Wednesday, February 28, 2024

ပြုတ်မနူး ( ၁၂ )


 

အခန်း - ၁၂

ပန်းဆိုးတန်း ဂုံးကျော်တံတား အဆင်း မီးပွိုင့်လမ်းဆုံ မှာ ကား တွေ ရော လူ တွေ ရော ရှုပ်ယှက် ကို ခတ်လို့ ။ ဦးကု,လား သမီး အကြီးမ “ ဆောင်းဟေကို ” ဘယ်လို ကူးရမလဲ လို့ တွေး နေ မိတယ် ။ ခါတိုင်း လည်း လက်ဖက်ရည်ဆိုင် အတွက် လိုအပ်တာတွေ ဝယ်နေကျ ။ ခုတလော ကျ မှ ကားတွေ ပို များလာသလားလို့ စဉ်းစား နေတုန်း သူ ရဲ့ လက်ဖဝါးနုနုလေး ကို တစ်စုံတစ်ယောက် က လာ ကိုင် တော့ လန့်ပြီး ကြည့် လိုက်မိတယ် ။

“ ဟဲ့ ဗလ လွှတ်စမ်း ... ငါ့ ဘာသာ ငါ ကူးတတ်တယ် ”

“ နင့် ကြည့်ရတာ .. ကတုန်ကရီ နဲ့ မို့ပါ ”

အဲဒီ အချိန် မှာ ပဲ တစ်ဖက် ပလက်ဖောင်း မှာ မမျှော်လင့် ထားတဲ့ လူ နှစ်ယောက် ကို ဗလ ရော ဆောင်းဟေကို ပါ လှမ်း မြင်လိုက်တယ် ။

“ ဟဲ့ ... ဟဲ့ ဗလ ဟိုမှာ ... ဟိုမှာ .. ”

“ တွေ့တယ် ... ဦးမျက်ပြူး တို့ စုံတွဲ ... ကောင်မလေး က နင်တို့ အရွယ်လောက် ပဲ ရှိမယ်နော် ”

ဆောင်းဟေကို တုန်လှုပ်ခြင်း ၊ အံ့သြခြင်း တွေ နဲ့ ကြောင် ပြီး ရပ် ကြည့်နေတယ် ။ မျက်လုံး ထဲ မှာ လည်း သူ့ သား မျက်မှေး ကို မြင်ယောင် လာတယ် ။

“ ဟဲ့ ... ဗလ လူများ မှားလားဟယ် ”

“ မှားစရာလား ဟ ဒီ မျက်လုံး ... ဒီ မျက်နှာ ခွေးကား တိုက် သွားတောင် မှတ်မိတယ် .. လာ လိုက် ကြည့်ရအောင် ”

ဆတ်ခနဲ ဆောင်းဟေကို ရဲ့ လက် ကို ဗလ ဆွဲပြီး ကားလမ်း ဖြတ် ကူး လိုက်တယ် ။ ဆောင်းဟေကို က လည်း ကြောင် ပြီး မရုန်းဘူး ။ ဗလ ရဲ့ လက်ဖဝါး ကို ယောင်ပြီး ပြန် တောင် ဆုပ်ထား လိုက် သေးတယ် ။ ပျားပန်းခတ် ရှုပ်ထွေး နေတဲ့ လူတွေ ကြား ထဲ လိုက် ကြည့်ရတာ ။ နောက် ချေးပုံ ထဲ ကျ နေတဲ့ ဆီးသီး အမှည့် ကို တုတ် တစ်ချောင်း နဲ့ မွှေနှောက် ရှာ နေရသလိုပဲ ။ သုံးဆယ့်ငါးလမ်း ကျော် ပြီး လူကူးမျဉ်းကျား တစ်ခု အနား ရောက် မှာ တော့ ..

“ ဟဲ့ တွေ့လား ... အထည်တွေ ချိတ်ထားတဲ့ ဆိုင် ထဲ ဝင်သွားပြီ ”

“ ဟယ် ဟုတ်ပါရဲ့တော် ... ကောင်မလေး က လည်း ဦးမျက်ပြူး လက် ကို မလွှတ်ဘူး ... ဆုပ်ထား လိုက်တာ ”

“ ရှက်စရာ ကောင်းလိုက်တာ ဟာ .. သူ မွေးရင် သူ့ သမီး လောက် ပဲ ရှိတယ် ”

“ အေးနော် ငါတို့ ညီအစ်မတွေ နဲ့ မတိမ်းမယိမ်း ပဲ ”

ပြော ရင်း နဲ့ မှ သတိရတယ် ။ ခုချိန် ထိ ဗလ က ဆောင်းဟေကို ရဲ့ လက် ကို မလွှတ်သေး ။ မသိမသာ ရုန်း ကြည့်တယ် ။ မရဘူး ။ ပိုပြီး တင်းကျပ်စွာ နဲ့ ဆုပ်ကိုင် ထားတယ် ။ တွေ့ကြသေးတာပေါ့ ။ အဲဒီ အချိန် မှာ ပဲ ဗလ နဲ့ ဆောင်းဟေကို နောက် ကို လိုက် ချောင်းနေတဲ့ မျက်မှေး က

“ ဟာ .. လက်တွေ ဘာတွေ ဆွဲလို့ပါလား ... လက် ကိုင် တဲ့ အထိ ဖြစ်သွားပြီ သွားပါပြီ ကွာ .. ခါတိုင်း လက် မကိုင်ပါဘူး ”

သေချာအောင် ခါး က ပုဆိုး ကို ဖြေပြီး မျက်လုံး ကို ပွတ် ကြည့် တယ် ။ လက် မလွှတ်သေး သုတ်သုတ် သုတ်သုတ် နဲ့ သွားတုန်း ။

“ ဘာဖြစ်လို့ ဒီလောက် အမြန် သွားနေတာလဲ ”

“ ပစ္စည်းတွေ လည်း မဝယ်ဘူး .. ခါတိုင်း ဒီကောင် ဗလ ပစ္စည်းတွေ မနိုင်မနင်း သယ် နေရတာ ... ခု လက် ကို မလွှတ်တော့ဘူး ”

လမ်းဘေး ဓာတ်တိုင် တစ်ခု အရောက် မှာ ဆောင်းဟေကို က ဟို သွား မလိုလို ၊ ဒီ သွား မလိုလို လုပ်ပြီး ဗြုန်းခနဲ ဓာတ်တိုင် ကို အလယ် က ထား ပြီး ဖြတ်ထွက် လိုက်တော့ ဓာတ်တိုင် နဲ့ လက် ရိုက်မိ ပြီး လက် ပြုတ် သွား တော့တယ် ။ အဲဒီတော့ မှ ဗလ စပ်ဖြဲဖြဲ မျက်နှာ နဲ့ ...

“ အဟဲ ဟဲ ... ငါ ... ငါ မေ့ပြီး ကိုင်ထားတာနော် ... တမင်ကြီး မဟုတ်ဘူး ”

“ တော်သေးတာပေါ့ ဓာတ်တိုင် ခံ လို့ နို့မိုဆို ရွာ ရောက်တဲ့ အထိ မေ့ နေမှာ ”

ရုပ်ရှင် ထဲ က လိုပါပဲ ။ ဆောင်းဟေကို နဲ့ ဗလ လက်တွဲ အဖြုတ် နောက် က လိုက် ချောင်းတဲ့ မျက်မှေး လမ်းဘေး ဈေး ရောင်းတဲ့ ဘေထုပ် အဝတ်ပုံကြီး ပေါ် ခလုတ် တိုက်ပြီး ၊ ဝမ်းလျားမှောက် လျက် လဲ ။ ဆိုင်ရှင် နဲ့ ပြဿနာ တက် ရော ။

“ ဟာ ... ဟ ဟေ့လူ ... ဒါ .. ဘာလုပ်တာလဲ ”

“ ဟို .. ဟို ဟိုလေ ဘောင်းဘီ ရှာချင်လို့ ”

“ ဘောင်းဘီ က ခင်ဗျား ခါး မှာ လေ ... ဘာဖြစ်လို့ ကျုပ် အင်္ကျီပုံ ထဲ လာ ရှာရတာလဲ... တောက် .. ခုမှ ဆိုင် စ ခင်းခါ စ ရှိသေးတယ် ”

ဘေးနား က လူ နှစ်ယောက် က လူမိုက်ပုံစံ နဲ့ ဂုတ်လာ ဆွဲပြီး

“ ဟေ့ကောင် ... ရူးသလို ကြောင်သလို မလုပ်နဲ့ ... ဒီမှာ ဈေးဦး မပေါက်သေးဘူး ... ဘာယူမှာလဲ ပြော .. ”

အဲဒီ အချိန် မှာ ပဲ တစ်ဖက်လမ်း က ပလက်ဖောင်း မှာ သူ့ အဖေ ဦးမျက်ပြူး က ရေခဲမုန့် တစ်ခု ကိုင်လို့ ။ ဘေး က ဘယ်သူပါလိမ့် ကောင်မလေး တော့ ကောင်မလေး ပဲ အဖေ နဲ့ ကွယ် နေတော့ မမြင်ရ ဘူး ။ စကတ် က တိုတို ၊ အသား က ညိုညိုမဲမဲ ၊ သူ့ လက် ထဲ မှာ လည်း ဝယ်ထား ခြမ်းထား တဲ့ အိတ်တွေ မနည်းဘူး ။ တောက် ... လုပ်ရက် လိုက်တာ အဖေ ရယ် ။

“ အဖေ ”

“ ဘာ ခုမှ အဖေ ခေါ်နေတာလဲ ... ဟေ့ကောင် ဝယ်မလား .. မဝယ်ဘူးလား ပြော .. ”

အဖေ နောက် ပြေး လိုက်မယ် ဟန်ပြင် နေတာ ကို အရပ် ရှည်ရှည် ကု,လားဒိန် တစ်ယောက် က ဂုတ် က ဆွဲထားပြီး ..

“ ကဲ ပြော ... ဘာ ယူမှာလဲ ပြောကွာ မြန်မြန် ”

“ ဘောင်း .. ဘောင်း ... ဘီ တစ်ထည် ”

“ ဟိတ်ကောင် ဟိုမှာ ချိတ်ထားတဲ့ အထဲ က ဂျင်းနက်ပြာ လှမ်း ပစ်လိုက် .. အဲဒါ ကြိုက်လား .. ”

“ ဘာဖြစ်ဖြစ် ... ကြိုက် ... ကြိုက်ပါတယ် ... အဖေရယ် ”

“ ဘာကွ ... ဘာ အဖေ လဲ ... မင်း နဲ့ ရွယ်တူ ကွ ”

လှမ်း ပစ်ပေးတဲ့ ဘောင်းဘီ ကို ဆိုင်ရှင် က လည်ပင်း နဲ့ တိုင်း နေတုန်း မှာ ပဲ ခုနက ဖြတ် သွားတဲ့ ပလက်ဖောင်း ပေါ် မှာ ဆောင်းဟေကို နဲ့ ဗလ စုံတွဲ ထပ် မြင်တော့ ဘောင်းဘီ ကို စိတ် မဝင်စားနိုင်တော့ဘူး ။

“ ဟေ့ကောင် ဗလ .. ဗလ ”

“ အံမယ် ... လူစုမယ် ပေါ့ ... ဒီမယ် ဟေ့ကောင် ရော့ ဒီ ဘောင်းဘီ မြန်မြန် ယူ ... ပေး ပိုက်ဆံ ၊ မြန်မြန် ထွက်သွား မကျေနပ် ရင် ဗလ မက လို့ ဘာကောင် ဖြစ်ဖြစ် ခေါ်ခဲ့ ... သွားကွာ ”

တွန်း ပစ်လိုက်တာ ။ တစ်ဖက် က မျက်မှန်ဆိုင် နား ငုတ်တုတ် ဖင်ထိုင်လျက် လဲသွားတယ် ။ ကံ ကောင်း လို့ ကမန်းကတန်း ကုန်းရုန်း ပြီး ထ လိုက်တယ် ။

“ ဟင် .. ဘယ်ရောက် သွားပါလိမ့် ”

“ မလုပ်သင့်ပါဘူး အဖေ ရယ် .. ရက်စက်လိုက်တာ .. ဆောင်းဟေကို ရယ် ”

ကွဲလိုက်တာ မှ အသည်းတွေ ရစရာ မရှိ သလောက် ကို ကွဲ ရ တာ တစ်ကြိမ်တည်း ၊ တစ်ပြိုင်တည်း အတွဲ နှစ်တွဲ တွေ့ ရတယ်လို့ ဗျာ ။ အဲဒီ နေ့ က စုံတွဲ နှစ်တွဲ ကို လိုက် ရှာ လိုက်ရတာ အပြန် သင်္ဘောဆိပ် ဆင်း တော့ ကံကောင်းလို့ မီတယ် ဆိုရုံလေး ။

“ ထုတ် ... ထုတ် ... ထုတ် ” ဆိုတဲ့ သင်္ဘောလေး ရဲ့ စက်သံ ဟာ မျက်မှေး ကို မင်း ရင် ထဲ က မင်း အဖေ နဲ့ မင်း ကြိုက် နေတဲ့ ဆောင်းဟေကိုလေး ကို ရင် ထဲ က ထုတ်လိုက်တော့ လို့ များ ပြောနေ သယောင် ။

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment