Tuesday, February 27, 2024

ပြုတ်မနူး ( ၉ )


 

အခန်း - ၉

“ ဝင်ထွက် .. ဝင်ထွက် ... နာသေထွက် တဲ့ ”

“ ဗျာ ... နာလည်း နာရဦးမယ် ... သေ လည်း သေရဦးမယ် ... သေ မှ တော့ အိမ် က ထွက်ပြီပေါ့ ... ဆရာညွန့် ရဲ့ ”

“ မဟုတ်သေးဘူးလေ ဦးပြူး ရဲ့ ... ခင်ဗျား က လည်း ဗျာ .. မျက်ပြူး ဆိုတဲ့ နာမည် ယူ ထားပြီး ဦးနှောက် ကို ပြူးထားလိုက်စမ်းပါ .. ”

“ ဦးနှောက် ကို ပြူးထားလို့ ပေါက်ထွက် ပြီး ယင်ကောင် အုံ ရင် ခင်ဗျား ယပ် လာ ခတ်ပေးမလား ... ကဲပြော ... ”

ဆရာညွန့် က သက်ပြင်း ကို အရှည်ကြီး ချ လေပူတွေ မှုတ်ထုတ် ပြီး သကာလ ခေါင်း ကို ဖြည်းညင်းစွာ ခါ ပြီး ရင်း ခါ ကာ ..

“ မဟုတ်သေးပါဘူး ... သဘော ကို ပြောတာပါ ... ဒီမယ် ဦးပြူး .. ဘောလုံးသမား တစ်ယောက် ဟာ ... ကွင်း ထဲ မှာ ကစား နေရင်း နာ သွားရင် အပြင် ကို မထွက်ရဘူးလား ”

“ မထွက်ရပါဘူး ... ကွင်း ထဲ မှာ ဘာတွေနဲ့ လည်း မသိပါဘူး .. တရှူးရှူး နဲ့ .. မှုတ်တယ်လေ .. ပြီးတော့ ထော့နင်း ထော့နင်း နဲ့ ပြန် ကစားတယ်လေ ”

ဆရာညွန့် သူ့ ခေါင်း က မရှိမဲ့ ရှိမဲ့ ဆံပင်လေး ကို ဆွဲဆွဲ ထုတ် ပြီး ဘယ်လို နားလည်အောင် ပြောရမလဲ ဟူသော မျက်နှာကြီး နဲ့ ခဏမျှ စဉ်းစားပြီး ...

“ လက်ပေါက် ကပ်လိုက်တာဗျာ .. ဒုံးဝေး လိုက်တာ ဒီ တစ်သက် ကြီးပွားမယ့် လူ တော့ မဖြစ်နိုင်ဘူး ”

“ ဘာပြောတယ် လက်ပေါက် ကတ်တယ် ဟုတ်လား ... လက်ပေါက်ကတ် ရ အောင် ကျုပ် က မယ်ဒလင် လည်း မတီးဖူးပါဘူး အိုးစည် လည်း မတီးဖူးပါဘူး ... ငါ တီးတာ ... ငါ တီးတာ ... ဆိုလို့ .. တစ်ခု ပဲ ရှိပါတယ် ”

ဦးမျက်ပြူး တွေဝေ စဉ်းစား နေစဉ်မှာ ဆရာညွန့် က ဝမ်းသာအားရ ဖြင့် ...

“ ဘာ .. ဘာ တီးတာလဲ ... လုပ်စမ်းပါဦး ”

“ နေပါဦး ... ရွာ ထဲ မှာ ငါ တီးတာ ဘယ်သူပါလိမ့် ဪ ... သတိရပြီ ... ငါ့ သား ... ငါ့ သား မျက်မှေး .. ဒီကောင် ကို ပဲ ...ကျုပ် တီးတာဗျ ”

ထိုင် ရ မလို ထ ရ မလိုဖြ စ်နေသော ဆရာညွန့် က စိတ်မရှည်တော့ သဖြင့် ..

“ ကဲ တီးတာ မတီးတာ ထား ခု ကျုပ် က ဘာ လုပ်ရမလဲ ပြော ခင်ဗျား ကိစ္စ ပဲ ပြောရမလား ကျုပ် ကိစ္စ ပဲ ပြောရမလား ... ခင်ဗျား ပြောတာ ကို ပဲ နားထောင်ရ မလား ... ကျုပ် ပြောတာ ကို ပဲ နားထောင် မှာ လား ”

“ အဲ .. အဲ ဟုတ်ပါပြီ ... ဆရာ့ ဆီ ရောက် မှ တော့ ဆရာ့ စကား ပဲ နားထောင်ရတော့ မှာ ပေါ့ နော် .. ကဲ ပြော ကျုပ် ဘာလုပ်ရ မလဲ ... တစ်ခု တော့ ရှိတယ် နော် ... ဟိုကောင် ကု,လား ထက် သာဖို့ တော့ လိုတယ် ... ဘာ လုပ်လုပ် သူ့ ထက် သာ နေ မှ ကျုပ် က ကျေနပ်တာ ”

ဆရာညွန့် က သူ့ ရဲ့ မျက်မှန်ထူထူကြီး ကို လက် တစ်ဖက် ဖြင့် မ တင်ပြီး ကွမ်းတံတွေး ကို အနီး ရှိ ထွေးခံ ထဲ  ဗျစ်ခနဲ ထွေး ထည့်ပြီး ...

“ ဟုတ်ပါပြီ ... အစစ အရာရာ သာ စေရပါမယ် ... ဗေဒင် ဟောခ တောင် သူ့ ထက် သာစေရမယ် .. ဟုတ်ပြီလား ကဲ လက်တင် နှစ်ဆယ့်ငါးကျပ် ”

“ ဟင် မဟုတ်သေးဘူး လေ ... ဟိုကောင် ကို ဟောတုန်း က နှစ်ဆယ် ဆို ”

“ ငါးကျပ် လောက် က တော့ ဘာဖြစ်လဲဗျာ ... သူ့ ထက် သာ ဖို့ ပဲ လိုတယ် မှုတ်လား ... စီးပွားရေး အရ သာစေရမယ် ငွေ အရ သာစေရမယ် သားသမီး အရ သာစေရမယ် .. ကုန်ကုန် ပြောမယ်ဗျာ ခင်ဗျား အသုဘ တောင် သာစေရမယ် စိတ်ချ ”

“ သာရင် ပြီးရော ... ဘာဖြစ်ဖြစ် ဗျာ ”

ဦးမျက်ပြူး ထ ခုန် မတတ် ဖြစ်သွားပြီး ဆရာစံဇာဏီညွန့် ကို

“ အဲ .. အဲဒါကြီး တော့ မသာနဲ့ လေ ”

ဆရာညွန့် က သူ့ ရဲ့ ကွမ်း စားပြီး ရဲပဒေါင်းခတ် နေသော သွားတွေ ပေါ်အောင် ပြုံးပြီး ...

“ ဟ ... ငါ့ လူ ရ မသာ လို့ ဖြစ်ပါ့မလား .. ခင်ဗျား အသုဘ မှာ ပန်းခွေတွေ က အများကြီး ၊ ဗီဒီယိုတွေ ရိုက် ပြီးရင် အခွေတွေ ဆင်ဆာမဲ့ ရောင်း ဒံပေါက်တွေ ကျွေး ... လူတွေ တရုံးရုံး ... ဂျာနယ် က လာ မေးတဲ့ လူတွေ က တိုး မပေါက် အဲဒါမျိုးတွေ စု လိုက်ရင် သူ့ ထက် သာ ပြီပေါ့ မဟုတ်ဘူးလား ... ခင်ဗျား စဉ်းစားလေ .. စည်ကားတာ ကြိုက်လား.. ခြောက်သွေ့တာကြီး ကို ကြိုက်လား ”

ဦးမျက်ပြူး တစ်ချက် စဉ်းစားပြီး ...

“ စည်ကားတာ ကြိုက်တာပေါ့ဗျာ ... ခြောက်ခြောက်သွေ့သွေ့ကြီး က .. ပျင်းစရာကြီး ”

ဆရာညွန့် က ဝမ်းသာအားရ လက်ဖျစ် တီး ပြီး ...

“ ဟုတ်ပြီ .. စည်ကားစေရမယ် ... ကျုပ် တာဝန်ယူတယ်ဗျာ ”

ဦးမျက်ပြူး က ပြုံးရယ် နေ ရင်း တစ်စုံတစ်ခု ကို သတိရ ပြီး ကမန်းကတန်း

“ ဟာ ဆရာ ... ခဏ ... ခဏ ခုမှ သတိရတယ် .. အခု ကျွန်တော် လာတာ စီးပွားရေး ကိစ္စ လေ နာရေး အတွက် မဟုတ်ဘူး ... ”

“ ဟုတ်ပါတယ် ... လူ ဆိုတာ ခု ကတည်း က စီးပွားရေး တောင့်တင်း ခိုင်မာ မှ နောင် ကွယ်လွန်တဲ့ အထိ တောင့်တင်း ခိုင်မာမယ်လေ ... အဲဒီ အတွက် ခု ကတည်း က ... ပန္နက်ရိုက် ဖို့ လိုတယ် ”

“ ဒီတော့ .. ကျွန်တော် ဘာလုပ်ရမလဲ ဆရာ ”

ဆရာညွန့် က သူ့ ပါးစပ် ထဲ က ဝါး ပြီးသား ကွမ်းတွေ ကို ဦးမျက်ပြူး ၏ လက် ကို ဆွဲ ယူပြီး လက်ဝါး ထဲ ထွေး ထည့်ကာ ...

“ ခင်ဗျား က ကြာသပတေး ဆိုတော့ .... တောင်ထိပ်ကြာ မိုးမျှော်ငရုတ်သီးထောင်း လက်ရည်တပြင်တည်း ... ရှေးကထက် ပိုချစ်ကြတယ် ... ”

“ ဆရာ ... အဲဒါ သီချင်းလေ ”

“ သိတယ် ... မိုးမျှော် ... မိုးမျှော် ... အားလုံး ပေါင်းတော့ ... ‘ လ ’ အက္ခရာ ပါတဲ့ ... အလုပ် .. အဲဒါသာ လုပ်ပေတော့ ဦးမျက်ပြူး ရေ ”

◾ကျော်ထူး

📖 ပြုတ်မနူး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment