Thursday, February 15, 2024

အိမ်တွင်းပုန်း


 ❝ အိမ်တွင်းပုန်း ❞


ဦးဘိုးတုတ် ကား ရပ်ရွာ တွင် အတော် ဩဇာ ကြီးသော သူ တစ်ယောက် ဖြစ်ပေ၏ ။ ရွှေဘိုမြို့ အနောက်ဈေး တစ်ဝိုက် ၌ ဦးဘိုးတုတ် မှာ ဩဇာကိုက်ပုံ ကို အကုန် သိကြလေ၏ ။ ထို့သို့ ဩဇာကိုက်ခြင်း ကား ဦးဘိုးတုတ် မှာ ဆယ်အိမ်ခေါင်း ရဲ့ မိတ်ဆွေ ၏ အသိ ဖြစ်သူ နှင့် ဆွေမျိုးနီးစပ် တော် သောကြောင့် မဟုတ်ချေ ။ လက်ဖက် ပွဲစားကြီး မြူနီစပယ် လူကြီး ရပ်ရွာ ကိစ္စ ဆော်ဩသူ ၊ ငွေကုန် ကြေးကျ ကိုယ်တိုင် စိုက်ထုတ်သူ ၊ စက်ရှင်ရုံသမာဓိ အဆက်ဆာလူကြီး စသော ဂုဏ်များကြောင့် ပင်တည်း ။ သို့ရာတွင် ဦးဘိုးတုတ် အား တေ့တေ့ဆိုင်ဆိုင် မပြောဝံ့ သဖြင့် ကွယ်ရာ၌ ကဲ့ရဲ့စကား ၊ ရယ်ဖွယ်များပါ အပြော ခံ ရသော အပြစ်ကလေးများ ရှိပေ၏ ။ အကြောင်း မူ ကား သမီး မြသွင် ကို အိမ်တွင်းပုန်း ပြုလုပ်၍ ထားသောကြောင့် ပေတည်း ။ 


အချို့ က လည်း သူ့ သမီး ဘယ်လောက် ချောလို့ လှလို့တုန်း ဟု တိတ်တိတ်ပုန်း အသံ လွှင့်ကြလေ၏ ။


အချို့ က လည်း ဦးဘိုးတုတ် သမီး ပုံပန်း ကို “ ထိတ်စရာ လိပ်ပြာလှုပ် ၊ ပြိတ္တာရုပ် သဖွယ် ၊ မည်းချက် က ကဲထက် ကျယ်တယ် ၊ ကျွဲနက်ဝယ် မခြား ၊ ဂျီးသူဌေး ၊ မီးသွေး ငိုတယ် ၊ ကျီးမွေး ကို ရှုံးရတကား ။ ညစ်ကြေးလို့ ပြစ်သွေး မှောင်တယ် ၊ သစ်စေးရောင် အလား ၊ အနက် တွင် မက်လင်သား လို ပ မျက်မြင်အား မတန် ၊ အမူ မှာ ငါးခူရှုံးတယ် ၊ လဒူမုန့် ကျွမ်းတဲ့ သဏ္ဌာန် ။ သပိတ် နှင့် ငချိတ်ဆန် လို ၊ မနိပ်ဟန် ဆင်ကွဲလို့ ၊ မင်ခဲ နှင့် ပုလင်းဖင် လို မည်းမှောင်လို့ ညို ။ မီးလောင်တဲ့ တုံးငုတ်တို မှာ ၊ ပုံးစုတ်ကို စွပ်ထားသို့လေး ” စသော တေးထပ်များ ဖြင့် ချီးကျူးလေ့ ရှိ ရာ ...


“ ခံတွင်း က သာ ထုတ်ဖော် လျှင် အာပုပ်စော် ထိုး လိုက်ပါဘိ ။ သူ့ ပါးစပ် အပြီးပေတယ် ၊ သွားချေးတွေ အပြည့် ...... ”  စသည့် တေးထပ် ဖြင့် ထောက်ခံကြ ပြန်လေ၏ ။ ရှေး က စာရေးဆရာများ ကား ဤ လူများ အသုံးချ ချင် လျှင် ချနိုင် အောင် ရေး၍ ထား သကဲ့သို့ အထက်ပါ တေးထပ်များ ကို ပုံနှိပ်ခဲ့ကြ လေသလား ။ မြသွင် ကား မျက်ခုံးမွေး ထူ၍ သွားထပ်ကလေးများ ပါသည် မှ အပ ရွက်ကြမ်းရေကျို လျော့လျော့ ညိုချောကလေး ဟု ဆို ထိုက်အောင် အသင့် ရုပ်ရည် ရှိသူ ဖြစ်ပေ၏ ။ သနပ်ခါး ၊ ပေါင်ဒါ ဖို့ ၍ ဓာတ်ပုံ ရိုက် အလှ ပြ လျှင် များစွာ ညံ့လှမည် မဟုတ်ချေ ။ သို့ရာတွင် လူတို့ သဘောကား ထူးထူးဆန်းဆန်း ကို ချိုးချိုးဖဲ့ဖဲ့ ပြော လိုသော အလေ့ ရှိကြသည့် အတိုင်း မတော်တရော် တေးထပ်များ ကို ရွတ်ဖတ် ပြောင်လှောင်ကြခြင်း ဖြစ်လေ၏ ။ “ သမီး တစ်ကောင် ၊ နွား တစ်ထောင် ” ဆိုသည့် အတိုင်း ဦးဘိုးတုတ် မှာ စောင့်ရှောက်ခြင်း မျှ ဖြစ်သည် ကို မည်သူမျှ မကဲ့ရဲ့ ထိုက်ပေ ။ ယခု အခါ၌ ဘုရားပွဲ က တခြား လွဲပြီး ပြေး သူ ပြေး ၊ ရုပ်သေး မှာ ကြိုက် လို ကြိုက် ၊ ရုပ်ရှင်ပွဲ ၌ ချစ် လို ချစ် နှင့် ဖြစ်ချင် တိုင်း ဖြစ်ကြသော ခေတ်ဆိုးကြီး တွင် ဦးဘိုးတုတ် ကဲ့သို့ မစောင့်စည်း လျှင် အဘယ်သို့ ဖြစ်ပျက် သွားလေမည်နည်း ။ ကာလ လူပျို ၊ အပျို တို့ က လည်း ဉာဏ်များပါဘိသနှင့် ။ ဦးဘိုးတုတ် မှာ ထိုသို့ စောင့်ရှောက်လျက် နှင့် ပင် သမီးကြီး လှခင် သည် အသက် ၂ဝ ကျော် အပျိုကြီး အရွယ် ကျ မှ အိမ် က လက်ဖက်ခြင်း ထမ်း သော ဘကြမ်း နှင့် လိုက် ပြေး သွားလေ၏ ။ သမီးလတ် မြရင် မှာ လည်း မြင်းရထားသမား ဘကြူး နောက်သို့ ကောက်ကောက် ပါ အောင် အထုပ်အပိုး နှင့် ထွက်သွားပြီ တကား ။


ထိုသို့ အစ်မ နှစ်ယောက် လင့် နောက် ကို ပြေးစဉ် အချိန် ၌ မြသွင် မှာ ၁၄နှစ် သာသာ အရွယ် မျှ ရှိလေရာ အိမ်တွင်းပုန်း ခဲ့ရသည်မှာ ၂ နှစ် ခန့် ကြာခဲ့ပြီ ဖြစ်လေ၏ ။ “ နင် လိမ္မာရင် တို့ အမွေတွေ နင် ချည်း ရမယ် ၊ ဟိုကောင်မ နှစ်ကောင် စလုံး အမွေပြတ် ၊ သေခန်းဖြတ် လုပ်လိုက်ပြီ ” ဟု ဦးဘိုးတုတ် ပြောဆို လေ့ ရှိသည် ကို ကြားယောင် နေ၏ ။ သို့ရာတွင် အိမ်ထောင်ရေး ကို လည်း မစဉ်းစား ၊ စီးပွားရေး ကို လည်း ဂရုမစိုက် သော ကြောင့် အစ်မ နှစ်ယောက် နှင့် သေခန်းဖြတ်ရသည် ကို ဝမ်း အနည်းကြီး နည်း၍ နေရှာ လေ၏ ။ ဦးဘိုးတုတ် ကား သမီး ဖြစ်သူ အား ရုပ်ရှင်ပွဲ ၊ ဇာတ်ပွဲ ၊ ဘုရားပွဲ တို့ ကို မထွက်ရ ၊ ဈေး သို့ မသွားရ ၊ အလှူ မင်္ဂလာဆောင် မလိုက်ရ ၊ ကာလပေါ် ဝတ္ထု မဂ္ဂဇင်း တို့ မဖတ်ရချေ ။ အိမ် တွင် လည်း အခိုင်းအစေ ယောက်ျား မထားချေ ။ အလွန် ရိုးသားသော မိန်းမကြီး တစ်ဦး သာ ထား လေ၏ ။ ရေစည် ခေါ် ရာ လည်း မြန်မာ ကို မထား ၊ အသက် ၄ဝ ကျော် ဂန်ဂရား ခေါ် ကုလားကြီး လောင်း စေလေ၏ ။ သိုနှင့် အခိုင်းအစေ မိန်းမကြီး ကာလသား တစ်ယောက် နှင့် စကား ပြောသည် ကို တွေ့ မြင် လျှင် သမီး နှင့် အောင်သွယ် လုပ် နိုးနိုး ဖြင့် အမေးအမြန်း အဆူအမာန် ခံရ ရှာလေ၏ ။ တစ်ခါတစ်ရံ သမီး နှစ်ယောက် အတွက် စိတ်ပေါက် လာသော အခါ ဇနီး ဒေါ်မဲတူ အား “ နင့် တူ လို့ ငါ့ သမီးတွေ ခွေး နောက် လိုက် ပြေးတာ ၊ နင့် တူ လို့ ” ဟု မာန်မဲ လေ့ ရှိလေ၏ ။ ဒေါ်မဲတူ မှာ ကား ကြိတ်၍ ခံရရှာ၏ ။ မခံနိုင်သော အခါ “ ကျုပ် တူတယ် ဆိုတာ ဟုတ်မှာပဲ ကျုပ် ၁၅ နှစ် သာသာ တော် ခိုးရာ လိုက် ပြေးမိတာ ကိုး ” ဟု ပြန်လှန် ချေပ လျှင် ၊ ဦးဘိုးတုတ် မှာ ကိုယ့် စကား နှင့် ကိုယ် အမြီး ပေါက် နေ သဖြင့် နောက်ထပ် မဆက်ဘဲ ငြိမ်၍ သွားလေ၏ ။


ဤကဲ့သို့ သမီး တစ်ယောက် အပေါ် ၌ ချုပ်ချယ်လွန်းခြင်း ၊ အစိုးရိမ် ကြီးလွန်းခြင်း သည် အများကိစ္စ နှင့် မပတ်သက် သော် လည်း လူငယ်လူရွယ် တို့ ၏ စိတ် ၌ အထင်သေးစေခြင်း ၊ မခိုးမခန့် ပြုလုပ်လိုခြင်းများ ပေါ်ပေါက်၍ လာစေလေ၏ ။ ဦးဘိုးတုတ် အိမ် မှာ လမ်း ဓာတ်မီးတိုင် နှင့် အနည်းငယ် ဝေး ၍ မန်ကျည်းပင်ရိပ်ကြီး ဖြင့် မှောင်ကျ နေလေ၏ ။ ည အချိန် ကာလသားများ လမ်းလျှောက် သွား လျှင် ဓာတ်မီး နှင့် ထိုး ကာ ဘယ်သူလဲ ၊ ဘယ်ဝါလဲ ဟု မေးမြန်း လေ့ ရှိလေ၏ ။ လက်နှိပ်ဓာတ်မီး ဖြင့် မျက်နှာ တည့်တည့် ထိုးခြင်း ကား အထိုး ခံရသူတိုင်း စိတ်ဆိုးတတ်သည် ကို ဦးဘိုးတုတ် မသိရှာပေ ။ အချို့ မြို့များ၌ အကြောင်းမဲ့ လက်နှိပ်ဓာတ်မီး နှင့် ထိုး သောကြောင့် တုတ်ရိုက်မှု ၊ ဓားခုတ်မှုများ ပင် ဖြစ်ကြလေ၏ ။ တစ်ည သ၌ ကား အိမ် နား ဖြတ် လာသော လူရွယ် တစ်ယောက် အား ဓာတ်မီး နှင့် ထိုးလိုက်ပြီး နောက် “ ဟေ့ ရပ်ဦး ၊ မင်း ကို တရားစွဲမယ် ။ မင်း ကို ငါ မခံဘူး ၊ မင်း ဘာမှတ်လို့လဲ ” ဟု ရန်တွေ့ ၍ နေလေ၏ ။ “ ဦး ကို ဘယ်လိုမှ အောက်မေ့လို့ မဟုတ်ပါဘူး ခင်ဗျာ ၊ ကျွန်တော် လည်း မှောင်မိုက် ထဲ ဆိုတော့ ဘယ်သူ မှ မမြင်ဘူးရယ် လို့ ဒီကို လာ မိပါတယ် ” ဟု ဆင်ခြေ ဆင်လက် ထိုး ၍ ခုခံ လေ၏ ။ ဦးဘိုးတုတ် မှာ မိမိ အား မခန့်လေးစား ပြုလုပ်သည် ကို သိရှိ၏ ။ သို့ရာတွင် သူ ဟာ ဥပဒေ လွတ် ဖြစ် သောကြောင့် အံကြိတ် ၍ နေလိုက်ရ လေ၏ ။


“ မဟုတ်ဘူး ကိုဘိုးတုတ် ရဲ့ ၊ ကိုယ် လည်း အမြဲ စောင့်နိုင်မှာ မဟုတ်ဘူး ၊ ကျုပ် လည်း အရောင်းအဝယ် တစ်ဖက် နဲ့ ဘယ် မှာ ကြည့် နိုင်မှာလဲ ။ အိမ် မှာ သူ့ တစ်ယောက် တည်း နေရစ်တဲ့ အခါ ကိုယ် တတ်နိုင်တာ က တံခါး ကို အပြင် က သော့ခတ် ထားခဲ့ရုံ ရယ် ၊ ပြတင်းပေါက် တွေ က တက်နိုင် ဆင်းနိုင် မဖြစ်ဘူးလား ။ ကိုယ့် သမီး ၁၇ နှစ် တောင် ရှိလာပြီ ၊ တော်တော်ကြာ အသိမ်း လွန် တော့ ....”


“ ဟေ့ တော် တော် မဲတူ ၊ ငါ ဒီလို ထိန်းလို့ ဒီ အသက် ထိအောင် ဘာ သံ မှ မကြားရတာ မဟုတ်လား ။ နို့မဟုတ်ရင် ၁၄ - ၅ နှစ် ကတည်း က ထွက်ပြေး သွားပြီ .. သိရဲ့လား ” ဟု နှစ်ကိုယ်ကြား စကား အချေအချ ပြောဆိုကြသည် မှာ ညတိုင်း လို ဖြစ်နေ လေ၏ ။ ဒေါ်မဲတူ သည် သနပ်ဖက်ဆေးလိပ်ကြီး က မီးပွားများ ကို သံပန်းကန်ပြား ထဲ သို့ ခါ ချ ရင်း ..


“ တော် လည်း ... စာ ဖတ်ပဲ ။ ရှေး က သီဟိုဠ်ကျွန်း ဥမ္မာဒတ္တ မင်းသမီး ကြည့်ပါ ။ သူ က မွေး တဲ့ ကလေး ဟာ ဦးရီးတော်တွေ ရဲ့ ခေါင်း ကို ဖြတ်ပြီး နန်းလု လိမ့်မယ် ဆို လို့ တပ်မတော် နဲ့ အစောင့် ထား တာ တောင် ဒီဃာဝုမင်းသား က စက်ယန္တရား နဲ့ တံခါး ဖွင့် ကြံစည်သေးတယ် မဟုတ်လား ။ ပါးစပ် ထဲ ငုံ ထားတာ တောင် ဝိဇ္ဇာ ကြာသမား နဲ့ တွေ့သေးတာတွေများ စဉ်းစားပါဦး တော့ ။ ကျုပ် သဘော က တော့ တော်တော် လိမ္မာရေးခြား ရှိတဲ့ လူကလေး တစ်ယောက် နဲ့ နေရာ ချ ချင်တာပဲ ။ တော်တော်ကြာ ကိုယ့် သမီး ဟိုင်း သွား မှ ဖြင့် ကာလသားတွေ က ရှောင်ပြီး နောင်ခါ လှခင် လို ဖြစ် သွားမှာပေါ့ ” 


ဦးဘိုးတုတ် သည် စဉ်းစားမိသော လက္ခဏာ ဖြင့် သျှောင်ဆံမြိတ်စ ကို ဆံထုံး အတွင်း ပတ် လိုက်ရင်း ....


“ အေးပါ ... ငါ လည်း ... မတော်တရော် ဖြစ်မှာ စိုးရိမ်လို့ပါ အေရ ယ် ၊ ညည်း မျက်မှန်းတမ်း ထားတာများ ရှိ ရင် တို့ လင်မယား ချည်း တိုင်ပင်သေးတာပေါ့ ”


“ ဒါဖြင့် စာရေးတန်း က ကိုပြူး ရဲ့ သားကလေး နဲ့ မတော်ပေဘူးလား ” 


“ အောင်မာ ... ငပြူးလား အလကား ကစားသမား ၊ အရက်သမား ၊ ဒင်း အဖေ က လူဆိုးကြီး ၊ ဒင်းတို့ အခု မှ ပစ္စည်းကလေး အသင့်အတင့် ရှိလာတာ ။ ဒင်း သားကလေးက ငပေ ဆိုလား ၊ ငတေ ဆိုလား အလွန် ပေတဲ့ ကောင်ကလေး အေ ... ညည်း မို့ မြင်မိတယ် ”


“ ကျွန်မ .. စိတ်ကူး ရတာ ပြောတာပါ ၊ နို့ .. ရှေ့နေ ကိုရှင်း ရဲ့ သားကလေး နဲ့ ကော ”


“ ဟေ့ ... ရှေ့နေ ဆိုတာ အမှုသည်တွေ ဆီ က ညာ နိုင်မှ ငွေ ရတာ ၊ အလွန် လိမ်ရတဲ့ လူမျိုး ၊ အမှုသည်တွေ လိမ် ၊ တရားသူကြီး တွေ ကပ် ပေါင်း မှ ထမင်း ဝ တဲ့ လူမျိုး နဲ့ ငါ့ သမီး နဲ့ တန်တယ် ထင်တာများ အံ့ပါရဲ့ အေ ”


“ ဒါကြောင့် ... တော့် ကို ... ကျုပ် .. မပြောချင်တာ ၊ ဘယ်သူ့ သားသမီး နှင့် ဖြစ်တော့ ၊ မျက်စိ နဲ့ မတွေ့နိုင်တော့ စိတ်တိုင်းကျ မဖြစ်နိုင်ဘူး ။ ဘယ်သူ ဖြင့် ဒင်း အဖေ က ဘိန်းကူး လို့ ကြီးပွားတာ ၊ ဘယ်သူ ဖြင့် ဒင်း အဖေ က ငွေ စားတဲ့ တရားသူကြီး ၊ တစ်ယောက် ပြောပြန်လည်း ဒင်း အဖေ က ပုလိပ် ၊ ပုလိပ် ဆိုတာ သူများ မျက်ရည် ယို မှ ထမင်းဝ တဲ့ လူမျိုး နဲ့ ၊ သူများ ချည်း အပြစ် ပြော နေတာပဲ ။ ကာယကံရှင်များ သာ ကြား ရင် ရှင် တော့လား ပုဒ်မ ၅၀၀ နဲ့ တရားစွဲ တောင် ခံရမှာ ။ ဒီ အတိုင်းဖြင့် ကျုပ် သမီး အပျိုဟိုင်း ဖြစ် တော့မယ် ၊ ခက်တာပဲ .. တော့် ကြောင့် ခက်တာပဲ ” ဟု ချုသံ ပါအောင် ညည်းတွား လိုက်လေ၏ ။


ဦးဘိုးတုတ် သည် သမီး ၏ အပြုအမူ ကို ဒေါ်မဲတူ မသိ အောင် ညစဉ် တစ်ခါ နှစ်ခါ ပျဉ်ထောင် ထရံ အပေါက်ငယ် တစ်ခု က ချောင်း ၍ ကြည့်လေ့ ရှိလေ၏ ။ လင်မယား နှစ်ယောက် စကား ပြောရင်း ၊ ဒေါ်မဲတူ မှာ အိပ်ပျော် သွားလေ၏ ။ ဦးဘိုးတုတ် ကား သမီး အခန်း က မီးရောင် ကို မြင်သေး သဖြင့် ခြေဖျား ထောက် ကာ ပျဉ်ထောင် ကို ကပ် လေ၏ ။ မြသွင် ကား ရုပ်ရှင် မကြည့်ရသည် မှာ လေးနှ စ်ကျော် ကြာလေပြီ ။ ရုပ်ရှင် သာ မဟုတ် ၊ ရုပ်ရှင် ကြော်ငြာစာရွက် မျှ ကြည့်ခွင့် မရ ။ အိမ်နားနီးချင်း မိန်းမ အဖော်များ နှင့် မပေါင်းဖော် ရ ရှာချေ ။ ဤနေ့ တွင် အိမ် က မိန်းမကြီး ပုဇွန်ခြောက် ထုတ် လာသော ကြော်ငြာ စာရွက်ဟောင်း တစ်ခု ရရှိ လေ၏ ။ ရုပ်ရှင် ကြော်ငြာများ ကား ဇာတ်လိုက် မင်းသား နှင့် မင်းသမီး တွဲဖက် ၍ ညုခန်း ၊ အကြည်ဆိုက်ခန်း ဇာတ်ထုပ် တစ်ထုပ် အတွင်း မှ အကောင်းဆုံး အခန်းများ ကို ဘလောက်အစားစား နှင့် ရိုက်ထုတ် လေ့ ရှိသည် အတိုင်း တင်တင်မေ ၏ အတု ကို ယူ ကာ ဖြီးလိမ်း ပြုပြင် လိုက် မှန် ကြည့်လိုက် ပြုပြင် နေခြင်း ဖြစ်လေ၏ ။ မြသွင် ၏ မျက်ခုံးမွေး ကား ခပ်ထူထူ ဖြစ်လေ၏ ။


တင်တင်မေ ၏  မျက်ခုံးမွေး မှာ ဆေးရေး သကဲ့သို့ ရှိသော ကြောင့် များစွာ ကွာခြားနေရာ အသေးဆုံး သော မွေးညှပ်ငယ် ဖြင့် မျက်ခုံးမွေး တွေ ကို နုတ် ၍ နေ ခိုက် ၊ ဖခင် ဦးဘိုးတုတ် ကြည့်ရှု နေခြင်း ဖြစ်လေ၏ ။ တစ်ခါ၌ မွေးညှပ် သည် မြသွင် ၏ မျက်ခုံးမွေးတွေ တစ်ပြုံလုံး ပါ လာ သဖြင့် မိမိ သမီး အလှပြင်ခြင်း ကို လုံးဝ မနှစ်သက်ပေ ။ ဒေါ်မဲတူ အား အသာ နှိုးကာ မိမိ တို့ သမီး အလှပြင်ခြင်း ကို ပြ လေ၏ ။ ထိုအခါ၌ မြသွင် မှာ မျက်ခုံးမွေး တစ်ဖက် ပြီး ၍ အခြား တစ်ဖက် သို့ ကူးပြောင်း နုတ် ဆဲ ဖြစ်လေ၏ ။ မနုတ်ရ သေးသော မျက်ခုံး တစ်ဖက် ကို လက် နှင့် ပိတ်ပြီး ကျန် တစ်ဖက် ဖြင့် မှန် တွင် ကြည့် ရင်း ပြုံး လိုက် လျှင် သွား အတွက် စိတ်ပျက် သွားဟန် တူ လေ၏ ။ သွား ဖြူ လျှင် လှရမည် ဟူသော အနေမျိုး နှင့် သွား ဘေး တွင် ကပ်၍ နေသော အရာများ ကို လျှာ ဖြင့် လိမ်းယူ သုတ်သင် ပြီး လျှင် ၊ သွား ကို ဖြီး ၍ ကြည့်ပြန် လေ၏ ။ လင်မယား နှစ်ယောက် လည်း ထို အပေါက် မှ ပြန်ခဲ့ ကြ လေ၏ ။ ဒေါ်မဲတူ က စ ၍ ....


“ ဒါကြောင့် ... ကိုယ့် ကို .. ကျုပ် မပြောဘူးလား ၊ မိန်းကလေး ပဲ လှချင်မှာ ပေါ့ ။ ကိုယ်တောင် မှ နှုတ်ခမ်းမွေး ခဏခဏ ကု,လား ခေါ် ပြင် ၊ မုတ်ဆိတ်မွေး ရိတ် ၊ မှန်ကြီး ရှေ့ က ထောင် ကြည့် သေးတာ ။ လူငယ်လူရွယ် ကို ဘာမှ အပြစ် တင်စရာ မရှိဘူး ” ဟု သမီး ဘက် က ကာကွယ် ၍ ပြောလေ၏ ။


“ ငါ ... ရှက်တာပဲ ၊ ငါ ... ခက်တာပဲ ။ ဘယ့်နှယ် လုပ်ရမှာလဲ ၊ ငါ့ သဘောကျ နဲ့ လည်း မတွေ့သေးဘူး ။ ဒင်း ကို သီလရှင် ဝတ်ပေး လိုက်ရတာ က အေးလိမ့်မယ် ”


“ အဲဒါ ... သာ မှားပေါ့ ၊ သူ့ ဟာ သူ တရား ကျလို့ ဝတ် ရင် ကိစ္စ မရှိဘူး ။ အခု အတိုင်း သီလရှင် ဝတ် မှ ဖြင့် တော်တော်ကြာ မကြားဝံ့ မနာသာတွေ ဖြစ်လာမှ ဖြင့် အခက်ပေါ့ ” ဟု အိမ်တွင်းပုန်း သမီး တစ်ယောက် အတွက် များစွာ အစဉ်းစား ရ ခက် ၍ နေကြလေ၏ ။


နောက် တစ်နေ့ နံနက် ၌ သားအဖ သုံးယောက် သည် ထမင်းပွဲ တွင် မျက်နှာချင်း ဆုံ ကြလေ၏ ။ ဒေါ်မဲတူ သည် ကား သမီး ၏ မျက်နှာ ကို ကြည့်ပြီး တစ်ဖက် သို့ လှည့် ၍ ပြုံးလေ၏ ။ ဦးဘိုးတုတ် ကား တစ်ချက် တစ်ချက် ခက်ထန်သော အမူအရာ နှင့် စိုက် ကြည့် လေ၏ ။ မြသွင် မှာ တစ်ညလုံး စိတ်ဇွဲ နှင့် လုပ်၍ နာရမှန်း မသိ ။ နုတ်ခါ စ ဖြစ်၍ မျက်ခုံး ရောင် နေသည် ကို လည်း မသိရှာ လေ ။ နံနက် အချိန် မှာ ကား မျက်ခုံး နုတ် ထားသော နေရာ မှ  နီ၍ ရောင်ရမ်း နေလေ၏ ။ ဦးဘိုးတုတ် က “ ဟဲ့ .. မြသွင် ၊ နင့် မျက်ခုံး ဘာဖြစ်တာလဲ ” ဟု မေး လေ၏ ။ မြသွင် သည် ဘယ်လက် ဖြင့် မျက်ခုံး ကို စမ်းကာ ရောင် နေသည် ကို တွေ့ ရသဖြင့် “ ည က .. ကျွန်မ .. စာ ကြည့်တော့ မျက်ခုံး မီးရှပ် သွားလို့ ၊ ညီ အောင် မွေးညှပ် နဲ့ ညှိ လိုက်တယ် ” ဟု ပြောလေ၏ ။ ဦးဘိုးတုတ် သည် မိန်းကလေး တို့ ၏ ရုတ်ခနဲ ဉာဏ် ကို အထူး အံ့ဩ သွား လေ၏ ။ မိမိ အိမ်တွင်းပုန်း လုပ်ရကျိုး မှ နပ်ပါ့မလား ဟု လည်း လေးလေးနက်နက် တွေးမိ လေ၏ ။ ထို့နောက် ထမင်း စားပြီး လျှင် .....


“ ဟေ့ မဲတူ ရေ .. ညည်း သမီး မျက်ခုံးမွေး မီး လောင်တာ တဲ့ ၊ ကြည့် မကောင်းပါဘူး အေ ၊ သင်တုန်းဓား နဲ့ အကုန် ရိတ်ပစ် မှ ညီတော့ မပေါ့ ” ဟု မသိ ဟန် ဆောင် ကာ ဥပါယ်တံမျဉ်နှင့် ခိုင်း လိုက်လေ၏ ။ မြသွင် မှာ ဖခင်ကြီး ကို အလွန် ကြောက်ရသော ကြောင့် မငြင်းဆန်ဝံ့ဘဲ မျက်ခုံးမွေး ရိတ်ခြင်း ကို ခံရ ရှာလေ၏ ။ မှန် ထဲ တွင် ကြည့်သော အခါ ၎င်း ၏ အလှပြင်ခြင်း အတွက် မည်မျှ အရုပ်အဆင်း ပျက် သွားသည် ကို စဉ်းစားရင်း မျက်ရည် ကျ၍ လာလေ၏ ။


ဒေါ်မဲတူ မှာ ကား သမီး မိန်းမများ ကို အိမ်တွင်းပုန်း ထားသည် ထက် နေရေးထိုင်ရေး ၊ သွားလာရေး ၊ အိမ်ထောင်ဦး စီးပွားရေး ၊ အိမ်ထောင်ရွေးချယ်ခြင်း တို့ ကို နားလည်အောင် သင်ကြား ထားဖို့ အရေးကြီးသည် ဟု ထင်မှတ် သူ ဖြစ်လေ၏ ။ မိန်းမ ဓမ္မတာ ကို မိမိ အသိဆုံး ဖြစ် သဖြင့် ယောက်ျား ဖြစ်သူ အား အကျိုးအကြောင်း ပြောပြ သော်လည်း နား မဝင်ရှာလေ ။ သျှောင် ရှိ ဆံထုံး ရှိ မှ ၊ မိန်းမ လင် ရှိ မှ တင့်တယ် ဟူသော စကားများ ၊ သမီးကညာ ရွယ်ရောက်လာ ၊ အခါ မလင့်စေနှင့် ဆိုသော စကားများ သည် ဦးဘိုးတုတ် အတွက် အပို ဖြစ်၍ နေလေ၏ ။ ဘွင်းဘွင်း ဟားဟား လူများ နှင့် ဆက်ဆံနေရခြင်း သည် စိတ်ဓာတ် ကျယ်လွင့် ၍ အခွင့်အရေး ကို ချိန်ဆ တတ် သော်လည်း လူ အများ နှင့် မဆက်ဆံ ၊ အိမ်တွင်းပုန်း ၊ အိမ်တွင်းစံ တို့ မှာ နာခံ မှတ်သားဖွယ် တစိုးတစိ မျှ မရှိ သဖြင့် ထင်မိ ထင်ရာ အတွင်းကျိတ် တွေး ချင် တိုင်း တွေးစရာ ပေါ် ကာ ၊ မလျော်ရာ ဘက် စိတ်ကူး သို့ နယ် ကျယ်လျက် ရှိသည် ကို ဒေါ်မဲတူ သည် ရိပ်မိဟန် ရှိလေ၏ ။ မိမိ သမီး အား ဘဝဆုံး မခံ ၊ မတော်တလျော် မဖြစ်စေ ၊ သင့်လျော်သော သူ တစ်ယောက် နှင့် ဝမ်းမြောက်ဝမ်းသာစွာ နေစေအံ့ ဟု အမြဲ စိတ်ကူး လေ၏ ။


မိန်းမ အကြောင်း မိန်းမ ချင်း သာ ကိုယ်ချင်းစာ နိုင် သဖြင့် ယောက်ျား ဖြစ်သော ဦးဘိုးတုတ် မှာ ဒေါ်မဲတူ လောက် အရေး မကြီးပေ ။ ပိုမို စောင့်ရှောက်မည် ဟု နှလုံး ပိုက်လျက် ရှေးအခါ က ထက် ဂရု စိုက် ကာ သမီးကလေး ကို အရိပ် တကြည့်ကြည့် နှင့် ရှုစား နေလေ၏ ။


ည တစ်ည ၌ ကား ဒေါ်မဲတူ သည် အလွန် စိတ်ဆင်းရဲသော မျက်နှာ ဖြင့် ဦးဘိုးတုတ် အား လက် ကုတ်ကာ အကျိုးအကြောင်း တီးတိုး ပြော လိုက်ရာ ဦးဘိုးတုတ် မှာ မျက်လုံး ကျွတ်မတတ် ပြူး ထွက် ကာ မြောမေ့ သွား မလို ဖြစ် သဖြင့် သတိ မနည်း ထား ရလေ၏ ။ “ ဟုတ်သလား မဲတူ ၊ ဟုတ်သလား ၊ ငါ .. သေချင် တာပဲ ” ဟု တိုင် နှင့် ခေါင်း နှင့် ရိုက်ပြန် သဖြင့် ဒေါ်မဲတူ က ဆွဲ ၍ ထားရလေ၏ ။


“ ဒါကြောင့် တော့် ကို .. ကျုပ် အပြောသားပဲ ၊ တော်တော်ကြာ မကြားဝံ့ မနာသာ ဖြစ်လိမ့်မယ် ဆိုတာ ။ ကိုင်း .. အခု ဂံဂရား နဲ့ တဲ့ ၊ ကောင်းသေးရဲ့လား ။ ကု,လား က အသက် ၄ဝ ကျော် လက်ထပ် ထားတဲ့ ကု,လားမကြီး နဲ့ ၊ တော့် သမီး ဟိုဒင်း ရှိတာတောင် တစ်လ ကြာပြီတဲ့ ” ဟု ငို မလို ပြော ပြရာ ၊ ဦးဘိုးတုတ် သည် စိတ် ထွက် လာ သဖြင့် “ မြသွင် မြသွင် ” ဟု သမီး ကို ရိုက်ရန် ခေါ် လေ၏ ။ ဒေါ်မဲတူ မှာ လျင်မြန်စွာ “ အသာနေ ၊ မသိဟန် ဆောင်နေပါ ” ဟု တိုးတိုး ပြောပြီး “ ဘာမှ မဟုတ်ဘူးဟဲ့ သမီး မလာနဲ့ တော့ ” သမီး ကြားအောင် ကျယ်လောင်စွာ ပြော လိုက်လေ၏ ။


“ ကျုပ် တော့ .. သည်လို သဘောကျတယ် ၊ ကု,လား ကို ဆူလား ၊ မာန်လား လုပ်ရင် လူကြား ရင် ရှက်စရာကြီး ။ အိမ် ကို ရေလောင်း မလာအောင် ကျုပ် ပြော လိုက်မယ် ။ ပြီးတော့ .. မြသွင် ကို မုံးတွင်း က ကိုဖြိုး ရဲ့ သား မောင်ချို နဲ့ ပေးစား လိုက်မယ် ၊ ကောင်လေး က ရိုးပါတယ် ။ ရုံးစာရေးကြီး လုပ် နေတာ လခ ၅ဝိ လောက် ရ သတဲ့ ။ တောင်းရမ်းစရိတ် ကျုပ်တို့ က ကုန်ချင် ကုန်ပါစေ ” ဟု တစ်မျိုး ပြောဆို နားချ သော်လည်း ဦးဘိုးတုတ် မှာ အရှက် ကို မဖြေနိုင်သေးချေ ။ ဒေါ်မဲတူ အိပ်ချိန် ၌ ထုပ် တွင် ကြိုး တစ်ချောင်း ချည် ကာ ကြိုးဆွဲချ သေမည် ဟု မတ်တတ် က လည်ပင်း ကို ကြိုးကွ င်းစွပ်ပြီး လျှင် ခြေထောက် ကို ကွေး လိုက်ရာ လည်မျို အစ် ပြီး မျက်လုံး ပြူးထွက် လာသော အခါ မခံနိုင်တော့ သဖြင့် ခြေ ကို ဆန့်၍ တောင့် လိုက်လေ၏ ။ နောက် တစ်ကြိမ် ဤသို့ ပြုလုပ်မည် အလုပ် ဒေါ်မဲတူ နိုး သဖြင့် ကြိုး ကို ဖြတ် ကာ ဒေါ်မဲတူ က တရား ချရ ပြန်လေ၏ ။


နောက် တစ်လခန့် ကြာ သောအခါ မောင်ချို နှင့် မြသွင် တို့ သည် မင်္ဂလာဆောင် ပြီး၍ ဦးဘိုးတုတ် ၏ အိမ် မှာ ပင် နေထိုင်ကြ လေ၏ ။ မြသွင် သည် မိခင် ရှိရာ သို့ လာရောက် ကာ ဖခင် မျက်နှာ သုန် ၍ နေကြောင်း ကို မျက်ရည်လည်လည် နှင့် ပြောပြ ရှာ လေ၏ ။


“ အို .. အမေ့ဉာဏ် သမီး မသိသေးဘူး ၊ အမေ သာ မကြံ ရင် သမီး လင် ရ မှာ တောင် မဟုတ်ဘူး ။ သမီး ကို ဂံဂရား နဲ့ ဖြစ်နေတယ် ဆိုလို့ မောင်ချို နဲ့ ယူ ဖို့ သဘော မြန်မြန် တူတာ အမိ ရဲ့ ။ ကု,လား က တော့ ဘာမှ မသိရှာဘူး ၊ ဒီ အိမ် က မင်း ရေ ကို မယူသေးဘူး လို့ ပြောလွှတ် လိုက်ရတာပေါ့ ။ ညည်း အဖေ က အဟုတ် ကို ကု,လား နဲ့ ဖြစ်နေတယ် ဆိုပြီး ကြိုးဆွဲတောင် ချသေတာ ၊ နောက်တော့ အမေ ကျေနပ်အောင် ပြောလိုက်မယ် ၊ အမေ လည်း သိပါတယ် ၊ ဘယ်မှာ တစ်သက်လုံး အိမ်တွင်းပုန်း လုပ်နိုင်မှာတုန်း ” ဟု ရှင်းလင်း ပြောဆို မှ မြသွင် ၏ မျက်နှာကလေး သည် ရေ တွေ့ သော ပန်း ပမာ များစွာ ရွှင်လန်း ၍ သွားလေ သတည်း ။


◾ မဟာဆွေ


📖 ရုပ်ရှင်လမ်းညွှန်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment