Friday, February 23, 2024

တောင်တန်း သာသနာပြု ဆရာတော်


 

❝ တောင်တန်း သာသနာပြု ဆရာတော် ❞

နာဂဒေသ က လေရှီးမြို့ ကို ကျွန်တော် တို့ ရောက်ချိန် က ကောင်းကင် ထက် မှာ တော့ လမင်း က ဝင်းဝင်းပပ ၊ သည်လရောင် အောက် မှာ နာရီပေါင်း များစွာ ကျွန်တော် တို့ ကား နဲ့ လာခဲ့ရတယ် ၊ လမ်းတွေ က လည်း တောင်တက်လမ်း မတ်စောက်တာ တွေ ချည်း ။

ဟုမ္မလင်း က တစ်ဆင့် ကား တွေ နဲ့ တောင် ပေါ် တက်ခဲ့တာ ၊ ချင်းတွင်းမြစ် ကို ဇက်ဖောင် နဲ့ ကူး တော့ မှောင်ပြီ ။ ထမံသီ မှာ ချင်းတွင်းမြစ်ကမ်း ပေါ် နဖူး တင် ထားတဲ့ ထမင်းဆိုင် တစ်ဆိုင် မှာ ကျွန်တော် တို့ ညစာ စားတယ် ။

ရာသီဥတု က အရမ်း ကို အေးမြ နေတာပါ ။ အိန္ဒိယနိုင်ငံ လုပ် မဟိန္ဒရာ ပစ်ကပ်ကား တစ်စီး နဲ့ ဂျပန်နိုင်ငံ လုပ် တိုယိုတာ ပစ်ကပ်ကား တစ်စီး တို့ လရောင် အောက် မှာ နာဂတောင်တန်း ကို စ တက်တယ် ။ ကားတွေ က အင်ဂျင်သံ တအီအီ ပေး ပြီး ရုန်း တက်တယ် ။

ကျွန်တော် တို့ စီး လာတဲ့ အိန္ဒိယ လုပ် မဟိန္ဒရာကား က ရှေ့ က ၊ တိုယိုတာ က နောက် က ။ လေရှီးမြို့ ကို ဦးတည် တက် လာတယ် ။ ၂၁ မိုင် ကြားစခန်း ကို ရောက် တော့ နောက် က တိုယိုတာကား က ပါ မလာတာ ကို သတိထား မိတယ် ၊ ဒါကြောင့် ကုန်းတက် ထိပ် မြေပြန့်လေး မှာ ခဏ ရပ် စောင့်ကြတယ် ။ ကျွန်တော်တို့ ကား ပေါ် က ဆင်း ပြီး ခြေညောင်း လက်ဆန့် လုပ်တယ် ၊ လရောင်ဖွေးဖွေး အောက် မှာ သစ်ပင် တွေက မဟူရာစိမ်းမြ လို့ ၊ ရေခဲစိမ်လေအေး က တရွှီးရွှီး လူ ကို အေးမြ စေတယ် ။

အချိန် တော်တော် ကြာတဲ့ အထိ တိုယိုတာ ပါ မလာ တော့ ကျွန်တော် တို့ နောက်ကြောင်း ပြန် လှည့် ကြတယ် ။ ကုန်းတက် တစ်နေရာ မှာ တိုယိုတာ အိပ်စက် နေပြီ ။ ဒရိုင်ဘာ က တော့ ကြိုးစားပမ်းစား နှိုး ဆဲ ။ ကား ပေါ် လိုက်တာသူတွေ က တော့ လမ်း နံဘေး မှာ စုပြီး မီးလှုံ နေကြတယ် ။ ဂျပန်ကား က နာဂတောင်တန်း ကို မတက် နိုင် လို့ လက်မြှောက် လိုက်ပြီ ။ အိန္ဒိယ ဖြစ် မဟိန္ဒရာ ကား ပေါ် ကို အားလုံး ပြုံ တက်ပြီး ခရီး ဆက် ကြတယ် ။

အိန္ဒိယ လုပ် ကား က တော့ နာဂတောင်တန်း နဲ့ အသားကျ နေပုံ ပါ ပဲ ။ စက်သံ ပြင်းပြင်းပေး ပြီး တောင်မြင့်မြင့် တွေ ကို တစ်လုံး ပြီး တစ်လုံး ဖြတ်ကျော် တက်တယ် ။ လေရှီးမြို့ ကို အန္တရာယ် မခဘဲ ကျွန်တော် တို့ ရောက်ကြတယ် ။ ကျွန်တော် တို့ တည်းခိုရမယ့် ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း က တောင်ခါးပန်း ထိပ် မှာ ။

တောင်ခါးပန်း က မတ်မတ် ။ ကျွန်တော် တို့ ကို သယ်ဆောင် လာ တဲ့ ကား က ရုန်းတက်တယ် ၊ ပြီးတော့ ကျောင်းဝင်း ထဲ ကို ကား က ဖင် နဲ့ ဆုတ် ဝင်တယ် ။ တောင်ခါးပန်းလမ်း က ကျဉ်း တော့ ကားခေါင်း မလှည့်သာ ဘူး ။ လွန်းထိုး ဖင်ဆုတ် ပြီး ပဲ ဝင်နိုင်တယ် ။

ရာသီဥတု က တော့ ခိုက်ခိုက်တုန် အေး နေတာပါ ။ ည က သန်းခေါင်တိုင် လုပြီ ၊ ဒါပေမဲ့ ကျွန်တော် တို့ တည်းရမယ့် ဘုန်းကြီးကျောင်း က လျှပ်စစ်မီး တွေ လင်းလက် နေတယ် ။ ဧည့်သည် လာ မှာ မို့ တမင် ထွန်းတာလား ။ နာဂတောင်တန်း ပေါ် မှာ ည သန်းခေါင် လျှပ်စစ် လင်းလက် နေတာ ကို ကျွန်တော် အံ့သြ နေပါတယ် ။ ( နောက် မှ သိရတာ က ဆရာတော် က ရေအားလျှပ်စစ် ရ အောင် ထုတ်ထားတာ ပါ တဲ့ ။ ) ကျွန်တော် လေရှီး ကို လာရတဲ့ အကြောင်းရင်း က တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တဥတ္တမ ဦးစီး ဖွင့်လှစ် ထား တဲ့ အလင်းတံခါး စာကြည့်တိုက် ဖွင့်ပွဲ ကို သွားရောက်တာပါ ။

ဆရာတော် က မန္တလေး သာသနာ့တက္ကသိုလ် က သာသနတက္ကသီလ ဓမ္မာစရိယ B.A ( Buddhism ) သဒ္ဓမ္မဇောတိကဓဇဘွဲ့ တွေ ဆက်ကပ် ခံထားရတယ် ။ တောင်တန်းသာသနာပြု ဆရာတော် တစ်ပါး အနေ နဲ့ နာဂတောင်တန်း ၊ လေရှီးမြို့ ကို တာဝန် ကျတယ် ။

တာဝန်ကျေ မဟုတ်ဘဲ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်တယ် ။ ကလေးတွေ အများကြီး ပညာ သင်ယူ ခွင့် ရ လာတယ် ။ ရေအားလျှပ်စစ် ထုတ်လုပ် တယ် ။ ခရစ်ယာန်ဘုရားကျောင်း တွေ နဲ့ လည်း ရင်းရင်းနှီးနှီး ဆက်ဆံ ပြီး အပြန်အလှန် ကူညီ နေထိုင်တယ် ။

ဆရာတော် က တစ်တောင် ကျော် တစ်တောင် တက် ခရီး တွေ ဖြတ်ကျော် ပြီး ဘာသာရေး ၊ လူမှုရေး လုပ်ငန်း တွေ လုပ်နေတယ် ။

ဆရာတော် နဲ့ အတူ တူ နာဂတောင်တန်း က တောင်တွေ ပေါ် ကို ကျွန်တော် က လမ်း အတူ လိုက် လျှောက်ရင်း ဆရာတော် ဖြတ်သန်း လာခဲ့တဲ့ ခရီးကြမ်း ကို ကျွန်တော် မေးလျှောက် ပါတယ် ။

“ လေရှီး ကို ဘုန်းဘုန်း ရွေးချယ် လိုက်တာလား ဘုရား ”

“ မဟုတ်ပါဘူး ။ သာသနာ့တက္ကသိုလ် က ဘီအေ ၊ တောင်တန်း သာသနာပြု အပါး ၄ဝ ကို မဲ နှိုက်ပြီး တာဝန် ချ ထား လိုက်တာ ၊ ဦးပဉ္စင်း က လေရှီး တာဝန် ကျတယ် ၊ အရင် က လေရှီး ဆိုတာ မကြားဖူးဘူး ၊ မြေပုံထဲ ရှာ ကြည့် လိုက်တော့ အိန္ဒိယနိုင်ငံ နဲ့ နီးနီးလေး ၊ ပျော်တာပေါ့ ၊ ဘယ် ဟုတ်မှာလဲ ၊ ဒီ လာ တာ ဟုမ္မလင်း က စ ပြီး ဒုက္ခ ရောက်တော့တာပဲ ”

၂ဝဝ၉ ခုနှစ် ၊ ဒီဇင်ဘာလ မှာ လေရှီး ကို ကြွလာခဲ့ရ ကြောင်း ဆက် ပြောတယ် ။

“ ဟုမ္မလင်း ကို လေယာဉ် နဲ့ ကြွခဲ့တယ် ။ မနက် ၄းဝဝ နာရီ ထ ပြီး အမြန်ရေယာဉ် ရှော်တယ် နဲ့ ထမံသီ ကို လိုက်ခဲ့တယ် ၊ ထမံသီ က နေ လေရှီးကို ကား နဲ့ တက် ရမှာ ၊ ကားက နေ့တိုင်း မထွက်တော့ တစ်ည အိပ်ပြီး စောင့်ရတယ် ”

“ ဘယ် အချိန် လောက် လေရှီး ရောက်သလဲ ”

“ ထမံသီ က မနက် ၉းဝဝ နာရီ ထွက်တာ ၊ လမ်း က ဆိုးလိုက်တာ ၊ ကိုယ့် အသက် တောင် ကိုယ် စိုးရိမ်ရတယ် ၊ ဒီ ပေါ် မှ ရောက် မှ ရောက်ပါ့မလား တောင် တွေးမိတယ် ။ ကား က ဆောက်လုပ်ရေး က ကျောက် တင် တဲ့ ကား ပက်လက်ကြီး ။ ည ၁၂းဝဝ နာရီ မှ ရောက်တယ် ”

“ ဆွမ်းကိစ္စ ကော ”

ဆရာတော် က မဖြေသေး ဘဲ ရယ်မော နေပါတယ် ။ ပြီးမှ ဆက် ပြောပါတယ် ။

“ ငတ်တာပေါ့ ၊ လမ်း မှာ စားစရာ မှ မရှိတာ ”

“ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ အရှင်ဘုရား သွားလာ လုပ်ကိုင် ရတာ အခက်အခဲ အမျိုးမျိုး ရှိမှာပေါ့ ”

“ သိပ် ခက်တယ် ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ဦးပဉ္စင်း ဘ - က ( ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ) ထူထောင် ခါ စ က ဘိလပ်မြေ တစ်အိတ် ကို ( ကျပ် ) ၁၇,ဝဝဝ ပေး ရတယ် ။ မုံရွာ က ၅၅ဝဝ ပဲ ရှိတာ ၊ ထုံး တစ်အိတ် ကို မုံရွာ မှာ ၂၅ဝဝ - ၃ဝဝဝ ၊ ဒီမှာ ၇ဝဝဝ ၊ ခက်ခက်ခဲခဲ တည်ထောင် ရတာ ”

“ အရှင်ဘုရား စ ကြွတဲ့ အခေါက် တုန်း က ပစ္စည်း ပစ္စယတွေ များ သလား ”

“ မများဘူး ၊ သင်္ကန်း ၊ အိပ်ရာ ၊ စောင် ၊ ခြင်ထောင် နဲ့ စာအုပ်နည်းနည်း ပဲ ၊ စာအုပ် က စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် စာအုပ်လေးတွေ ပေါ့ ၊ စာအုပ်ကို ဦးပဉ္စင်း လည်း ဖတ်ချင် သလို တခြား သူတွေ လည်း ဖတ်ချင် မှာ ပဲ လို့ တွေးမိတယ် ၊ ဒါကြောင့် ပထမ ဘ - က ကျောင်း ဖွင့်မယ် ၊ ပြီးရင် စာကြည့်တိုက် ဖြစ်အောင် ဖွင့်မယ် ပေါ့ ”

တောင်တန်းသာသနာပြု တာဝန် ကျတဲ့ ရဟန်းတော်တွေ က နှစ်နှစ် တာဝန် ထမ်း ပြီးရင် ပြန် ကြွနိုင်တယ် ။

ဆရာတော် ဦးဥတ္တမ က တော့ ငါးနှစ် ကြာ တဲ့ အထိ ဆက်လက် နေထိုင် နေတာ တွေ့ ရတယ် ။

“ ဒေသဖွံ့ ဖြိုးရေးတွေ လုပ်မယ် ပေါ့ ၊ ဘုန်းဘုန်း ရောက်တော့ ဘ - က ကျောင်း မရှိသေးဘူး ။ ကျောင်းဟောင်းလေး မှာ ဆရာတော် ဘဒ္ဒန္တသုဒဿန တစ်ပါး ပဲ သီတင်းသုံး နေတာ ရှိတယ် ၊ ဘ - က ကျောင်း ဖွင့်ဖို့ ကျောင်းဆောင် စ ဆောက်တယ် ၊ တောင်စောင်း မှာ မြေထိန်း နံရံ တွေ လုပ်တယ် ၊ ရေလောင်းအိမ်သာ တွေ လုပ်တယ် ၊ အထက် နား မှာ ရေအားလျှပ်စစ် လုပ်တယ် ၊ ရောက် ကတည်း က ဒေသခံ ခရစ်ယာန် ၊ ဗုဒ္ဓဘာသာဝင် ဘာသာခြား အကုန်လုံး နဲ့ အဆင်ပြေ အောင် နေတယ် ”

ဆရာတော် ရဲ့ ကျောင်းဝင်း ထဲ က စာကြည့်တိုက် ဖွင့်ပွဲ မှာ အသုံးပြု နေတဲ့ အသံချဲ့စက် ဆောင်းဘောက် ကို ကြည့် လိုက် တော့ လေရှီး နှစ်ခြင်းခရစ်ယာန် အသင်းတော် အမည် ရေးထိုး ထားတာ ကို တွေ့ရတယ် ၊ ဒါကို မြင် ကတည်း က သည် ဘုန်းကြီး ခရစ်ယာန်တွေ နဲ့ လည်း ဆက်ဆံရေး ကောင်းတယ် လို့ ကျွန်တော် က မှတ်ချက် ချထား ပြီးသားပါ ။

“ ရေအားလျှပ်စစ် လုပ်တော့ ချတ်ကျောင်း ( Church ) က လည်း လာ ကူညီ ကြတယ် ၊ ဟို တစ်လော က ချတ်ကျောင်းရိပ်သာ မီးဘေး သင့်တော့ ဘုန်းဘုန်း မှာ ရှိတဲ့ စောင်တွေ သွား ကူညီတယ် ”

သူ လုပ်ကိုင် ထားတဲ့ လုပ်ငန်း က ထုထည် အကြီး ကြီး ပါ ၊ ဝေးလံခေါင်းပါး တဲ့ ဒေသ မှာ ထောက်ပံ့ငွေ ဘယ်လို ရနိုင်သလဲ ကျွန်တော် မေးခွန်း ထုတ်တယ် ၊ ဆရာတော် က တော့ ရယ်မော တယ် ။

“ ဦးပဉ္ဇင်း ဇာတိ ရမည်းသင်း တို့ ၊ စာ သင်ခဲ့တဲ့ ပြည် တို့ ၊ အောက်ပြည် အောက်ရပ် ကြွတဲ့ အခါ ၊ တရားပွဲလေး တွေ ဟောရတဲ့ အခါ အလှူငွေလေးတွေ ရ ရင် စုဆောင်း ထားရတာပေါ့ ”

“ အဆင် ပြေသလား ဘုရား ”

“ အဆင်ပြေတယ် တော့ ဘယ် ဟုတ်မှာလဲ ၊ ကိုယ့် ရဲ့ စေတနာ ပြန် အကျိုး ပေးတယ် ပြောရမှာပဲ ၊ ကိုယ် လုပ်ကိုင် နေတာ ကို သိတဲ့ လူတွေ က လှူကြပါတယ် ”

“ အရှင်ဘုရား က ရမည်းသင်း ဇာတိ လား ဘုရား ”

“ မဟုတ်ဘူး ၊ ရမည်းသင်း အနောက်ဘက် ရှစ်မိုင် ဝေးတဲ့ ရွာတန်း အုပ္ဖို အနောက်ရွာ ဇာတိ ၊ မိဘ တွေ က တောင်သူတွေ ၊ မိဘ တွေ က ရှင် ပြုတော့ ကိုရင် ဝတ်တယ် ၊ ကိုရင်ဝတ် နဲ့ ငါးတန်း အထိ နေပြီး ငါးတန်း အောင် တော့ ပရိယတ္တိ စာ ဘက် ပဲ ဆက် သင် တော့တယ် ၊ အမေ က သားတွေ ဆင်းရဲ မှာ စိုးလို့ ရဟန်း ဘောင် ပဲ နေစေ ချင်တာ ၊ ရဟန်း မယ်တော်ကြီး ပဲ လုပ်ချင်တာ တဲ့ ”

“ ငါးတန်း ဆိုတော့ တော်တော် ငယ်သေးတာပဲ ”

“ ဘုန်းဘုန်း တို့ ငယ်စဉ် က သိပ် ဆင်းရဲတာ ၊ ငါးတန်းကျောင်း တက်တဲ့ အခါ ထမင်းချိုင့် ထည့် တော့ ထမင်း မထည့်နိုင်ဘူး ၊ ပြောင်းဆန် နဲ့ ပဲ ရော ထည့်ရ တာ ၊ ဒါကြောင့် သူများ နဲ့ အတူ ဝိုင်းဖွဲ့ ပြီး အတူ မစားရဲဘူး ၊ ဒါကို သူများ တွေ က ဟင်း ပို ကောင်းလို့ အတူ မစားတာ ထင်တယ် ၊ တစ်ရက် တော့ သူတို့ က ထမင်းချိုင့် ကို ယူ ဖွင့် ကြည့် တော့ ဟင်း လည်း မပါဘူး ၊ ထမင်း က လည်း ပြောင်းဆန် ရောရော တွေ ဖြစ် နေတာ တွေ့ သွားတယ် ၊ ကိုယ် ဆင်းရဲ သလို သူများ တွေ မဆင်းရဲပါစေ နဲ့ လို့ တောင်တန်းသာသနာပြု  လုပ် နေတာ ”

ကျွန်တော် က ဘာ မှတ်ချက် မျှပင် မပြောဘဲ နားထောင် နေတယ် ။

“ ဆင်းရဲ လို့ ပဲ ကျောင်း ဆက် မတက်နိုင် ဘဲ ပရိယတ္တိ စာပေ ဘက် ဆက် လိုက်တာ ၊ ငါးတန်း အထိ ပဲ တက်ခဲ့တယ် ”

“ ငါးတန်း ကျ ဘယ်မှာ ဆက် တက် တာလဲ ”

“ ဘုန်းဘုန်း တို့ အုပ္ဖို ရွာ နဲ့ မိနစ် နှစ်ဆယ် လောက် လမ်းလျှောက် ရတဲ့ ရွာတန်း မှာ အထက်တန်းကျောင်း ရှိတယ် ”

“ ကျောင်း ကို ဘာ နဲ့ တက်သလဲ ၊ စက်ဘီး နဲ့ လား ”

“ ထမင်း တောင် နပ် မမှန်တာ ၊ စက်ဘီး ဘယ့်နှယ် ဝယ် စီးနိုင်မှာလဲ ”

ဆရာတော် က ပြောရင်း ဟက်ဟက်ပက်ပက် ရယ်မောပါတယ် ။

“ ပရိယတ္တိစာပေ သင်ဖို့ ပဲခူး ကို လာခဲ့တယ် ၊ ရွှေတောင် ပရိယတ္တိ စာသင်တိုက် ၊ မြို့မ စာသင်တိုက် ၊ ပြည် - အုတ်ဖို က မဟာဂန္ဓာရုံ စာသင်တိုက် ၊ မန္တလေး ဒက္ခိဏာရာမ ဘုရားကြီးတိုက် တို့ မှာ သင်ယူတယ် ၊ ပြီးတော့ မန္တလေး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် တက်တယ် ၊ သာသနာ့ တက္ကသိုလ် တက် လိုက်တဲ့ အခါ ဘုန်းဘုန်း ဘဝ အပြောင်းအလဲ ဖြစ် သွားတော့တာပဲ ”

“ အရှင်ဘုရား လေရှီး ကို ရောက်တဲ့ အချိန် က ရာသီဥတု အခြေအနေ ကော ဘုရား ”

“ ရောက် လာတာ က ဒီဇင်ဘာလ ၊ ရာသီဥတု က သိပ် အေးတယ် ၊ ရောက် တာ က ည ၁၂းဝဝ နာရီ ၊ လေရှီးမြို့ အဝင် ဆိုင်းဘုတ် ကို ရောက် တော့ ဘုန်းကြီး က တစ်မြို့လုံး ကို မေတ္တာ ပို့တယ် ၊ ယခု အထိ လုပ်ကိုင်ရတာ အခက်အခဲ မရှိပါဘူး ”

“ အရှင်ဘုရား စ စချင်း ဘ - က ကျောင်း ဖွင့်တာလား ”

“ စစချင်း ၂၀၁၀ ခု မှာ မူကြိုကျောင်း ဖွင့်တော့ ကျောင်းသား ၊ ကျောင်းသူ ၂၇ ယောက် ရှိတယ် ၊ ဆရာ ၊ ဆရာမ သုံးယောက် ငှားတယ် ၊ တစ်ယောက် မှ ( ကျပ် ) ၂၅,ဝဝဝ ပဲ ပေး နိုင်တယ် ။ ဒေသအာဏာပိုင် အဖွဲ့အစည်း က နှစ်ယောက် ပံ့ပိုး ပေးတယ် ၊ နောက် နှစ် ကျောင်း ပြီးသွားလို့ မူလတန်း အဆင့် ဖွင့်တာ ၉၉ ယောက် ၊ တတိယနှစ် ကျတော့ ၁၁၁ ယောက် ၊ ယခု နှစ် ကျ တော့ ၁၂၁ ယောက် ”

“ ကျောင်းသားတွေ ကိုးကွယ်တဲ့ ဘာသာ က ကော ဘုရား ”

“ ဗုဒ္ဓဘာသာ ၃ဝ ယောက် ၊ ခရစ်ယာန် ၉၁ ယောက် ရှိတယ် ”

“ ခရစ်ယာန် မိဘတွေ ဘက် က အရှင်ဘုရား ကို ဘာသာရေး စည်းရုံးမှု အထင် လွဲ ခံရတာမျိုး ရှိသလား ”

“ လုံးဝ မရှိဘူး ၊ သူတို့တွေ က ဘုန်းဘုန်း ကွယ်ရာ မှာ ကို အကောင်း ပြော ကြတယ် ။ ဘုန်းဘုန်း က လည်း ဗုဒ္ဓဘာသာ ခံ မှ ဒီ ကျောင်း တက်ရမယ် ဆိုတာ မရှိဘူး ၊ ဒီမှာ ဘက် မလိုက်ဘူး ၊ အားလုံး ညီတူညီမျှ ဆက်ဆံတယ် ”

“ လေးတန်း အောင် သွားရင် ဘယ်မှာ ဆက် တက်ရမှာလဲ ”

“ မနှစ်က လေးတန်း အောင် ငါးယောက် ကို ချောင်းဦး က အေးရိပ်မွန် အမျိုးသမီးလေးများ ရိပ်သာ ပို့ ပေးတာ ၊ တစ်ယောက် က အတန်း ထဲ မှာ ပထမ ရတယ် ၊ စာ တော်ကြတယ် ၊ ယောက်ျားလေး ထဲ က ငါးတန်း ရောက် ရင် စစ်ကိုင်း က ဆရာတော် ဦးသောဘိတ ကျောင်း ပို့ ဖို့ ဆက်သွယ် ထားတယ် ”

“ အဝေး သွား ကျောင်း တက်ရမယ့် ကလေးတွေ ထဲ မှာ ခရစ်ယာန် ကိုးကွယ်သူ လည်း ပါမှာ ပဲ ”

“ ယခု ချောင်းဦး အေးရိပ်မွန် ကို ပို့ ထားတဲ့ ငါးယောက် မှာ လေးယောက် က ခရစ်ယာန် ၊ သူတို့ သားသမီးတွေ ရဲ့ ဘဝ ရှေ့ရေးတွေ ကို ဘုန်းဘုန်း က ပြုစု ပျိုးထောင် ပေးနေတာ သူတို့ အသိအမှတ် ပြုကြတယ် ”

“ ဒီဘက် က နာဂဒေသ ၊ အရှင်ဘုရား မှာ ဘာသာစကား အခက်အခဲ ရှိမှာပေါ့ ”

“ လေရှီးနယ် က ပါရာနာဂ များတယ် ၊ ဦးပဉ္စင်း က ပါရာနာဂ စကား သင်တယ် ၊ အကြား နဲ့ နားလည် သွားတာပေါ့ ”

“ အရှင်ဘုရား ရေအားလျှပ်စစ် လုပ်ဖို့ စိတ်ကူး ဘယ်လို ရတာလဲ ဘုရား ”

“ ဒီမှာ လျှပ်စစ် က မရှိဘူး ၊ အပေါ်  မှာ ရေစီး သန်တဲ့ ချောင်း ရှိတယ် ၊ ဒါကြောင့် ရေးအားလျှပ်စစ် ထုတ်ဖို့ လေ့လာပြီး ပညာရှင်တွေ နဲ့ ထုတ်တာ ၊ ငါးကီလို ထွက်တယ် ၊ ရေအားလျှပ်စစ် ထုတ် ပြီးတော့ ကလေးတွေ ကို တီဗွီ ပြ ပေးနိုင်ပြီး ဒီ နား က အိမ် တွေ လည်း မီး ပေးပေါ့ ”

တောင်တန်းသာသနာပြု ဆရာတော် ဘဒ္ဒန္တဥတ္တမ က နာဂဒေသ မှာ သီတင်း သုံးရင်း ပတ်ဝန်းကျင် ကောင်းကျိုး ကို ဆောင်ရွက် ပေး နေတာ မြင် ရတယ် ။ လူမျိုး ၊ ဘာသာ မခွဲခြား ဘဲ အကျိုးဆောင် ပေးနေတာ ဖြစ်လို့ သူ့ ကို ချစ်ခင်လေးစား ကြည်ညို ကြတာ တွေ့ရတယ် ။ နာဂတောင်တန်း ပေါ် မှာ ဘယ်လောက် ကြာကြာ နေဦးမှာ လဲ မေးလျှောက် တော့ မြေပြန့် ကို ပြန် ကြွဖို့ ရည်ရွယ်ချက် မရှိသေးဘူး လို့ မိန့်ကြား ပါတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ စုစည်းမှု ( ၈ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment