❝ စတုတ္ထ လွန်းထိုး အလွန် ❞
လားရှိုး ဘက် က လာ တဲ့ ရထား ဟာ ‘ တူ ’ သံ ပေးပြီး ထွက်ခွာ သွားတယ် ဆိုရင်ပဲ
အခြေ သေးနုပ်လှတဲ့ ဂုတ်ထိပ်ဘူတာကလေး ဟာ တိတ်ဆိတ် ငြိမ်သက် သွားပါ တော့တယ် ။
နောင်ချို က လာတဲ့ ဆရာမလေး နှစ်ယောက် မီးရထား နဲ့ လိုက်ပါ သွားပြီး တဲ့ အခါ
ကျောင်းသားတွေ လည်း အနီးဝန်းကျင် ရပ်ကွက်ကလေး ဆီ ဆင်း သွားကြပြီ မို့ နောင်ချိုမြို့နယ်
ကုန်းစံအုပ်စု မူလတန်းကျောင်းကလေး ထဲ မှာ တော့ ကိုယ် တစ်ယောက် တည်း ပေါ့ မိုးလွင် ရယ် ။
အထီးကျန်ခြင်း ဆိုတာ ကိုယ့် အတွက် မသေဆေး တစ်ခွက် မို့ ဒါကို မငြင်းမဆန် စားသုံးလို့
ရှေ့ ဆက် နေရတဲ့ ရက် တွေ ဟာ တဖြည်းဖြည်း နဲ့ ခရီး အတန်ငယ် ပေါက်ခဲ့ပါပြီ ။
အထီးကျန်စွာ နေထိုင်ရမှု ဟာ အကျည်းတန်သော ဖြစ်ရပ် ကို ရင်ဆိုင် ရ တာ လောက် ကြေကွဲဖွယ် မကောင်းဘူး လို့ ကိုယ် ထင်မြင် ယူဆတယ် ဆိုရင် နှုတ်ခမ်း ထက် က မှည့်နက်ကလေး ရွေ့ သွားတဲ့ အထိ မင်း က ပြုံးဦးမှာလား ။ ကိုယ့် ဘဝ ရဲ့ နာကျင်ကြေကွဲမှုတွေ ကို ဟောဒီ ဂုတ်တွင်း ထဲ
လိုလိုချင်ချင် ပစ်ချ နေမှု ကို တော့ မင်း ဘယ်လိုမှ သဘော မတူနိုင်ဘူး မဟုတ်လား ဟင် ။ ဒီလို
လွင်ပြင်ချိုင့်ဝှမ်း တစ်နေရာ မှာ ဇာတ်မြှုပ် ပြီး နေ နေတဲ့ ကိုယ့် ကို အလိုမကျမှုတွေ နဲ့ မညှာမတာ ဝေဖန်ဦး မှာ မဟုတ်လား ။ ‘ အကျဉ်းအကျပ် က ထွက်ပြေးခြင်း ဟာ လွတ်မြောက်နိုင်ကောင်း
လွတ်မြောက် မှာ ဖြစ်ပေမဲ့ ပင်ကို အရည်အသွေး ညံ့ဖျင်းရာ ကျတယ် ’ လို့ စကားကြီး စကားကျယ် တွေ နဲ့ ကိုယ့် ကို ပစ်ပေါက် ခဲ့တာ ဒီကနေ့ အထိ ကြားယောင် နေပါသေးတယ် ။
ကိုယ် ဟာ မူလတန်းကျောင်းကလေး ရဲ့ ပြတင်းတံခါးတွေ ကို လိုက် ပိတ်ပြီး ကိုယ့် အတွက်
ပေး ထားတဲ့ အခန်းကလေး ထဲ ဝင် ကာ ကျောင်းဝတ်စုံ နဲ့ ပေါ့ပါး လွတ်လပ်တဲ့ ဝတ်စုံ တစ်စုံ လဲလှယ် ဝတ်ဆင် လိုက်တယ် ။ ဒီ ကျောင်းကလေး မှာ တော့ ကိုယ် ပဲ တာဝန်ခံ ၊ ကိုယ် ပဲ
ကျောင်းစောင့် လေ ။ နေညိုညို ညနေချမ်း ဟာ မလှမ်းမကမ်း က ဘူတာရုံကလေး ရယ် ၊
မီးရထားဝန်ထမ်း မိသားစု နေအိမ်ကလေးတွေ ရယ် ၊ မူလတန်းကျောင်းကလေး ရယ် ၊ ချက်နို့ဆီ နဲ့ ဖျော် တဲ့ လက်ဖက်ရည်ဆိုင်ကလေး ရယ် … ဒါတွေဟာ ဂုတ်ထိပ်ဘူတာရုံကလေး ရဲ့ ပြည့်စုံခြင်း အင်္ဂါရပ်တွေ ပါပဲ ။
ညနေခင်း ကျောင်းဆင်းချိန် ရောက် တိုင်း ကျောင်းကလေး မှ နေ ကွေ့ကောက်ကောက်
ရထားလမ်းကလေး အတိုင်း ကိုယ် လမ်းလျှောက် ထွက်လေ့ ရှိတယ် ။ ဒီအချိန် ဟိုဘက် ဒီဘက် ရထား လာစရာ မရှိတော့ လို့ မစိပ်မကျဲ ဇလီဖားတုံးတွေ ပေါ် နင်းလျှောက် လာတဲ့ အခါ မိနစ် အနည်းငယ် အတွင်း ကုန်းကမူမော့မော့ ဆီ မှ ထိန်းသိမ်းရေးစခန်း ဆီ ရောက်သွားပါတော့တယ် ။ ဧည့်မှတ်တမ်း မှာ နာမည် ရေးသွင်းပြီး ကမ်းပါးယံ နှစ်ခု ကို ဆက်သွယ် ထားတဲ့ တံတားဆီ တရွေ့ရွေ့
ဦးတည်မိတဲ့ အချိန် မှာ ကိုယ် ဟာ မင်း ကို အရမ်း လွမ်း နေမိတယ် မိုးလွင် ရယ် ။
တကယ်တော့ ကိုယ့် ရင်ထဲ က အလွမ်းဓာတ်ခံ ရှိလို့ လွမ်း နေရတာ ဆိုတာ ပတ်ဝန်းကျင် မြင်ကွင်း ရှုကွက် ရဲ့ တိုက်တွန်း နှိုးဆော်မှု ကြောင့် အလွမ်း ဒီရေတွေ မြင့်တက် နေရတယ် ဆိုတာ ကို တော့ ကိုယ် ဝန်ခံပါတယ် ။ ကိုယ် ဟာ မင်း ပြောသလို လက်ရှိ အနေအထား ကို ရဲရဲ ရင်မဆိုင်ဝံ့ တဲ့ ပျော့တိပျော့ညံ့ မိန်းမ တစ်ယောက် ဖြစ်ခဲ့လို့ လည်း အဲဒီ စူးနစ် နေတဲ့ ဝေဒနာဆူး ကို ဆွဲနုတ် ယူ နိုင်ဖို့ ကုစားချက်တွေ နေ့စဉ် ရက်ဆက် ပေး နေရတာပေါ့ ။
ဒီနေ့ မှ လေ ဟာ ထူးထူးခြားခြား ငြိမ်သက် နေတယ် ။ အခုလို မိုးတွင်း အခါ မိုး ရွာပြီးစ ဆိုရင်
ဟိုး အဝေး မြင်ကွင်းတွေ ရွေ့လျား နေတာများ တချို့ တိမ်တွေ က အပေါ် က ပျံသန်း ၊ တချို့ တိမ်တွေ က တောင်ကြား မှာ ငုတ်လျှိုး ၊ အမျိုးမျိုး သော တိမ်ခိုးမင်ခြယ်တွေ လွမ်းစေ ဖန် နေကြတာလေ ။
ဟော … သံပေါင်တံတား ဖြတ်သန်း မေးတင်ရာ တောင်ဘက် ဆီ က
တောင်ကမ်းပါးယံကြီး က တော့ တောင့်တင်း ခိုင်မာမှုတွေ သွန်လွှတ် လို့ ပျော့ညံ့သူ ရဲ့ ရင်တွင်း
မာကျော ခိုင်ကျည်ခြင်းတွေ ပေါင်းထုံ ကူးပျံ့ ပေးနေ သလိုပါပဲ ။ တိမ်ယံ ဖောက် မတတ် မြင့်မား မတ်စောက် တဲ့ တောင်ကမ်းပါးယံ ပေါ် က နေ ရေစီးကြောင်းတွေ စိမ့်ဖြာ စီးဆင်း နေတဲ့
အသံ က လည်း ကိုယ့် အတွက် ညနေခင်း ဆည်းဆာရီ တေးဂီတ တစ်ပုဒ် ဖြစ်ခဲ့တယ် ။
ရေစီးကြောင်းတွေ ဟာ ရေတံခွန်တွေ လို ပေါင်းဆုံ သွန်ကျ တာ မဟုတ်ဘဲ အောက်ခြေ
တောင်ကမ်းပါးယံ ကျောက်သား အလိုက် တစ်မြှောင်းချင်း စီးကျ နေတဲ့ မြင်ကွင်း ဟာ ခပ်ရဲရဲ
စုတ်ချက် ထင်းထင်း သဘာဝ ပန်းချီကားကြီး တစ်ချပ် ပါပဲ ။
ဒီ နေရာ ဟာ ရှမ်း လို ‘ ဟိုကွတ် ’ လို့ ခေါ်ပြီး မြန်မာ လို ဂုတ်တွင်း လို့ ခေါ်တဲ့ နေရာ ပါ ။ ဒါကလည်း အသူတစ်ရာ ချောက်နက် တစ်နေရာ မှာ စီးဆင်း နေတဲ့ နမ်းပဆေးမြစ် ရဲ့
မာယာ များ မှု ကြောင့် ဖြစ်ပေါ် လာတဲ့ အခေါ်အဝေါ် ဖြစ်မယ် ထင်တယ် ။ နမ်းပဆေးမြစ် ဟာ အရှေ့ မှ
အနောက် သို့ စီးဆင်း ရာ မှ ပျောက်ကွယ် ငုပ်လျှိုး သွားပြီး ချောက်နက် တစ်နေရာ မှာ ပြန် ပေါ်လာကာ ဆက်လက် စီးဆင်း နေခဲ့တာ မို့ ဒီ နေရာ ကို ‘ ငုတ်တွင်း ’ လို့ ခေါ်ရာ က ‘ ဂုတ်တွင်း ’ ရယ် လို့
ပေါ်လာတဲ့ အဖြစ် ။ အဲဒီ ချောက်တွင်းကြီး ရဲ့ ဟိုဘက် သည်ဘက် ထိပ် ကို ထိစပ် ဆက်သွယ် ထားတဲ့
တံတား ကို တော့ ဂုတ်ထိပ်တံတား တဲ့ ။ ဒီ တံတား ကို အစွဲပြု ပြီး ကိုယ် တာဝန် ကျတဲ့ ကျောင်းကလေး နေရာ က ဂုတ်ထိပ်ဘူတာ ဖြစ်လာရ တော့ တာပါပဲ ။
ကိုယ် ဟာ တစ်နေ့တာ တာဝန် ပြီးဆုံးတဲ့ ညနေစောင်း ဆို ဒီ တံတား ပေါ် ကို တစ်နေ့ တစ်ခေါက် လာရောက် ဖြတ်သန်း လေ့ ရှိတယ် ။ အစ ပထမ မှာ တော့ တံတား ပေါ် က နေ
ဂုတ်တွင်း ထဲ ငုံ့ကြည့် ရတာ အသည်း အေးလှ ပေမယ့် ကျောက်တောင်ကမ်းပါး ထက် မော် ကြည့်ပြီး
ရရှိ ဖြစ်ပေါ် လာတဲ့ စိတ်ဓာတ် အင်အားတွေ ဟာ ဘာနဲ့မှ တန်ဖိုး မဖြတ်နိုင်ဘူး ။ တိမ်တွေ ကို ထိုးဖောက် မယ့် တောင်နံရံကြီး ပေါ် က စီးကျ သွန်လျှံ နေတဲ့ အအေးဓာတ် ဟာ ကိုယ့် ရင် ထဲ က အပူ ကို ကူဟပ် ပေးနေတာ အမှန်ပါပဲ ။
မိုးလေ သာတဲ့ နေ့တွေ ဆို ကိုယ် ဟာ တံတားကြီး ရဲ့အဆုံး ဟိုမှာ ဘက် ကမ်း အထိ ရောက် အောင် သွားပြီး ပေ ၃၀၀ ကျော် ရှည်လျား တဲ့ ဥမင်လိုဏ်ခေါင်း တစ်ဆုံး
လျှောက် ဝင်သွားလေ့ ရှိတယ် ။ မည်းမည်း မှောင် နေတဲ့ ဥမင်လိုဏ်ခေါင်း ထဲ စမ်းတဝါးဝါး ဝင် သွားရင်း တစ်ဖက် ဥမင်ပေါက် ကို ရောက်တဲ့ အခါ ပြင်ပ အလင်းရောင် နဲ့ ဘွားခနဲ
ထိတွေ့ လိုက်ရတဲ့ အရသာ ကို ကိုယ် နှစ်သက်တယ် မိုးလွင် ။ လူတွေ ဟာ အမှောင် ကို ငြင်းဆန် လေ့ ရှိပြီး အလင်း ကို တော့ ကြိုဆို လက်ခံ လေ့ ရှိတာ ဓမ္မတာ ပဲ မဟုတ်လား ။ အမှောင် ရဲ့ ကျဉ်းကျပ် ပိတ်လှောင်မှု နဲ့ အလင်း ရဲ့ လွတ်လပ် လွင့်မျောမှု ကို တစ်ခဏ အတွင်း တစ်ပြိုင်နက် ခံစား နိုင်တဲ့ အတွက် ကိုယ် ဟာ ဥမင် ဖြတ်သန်းမှု ကို မကြာခဏ ပြုမူလေ့ ရှိတယ် ။
ကို တို့ ရဲ့ ဇာတိ ရပ်မြေ နဲ့ မတူ တဲ့ လေ ၊ ဇာတိ ရပ်မြေ နဲ့ မတူ တဲ့ ရေ မြေ အနေအထား မှာ ကိုယ် ဟာ အထီးကျန် စွာ ဖြတ်သန်း နေရပေမဲ့ ဒီ နေရာ မှာ ကိုယ် နေစိမ့်နိုင် နေပြီ ဆိုရင် မင်း
အံ့သြ မှာ လား ဟင် ။ ပျော်တယ် ဆိုတဲ့ ဝေါဟာရ ကို တော့ ကိုယ် မသုံးလို သေးပါဘူး ။ ကိုယ် နဲ့
အပ်စပ်တယ် လို့ ပြောရင် ရမယ် ထင်တယ် ။ ဇာတိရပ်မြေ နဲ့ ဝေးလံ သီခေါင် လှ တဲ့ ဟောဒီ
ဂုတ်ထိပ် ဆိုတဲ့ အရပ် ကို ဘယ်လို နာကျင်မှုမျိုး နဲ့ ရောက်လာရတယ် ဆိုတာ မင်း အသိဆုံးပါ ပဲ ။
မင်း နဲ့ ကိုယ် က ကလေး ဘဝ ကတည်း က အတူ သွား အတူ စား အတူ ကြီးပြင်း ခဲ့ကြလို့
တစ်ယောက် ဘဝ တစ်ယောက် နားလည်ပြီး ချစ်သူ ဘဝ ရောက် ခဲ့ကြသူတွေ မဟုတ်လား ။ ဒီ အချိန် ကျောင်း အဆင်း မှာ သီချင်းကလေး ဆို ဆိုတဲ့ သီချင်း စာသား ထဲ ကအ တိုင်း တို့တစ်တွေ ဟာ
ကျောင်းသွားဖော် တွေ လည်း ဖြစ်ခဲ့ကြသေးတယ် နော် ။ ကိုယ့် ရဲ့ နာကျင် နေကြကွဲမှုတွေ ဟာ မင်း နဲ့ လည်း မဆိုင်ဘူး ။ ကိုယ် နဲ့ လည်း မဆိုင်ဘူး ။ ကိုယ့် မေမေ နဲ့ သာ တိုက်ရိုက် သက်ဆိုင်တယ် လို့
ပြော ရင် ရမယ် ထင်တယ် ။
xxxxx xxxxx xxxxx
တစ်ချိန် တစ်ခါတုန်း က တော့ ကိုယ်တို့ မြို့ မှာ မေမေ ဟာ အလွန်တရာ ချောမော လှပတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ခဲ့တယ် ။ မေမေ ရဲ့ အလှ ကျက်သရေ တင့်မောမှု ဟာ အဲဒီ ခေတ် က ကာလသားတွေ ရဲ့ နှုတ်ဖျား မှာ အလွန်တရာ ရေပန်းစား ခဲ့တာပေါ့ ။ ချောမော လှပတဲ့ ရုပ်ရည် နဲ့
ညီမျှစွာ ပဲ မေမေ ဟာ ရောင်းတတ် ဝယ်တတ် ဖျတ်လပ်သွက်လက်မှုတွေ နဲ့ မြို့မဈေးကြီး ထဲ က
ငွေလဝန်းစတိုးဆိုင် ကို အုပ်စီး နိုင်ခဲ့တာပါ ။ ကိုယ့် ဖေဖေ က တော့ သာမန် ရုံးဝန်ထမ်း လူရိုးလူအေး တစ်ဦး မျှ သာ ဖြစ်တယ် ။ သွက်လက် ထက်မြက် တဲ့ မေမေ့ ကို ဖေဖေ ဟာ
အဲဒီ ရိုးဂုဏ်ကလေး ပြပြီး ပိုးပန်း ခဲ့ရ ရှာတာပါ ။
တကယ်တော့ ဖေဖေ့ ရဲ့ ရုံးဝန်ထမ်း လစာ ဝင်ငွေ ဟာ မေမေ ဦးစီးတဲ့ ငွေလဝန်းစတိုးဆိုင် ဝင်ငွေ ရဲ့ ဆယ်ပုံ တစ်ပုံ မရှိပါဘူး ။ မေမေ့ စွမ်းဆောင်မှု ကြောင့် ကိုယ်တို့ မိသားစု ဟာ
တင့်တင့်တယ်တယ် သာ မက မော်မော်ကြွားကြွား ပါ နေနိုင် ခဲ့ကြတယ် နော် ။ ငွေ ရှိရင် အရာရာ မှာ
လူရာ ဝင်ဆံ့တယ် ဆိုတာ အမှန်ပါပဲ မိုးလွင် ။ ကိုယ် တို့ ဟာ မြို့ကလေး မှာ အနေ ဝင့်
အခြေ ဝင့် ခဲ့ကြတယ် ။ ဖေဖေ နဲ့ မေမေ ဆိုတာ လည်း မြို့ မျက်နှာဖုံးတွေ အဖြစ် အရမ်း ကို အတွဲ ညီခဲ့ကြတယ်လေ ။
အဲဒီလို ငွေကြေး အဆင် ပြေပြေ နဲ့ မိသားစု ကမ္ဘာလေး ရဲ့ ပျော်ရွှင်ဖွယ် နေ့ရက်တွေ ဟာ ‘ အန်ကယ် ရောဘတ် ’ မရောက်လာ မီ အချိန် အထိ ပေါ့ ။ အန်ကယ်ရောဘတ် နဲ့ အဆက်အဆံ ရှိ လာ တာ ဟာ မေမေ ရဲ့ စီးပွားရေး လက်တံ ရှည်မှု ကြောင့် လို့ ပြောရင် ရမယ် ထင်တယ် ။ မေမေ က ငွေလဝန်း ဆီ မှ တိုးပွား လာ သလောက် လောဘ မသတ်နိုင် ဘဲ ကားတွေ ဆိုင်ကယ်တွေ
ဝယ်ရောင်း လုပ်ရာက အဲဒီ လောက မှာ ကျင်လည် နေတဲ့ အန်ကယ်ရောဘတ် နဲ့ တွဲမိကြ တာပါ ။
ကားတွေ ဆိုင်ကယ်တွေ ဝယ်ရောင်း လုပ်တဲ့ အလုပ် ကို ဖေဖေ က မလုပ်စေ ချင်ဘူး ။ ကိုယ့် ရဲ့ ခွင် မဟုတ်ဘဲ ဝင် သွားရင် ဖြတ် ခုတ်တာတွေ လိမ်လည်တာတွေ နဲ့ တစ်ကွေ့ မကြုံ တစ်ကွေ့ ကြုံမယ် ဆိုပြီး ဆိုင် မှာ အေးအေး ထိုင် နေစေ ချင်တယ် ။ ဒါပေမဲ့ မေမေ ဟာ စီးပွားရေး နဲ့ ပတ်သက်ရင် ဖေဖေ့ သြဇာ ခံလေ့ မရှိတာ မို့ သူ့ အလုပ် ကို နောက် မဆုတ်စတမ်း
ရှေ့ သို့ သာ တိုး နေတော့တယ် ။ နောက်ဆုံး မှာ တော့ ဖေဖေ ပူပန် သလို ငွေရေးကြေးရေး အလိမ် မခံရဘဲ မေမေ့ ကို ကိုယ်တိုင် စွန့်လွှတ် လိုက်ရတဲ့ နေ့ ဟာ ကိုယ်တို့ မိသားစု ကြမ္မာဆိုး
ဝင် တဲ့ နေ့ ပါပဲ ။
မေမေ အန်ကယ်ရောဘတ် နောက် လိုက်သွားပြီ လို့ သတင်းစကား ရောက် လာတော့ ကိုယ် ဟာ မော်လမြိုင် တက္ကသိုလ် မှာ ရူပဗေဒ ဒုတိယနှစ် တက် နေဆဲပါ ။ မင်း က တော့
ဆယ်တန်း ကို ကိုယ့် ထက် နောက်ကျစွာ အောင် ပြီး မှ မင်း ဝါသနာ ပါလှချည် ရဲ့ ဆို တဲ့ စိုက်ပျိုးရေး သိပ္ပံ တက် နေဆဲ လေ ။
ကိုယ် အိမ် ကို ဒရောသောပါး ရောက်ချ လာတော့ ငူငေါင် သွေးပျက် နေတဲ့ ဖေဖေ့ ပုံစံ
ဖရိုဖရဲကြီး ကို မြင် လိုက်ရတယ် ဆိုရင်ပဲ ကိုယ် လည်း ဆောက်တည်ရာမဲ့ တွယ်ငင်ရာ မဲ့ ဖြစ်ခဲ့ရတယ် ။
သိပ် ရက်စက် တဲ့ မေမေ ၊ ဖေဖေ နဲ့ သမီး ကို မငဲ့ညှာတဲ့ မေမေ ။ ဘယ်လို အကြောင်းတရား
စေ့ဆော်မှုတွေ က မေမေ့ ရဲ့ ရက်စက်နိုင်မှု စွမ်းအား ကို နှိုးဆွ ပေးလေသလဲ ။ တစ်သက်လုံး
ထိန်းသိမ်း လာတဲ့ ဣန္ဒြေ သိက္ခာ တံတိုင်း ဟာ အနေ နီးစပ်ခြင်း ဆိုတဲ့ ရင်းနှီး ပွန်းတီးမှု ကြောင့် ပြိုလဲ ခဲ့ရပါတယ် ဆိုရင် သမီး အနေနဲ့ ဘယ်သူ့ ကို စံထား လေးစား ရတော့မှာ လဲ မေမေ ။
မထင်မှတ် ထား တဲ့ မေမေ့ ရဲ့ ခွဲထား ချန်ရစ်ခဲ့မှု အပေါ် ဖေဖေ ဟာ ဘယ်လိုမှ ဖြေပြေရာ မရခဲ့ ရှာဘူး ။ ကိုယ် ပြန် ရောက်တော့ ဖေဖေ အရက်တွေ နေ့ မလင်း ည မလင်း သောက် နေလိုက်တာ ။ ကိုယ် လည်း ဖေဖေ့ အဖြစ်ဆိုး ကို ကြည့် ပြီး ဘယ်လို နှစ်သိမ့် ပေးရမယ် မသိ ဖြစ် နေတော့တယ် ။ မေမေ တို့ ဘယ် ရောက်နေတယ် ဆိုတဲ့ သတင်း က တော့ အစအန မရဘဲ စုန်းစုန်း ကို မြုပ် နေတော့တာ ပါ ပဲ ။ ကိုယ် ဖေဖေ့ ကို ထိန်း ရမလား ။ ဆိုင် ကို ကြီးကြပ်ရ မလား
ဗျာ များ နေချိန်မှာပဲ အရက် ကို သောက်လေ့ မရှိဘဲ နေ့စဉ် ရက်ဆက် သောက် နေတဲ့ ဖေဖေ့ ကျန်းမာရေး က နောက်ဆုံး ဆေးရုံ တင် လိုက်ရတော့တယ် ။
ဒီ အချိန် မှာ ကျောင်းပိတ် လို့ မင်း မြို့ကို ခဏ ပြန် ရောက်နေတဲ့ အချိန် ။ ဖေဖေ
ဆေးရုံ တက်ရတဲ့ ကိစ္စ မှာ မင်း ကိုယ်တိုင် အကူအညီတွေ ပေး နိုင်ခဲ့သေးတယ် နော် ။ သောက ဗျာပါ နဲ့
ကြုံတဲ့ အခါ ချစ်သူ ရဲ့ အားပေး ကူညီမှု ဟာ အတော်ကလေး တာ သွားခဲ့တယ် ။ ကိုယ် အရမ်း ကို ဖြေသိမ့် နိုင်ခဲ့တယ် မိုးလွင် ရယ် ။ ဖေဖေ ဆေးရုံ က ဆင်းပြီး ထူထူထောင်ထောင် လည်း ဖြစ် လာ ရော ဖေဖေ ရယ် လေ ကိုယ် မထင်မှတ်တဲ့ အပြုအမူ ကို ပြုမူ သွားခဲ့တယ် ကွယ် ။ မေမေ ရှိစဉ် က သူ ကိုးကွယ် ခဲ့တဲ့ နန်းတော်ဦး ဘုန်းကြီးကျောင်း မှာ အပြီးအပိုင် ရဟန်း ဝတ် သွားတော့တယ် ။
ဖေဖေ လောကီ ကို တကယ်ပဲ စိတ် ကုန် သွားခဲ့ပြီ လား ။ မေမေ့ ကို စိတ် နာဦးတော့ ကိုယ့် ကို ရော ၊ ငွေလဝန်းဆိုင် ကိစ္စ ကို ပါ ထည့်သွင်း တွက်ချက် သင့်ပါတယ် ။ ဆိုင် ကို စွန့်နိုင်တယ် ထားဦးတော့ တစ်ဦး တည်း သော သမီး ကိုယ့် ကို ဒီလောက် စိမ်းကား ပြတ်တောက် ဖို့ မသင့်ဘူး မဟုတ်လား ။ မေမေ့ ရဲ့ မျက်နှာ လွှဲ ရက်စက်မှု ဟာ ဖေဖေ့ နှလုံးသား မှာ ဒဏ်ရာ အနာတရ ဖြစ်စေခဲ့ပြီ ။ လောကီ ကို စွန့်ပြီး ရဟန်း ဝတ် သွားတာ သမီး ကို လှည့် မကြည့်တော့ သလိုပါပဲ ။
ကိုယ် တကယ်ပဲ ဝမ်းနည်း ကြေကွဲခဲ့ရတယ် ။ ကိုယ် ဘာ လုပ်ရမလဲ ။ ကျောင်း ဆက် တက် ရမလား ။ ဆိုင် ဆက် ဖွင့်ရမလား ။ မေမေ မိုက်မှား လိုက်တဲ့ အရိပ်မည်းကြီး က လည်း
ကိုယ့် အပေါ် မညှာမတာ ထိုးကျ နေ လိုက်တာ နာကျင် ခံခက်စရာ ကောင်း လှပါတယ် ။ ကိုယ့် အပေါ်
အထင်တကြီး နဲ့ တစ်သက်လုံး ကြည်ဖြူ ခဲ့တဲ့ မင်း မိဘတွေ ဟာ ဒီ အချိန် ရောက် မှ ကိုယ့် အပေါ်
ဆက်ဆံရေး တစ်မျိုး တစ်ဖုံ ပြောင်းလဲ လာတာ မယုံချင် စရာပါ ။
“ ကြက် မှာ အရိုး ၊ လူမှာ အမျိုး တဲ့ ၊ သူ့ အမေ တောင် ဒီ လမ်း ကို လျှောက် ရင် သူ့ သမီး ရော ဒီ စခန်း ကို မရောက်ဘူး ပြောနိုင် မလား ”
မင်း တို့ အသိုင်းအဝိုင်း က ပေါ်ထွက် လာတဲ့ စကားသံတွေ ဟာ ကိုယ့် ကို အထိတ်တလန့် ဖြစ်စေခဲ့တယ် မိုးလွင် ။ လူတွေ ကို ကိုယ် နား မလည်နိုင် တော့ဘူး ။ မင်း က လည်း ကျောင်း မပြီးသေး ။ အလုပ်အကိုင် မရှိသေး ။ ကျောင်း ပြီး လို့ အလုပ်အကိုင် ရှိလာတဲ့ အခါလည်း မင်း မိဘတွေ ရဲ့
အလိုဆန္ဒ ကို လွန်ဆန်နိုင်ဖို့ မနိုင်ဖို့ မသေချာတဲ့ အနေအထား မှာ ကိုယ် ဘာကို မျှော်လင့် နေရမှာလဲ ဟင် ။ ကိုယ့် အကြံအစည် ကို ပြောပြတော့ မင်း အကြောက်အကန်
တားမြစ် ခဲ့တာ ကြားယောင် ပါ သေးတယ် ။
“ မသွားပါနဲ့ သွင် ၊ ဒါဟာ ထွက်ပြေးခြင်း တစ်မျိုးပါပဲ ၊ အကျဉ်းအကျပ် မှ ထွက်ပြေးခြင်း ဟာ
လွတ်မြောက်နိုင် ကောင်း လွတ်မြောက် မှာ ဖြစ်ပေမဲ့ ပင်ကို အရည်အသွေး ညံ့ဖျင်းရာ ကျပါတယ် ”
လို့ မင်း ရဲ့ မညှာမတာ ဝေဖန် ပြောဆိုမှုတွေ ကြား ထဲ ကပဲ ငွေလဝန်းဆိုင် ကို ကိုယ် အပြီး ရောင်း ပစ်လိုက်တော့တယ် ။ တချို့တစ်ဝက် ငွေတွေ ဘဏ် မှာ အပ်ပြီး ကိုယ် နဲ့ လည်း ရင်းနှီး ၊ မင်း နဲ့ လည်း ခင်မင်ခဲ့ ဖူး တဲ့ ငယ်သူငယ်ချင်း မေနှင်းအေး ဆီ ထွက်ခဲ့တော့တယ် ။ မေနှင်းအေး မိဘတွေ က ကိုယ် တို့ မြို့ က နေ ပြင်ဦးလွင် မှာ အခြေချ နေထိုင်တာ အတော် ကြာပြီလေ ။
မန္တလေး က နေ ပြင်ဦးလွင် ကို တက်တော့မယ် ဆိုရင် လားရှိုး လူစီး အဆန် မီးရထား ကို စီး ရမှာ ဖြစ်တယ် ။ ပင်လယ် ရေမျက်နှာပြင် အထက် ပေး ၃၀၀၀ ကျော် မြင့်တဲ့ ပြင်ဦးလွင်ဘူတာ ကို
ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ တက် ရတာပါ ။ ပြင်ဦးလွင် ဘူတာ ရောက်ဖို့ မီးရထား ဟာ ပထမ လွန်းထိုး ၊
ဒုတိယ လွန်းထိုး ၊ တတိယ လွန်းထိုး နဲ့ စတုတ္ထ လွန်းထိုး ဆိုတဲ့ ဘူတာတွေ ကို လွန်းပြန်ပြီး တက် ရတာပါ ။ အဆန် ရထား ဟာ ခေါင်းတွဲ နဲ့ အရှိန် ကုန် သွားအောင် သံလမ်း နေရာ အထိ မောင်း ပြီး နောက် ပြန် ဆုတ် ၊ အရှိန် နဲ့ တစ်ခါ အမြင့် ကို တက် ရတာပါ ။ နောက် ပြန် ဆုတ် ရင် အသည်း အေး လိုက်
အရှိန် နဲ့ အမြင့် ကို တက် လာရင် ရင်ဘတ် ထဲ တင်းတင်းကျပ်ကျပ်ကြီး ဖြစ် လာလိုက် နဲ့ အတော် ကို
ရင်မောစရာ ကောင်းတဲ့ လွန်းထိုး တွေ ပါ ။
ပြင်ဦးလွင်ဘူတာ ဟာ ကိုလိုနီခေတ် ဘုရင်ခံ ရုံး စိုက်ရာ ဖြစ်ခဲ့လို့ ရှေးဟောင်း
အဆောက်အအုံ အငွေ့အသက်တွေ ထုံမွှန်း နေတယ်လို့ ကိုယ် မြင်တယ် ။ ပြင်ဦးလွင် မှာ မီးရထား စက်ခေါင်းရုံ ရှိတယ် ။ မီးရထားဆေးရုံ ရှိတယ် ။ မီးရထားရဲဌာန ရှိတယ် ။
မန္တလေးဘူတာကြီး က ထွက် လာတဲ့ လူစီး မီးရထား ဟာ လမ်းခရီးသည်တွေ အတွက် တွဲပို ချိတ် မလာပါဘူး ။ ပြင်ဦးလွင်ဘူတာ ရောက်မှ တွဲ ထပ် ချိတ်တာပါ ။ ဒါမှလည်း လွန်းထိုး ပြီး
တက်လာ နိုင်မှာလေ ။
ပြင်ဦးလွင် ရောက် တော့ မေနှင်းအေး တို့ မိသားစု ဟာ ကိုယ့် ကို လှိုက်လှဲပျူငှာ
ကြိုဆို ကြတယ် ။ သူတို့ က ဒီ မြို့ မှာ ‘ မေ့တွက်တာ ’ ဆွယ်တာလုပ်ငန်း နဲ့ အသားကျ နေကြပြီ ။
စက်ထိုးဆွယ်တာ အမျိုးမျိုး ရ နိုင်တဲ့ မေနှင်းအေး တို့ ရဲ့ မေ့တွက်တာစတိုးဆိုင် ကို မြင်တော့ ကိုယ် တို့ ရဲ့ လူသုံးကုန် ပစ္စည်းမျိုးစုံ ရနိုင်တဲ့ ငွေလဝန်း စတိုးဆိုင်ကလေး ကို
အောက်မေ့ သွားမိတယ် ။ ကိုယ် နောင်တ ရနေတာတော့ မဟုတ်ပါဘူး လေ ။
မေနှင်းအေး က တော့ ပြော ရှာတယ် ။ သူတို့ လုပ်ငန်း ထဲ ရှယ်ယာ ဝင်ပြီး သူတို့နဲ့ အတူ
ဒိုးတူပေါင်ဖက် လုပ်စားပါ ပေါ့ ။ ကျေးဇူး တင်စရာ ကောင်းလှပေမယ့် ကိုယ် တည်ဆောက် ချင် တဲ့
ဘဝ အသစ် က ဒါ မဟုတ်သေးဘူး လေ ။ စက်ထိုးဆွယ်တာတွေ အဝေး ကို ပို့ပြီး ရောင်းဝယ် ဖောက်ကား တဲ့ အလုပ် ဟာ မေမေ ရဲ့ စတိုးဆိုင်လုပ်ငန်း နဲ့ ဆင်ဆင် တူ နေတာ မို့
ကိုယ့် စိတ် ကို မဆွဲဆောင် နိုင်တာလား တော့ မသိဘူး ။
မေနှင်းအေးတို့ ဆီ မှာ ၆ လ လောက် ခို ပြီး အခြေအနေ အရပ်ရပ် ကို လေ့လာပြီး မှ
လုပ်သင့် လုပ်ထိုက် တဲ့ အလုပ် ကို လုပ်ခဲ့တာပါ ။ ကိုယ် ကိုယ်တိုင် ရွေးချယ် ခဲ့တဲ့ လမ်းကြောင်း ပေါ် မှာ တည့်တည့်မတ်မတ် လျှောက် ရမယ် ဆိုတာ က တော့ ကိုယ် နားလည်ပါတယ်
မိုးလွင် ရယ် ။ ဒီ နေရာကလေး မှာ အဆင်ပြေပြေ နေသားကျ ခဲ့ပြီ ။
ဒီ နေရာလေး မှာ ကိုယ့် အဖို့ ခါးသီးဖွယ် မေမေ့ ရဲ့ အရိပ်မည်းကြီး မရှိဘူး ။ အ,မနာပ မဖွယ်မရာ သတင်းတွေ ချဲ့ကား ပြောဆိုမယ့် ပတ်ဝန်းကျင် မရှိဘူး ။ အမိအဖ အရိပ်မဲ့
သမီး တစ်ယောက် ကို မထီမဲ့မြင် ဆက်ဆံချင်တဲ့ အောက်တန်းကျ စိတ်ဓာတ်များ နဲ့ အနှစ်မဲ့
လူသားတွေ မရှိဘူး ။ ဒေသခံ ရှမ်းဓနုတွေ ရဲ့ ရိုးသားဖြူစင် ဖော်ရွေမှု ဟာ ကိုယ့် ရဲ့ စိတ်ဒဏ်ရာ
အနာဖေး ကို တဖြည်းဖြည်း ကင်းစင် ပျောက်ကင်း စေတယ်လို့ ထင်ရတယ် ။
အခုဆို ဂုတ်ထိပ်ရွာကလေး မှာ ကိုယ် ရောက်နေတာ သုံးနှစ် သုံးမိုး ရှိတော့မယ် လေ ။ ပါ လာတဲ့ ငွေကလေး နဲ့ ကျောင်း နဲ့ မနီးမဝေး မှာ မြေကွက်လပ် ဝယ်ပြီး ဘူး ၊ ဖရုံ ၊ ဂေါ်ရခါး စတဲ့
စားဖွယ်သီးနှံတွေ စိုက်တယ် ။ ဒါက နေ့စဉ် ဈေးသုံး ရနေအောင် ။ ကျန်တဲ့ မြေနေရာ မှာ မက်မန်းတွေ
စိုက်ထားတယ် ။ မက်မန်း ဆိုတာ က ဘာမှ ကရိကထ များတဲ့ အရာ မဟုတ်ဘူး ။
မက်မန်းမျိုးနွယ် ဟာ ( ရိုစေရိယာ ) မျိုးနွယ်ဝင် ဖြစ်ပြီး အနောက်နိုင်ငံ က နေ စီးမျောရွေ့လျား ရောက်ရှိ လာတဲ့ အပင် ဖြစ်တယ် ။ စိုစွတ်ပြီး အေးတဲ့ ခဲသားမြေ ကို နှစ်သက်တယ် ။ ပြင်ဦးလွင် လို ပေ ၃၀၀၀ ကျော် အမြင့်မှာ ပို ဖြစ်ထွန်းတာပေါ့ ။ ဒီ သီးနွယ်ပင်တွေ ကို ပထမ မှာ မျက်နှာဖြူတွေ က
အင်္ဂလန် က သယ်ဆောင် လာခဲ့တယ် လို့ အဆို ရှိတယ် ။
စိုက်ပျိုးရေး ကျောင်းဆင်းကြီး ကို ဆရာ လုပ်လိုက်ဦးမယ် မိုးလွင် ရေ ။ မက်မန်းများ ပွင့်တော့မယ် ဆိုရင် သိပ် စိတ်ဝင်စားစရာ ကောင်းတယ် ။ သူ က ချယ်ရီ လို ပဲ အပွင့် ပွင့်ခါနီး
တစ်လ အလို မှာ တစ်ပင်လုံး အရွက် မကျန်အောင် ကြွေ ပြီး မှ အကိုင်း က နေ အဖူးအပွင့်တွေ ဖူးပွင့် ကြတယ် ။ ဖေဖော်ဝါရီ ၊ မတ်လ ဆို မက်မန်းတွေ ပင်လုံးကျွတ် ဆွတ်ဆွတ်ဖြူ အောင် ပွင့်ချိန် ပေါ့ ။ အဲဒီ အပွင့် မကြွေမီ သီးကင်းတွေ ဟာ ကိုင်း တစ်လျှောက် ထွက်လာ လေ့ ရှိတယ် ။
ဇူလိုင်လ လောက် ဆို အသီးတွေ ခူးလို့ ရပြီ ။
မက်မန်းသီး အရောင်တွေ က နီညိုရောင် ၊ အဝါရောင် ၊ အစိမ်းရောင် ၊ အဖြူရောင် ၊
အနီရောင် ၊ မီးတောက်ရောင် ၊ ပန်းရောင်ရယ်လို့ ရှိကြတယ် ။ အသီးတွေ က လည်း လုံးဝန်း တဲ့ အသီး ၊
ရှည် တဲ့ အသီး ၊ ထိပ်ချွန် တဲ့ အသီး ၊ ထိပ်လုံးကြီး ၊ ဒင်္ဂါးဝိုင်းအရွယ် စသည် ဖြင့် အမျိုးမျိုး ပါပဲ ။
ဇူလိုင်လ မှာ လှပတဲ့ အသီးတွေ ခူးပြီး မက်မန်းချိုပေါင်း ၊ မက်မန်းယိုဘူး ၊ မက်မန်းတော်ဖီ ၊
မက်မန်းဝိုင် တို့ ထုတ်လုပ်ပြီး ဈေးကွက် ပို့ ကြတယ် ။ ဒီ ဒေသမှာ မက်မန်းလုပ်ငန်း ဟာ စီးပွားရေးလုပ်ငန်း တစ်ရပ် ဖြစ်လို့ ကိုယ် အရမ်း စိတ်ဝင်စား နေမိတယ် မိုးလွင် ။
ဒီနှစ် ဆိုရင် မင်း လည်း ကျောင်း ဆင်းပါပြီ ။ ကိုယ့် ကို လည်း အရင်လို သံယောဇဉ် ရှိသေးတယ် ဆိုရင် ကိုယ် တည်ဆောက် နေတဲ့ ကမ္ဘာသစ်ကလေး ကို စိတ်ဝင်စားတယ် ဆိုရင်
ပြင်ဦးလွင် က နေ တစ်ဆင့် ဂုတ်ထိပ်ဘူတာရုံကလေး ဆီ အရောက် လာခဲ့ပါလား ။ မင်း ရောက်လာမယ် ဆို မြေကို ချဲ့ထွင် ပြီး ကော်ဖီ နဲ့ လိမ္မော်တွေ စိုက်ကြမယ်လေ ။ ကော်ဖီ နဲ့ လိမ္မော် ဟာ လည်း ဒီ ဒေသ ရဲ့ စီးပွားဖြစ် ထွက်ကုန် တစ်မျိုး ပါ ။
မန္တလေး က နေ ပြင်ဦးလွင် ကို ကားလမ်း နဲ့ လာရင် အဆင်ပြေ ကောင်း ပြေနိုင် ပေမယ့် ပြင်ဦးလွင် က နေ ဂုတ်ထိပ် ကို တော့ လားရှိုး လူစီးရထား စီး လာ မှ အဆင်ပြေ မှာပါ ။
လွန်းထိုး မနိုင်မှာ စိုးလို့ တွဲပို မချိတ် ခဲ့ တဲ့ လားရှိုးရထား ဟာ ပြင်ဦးလွင် ကျ မှ လူစီးတွဲ သုံးတွဲ ချိတ် မှာလေ ။ အဲဒီ ရထားလမ်း ခရီး က တို့ ပြည်နယ်တွေ မှာ လို လယ်ကွင်းပြင်
ရိုးပြတ်တော တွေ နဲ့ သွေ့ခြောက်ခြောက် ဖွယ်တယ်တယ် ရှိ မနေတာ က ထူးခြားမှု တစ်မျိုးပါ ။
ပြင်ဦးလွင် က ထွက်ပြီး မိနစ် ၂၀ လောက် ကြာတာ နဲ့ ပွေးကောက်ရေတံခွန် ရှိရာ
ပွေးကောက်ဘူတာ ကို ရောက် လိမ့်မယ် ။ တချို့ ပွေးကောက်ရေတံခွန် သွားမယ့် လူတွေ ဒီမှာ ဆင်း ကြပေါ့ ။ ရထားလမ်း တစ်လျှောက် မှာ တော့ ကုန်းခြံ ရေခြံတွေ နဲ့ သစ်သီးသစ်နှံ ပန်းပင်တွေ
စိုက် ထားတဲ့ ရှုခင်းသာယာ တွေ ကြည်နူးချမ်းမြေ့စရာပါ ။
နောက် တစ်ခါ ဆိုက်မယ့် ဘူတာ က ဝက်ဝံဘူတာ တဲ့ ။ ရှေး အင်းဝဘုရင် လက်ထက် က
ဆင်ခေါင်းဝက်ဝံ လို့ အမည် ပေါက်တဲ့ ရွာကြီး ပါ ။ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် နဲ့ မန္တလေးတိုင်း
ပြင်ဦးလွင်မြို့နယ် ရဲ့ အပိုင်းအခြား နယ်စပ်ရွာ လို့ ပြော ရင် ရမယ် ထင်တယ် ။ ပိတ်ချင်းမြောင်
မဟာနန္ဒမူလိုဏ်ဂူ လည်း ရှိတဲ့ နေရာပေါ့ ။
နောက် ဘူတာတွေ က ဆင်လမ်းစု တဲ့ ။ ဆင်ဆယ် တဲ့ ၊ ဥမ္မက တဲ့ ။ ဟော… ပြီးတော့ ရှမ်းပြည်နယ် ရဲ့ မြို့နယ် ရုံးစိုက်ရာ နောင်ချိုဘူတာ ကို ရောက်ပါ ရော ။ နောင်ချိုမြို့ က ကျောက်မဲ ၊ သီပေါ ၊ လားရှိုး ကို ဆက် သွားဖို့ မြို့ အထွက် မှာ ဂုတ်တွင်းကြီး ခံ နေတာမို့ ကား နဲ့ အကွေ့အကောက်များ နဲ့ ချိုင့်ကြီး ထဲ ဆင်း သွားရမှာ ပါ ။ မီးရထား နဲ့ ဆိုရင်တော့ နောင်ချိုဘူတာ ကနေ
ဂုတ်ထိပ် ရောက် အောင် နောက်ထပ် မိနစ် ၄၀ လောက် ထပ် စီးရပါဦးမယ် ။ ဒီ အနား ရောက်ရင်
မီးရထား ဟာ တောင်ကမ်းပါးယံ ကို ကွေ့ပတ်ပြီး သွားရတော့ သစ်ပင်ဝါးရိပ် ၊
တောင်တန်းတောင်ကုန်းတွေကြား မှာ အဝေး က တံတားကြီး ကို မီးရထား ရဲ့ ဘယ်ဘက် ပြတင်းပေါက် က မြင်လိုက် ၊ ညာဘက် ပြတင်းပေါက် က မြင်လိုက် နဲ့ ပဉ္စလက်ဆန် တဲ့ မြင်ကွင်း က ညှို့အား ပြင်းလှပါတယ် ။ မီးရထား နဲ့ တံတားကြီး တူတူပုန်း နေကြသလား တောင် ထင် ရတယ် ။
သဘာဝ ရေမြေ တောတောင် ရဲ့ ဖွဲ့စည်း ဖြစ်တည်မှု ဟာ လျှို့ဝှက် ဆန်းကြယ်မှုတွေ
ပြည့်နှက် နေတာမို့ အရိုးခံ ကျေးလက် ကို ချစ်မက်သူ ရဲ့ ရင်တွင်း မြတ်နိုး ခုံမင်ခြင်းတွေ တသွင်သွင်
စီးဆင်း နေတာ အမှန်ပါပဲ ။
တောင်နံရံ ပတ်လည်ဝိုင်း တဲ့ မြေပြန့် လွင်ပြင် ဆီ က အဝတ်မဲ့ သစ်သီးတွေ ကို ခူးဆွတ်လို့ ကျေးလက် တောင်သူတွေ ဟာ ရထားကြီး ကို အဖော်ပြု ကာ မြို့ပြတွေ ဆီ အရောက် ပို့ကြ ရတယ် ။ မြို့ပြ မှ နေ မရှိမဖြစ် မသုံးမဖြစ် ပစ္စည်းတွေ လွန်းပျံ သယ်ဆောင်ကြ ။ တစ်လွယ် တစ်ပိုး ၊ တစ်ဆွဲ တငင် ရှမ်းတောင်သူ ဓနု ပအို့ဝ်တွေ ရဲ့ ရိုးသားဖြူစင်ခြင်းတွေ စီးမျော ပါဝင်နေတဲ့
လားရှိုး ပြင်ဦး လွင် ရထားကြီး က တော့ စုန်ချည် ဆန်ချည် ။
ကျောင်းကိစ္စ နှင့် ဖြစ်စေ ၊ သီးနှံမျိုးစေ့ ဝယ်ခြမ်းရေး နှင့် ဖြစ်စေ ၊ မြို့ ကို တက်တဲ့ အခါ ကိုယ် ဟာ ပြင်ဦးလွင် လားရှိုး ရထား ကို လူးလာ ခေါက်ပြန် စီးရလေ့ ရှိပေမဲ့ ရထား စီးခြင်း ဓလေ့ မှာ
ငြီးငွေ့ခြင်း မရှိပါဘူး ။ ဒီ ရထား ပေါ် မှာ စုန်ဆန် လိုက်ပါလေ့ ရှိတဲ့ ခရီးသွား
ဖျော်ဖြေရေးသမားကြီး နှင့်တောင် မျက်မှန်းတန်း ခင်မင် နေမိတဲ့ အထိ ပါပဲ ။ ခရီးသွား
ဖျော်ဖြေရေးသမားကြီး ဟာ သူ့ လက်စွဲတော် မယ်ဒလင်ကြီး ကို ရင် မှာ ပိုက် လို့
ခေတ်ဟောင်းတေး တွေ ကို သီကျူးလေ့ ရှိတယ် ။ တစ်ခါမှာ တော့ ခရီးသွား လူရည်သန့် တစ်ဦး က
ထူးထူးခြားခြား တောင်းဆို သံ ကို ကြားလိုက်ရတယ် ။
“ ဦးလေးကြီး ကိုစောငြိမ်း သီချင်း တစ်ပုဒ် လောက် လုပ်ဗျာ”
“ ကျွန်တော် ကိုစောငြိမ်း မရဘူးဗျာ့ ၊ လေးဆယ်ကျော် အချစ် ဆိုမယ် ”
ရထား အလယ် လမ်းကြောင်း ၏ ခရီးသည် ထိုင်ခံ လက်တန်း ပေါ် တစောင်း တင် ထိုင်ပြီး
မယ်ဒလင် ကို ပိုက်ကာ လေးဆယ်ကျော် အချစ် ကို စိတ်နှစ် သီဆို နေတဲ့ ဖျော်ဖြေရေးသမားကြီး ကို
ခရီးသွား ဧည့်သည် ဟာ ဓာတ်ပုံ မှတ်တမ်း ယူ နေလေရဲ့ ။
“ ကျွန်တော့် အတွက် တော့ ပန်းချီကားကောင်း တစ်ချပ် ရဦးမှာပေါ့ ဗျာ”
အနီးမှ မိတ်ဆွေ ကို လှမ်း ပြောလိုက်တဲ့ ခရီးသွား ဧည့်သည် ရဲ့ စကား ဟာ ကိုယ့် အတွက် အတွေးတွေ ပွား စေတယ် မိုးလွင် ။ လူ တွေ ဟာ ဒီလိုပဲ နေ့စဉ် မိုးသောက် ဘဝကြီး ထဲ က
အလှတရားတွေ ကို သူ့ ရဲ့ အနုရသဝိညာဉ်လိပ်ပြာ မှ တစ်ဆင့် ခံစားတတ်သူတွေ ရဲ့ နှလုံးသား ကို
ထိနမ်း ကျီစယ်စေတာ ဖြစ်လို့ လူ့ လောကကြီး အတွက် ပန်းချီကားတွေ ဟာ မရှိမဖြစ် လိုအပ်ချက် တစ်ရပ် ဖြစ်နေတာပေါ့ ။
“ ပန်းချီကားတွေ ဟာ အထီးကျန် ဘဝ ကို ဖြေသိမ့် ပေးသူ ဖြစ်တယ် ၊ နောက်ကျိ နေတဲ့ စိတ် ကို ကြည်လင် အောင် လုပ်ပေးသူ ဖြစ်တယ် ၊ အကျဉ်းကျ နေတဲ့ အတွေးအခေါ် အတွက်
ပြတင်းပေါက်တွေ ဖြစ်တယ် ၊ စာအုပ်တွေ သမိုင်းတွေ တရားစာတွေ ဖြစ်တယ် ၊ ပန်းချီကားတွေ ကို ဖတ် ရင် စာရွက် လှန်ရတဲ့ ဒုက္ခ တောင် ခံစရာ မလိုဘူး ”
ဒါက ‘ ဂျွန်ဂီးလ်ဘတ် ’ ရဲ့ ပန်းချီ ပေါ်မြင် တဲ့ အမြင်ပါ ။ ကိုယ် ဟာ နေ့စဉ် မိုးသောက် သဘာဝ ပန်းချီကားကြီး ထဲ မှာ ပါဝင် ရှင်သန်နေရ သူ တစ်ယောက် အနေနဲ့ အကောင်းဆုံး အလှဆုံး မြင်ကွင်း ရှုကွက် က နေ ပါဝင် ဖြည့်ဆည်း ပေးနေချင်သူပါ ။
ကုန်းစံ မူလတန်း ကျောင်းကလေး ထဲမှာ ကလေးတွေ ကို စာ သင်မယ် ။ ကဗျာကလေး တွေ
ရွတ်ဆို စေမယ် ။ ပုံပြင် တွေ ပြောမယ် ။ ကိုယ်လက် လှုပ်ရှားမှုတွေ ပြုလုပ် ကြမယ် ။ မိုး ရွာပြီးစ
ရောင်စုံသက်တံ့ခုံးကြီး ကို မော့ ကြည့်ပြီး အရောင်များ အကြောင်း သင်ကြားမယ် ။ အပင်ကြီးငယ် တို့
ဖူးသစ်ညွန့်ဝေမှု ကို ကြည့်ပြီး သဘာဝ ပတ်ဝန်းကျင် အပေါ် မြတ်နိုး ချစ်ကြင်စိတ်တွေ
ရှင်သန် ရင့်ထွား လာအောင် သွန်သင်မယ် ။
မလှမ်းမကမ်း က ယာမြေတော ထဲ မှာ တော့ မြေကြီးတွေ ကို တူးဆွမယ် ။ သစ်စေ့ သစ်ညှောင့်တွေ ကို ပေါင်းသင် ရေလောင်းမယ် ။ အသီးအပွင့်တွေ ကို ရိတ်သိမ်း ခူးဆွတ်မယ် ။
တစ်စေ့ မျိုး တစ်ပင် ရှင်သန် ဖို့ရာ မှာ ကိုယ် ပျိုးမိ သလောက် ရိတ်သိမ်း ရပြီး ပီတိတွေ ကို ချိုမြိန်စွာ
စားသုံးရတဲ့ အခါ တစ်မိုး အောက် သည် မြေပြင် မှာ အခင်တွယ်ဆုံး ဆိုတဲ့ မင်း ကို အဲဒီ ချိုမြိန်မှု ဆင့်ကမ်း ခံစား စေချင်တဲ့ ဆန္ဒ အာသီသတွေ တားလို့ မရနိုင်ခဲ့ဘူး ။
ကိုယ် မျှော်နေတယ် မိုးလွင် ။ ကိုယ့်ရဲ့ လိုလား တောင်းဆိုမှု တွေ အနာဂတ် စိတ်ကူး အိပ်မက် တွေ ယှက်ခြယ် ထားပြီး ချစ်ခြင်းရနံ့တွေ သင်းပျံ့ထုံအီ နေတဲ့ စာရှည်ကြီး တစ်စောင် ဟာ အခုလောက် ဆို မင်းဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် နေလောက်ရောပေါ့ ။
တစ်လ ဆို တဲ့ အချိန် ဟာ ကိုယ် နဲ့ မင်း ရှိရာ အကွာအဝေး ဆီ စာ တစ်စောင် ရောက်ဖို့
လုံလောက်တဲ့အချိန် ပါ ပဲ ။ တစ် ဘဝလုံး နဲ့ ချိန်စက် ပြီး ဆုံးဖြတ်ချက် ကို ပိုင်ပိုင် ချဖို့ လုံလောက်တဲ့ အချိန်ကာလ လို့ လည်း ကိုယ် ယူဆ ပါတယ် ။
ကိုယ် နဲ့ ပတ်သက်လို့ မင်း အမေ နဲ့ အစ်မများ ရဲ့ ချဲ့ကား ထိုးနှက်ချက်တွေ အပေါ် မင်း ရဲ့ ကိုယ်ပိုင် အတွေးအခေါ် တွေ နဲ့ ဝေဖန်
ပိုင်းခြား နိုင်လိမ့်မယ်လို့ ကိုယ် မျှော်လင့် နေတယ် ။ အမှန် နဲ့ အမှား ကြား မှာ ရံတား စောင့်ကြပ် နေတဲ့ အဖြေ တစ်ခု ကို ရှာဖွေ ဆုပ်ကိုင် နိုင်ဖို့ ဆင်ခြင်တုံတရား
လှေငယ် ကို မင်း ပိုင်ပိုင် လှော်ခတ် နိုင်ပြီ လို့ ကိုယ် ယူဆတယ် ။
မင်း မညှာမတာ ပြောဆို ခဲ့ သလို အကျဉ်းအကျပ် မှ ထွက်ပြေးသူ တစ်ယောက် ရဲ့
အရည်အသွေး ညံ့ မညံ့ ကို တော့ ဂုတ်ထိပ်ရွာကလေး ဆီ အရောက် လာပြီး အကဲဖြတ် လှည့်ပါလို့
ဖိတ်ခေါ်ချင် စမ်းပါရဲ့ကွယ် ။ တောင်စဉ် တောင်တန်းတွေ ဝိုင်းရံ ထားတဲ့ စိမ်းလန်း ငြိမ်သက် လွင်ပြင် ချိုင်ဝှမ်း ထက် မှာ လမင်းကြီး ထိန်ထိန်သာ တဲ့ ညမျိုး ဆို ကိုယ့် ရဲ့ တစ်ကိုယ်ရေ ည များ ဟာ မျက်ရည်များ နဲ့ လိမ်းကျံ စိုစွတ် နေတယ် ဆိုတာ မကွယ် မဝှက်တမ်း ဝန်ခံ လိုက်ပါရစေ ။
ကိုယ် ဟာ လားရှိုး မီးရထားကြီး ပြင်ဦးလွင် ဆီ ခုတ်မောင်း သွားတဲ့ ညနေစောင်း ဆို ဟောဒီ ရှမ်းလို ‘ ဟိုကွတ် ’ လို့ ခေါ်တဲ့ ဂုတ်တွင်းကြီး ထိပ် က သံပေါင်တံတား ပေါ် က နေ
ကျဆင်း သွားတဲ့ စိတ်ဓာတ်တွေ ၊ တစ်ကိုယ်တော် အထီးကျန်မှုတွေ အတွက် အစား ထိုး ဖြည့်တင်းဖို့
ခိုင်ကျည် သန်မာမှု အအေးဓာတ်တွေ ထုံကူး ဖြန့်ကြက် ယူနေရတယ် ။
နေ့ခင်း ဘက် ဆိုရင် တော့ ပြင်ဦးလွင် မှ တက်လာတဲ့ မီးရထား ပေါ် ကနေ ရုတ်ခနဲ
ဆင်းချ လာမယ့် မင်း ရဲ့ အရိပ်အယောင် ကို လူ မသိ သူ မသိ မျှော်မော နေရတာ မင်း တစ်ယောက်
သိစေချင် လိုက်တာ ။
xxxxx xxxxx xxxxx
ဟော ကျောက်ကမ်းပါး စွန်း မှာ နေလုံးကြီး မေးတင်ချိန် ဆို အလင်းဖျော့ လက်ကျန် တွေ ဟာ ဆည်းဆာရီ ညနေခင်း ကို မလွှဲမကင်း သာ နှုတ်ဆက် နေပါပြီ ။ ဒီ အချိန် ဆို တံတား ပေါ် က ကိုယ် ပြန်ချိန် သင့် ပြီပေါ့ ။ မကြာခင် အမှောင် ချဉ်း လာတော့မှာ လေ ။ ဆက်သွယ်ရေး ထိန်းသိမ်းရေး စခန်း က လည်း လူသွားလူလာ ကို ကန့်သတ် စိစစ်နေပြီ ။
သွားတော့မယ် ဆို မှ နေပါဦးလို့ ဆွဲငင် ထား သလို ကိုယ် ဟာ တံတား အလယ်မှာ ရပ်တန့် ငြိမ်သက် နေမိ ပြန်တယ် ။ ဒီနေ့ အဖို့ အချိန်လင့် သွားပြီမို့ ဥမင် ကို ဖြတ်သန်းဖို့
မဖြစ်တော့ပါဘူး ။ ကိုယ် ဟာ ကောင်းကင်ကြီး ဆီ မှာ ခွန်အားတွေ တောင်းခံဖို့ လက် နှစ်ဖက် ကို
မြှောက်တင် ကာ ဖန်ဆင်းရှင် ပေးသနားတော် မူ တဲ့ သဘာဝ လေကောင်း လေသန့် တွေ အဆုတ် ထဲ
ရောက် အောင် ရှူသွင်း လိုက်မိတယ် ။
ကိုယ် နဲ့ မေမေ ဟာ လှပ ပြေပြစ်ချင်း မတူညီကြပေမဲ့ ယုံကြည်မှုချင်း တော့ တူညီကြတယ် မိုးလွင် ။ “ သင် ဘာမှ မရှိခြင်း ကို ကြည့်ပြီး စိတ်ဓာတ်မကျပါနဲ့ ၊ ဘာမှ မရှိတဲ့ သူ ကို ဘုရားသခင် စိတ်ဝင်စား တယ် ။ အခြား သူများနဲ့ မိမိ ကိုယ် ကို နှိုင်းယှဉ်ပြီး အားမငယ်ပါ နဲ့ ။ ဘုရားရှင် ပေးသမျှ အကောင်းဆုံး လက်ဆောင်တွေ ထဲ မှာ ‘ ဘာမှ မရှိခြင်း ’ ဟာ လည်း တစ်ခု အပါအဝင် ဖြစ်တယ် ”
တဲ့ ။ ဘာမှ မရှိခြင်းတွေ ကို ဖြည့်တင်း ပေးမယ့် ကောင်းချီး လက်ဆောင်တော်တွေ ကို
တောင်းခံ နေမိတယ် မိုးလွင် ။
“ ဝမ်းမြောက်သည့် ဤချိန်ခါတွင် ၊ လမ်းပြ ကျွန်ုပ်သခင် ၊ အသွေးတော် နှင့် နီးစေမူပါ ၊ ကိုယ်တော် ရှိရာ ၊ ပျော်မွေ့ခြင်း ၊ အသက်တာမြတ်လှ ၊ နွေးထွေးမေတ္တာတော် သည် ကျွန်ုပ် ထံ ၌ တည်စေ ၊ ဟာလေလုယာ နာမတော် ချီးမွမ်း ”
တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်း မှာ သီဆို နေကျ ဓမ္မတေး အပိုင်းအစ ကို ရွတ်ဆို လိုက်တယ် ဆိုရင် ပဲ ကိုယ့် ရင် ဟာ ငြိမ်းချမ်းမှုတွေ လွှမ်းခြုံ သွားတယ်လို့ ခံစား လိုက်ရတယ် ။
အတွေ့အကြုံ အရ မကြာခင် မိုး ကုန်တဲ့ အခါ ကျောက်ကမ်းပါးယံ ပေါ် က ရေမြောင်းကြီးတွေ
အကန့်လိုက် စီးသွန်မှု ရပ်ဆိုင်း သွားတော့မယ် ။ ဒီအခါ အောက်ခံ မြေသား နီဝါဝါတွေ ဟာ ထင်ရှား ပြတ်သားတဲ့ ကောက်ကြောင်းကြီး တွေ အဖြစ် ပေါ်ထွက် လာဦးမှာပါ ။
တံတားကြီး ရဲ့ ဘယ်ဘက် မြင်ကွင်း ကို ကြည့်ပြီး ဘယ်ဘက် နား နဲ့ နားစိုက်
ထောင် လိုက်တဲ့ အခါ ကွေ့ကောက် နေတဲ့ နမ်းပဆေးမြစ် ရဲ့ တိုးတိုက် စီးဆင်းသံ သဲ့သဲ့ ကို ကြား ရလိမ့်မယ် ။ ညာဘက် မြင်ကွင်း ကို ကြည့်ပြီး ညာဘက် နား နဲ့ နားထောင် လိုက်တဲ့ အခါ ဂုတ်တွင်း ထဲ မြုပ်ပြီး ပြန် ပေါ်လာတဲ့ မြစ်ကြောင်း ကို ရေလုံးရေဆန် ကောင်းကောင်းနဲ့
ဖြည့်တင်း ပေးနေတဲ့ ရေတံခွန် စီးသွန်ကျမှု ကို မြင်ရ ကြားရ လိမ့်မယ် ။ နွေ မိုး ဆောင်း ရာသီ မရွေး
တာဝန် ကျေပွန်စွာ ဖြည့်တင်း ပေးနေတဲ့ မြောက်ဘက်ခြမ်း ရေတံခွန် ဆီ မှ ထွက်ပေါ် လာတဲ့
ရေမှုန်ရေမွှားတွေ ရဲ့ အအေးဓာတ် ဟာ ကိုယ့် ကို သတ္တိဓာတ်တွေ ပြည့်ဝ ပျော်ဝင် အောင်
လှုံ့ဆော် ပေးလေ့ ရှိတယ် မိုးလွင် ။
ကိုယ် ဟာ နေ့စဉ် မိုးသောက် မြင်တွေ့ နေရတဲ့ သဘာဝ ပန်းချီကားကြီး ကို နှုတ်ဆက်တဲ့ အခါ
ဝန်းကျင် တစ်ခွင်လုံး မှာ တော့ နမ်းပဆေးမြစ် ရဲ့ တေးကျူသံ သဲ့သဲ့ နဲ့ ရေတံခွန် ရဲ့ စည်းချက် လိုက်သံ ဟာ ပေါ် ထွက် နေပြီး ငှက်တွေ ပျံသန်းသံ ၊ ပိုးမွှား အော်မြည်သံတောင်
မကြားရဘဲ တိတ်ဆိတ်မှုတွေ ကြီးစိုးစ ပြုနေတဲ့ အချိန် ၊ ကိုယ့် ခြေလှမ်းတွေ တံတား အလယ် မှ နေ
နောက်ကြောင်းပြန် လှည့်ခဲ့ရပါပြီ ။
ကိုယ့် ခြေလှမ်းတွေ ထိန်းသိမ်းရေးစခန်း ဘက် ဆီ လျှောက်လှမ်း လာချိန် မှာ မမျှော်လင့် ဘဲ
အဲဒီ ကုန်းမြင့် ဆင်ခြေလျှော ဆီ မှ တံတား ဆီ လူ တစ်ယောက် ဆင်း လျှောက်လာ တာ တွေ့ လိုက်ရတယ် ။ ဘယ်လိုပါ လိမ့် ။ ဒီလို အချိန်ကြီး တံတား ကို ဖြတ်သန်းဖို့ လျှောက်လှမ်း လာသူဟာ ဘယ်လို လူမျိုး ဖြစ်မလဲ ။ အရပ် ထောင်ထောင်မောင်းမောင်း ။ ခရီးဆောင်အိတ် ကို ကျောပိုး ၊ ဦးထုပ် ကို ခပ်ငိုက်ငိုက် ဆောင်း ထားတဲ့ ညိုညိုယဉ်ယဉ် လူ တစ်ယောက် ။ မျက်နှာချင်းဆိုင် အနီး ရောက် တော့ ပြုံး လိုက်ရင် နေရာ ရွေ့သွားလေ့ ရှိတဲ့ နှုတ်ခမ်း ထက် က မှည့်နက်ကလေး ကို မြင် မှ …
“ အလို … ဘုရားသခင် သူ … သူ … မိုးလွင် ”
ဆန့်တန်း ကမ်းလင့် ကြိုဆို နေတဲ့ လက် နှစ်ဖက် ကို ပြန်လည် ဆုပ်ကိုင် လိုက်မိချိန် မှာ တော့ သံပေါင်တံတား ရဲ့ တိတ်ဆိတ် နေတဲ့ ဝန်းကျင် မှာ ကိုယ့် ရင်ခုန်သံ ကိုယ် အလန့်တကြား ပြန် ကြား လိုက်ရတယ် ။
◾မိချမ်းဝေ
📖 မဟေသီမဂ္ဂဇင်း ၊
၂၀၀၄ ၊ ဇန်နဝါရီလ
#ကိအောင်နိုင်ဦး
.
No comments:
Post a Comment