Friday, February 2, 2024

ကြိမ်းဝါးပြီ


 

❝ ကြိမ်းဝါးပြီ ❞

တိုင်းကျော် သည် မိမိ အဖြစ် ကို တွေးမိ တိုင်း လွန်စွာ စိတ်နာ မိ လေတော့၏ ။ ထို့နောက် မိမိ အသက် နှင့် ခန္ဓာကိုယ် အိုးစား မကွဲသေးပါ က မိမိ ရန်သူများ အပေါ်၌ လက်စား ချေ လို စိတ်များ လည်း တဖွားဖွား ပေါ်ပေါက်လျက် ရှိလေတော့၏ ။ မည်သို့ မည်ပုံ လက်စားချေမည် ကို လည်း တွေးတော မိလေ၏ ။

ထို့ကြောင့် သစ်ပင်ကြီး တစ်ပင် ကို ဆိတ်ဖွား က တစ်ဖက် ၎င်း က တစ်ဖက် ငါးမန်းလွှကြီး ဖြင့် တရှိန်းရှိန်း တိုက်ဖြတ် နေရင်း အံ ကို ကြိတ် လိုက်လေ၏ ။

ထို့နောက် တောက် တစ်ချက် ခေါက် လိုက်ရာ တစ်ဖက် မှ ဆိတ်ဖွား က

“ ဟေ့ကောင် တိုင်းကျော် ၊ သူတို့ ကို လက်စားချေ တာ က နောက်ကွ ။ ဒီက အလျင် လွတ်ဖို့ ကြိုးပမ်းရဦးမယ် ”

ဟု ပြော လိုက်ရာ တိုင်းကျော် သည် လွန်စွာ အံ့အား သင့် ၍ သွား လေတော့၏ ။

“ ကျုပ် စိတ် ထဲ မှာ လက်စားချေချင် စိတ်တွေ ပေါ်နေတယ် ဆိုတာ ခင်ဗျား ဘယ်လို လုပ်ပြီး သိတာတုံး ”

ဟု မေး လိုက်လေ၏ ။

“ မင်း ရဲ့ တောက်ခေါက်သံ က နေနှင့်ကြဦးပေါ့ကွာ လို့ အဓိပ္ပာယ် ရတယ် ”

ဟု ဆိတ်ဖွား က ပြန် ၍ ပြော လိုက်လေ၏ ။ 

“ ပရော်ဖက်ဆာကြီး ပြောတာ မှန်ပါတယ်ဗျာ ။ ကျုပ် က တော့ ဒီကောင်တွေ ကို လက်စား ချေ ချင် တာပဲ ။ ဒီတော့ ကျွန်း ပေါ် က နေ လွတ်အောင် ဘယ်လို လုပ်မလဲ ”

ဟု တိုင်းကျော် က ပြန် ၍ မေး လိုက်လေ၏ ။

“ မင်း နဲ့ ငါ လှေ ခိုး ထွင်း မယ်လေကွာ ။ ရိက္ခာ စု ကြမယ်ကွာ ။ မိုးတွင်း ကျ တော့ ထွက်ပြေး ကြတာပေါ့ ။ ပင်လယ် ထဲ မှာ လှေမြုပ် လို့ သေတော့ လဲ ပြီးတာပေါ့ ကွာ ။ မသေခဲ့ လို့ ရှိရင်တော့ မြန်မာပြည် ပြန် ရောက်ရင် နာမည် ပြောင်း ရုပ်ဖျက်ပြီး နေ လိုက်ပေါ့ ။ အဲဒီကျတော့ မင်း ရဲ့ မိတ်ဆွေဟောင်းတွေ ကို ရှာပြီး မင်း လုပ်ချင်တာ လုပ် ပေတော့ ။ အဲဒီ အထိ တော့ ငါ နဲ့ မဆိုင်ဘူး ။ ငါ နဲ့ ဆိုင်တာက မင်း နဲ့ ငါ နဲ့ ပေါင်းပြီး ဒီ သမုဒ္ဒရာကြီး ကို ဖြတ်ဖို့ပဲ ။ မင်း သဘော တူမယ် ဆိုရင် ဒီနေ့ ရက်ရာဇာ ပဲ နက်ဖြန် မှ သဘောတူမယ် ဆိုရင်လဲ မနက်ဖြန် ဟာ ရက်ရာဇာ ။ တကယ်လို့ သန်ဘက်ခါ မှ သဘောတူမယ် ဆိုရင်လဲ သန်ဘက်ခါ က လဲ ရက်ရာဇာ ပဲကွ ”

ဟု ဆိတ်ဖွား က ပြော လိုက် ရာ တိုင်းကျော် က

“ ဘယ်လိုလဲ ဆရာကြီး ၊ ခင်ဗျား ဥစ္စာ က ရက်ရာဇာ ချည်း ပါပဲလား ”

ဟု မေး လိုက် လေ၏ ။

“ ရာဇာ လုပ်တဲ့ ကိစ္စ ပဲ ကွာ ။ အမြဲတမ်း ရက်ရာဇာ ချည်း ပဲပေါ့ ။ ငါ ဟာ သုဘရာဇာ တစ်ယောက် ဆိုတာ မင်း မေ့ သွားပြီ ထင်တယ် ”

ဟု ဆိတ်ဖွား က ပြော လိုက်လေ၏ ။

ထို့အခါ တိုင်းကျော် သည် လှေကြီး တစ်စင်း ကို ထွင်း ၍ နှစ်ယောက်သား ထွက်ပြေးကြသည် ကို မျက်စိ ထဲ ၌ မြင်ယောင် လာသည် အထိ တွေးမိ လေ၏ ။ ထို့နောက် ချောမောစွာ ကမ်း တစ်ဖက် သို့ ဆိုက်ကပ် သွားပုံ ကို လည်း မြင်ယောင် လာ ပြန်၏ ။

ပြီးလျှင် ရုပ်ဖျက် ၍ နာမည် ပြောင်း ကာ မြို့ပေါ် ၌ လျှောက် ၍ သွားနေပုံ ကို လည်း တွေးမိ ပြန်၏ ။

ထို့ကြောင့်

“ သိပ် ကို နေရာကျတာပဲ ဆရာကြီး ။ တွေး ကြည့်တာ နဲ့ ကျုပ် ဖြင့် အတော့် ကို ပျော် နေပြီ ဗျ ။ ကိုယ့် တိုင်းပြည် ကိုယ် ပြန် ရောက်တာ နဲ့ အဲဒီ နေ့ မှာ ကို ဗေဒင်ပုဏ္ဏား တစ်ယောက် ကို ခေါ်ပြီး နာမည်သစ် မှည့် ပစ်မယ်ဗျာ ”

ဟု တိုင်းကျော် က ပြော လိုက်ရာ ဆိတ်ဖွား က

“ မလုပ် နဲ့ ကိုယ့်လူ မလုပ်နဲ့ ။ နာမည် ပြောင်းတယ် ဆိုတာ စောစော ပြောင်းထားရတယ် ။ အနား ကပ် ပြီး မှ ပြောင်း လိုက်ရင် ကိုယ် ပြောင်း ထားတဲ့ နာမည်သစ် ကို ကိုယ် ကိုယ်တိုင် က မမှတ်မိဘူးကွ ။ အဲဒါကြောင့် စောစော က ပြောင်းပါ ငါ့ လူ ရာ ”

ဟု ပြော လိုက်လေ၏ ။ 

“ ကဲ ဒီလိုဆိုလဲ အခု ကတည်း က နာမည် ပြောင်း မယ်ဗျာ ။ ဘယ်လို နာမည်မျိုး ပြောင်း ရပါ လိမ့် ”

ဟု တိုင်းကျော် က ပြော လိုက်လေ၏ ။ ထိုအခါ ဆိတ်ဖွား က ...

“ ဒီ ကျွန်းကြီး ဟာ တကယ်တော့ သာယာလှပတဲ့ ကျွန်းကြီးကွ ။ ငါ တို့ က အပြစ်ဒဏ် ကျခံရတဲ့ လူတွေ မို့ ဒီ ကျွန်းကြီး ကို မုန်းနေကြတာ ။ အဲဒီလို မဟုတ်ဘဲ နဲ့ သင်္ဘောလေး တစ်စီး နဲ့ ပစ်ကနစ် ထွက်ဖို့ လာခဲ့ကြတယ် ဆိုရင် တော့ ဒီ ကျွန်းကြီး ရဲ့ သာယာပုံ ၊ လှပပုံ ကို ခံစား နိုင် လိမ့်မယ်ကွ ။ ဒီ ကျွန်းကြီး မှာ မြရောင်စိမ်း စိုနေတဲ့ သစ်တောကြီးတွေ ရှိတယ် ။ စိုပြည်လန်းဆန်း တဲ့ မြက်ခင်းကြီးတွေ ရှိတယ် ။ တောပန်းတွေ ဝေဆာ နေတယ် ။ တောငှက် တွေ က တွန်ကျူး နေတယ် ။ စိမ်းပြာရောင် ပင်လယ်ကြီး က ပတ်ဝိုင်း ထားတယ် ။ ဘယ်လောက်များ လှ သလဲ ကွာ ။ ဒီ ကျွန်းကြီး ဟာ ငါ့ မျက်စိ ထဲ မှာ ငါ့ နှလုံးသား ထဲ မှာ ခံစားရတဲ့ အတိုင်း နာမည် ပေး ရရင် “ မြကျွန်းသာ ” ကြီးပါကွာ ။ ဒီတော့ မင်း နာမည် ကို လဲ အဲဒီ “ မြကျွန်းသာ ” ကြီး နဲ့ ဆက်စပ်ပြီး ပေး ရမှာ ”

ဟု ဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် က

“ လုပ်စမ်းပါဦး ဆရာကြီး ရယ် ”

ဟု အလောတကြီး မေး လိုက်လေ၏ ။

“ ဒီတော့ကွာ “ မြကျွန်းသာ ” ဆိုတဲ့ စာလုံး သုံးလုံး ထဲ က အလယ် က ကျွန်း ဆိုတဲ့ စာလုံး ကို ဖြုတ်ပြီး “ မြသာ ” ဆိုတဲ့ နာမည် ကို ယူ မယ်ကွာ ။ ကိုင်း ရတနာ သုံးပါး ဦးထိပ်ထား ၍ မာတာမိခင် သန္ဓေစင် သည် မည်တွင်သညာ ခေါ် စရာကား “ မောင်မြသာ ” အသက် တစ်ရာ့နှစ်ဆယ် ကျော် ရှည်စေသော် ”

ဟူ၍ ဆိတ်ဖွား က ပြော လိုက်ရာ တိုင်းကျော် သည် သဘောကျ လွန်း၍ တဟားဟား ရယ်မော ကာ  ။

“ မောင်မြသာ တဲ့ ဟေ့ ။ တစ်ရာ့နှစ်ဆယ်ကျော် တောင် ရှည်မယ်တဲ့ ဟေ့ ။ အဲ့ဒီလို များ အသက်တွေ ရှည် ရင်တော့ မြသာ အကြောင်း ကောင်းကောင်းကြီး သိကြမယ် ဟေ့ ။ ဟား ဟား ဟား ဟား ဟား  ”

ဟု အသံနက်ကြီး ဖြင့် ကြိမ်းဝါး ရယ်မော လိုက်ရာ ၎င်း ၏ အသံ သည် ပဲ့တင်ထပ် သွားသည် ဖြစ်ရာ သစ်ပင်များ ပေါ် ၌ နားနေ ကြသော ငှက်များ ပင် လန့်ဖျပ် ၍ ပြိုင်တူ ထ ကာ ဝုန်းခနဲ ပျံတက် သွားကြ လေတော့ သတည်း ။ 

   •••••   •••••   •••••

❝ ပညာရှိ အား မှီဝဲ ဆည်းကပ်ရခြင်း သည် လည်းကောင်း ❞

တိုင်းကျော် တဖြစ်လဲ မောင်မြသာ သည် ၎င်း ၏ ဆရာကြီး ဆိတ်ဖွား အား တစ်နေ့ ထက် တစ်နေ့ တိုး၍ တိုး၍ ကြည်ညိုလေတော့၏ ။ ဆိတ်ဖွား သည် ပင်ပန်းစရာ ကောင်းသော လုပ်ငန်းများ ကို ၎င်း က လုပ်ကိုင်၍ သက်သာသော လုပ်ငန်းများ ကို မူ မောင်မြသာ အား စေခိုင်း လေ၏ ။ အစားအသောက် စားရာ ၌ လည်း မောင်မြသာ ကို ဝအောင် စား စေလျက် ၎င်း က မူ လျှော့၍ စား လေ၏ ။ အနားယူစရာ ရှိ လျှင်လည်း မောင်မြသာ ကို အနားယူ စေ၍ မောင်မြသာ ၏ လုပ်ငန်း တာဝန်များ ကို ပြုလုပ် ဆောင်ရွက် ပေးလေ၏ ။ တစ်နေ့သ၌ ဆိတ်ဖွား က မောင်မြသာ အား ရာဇဝင် နှင့် စပ်သော စကားများ ကို မေးမြန်း၏ ။

မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ပြန် ပြောလေ၏ ။

တစ်ဖန် ဆိတ်ဖွား က ပထဝီဘာသာရပ် နှင့် ပတ်သက်သော အကြောင်းအရာ များကို မေး ပြန်ရာ မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ပြန်၍ ပြောလေ၏ ။

ထို့နောက် ဆိတ်ဖွား က လောကဓာတ်ဘာသာ နှင့် ပတ်သက်သော အကြောင်း အရာများ ကို မေး ပြန်ရာ မောင်မြသာ က

“ ကျောင်း တုန်းက သင်ဖူးပါရဲ့ ဗျာ ။ အခုတော့ မေ့ကုန်ပြီ ”

ဟု ဖြေ လိုက်ရာ ဆိတ်ဖွား က

“ မင်း ဥစ္စာ က လဲ ကျောင်း တုန်း က သင်ဖူးတယ် ။ အခုတော့ မေ့ကုန်ပြီ ချည်း ပါပဲလား ။ မေ့ပစ်မယ့် ဟာပဲ ကွာ ။ ဘာဖြစ်လို့ သွားပြီး သင်ခဲ့ရတာတုံး ”

ဟု ပြန်၍ ပြောလေ၏ ။

ထိုအခါ မောင်မြသာ က ရယ်မော ၍

“ ဆရာ ဆိတ်ဖွား ပြောမယ် ဆိုရင်လဲ ပြောစရာပါပဲ ဗျာ ။ ကျုပ် က လဲ အကုန်လုံး ကို မေ့ပစ်တော့တာ ပါပဲ ”

ဟု ပြန်၍ ပြော လိုက်လေ၏ ။

ထိုအခါ ဆိတ်ဖွား က ...

“ ဒီလိုကွ မောင်မြသာ ရ ။ မင်း ကို ငါ က ဖြစ်စေချင်တာ က ကျွန်း က လွတ်ရုံ သက်သက် မဟုတ်ဘူး ။ လောက မှာ ကြီးကြီးပွားပွား နဲ့ လူတိုင်း လူတိုင်း က ဆရာကြီး ဆရာကြီး ဆို ပြီး ရိုသေ ခန့်ညားတဲ့ ဆရာကြီး တစ်ဆူ ဖြစ်စေချင် သေးတယ် ။ အခု မင်း ဥစ္စာ က ဘာမဆို မေ့ပစ်ကုန်တဲ့ ကောင် ဆိုတော့ ဆရာကြီး ဖြစ်ဖို့ ထား လို့ တပည့်ကြီး ဖြစ်ဖို့ တောင် မလွယ်လှဘူး ။ နောက်ပြီး မင်း မှာ သနားစရာ ကောင်းတဲ့ အချက် တစ်ချက် ရှိသေးတယ် ။ ကောလိပ် က ထွက်ပြီး ကတည်း က မြို့အုပ်ကလေး ရာထူး ကို ဝင် လုပ် လိုက်တယ် ဆိုတော့ မင်း ဟာ ဘာမှ တတ်မယ့် ကောင်စား မျိုး မဟုတ်ပါဘူး ။ မင်း လို ပဲ ကောလိပ် က ထွက်ပြီး မြို့အုပ် ဝင်ပြီး လုပ်တဲ့ မောင်မင်းတင် ဆိုတဲ့ ကောင်လေး တစ်ယောက် ငါ တွေ့ ဖူး သေးတယ် ။ မင်း လို ပဲ ဘာမှ မတတ်ဘူးကွ ။ ရူးပေါပေါ နဲ့ ။ အေး တစ်ခု တော့ ရှိတယ် ။ ဒီပြင် နေရာ သာမတတ်တာ မောင်ရေ့ ။ လာဘ် တော့ ကောင်းကောင်း စား တတ်တယ်ကွ ။ ဒါပေမဲ့ သနားစရာ မောင် ရေ့ ။ အဲဒီ ကောင်လေး မရှိရှာတော့ပါဘူး ။ လေဖြတ် လို့ သေရှာပြီကွ ။ ဒါတွေ ထား လိုက်ပါတော့ကွာ ။ အရေးကြီးဆုံး က တော့ မင်း ကို ပညာ သင် ပေးရမယ် ။ အဲဒီတော့ ကောလိပ် မှာ မင်း ကျောင်း နေဖူးတယ် ဆိုတာ တောင် မေ့ပစ် လိုက်တော့ ကွာ ။ ဒီ ကနေ့ အသစ် ပြန်ပြီး စ ကြ ရအောင် ”

ဟု ပြောလိုက်လျှင် မောင်မြသာ က

“ လုပ်ပါ ဆရာ ရယ် လုပ်ပါ ။ ကျုပ် က တော့ တပည့်ခံ ဖို့ အဆင်သင့်ပါပဲ ”

ဟု ပြန်၍ ပြော လိုက်လေ၏ ။

ထို့နောက် တွင် ၎င်းတို့ နှစ်ဦး သည် ငါးမန်းလွှကြီး ကို တစ်ယောက် တစ်ဘက် ကိုင်၍ သစ်ပင်ကြီး တစ်ပင် ကို တရွှီးရွှီး ဖြတ် နေ လေတော့၏ ။ ထို့နေ့ အဖို့ မိုးချုပ် သည့် တိုင်အောင် အလုပ် လုပ်ကြ ပြီး လျှင် အလုပ် သိမ်း ကြလေ၏ ။ အလုပ် သိမ်းသော အခါ၌ ထမင်းဟင်းချက်ပြုတ် စားသောက် လေ၏ ။ ထိုသို့ ချက်ပြုတ်စား ရင်း ဆိတ်ဖွား က မောင်မြသာ အား ပညာ သင်ကြား ပေးလေ့ ရှိလေ၏ ။

“ ဒီလိုကွ မောင်မြသာ ရဲ့ ။ လူ တစ်ယောက် ဟာ နီတိ ကို ကောင်းကောင်း တတ်ရ မယ် ။ ရောင်းရေး ဝယ်တာ သင်္ချာအတတ် ကို လဲ ကောင်းကောင်း တတ်ရမယ် ။ ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ အတတ် ကိုလဲ  တတ်ရမယ် ။ ဆေးအတတ် ကိုလဲ တတ်ရမယ် ။ သတ်ပုတ် တဲ့ အတတ် ကို လဲ တတ်ရမယ် ။ မင်း ကို သင်ပေးရမှာပဲ ။ ဒါပေမဲ့ အဲဒါတွေ တတ်ဖို့ ဆိုတာ က မှတ်ဉာဏ် ကောင်းဖို့ လိုတယ် ။ မင်း ကြည့် ရတာ မှတ်ဉာဏ် နည်းပုံ ရတယ် ။ ဒါကြောင့် ပထမဆုံး မင်း ကို လေ့ကျင့်ပေးရ မှာ ကတော့ မှတ်ဉာဏ် ကောင်းအောင် လေ့ကျင့်ပေးဖို့ပဲ ”

ဟု ဆိတ်ဖွား က ပြော လိုက်လေ၏ ။

“ လုပ်ပါ ဆရာဆိတ်ဖွား ရယ် ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ ဒီလိုကွ ။ လူ မှာ က မှတ်မိတဲ့ သဘော သုံးမျိုး ရှိတယ် ။ အဲဒီ သုံးမျိုး က ဘယ်လိုလဲ ဆိုတော့ တစ်ယောက် ယောက် က အစ ဖော် ပေးလိုက်ရင် မှတ်မိတယ် ။ နောက် တစ်မျိုး က ကိုယ့် ဟာ ကိုယ် တဖြည်းဖြည်း ပြန် စဉ်းစားရင် မှတ်မိတယ် ။ နောက်ဆုံး တစ်မျိုး က တော့ တစ်ခါ သိထား တစ်ခါ နားလည် ထားရင် ဘယ်တော့ မှ ကို မမေ့တော့ဘူး ။ တစ်ခါ တည်း မှတ်မိနေတယ် ။ အဲဒီ သုံးမျိုး ကို တစ်ခု စီ ရှင်းပြရ ဦးမယ် ။ ဥပမာ ဆိုပါတော့ ကွာ ။ နှစ်ပေါင်း များစွာ သိထားတဲ့ အကြောင်းအရာ တစ်ခု ကို ကိုယ့် ဟာ ကိုယ် စဉ်းစားရင် ဘယ်လိုနည်း နဲ့ မှ ဓပေါ်ဘူး ။ တစ်ယောက် ယောက် က နေပြီး ဒီလိုလေဗျာ ။ အဲဒီတုန်း က ခင်ဗျား က ဘယ်လို ပြောတယ် မဟုတ်လား ။ အဲဒါနဲ့ ကျုပ် မိန်းမ က တောင် ခင်ဗျား ကို ဘယ်လို ပြန် ပြောလိုက် သေးတယ်လေ ဆိုပြီး အစ ဖော် ပေး လိုက်ရင် မေ့နေတဲ့ လူ ဟာ ပြန် သတိရ ပြီး ။ ဩ ကျုပ် သိပြီ သိပြီ ဆိုပြီး အကြောင်းအရာ တစ်ခုလုံး ကို ဖြစ်စေ ။ အဖြစ်အပျက် တစ်ခုလုံး ကို ဖြစ်စေ အခု ကို ဖြစ်နေတဲ့ အတိုင်း ပြန်ပြီး မှတ်မိ သွားတာမျိုး ကို တွေ့ဖူးကြုံဖူး တယ် မဟုတ်လား ။ အဲဒါတွေ က တစ်ယောက် ယောက် က အစ ဖော် ပေး မှ မှတ်မိတဲ့ မှတ်မိခြင်း မျိုး ဖြစ်တယ် ။ ဒုတိယ တစ်မျိုး က တော့ ငယ်ငယ်တုန်း က ကျက်မှတ်မိဖူးတဲ့ စာတွေ ဆိုပါစို့ ။ ဒီ အတိုင်း ဆိုရင် မေ့ နေတယ် ။ တဖြည်းဖြည်းချင်း ကိုယ့် ဟာ ကိုယ် ပြန် ပြီး ၀င် စဉ်းစားတဲ့ အခါမှာ ပြန်ပြီး သတိရလာတယ် ။ ဥပမာ သီချင်းတွေ ကျက်ထားတယ် ဆိုပါစို့ ဒီအတိုင်း ဆို မေ့နေတာပဲ ။ တဖြည်းဖြည်း ပြန်ပြီး စဉ်းစား လိုက် ရင် ပြန်ပြီး ပေါ်လာတယ် ။ နောက်ဆုံး တစ်မျိုး က တော့ တစ်ခါ သိဖူး ။ တစ်ခါ နားလည်ဖူး ။ တစ်ခါ တတ်ကျွမ်းဖူးရင် ဘယ်တော့ မှ မမေ့တဲ့ ဥစ္စာပဲ ။ ဥပမာ စက်ဘီး စီးတဲ့ အတတ်တို့ ။ ရေကူးတဲ့ အတတ်တို့ လို ဟာမျိုး တွေပေါ့ ။ မေ့ကုန်တယ် လို့ ကို မရှိဘူး ။ ဘယ်လောက် ပစ်ထား ပစ်ထား ပြန်ပြီး လုပ် လိုက်တဲ့ အခါမှာ ရ တာပဲ ။ အဲ့ဒီတော့ သုံးမျိုး သုံးစား မှတ်မိတယ် ဆိုတာ ကို တော့ နားလည်ပြီ မဟုတ်လား ။ ဒါနဲ့ ပတ်သက်လို့ ငါ့ အနေ နဲ့ ပြောချင်တာ တစ်ခု ရှိတယ် ။ လောကဓာတ်ဆရာတွေ က တော့ ဦးနှောက် က မှတ်တယ် လို့ ဆိုကြ လိမ့်မယ် ။ ငါ့ အယူအဆ ကတော့ ဦးနှောက် က မှတ်တာ ဟုတ်ဘူး ။ မှတ်သားခြင်း ဟာ ဦးနှောက် နဲ့ မဆိုင်ဘူး ။ ဘယ်က မှတ်တယ် လို့တော့ ငါ လဲ အတိအကျ မပြောနိုင်ဘူး ။ မှတ်နိုင်စရာ တစ်ခု က မှတ်ထားတယ် လို့ ပဲ အတိုချုပ် မှတ်ထားကွာ ။ အဲဒီ မှတ်နိုင်စရာ တစ်ခု ဆိုတာ ကို ငါ မသိတာတော့ မဟုတ်ဘူး ။ ငါ့ အနေနဲ့ တော့ သိပါတယ် ။ ဒါပေမဲ့ မင်း ကို ရှင်းပြဖို့ ခက် နေတယ် ။ အဲဒီတော့ မှတ်တယ် ဆိုတာ မှတ်နိုင်တာ တစ်ခု က မှတ်ထားတယ် ။ ဦးနှောက် က မဟုတ်ဘူး ။ ဒါပဲ ။ ပုရွက်ဆိတ်ကလေးတွေ ကို ကြည့်စမ်း ။ သူတို့ အိမ်ကလေးတွေကို သူ တို့ ပြန် တတ်တယ် ဆိုတဲ့ အရာဝတ္ထုတွေ ကို သူတို့ သိတယ် ။ ဆိုလိုတာ က တော့ မှတ်မိတယ်ပေါ့ ကွာ ။ ဒါပေမဲ့ သူတို့ မှာ ဦးနှောက် မရှိပါဘူး ။ ဦးနှောက် ရှိမှ မှတ်ရမယ် ဆိုရင် ပုရွက်ဆိတ် ဟာ အိမ် ပြန် တတ်တော့ မှာ မဟုတ်ဘူး ... ကဲပါကွာ ။ အခု ငါ ပြောတဲ့ သုံးမျိုး ကို သဘောပေါက်ပြီ မဟုတ်လား မောင်မြသာ ”

ဟု ဆိတ်ဖွား က ပြော လိုက်ရာ မောင်မြသာ က

“ မှတ်မိပါပြီ ဆရာသမား ”

ဟု ရိုသေစွာ ပြန်၍ ဖြေရင်း ထမင်းအိုး ကို ဝါးယောက်မ ဖြင့် မွှေ လိုက်လေတော့၏ ။

ထို့နောက် ဆိတ်ဖွား က

“ မှတ်မိနိုင်ခြင်း သုံးမျိုး ကို ပြောပြီးတဲ့ အခါ မှာ မှတ်နည်း သုံးမျိုး ကို ပြောပြရဦး မယ်ကွ ။ မှတ်နည်း သုံးမျိုး က တော့ အတည့် မှတ်နည်း ။ ပြောင်းပြန် မှတ်နည်း ။ ဆက်စပ် မှတ်နည်း ရယ် လို့ သုံးမျိုး ရှိတယ်ကွ ။ အတည့် မှတ်နည်း ဆိုတာ က တူ တာ ကို ပေါင်းပြီး မှတ်တာပေါ့ ကွာ ။ အသားဖြူ တဲ့ မောင်ဖြူ နဲ့ သူ့ လို ပဲ အသားဖြူ တဲ့ မောင်ဘ ကို တွဲပြီး မှတ်တာမျိုးပေါ့ ။ ပြောင်းပြန် မှတ်နည်း ကတော့ အသားဖြူ တဲ့ မောင်ဖြူ ကို အသားမည်း တဲ့ မောင်မည်း နဲ့ တွဲပြီး မှတ်တာမျိုး ပေါ့ ။ ဆက်စပ်ပြီး မှတ်တာ က တော့ အကြောင်းအရာ နှစ်ခု ကို ဆက်စပ်ပြီး မှတ်တာမျိုး ”

ဟု ပြောလိုက်ရာ မောင်မြသာ က

“ အဲဒီ နောက်ဆုံးမျိုး ကို ကျွန်တော် နားမလည်ဘူး ဆရာသမား ”

ဟု ပြော လိုက်ရာ ဆိတ်ဖွား က ...

“ တစ်ခါက လူ တစ်ယောက် ရှိတယ်ကွ ။ အဲဒီ လူ က သိပ်ပြီး မြင်းလောင်းတယ် ။ သူ့ မိန်းမ က လဲ အဲဒီလို မြင်းလောင်း တာ ကို နည်းနည်း မှ မကြိုက်ဘူး ။ မကြိုက်တာ က လဲ မြင်းပွဲ မှာ ငွေ ကုန်လို့ မကြိုက်တာမျိုး မဟုတ်ဘူး ။ သူ့ ယောက်ျား က မြင်းပွဲ မှာ ချည်း စိတ် က ရောက် နေလေတော့ သူ့ အပေါ် မှာ စိတ် မဝင်စားဘူး မဟုတ်လား ။ အဲဒါကို မကြိုက်တာ ။ အဲဒါကလဲ မြင်းပွဲ မှာ ပိုက်ဆံတွေ ရှုံးပစ် တာ ထက် အရေးကြီး တဲ့ ကိစ္စမျိုး မဟုတ်လားကွ  ။ အဲဒီတော့ အဲဒီတော့ မကြာခဏ လင်မယားချင်း စကား များတယ် ။ နောက်ဆုံး မှာ သူ့ ယောက်ျား ဟာ သူ့ ကိုစိတ်မဝင်စားဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ ရုံးတော် မှာ ကွာရှင်းခွင့် တောင်းတယ် ။ တရားသူကြီး က အဲဒီ အမှု ကို စစ်ဆေးတယ် ။ ဘယ်လို စစ်ဆေးသလဲ ဆိုတော့ “ မောင်မင်း မိန်းမ က သူ့ ကို မောင်မင်းက စိတ်မဝင်စား ဘူး ။ ဒါကြောင့် ကွာရှင်းခွင့်ပေးပါ လို့ ရုံးတော် မှာ လျှောက် ထားတယ် ။ အဲဒါ ဟုတ်ပါ သလား ” လို့ တရားသူကြီး က မေး လိုက်တယ် ။ အဲဒီ အခါမှာ အဲဒီ လူ က “ မဟုတ်ပါဘူး တရားသူကြီးမင်း ။ ကျွန်တော့် မိန်းမ က လိမ်လည်ပြီး တိုင်ကြားခြင်း ဖြစ်ပါတယ် ” လို့ ပြောတာကိုး ။ အဲဒီတော့ တရားသူကြီး က “ ဒီလိုဆို မောင်မင်း ကို မေးမယ် ။ မိန်းမ ကို စိတ်ဝင်စားတယ် မဝင်စားဘူး ဆိုတာ ဒီ မေးခွန်း မေး လိုက်ရင်သိ သာပါတယ် ။ အဲဒီတော့  မောင်မင်း ဖြေစမ်း ။ မောင်မင်း မိန်းမ နဲ့ မောင်မင်း မင်္ဂလာဆောင် တဲ့ရက် ဟာ ဘယ်ရက်လဲ ” လို့ တရားသူကြီး က မေးလိုက်တယ် ။ တစ်ရုံးလုံး က လဲ ငြိမ်ပြီး ဘာများ ဖြေမလဲ လို့ နားထောင် နေကြတယ် ။ အဲဒီတော့ မြင်းပွဲ ကို ဝါသနာ ပါ တဲ့ အဲဒီ လူ က ဘယ်လို ဖြေလိုက် သလဲဆို တော့ “ မှတ်မိပါတယ် တရားသူကြီးမင်း ။ အဲဒီ နေ့ က ကျွန်တော် တွဲပွဲ ရှုံးတဲ့ နေ့ ပဲ ။ ဖေးဘရိတ်မြင်းတွေ အားလုံး ပက်လက် လန်ပြီး ဘူကောင် မြင်း ဖြစ်တဲ့ ငွေနက်ကျော် ပန်းဝင် တဲ့ နေ့ပါ ” လို့ ဖြေ လိုက်တာကိုး ။ အဲဒီ လူ အဖြေကြောင့် ရုံး ပေါ် ကလူတွေလဲ “ ဝေါခနဲ ” ပွဲကျ သွားတယ် ။ ဣန္ဒြေ အင်မတန် ကြီးတဲ့ တရားသူကြီးမင်း တောင် ပြုံးစိစိ ဖြစ် သွားတယ် ”

ဟု ပြော လိုက်ရာ မောင်မြသာ သည် သဘောကျ လွန်း ၍ တခစ်ခစ် ရယ်၍ နေလေ၏ ။ ထိုသို့ ရယ်ပြီး နောက်

“ ကြံကြံဖန်ဖန် ဆရာကြီး ရယ် ”

ဟု ပြော လိုက်၏ ။

“ အေး ဆက်စပ်ပြီး မှတ်တဲ့ နည်း ဟာ အဲ့ဒီလိုပဲ ကြံကြံဖန်ဖန် ဆက်စပ်ပြီး မှတ်ရတယ်ကွ ။ ဒါကြောင့် မှတ်နည်း သုံးမျိုး ကို အလင်္ကာလေး လုပ်ထားတယ် အဲ့ဒါကလေး ကို အလွတ် ကျက်ထားပေါ့ ကွာ အတည့် ပြောင်းပြန်
ဆက်စပ်ဟန် မှတ်ရန် နည်း သုံးနည်း ”

ဟူ၍ ဆိတ်ဖွား က ရွတ်ဆို ပြ လိုက်လေတော့၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် ထမင်း ကျက်သော အခါ ၌ ထမင်း စား ကြလေ၏ ။ ထမင်း စားရင်း နှင့် လည်း ဆိတ်ဖွား က မှတ်ဉာဏ် နှင့် ပတ်သက်သော လေ့ကျင့်ခန်းများ ၏ မောင်မြသာ အား သင်ကြား ပို့ချလေ၏ ။

“ ဒီလို မောင်မြသာ ရဲ့ ။ ငါတို့ ဘုရား ရဲ့ သာသနာ မှာ မှတ်ဉာဏ် အလွန်ကောင်း တဲ့ ရဟန်း တစ်ပါး ရှိတယ် ။ အဲ့ဒီ ရဟန်း ကို ဘရားသခင် ကိုယ်တိုင် က မှတ်ဉာဏ် ကောင်း တဲ့ အတွက် “ သတိမန္တ ဧတဒဂ် ” ပေးတော် မူတယ် ။ ကမ္ဘာ ပေါ် မှာ လဲ မှတ်ဉာဏ် ကောင်းတဲ့ လူတွေ အများကြီး ပဲ ကွယ့် ။ ပင်ကို  က မှတ်ဉာဏ် ကောင်းတဲ့ လူ အတွက် တော့ မလိုဘူး ပေါ့ကွာ ။ ဒါပေမဲ့ မင်းတို့ လို မှတ်ဉာဏ် မကောင်းတဲ့ လူတွေ က တော့ မှတ်ဉာဏ် ကောင်း ဖို့ လေ့ကျင့်ခန်းတွေ အများကြီး လိုတယ် ။ အဲ့ဒါက ဘာလဲ ဆိုတော့ မှတ်မိ အောင် မှတ်ဉာဏ် ငါးမျှားချိတ်တွေ ။ အင်္ဂလိပ် လို တော့ မင်တယ် ( လ် ) ဟု ( စ် ) လို့ ခေါ်တာပေါ့ကွာ ။ ဒီ ချိတ်တွေ လုပ်ထား ရတယ် ။ အဲဒီ ချိတ်တွေ က မေ့သွားမယ့် ဟာတွေ ကို ပြန်ပြီး ချိတ်ဆွဲ ယူတဲ့ သဘောပါ ။ အဲဒါက ဘယ်လို လုပ်ရသလဲ ဆိုတော့ တစ် နှစ် သုံး လေး ဂဏန်းတွေ ကို သင်္ကေတ တွေ လုပ်ပြီး မှတ်ထားတဲ့ သဘောပဲ ။ အဲဒီ သင်္ကေတတွေ က ခုနှစ် သက္ကရာဇ်တွေ ။ နေ့ရက် အရေအတွက် တွေ အကုန်လုံး ဖြစ် ကုန်တော့တာပဲ ။ အဲဒီတော့ မင်း အတွက် ကိုယ်ပိုင် ချိတ်တွေ လုပ် ပေးမယ် ”

မောင်မြသာ သည် ဆိတ်ဖွား ပြောသည် ကို သေချာစွာ မှတ်သားလေ၏ ။ ထို့နောက် ဆိတ်ဖွား က

“ ကဲ မင်း ကို ငါ မေးမယ် ။ မနက် အိပ်ရာ က ထထ ချင်း ဘာ လုပ်သလဲ ”

မေး လိုက်လေ၏ ။

“ ဆရာသမား က လဲ ဗျာ ။ သွားတိုက် မျက်နှာသစ် တာပေါ့ ”

ဟု မောင်မြသာ ဖြေ လိုက်လေ၏ ။

“ အေး ကောင်းပြီ ။ သွားတိုက် တော့ ဘာနဲ့ တိုက်သလဲ ”

ဟု ဆိတ်ဖွား က မေးပြန် လေ၏ ။ 

“ ဟာ ဆရာ လဲ မီးသွေး နဲ့ တိုက်နေတာ မြင်လျက်သား နဲ့ ”

ဟု မောင်မြသာ က ဖြေလေ၏ ။

“ အေး ကောင်းပြီ ။ မီးသွေး ဘယ်နှခဲ လဲ ”

ဟု ဆိတ်ဖွား က မေး လိုက်လေ၏ ။

“ ဘယ်နှခဲ ဖြစ်ရမှာလဲ ဆရာရဲ့ ။ တစ်ခဲ ပေါ့ ။ နှစ်ခဲပူးကြီး တိုက်လို့ မှ မရတာ ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ အေး ကောင်းပြီ ။ တစ် လို့ ဆိုတာ နဲ့ မီးသွေး လို့ မင်း ရဲ့ အာရုံ ထဲ မှာ မြင် ပေတော့ ။ မမြင်ရင်လဲ မြင်အောင် လေ့ကျင့်ထား ။ တစ် ဆိုတာ မီးသွေး ။ မီးသွေး ဆိုတာ တစ် ဒါပဲ ”

ဟု ဆိတ်ဖွား က ပြောလေ၏ ။ 

“ ဆရာ ဟာ အဆန်းပါ ပဲ လား ”

ဟု မောင်မြသာ က ပြော လေ၏ ။

ထို့နောက် ဆိတ်ဖွား က

“ သွား တိုက်ပြီးတော့ ဘာ လုပ်သလဲ ”

ဟု မေး လိုက်လေ၏ ။

“ သွား တိုက်ပြီးတော့ ဘာလုပ်ရမှာလဲ ။ မျက်နှာသစ် တာ ပေါ့ဗျာ ”

ဟု မောင်မြသာ က ပြော လေ၏ ။

“ မျက်နှာ သစ် တာ ဘာ နဲ့ သစ်သလဲ ”

ဟု ဆိတ်ဖွား က မေး ပြန်လေ၏ ။

“ မျက်နှာသစ် တာ ရေ နဲ့ သစ်တာပေါ့ ”

ဟု မောင်မြသာ က ဖြေ လေ၏ ။

“ ရေ ကို ဘာ နဲ့ ခပ်သလဲ ”

ဟု ဆိတ်ဖွား က မေး ပြန်လေ၏ ။

“ ရေ ကို ခွက် နဲ့ ခပ်တာပေါ့ဗျ ”

ဟု မောင်မြသာ က ပြန် ၍ ဖြေ လေ၏ ။

“ ကောင်းပြီ ။ ရေခွက် ဟာ ရေခပ်တဲ့ အခါ မှာ ဖော့ပြီး ခပ် သလား ။ နှစ်ပြီး ခပ်ရသလား ”

ဟု ဆိတ်ဖွား က မေးပြန် လေ၏ ။

“ ဟာဗျာ နှစ်ပြီး ခပ်ရတာပေါ့ ”

ဟု မောင်မြသာ က ပြန်၍ ဖြေ လေ၏ ။

“ အေး ကောင်းပြီ ။ နှစ် ဟာ ရေခွက် ပဲ ။ ကောင်းကောင်း မှတ်ထား ။ ရေခွက်ဆိုတာ နဲ့ “ နှစ် ” လို့ တစ်ခါ တည်း နားလည် ထားပေတော့ ကြားလား ”

ဟု ဆိတ်ဖွား က ပြော လေ၏ ။

ဤသို့နှင့် ပင် ဆိတ်ဖွား သည် မောင်မြသာ အတွက် မှတ်ဉာဏ် ချိတ်ပေါင်း တစ်ရာကျော် ကို လေ့ကျင့် ပေး ခဲ့လေ၏ ။ တစ်လ မပြည့်မီ ၌ ပင် မောင်မြသာ ၏ မှတ်ဉာဏ် သည် ကောင်းစွာ တိုးတက်ခဲ့ လေ၏ ။

တစ်နေ့သ၌ ဆိတ်ဖွား က မောင်မြသာ အား မှတ်ဉာဏ် ကို စမ်းသပ်လိုသည် နှင့်

“ မောင်မြသာ ရယ် ။ ငါ့ ရဲ့ ကျွန်းသား နံပါတ်ကြီး ပျောက် သွားတယ်ကွာ ။ ငါလဲ  မမှတ်မိတော့ဘူး ”

ဟု ညည်းညူ လိုက်ရာ မောင်မြသာ က

“ ဟာ ဆရာ ကလဲ ဆရာ့ နံပါတ် က ဗာရာဏသီ လေ ”

ဟု ပြော လေ၏ ။

“ ဗာရာဏသီ မှာ တောင် သွား ရှာရမှာလား ”

ဟု ဆိတ်ဖွား က မေး လိုက်ရာ မောင်မြသာ က

“ ဘယ်ကလာ ဟုတ်ရမှာတုံး ။ ဆရာ လုပ်ပေးထားတဲ့ ချိတ်တွေလေ ။ ဗာရာဏသီ ဆိုတာ က ၅၈၉၆ ပေါ့ ဆရာ ရယ် ”

ဟု ပြော လေ၏ ။

ထိုအခါ ဆိတ်ဖွား က

“ ဒီလိုဆိုရင် ကျွန်းသားလှဖေ ရော ကွာ ”

ဟု မေး လိုက်၏ ။

“ လှဖေ က ဂျူဗလီဟော ပါ ဆရာ ရယ် ”

ဟု မောင်မြသာ က ဖြေ လေ၏ ။

“ သာတင့် ကော ကွာ ”

ဟု ဆိတ်ဖွား က မေး ပြန်ရာ

“ သာတင့် က မအူမလယ်ပါ ဆရာ ရယ် ”

ဟု ပြန်၍ ဖြေရုံမျှ မက မောင်မြသာ သည် -

ဂနီ က သင်္ဘောကြက်ဆူ
မောင်မူ က အူ အနာပေါက်
မောင်ပေါက် က ထောက်ကြံ့နှစ်ပင်
ဘခင် က ကြင်နာသူပါ
မောင်ပါ က ပဲပလာတာ စသည်ဖြင့် ကျွန်းသားပေါင်း ငါးဆယ်ကျော် ၏ နံပါတ် ကို အလွတ် ဆိုပြ လေတော့၏ ။

ထိုအခါ ဆိတ်ဖွား က ...

“ မင်း အခု အလွတ် ရ သလို ကျွန်းမင်းကြီးရုံး က စာရေးကြီး လဲ အလွတ် မရဘူး ။ ကျွန်းမင်းကြီး လဲ အလွတ် မရဘူး ။ ဒီ တစ်ကျွန်းလုံး မှာ မင်း တစ်ယောက် တည်း ပဲ ရှိလိမ့်မယ် ”

ဟု ပြော လေတော့၏ ။

ထို့နောက် ဆိတ်ဖွား သည် မောင်မြသာ အား လက်ဆစ် တွက်ခြင်း အတတ် ။ သင်္ချာအတတ် တို့ကို သင်ကြား ပေး လေ၏ ။ ထို့နောက် ရာဇဝင် အတတ် ။ နီတိအတတ် နက္ခတ်အတတ် တို့ ကို သင်ကြား၏ ။ ထို့ပြင် လက်ဝှေ့အတတ် ။ သိုင်းအတတ် တို့ကို ဖြတ်လမ်းနည်း ဖြင့် သင်ကြားလေ့ကျင့် ပေးခဲ့ ပြန်၏ ။ ထို့သို့ သင်ကြားပေး ခဲ့ရာ တစ်နှစ် တာ အချိန် သို့ ရောက်ရှိခဲ့ လေတော့၏ ။ ထိုအခါ၌ မောင်မြသာ က ...

“ ဆရာ ကိုဆိတ်ဖွား နဲ့ နေလိုက်ရတဲ့ တစ်နှစ် တာ ဟာ ကျွန်တော့်အ တွက် အလွန် ကို အဖိုးတန်တဲ့ အချိန် ဖြစ်ပါတယ် ။ ကျွန်တော် ဟာ ပညာ ဗဟုသုတတွေ အများကြီး ရခဲ့တယ် ။ ဒါကြောင့်လဲ ပဏ္ဍိတာနဉ္စ သေဝနာ ပညာရှိ နဲ့ မှီဝဲဆည်းကပ်ရခြင်းသည် လည်းကောင်း လို့ မင်္ဂလသုတ် မှာ ဆိုထားတာ ကိုး ”

ဟု ပြောလေတော့၏ ။

“ ပညာရှိ နဲ့ မှီဝဲဆည်းကပ် ပြီး ရင် ပင်လယ် သမုဒ္ဒရာကြီး နဲ့ မှီဝဲ ဆည်းကပ်ကြဦး စို့ကွယ် ။ ပထမ အလုပ် ကတော့ မြေကျင်းကြီး တူးမယ် ။ အဲဒီ အထဲ မှာ သစ်လုံးကြီး တစ်လုံး သွင်း ထားမယ် ။ လူ လစ်ရင် မြေကျင်း ထဲ ဆင်းပြီး လှေ ထွင်းမယ် ။ ငါတို့ နှစ်ယောက် တစ်နှစ်လုံး စုဆောင်း လာတဲ့ ရိက္ခာတွေ က လဲ မနည်းဘူး ရှိနေမှာပဲ ”

ဆိတ်ဖွား က ပြန်၍ ပြော လေတော့၏ ။

ထို့နောက်တွင် ကား ၎င်းတို့ နှစ်ဦး သည် သိုသိပ်စွာ နှင့် မြေကျင်းကြီး ကို တူးလေ၏ ။ မြေစာများ ကို နည်းနည်းချင်း ပင်လယ် ထဲ သို့ ချ လေ၏ ။ ထို့နောက် ၎င်းတို့ သည် သစ်လုံးကြီး တစ်လုံး ကို မြေကျင်း ထဲ သို့ ထည့် ကာ လှေကြီး တစ်စင်း ဖြစ်သည် အထိ တဖြည်းဖြည်း ချင်း ထွင်းကြ လေတော့၏ ။

ခြောက်လခန့် ကြာသော အခါ ၌ မြေကျင်း ထဲ မှ သစ်လုံးကြီး သည် လှေကြီး ဖြစ်၍ သွားလေတော့၏ ။

“ ဆရာသမား ။ လှေကြီး တစ်စင်း တော့ ဖြစ် သွားပြီ ။ လှေ ရဲ့ ရာဇတိုင် မှာ ယိုးဒယား ကနုတ်ပန်းလေး အလှအပ ထွင်း လိုက် ချင်သေးတယ် ”

ဟု မောင်မြသာ က ပြောရာ ဆိတ်ဖွား က

“ မလုပ်ပါနဲ့ ငါ့ လူ ရာ ။ အလှအပ မလိုပါဘူးကွာ ။ လိုရာခရီး ကို ရောက်ဖို့ သာ ပဓာန ပါကွာ ”

ဟု ပြော လေ၏ ။

ထို့နောက် ၎င်းတို့ နှစ်ဦး သည် မိုးဦးကျ အချိန် ထိ စောင့်မျှော် နေကြလေ၏ ။

ထိုသို့ စောင့်မျှော် ရင်း ၌ လည်း ၎င်းတို့ သည် ရိက္ခာ ကို ဆက်လက် စုဆောင်း ကြ၏ ။ ဆိတ်ဖွား က မောင်မြသာ အား နီတိများ ကို ဆက်လက် ၍ သင်ကြား ပေးလေ၏ ။ ဆိတ်ဖွား က မောင်မြသာ အား နှုတ်တိုက် ချ၍ ပေးသော နီတိပေါင်း များစွာရှိ ၏ ။

“ မောင်မြသာ ။ မင်း ကို ငါ သင်ပေးခဲ့တာ နီတိပေါင်း သုံးသောင်း ကျော်ပြီ ။ အခု ထပ်ပြီး သင်ပေးမယ့် နီတိ က တော့ တမီလ်လူမျိုး တို့ ရဲ့ နီတိ ဖြစ်တယ် ။ အဲဒီ နီတိကျမ်း ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် လောက် က တမီလ်ဘာသာ နဲ့ ရေးထား ခဲ့တာ ဖြစ်တယ် ။ အဲဒီ နီတိကျမ်း ရဲ့ နာမည် က “ သိဂုကုရယ်လ် ” လို့ ခေါ်တယ် ။ အဲဒီ ကျမ်း ကို ရေးခဲ့တဲ့ ပညာရှိ ကတော့ အိန္ဒိယပြည် တောင်ပိုင်း မဒရပ်နယ် မှာ ရှိနေတဲ့ ထေရုဗလုဗာ ဆိုတဲ့ ပညာရှိ ပဲ ။ အဲဒီ နီတိကျမ်း မှာ က ဂုဏ် ။ ပြည့်စုံခြင်း ။ ချစ်ခြင်းမေတ္တာ ဆိုပြီး အပိုင်းကြီး သုံးပိုင်း ခွဲ ထားတယ် ။ နီတိပေါင်း ထောင့်သုံးရာသုံးဆယ် ရှိတယ် ။ ပထမဆုံး သင်ရမယ့် နီတိ ကတော့ သူတစ်ပါး ရဲ့ စိတ် ကို သိခြင်း ဆိုတဲ့ ခေါင်းစဉ် အောက် က နီတိတွေ ပဲ ။ အဲဒါက ဘာလဲ ဆိုတော့ ...

“ တစ်ပါးသူ ရဲ့ စိတ် ၌ မည်သို့မည်ပုံ ရှိသည် ကို မပြောဘဲ သိနိုင်သူ အား နတ် ကဲ့သို့ ရိုသေ ကိုင်းရှိုင်းသင့် ၏ တဲ့ ကွ ။ အဲဒီတော့ သူတစ်ပါး ရဲ့ အတွင်းစိတ် ကို သိအောင် လေ့လာဖို့ ဟာ ဘယ်လောက် အရေးကြီး သလဲ ။ မျက်စိ အစုံ နဲ့ သူ တစ်ပါး ရဲ့ စိတ် ကို ထိုးထွင်းပြီး မသိနိုင်ဘူး ဆိုရင် အဲ့ဒီ မျက်စိ ဟာ ဘယ်နေရာ မှာ အသုံးကျတော့ မှာ လဲ ကွ ။ ဒီ နီတိ နှစ်ခု ဟာ ဆက်သွယ်မှု ရှိတယ် ။ တစ်ခု က သူတစ်ပါး ရဲ့ အတွင်းစိတ် ကို သိဖို့ ပြော ထားတယ် ။ ကျန် တစ်ခုက အဲဒီလို သိဖို့ မျက်စိ ကို ပဲ အသုံးချရမယ် လို့ ညွှန်ပြ ထားပြန်တယ် ။ ဟော ကြည့်ဦး ။ နောက် တစ်ခု က မှန်သည် အနီးရှိ အရာဝတ္ထုများ ရဲ့ အရိပ် ကို ထင်နိုင်ဘိ သကဲ့သို့ စိတ်တွင်း ၌ မည်သို့မည်ပုံ ရှိနေသည် ကို မျက်နှာ ၌ အရိပ် ထင်လေ၏ တဲ့ ။ ကဲ အဲဒီတော့ မျက်နှာ ကို ပထမ အကဲခတ် ရမယ် လို့ ဆို ပြန်တယ် ။ မျက်နှာ ကဲ့ သို့ သိမှတ်ဖွယ် ရာများ ပြည့်လျှံ နေသည့် အရာသည် အဘယ်မှာ ရှိအံ့နည်း ။ မျက်နှာ သည် စိတ် ၏ ရှေ့ပြေး နိမိတ် ဖြစ်၏ ။ မျက်နှာ သည် စိတ် ၏ ရွှင်လန်းမှု ။ အမျက်ထွက်မှု ကို အကဲခတ်နိုင် ၏ လို့ ထပ်ပြီး ဆိုပြန်တယ် ။ မှူးမတ် တို့ သည် ဘုရင် ၏ မျက်နှာ ကို မြင်ရုံနှင့် ဘုရင် ၏ အတွင်းစိတ် ကို သိပါက ထို မှူးမတ်တို့ သည် မခန်းခြောက်သော ပင်လယ်ကြီး နှင့် တူသတဲ့ ကွ ။ မျက်စိကလေး တစ်ချက် လှုပ်ရှားသည် ကို အကဲခတ် နိုင်သော မှူးမတ်များ ရရှိထားသည့် ဘုရင် အား အခြားသော ဘုရင် တို့ က ရိုသေ ခန့်ညားကြရတယ် တဲ့ ကွ ။ အဲဒီတော့ မျက်နှာ  အကဲခတ် ဆိုတဲ့ နေရာ မှာ မျက်စိ ကို ပိုပြီး အကဲခတ် လို့ ပြောတာပေါ့ကွာ ”

ဟု ဆိတ်ဖွား က ရှေးဟောင်း တမီလ်လူမျိုး နီတိ တစ်ထောင် ကျော် ကို စတင်၍ ဖွင့်ဆို သင်ကြားပေးလေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ်မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment