Monday, February 26, 2024

ဆရာငြိမ်း


 ❝ ဆရာငြိမ်း ❞ 


ဆရာငြိမ်း တို့ လုပ်လိုက်ရင် ပြောစမှတ် ကို ဖြစ်လို့ ။ အခု လည်း လာပြန်ပါပြီ ။ ဘာတွေ ကြားရဦးမလဲ ။ နား ထောင် လို့ သာ နေကြပေရော့ ။


ဘာပဲဖြစ်ဖြစ် အနည်းဆုံး တော့ ဆရာငြိမ်း လုပ် ပေါက် က အူနှိပ်ပြီး မရယ်ရ တောင် အနည်းဆုံး တော့ ပြုံးလိုက်ရတာ ချည့်ပဲ ။


  •••••   •••••   •••••


ဆရာငြိမ်း ဆိုတာ ပေပင်ရွာ မှာ မွေး ၊ ပေပင်ရွာ မှာ ကြီး ပြီး ၊ ပေပင်ရွာ မှာ ကျောင်းဆရာ ဖြစ် ၊ ပေပင် မှာ ပဲ ကျောင်းအုပ်ကြီး ဘဝ နဲ့ အငြိမ်းစား ယူ သွားတဲ့ အငြိမ်းစား ကျောင်းဆရာကြီး ။


ပေပင်ရွာ နဲ့ အနား တစ်ဝိုက် ဒါန်းလှ ၊ ဒေါက်တိုင် ၊ ကျည်းတန် စတဲ့ ရွာတွေ ဟာ ဆရာငြိမ်း တပည့်သားမြေး ရွာတွေ လို ပါပဲ ။ ဆရာငြိမ်း ဆို လူရိုး ကျောင်းဆရာကြီး ဆိုပြီး ချစ်ပြီး သား လေးစားပြီး သား ။ ထူးခြားတာ က အဲဒီ လူတွေ ဟာ ဆရာငြိမ်း အကြောင်း ပြောသံ ကြားရင် ဘယ်လို ပြောစမှတ် အသစ် ကြားရ မလဲ နားစွင့် တတ်ကြတယ် ။ ဆရာငြိမ်း ပြောစမှတ် ရာဇဝင် တွေ က ရယ်ရတာ ကိုး ။ ဆရာငြိမ်း က ကျောင်းဆရာ သာ ဆိုတယ် ။ လူ က ရိုးလွန်း တော့ စာသင် ကောင်းတာ က လွဲ ရင် သူ့ စိတ် ထဲ ရှိတဲ့ အတိုင်း သူ ထင်ရာ လုပ်သမျှ အများ အမြင် မှာ ရယ်စရာတွေ ချည်း ဖြစ်နေတာ ကိုး ။


ကျောင်း ကို စာသင် သွားတာပဲ ကြည့် ၊ မြင်း စီး ပြီး သွားတာ ။ တိုက်ပုံ အနက်ကြီး နဲ့ မြင်းစီး လာတာ မြင်ရင် အဲဒါ ဆရာငြိမ်း ပဲ ။ အဲဒီ ပုံစံ က ဘယ်တော့မှ မပြောင်းလဲဘူး ။ တခြား ရွာ တွေ သာရေး ၊ နာရေး သွား လည်း ဒီ ပုံစံ ပဲ ။ ပညာရေး ကိစ္စ နဲ့ မြို့ ကို သွားလည်း ဒါပဲ ။ မြို့ ကို သွားလို့များ ပြောင်ပြောင်ရောင်ရောင်တွေ ဝတ် ပြီး ဘတ်စ်ကား စီး သွားမယ် မထင်နဲ့ ။ ကား မစီးဘူး ။ မြင်း ပဲ စီး တယ် ။


တိုက်ပုံ က လည်း အနက် လို့ သာ ပြောရတာပါ ။ ဖွပ်လွန်း လျှော်လွန်း လို့ ဖိုးသူတော် သင်တိုင်း ဖြစ် နေပါပြီ ။ ဆရာကြီး ကတော် က လည်း ကိုငြိမ်း ရယ် မြို့ သွား မှာ တော့် တိုက်ပုံကြီး က အရောင် မရှိ ၊ အဆင်း မရှိ နွမ်းလွန်း ပါတယ် ။ သေတ္တာ ထဲ က လည်ကတုံး အသစ်လေး ထုတ် ဝတ် သွားပါ ။ သွားတိုင်း ပြောရှာပေမယ့် ဆရာငြိမ်း ကတော့ ကျောင်းဆရာ ပီပီ ...


“ ဟ ... ဟောင်းတာ က အကြောင်း မဟုတ်ဘူးကွ ၊ ဖြူဖြူစင်စင် ဖြစ်ဖို့က အဓိက ၊ ကြေးညှော် ကင်းပြီး စုတ်ပြဲ မနေ ပြီးတာပဲ ။ ကျောင်းဆရာ ပါ ဆို တိုက်ပုံ မပါ လို့ ဘယ် ဖြစ်မတုံး ” 


ဒါက ဆရာကတော် ကို ပြောနေကျ လက်ကိုင် စကား ။ ဆရာငြိမ်း ဒီလို ပြောတိုင်း ဆရာကတော် ပြော နေကျ စကား လည်း ရှိသေးတယ် ။


“ မဖြစ်သေးပါဘူး ။ ဒီလ ကုန် ရင် တော့် အတွက် တိုက်ပုံ အသစ် တစ်ထည် တော့ ဝယ် မှ ဖြစ်တော့မှာပါ ”   


“ မလိုပါဘူးကွာ ။ တိုက်ပုံ အသစ် ဝတ်လို့ ရာထူး တိုး မှာ မှ မဟုတ်ဘဲ ။ တိုက်ပုံ အသစ် ဝတ်လို့ ရာထူး တိုး မယ် ဆို တိုင်းကျော်ကြီး ကို တိုက်ပုံ အကောင်းစား ဝတ် ပေး လိုက်မယ် ” 


ဆရာကတော် ပါးစပ် ပိတ် ကရော ။ ဆရာငြိမ်း ဆို တာ အဲဒီ လို လူ ။ တိုင်းကျော် ဆို တာ သူ စီးနေတဲ့ မြင်းကြီး လေ ။


  •••••   •••••   •••••


တစ်ခါသား သူ့ မြင်းကြီး နဲ့ အနောက်ဘက် က ဒါန်းလှရွာ ကို အလည် သွားတယ် ။ ဒါန်းလှ က ကိုဘထွန်း မြင်း တစ်ကောင် ဝယ် ထားတယ် ကြား လို့ ။ ဆရာငြိမ်း က မြင်း လည်း ဝါသနာပါတယ် ဆိုတော့ မြင်း ကျမ်း တောင် ကြေတယ် လို့ ပြော ကြတယ် ။ မြင်း ဆို တဲ့ အသံ ကြားရင် ခွေးနာ လောက်ကိုက် သလို ဂနာငြိမ်ငြိမ် ထိုင် လို့ မရဘူး ။ ဖင် တကြွကြွ နဲ့ မြင်း ကြည့် သွားချင် နေ တော့တာ ။


မြင်း ကြည့် ရင် လည်း ငယ်ထိပ် က နေ ဖင်ကြား အထိ အမွေး ဖြဲ ကြည့် မတတ် အနုလုံ ပဋိလုံ ကြည့်တာ ။ ဗွေ က ဘယ်နှစ်လုံး ၊ ခွာ က ဘယ်နှစ်လက်မ ၊ ကြာဖူး ဘယ်နှစ်ခု စသဖြင့် မြင်းကျမ်းစာ တွေ ရွတ် တော့တာ ပဲ ။ ဆရာငြိမ်း မြင်းကျမ်း ကြေတာ လူတွေ က သိပ် မအံ့ဩဘူး ။ မြင်း အထာ နပ်ပြီး မြင်းလမိုင်း ကပ်တာ ကို လူတွေ က အံ့သြတာ ။ ဘယ်လောက် မြင်းဆိုး မြင်းကတ် ဖြစ်ဖြစ် ဆရာငြိမ်း စုတ်သပ် လိုက် ရင် ငြိမ် လို့ ။ လုံးဝ လူ အတက် မခံပါဘူး ဆိုတဲ့ မြင်း ဆရာငြိမ်း က “ သားကြီး ” လို့ ခေါ်ပြီး ကျောသပ် ပေး လိုက်တာနဲ့ မြင်း က ခွာယက် ခေါင်းညိတ် ပြီး နာခံလျက် သား ။ ဒါဆို ဆရာငြိမ်း မြင်း ကျော ပေါ် ရောက်ပြီ ။ မြင်းဆိုး မြင်းကတ် အကြောင်း ကို သိထားသူ တွေ ကတော့ ဆရာငြိမ်း ကို လက်ဖျား ခါတယ် ။


ဒါက ဆရာငြိမ်း မြင်းလမိုင်း ကပ် တာ ။ မြင်း အထာ သိတာ ကျ တော့ မြင်း ကို ကြည့်လိုက် ရုံ နဲ့ ဒီ မြင်း ဘာဖြစ်နေတယ် ။ ဘယ် နေရာ ကို ပွတ်သပ် ပေးရင် သဘောကျမယ် ဆိုတာတွေ သိ ထားတော့ မြင်းဆိုး တွေ ကိုင်တတ် တွယ်တတ် တာ ပေါ့ ။


တစ်ခါက မြင်းဆိုး မြင်းကတ် ပိုင်ရှင် တစ်ယောက် သူ့ မြင်း သူ မနိုင် လို့ ရောင်းပစ် ချင်တယ် ။ ခက်တာ က အဲ့ဒီ မြင်း က မြင်းကတ် ဆို မှ တကယ့် မြင်းကတ် ။ သခင် ကို တောင် အတက် ဒုက္ခပေး အဆင်း ဒုက္ခပေး ညစ်ကျယ်ကျယ် လုပ်တတ်တဲ့ မြင်း ။ တက်မယ် လို့ ပြင်တုန်း က  ငြိမ် နေပြီး တကယ် ခုန် တက် မှ လှစ်ခနဲ ဘေး ရှောင်ထွက် သွား လို့ ခါးရိုးကျိုး မတတ် ပြုတ်ကျဖူးတာ လည်း အကြိမ်ကြိမ် ။ အဆင်း မှာ ခါ ချ လို ချ ။ စီး နေရင်း က နေ ဗွေ ထ ဖောက်ပြီး ဆူးချုံ တိုး လို့ တိုး ၊ ကမ်းပါး နဲ့ ပွတ် ဆွဲ လို့ ဆွဲ ။ တစ်ခါတလေ လယ်ကွင်း ထဲ က ကောက်ရိုးပုံ ပတ် ပြေး ချင် ပြေး နေတာ ။ ဇက် ဆွဲ မရလို့ ရွာ ပြန် မရောက် နိုင်တဲ့ အဖြစ်မျိုးတွေ က ခဏခဏ ဆို တော့ ပိုင်ရှင် က ရောင်း ပစ် ချင်တယ် ။ ရောင်း လည်း ရောင်းတယ် ။ ဒါပေ မဲ့ ဝယ်လက်တွေ စီး ကြည့်တိုင်း မြင်း က ဒုက္ခ ပေးလွန်း လို့ လက်လန် ပြီး ပြန်သွားရတာ များလှပေါ့ ။ နောက်ဆုံး ဆရာငြိမ်း ခေါ်ပြီး ရောင်းခိုင်း တော့ မှ ပဲ မြင်းကြီး အရောင်းအဝယ် ဖြစ် သွားတော့တယ် ။ မြင်းကတ်ကြီး ဆရာငြိမ်း လက် နဲ့ တစ်ချက်သပ်ရုံ နဲ့ ဆပ်ကပ်မြင်းလိမ္မာ လား ကျ လို့ ။


ဆရာငြိမ်း က ဝယ်လက် ရှေ့ မှာ ခွာကျ တောင် စီး ပြ လိုက်သေး ။ ဝယ်လက် က သဘောမနောကောင်း သန္ဓေကောင်း မြင်းကြီး ဆိုပြီး သဘောတွေ များ တောင် ကျလို့ ။ အရောင်းအဝယ် တည့် ပြီး လို့ ဝယ်လက်သမား မြင်းကြီး ရ လာတာ ဈေးတန်လှချည် ရဲ့လို့ ပီတိ ဖြစ်နေ တုန်း မြင်းကြီး ရှေ့ဆက် မသွားတော့ဘဲ လမ်း အလယ်ကောင် မှာ ရှိနေတဲ့ သစ်ပင်ကြီး ကို လှည့်ပတ် နေတော့ တာပဲ ။ ဝယ်လက် ခမျာ ဇက်ကြိုး ဘယ်လို ဆွဲဆွဲ မရ တော့ဘူး ။ တိုင်ပတ်တယ် ဆိုတာ ဒါမျိုး နေမှာ ၊ ရှေ့ လည်း ဆက် သွားလို့ မရ ။ နောက်ရင်း လည်း မပြန် ။ ဒုက္ခ အကြီးအကျယ် ရောက် နေတာ မိုး ကို ချုပ်ကရော ပဲ တဲ့ ။ 


ဆရာငြိမ်း က အဲဒီလောက် မြင်းကျမ်း ကြေတာပါ ။ သူ ရဲ့ မြင်းကြီး တိုင်းကျော် ကို တောင် မြင်းကျမ်း လာ အဿထိုရ်မြင်း မျိုး လို့ ပြောတယ် ။ ဟုတ် မဟုတ်တော့ မသိပါဘူး ။


“ ကျုပ် ကောင်ကြီး တိုင်းကျော် က အဿထိုရ် မျိုး ဗျ ။ အဿထိုရ်မြင်း ဆိုတာ အာဇာနည်မြင်းမ နဲ့ လား အဖ တို့ စပ်ပြီး ကျတာ ။ ကျမ်းစာ အရ ဆိုရင် ယုဂန္ဓိုရ်တောင်ထိပ် က သူရိယနေမင်းကြီး ကို တောင် အမီ ပြေးနိုင်တယ် ဆို ပဲ ။ ရုပ်ရည် က ခံ့ညား တည်ကြည်တယ် ။ ဣန္ဒြေ ကြီးတယ် ။ လျှပ်ပေါ် လော်လည် အမှု မပြုဘူး ။ ကျုပ် ကောင်ကြီး တိုင်းကျော် ကို ကြည့် ။ ဘယ်လောက် ဣန္ဒြေ ရှိပြီး ခံ့ညားတည်ကြည် လိုက် သလဲ ။ ကျမ်းလာ နဲ့ ညီတယ် ”  


အဲဒီ ကျမ်းလာ နဲ့ ညီ တဲ့ အဿထိုရ်ကြီး တိုင်းကျော် ဟာ ဒါန်းလှ မှာ ဆရာငြိမ်း အတွက် ပြောစမှတ် တွင်စရာ ရာဇဝင် အသစ် ရေးပေးခဲ့တာပေါ့ ။ ဒါန်းလှရွာ က ကိုဘထွန်း အိမ် ရောက် တော့ အဿထိုရ်ကြီး တိုင်းကျော် ကို အိမ်ဝိုင်း တစ်နေရာ မှာ ချည် ထား ခဲ့ပြီး ကိုဘထွန်း မြင်းဇောင်း ထဲ ဝင်ပြီး မြင်း ကို ကြည့်တယ် ၊ မြင်း က အမ ။ တော်တော့် ကို လှတယ် ။ ခွာကျ လည်း ကောင်းမယ့် ပုံပဲ ။  


“ ကိုဘထွန်း မြင်းမ က တယ် လှပါလား ။ ငယ်ထိပ် ကြာဖူး ကြည့်ရတာ ခုမှ ကြီးကောင် ဝင်စ ပဲ ရှိသေးတယ် ။ အပျိုပေါက်ကလေး ပဲ ။ အရွယ် နဲ့ မလိုက်အောင် ထွား နေ လို့ မြင်းကြီး ထင် နေရတာ အသက် က ငယ်သေးတယ် ” 


ထုံးစံအတိုင်း ဆရာငြိမ်း က မြင်းကျမ်း ဖတ် တော့ တာပဲ ။ ဆရာငြိမ်း မြင်းကျမ်း ဖတ်ပြီ ဆို မြင်းပိုင်ရှင် တိုင်း သဘောကျ ရတာ ချည့် ။ မြင်းမလေး ကို ကြည့် ပြီး အား ရတော့ ကိုဘထွန်း အိမ် ပေါ်တက် ၊ ရေနွေးကြမ်း သောက် ၊ စကားစမြည် ပြောပြီး ၊ ကိုဘထွန်း ရေ ပြန်ဦး မဟေ့ ဆိုပြီး နှုတ်ဆက် ၊ တိုင်းကျော်ကြီး ကို စီး ပြီး ပြန်တယ် ဆိုပါတော့ ။


ပြန်ပြီ ဆိုပြီး တိုင်းကျော်ကြီး စီး လို့ ဝိုင်းပေါက် က ထွက်မယ် အလုပ် မှာ ဗြုန်း ဆို နောက်ပြန် လှည့်လာ တယ် ။ ကိုဘထွန်း က တော့ ဆရာငြိမ်း ဘာများ မေ့ကျန် ခဲ့ လို့ ပြန် လှည့်လာပါလိမ့်နဲ့ ။


“ ဗျို့ ... ဆရာငြိမ်း ဘာ ကျန်ခဲ့လို့တုံးဗျ ”  


အဲဒီ အချိန်မှာ မြင်းကြီး နဲ့ ဆရာငြိမ်း ၊ ကိုဘထွန်း အိမ် ရှေ့ မြင်းဇောင်း နား ရောက် လာတယ် ။ ဆရာငြိမ်း က  


“ ဘာမှ မကျန်ပါဘူးဗျာ .. ခင်ဗျား ကို နှုတ်ဆက်ဖို့ မေ့သွားလို့ လာ ပြန် နှုတ်ဆက်တာ ။ ကဲ ကဲ ... ပြန် ဦးမယ်နော် ”  


ဆိုပြီး ဇက်ကြိုး ကို ဆွဲ လှည့် ထွက်သွား ပြန်တယ် ။ ကိုဘထွန်း က တော့ နည်းနည်း ကြောင် သွားတာပေါ့ ။ နှုတ်ဆက်ရုံကလေးများ ပြန် လှည့် လာရတယ် လို့ ။ မဟုတ်သေးပါဘူး ။ အိမ် ပေါ် ကဆင်း တော့ ပြန်မယ်ဆို ပြီး နှုတ်ဆက် သွားတာပါ လို့ တွေးတုန်း အိမ်ရှေ့ ကို မြင်း တစ်စီး ထပ် ရောက် လာတယ် ။ ကြည့် လိုက်တော့ ဆရာငြိမ်း ပဲ ဖြစ်နေ ပြန်တယ် ။


“ ဟောဗျာ ... ဆရာငြိမ်း က ဘယ်လို ဖြစ်တာတုံး ”   


“ ခင်ဗျား ကို နှုတ်ဆက်ဖို့ မေ့သွား သလားလို့ ”   


“ ရော် ”  


ကိုဘထွန်း မျက်လုံး ပြူးရ ပြန်ရော ။ 


ကိုဘထွန်း တွေးပြီး တစ်ခု ခု တော့ တစ်ခု ခု ပဲ ။ ဘာတုံး တော့ မသိဘူး ။ စောင့် ကြည့် နေ လိုက်တယ် ။ ဆရာ ငြိမ်း မြင်းဇက်ကြိုး ကို အတင်း ဆွဲ လှည့်ပြီး ထွက် သွား ပြန်တယ် ။ ခုနက လိုပဲ ဝိုင်းပေါက် ရောက်တော့ နောက် ပြန် လှည့်လာ ပြန်တယ် ။ ကိုဘထွန်း သတိထားလိုက်မိ ပြီ ။ တိုင်းကျော်ကြီး က ဘာကြောင့် ပြန် ပြန် လှည့် လာ နေရတာတုံး ။


“ ဟ ... ဟ ... ဟ ... ဟကောင် သားကြီး တိုင်းကျော် ... ဟာ ... ဒီကောင် ... အိုး ” 


“ ဒုန်း ” 


 “ ဟာ ... ကျပဟေ့ ” 


အဖြစ်က ငိုအားထက် ရယ်အားသန် ။ ဒီ တစ်ခါ တော့ တိုင်းကျော်ကြီး က ဣန္ဒြေ ရရ ပြန်လှည့်လာတာ မဟုတ်တော့ဘူး ။ ကမူးရှူးထိုး ပြေးဝင် လာတာ ။ ဆရာငြိမ်း လည်း ထိန်း လို့ မမီလိုက် တော့ဘူး ။ မမီ ဆို မြင်းဇောင်း ထဲ က ထုပ်တန်း နဲ့ နဖူး တိုက်မိပြီး ပြုတ် ကို ကျ တာ ။ ကြည့် လိုက်တော့ ဣန္ဒြေ ကြီး လှ တဲ့ အဿထိုရ်ကြီး က အပျိုဖော် ဝင် စ မြင်းမလေး အနား မှာ ရွှေလည်တိုင် ကို ကွယ် အနမ်းလေး ပေးချင်တယ် သီချင်း ဆို နေတယ် ။ လက်စသတ် တော့ ဒါကြောင့် ကိုး ။


 “ ကျုပ် ကောင်ကြီး ဘာ ဖြစ်နေတယ် ဆိုတာ ကျုပ် သိတယ်ဗျ ။ ကိုဘထွန်း ကို အားနာ လို့ ကျုပ် သား က ခင်ဗျား သမီး ကို ဟို ဟို ” တဲ့ ။


ဆရာကြီး ရိုး ပုံ ပြောပါတယ် ။ ပြောစမှတ်ကြီး ကို ဖြစ်လို့  ။


  •••••   •••••   •••••


ဆရာငြိမ်း မှာ သမီး သုံးယောက် ရှိပါတယ် ။ သား မပါဘူး ။ ဆရာငြိမ်း က သားကလေး လိုချင် နေတယ် ။ ဆရာကတော် မှာ လေးယောက်မြောက် ကိုယ်ဝန် ရှိတော့ ဆရာငြိမ်း က သားကလေး မွေးမယ်လို့ ထင်ပုံ ရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီ အချိန် မှာ ရွာဦးကျောင်း ဆရာတော် က စုပေါင်း ရဟန်းခံပွဲ လုပ်တယ် ။ ဆရာတော် က ဆရာငြိမ်း ကို လည်း ဒုလ္လဘ ဝတ်စေ ချင်တယ် ။ ဒါနဲ့ ဆရာငြိမ်း ဒုလ္လဘ ဝတ်ဖြစ် သွားတယ် ။


ဒုလ္လဘ ဝတ်ဖို့ ရွာဦးကျောင်း ကို ဆံချ သွားခါနီးမှာ ကိုယ်ဝန်ကြီး နဲ့ ဆရာကတော် ဒေါ်အေးသာ ကို နှုတ်ဆက်တာ ဒေါ်အေးသာ မျက်လုံး ကို ပြူး ရော ။  


“ အေးသာ ငါ သွားမယ် နေ ကောင်းအောင် နေ ”  


ဒါ နဲ့ မပြီးသေးဘူး ။ ဒေါ်အေးသာ ရဲ့ စူ နေတဲ့ ဗိုက် ကို လက် နဲ့ ပွတ်သပ်ပြီး “ သား ” လို့ ခေါ်တယ် ။ ဆရာကတော် က တော့ လုပ်ချလိုက်ပြန်ပြီ ၊ အထီး မှန်း အမ မှန်း မကွဲသေး တာ ကို “ သား ” လို့ နှုတ် က ထွက်ပြီး တောင် ရူး ရှာတဲ့ ကျောင်းဆရာကြီး ကို ပြုံးမိတာပေါ့ ။ ပို ဆိုး သွားတာက  


“ သား အဖေ က တော့ ဘုန်းကြီး ဝတ်ရတော့မယ် ။ သား ရောက်ရှိရာ ဘ ဝ က သာဓု ခေါ်ပါ ” တဲ့ ။ ဒေါ်အေးသာ မျက်လုံးကြီး ပြူး ပြီး ရင်ဘတ် ပဲ ဖိ နေ လိုက်ရတယ် ။ 


နောက် တစ်နေ့ ဒုလ္လဘ ရဟန်းတွေ ရွာစဉ် လှည့် ဆွမ်း ခံ တော့ ဒေါ်အေးသာ က ဆွမ်းထွက် လောင်းရင်း “ ကိုယ်တော် ညနေ ကျ ရင် အိမ် ကို ကြွခဲ့ပါ ဘုရား ” လို့ လျှောက်တယ် ။ ဒါက ထုံးစံ ရှိတယ် ။ ဒုလ္လဘရဟန်း ဆို တာ ညစာ မစားတဲ့ အလေ့အကျင့် မရှိသေးဘူး ။ အခု မှ သင်္ကန်း စ ပတ်ဖူးတဲ့ လူတွေ ဆိုတော့ ညဘက် ဆာလောင် နေမှာ စိုး ကြတယ် ။ ညဘက် အဆာ ခံ အောင် ဆိုပြီး အိမ်သားတွေ က သူတို့ ဦးပဇင်းတွေ ကို ညနေ ဘက် အိမ် ပင့် ပြီး ထန်းလျက် ၊ ချင်းသုပ် ၊ ချိုချဉ် စသဖြင့် ကပ်ကြတဲ့ ဓလေ့ ရှိတယ် ။ ဆရာကတော် ဒေါ်အေးသာ လည်း ဒီ သဘော နဲ့ ညနေ အိမ် ကြွခဲ့ပါဘုရား ပင့်တယ် ။ အဲဒီမှာ ဆရာငြိမ်း က ဘာ ပြ န်ပြောသလဲ ဆို ...


“ မအေးသာ ရယ် ... တရား နဲ့ သာ ဖြေပါတော့ ကွယ် ။ မင်း နဲ့ ငါ က ဘဝ ခြားသွားပြီကွဲ့ ” တဲ့ ။ တန်းစီ ပြီး ဆွမ်းခံ နေတဲ့ ဒုလ္လဘတွေ ဣန္ဒြေ တောင် မဆောင် နိုင်ဘူး ။ ဆရာငြိမ်း လုပ်ပုံ ။ ဆရာငြိမ်း ဆိုတာ အဲသလို တွေ ပြောစမှတ် များတဲ့ လူပါ ။


ဆရာငြိမ်း က ယောက်ျားလေး ထင် တဲ့ အဲဒီ ကိုယ်ဝန် တကယ် မွေးတော့ လည်း ယောက်ျားလေး ပါ ပဲ ။ ဆရာငြိမ်း ဆိုတာ ပျော်လွန်း လို့ နေဝင်ဖျိုးဖျ မိုးချုပ်ချုပ် မှာ ရွာပြင် ထွက် က တာ ကွေး လို့ ။ အဲဒါ ကျောင်းအုပ်ကြီး အစစ် ။


  •••••   •••••   •••••


နောက်ထပ် ပြောစမှတ် တစ်ခု က တော့ ရိုးသား တာ လား ။ အ တာ လား တောင် မခွဲနိုင်အောင်ပါပဲ ။ ရိုးလွန်း တာ ဟာ  အ ’ တာ နဲ့ အတူတူ ပါ ပဲ ။


တစ်ခါမှာ ဆရာငြိမ်း မြို့ ကို သွား ရင်း ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက် အိမ် ရောက် သွားတယ် ။ သူငယ်ချင်း အိမ် ရောက်တော့ ရှေးဟောင်း နှောင်းဖြစ် တွေ ပြောရင်း သူငယ်ချင်း အိမ် က စာအုပ်စင် ကို မြင်သွား ပြီး ထ ကြည့်တယ် ။ စာအုပ်တော့ ကိုင် မကြည့်ဘူး ။ ပြန် ထိုင်တယ် ။ မိုးချုပ်တော့ ပြန် သွားတယ် ။ နောက် တစ်နေ့ ကျ ထပ် လာတယ် ။ စာအုပ်စင် ကို သွား ကြည့်တယ် ။ ထိုင်ခုံ မှာ ပြန် ထိုင်တယ် ။ ဒါနဲ့ပဲ မိုးချုပ် တော့ ပြန် သွား တယ် ။ နောက် တစ်နေ့ လည်း ဒီလိုပဲ ။ လာ လိုက် ပြန် လိုက် ၃ - ၄ ရက် လောက် ရှိတော့ သူငယ်ချင်း က စဉ်း စားတယ် ။ ဒီကောင် ငါ့ အိမ် လာ လာနေတာ အကြောင်း တစ်ခု ခု ရှိပုံရတယ် ။ ဘာများပါလိမ့် ။ ဒီ တစ်ခါ လာရင် တော့ ပွင့်ပွင့်လင်းလင်း မေးမယ် လို့ တွေး ပြီး နောက် တစ်နေ့ ဆရာငြိမ်း ရောက် လာ တော့ ...


 “ မင်း ငါ့ ဆီ လာ လာနေတာ အကြောင်း တစ်ခု ခု ရှိ ပုံရတယ် ။ ငါ ဘာ ကူညီရမလဲ ” လို့ မေး လိုက်တယ် ။ ဆရာငြိမ်း မျက်နှာ က ဝမ်းသာတဲ့ အရိပ်အရောင် သန်း သွား ပေမယ့် ချက်ချင်း ပဲ မျက်နှာ က ပြောင်း သွားပြီး ...  


“ ဘာမှ မရှိပါဘူးကွာ ။ မင်း ကို သတိရ လို့ပါ ” တဲ့ ။ 


ဆရာငြိမ်း ရဲ့ အူကြောင်ကြောင် အပြော ကို သူငယ်ချင်း ပြုံးမိတယ် ။ မယောင်မလည် နဲ့ နောက်ဖေး ထွက် ချင် ယောင် ဆောင်ပြီး အပြင် က နေ အကဲခတ် ကြည့် တော့ မှ သဘော ပေါက် သွားတယ် ။


 “ မင်း လိုနေတာ ဒါ မဟုတ်လား ” ဆိုပြီး ကျီးသဲလေးထပ် ဆရာတော် ရဲ့ ဇိနတ္ထပကာသနီကျမ်း ကို ထုတ်ပေးတော့


 “ မင်း မသိဘူး ထင်နေတာ ၊ အားနာလိုက်တာ ကွာ ” တဲ့ ။


သူငယ်ချင်း ဖြစ်သူ က ပြုံးတယ် ။ သိတာပေါ့ ။ ဒီ ကောင် အားနာတတ်တဲ့ အကြောင်း ။ အူကြောင်ကြောင် နိုင်တဲ့ အကြောင်း ၊ စာအုပ် လိုချင်တာ ကို အားနာ ပြီး မပြောရဲတဲ့ အကြောင်း ၊ ဒါကြောင့် နောက်ဖေး ထွက်ပြီး အကဲခတ် တော့ ဘယ်သူမှ မသိဘူး ထင်ပြီး သူ ကြည့် ချင် တဲ့ စာအုပ် ကို ဆွဲထုတ် ပြီး ကြည့်တယ် ။ ပြီးတော့ စင် ပေါ် အသာ ပြန်ထား ။ ထိုင်ခုံ မှာ ဘာမှ မဖြစ်သလို ပြန် ထိုင် ၊ ဒါတွေ မြင်ရတော့ သူငယ်ချင်း လည်း သဘောပေါက် သွားတာပေါ့ ။


“ ငါ့ ကို ရောင်းပါ လို့ ပြောရမှာ အားနာလို့ ကွ ၊ မင်း လည်း နှမြောမှာပေါ့ ”  တဲ့ ။


“ ရပါတယ် ။ နောက် မန္တလေး ဘက် ကြုံ မှ ပြန် ဝယ် လိုက်ပါ့မယ် ။ အခု မင်း လို နေရင် ယူသွားပါ ”   


“ အလကား မယူပါဘူးကွာ ၊ ဝယ်မှာပါ ၊ အခုတော့ ပိုက်ဆံ မပါသေးဘူးကွာ ။ နောက်မှ လာ ပေးပါရစေ ” 


“ တကူးတက လာ ပေး မနေပါနဲ့ကွာ ။ ငါ က စေတနာ နဲ့ ပေးတာပါ ”  


ဘယ်လို ပြောပြော မရဘူး ။ နောက် ရက် အတော် ကြာ တော့ တကူးတက ကို စာအုပ်ဖိုး လာ ပေး ရှာတယ် ။ 


ဒါလည်း ပြောစမှတ် ဖြစ်လောက် တဲ့ ဆရာငြိမ်း အကြောင်း ပဲ ။ တကယ့်ကို လာ ပြန် မပေးတော့ ရော စာအုပ် တစ်အုပ်ဖိုး နဲ့ ဘယ်သူ က တခုတ်တရ လုပ် ပြောနေ မှာတုံး ။ အစတည်း က စေတနာ နဲ့ ပေးပြီးသား ဟာ ။ လာ ပြန် ပေး လိုက် မှ အ,လိုက်တာ ဆိုပြီး ပြောစမှတ် ဖြစ်သွား တယ် ။ ကျောင်းဆရာကြီး ဖြစ်ပြီး ဒီလို အ လို့ လည်း သူ့ တိုက်ပုံ က ဘယ်တော့ မှ အရောင် မထွက်တာ နေ မှာ ။ အခု လည်း လာပြန်ပါပြီ ။ ဘယ်လို ပြောစမှတ်တွေ ထပ် ကြားရဦးမလဲ ဆိုတာ နားထောင် လို့ သာ နေကြပေရော့ ။


အခု ဆရာငြိမ်း အိမ် ကို ရန်ကုန်မြို့ က ဝန်ကြီး ဆိုလား ရောက်နေတယ် ။


  •••••   •••••   •••••


ဟုတ်တယ် ဒုဝန်ကြီး တဲ့ ။ ဘယ်ဌာန က တုံး တော့ မသိဘူး ။ ကျောင်း တုန်း က သူငယ်ချင်း လို့ ပြောတာပဲ ။ စစ်ကြီး အတွင်း တုန်း က မြို့ပေါ် မှာ အပစ်အခတ်တွေ များ လို့ စစ်ဘေးဒုက္ခသည် ဘဝ နဲ့ ရွာတွေ ဘက် ပြေး လာ ရင်း ဆရာငြိမ်း အိမ် မှာ စစ်ရှောင်ခဲ့ရတယ် လို့ ပြော တယ် ။ အခု အဲဒီ ကျေးဇူးတွေ ဆပ်ချင်လို့ ဆရာငြိမ်း အိမ် ကို ရောက် လာတာ တဲ့ ။ 


“ ကဲ ... သူငယ်ချင်း မင်း ဘာဖြစ်ချင်လဲ ၊ ဘာ လုပ်ချင်လဲ ၊ ဘာ လိုသလဲ ပြော ၊ အားမနာ နဲ့ ” 


လူတွေ က တော့ သူငယ်ချင်း ဝန်ကြီး ဆီ က ဆရာငြိမ်း ဘာများ တောင်းမလဲ ။ မြို့ပေါ် မှာ ခြံ တစ်ခြံ တိုက် တစ်လုံး တောင်း မလား ၊ ရွာ မှာ ပဲ ကား ကောင်းကောင်း တစ်စီး လောက် တောင်းမလား ။ မြင်းကောင်း တစ်ကောင် တောင်းရုံ နဲ့ တော့ မတန်ဘူး ။ ဘာ တောင်းတောင်း ဝန်ကြီး ဆို တော့ ပေးနိုင်တာ ကို ရွာ က သိထား ကြတယ် ။ ဆရာငြိမ်း က တော့ ကော်ပြီ ပေါ့ ။ 


တကယ်တမ်း ဆရာငြိမ်း စကား လည်း ကြားရော အောင်မလေး လို့ ကို တ ယူရတယ် ။ တန်ခိုးရှင် ဝန်ကြီး တောင် ကြက်သေသေ မတတ် ။ 


ဆရာငြိမ်း ပြော တာ က ... 


“ ငါ့ မှာ မင်း လို တိုက်ပုံ ကောင်းကောင်း မရှိဘူး ကွာ ။ ပေးလို့ ရရင် မင်း တိုက်ပုံလေး ငါ့ ချွတ် ပေးခဲ့စမ်းပါ ” တဲ့ ။ 


မယုံရင် ပုံပြင် ထဲ က ကျောင်းဆရာ လို့ သာ မှတ် ။ အခု ကျောင်းဆရာ တွေ နဲ့ တော့ ကွာ ပါ့ ။


◾လှမိုးသစ် ( ကျောက်ဆည် )


📖 FACES မဂ္ဂဇင်း 

      ဧပြီ ၊ ၂၀၁၄


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment