Thursday, February 22, 2024

မောင်ရုပ်ဆိုး နှင့် တွေ့ဆုံခြင်း


 ❝ မောင်ရုပ်ဆိုး နှင့် တွေ့ဆုံခြင်း ❞


လွန်ခဲ့သော ဆယ်နှစ် ခန့် က ကျွန်တော် ဖြစ်ခဲ့သော ရန်ပွဲလေး တစ်ခု ။ ရန်ပွဲ ဆိုသော်လည်း စကား တစ်ခွန်း လက်သီး တစ်ချက် ဖြင့် ပြီးဆုံးခဲ့သည် ဟု ဆိုရမည် ။


“ ဟေ့ကောင် …. မင်း လို ခါးကုန်း ကျောက်ရူး က များ ငါ့ နှမ ကို ကြိုက်ရတယ် လို့ ၊ ရာရာစစ ၊ ကဲကွာ .. မင်း အတွက် ဒါပဲရမယ် ”


ထို စကား နှင့် အတူ ကျွန်တော့် မျက်နှာ ပေါ် သို့ ပြင်းထန်သော လက်သီးချက်များ ကျရောက် လာခဲ့သည် ။ ကျွန်တော့် နှုတ်ခမ်း ပေါက်ပြဲ ကာ သွေးထွက် လာသည် ။ ကျွန်တော့် မျက်နှာ ကို ထိုးရတာ သူ့ လက် ပင် သန သွား သည် ဟု ပြောသည် ။


ထို လက်သီး နှင့် ထို စကား ကြောင့် ဇာတိ ရပ်ရွာ မြို့ကလေး မှ ကျွန်တော် ကျောခိုင်း ထွက်ခွာ လာခဲ့သည် ဟု ဆိုလျှင် လည်း ဖြစ်နိုင်ပါသည် ။


 •••••   •••••   •••••


ကျွန်တော် ၏ သိမ်ငယ်စိတ် ၊ ကျွန်တော် ၏ ကြီးမြင့်လို စိတ် ပုဂ္ဂလိက ခံစားမှုများ ပါဝင်ပြီး လူ ဖြစ်ရခြင်း အပေါ် နာကျင်ခါးသီး ရာ မှ အံ့သြ ဝမ်းမြောက်လာခဲ့ပုံ များ ကို တတ်စွမ်း သလောက် ရေးသား ဖော်ပြမည့် ဝတ္ထု ကို “ မောင်ရုပ်ဆိုး နှင့် တွေ့ဆုံခြင်း ” ဟု အမည် ပေး ထား ပါသည် ။


မောင်ရုပ်ဆိုး ဆို သူ မှာ အခြား သူ မဟုတ် ကျွန်တော် ကိုယ်တိုင် ပင် ဖြစ်ပါ၏ ။ ကျွန်တော် သည် စာရေးဆရာ တစ်ဦး တော့ မဟုတ်ပါ ။ သို့သော် ပြောချင် ဆိုချင် ရင်ဖွင့်ချင် သော စိတ်ဆန္ဒ ပြင်းပြနေသူ မို့ စာ ကို ကြိုးစား ပမ်းစား ရေးစမ်းကြည့် နေ မိပါသည် ။ ကျွန်တော့် ရပ်ရွာ မှ လူများ က တော့ ကျွန်တော့် ကို လက်သမားဆရာ တစ်ဦး အဖြစ် သိထားကြပါ၏ ။ ကျွန်တော့် တစ်သက်လုံး လည်း လက်သမား အလုပ် ကို ပဲ လုပ်ကိုင် ဖို့ ဆုံးဖြတ် ပြီးပါပြီ ။ စာရေးဆရာ ဖြစ်လိုသည် ဆိုသည် မှာ စာရေးခြင်း ဖြင့် အသက်မွေးဝမ်းကျောင်းရန် ၊ စာရေးခြင်း ဖြင့် ကြီးပွားရန် ရည်ရွယ်ချက် မရှိပါ ။


ကျွန်တော် ၏ ဘဝ အကြောင်း ဖွင့်အန် လို ၍ ၊ လူ့ လောက လူ့ဘဝ အကြောင်း ကျွန်တော် တတ်သမျှ မှတ်သမျှ ထုတ်ဖော် လို ၍ စာ ရေးရန် ဆန္ဒ ပြင်းပြနေခြင်း ဖြစ် ပါသည် ။ ကျွန်တော် သည် လည်း ခံစားချက် နှင့် လူ တစ်ယောက် မဟုတ်ပါလား ။ အနာလေး ရှိထားသည့် လူ တစ်ယောက် မဟုတ်ပါလား ။ သို့ပေမယ့် စာ ရေးသည့် အတတ်ပညာ ကျွန်တော် မကျွမ်းကျင်ပါ ။ ဝတ္ထု နာမည် ကို တောင် ဘာ ပေးရမှန်း မသိ ၊ စဉ်းစားရ ကျပ်ပြီး မှ လွယ်လွယ်ရှင်းရှင်း “ မောင်ရုပ်ဆိုး နှင့် တွေ့ဆုံခြင်း ” ရယ် လို့ ပေးထားခဲ့ပါပြီ ။


အဓိပ္ပာယ် က တော့ ကျွန်တော် မောင်ရုပ်ဆိုး ရဲ့ အတ္ထုပ္ပတ္တိ တစ်စိတ် တစ်ဒေသ ပါပဲ ။ ဘဝဇာတ်ကြောင်း ဆို သော် လည်း အစီအစဉ် တကျ တော့ ဖြစ်ချင် မှ ဖြစ်မှာပါ ။ ကျွန်တော် စိတ်ကူး တည့် သလို ရေးတတ် သလို ရေးထားတာမျိုးပဲ ဖြစ်မည် ထင်ပါသည် ။


ပြီးတော့ သည် ဝတ္ထု မှာ ကျွန်တော် ပြောချင်တာ တွေ က အများကြီး ဖြစ်နေမှာ သေချာပါသည် ။


ကျွန်တော် ၏ အရုပ်ဆိုး အကျည်းတန် သော အကြောင်း ၊ ထိုသို့ ရွံ့စရာ အရုပ်ဆိုး အကျည်းတန် မှု အပေါ် လူတွေ ရဲ့ သဘောထား ၊ ကာယကံရှင် ကျွန်တော် ကိုယ်တိုင် က ကော ရုပ်ဆိုးခြင်း အပေါ် ဘယ်ပုံ ရှုမြင် ထားသနည်း ၊ သည်အကြောင်းတွေ ရေးချင်ပါသည် ။ ရေးနိုင် စွမ်း ရှိချင်ပါသည် ။


နောက်ပြီး ဆိုင်သလား ၊ မဆိုင်သလား လည်း မသိ ။ ကြီးကြီးကျယ်ကျယ် ကျွန်တော် ပြောချင်တာ ရှိသေး သည် ။ ကျွန်တော် စာရေးဆရာ ဖြစ်လိုခြင်း ၏ အကြောင်း ရင်း လည်း ဖြစ်မည် ထင်ပါ၏ ။ ဆီးစေ့ နှင့် မြင်းမိုရ်တောင် ပမာ ဆက်သွယ် ထားရသော လူသား နှင့် ဩကာသ လောက အကြောင်း ။ အဆုံးမဲ့ အစမဲ့ သော အနန္တ စကြဝဠာကြီး ထဲတွင် မိမိ ၏ အသက်ဝိညာဉ် ရှိနေသော အဖြစ်သည် သေးနုပ် သိမ်ငယ်စရာ ဖြစ်တည်မှု မဟုတ်ဘဲ ဧကန် ကြီးကျယ် ခမ်းနား ခဲ့သည် ဟူသော အကြောင်း ဖြစ်သည် ။


ဤ ယုံကြည်ချက် သည် ကျွန်တော် ၏ ဘဝ မြဲမြံ သန်စွမ်းမှု အတွက် အဓိက ကျသော မောင်းနှင်အားကြီး တစ်ခု လည်း ဖြစ်ပါ၏ ။ ထိုသို့ မဟုတ်ဘဲ စကြဝဠာ ကြီး ထဲ တွင် လူ အဖြစ် ရပ်တည် နေရခြင်းသည် အတန် သေးနုပ်ငယ်ငေါင်း ၍ အဓိပ္ပာယ် မဲ့ ၊ အနှစ်သာရ မဲ့ သည် ဟု ယုံမှတ် ပါ က လူသား ၏ ရုပ်ပုံလွှာ သည် မှုန်ဝါး သည် ထက် မှုန်ဝါး လာပေလိမ့်မည် ။


ယခု နောက်ထပ် တစ်မျိုး တစ်ကဏ္ဍ ကျွန်တော် ပြောပါဦးမည် ။


ဦးနှောက် ကျပ် မပြည့် အရည်မမီ သည့် လူ များစွာ မှ စ၍ အသိဉာဏ် ထက်မြက် ၍ အမြော်အမြင် ကြီးသော ပညာရှင်ကြီး များ အထိ သတ္တဝါ ဝေနေယျ တို့ သည် အစာ ရေစာ ကို ဆာလောင် မွတ်သိပ်ကြ၏ ။ ကျွန်တော်တို့ သည် ဘီလူးသဘက်များ မဟုတ်ကြ သော်လည်း သူ တစ်ပါး အသက် ကို မှားမှားမှန်မှန် နှစ်သက်စွာ စားသောက် ခဲ့ ကြ၏ ။ အမဲကောင် ကို သတ်ဖြတ် ပေးမည့် သူ မရှိ လျှင် ၊ ငါး ကို ဖမ်း ပေးမည့် သူ မရှိ လျှင် ကိုယ်တိုင် အမဲ လိုက် ၍ စားသောက်ကြရမည် ။ ကိုယ်တိုင် တံငါ လုပ် ၍ ဝမ်းစာ ရှာဖွေကြရမည် ။ ဤသို့ဖြင့် ဘဝ သည် ဘယ်လောက် အရိုင်းအစိုင်း ဆန်ခဲ့၍ ဘယ်လောက် ကြမ်းတမ်း ခက်ထန်ခဲ့ပါ သနည်း ။


ဆာလောင်မွတ်သိပ် သော ဝမ်း ၊ မွတ်သိပ် သော လျှာ ဖြင့် အသားငါး ၊ အသီးအရွက်များ ကို မြိန်ရေရှက်ရေ စားသောက် ခဲ့ကြသည် ။ ပြီးတော့ ကျွန်တော် တို့ သည် အလုပ် ကို ကုန်းရုန်း လုပ်ကြမည် ။ တချို့ တစ်ဝမ်း တစ်ခါး အတွက် အရှက် ကို မငဲ့နိုင် ၊ အသက် ကို မငဲ့နိုင် အလုပ် လုပ် ကြရ၏ ။ (ကျွန်တော် ၏ အလုပ် မှာ လက်သမား အလုပ် ) ည ရောက်တော့ အိပ်ရာ တွင် တစ်ကိုယ်လုံး ပစ်လှဲ ကာ အသေကောင် လို သတိ မရှိတော့ ဘဲ တရှူးရှူး အိပ်မော ကျ ကြမည် ။ လူ့ ဘဝ တွင် ကျွန်တော် တို့ သည် စကား များစွာ ကို လည်း ဖွာလန်ကြဲအောင် ပြောခဲ့ကြသည် ။


ကဲ ... ဘဝ ဟူသည် သည်လို ပဲ ပြီးစတမ်းလား ။ ဒါကို လူ လို့ ခေါ်ကြမည်လား ။ အကြမ်းထည် သက်သက် ပဲ လား ။ ရုပ်ပိုင်း ကျကျ ပဲ စခန်းသွား အဆုံးသတ် ကြရတော့မည်လား ။ လူ ၏ ရုပ်ဝတ္ထု ဆန်မှု အကြမ်းထည် ဘဝ ၊ လူ ၏ ကိစ္စမြားမြောင်သော နိစ္စဓူဝ လုပ်ငန်း ဆောင်တာများ က ခမ်းနား ဆန်းပြားသော ၊ ကျယ်ဝန်း နက်ရှိုင်းသည် ဆို သော လူ့ ဘဝ ကို ပျက်ပြုန်း ပျောက်ကွယ်နိုင်စွမ်း ရှိပါသလား ။


ကျွန်တော် ဖြတ်သန်း လာခဲ့သော ခရီး ကို ပြန်လည် ငဲ့စောင်း ကြည့် မိတော့ ရုန်းလိုက် ကန်လိုက် ၊ ပျော်စရာ ရှာလိုက် ၊ ငြီးငွေ့ လိုက် ဖြင့် အတော်ပဲ အကြမ်းထည် ဆန် ခဲ့သည် ။ ကျွန်တော် ၏ ပုံမကျ ပန်းမကျ မျက်နှာ ၊ ဆိုးရွား ကြမ်းထော် သော ရုပ်လက္ခဏာ နှင့် လူ ရယ်စရာ ကြောင်စီစီ အဖြစ်သနစ်များ ၊ လူ အချို့ ၏ မုန်းတီးမှု နှင့် အနှိပ်အနင်း ခံရခြင်းများ ၊ လူရာ မသွင်း ခံရခြင်းများ နှင့် ရင်ဆိုင် တွေ့ကြုံ ခံစားခဲ့ရ၏ ။


ဘဝ ဆိုသည် ဒါပဲလား ၊ မဖြစ်နိုင်ပါ ။ ကျွန်တော် က တော့ ငြင်းချင်သည် ။ ဘဝ ၏ ကိုယ်ထည် ပြင်ပ တွင် လက်တွေ့ ကျ ၍ အကြမ်းထည် ဆန်နေခြင်းများ ရှိသည် ဆိုပါ လျှင် ဘဝ ၏ ကိုယ်ထည် အတွင်းတွင် စိတ်နှလုံး ၏ နူးညံ့သိမ်မွေ့ နက်ရှိုင်းသော နယ်ပယ်များ ၊ စိတ်နှလုံး အားဖြင့် သာ ဖော်ထုတ်၍ ရသော တန်ဖိုး သတ်မှတ် ရန် ခက်ခဲသည့် အလှတရားများ သည် လည်း မလွဲမသွေ ရှိရမည် မဟုတ်ပါလား ။ “ စိတ် ” ဆိုသည် မှာ ပါဠိ စကား စိတ္တ ၊ သက္ကတ အခေါ်  စိတြ ။ အနက်အဓိပ္ပာယ် က တော့ စိတ် ဆိုသည် ဆန်းကြယ်ခြင်း လို့ ဆိုသည် မဟုတ်လား ။


  •••••   •••••   •••••


ကျွန်တော် ၏ စကားများ ဟိုရောက် သည်ရောက် ဖြစ်နေ လျှင် ခွင့်လွှတ်ပါ ။ ကျွန်တော့် တွင် ပြောစရာတွေ များပြီး ပြောချင်စိတ်တွေ ရှေ့ လောကြီး နေခဲ့ရပါသည် ။ ကျွန်တော် စာရေးဆရာ ဖြစ်လိုခြင်း ၏ နောက် အကြောင်း တစ်ခု မှာ အပြင် လောက တွင် ကျွန်တော် ၏ စကား ကို ဘယ်သူ မှ အရေးတယူ ဂရုတစိုက် နားမထောင် ကြပါ  ။ ကျွန်တော့် ကို လူစဉ် မမီသူ အဖြစ် ဘယ်သူ က မျှ လက်ခံ စကား ပြော မနေချင်ကြပါ ။ ထို့ကြောင့် လူအများ နှင့် စကားပြောခွင့် ၊ ဆွေးနွေးတိုင်ပင်ခွင့် မကြုံတိုင်း ကျွန်တော် ပြောလိုသည် ကို စာရွက် ပေါ် မှာ ပဲ ချ ရေး နေရ ပါတော့သည် ။


ကျောက်ပေါက်ခွက် ဗရပွ ၊ အသား မည်းမည်း ကျွန်တော် ၏ ဘဝ တွင် အရုပ်ဆိုး အကျည်းတန်မှု ကို မကောင်းဆိုးရွား အရိပ်မည်းကြီး ပမာ ကာလရှည်ကြာ ထိုးကျ နေခဲ့သည် ။ မသိမသာ ဖြစ်စေ ၊ ကွယ်ရာတွင် ဖြစ်စေ လူတွေက ကျွန်တော့် ကို ခါးကုန်းကျောက်ရူး ဟု ခေါ် ကြ၏ ။ ထိုသို့သော စိတ်ပျက်ဖွယ် ဥပဓိရုပ် ကြောင့် ဘယ်သူ က မျှ လူရာ မသွင်းချင်ကြ ။ ကျောင်းပညာ က လည်း တစ်ဝက် တစ်ပျက် ၊ အထက်တန်းကျောင်းသား ဘဝ တွင် ဆုံးခန်း တိုင် ခဲ့၏ ။


ကျွန်တော် နေ့တိုင်း လိုလို မှန် ကြည့်ပါသည် ။ လူပျို ပေါက်အရွယ်တုန်း က တော့ မှန်ကြည့် မိ တိုင်း စိတ်ဆင်းရဲ ခဲ့ရသည် ။ ကျွန်တော့် အသားအရောင် က မည်း သည့် ဘက်ပါသည် ။ ကျောက်ပေါက်ခွက်က သေးသေး ကွေးကွေး မဟုတ် ၊ လက်တစ်နှိုက် ဗရပွ ၊ မျက်လုံး က ငါးမျက်လုံး လို ပြူးပြဲပြဲ ။ နှာခေါင်း ကျ ပြန်တော့ မျောက် တစ်ကောင် လို နှာတံပြား ပြီး နှာခေါင်းပေါက် လန် နေသည် ။ သွားတွေ က ဟို တစ်ချောင်း ဒီ တစ်ချောင်း ကျိုးတိုးကျဲတဲ ။ မေးရိုး က လိုတာ ထက် ပိုပြီး ကား နေသည် ။


မေရိုး အနေအထား ကို ပြေပြေပြစ်ပြစ် ဆင်းသွား စေလိုသည် ။ သွားတွေ ညီညာစေချင်သည် ။ နှာတံ သိပ် လှစရာ မလို ၊ ကြည့်ပျော်ရှုပျော် ဆို တော်ပါပြီ ။ အသား လည်း မဖြူဘူး ဆိုရင် တောင် ခုလောက် မမည်းဘဲ ညိုတယ် ဆိုရင် တော်ပါပြီ ။ လူမမယ် အရွယ် ငယ်ငယ် က ကျောက်ကြီး မပေါက်ခဲ့ ရင် ဝမ်းအသာ ဆုံး ပေါ့ ။


လူပျိုပေါက် အရွယ် တုန်းက တော့ ကိုယ့် မျက်နှာ မှန် ထဲ ကြည့် မိ တိုင်း ဝမ်းနည်း ရသည် ။ ဘယ်သူ့ ကို နာကြည်းရမှန်း မသိ နာကြည်း မိသည် ။ ကျောက်ကြီး ပေါက် တုန်း က တစ်ခါတည်း သေ သွားခဲ့ လျှင် အကောင်း သား လို့ မကြာခဏ တွေး မိသည် ။ ခုတော့ တစ်မျိုး စဉ်းစား တတ် လာပါပြီ ။ ခုတော့ ကျွန်တော့် မျက်နှာ ကျွန်တော် မှန် ထဲကြည့်မိ လည်း မတုန်လှုပ်တော့ ။ သည် မျက်နှာ သည် ရုပ် ကြောင့် ပေါင်းသင်း ဆက်ဆံရေး မှာ အခက်အခဲ ဖြစ်ရသည် ။ ကျွန်တော့် မျက်နှာ ကို ကြည့် ရ တာ နှစ်သက်ဖွယ် ရာ မရှိ ၊ ရွံ့စရာ ကောင်းသည် ဆို လျှင် ကျွန်တော့် မျက်နှာ ကို မကြည့်ဘဲ ဆက်ဆံကြပါ ၊ လက်ခံ စကား ပြောကြပါ ။ ကျွန်တော် ကျေနပ်ပါပြီ ။ ခုတော့ လူတွေ က ကျွန်တော့် မျက်နှာ ကို စူးစူးစိုက်စိုက် ကြည့်ကြ နှာခေါင်း ရှုံ့ကြ ။ တချို့ ရိုင်းပျသူများ ၊ နိုင်လိုမင်းထက် ပြုလိုသူများ က တံထွေး တထွီထွီ လုပ် တတ်ကြသည် ။ သည်တော့ မခက်ပါလား ။ သို့ပေမယ့် ကျွန်တော် မတုန် လှုပ်တော့ပါ ။


ထို့ကြောင့် ကျွန်တော် ၏ ဘဝဇာတ်လမ်း မှာ စာရေးဆရာကြီး တစ်ဦး ပြော သကဲ့သို့ အစုတ်ထုပ် ဖြေ ပြ သော ဇာတ်လမ်း သာ ဖြစ်ပါလိမ့်မည် ။ ဘာ အဆောင် အယောင် မျှ မပါ ။ အခြွေအရံ အသင်းအပင်း လည်း နည်းပါး ၊ ငွေသံကြေးသံ လည်း မကြားရ ၊ မခမ်းနားသော ဇာတ်လမ်း သာ ဖြစ်ပါ၏ ။


သို့သော် ခုလို အနုညာတ ၊ မလှမပ ဘဝမျိုး ကို လောက တွင် မိမိ တစ်ဦး တည်း ပိုင်ဆိုင်ရသည် မဟုတ်ဘဲ ဘေးဘီ တွင် ကျွန်တော့် ကဲ့သို့ ဘဝများ ၊ ကျွန်တော့် ထက် ပင် ဆိုးရွား နိုင်သော ဘဝ များစွာ ရှိမည် ဆိုတော့ ကိုယ့် ကိုယ် ကိုယ် စုတ် တသပ်သပ် ဖြင့် သနား မဆုံး ဖြစ်နေဖို့ အကြောင်း မရှိတော့ပါ ။ ကျွန်တော်တို့ သည် မိမိ ၏ အတ္တ အပြင် အခြား အခြားသော အတ္တ များစွာ လည်း ရှိနေသေးသည် ကို သတိ ပြုမိဖို့ လိုပါသည် ။


လူ့ ဘဝ ကို ကျွန်တော် တို့ ထင်သာ မြင်သာ သော သစ်ပင် ၏ ပေါက်ရောက်ပုံ နှင့် ခိုင်းနှိုင်းရှင်းပြ လိုပါ သေး သည် ။ သစ်ပင် ၏ ဖွဲ့စည်းပုံ နှင့် လူ့ဘဝ ကို ထပ်တူ ပြု ၍ သုံးပိုင်း ပိုင်း ကြည့် လိုက်ပါ ။ ပထမပိုင်း သည် အခြေခံ ကျသော လက်တွေ့ကျသော စားဝတ်နေမှု ဘဝ ၊ ၎င်း ဘဝ သည် သစ်ပင် တစ်ပင် ၏ ရုန်းကန်လှုပ်ရှား သော အမြစ် ပိုင်း နှင့် တူပါသည် ။ သစ်ပင် ၏ အမြစ်များ သည် အစာ ရေစာ ရနိုင်ရန် အတွက် မြေအောက် အမှောင်တိုက် အတွင်း သို့ ထိုးဖောက် ဝင်ရောက် ရသည် ။ မြေကြီး ကို ခိုင်ခိုင်မြဲမြဲ ကုတ်တွယ် ထားရသည် ။ သူ့ အတွက် အစာ ရေစာ ရဖို့ နှင့် ခိုင်ခိုင်မြဲမြဲ ရပ်တည် နိုင် ဖို့ အဓိက ဖြစ်၏ ။


ဒုတိယပိုင်း မှာ သစ်ပင် ၏ ပင်စည်ပိုင်း ။ တွေးခေါ် ဆင်ခြင်မှု ၊ သိတတ်သည့် တရား ရှိမှု ဉာဏ်ပညာပိုင်း ဖြစ်ပါလိမ့်မည် ။ သစ်ပင် တစ်ပင် ၏ ကြံ့ကြံ့ခံ ရပ်တည် သော မတုန်လှုပ် သော ဣန္ဒြေပိုင်း သည် ပင်စည် မှာ ရှိပါ သည် ။ ပင်စည် သည် လူ ၏ ဉာဏ်ပညာပိုင်း နှင့် တူပါ သည် ။ ၎င်း အပြင် ပင်စည် သည် အမြစ်ပိုင်း နှင့် အကိုင်း အခက် အရွက် ပိုင်း တို့ ဆက်သွယ်ရာ အဓိက လမ်းမကြီး လည်း ဖြစ်နေ ပြန်ပါ၏ ။


တတိယပိုင်း ဖြစ်သော အသက်ရှင်မှု ၏ အထွတ် အထိပ် ၊ အနက်အရှိုင်း ၊ ထူးထွေသော ခံစားမှုများ ၊ နူးညံ့ သိမ်မွေ့သော အလှတရားများ သည် သစ်ပင် ၏ စိမ်းမြ သော အရွက် ၊ ဝင်းပသော အပွင့် ၊ ချိုမြိန်သော အသီးများ နှင့် ထပ်တူညီပါ လိမ့်မည် ။ ကျွန်တော် တို့ ၏ ဘဝများ ဘယ်သို့ပင် ကြမ်းတမ်း ခက်ထရော်ပါစေ ၊ သစ်ပင် တစ်ပင် ကဲ့သို့ ရုပ်လုံး ပီသလာဖို့ လိုအပ်ခဲ့သည် မဟုတ်လား ။


ထိုသို့ ဘဝ ၏ ကြမ်းတမ်းခက်မာမှု နှင့် နူးညံ့ သိမ်မွေ့ခြင်းများ သည် တစ်ပြိုင်တည်း မှာ အတူတကွ ဖြစ် နေပြီး တစ်ခု နှင့် တစ်ခု ဆက်သွယ် ၊ နွှယ်ယှက် နေမိကြ သည် ။ နှစ်ခုလုံး အရေးပါသည် ဟု ကျွန်တော် ပြောလို ပါသည် ။


သစ်ပင် ၏ အမြစ်ပိုင်း ၊ ပင်စည်ပိုင်း ၊ အကိုင်း အခက်ပိုင်း တို့ သည် တစ်ပိုင်း နှင့် တစ်ပိုင်း အသွင် သဏ္ဌာန် ရော အနှစ်သာရ ပါ လုံးဝ တူညီခြင်း မရှိဘဲ ဆက်သွယ် ပေါင်းစည်း နေကြသည် ။ ထိုသို့ မတူညီမှုများ ပေါင်းစည်းခြင်း သည် သာ ပြီး ပြည့်စုံခြင်း မည်ပါသည် ။


ထို့ကြောင့် ကျွန်တော် ၏ ဗဟိဒ္ဓိ အပေါ်လွှာ ဘဝ သည် မည်သို့ ပင် ဖြစ်စေတော့ အသက်ရှင်မှု ကို လိုအပ် ခဲ့သည် ဟု နားလည် သဘော ပေါက် ခဲ့ပြီ ။ အသက်မဲ့ခြင်း နှင့် အသက် ရှိခြင်း ၏ မတူညီ ကွဲပြား ခြားနားသော ဂုဏ်ရည် ကို သိရပြီ ။


ကျွန်တော် က ကိုယ့် ဘဝ ကိုယ် အစုတ်ထုပ်ကြီး ဟု နင့်နင့်နာနာ အမည် ပေး ထားခဲ့ သော်လည်း ယခုအခါ ထို အစုတ်ထုပ်ကြီး သည် မှော်အစွမ်း ဖြင့် ရင်သပ်ရှုမော အံ့သြ ၍ မကုန်နိုင်သော ( ကျွန်တော့် အတွက် ) တန်ဖိုးကြီး သော အစုတ်ထုပ်ကြီး အဖြစ် တပွေ့ပိုက်ပိုက် ရှိခဲ့ရပြီ မဟုတ်ပါလား ။ ကျွန်တော့် ဇာတ် ကို ကျွန်တော် နိုင် အောင် က ရမည် မဟုတ်ပါလား ။


 •••••   •••••   •••••


လွန်ခဲ့သော ဆယ့်ငါးနှစ် ခန့် က ဆောင်းရာသီ ။ ထိုနှစ် က ဆောင်းအအေးဓာတ် သည် လွန်စွာ ပြင်းထန်သည် ကို ကျွန်တော် မှတ်မိ နေသည် ။ နှင်းထု ဖြင့် မှောင်မှိုင်း နေသော ညနေခင်း တစ်ခု ၊ နေဝင်းဖျိုးဖျ အချိန်ဝယ် စိတ်ကူးယဉ် တတ်သော အသား မည်းညစ်ညစ် ၊ ကျောက်ပေါက်ခွက် လက်တစ်နှိုက် ၊ မျက်လုံး ပြဲပြဲ ၊ ငယ်ငယ်ရွယ်ရွယ် နှင့် ခေါင်း တွင် ဆံပင် ဖြူကြောင်ကြား က ပေါက် လိုက် သေးသော ကုန်းကွကွ လူဝံ တစ်ကောင် ( သို့မဟုတ် ) မောင်ရုပ်ဆိုး ကျွန်တော် သည် မိဘနှစ်ပါး ကို အသိ မပေးဘဲ ကျွန်တော့် အတွက် သူစိမ်းပြင်ပြင် ရှိလှသော ၊ ကျွန်တော့် အပေါ် အနိုင်ယူ လိုကြသော ပတ်ဝန်းကျင် မှ ကျောခိုင်း ထွက်ခွာ လာခဲ့ ပါတော့၏ ။


တကယ့် တကယ် တော့ ကျွန်တော့် အသက်အရွယ် က လည်း ငယ်ပါ သေးသည် ။ ကျွန်တော် ၏ အိမ်တွင်း အောင်း ဘဝ ၊ အတွေ့အကြုံ နုနယ်မှု ၊ လူရိပ်လူကဲ နား မလည် ၊ လူရည် မလည် မရင့်ကျက်မှု များ ကို ချေချွတ် ပြောင်းလဲ စေမည့် ကျောခိုင်းထွက်ခွာခြင်း ဖြစ်သည် ကို တော့ ကျွန်တော် ကြိုတင် မရိပ်မိခဲ့ချေ ။


ရန်ကုန်မြို့ကြီး တွင် ကျွန်တော့် အစ်ကို တစ်ဝမ်းကွဲ ရှိသည် ။ အစ်ကို က ရန်ကုန် ဘက် တွင် ဘတ်စ်ကား ဒရိုင်ဘာ ဖြစ် နေသည် ။ ထို အစ်ကို ဖြစ်သူ နှင့် ဆက်သွယ် ကာ ရန်ကုန် သို့ ရောက်လာခဲ့ခြင်း ဖြစ်၏ ။ ကျွန်တော့် ထံ တွင် ငွေကြေး အနည်းငယ် နှင့် အမေ ဆင်ပေး ထား သော ရွှေလက်စွပ်ကလေး တစ်ကွင်း တော့ ပါသည် ။


ဗဟန်း ဘက် မှ အိမ်ခန်း ကျဉ်းကျဉ်းကလေး တွင် အစ်ကို နှင့် အတူ နေထိုင်ကာ အလုပ်အကိုင် ရှာဖွေရာ တစ်လ လောက် ရှိ မှ သတင်းစာ ပို့ သည့် အလုပ် တစ်ခု သာ ကျွန်တော့် အတွက် မျှော်လင့်ချက် ရှိခဲ့ လေသည် ။


သို့ဖြင့် နှစ်လ သုံးလ အကြာ တွင် ကျွန်တော့် အိမ် မှ ပြန်လာခဲ့ဖို့ စာ ဖြင့် အတန်တန် မှာသည် ။ လူကြုံ ဖြင့် အတန်တန် မှာသည် ။ ကျွန်တော် မပြန်လို ၊ မပြန်ခဲ့ပါ ။ ရန်ကုန် မှာ ပဲ သတင်းစာ ပို့ သည့် အလုပ် ကို လုပ်နေခဲ့ သည် ။ အဆင်ပြေပါတယ် လို့ ကျွန်တော့် မိဘ ထံ စာ တစ်စောင် ပြန်ခဲ့၏ ။


အစ်ကို က ကျွန်တော့် ကို ကိုယ့်ရပ် ကိုယ့်ရွာ ၊ ကိုယ့်အိမ် ကို ပြန်ဖို့ ဖျောင်းဖျ နားချ သည် ။ နား ချ၍ မရ သည့် အဆုံး ဆူပူ ကြိမ်းမောင်းသည့်အလုပ် ကို လုပ်တော့ သည် ။ ကြာ တော့ တစ်ယောက် ကို တစ်ယောက် အမြင် မကြည်လင်တော့ ။ ကျွန်တော့် အစ်ကို က ဒေါသကြီး သည် ။ တညည်းညည်း တညူညူ ပြောတတ် ဆိုတတ် သည့် အကျင့် ရှိသည် ။ ပျော်ပျော် နေတတ်သူ မဟုတ် ။ သို့ဖြင့် ကျော တစ်ခင်းစာ အိပ်ရာ တစ်နေရာ ရ နိုင်မည့် အလုပ် တစ်ခု ရဖို့ ကျွန်တော် စုံစမ်းသည် ။ မကြာပါ ၊ အုတ်ကျင်း ဘက် မှ သစ်ခွဲစက် တွင် ကျွန်တော် အလုပ် ရသည် ။


ကျွန်တော့် ကို အိပ်စရာ နေရာ လည်း ပေးသည် ။ စားဖို့ လည်း မပူရ ။ သို့သော် သစ်ခွဲစက် တွင် ကျွန်တော် တစ်နှစ် ပဲ လုပ် နိုင်သည် ။ ကြာရှည်စွာ မလုပ်နိုင် ။ အလုပ် မှာ ပင်ပန်းသည့် အပြင် အသံတွေ ဆူညံတာ ကို ကျွန်တော် သည်းမခံနိုင် ။ တစ်လမ်းလုံး သစ်ခွဲစက် ငါးစက် ခန့် ရှိသည် ။ မိုးလင်း မှ မိုး ချုပ် သည့် တိုင် သစ်ခွဲ ဖြတ်သည့် လွှစက် လည်ပတ်သံများ တဒီးဒီး တဝေါဝေါ ဆူညံ ကျယ်လောင် လျက် ရှိတော့၏ ။ သစ် အတင် အချ လုပ်သော ကားများ အဝင်အထွက် အသံများ က လည်း ထပ်ဆင့် ဆူညံ နေ တော့သည် ။


တစ်နေ့ တစ်နေ့ ထို အသံများ သာ နား ထဲ ဆူညံ နေပြီး အားလပ်ရက် မရှိ ၊ နားရက် မရှိ ။ ထို့ကြောင့် သစ်ခွဲ စက်တွင် တစ်နှစ် ခန့် ဒူပေနာပေ ကြာခဲ့ပြီး ဆက် မလုပ် လိုတော့ သဖြင့် အလုပ် ထွက် ပစ် လိုက်သည် ။ ကျွန်တော့် တွင် မိတ်ဆွေ အပေါင်းအသင်းများ လည်း တိုး လာပြီ ။ ဇာတိရပ်ရွာ သို့ လည်း မပြန်ချင် ။ ဗဟန်း မှ အစ်ကို ထံ လည်း ပြန် လှည့် မကြည့်တော့ဘဲ အသိအကျွမ်း တွေ အိမ် မှာ ကြုံ သလို အိပ် ကြုံသလို စား လုပ်နေသည် ။ အမှန် ကို ဝန်ခံ ရ လျှင် ကျွန်တော် သည် အရက် လည်း နည်းနည်းပါးပါး သောက်တတ် နေပြီ ။


ကျွန်တော် သည် နာကြည်းစိတ် ကို ကုသရန် မိဘ ကို ကျောခိုင်း ၍ ကိုယ့်အား ကိုယ်ကိုး လျက် အလုပ် တစ်ခု ကို လုပ်ခဲ့ပါသေးလည်း ထို အလုပ် မှာ နိမ့်ကျ ပင်ပန်း သလောက် အကျိုးအမြတ် မခံစားရသည် ဟု သဘောပေါက် ခဲ့ရကာ ကျွန်တော် ၏ နာကြည်းစိတ် သည် ပို၍ မာခဲ လာ သဖြင့် အရက် တွင် စိမ် ၍ အရည် ဖျော် ကြည့်နေမိသည် ။ စိတ် ညစ်ညစ် ရှိလာ လျှင် အရက် သောက် တတ် လာသည် ။


အပေါင်းအသင်း အိမ် အိပ် သည့် အခါ အိပ် ၊ ဘုန်းကြီးကျောင်း အိပ် သည့် အခါ အိပ် ၊ လူလေ လူလွင့် တစ်ယောက် ပမာ ခြေသလုံး အိမ်တိုင် လုပ် ကာ နေချင် သလို နေ ခဲ့သည် ။ အိမ် က ပါ လာ သော လက်မှုပညာ လည်း မရှိတော့ ။


တစ်နေ့ နံနက် ၃၈ လမ်းဈေး အဝတ်အထည်ဟောင်း ဝယ်သူများ ထံ ကျွန်တော် ဂျာကင်အင်္ကျီ ချွတ် ရောင်း နေစဉ် ( ယခင် က ဂဠုန်စီမံချက် ရှိသည် ကြောင့် ) အထည်ဟောင်း ရောင်း သူ ကော ၊ ဝယ် သူ ပါ အဖမ်းဆီး ခံရ သည် ။ ကျွန်တော် အချုပ် ထဲ တွင် တစ်နေကုန် ဘာမျှ မစား မသောက်ရ ၊ ရေ တစ်ခွက် ပင် မသောက်ရ ။ အရေး  ကြုံလာလျှင် ကျွန်တော့် အစ်ကို ထံ ဆက်သွယ် ရသည် ။ အစ်ကို ရောက် လာပြီး ည ၉ နာရီ တွင် ဒဏ်ငွေ ရိုက် ကာ လွှတ်ပေး လိုက်သည် ။


သို့ဖြင့် ရန်ကုန် တွင် သတင်းစာ ပို့ ၊ သစ်စက်အလုပ်သမား ၊ ပန်းရန်အလုပ်သမား အလုပ်များ ကို လုပ်ရင်း ပေပေတေတေ သုံးနှစ် ခန့် ကြာသော အခါ သူငယ်ချင်း တစ်ဦး ၏ အဆက်အသွယ် ဖြင့် မြစ်ဝကျွန်းပေါ်  မှ ( ... မြို့ ) သို့ ကျွန်တော် ရောက်ခဲ့သည် ။ ထို မြို့ကလေး မှ ပရိဘောဂ အလုပ်ရုံ တစ်ခု တွင် ကျွန်တော် လက်သမား ဆရာ အဖြစ် အလုပ် ဝင် ရသည် ။ လက်သမား အလုပ် သည် ကျွန်တော့် အဖေ ထံ မှ ရရှိသော ပညာ အမွေ ဖြစ်ခဲ့ သည် မဟုတ်လော ။


မြစ်ဝကျွန်းပေါ် မြို့ကလေး ။ ကျွန်တော် တည်းခို နေထိုင်ရာ နေအိမ် မှာ အောက်ထပ် တွင် ပရိဘောဂ လုပ်ငန်း ထားရှိပြီး အပေါ် ထပ် တွင် လုပ်ငန်းပိုင်ရှင် မိသားစု နေထိုင်သည် ။ ပရိဘောဂလုပ်ငန်း တွင် အလုပ်သမား အားလုံး ငါးဦး ရှိသည် ။ ကျွန်တော် က နယ် မှ လာသူ မို့ အောက်ထပ် အလုပ်ရုံ ထဲ မှာ ပဲ အိပ်စရာ နေရာ ပေး ထား၏ ။


ဖြစ်သလို တော့ နေရသည် ။ ဒါပေမဲ့ လွတ်လပ် ပါသည် ။ ခြံဝင်း က လည်း အတော် ကျယ်သည် ။ ခြံဘေး ပတ်ပတ်လည် မှာ ဝင်းထရံ လည်း မရှိ ။ ဝင်းခတ် မထား သော် သူခိုး မကြောက်ရ ၊ ခြံပတ်ဝန်းကျင် မှ အိမ်များ မှာ ဆွေမျိုးသားချင်း များ သာ အများဆုံး နေထိုင်ကြပြီး ခြံ ရှေ့ တွင် ရပ်ကွက်လုံခြုံရေး ကင်းတဲလေး ရှိ၏ ။ ပြီးတော့ သည် လမ်း အတွင်း မှ လူများ သည် ( အထူးသဖြင့် လူငယ် များ ) သည် စုစုရုံးရုံး ရှိကြ၏ ။


နေ့လယ်နေ့ခင်း ဆို လျှင် ကျွန်တော်တို့ ပရိဘောဂ လုပ်ငန်း ခြံဝင်း အတွင်း တွင် ဇယ်တောက်ခုံ ရှိသည် ။ သရက်ပင် အောက် အရိပ် မှာ ဇယ်တောက်ခုံ မှာ မဟုတ် လျှင် စစ်တုရင် ထိုး နေကြသော ကာလသား အုပ်စု ကို တွေ့ နိုင်သည် ။ ညနေဘက် ကျွန်တော် တို့ အလုပ်သိမ်း ချိန် ရောက် ပြန် တော့ ခြံနောက်ဖေး မြေကွက်လပ် မှာ အညောင်းပြေ အညာပြေ ကျွန်တော် တို့ ခြင်း ခတ်ကြ၏ ။ ခြံဝင်း ထဲ ကလေးများ အုပ်စု က လည်း ဆူဆူညံညံ ပြေးလွှား ဆော့ကစား တတ်ကြ ပြန်သေးသည် ။ ကျွန်တော့် အတွက် နှစ်သက်ဖွယ် အရပ် ဖြစ်ခဲ့၏ ။


သို့ဖြင့် ( .…... မြို့ ) မှ ပရိဘောဂလုပ်ငန်း တွင် ကျွန်တော် သုံးနှစ် သုံးမိုး လောက် အချိန် ကြာခဲ့သည် ။ တစ်နေ့ ဇာတိရပ်ရွာ သို့ ပြန်ရမည့် အကြောင်း ကြုံခဲ့ သည် ။ ကျွန်တော် နေထိုင်ရာ မြို့ သို့ အဖေ ကိုယ်တိုင် လိုက်လာခဲ့၏ ။ အမေ အသည်းအသန် ဖြစ် နေကြောင်း သား ကို တမ်းတမ်းတတ လုပ်နေ သဖြင့် လာခဲ့ရကြောင်း အဖေ ပြောသည် ။


အမေ့ အသက် က ခြောက်ဆယ် မပြည့်တတ်သေး ၊ ခုလို ဖြစ်လိမ့်မယ် လို့ ကျွန်တော် မတွေးတောမိခဲ့ ။ ကျွန်တော် အိပ်ရာလိပ် ကာ အဖေ နှင့်အတူ အိမ် ပြန် လာခဲ့ သည် ။ ကျွန်တော် သည် အမေ့ စိတ် နှင့်မို့သာ အိမ် ကို ပြန် လိုက်လာရသည် ။ ကျွန်တော့် မြို့ ကို ကျွန်တော် ခြေ ချ မိသည် နှင့် ကျွန်တော့် ပတ်ဝန်းကျင် ကို ကျွန်တော် ရင်ဆိုင် မိသည် နှင့် အရင်တုန်း က အတိုင်း ပင် ခံစားရသည် ။ ကျွန်တော့် ပတ်ဝန်းကျင် သည် ကျွန်တော့် အပေါ် သူစိမ်း ဆန်လျက် နွေးထွေးမှု ကင်းမဲ့လျက် ပင် ရှိနေပေသည် ။


အိမ် ရောက် တော့ အမေ ၏ အခြေအနေ မှာ အတော် ဆိုးနေပြီ ။ လမ်း မလျှောက် နိုင်တော့ ။ ကင်ဆာရောဂါ ဒဏ် ကြောင့် ချုံးချုံး ကျ ၊ ဘုန်းဘုန်း လဲ ခဲ့ရပြီ ။ ကျွန်တော် မြို့ မှ ထွက်ခွာ လာစ တုန်း က အမေ့ ရုပ်ရည်မျိုး ၊ မျက်နှာ မျိုး ကို ရှာမရသော အခါ ကျွန်တော် ဖြေမဆည် နိုင်ခဲ့ပါ၏ ။ အမေ ၏ မှိန်ဖျော့ နေသော မျက်လုံးတွေ ကို ကြည့် ရတာ ကျွန်တော့် ကို စကားတွေ အများကြီး ပြောချင် နေပုံ ရ၏ ။ ကျွန်တော် ၏ သိမ်ငယ်စိတ် ၊ ကျွန်တော် ၏ လူဖြစ်ရှုံးရမှုများ ကို လည်း နှစ်သိမ့် လို ပုံ ပေါ်သည် ။


အမေ က ကျွန်တော့် ကို ခပ်ယဲ့ယဲ့ ပြုံး ပြပြီး လေးနက် သော စကား တစ်ခွန်း ကို အားယူ ပြီး ပြောခဲ့သည် ။ 


“ လောက ၌ ချောမောလှပ ပြေပြစ်ခြင်း နှင့် အရုပ်ဆိုး အကျည်းတန်ခြင်း နှစ်မျိုးလုံး သည် သူ့ ဂုဏ်သတ္တိ နှင့် သူရှိ၍ သူ့ ထမ်းဆောင်မှု နှင့် သူ ရပ်တည်နေခြင်း ကို နားလည်ဖို့ လိုသည် ” ဟု အမေ ကျွန်တော့် ကို ပြော ခဲ့၏ ။ ဆက်ပြီး ...


“ ရုပ် လှ ဖို့ ထက် စိတ် လှ ဖို့ က ပို၍ အရေးကြီးသည် ။ အရေးအကြီးဆုံး ဖြစ်သည် ။ စိတ် လှ မှ ယောက်ျားကောင်း  တစ်ယောက် လူကောင်း တစ်ယောက် ဖြစ်မည် ။ စိတ် လှသူဖြစ်လို လျှင် အမှန် ကို အမှား မလုပ်မိစေ နှင့် ၊ အမှား ကို အမှန် မလုပ်မိစေ နှင့် ၊ သစ္စာတရား ကို မြတ်နိုးတတ်ပါစေ ” ဟု အမေ ပြောခဲ့သည် ။


ထို စကား ပြောပြီး နောက် တစ်နေ့ မနက် အရုဏ် တက် အချိန် တွင် အမေ ဆုံးပါး ခဲ့ရသည် ။ တစ်ခါတုန်း က ငယ်ရွယ်သော အသိစိတ် ဖြင့် ဘယ်တော့မှ ပြန် မလာ တော့ဘူးရယ် လို့ ဆုံးဖြတ် ခဲ့သော ဤ မြို့ကလေး မှာ ပင် ကျွန်တော် အသက်ထက်ဆုံး နေထိုင်ဖို့ ဆုံးဖြတ် လိုက် ပါပြီ ။ အဘယ့်ကြောင့် ဆိုသော် ဤ မြို့ကလေး သည် ကျွန်တော့် အမေ ခေါင်းချခဲ့သည့် မြို့ကလေး ဖြစ်နေပြီ မဟုတ်ပါလား ။


သို့ပေမယ့် ကျွန်တော့် မြို့ မှ လူတွေ ကို ကြည့်ရတာ လူသား မဆန် ဟု ကျွန်တော် ထင်မြဲ ဖြစ်သည် ။ ကျွန်တော် တို့ မြို့ မှ လူတွေ သည် ငွေ ကို သာ ပန်းတိုင် အဖြစ် ထားကြသည် ။ ငွေ ကို ကိုးကွယ်သည် ဟု ဆိုလျှင် လွန်မည် မထင် ။ ကျွန်တော်တို့ မြို့ တွင် ငွေ ၏ အခန်းကဏ္ဍ သည် သာ အရေး အပါဆုံး ဖြစ်လာကာ လူ ၏ အခန်းကဏ္ဍ ၊ လူ ၏ တန်ဖိုးများ ၊ နက်နဲ သိမ်မွေ့သော ဘဝ အဓိပ္ပာယ် သည် မထင်ရှား တော့ ဘဲ မှေးမှိန် တိမ်မြုပ်လုနီး ဖြစ်လာတော့သည် ။


ရုပ်ရှင် နှစ်ရုံ ၊ အရက်ဆိုင်တွေ ၊ ပျော်ပွဲစားရုံတွေ ၊ စတိုးဆိုင်တွေ အတော်များများ ရှိသည် ။ ပိုက်ဆံအိတ် ကို မာန်မာန ပြည့်ပြည့် ၊ အရသာ ရှိရှိ ကိုင် ကြသည် ။ မျက်နှာ ကို မော့ထားကြမည် ဖြစ်၏ ။


•••••   •••••   •••••


ယခု တော့ အချိန်ကာလ သည် ကျွန်တော် ၏ လူငယ် ဘဝ ကို နုတ်ယူခဲ့ပြီ ၊ လူငယ် ဘဝ ကုန်ဆုံးစ ပြုပြီ ။ အမေ ဆုံးခဲ့သည် မှာ ဆယ်နှစ် ပင် ရှိခဲ့ပါပြီ ။ အဖေ နှင့် အတူ လက်သမား အလုပ် လုပ် ရင်း ကျွန်တော့် မြို့ မှာ ကျွန်တော် နေထိုင်ခဲ့သည် မှာ လည်း အသားကျ နေပြီ ။ ကျွန်တော် ငယ်စဉ် က စွဲလမ်းခဲ့သော မိန်းကလေး ၊ သူမ ၏ အစ်ကို ဖြစ်သူ က ကျွန်တော့် ကို လက်သီး နှင့် ထိုး ရ လောက်အောင် စွဲလမ်း ခဲ့ရသော မိန်းကလေး ။ ခုတော့ သူမ သည် လည်း ငယ်စဉ် က လို ချောမော လှပသည့် မိန်း ကလေး မဟုတ်တော့ ။ ၀ဖြိုး စ ပြု နေသော ကိုယ်ကာယ ပိုင်ရှင် မိန်းကလေး ဖြစ် နေပေပြီ ။ ကျွန်တော် သူမ နှင့် လွဲရတာ ကို ပင် ဝမ်းသာ နေမိ ပြန်သည် ။ ဘာ့ကြောင့် ဆိုတော့ သူမ တွင် ချို့ယွင်းချက် ရှိ နေခဲ့ပြီ ။ ကျွန်တော် လက်မခံ နိုင်သည့် ချို့ယွင်းချက် ။ သူမ သည် ကလေး မရ နိုင် ၊ ကိုယ်ဝန် မဆောင် နိုင် သည့် အမျိုးသမီး ဖြစ်နေခြင်း ပင် ။ ထို့ကြောင့် ခုတော့ ဖြင့် သူမ နှင့် လွဲရသည် ကို ဝမ်းသာ နေမိပါတော့သည် ။


အသက် သုံးဆယ် ကျော်ပြီ ဖြစ်သော ကျွန်တော့် ဘဝ အတွက် အပြောင်းအလဲ တစ်ခု လည်း ဆိုက်ရောက် လာခဲ့ ပါပြီ ။ ကျွန်တော် သည် ဘယ်သော အခါ မှ အိမ်ထောင် မပြုတော့ ဟု သန္နိဋ္ဌာန် ချထားခဲ့ ရာ မှ အိမ်ထောင် ပြု ရန် အကြောင်း ကြုံခဲ့ပါပြီ ။


ကျွန်တော် ၏ ဇနီးလောင်း သည် ငယ်ရွယ်သည် ၊ ရုပ်ရည် အသင့်အတင့် ရှိသည် ၊ သို့သော် သူမ တွင် လည်း ချို့ယွင်းချက် ရှိပါသည် ။ ထို ချို့ယွင်းချက် ကို ကျွန်တော် လက်ခံ နိုင်ပါသည် ။ ကျွန်တော် ၏ ဇနီးလောင်း သည် စကား လုံးဝ မပြောတတ်သည့် အ,အမလေး ဖြစ်ပါသည် ။ စကား လည်း မပြောတတ် ၊ နား လည်း မကြား သော မိန်းကလေး တစ်ဦး ပါ ။


အသံဗလံ ဟူသရွေ့ သူ မကြား ၊ အမည် နာမ ဟူသရွေ့ သူ မသိ ။ သူမ သည် လည်း အခြား ကမ္ဘာ မှ မိန်းကလေး တစ်ဦး ဖြစ်နေပါသည် ။ မိမိ ၏ ရုပ်ပိုင်း ချို့ယွင်းချက်များ ကို မိမိ မသိ သလို ၊ လူ အများ က သူမ အပေါ်  မြင်သော အမြင် ( လူစဉ် မမီသည့် ဒုက္ခိတ အဖြစ် ) ကို လည်း သူမ မသိခဲ့ပါ ။ လူ အများ က သူမ အပေါ် အနိုင်ယူလိုမှု ၊ ပစ်ပယ်မှု ကို လည်း သူမ မသိခဲ့ ။


ကျွန်တော် က တော့ ကျွန်တော့် အဖြစ် ကို ကျွန်တော် သိသည် ။ ကျွန်တော့် ကို ပတ်ဝန်းကျင် က ရုပ်ဆင်းအင်္ဂါ ချို့ယွင်းသူ အဖြစ် အနိုင်ယူ လိုကြသည် ကို ကျွန်တော် သိသည် ။


လူသတ္တဝါ တို့ ၏ ဆက်ဆံရေး ပုံစံ တွင် ပစ်ပယ်လိုမှု နှင့် ပေါင်းသင်းလိုမှု တို့ ပါဝင်သည် ။ မိမိ နှင့် မသက်ဆိုင်လိုမှု ၊ မိမိ နှင့် ပေါင်းသင်းရင်းနှီးလိုမှု စသည့် အမူအကျင့် များ သည် လူတိုင်း လူတိုင်း တွင် ရှိ၏ ။ ကျွန်တော့် ဇနီးလောင်း က ထိုကိစ္စများ ကို မသိ ။ မသိ သဖြင့် သူ့ အပြုအမူ အနေအထိုင် သည် ရိုးသားမှု နှင့် ပွင့်လင်းမှု တို့ ကို ကျွန်တော် မြင်တွေ့ နေရ၏ ။


ကောင်းမွန် လေးနက်သော ဘာသာစကား ၊ အမှန်တရား ကို ဖွင့်ဆို တတ်သော ဘာသာစကား မျိုး ပြောဆို နိုင်မည့် မိန်းမ ကို ရ လျှင် ရ ( ထိုသို့သော မိန်းမမျိုး တော့ ကျွန်တော် ရဖို့ မလွယ် ) ထိုသို့သော မိန်းမမျိုး မရ လျှင် တော့ ဘာသာစကား လုံးဝ ကင်းမဲ့သည့် ဘာ စကား မှ မပြောတတ်သည့် မိန်းမ သည် သာ ကျွန်တော့် အတွက် နှစ်သက် မြတ်နိုးဖွယ် ဖြစ်ပေ တော့မည် ။ ကိုယ့် ငါးချဉ် ကိုယ် ချဉ် ရ ပေလိမ့်မည် ။


ကျွန်တော် ၏ အရုပ်ဆိုးခြင်း နှင့် သူမ ၏ ဘာသာ စကား ကင်းမဲ့ခြင်း ထို နှစ်မျိုး ပေါင်းစပ် ထားသော ဘဝ ပုံသဏ္ဌာန် ကို ကျွန်တော် ဝတ္ထု အဖြစ် ဆက်လက်၍ တင်ပြပါဦးမည် ။ ထို ဝတ္ထု ကို ဘယ်လို ခေါင်းစဉ်မျိုး ပေးရပါ့ ၊ ကျွန်တော် စဉ်းစား နေမိပါသည် ။  ။


◾ထွန်းဝေမြင့်


📖 ဟန်သစ် မဂ္ဂဇင်း 

      ၁၉၉၆ ၊ စက်တင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment