှာမူ လူငယ်တစ်ဦး ကဲ့သို့ ကျစ်လျစ် မာကျော လှ၏ ။ ထို လူကြီး သည် ၎င်း ၏ လွယ်အိတ်ကြီး အတွင်း မှ အသားခြောက် တစ်မြှောင်း ကို မီးဖို ထဲ သို့ ထိုး ထည့် လိုက်၏ ။
များမကြာမီ ၌ ပင် ထို အသားခြောက် သည် စားချင့်စဖွယ် ရနံ့ ကို ပေးလေ တော့၏ ။ ဤသို့နှင့် ပင် ထိုလူကြီး တည်ခဲ့သော ဆန်ပြုတ်အိုး သည် ကျက်၍ သွားလေ တော့၏ ။ ထိုအခါ ဆား အနည်းငယ် ခတ်ပြီး လျှင် မီးဖို ပေါ် မှ ချ လေတော့၏ ။
ပြီးလျှင် မီးဖို အတွင်း မှ အသားခြောက် ကို ထုတ်၍ တိုင်းကျော် အား ပစ်ပေး ပြီး လျှင် ဇွန်းတစ်ချောင်း ကို ယူ၍
“ ဟေ့ကောင် ဘာ ငေး နေတာလဲ ။ လာလေကွာ ဆန်ပြုတ် သောက်ရအောင် ။ မင်း နဲ့ ငါ နဲ့ တွေ့ဆုံတဲ့ မိတ်ဆက်ပွဲ အခမ်းအနား ပေါ့ ကွာ ”
ဟု ပြော လိုက်မှပင် တိုင်းကျော် လည်း ထိုလူကြီး အနီး သို့ သွား၍ ထိုင်လေ၏ ။ ထို လူကြီး သည် အိုး ထဲ မှ ဆန်ပြုတ်များ ကို မြိန်ရည်ရှက်ရည် ခပ်၍ သောက်ပြီး လျှင် အသားခြောက် ကို ကိုက်ရင်း တိုင်းကျော် အား ဇွန်း ကို ပေး လိုက်လေ၏ ။
တိုင်းကျော် လည်း ဇွန်း ဖြင့် ဆန်ပြုတ် ကို ခပ်၍ သောက်လေ၏ ။ ထို့နောက် အသားခြောက် ကို စား လေ၏ ။ ထို လူကြီး သည် အသားခြောက် ကို အားရပါးရ ဝါးရင်း
“ မင်း နာမည် ဘယ်သူတုံး ”
ဟု မေး လိုက်လေ၏ ။
“ တိုင်းကျော် လို့ ခေါ်ပါတယ် ”
ဟု တိုင်းကျော် က ပြန်၍ ဖြေရာ ထို လူကြီး က
“ မှန်တာပေါ့ကွာ ။ တိုင်းပြည် ကို ကျော်ပြီး တစ်သက် တစ်ကျွန်း ရောက်လာပြီပဲ ဟဲ ဟဲ ဘာမှ စိတ် မပျက်နဲ့ ။ ဒီ ကျွန်း ပေါ်မှာ တစ်သက်လုံး ငရဲ ခံ နေရမယ် ။ သေရင် လွတ်မယ် ”
ဟု ပြော လိုက်လေ၏ ။
“ အခု ဆရာကြီး ပြော တာတွေ ဟာ စိတ်ပျက်စရာတွေ မဟုတ်ဘူးလား ”
ဟု တိုင်းကျော် က ပြန်၍ မေး လိုက်လေ၏ ။
ဦးဆိတ်ဖွားကြီး က ဆန်ပြုတ် ကို ကုန်း ၍ သောက် ရင်း
“ စိတ်ပျက် ရင် ထွက်ပြေး ပေါ့ ကွ ။ ငါ တော့ ဒီ ကျွန်း ကို ရောက်တာ ခြောက်နှစ် ရှိပြီ ။ ထွက်ပြေး ဖို့ ခိုးပြီး လှေထွင်း တာ လှေ ခြောက်စင်း ရှိပြီ ။ ဖောင် ဖွဲ့ တာလဲ တစ်ဒါဇင် ကျော် သွားပြီ ။ ကျွန်းပုလိပ်တွေ က မိလို့ ငါ့ အကြံတော့ အထ မမြောက်သေးဘူး ။ ဒါပေမဲ့ ငါ တော့ လက် မလျှော့သေးဘူး ။ ထပ်ပြီး လုပ်ဦးမှာပဲ ။ ကျွန်းပုလိပ်တွေ က လဲ မိုးတွင်း ရောက် လာရင် အစစ်အဆေး နည်းနည်း လျှော့ တယ်ကွ ။ လှိုင်းတွေ လေတွေ ထန် တော့ ထွက်ပြေးပါ ဆိုတာတောင် ဘယ်သူမှ မပြေးဝံ့ကြဘူး မဟုတ်လား ။ ငါ က အဲဒီ အချိန် ကို ရွေးပြီး ပြေးမှာ ”
ဟု ဦးဆိတ်ဖွားကြီး က ပြော လိုက်လေ၏ ။
“ ဒီလောက် လှေ သေးသေးကလေး နဲ့ ပြေး ရင် ပင်လယ် ထဲ မှာ သေမှာပေါ့ ”
ဟု တိုင်းကျော် က ပြော လိုက်လေ၏ ။
“ သေတာပဲ ကွာ ။ ပင်လယ် ထဲ မှာ သေသေ ကုန်း ပေါ် မှာ သေသေ အတူတူ ပါ ပဲ ကွာ ။ နောက်ပြီး ထွက်ပြေးဖို့ ကြိုးစားတာ က လွတ်လပ်တဲ့ အရသာ ကို လိုချင်လို့ ဆိုတာလဲ ပါတယ် ။ အဲ့ဒါထက် အရေးကြီးတာ က လွတ်မြောက်မှု ကို ရအောင် ကြိုးပမ်းရတဲ့ ကြိုးပမ်းမှု ကို ငါ က ပိုပြီး နှစ်သက်တယ် ။ လှေထွင်း ရတယ် ဆိုတာ က မလွယ်ဘူး ကွ ။ သူတို့ ခိုင်းထား တဲ့ ရွာ အလုပ်လဲ ပြီးအောင် လုပ်ရသေးတယ် ။ ပြီးတော့ ခိုးကြောင်ခိုး ဝှက်လုပ်ရတာ လက်နက် ကိရိယာ က လည်း ပြည့်စုံတာ မဟုတ်ဘူး ။ အဲ့ဒါထက် အရေးကြီးတာ က တော့ လှေ စ ပြီး ထွင်း တဲ့ နေ့ ကစပြီး အစား ကို လျှော့ စားရတယ်ကွ ပင်လယ် ထဲ မှာ စားဖို့ ရိက္ခာ ကျန်အောင်လေကွာ ”
ဟု ဆိုကာ ဦးဆိတ်ဖွား သည် ကျွန်းမှ ထွက်ပြေး လွတ်မြောက်ရန် အတွက် ခိုး ၍ လှေထွင်း ရသော လုပ်ငန်း အသေးစိတ် ကို ပြောပြရာ တိုင်းကျော် သည် အံ့ဩစွာ ဖြင့် နားထောင် နေ လေသည် ။
ထို လူကြီး သည် ခြောက်နှစ်တာ ကာလ အတွင်း ၌ လှေ ခြောက်စင်း နှင့် သစ်ဖောင် တစ်ဒါဇင် ကို ခိုး၍ ပြုလုပ်ခဲ့သည် ဆို၏ ။
ထို လူကြီး အပင်ပန်းခံ နိုင်သော ဇွဲကား ကြီးမားလှပေ၏ ။ အခြားသော အရာ တို့ ကို ထားဘိဦး ။ လှေ ခိုး၍ ထွင်းရန် အတွက် လိုဏ်ခေါင်း တူး ရသော အလုပ် တစ်ခု တည်း နှင့် ပင် လူ သာမန် တို့ လိုက်၍ မမီသော ဇွဲမျိုး ရှိကြောင်း သိသာ လောက်ပေပြီ ။ လိုဏ်ခေါင်း ကို အလျင် တူးရ၏ ။ ထို့နောက် ခိုး ၍ ထွင်းမည့် သစ်လုံးကြီး ကို လိုဏ်ခေါင်း အတွင်း သို့ ထည့်ရ၏ ။ ည အချိန် မတော် သူတစ်ပါး အိပ်စက်ချိန် ၌ လိုဏ်ခေါင်း အတွင်း သို့ ဝင်ကာ လှေ ကို ထွင်းရ၏ ။
တိုင်းကျော် သည် ဦးဆိတ်ဖွားကြီး ကို ကြည့် ကာ ဤ လူကြီးကား ဇွဲသတ္တိ လည်း ရှိ၏ ။ လူကောင် လည်း ကြီး၏ ။ လူကောင် ကြီး သလောက် ဉာဏ်ပညာ လည်း ကြီးပုံ ရလေ၏ ။ ထို လူကြီး နှင့် ကိုယ်ရော စိတ်ပါ ပေါင်းသင်း ကာ ဤ ကျွန်းကြီး မှ လွတ်မြောက် ထွက်ပြေးရန် ကြံ လျှင် သင့်လျော် ပေမည် ။
ကံ မကောင်း ၍ ပင်လယ် ထဲ တွင် နစ်မြုပ်၍ အသက်ဆုံး ရ ပါလျှင် လည်း ပွဲ ထဲ တွင် လူရွှင်တော်များ ပြော သကဲ့သို့ “ စောစော သေရင် စောစော အိပ်ရတာပေါ့ ” ဆိုသည့် အတိုင်း ဖြစ်ပေလိမ့်မည် ဟု ဆုံးဖြတ် ကာ တစ်သက် တစ်ကျွန်း ကျလာသော ၎င်း ၏ အဖြစ်အပျက် ကို ပြော ပြရာ ဦးဆိတ်ဖွားကြီး က သေချာစွာ နားထောင် ၍ နေလေတော့၏ ။
တိုင်းကျော် သည် မိမိ ပြောဆိုသော စကားများ ကို ဤမျှ အထိ စိတ်ရှည် လက်ရှည် နားထောင်ဖော် ရသော လူစားမျိုး ကို တစ်ကြိမ် တစ်ခါ မျှ တွေ့ဖူးခြင်း မရှိရ ကား တစ်ထိုင် တည်း နှင့်ပင် ထို လူကြီး ၏ ကိုယ်ချင်းစာ တရား ရှိပုံ ကို သဘော ပေါက် သွားလေတော့၏ ။ ဦးဆိတ်ဖွား သည် တိုင်းကျော် စကား ဆုံးသည့် အခါ၌
“ ဟကောင် ရ မင်း အတ္ထုပ္ပတ္တိ နားထောင်ရတာ က စုံထောက်ဝတ္တု ဖတ်နေရ သလိုပါပဲလား ။ တကယ် သ,တ်တဲ့ လူ က ဘာမှ မဖြစ်ဘဲ ဘာမှ မလုပ်ရတဲ့ မင်း က တစ်သက်တစ်ကျွန်း ရောက်လာတော့ တာ ကိုး တရားခံ က ဘယ်သူ မှတ်သတုံး ။ မင်း သူငယ်ချင်း ကျော်ဝင်း ကွ ။ ဒီကောင် သ,တ်တာ ။ ဒီကောင် က ဘာဖြစ်လို့ သ,တ်သလဲ သိလား ။ ရည်းစား လုဖက် ကွ ။ ကျော်ဝင်း တစ်ယောက် တည်း လုပ်တာတော့ မဟုတ်ဘူး ဟေ့ ။ ပေါင်းပြီး ကြံ ကြတာကွ သိလား ။ မောင်ပြည့် လဲ ပါမယ်ကွ ။ ထားပါတော့ကွာ ”
ဟု ပြော လိုက်လေ၏ ။
“ ဖြစ်နိုင်ပါ့ မလား ဆရာကြီး ရယ် အဲ့ဒီ အချိန်မှာ ကျော်ဝင်း က မန္တလေး ရောက်နေတယ် ”
ဟု တိုင်းကျော် က ပြော လိုက်ရာ
“ ဒီလိုလေကွာ မန္တလေး က မနက် ရထား စီး လိုက်ရင် ညနေ ဘက် ရန်ကုန် ရောက် တာပဲ ။ လူသ,တ်မှု ကျူးလွန်ပြီး တော့ ညရထား နဲ့ ပြန် လိုက်သွားရင် မန္တလေး ကို မနက် အစောကြီး ပြန် ရောက် တာပေါ့ ။ ဒါကို ငါ ဘာကြောင့် စဉ်းစားမိသလဲ ဆိုတော့ မင်း သူငယ်ချင်း ကျော်ဝင်း က ပြင်ဦးလွင် ကို သွားလည်ရအောင် မန္တလေး ကို လိုက်ခဲ့ပါ ဆိုတဲ့ သံကြိုးစာ အဲ့ဒီ နေ့ ပဲ ပို့ လိုက်တယ် မဟုတ်လား ။ ဒါဟာ အလကား လုပ်တာ မဟုတ်ဘူးကွ ။ အခင်း ဖြစ်ပွားတဲ့ အချိန် မှာ သူ ဟာ မန္တလေး မှာ ရှိနေတယ်လို့ သက်သေပြ အလီဘိုင် ပေးချင်တာပဲ ။ အဲ့ဒီ တစ်ချက်တည်း နဲ့ ကို ဒီကောင် ကို ငါ မသင်္ကာဘူး ။ မင်း ကို လူယုံ သတ်တာပဲ ”
ဟု ဦးဆိတ်ဖွား က ပြော လိုက်သည့် အခါ၌ တိုင်းကျော် သည် မိမိ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များ ကို ပြန်လည် စဉ်းစားကြည့်ရာ လယ်ပြင် မှာ ဆင် သွား သကဲ့သို့ ထင်ရှားစွာ သိမြင်ရလေတော့၏ ။
တိုင်းကျော် သည် ထို အဖြစ်အပျက် ကို မေ့ထား လိုက်ပြီး နောက် ။
“ ဆရာကြီး အခု ဘယ် စခန်း က နေ ဒီ ကို ပို့လိုက်တာတုံး ”
ဟု မေး လိုက်ရာ ဦးဆိတ်ဖွားကြီး က ...
“ ကျွန်းမင်းကြီး ရုံးခန်း နောက် က မြေတိုက် ထဲ က ပို့ လိုက်တာပေါ့ ။ အဲဒီ အထဲ မှာ တစ်နှစ်ကျော်ကျော် ပိတ် ထားလိုက်တာ ကျက်သရေ မင်္ဂလာ မရှိတဲ့ ငါ့ ဆံပင် အမည်းတွေ ဟာ အလွန် ကျက်သရေ မင်္ဂလာ ရှိတဲ့ ဘော်ငွေရောင် ဆံပင်တွေ ကို ဖြစ်သွားတော့တာပဲ ဟေ့ ဟား ဟား ဟား ဟား ။ အသားခြောက် နည်းနည်း ထပ် ယူပြီး ဆန်ပြုတ် နည်းနည်း ထပ် သောက်လိုက်ပါဦး ”
ဟု ပြော လိုက်လေ၏ ။
တိုင်းကျော် လည်း ဆန်ပြုတ် ကို အနည်းငယ် ထပ်၍ သောက်လေ၏ ။ ထိုသို့ သောက်ရင်း
“ ဒါနဲ့ ဆရာကြီး ရဲ့ ဇာတိမျိုးရိုး က ဘယ်လိုတုံး ။ ဘယ်လို အမှုမျိုး နဲ့ တစ်သက် တစ်ကျွန်း ကျရတာတုံး ”
ဟု မေး လိုက်ရာ ဦးဆိတ်ဖွား က
“ ငါ့ ရဲ့ ဇာတိပုည ဂုဏ်မာန ကို မေး တာလား ။ ငါ့ ကို နှယ်နှယ်ရရ ပုဂ္ဂိုလ် ထဲ က မထင်နဲ့နော် ။ ငါ က ရာဇာ မျိုး ကွ ။ ဘယ်လို ရာဇာ လဲ သိသလား ”
ဟု ပြော လိုက်လေ၏ ။
“ မသိဘူး ဘယ်လို ရာဇာ လဲ ပြောပါဦး ”
ဟု တိုင်းကျော် က မေး လိုက်ရာ ဦးဆိတ်ဖွား က ...
“ သုဘရာဇာ ”
ဟု ပြန်၍ ဖြေလိုက်လေ၏ ။
“ သုဘရာဇာ ဟုတ်လား ”
ဟု တိုင်းကျော် က အံ့ဩသော မျက်နှာ ဖြင့် ပြန် ၍ မေးလိုက်လေ၏ ။
“ ဟုတ်ပါတယ် ငါ့ လူ ရ သုဘရာဇာ ပါ ။ တောင်ငူ နတ်ကြီးတံတား အနား က သင်္ချိုင်းကုန်းမှာ နေတာ သုဘရာဇာ ဆိတ်ဖွား ဆိုတာ ငါ ပေါ့ ။ တစ်နေ့ မှာ ငါ ရဲ့ သင်္ချိုင်းကုန်း ကို ထူးဆန်း တဲ့ မသာ တစ်လောင်း ရောက် လာတယ် ။ အဲ့ဒီ မသာ ရဲ့ နာမည် မောင်သံဟိတ် လို့ ခေါ်တယ် ။ အဲ့ဒီ မသာ ဟာ ငါ လဲ ကျင်းတူး ပြီး မြေမြှုပ်မယ် လုပ်ရော ။ အသက် ပြန် ပြီး ရှင် လာ တယ်ပေါ့ ။ အဲ့ဒါနဲ့ ငါ က သူ့ ကို မောင်သံဟိတ် နာမည် ကနေ “ မြိုင်ရာဇာ တာတေ ” လို့ နာမည် ပြောင်း ပေး လိုက်တယ် ။ ပြီးတော့ ဒီ ကောင် ကို လူသ,တ်မှု ကျူးလွန် တတ်အောင် ငါ သွေးထိုး ပေးလိုက်တာ ။ ဒီ ကောင် လဲ လူသ,တ်မှု ဖြစ်ပြီး ကြိုးစင် တက် သွား ရတယ် ။ ငါ လဲ ထောင်ကျ ရတယ် ။ ထောင် က လွတ် တော့လဲ ဒီလိုပဲ သူများ ကိစ္စတွေ မှာ ဝင် ပါ နေရင်း ကနေ အမှုတွေ ဆိုတာ မနည်းပါဘူးကွာ ။ နောက်ဆုံးတော့ တစ်သက် တစ်ကျွန်း ရောက်လာတယ် ဆိုပါတော့ ။ ထောင် ထဲ မှာ တော့ ထောင်သားတွေ က ကော ထောင်မှူး ၊ ထောင်ပိုင် နှင့် ထောင်ဆရာဝန် တွေ က ပါ ငါ့ ကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား လို့ ခေါ်ကြတယ်ကွ ။ မြန်မာပြည် မှာ ရှိတဲ့ ထောင်တွေ အားလုံး မှာ ပရော်ဖက်ဆာ ဆိုရင် ငါ့ ကို ခေါ်တယ်လို့ နားလည် ကြတယ် ”
ဟု ဦးဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် က
“ ဟုတ်တယ် ပရော်ဖက်ဆာ လို့ ပဲ ခေါ်မယ် ။ ဒါနဲ့ နေပါဦး ။ စောစောက မောင်သံဟိတ် ဆိုတဲ့ လူ အကြောင်း က စိတ်ဝင်စား စရာပဲ ပြောစမ်းပါဦး ”
ဟု ဆိုလေ၏ ။
“ အလုပ် လုပ်ရင်း ပြောကြတာပေါ့ကွာ ”
ဟု ဆိုကာ ပရောဖက်ဆာ ဒေါက်တာဆိတ်ဖွား ခေါ်သည့် လူကြီး သည် တိုင်းကျော် အား ခေါ်၍ သစ် ခုတ်ရန် တော ထဲ သို့ သွား လေ၏ ။
ထို့နောက် သစ်ပင် ခုတ်ရင်း ဖြတ်ရင်း နှင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ခေါ် ဦးဆိတ်ဖွား က မောင်သံဟိတ် အကြောင်း ကို ပြောပြ လေ၏ ။
တိုင်းကျော် သည် စိတ်ဝင်စားစွာ နားထောင်ခဲ့ လေသည် ။
မှတ်ချက် ။ ။ မောင်သံဟိတ် ၏ အကြောင်း ကို ဆားပုလင်းနှင်းမောင် နှင့် မြိုင်ရာဇာတာတေ
စာအုပ် ၌ ကျွန်ုပ် ရေးသား ဖော်ပြခဲ့ပြီး ဖြစ် လေသည် ။ အသေးစိတ် ဖတ်ရှု လိုသူများ ထို စာအုပ် ကို ဖတ်ရှုကြ ပါ ကုန် ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment