❝ ခိုစာ ❞
၃ နှစ် ဆိုတဲ့ ပြောင်းလဲခြင်း တစ်ခု က သူ့ ကို လက်ဆွဲ နှုတ်ဆက် နေတယ် ။ တိုက်ဟောင်းတွေ က တိုက်သစ်တွေ ဖြစ်လို့ ။ အမှိုက်ပုံကြီး က ရှော့ပင်းစင်တာ ကြီး ဖြစ်လို့ ။ မြို့စွန် က ကျေးလက် ရပ်ကွက်လေး တွေ တောင် ကွန်ကရစ် ရနံ့ တွေ မွှေး လို့ ။
ဒီ ၃ နှစ် အတွင်း မှာ ပဲ သူ နဲ့ သိတဲ့ မိတ်ဆွေ တချို့ မရှိတော့ဘူး ။ ကန်နေကျ ဘောလုံးကွင်းလေး မရှိတော့ဘူး ။ လမ်းဘေး ရေအိုးစင်လေး လည်း မရှိ တော့ဘူး ။ အမူးသမား လာ ရင် ထိုးထိုး ဟောင် တတ် တဲ့ လမ်းထိပ် က လေးလုံး လည်း မရှိတော့ဘူး ။
ဒီ ၃ နှစ် အတွင်း မှာ ပဲ ဆိုက်ကား နင်း တဲ့ ကိုပေါကြီး သိန်းထီ ပေါက် သွားတယ် ။ ရပ်ကွက် ဥက္ကဋ္ဌ ဦးမောင်ညို ရာထူး ကျ သွားတယ် ။ ပျိုတိုင်းကြိုက် တဲ့ မေစံပယ် မုဆိုးမ ဖြစ် သွားတယ် ။
ဒီ ၃ နှစ် အတွင်း မှာ ပဲ ကွမ်းယာသည် လည်း ဟန်းဖုန်း နဲ့ ။ တက္ကစီသမား လည်း ဟန်းဖုန်း နဲ့ ။ ပွဲစား လည်း ဟန်းဖုန်း နဲ့ ။ ဘုံဆိုင်ပိုင်ရှင် လည်း ဟန်းဖုန်း နဲ့ ။ ဒီ ၃ နှစ် အတွင်း မှာ ပဲ အဆိုတော် လည်း တက်တူး နဲ့ ။ ရုပ်ရှင်မင်းသမီး လည်း တက်တူး နဲ့ ။ မော်ဒယ်လ်ဂဲလ် တွေ လည်း တက်တူး နဲ့ ။ လူငယ် ၊ လူရွယ် တွေ လည်း တက်တူး နဲ့ ။
ဒီ ၃ နှစ် အတွင်း မှာ ပဲ သူ့ ပတ်ဝန်းကျင် မှာ ပြောင်းလဲ သွားတာတွေ အများကြီး ။ သူ လည်း တော်တော် ပြောင်းလဲ သွားတယ် ။ နဖူး နည်းနည်း ပြောင် သွားတယ် ။ အသား နည်းနည်းဖြူ သွားတယ် ။ လူ နည်းနည်း ဝ သွားတယ် ။ စိတ်ဓာတ်တွေ လည်း အရင် က ထက် ပိုပြီးမာကျော ၊ ကျစ်လျစ် ၊ ရင့်ကျက် သွားတယ် ။
••••• ••••• •••••
တစ်နေ့ခင်းလုံး သူ့ ခံတွင်း က ရိုးရာ ရခိုင် မုန့်တီဆိုင်လေး ကို တောင်းဆို နေတယ် ။ လွန်ခဲ့တဲ့ ၃ နှစ် ကျော် က သူ အမြဲ အားပေးနေကျ ဆိုင်ကလေး ပေါ့ ။ ရေခြားမြေခြား တိုင်းတစ်ပါး မှာ ရခိုင်မုန့်တီ နဲ့ ဝေးခဲ့ ရတယ် ။ ခုတော့ အတိုးချ ပြီး အားရပါးရ အလွမ်း သယ်ဖို့ အချိန် ကျလာ ပြီလေ ။
အလွတ် ရ နေသေးတဲ့ ခြေလှမ်းတွေ က ဆိုင်ကလေး ဆီ သွက်လက်ချက်ချာ နေတယ် ။ ထင် တဲ့ အတိုင်း ပြောင်းလဲခြင်းတရား က သူ့ ကို ဆီးကြို နေ ပြန်တယ် ။ အရင် ရွက်ကြမ်းရေကျို ဆိုင်လေး က ခုတော့ တခမ်းတနား ။ ဟင်းရည် အဆစ် တောင်းတိုင်း မညည်းမညူ ထည့်ပေး တတ်တဲ့ ဒေါ်ကြီးသန်း နေရာ မှာ ခေတ်ကာလ သမီးပျိုလေး နှစ်ယောက် ။
“ အစ်ကို ဘာ နဲ့ စားမှာလဲ ၊ ငါးဖယ် နဲ့ လား ၊ ပဲကြော် နဲ့ လား ”
ဆံပင်ကာလာ ဖောက် ထား တဲ့ ကောင်မလေး က သွက်သွက်လက်လက် မေးတယ် ။ ဒေါ်ကြီးသန်း ဆိုရင် ဒီလို မေးမှာ မဟုတ် ။ “ သားလေး ထိုင် ” ဆိုပြီး ပဲကြော် နဲ့ တစ်ပွဲ အမြန် ချ ပေးမှာ ကျိန်းသေတယ် ။
အင်း ... ဒါလည်း ပြောင်းလဲခြင်းတရား ပါ ပဲ ။ ဒေါ်ကြီးသန်း ရော ဘာတွေ ပြောင်းလဲ နေပြီ လဲ ။ ဘာ ဖြစ်လို့ မုန့်တီ မရောင်းတော့ တာ လဲ ။ သူ စိတ်လို လက်ရ သိချင် နေ မိတယ် ။
“ ပဲကြော် နဲ့ တစ်ပွဲ ညီမ ၊ အစပ် များများ ထည့်ပေး နော် ”
မကြာဘူး ။ သူ့ ရှေ့ မှာ မုန့်တီ တစ်ပွဲ ရောက် လာတယ် ။ ဒီ မုန့်တီ က ရော အရသာ ပြောင်းလဲ နေပြီ လား ။ သူ စိတ်ဝင်တစား နဲ့ တစ်ဇွန်း ကို အာသာငမ်းငမ်း မြည်း ကြည့် လိုက်တယ် ။ အရင် ၃ နှစ် ကျော် က စားခဲ့တဲ့ လက်ရာ ထက် နည်းနည်း လျော့နေတယ် လို့ ခံစားရတယ် ။ သူ့ စိတ် ထဲ ဒေါ်ကြီးသန်း ကို တော်တော်လေး လွမ်း သွားတယ် ။
“ ဒါနဲ့ ညီမ ၊ ဒေါ်ကြီးသန်း ရော မတွေ့ပါလား ”
သူ့ အမေး ကြောင့် ကောင်မလေး နှစ်ယောက် အပြုံးပန်းလေးတွေ ငွားငွားစွင့်စွင့် ပွင့် သွားတယ် ။
“ အစ်ကို က ကြီးသန်း အကြောင်း မသိသေးဘူး ထင်တယ် ”
“ အင်း မသိဘူး ။ ကျွန်တော် က နိုင်ငံခြား က ပြန် ရောက်တာ မကြာသေးဘူး လေ ။ ဒေါ်ကြီးသန်း ဘာဖြစ်လို့လဲ ဗျ ”
“ ကြီးသန်း ယောက်ျား ရသွားတာ ၂ နှစ် ရှိပြီ အစ်ကို ရဲ့ ။ အခု သူ့ ယောက်ျား ရှိတဲ့ နယ် မှာ ”
စားလက်စ မုန့်တီ တောင် သီး မလို ဖြစ်သွား တယ် ။ ငို ရ မလို ၊ ရယ် ရ မလို အဖြစ်ကြီး ရယ် ။ ဟုတ် တယ်လေ ၊ အသက် ၅၀ နား နီး မှ ဝက်သက် ပေါက် တာ ဆိုတော့ ဘယ်လို မှ ထင် မထားဘူး ။
ဪ ... ပြောင်းလဲခြင်းတရား က ဒေါ်ကြီးသန်း ကို ပါ တိုက်စား သွားပြီ ကိုး ။ မုန့်တီးဖိုး ရှင်းပြီး ထွက် လာတော့ မှ တစ်စုံတစ်ခု ကို သတိထား မိ သွား တယ် ။ ဆိုင်းဘုတ် ၊ ဟုတ်တယ် ၊ အလာတုန်း က သတိ မထားမိ တဲ့ ဆိုင်းဘုတ် ။
သေသေချာချာ ကြည့် လိုက်တော့မှ သူ့ မျက်လုံး တစ်စုံ အံ့သြမှုတွေ နဲ့ ဝိုင်းစက် ပြူးကျယ် သွား တယ် ။ အရင် ရိုးရာ ရခိုင်မုန့်တီ ဆိုတဲ့ နေရာ မှာ ရွှေရောင် တဝင်းဝင်း နဲ့ အစားထိုး မင်းမူ နေတာက ကိုရီးယားမုန့်တီ ဆိုတဲ့ စာလုံး ၅ လုံး ။
ပြောင်းလဲခြင်းတရား ၊ ပြောင်းလဲခြင်းတရား ၊ မြန်မာ့အစားအစာ စစ်စစ် ရခိုင်မုန့်တီ တောင် ကိုရီးယား မုန့်တီ ဖြစ်နေရပါပေါ့ လား ။
••••• ••••• •••••
“ ငါ နေခဲ့တဲ့ ၃ နှစ် အတွင်း မှာ မီး နှစ်ခါ ပဲ ပျက်ဖူးတယ် ။ မီးပျက်တယ် လို့ သာ ပြောရတာပါကွာ ။ စက္ကန့် ၃ဝ တောင် မကြာဘူး ။ ချက်ချင်း ပြန် လာတယ် ”
ပါးစပ် အဟောင်းသား ဖြစ် သွားတဲ့ အောင်ကြီး နဲ့ ဖိုးကျော် ကို ကြည့်ပြီး သူ ပြုံး လိုက်မိတယ် ။ သူ့ စကား ဟာ သူ့ သူငယ်ချင်း နှစ်ယောက် အတွက် အထူး အဆန်း ဖြစ်သွားတာ ကိုး ။
“ ဟေ့ကောင် ငါတို့ မရောက်ဘူး ဆိုပြီး လာ ဖြီး မနေနဲ့ ”
“ လေတွေ နည်းနည်းလျှော့ ကိုယ့်လူ ။ ယုန်ကောင် ငုံပြီး ယုန် ရေး ပြတာတောင် မယုံဘူး ဟား ... ဟား ”
အောင်ကြီး နဲ့ ဖိုးကျော် က တန်ပြန်တိုက်စစ် နဲ့ သရော် လိုက်တော့ သူ ဖြေရှင်းရ ခက်သွားတယ် ။ မတတ်နိုင် ။
“ မယုံ လည်း နေပေါ့ကွာ ။ ငါ က ကိုယ်တွေ့ ကြုံလာရတာ ။ အေးလေ ... လောက မှာ ပြောပြရ ခက် တာတွေ လည်း တစ်ပုံကြီး ကို ”
၃ နှစ်ကျော် ဝေးခဲ့ရ ၊ လွမ်းခဲ့ရ တဲ့ ပေါ့ဆိမ့်လေး ကို သူ တရှိုက်မက်မက် မော့ သောက် လိုက်မိ တယ် ။ ည ထဲ လက်ဖက်ရည်ဆိုင်လေး အတွင်း မှ လက်ဆွဲ မီးစက်သံလေး က ဂီတသံ တစ်ခု လို သာယာ နာပျော်ဖွယ် ကောင်း နေတယ် ။
“ မင်း ကို တစ်ခု လောက် မေး ချင်တယ် ”
အောင်ကြီး က သူ့ ကို အထူးအဆန်း သတ္တဝါ တစ်ကောင် ကို တွေ့လိုက်ရ သလို စူးစူးစိုက်စိုက် ကြည့် ပြီး ပြောတယ် ။
“ မေး လေ ၊ ဘာလဲ "
“ မင်း ကြုံတွေ့ ခဲ့ရတဲ့ ရှုခင်းလှလှလေး တစ်ခု ကို ပြောပြ ”
ရုပ်ကြမ်းကြီး နဲ့ နွဲ့ပြ နေတဲ့ အောင်ကြီး ကို ကြည့် ပြီး သူ ရယ်ချင် သွားတယ် ။ အင်းလေ .. အမေး ရှိတော့ လည်း အဖြေ ရှိရမှာပေါ့ ။
“ ငါ တွေ့ ခဲ့တဲ့ ရှုခင်းလှလှလေးတွေ က တော့ အများကြီး ပဲ ။ မင်း က ကဗျာဆန်ဆန် မေးတော့ ကဗျာ ဆန်ဆန် ရှုခင်းလေး ကို ပဲ ရွေးပြီး ဖြေရမှာပေါ့ ”
“ အိုက်တင် ခံ မနေပါနဲ့ကွာ ။ ပြော မှာ သာ ပြောစမ်းပါ ”
ထုံးစံအတိုင်း ဖိုးကျော် က စိတ် လက် တစ်ဆစ် ရယ် ။ သူ ချောင်း တစ်ချက် ကို ဟန့် ပြီး လည်ချောင်း ရှင်း လိုက်တယ် ။
“ လမ်း ပေါ် က ငုံ့ ကြည့် တော့ လည်း လမ်း ။ လမ်း ပေါ် ကို မော့ ကြည့်တော့ လည်း လမ်း ”
ခေတ်ပေါ် ကဗျာဆရာ တစ်ယောက် ရဲ့ လေသံမျိုး နဲ့ ဌာန်ကရိုဏ်း ကျကျ ရွတ်ပြ လိုက်တော့ “ ဘာလဲဟ ” ဆိုတဲ့ အဓိပ္ပာယ်မျိုး နဲ့ အောင်ကြီး နဲ့ ဖိုးကျော် မျက်မှောင် ကျုံ့ သွားတယ် ။
“ ဆက် ပြောလေကွာ ”
အောင်ကြီး က ကိုရီးယားကား အခန်းဆက် မျှော် သလို ဆတ်တငံ့ငံ့ ဖြစ်နေတယ် ။
“ ပြီးပြီလေ ”
“ ငါ မေးတာ လှပတဲ့ ရှုခင်း လေ ။ မင်း ကို လမ်း ကြည့် ခိုင်း နေတာ မဟုတ်ဘူး ”
“ ဘယ် အရပ် က လာတာလဲ အောင်ကြီး ရာ ။ မင်း တော်တော် ဝေးတာပဲ ။ တွေး ကြည့်လေ ။ လမ်း ပေါ် က ငုံ့ ကြည့် တော့ လည်း လမ်း ၊ လမ်း ပေါ် က မော့ ကြည့် တော့ လည်း လမ်း ။ မင်း နားလည် အောင် ပြော ရရင် ဒီလိုကွာ ။ မင်း ရပ် နေတဲ့ လမ်း ရဲ့ အောက် မှာ လမ်း တစ်လမ်း ရှိတယ် ။ မင်း ရပ် နေတဲ့ လမ်း ရဲ့ အပေါ် မှာ လည်း လမ်း တစ်လမ်း ရှိတယ် ။ စုစုပေါင်း သုံးလမ်း ပေါ့ ။ မိုးပျံလမ်းတွေ ရဲ့ ခေတ်ပေါ် အလှတရားပေါ့ ကွာ ။
သူ ရှင်းပြတော့ မှ အောင်ကြီး က “ ဪ ... ” ဆိုပြီး ခေါင်း တညိတ်ညိတ် လုပ် နေတယ် ။
“ ဟုတ်ပါပြီ ။ မင်း က လမ်း အကြောင်း ပြော တော့ ငါ က ကား အကြောင်း မေးချင်တယ် ။ ဒီမှာ လိုရော ဘတ်စ်ကားတွေ ကျပ် လား ။ အပေါက်ဝ မှာ တစ်ပြုံကြီး တွယ် စီး နေတာတွေရော ရှိလား ။ ကောင်မလေးတွေ ရော အပ်တွေ ဘာတွေ ဆောင်ရလား ။ စပယ်ယာတွေ က ရော အပေါက် ဆိုးလား ”
စိတ်ဝင်တစား မေး လိုက် သူ က ဖိုးကျော် ။ များ လိုက်တဲ့ မေးခွန်းတွေ ၊ ကား တစ်စီး တိုက်စာ လောက် ရှိ တယ် ။ သူ ရယ်ချင်ပေမယ့် မရယ်ဖြစ်ပါ ။ ပြီးတော့ အများကြီး လည်း မဖြေဖြစ်ပါ ။
“ မင်း ပြောတာတွေ တစ်ခုမှ မရှိဘူး ” လို့ ပဲ ခပ်တိုတို ဖြေ လိုက်မိတယ် ။
ဒီလိုနဲ့ ကား အကြောင်း ကနေ မိုးပျံရထား ၊ မြေအောက်ရထား တွေ အကြောင်း ရောက် သွားတယ် ။ ရထား နဲ့ ပတ်သက်ပြီး သူ့ အတွေ့အကြုံလေး တစ်ခု ကို ဟာသ ဖောက် ပြမိတယ် ။
“ ငါ နဲ့ ငါ့ ဘော်ဒါ နှစ်ယောက် ရထား ပေါ် တက် လိုက်တော့ ရထား တစ်တွဲလုံး မှာ ရှိတဲ့ ကောင်မလေးတွေ အားလုံး ငါတို့ သုံးယောက် ကို ဝိုင်း ပြီး ကြည့် နေကြတာ မြောက်သွား တာ တော့ အမှန်ပဲ ။ ငါတို့ ကို ကြွေ ပြီး ကြည့်နေကြတာ ဆိုပြီးတော့ လေ ။ အဲ ... ရထား အတွင်း နံရံ မှာ ရေး ထားတဲ့ စာတန်းကြီး ကို မြင် မှ တစ်ခါတည်း ကို ဂွမ်း ရော ။ အမျိုးသမီး သီးသန့် ရထားတွဲကြီး လေ ။ ဟား .. ဟား ... တစ်တွဲလုံး ယောက်ျားလေး ဆိုလို့ ငါတို့ သုံးယောက် ပဲ ရှိတာ ”
လက်ဖက်ရည်ဆိုင်လေး ထဲ အောင်ကြီး နဲ့ ဖိုးကျော် တို့ ရဲ့ ရယ်သံတွေ ဖိတ်လျှံ ကျ သွားတယ် ။ တိုက်ဆိုင်တယ် ပြောရမလားပဲ ။ အဲဒီ နောက်မှာပဲ ‘ ဟေး ’ ဆိုပြီး ကလေး တွေ ရော ၊ လူကြီး တွေ ရော ဝမ်းသာအားရ ထ အော် လိုက်တဲ့ သံပြိုင် တေးသွား တစ်ပုဒ် ။
တစ်ရပ်ကွက် လုံး ချက်ချင်း လင်းလက် သွား တယ် ။ ဟုတ်တယ် ၊ မီး လာလို့ သောသောညံ သွားတဲ့ ရပ်ကွက်လေး ရဲ့ အပျော်တွေ လေ ။
••••• ••••• •••••
“ ဟယ်လို ကြားလား ၊ ကြားလား ။ ဘာ ... မကြားဘူး ဟုတ်လား ။ ငါ့ နှယ် အော်ရလို့ လည်ချောင်း တောင် ကွဲ တော့မယ် ။ ဘာ ... မင်း ပြောတာ ဘာမှ မကြားရဘူး ။ ဟေ့ကောင် ကျယ်ကျယ် ပြောစမ်း ကွာ ။ ဘာရယ် ... အာ ... ဘာမှ မကြားရဘူးကွ ။ နေဦး ၊ ငါ ပြောတာ နားထောင် ။ အရေးကြီးတယ် ၊ အရမ်း အရေးကြီးတယ် ။ ကြားလား .. ကြားလား .. ဟယ်လို ... ဟယ်လို ။ အာ .. တောက် ။ အရေးထဲ ဖုန်းလိုင်း က ကျသွားပြီ ။ ခွီးထဲမှာ ”
ဘေးအိမ် က ဦးသာခိုင် ရဲ့ အသံပြဲကြီး က သူ့ အိပ်မက် လှလှလေး ကို ကြောင် ပုစွန် စား သလို ကျွတ်ကျွတ်ဝါး ပစ်လိုက်တယ် ။ ဘယ်လိုမှ ဆက် မှေး လို့ မရ တော့ ။ အိပ်ရာ ထဲ က ကုန်းရုန်း ထ လိုက်တော့ အပြင် မှာ မိုး စင်စင် လင်း နေပြီ ။ အင်း ... ရာသီဥတု အခြေအနေ ကြောင့် ဖုန်းလိုင်းတွေ မကောင်းဘူး ထင်တယ် ။ ဦးသာခိုင် ကို သူ အပြစ် မတင်ရက်ပါ ။
သူ တောင် ည က လိုင်း ပေါ် တက် တာ ကွန်နက်ရှင် ဒေါင်း နေလို့ ၄၅ မိနစ် လောက် ငုတ်တုတ် ထိုင် စောင့် ခဲ့ရသေးတယ် ။ ဟိုမှာ ဆိုရင်တော့ အေးဆေး အငြိမ် ပဲ ။ ဘာပဲ ဖြစ်ဖြစ် ဟို ကို တော့ သူ တမ်းတ လွမ်းဆွတ် မနေချင်တော့ပါ ။ အား ... သွားတိုက် ၊ မျက်နှာသစ် ၊ ရေမိုးချိုး ပြီး ပြင်ထားပေးတဲ့ ပဲပြုတ် ထမင်းကြော် ကို အားရပါးရ ဆွဲပစ် လိုက်တယ် ။ ဒီလို ဘရိတ်ဖက်မျိုး မစားရတာ ၃ နှစ် ကျော် ကြာခဲ့ပြီ လေ ။
“ ကိုကို ညီမလေး ကျူရှင် သွားတော့မယ် ၊ မုန့်ဖိုး ပေး ”
ရှေ့တည့်တည့် ကို လာ ရပ် ပြီး လက်ဝါး ဖြန့် တဲ့ ညီမလေး ကို ကြည့် လိုက်တော့ သူ့ မျက်လုံးတွေ ပြူး ကျယ် သွားတာ ဒရက်ကူလာ အတိုင်းပဲ ။
“ စံစံ ဒီ ပုံစံ နဲ့ ကျူရှင် သွားမှာလား ”
“ ဟုတ် ”
“ သွားစမ်း ။ နင် ဝတ် ထားတာတွေ ချက်ချင်း သွား ပြန်လဲ စမ်း ”
ခက်ထန်မာဆတ် သွား တဲ့ သူ့ အသံ ကြောင့် စံစံ ကိုယ်လုံးလေး သိမ့်ခနဲ တုန် သွားတယ် ။
“ ဘာဖြစ်လို့လဲ ကိုကို ရဲ့ ”
စံစံ က မရဲတရဲ နဲ့ တအံ့တသြ မေးတယ် ။
“ ဘာဖြစ်ရမှာလဲ ။ ကိုယ့် ကိုယ် ကိုယ် လည်း ပြန် ကြည့်ဦး ။ အင်္ကျီ က လည်ဟိုက် ၊ ဘောင်းဘီတို က ပေါင်ရင်း နား မှာ ။ မောင်နှမချင်း ကြည့် ရတာ တောင် မသင့်တော်ဘူး ”
“ ကိုကို က လည်း သူများတွေ လည်း ဒီလိုပဲ ဝတ် နေကြတာ ။ ဘာမှ မဆန်းပါဘူး ”
“ ဘာ ... ဘာမှ မဆန်းဘူး ဟုတ်လား ။ အဲဒါ ကိုယ့် အန္တရာယ် ကိုယ် လက်ယက် ခေါ် နေတာ ။ နင့် ကိုယ် နင် စင်ကာပူ က တရုတ်မတွေ များ မှတ် နေလား ။ ကိုယ့် ယဉ်ကျေးမှု ကိုယ် ထိန်းသိမ်းရ မှာ သမိုင်း ပေး တဲ့ တာဝန် ပဲ ။ စံစံ နင် ကြပ်ကြပ် သတိထားနော် ။ ခုမှ တန်းကျောင်းသူ ပဲ ရှိသေးတယ် ။ ဘယ်က အတတ် ကောင်း တွေ တတ် နေတာလဲ ”
“ ကိုကို က မနေ့ တစ်နေ့ က မှ ပြန် ရောက်တာလေ ။ မျက်မှောက် ခေတ်ကြီး ကို အဆက်ပြတ် နေတာ ။ မြို့ ထဲ ကို တစ်ပတ် လောက် ပတ်ကြည့် ။ ကိုကို့ မျက်လုံး နှစ်လုံး တောင် ပြုတ်ကျ သွား ဦးမယ် ။ ဒါတောင် ညီမလေး က ပါးပါးလေး ပုတ် ထားတာ ”
တစ်ခွန်း မကျန် ပြန် ဟစ် နေတဲ့ စံစံ ကို ကြည့်ပြီး သူ့ ဒေါသတွေ ထောင်းခနဲ ဖြစ်သွားတယ် ။ ဟုတ်တော့ လည်း ဟုတ်တယ် ။ သူ လေယာဉ်ကွင်း က ပြန် လာတဲ့ နေ့ ကတည်း က စံစံ ပြောတဲ့ မြင်ကွင်း ကို တွေ့ခဲ့ ပြီး သား ။ ၃ နှစ် အတွင်း မှာ ဝတ်စားဆင်ယင်မှု တွေ တော်တော်လေး ပြောင်းလဲ သွားပါလား လို့ တောင် သူ တွေးခဲ့သေးတယ် ။
“ တော်စမ်း စံစံ ။ ဘယ်သူ့ အားကိုး နဲ့ ငါ့ ကို ပြန် ပက် နေတာလဲ ။ နရင်း အုပ် ထည့်ရ ဟုတ်ပေ့ ဖြစ်နေ မယ် ။ ငါ နင့် အစ်ကို နော် ၊ ငါ့ စကား နားထောင် ။ သွား ... အဝတ်အစားသွား ပြန်လဲ ။ လုံလုံခြုံခြုံ ဝတ်ခဲ့ ”
ဒီလို ဆိုတော့လည်း ဘာ စကား မျှ ပြန် မပြော ၊ နှုတ်ခမ်း ကို စူ ၊ ဖနောင့် ကို ပေါက်ပြီး ဆောင့်ဆောင့် အောင့်အောင့် နဲ့ ထွက် သွားတယ် ။
ဪ ... ပြောင်းလဲခြင်းတရား ။
ပင့်သက်ပူကြီး တစ်လုံး ကို ပဲ သူ အလုအယက် ချလိုက် မိတယ် ။
••••• ••••• •••••
ဒီနေ့ သူ မြို့ ထဲ ကို ထွက် လာခဲ့တယ် ။ ပြောင်းလဲမှု က သိသိသာသာကြီး မဟုတ်တောင် တော်တော် များများ ပြောင်းလဲ နေပြီ ။ လွန်ခဲ့တဲ့ ၃ နှစ် က အမှတ်အသား တချို့ ကို သူ ရှာ မတွေ့ တော့ ။
အဟောင်းတွေ နေရာ မှာ အသစ်သစ် သော လူနေမှု အဆင့်အတန်းတွေ ပေါ် လာတယ် ။ တိုးရစ်တွေ လည်း အရင် က ထက် ပို များလာ သလိုပဲ ။ မြို့တော်သူလေးတွေ က လည်း ညီမလေး ပြောတဲ့ အတိုင်း မျက်လုံး ကျွတ် လောက်ပါရဲ့ ။ ခေတ်ကာလ အရ ပြောင်းလဲ စီးမျော တိုးတက် နေတဲ့ မြို့ကြီး ကို သူ ငေးမော ကြည့်နေ မိတယ် ။
“ အစ်ကိုလေး ခိုစာ ကျွေးပါဦးလား ”
“ ခိုလေးတွေ ဗိုက်ဆာ နေရှာတယ် အစ်ကိုကြီး ။ ကျွေးပါနော် ၊ ကုသိုလ်တွေ အများကြီး ရအောင် ”
“ သမီး ဆီ က ခိုစာတွေ လည်း ဝယ် ကျွေးနော် အစ်ကိုကြီး ။ ဈေးဦး မပေါက်သေးလို့ပါ ၊ ခိုလေးတွေ လည်း သနားပါတယ် ”
သူ့ ဘေးနား ကို အတင်း ပြေးကပ် လာ ပြောနေ တဲ့ ကောင်မလေး နှစ်ယောက် နဲ့ ကောင်လေး တစ်ယောက် ရဲ့ အသံလေးတွေ က မျှော်လင့်ချက် ကြီးစွာ ။ ခိုစာ ရောင်း နေတဲ့ သူတို့လေးတွေ ရဲ့ မျက်လုံးလေး တွေ ကို သူ ငေးကြည့် လိုက်မိတယ် ။ တစ်စုံတစ်ရာ ကို ဆာ လောင်မွတ်သိပ် နေတဲ့ မျက်လုံးလေး တွေ ။ ဘေးနား က အရှိန် ပြင်းစွာ ဖြတ်မောင်း သွား တဲ့ ကား တစ်စီး ကြောင့် ခိုလေးတွေ ၀ရုန်းသုန်းကား ထ ပျံ သွားတယ် ။ သူ့ အာရုံ ထဲ မှာ တော့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် က အတိတ်ကာလ တစ်ခု ဆီ ။
ဒီ နေရာလေး မှာ ပဲ ကောင်မလေး တစ်ယောက် သူ့ ကို ခိုစာ ဝယ် ကျွေးဖို့ အတင်း ရောင်းခဲ့ဖူးတယ် ။
“ သမီး အမေ နေမကောင်း ဖြစ်နေလို့ပါ အစ်ကို ရယ် ။ အမေ့ ဆေးဖိုးလေး အတွက် တစ်ဘူး ပဲ ဖြစ်ဖြစ် ၊ နှစ်ဘူး ပဲ ဖြစ်ဖြစ် ခိုစာလေး ဝယ်ကျွေး သွားပါနော် ”
နွမ်းလျ နေတဲ့ ကောင်မလေး ရဲ့ အသံ ၊ သူ့ နား ထဲ မှာ ပဲ့တင်ထပ် လာတယ် ။ အဲဒီတုန်း က သူ ဟာ ဘဝ ကို အလေးအနက် မထားတတ်သေး တဲ့ ၁၀ တန်း တဘုန်းဘုန်း ကျ နေတဲ့ အပေအတေ လူငယ် တစ်ယောက် ။ အိမ်ပြန် ကားခ က လွဲပြီး အိတ်ကပ် ထဲ မှာ အပို တစ်ပြားတစ်ချပ် မှ ပါမလာတဲ့ အချိန် ။ ကောင်မလေး ရဲ့ မျှော်လင့်ချက် ရောင်ခြည်တန်းလေး ကို သူ စိတ်မကောင်း ကြီး စွာ ဥပေက္ခာ ပြုခဲ့ ဖူးတယ် ။ ခုတော့ အဲဒီ ကောင်မလေး နား မှာ ဒီ ကလေးလေး ၃ ယောက် ။ ရှိ လှ မှ ဆယ့်လေးငါးနှစ် ဝန်းကျင် တွေ ။ ကျောင်းပညာ ကို ဂရုတစိုက် လေ့လာ သင်ကြား နေ သင့် တဲ့ အရွယ် တွေ ။ ဒီ တစ်ခါ တော့ ခိုစာ နဲ့ ပတ်သက်ပြီး သူ့ စိတ် ထဲ မှာ ၃ နှစ် ကျော်ကျော် တည်ခဲ့တဲ့ အနာလေး တစ်ခု ကို ခြေဖျက်ခွင့် ရတော့မယ် ။
“ သမီး ဆီ က ဝယ်နော် အစ်ကိုကြီး ”
“ သား ဆီက ဝယ်ပါ ဗျာ ”
“ အစ်ကိုလေး ၊ သမီး အရင် ပြောတာ နော် ။ သမီး ဆီ က ဝယ် ”
ကလေး သုံးယောက် စလုံး မျှော်လင့်ချက် ကိုယ်စီ နဲ့ အလုအယက် ။ အပြိုင်အဆိုင် ။
“ ကဲ ... ဝယ်ပါ့မယ် ကွာ ဝယ်ပါ့မယ် ။ သုံးယောက် စလုံး ဆီ က ဝယ်မယ် နော် ”
“ ဟေး .. ဒါမှ တို့ အစ်ကိုကြီးတွေ ”
ကလေးလေး တွေ ခုန်ပေါက် မြူးတူး သွား တယ် ။ တောက်ပ ဝင်းလက် တဲ့ မျက်လုံးလေးတွေ နဲ့ ပေါ့ ။ သူ့ ရင် ထဲ အပျော်တွေ တိုးဝင် စီးမျော လာတယ် ။ သူ စဉ်းစား မနေတော့ ။ ပိုင်နိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခု ကို အသေအချာ ချ လိုက်တယ် ။
သုံးယောက် စလုံး ဆီ က ခိုစာတွေ အားလုံး ကို အကုန် ဝယ် လိုက်ပြီး လမ်း ပေါ် မှာ အုပ်ဖွဲ့စုဝေး နေတဲ့ အစာမျှော် ခိုတွေ ဆီ အဖြူထည် စိတ် သက်သက် နဲ့ ကြဲပက် ချကျွေး ပစ် လိုက်တယ် ။ တိုင်းတာလို့ မရတဲ့ လှိုင်းကလေး တစ်ခု က သူ့ နှလုံးသား ထဲ မှာ ပျော်ရွှင် ကြည်နူး မှု ရသ တွေ က စမ်းချောင်းလေး ထဲ ထိုးကျ နေတဲ့ ရေတံခွန်လေး လို ။ ကလေး သုံးယောက် ကို ကြည့်လိုက် တော့ ငွေစက္ကူ တချို့ ကို ကျစ်ကျစ်ပါ အောင် ဆုပ်ပြီး ပြုံးပျော် ကြည်နူး ဝမ်းသာ နေကြပုံ ။
မြို့ပြ ရဲ့ ဇာတ်လိုက်ကျော်တွေ ဖြစ်တဲ့ ခိုတွေ ကတော့ တရုန်းရုန်း နဲ့ အစာတွေ ကောက် လို့ ။ သူ ကြည်ကြည်နူးနူး ပြုံးပြီး ဒီ မြင်ကွင်းလေး ကို ကျောခိုင်း ထွက် ကာ ဘုရား ပေါ် တက် လာခဲ့တယ် ။ ဒီ နေ့ရက်လေး ဟာ သူ့ ဘဝ ရဲ့ ရှင်သန်ရကျိုး နပ် တဲ့ နေ့ရက်လေး တစ်ရက် လို့ သူ ကျေကျေနပ်နပ်ကြီး သတ်မှတ် နေ မိတယ် ။
ဘုရား ပေါ် က ပြန် ဆင်း လာတော့ သူ့ မျက်လုံး အစုံ က ခိုစာ ကျွေး ခဲ့တဲ့ နေရာလေး ဆီ အလိုလို ကြည့် လိုက်မိတယ် ။
“ ဟာ ”
သူ့ ပါးစပ် ထဲ အာမေဍိတ်သံ တစ်ခု လျှပ်တစ်ပြက် လွတ်ကျ သွားတယ် ။ သူ မမျှော်လင့် ၊ မထင်မှတ် တဲ့ မြင်ကွင်း ။ လမ်း ပေါ် မှာ ပြန့်ကျဲ နေတဲ့ ခိုစာတွေ ကို ခိုစာ ရောင်း တဲ့ ကလေး သုံးယောက် အလုအယက် ပြန် ကောက် နေကြတာ ။ သူ့ ရင် တစ်ခုလုံး နုံးချိ ၊ ဆွတ်ကျင် ၊ လှိုင်မော ၊ တုန်ခါခြင်းတွေ အစီအရီ ။
ပြောင်းလဲခြင်းတရား ရေ ... ဒီ ဇာတ်ဝင်ခန်းလေး ကို ဘာဖြစ်လို့များ ကွက် ချန် ထား နေရသေးတာလဲ ဗျာ ။
◾လင်းလက်တာရာ
📖 ဖူးငုံ မဂ္ဂဇင်း
ဒီဇင်ဘာလ ၊ ၂၀၁၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment