Wednesday, February 14, 2024

အရောင်အသွေးတွေ ကို ချစ်တဲ့ သူ


 

❝ အရောင်အသွေးတွေ ကို ချစ်တဲ့ သူ ❞

မန္တလေး ပန်းချီပန်းပုကျောင်း ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်စန်း မှာ အသိသာ အထင်ရှားဆုံး က တော့ ပြုံးမျက်နှာ ဖြစ်တယ် ။ ဆရာစန်း က မျက်နှာ ပြည့်ပြည့်ဝိုင်းဝိုင်း ၊ အမြဲ လိုလို ပြုံး နေတယ် ။ သူ့ အသွင် က သူ့ ဘဝ ကို ကျေနပ် တဲ့ ပုံ သိသာတယ် ။

သူ့ ဘဝ က လည်း ကျေနပ် ထိုက် ပါတယ် ။ အိမ်သူသက်ထားကောင်း ကို သူ ရရှိတယ် ။ သား နဲ့ သမီး က လည်း သူတို့ နယ်ပယ် မှာ ထူးချွန် ထက်မြက်ကြတယ် ။

ဆရာစန်း ပန်းချီပန်းပု ကျောင်းအုပ်ဆရာကြီး ဖြစ်လာရ တာ က အလွယ်တကူ တော့ မဟုတ်ပါဘူး ။ သူ့ ဘဝ မှာ အချိုးအကွေ့ တွေ ၊ ကြိုးစား အားထုတ်ရမှု တွေ အများကြီး ရှိတယ် ။ သူ့ ဘဝ အတွေ့အကြုံတွေ ကို ကျွန်တော် စာ ရေးချင်တယ် ။ ဒါပေမဲ့ သူ က အစိုးရဝန်ထမ်း ဖြစ် နေတယ် ။ သူ့ ဘဝ ၊ သူ့ လုပ်ရပ် တွေ မှာ အစိုးရ နဲ့ ငြိစွန်းစရာ မပါပေမယ့် စာ တစ်စောင် ပေ တစ်ဖွဲ့ ရေးတဲ့ အခါ မင်းတို့ မျက်စောင်း အကြောင်း သုံးပါး မရွေးတာ ကို သိတဲ့ ကျွန်တော် က သူ ပင်စင် ကျ အောင် စောင့် နေ ရတယ် ။ သူ့ ပင်စင် က လည်း အကြာကြီး တင်ရ ၊ အကြိမ်ကြိမ် တင်ရတယ် ။

ယခု တော့ ဆရာစန်း က ယဉ်ကျေးမှုဝန်ကြီးဌာန ၊ အနုပညာဦးစီးဌာန မှာ လက်ထောက်ညွှန်ကြားရေးမှူး ရာထူး က နေ အငြိမ်းစား ယူ လိုက်ပါပြီ ။ ယခုအခါ Mandalay Hill Art Gallery မှာ သူ ထိုင် ပြီး စိတ်ရှိ လက်ရှိ ပန်းချီ ဆွဲ နေတယ် ။ သူ ရှိရာ မန္တလေးတောင် အနုပညာပြခန်း ကို ကျွန်တော် သွားပြီး သူ နဲ့ တွေ့တယ် ။

မန္တလေးတောင် တောင်ဘက် မုခ်ဦး မှာ အင်မတန် လှပ ကြော့ရှင်းတဲ့ ခြင်္သေ့ရုပ်ကြီး တွေ ရှိတယ် ။ ပန်းပု ပညာရှင်တွေ က မန္တလေးတောင် ခြင်္သေ့ကြီး နှစ်ကောင် ရဲ့ အချိုးအဆစ် ကျနမှု ကို စံနမူနာ အဖြစ် မှတ်တမ်းတင် ထားကြ ပါတယ် ။ ခြင်္သေ့ကြီး နှစ်ကောင် ရဲ့ ထိပ်ဦး မှာ Mandalay Hill Art Gallery ရှိပါတယ် ။ တမာရိပ် အေးအေး အောက် မှာ ရှိတဲ့ အနုပညာပြခန်း က သန့်ရှင်း လင်းလက် နေတယ် ။ အဖြူရောင် နံရံ ထက် မှာ ပန်းချီကားတွေ စီရရီ ချိတ်ဆွဲ ထားတယ် ။ သန့်ရှင်းတဲ့ အညိုရင့်ရောင် ကြွေပြားကြမ်းခင်း က နံရံဖြူ ကို ပိုပြီး ဖွေးစေတယ် ။

အနုပညာပြခန်း နောက်ပိုင်း က လေအေးစက် တပ် ထားတဲ့ အခန်း ထဲ မှာ ဆရာစန်း ပန်းချီ ဆွဲ နေလေ့ ရှိတယ် ။ သူ စတည်းချ ရာ မန္တလေးတောင်ခြေ မှာ လက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်တွေလည်း အများကြီး ရှိတာမို့ အနုပညာသမား တွေ ပျော်တဲ့ နေရာမျိုး ဖြစ်တယ် ။

ကျွန်တော် နဲ့ ဆရာစန်း တို့ စကားစမြည် မပြောသေး ခင် မှာ လက်ဖက်ရည် ဆိုင် အရင် ထိုင်တယ် ။ ဆရာစန်း က သူ နဲ့ ပန်းချီဆရာကြီး ဦးအုန်းလွင် ဆုံတွေ့ ခဲ့ပုံ ကို ပြန် ပြောပြတယ် ။

ဆရာဦးအုန်းလွင် မျက်စိခွဲ ဖို့ လူထုဒေါ်အမာ က စီစဉ် ပေး တာ ကြောင့် မန္တလေး ရောက် လာပြီး လူထုတိုက် မှာ တည်း နေတယ် ။ အဲသည် အချိန် က ပန်းချီ ပန်းပုကျောင်း မှာ နည်းပြဆရာ ဖြစ်တဲ့ ဦးခင်မောင်စန်း က ဦးအုန်းလွင် ကို သွား တွေ့တယ် ။ ဒီ အကြောင်း ကို အခု လို ပြောပြတယ် ။

“ ဆရာဦးအုန်းလွင် က မင်း ဘာလုပ်လဲ တဲ့ ၊ နည်းပြဆရာ လုပ်တယ် လို့ ၊ ဘာ ပြလဲ မေးတော့ Fine Art ပြတာ လို့ ၊ ဒါဆိုရင် မင်း လက် ကို ပေးစမ်းပါ တဲ့ ၊ လက် ကို ကိုင် ကြည့်ပြီး မင်း က ဘယ် ဆိုးလို့လဲ ၊ စိုစိုပြည်ပြည် ရှိသားပဲ တဲ့ ၊ ကျွန်တော့် အမျိုးသမီး က စက် ချုပ်တယ် ဆရာ ၊ သူ့ ဝင်ငွေ ကြောင့် ပါ လို့ ပြန် ပြော လိုက်တယ် ”

ဆရာစန်း က ဝဝဖြိုးဖြိုး မို့ သူ့ လက် ကို ကိုင် ကြည့်ရင် အရိုးပေါ် အရေတင် မဟုတ်ဘဲ အိအိဖြိုးဖြိုး ဖြစ်ပါသည် ။

ကျွန်တော်တို့ လက်ဖက်ရည်  သောက် ပြီး မှ သူ့ ပန်းချီခန်းလေး ကို သွား ပါတယ် ။

သူ့ ဘဝ အကြောင်း ကို ဆက် ပြီး ပြော ဖြစ်တယ် ။

“ ကျွန်တော် က မွေးချင်း ငါးယောက် မှာ အလယ် က ၊ ထူးခြားတာ က ကျွန်တော့် မှာ အစ်မ ရှိတယ် ၊ အစ်ကို ရှိတယ် ၊ ညီ ရှိတယ် ၊ နှမ ရှိတယ် ၊ အကြီးဆုံး အစ်မ ၊ ပြီး မှ အစ်ကို ၊ ကျွန်တော့် မွေး ပြီးတော့ ညီ ၊ အငယ်ဆုံး က နှမ ”

ဆရာစန်း က သူ့ ပုံစံမှန် အတိုင်း မျက်နှာ ဝိုင်းဝိုင်းကြီး  ပြုံးပြီး ပြောတယ် ။

“ ကျွန်တော့် အဖေ က သစ်ထုတ်လုပ်ရေး ဝန်ထမ်း ဖြစ်တော့ နေရာ အနှံ့ လျှောက် ပြောင်း နေရတာ ၊ အစ်ကိုကြီး ကို ဝန်းသို မှာ မွေးတယ် ၊ ကျွန်တော် က မြစ်ကြီးနား ၊ မီးရထားသံလမ်းရိုး က ကိုးထောင်ပို့ မှာ မွေးတယ် ၊ ကျွန်တော့် ညီ ကို ကောလင်း မှာ မွေးတယ် ၊ နှမ က မေမြို့ မှာ မွေးတယ် ”

“ ကိုးထောင်ပို့ မှာ ဘယ် အရွယ် အထိ ဆရာ နေခဲ့ရလဲ ”

“ လေးတန်း အထိ နေတယ် ၊ ပြီးတော့ ကောလင်း ကို ပြောင်း ခဲ့ရတယ် ၊ ကောလင်း မှာ ငါးတန်း တက် နေတုန်း ရွှေဘို မှာ စိုက်ပျိုးမွေးမြူရေး သင်တန်း တက်ချင်သူတွေ ဘယ်လို လျှောက်လို့ ရတယ် ဆိုတာ အခန်း ထဲ မှာ လိုက် ကြေညာ တယ် ၊ ဖောင် ( Form ) တွေ လိုက် ဝေတော့ ကျွန်တော် တို့ လျှောက် ကြတယ် ”

“ ငါးတန်း ဆိုတာ ကလေး ပဲ ရှိသေးတယ် ၊ ဆရာ့ အဖေ က ခွင့်ပြုသလား ”

“ ခွင့်ပြုတယ် ၊ ရွှေဘို မှာ အဖေ့ ညီ အရင်း လည်း ရှိတယ် ၊ စိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်း က အဆောင် နေရတယ် ၊ အဆောင် နာမည် က ငစိန် ၊ ဧည့်မထ ၊ မြီးတုံး တဲ့ ”

သူ က ပြောရင်း ရယ်တယ် ။ အစိုးရ စိုက်ပျိုးရေးကျောင်း ဆိုတော့ ဆန် အမည်တွေ ကို ကျောင်းသား အဆောင် နာမည် ပေးတာ ဖြစ်မယ် ။

“ ကျွန်တော် က မြီးတုံးဆောင် ”

“ ဆန် နည်းနည်း ပို ကောင်းတာပေါ့ ၊ စား ရ တဲ့ ဆန် ကကော ကောင်း ရဲ့လား

“ ( ရယ်မောရင်း ) မကောင်းဘူး ၊ ကျွန်တော်တို့ ကျောင်းသား ဘဝ မှာ ပဲထမင်း စား ရတယ် ၊ ထမင်း ကို ဒယ်အိုးကြီးတွေ နဲ့ ချက်တာ ၊ ဒယ်အိုး မှာ ကပ် နေတဲ့ ချိုးတွေ ကို ကျွန်တော်တို့ က စားဖိုဆောင် က တောင်းယူ ပြီး စားရတယ် ၊ စာသင်ခန်း ထဲ ကို ထမင်းချိုး ကို ယူ သွားပြီး စားရတာ ”

“ ကျောင်း က စတိုင်ပင် ပေးသလား ”

“ ပေးတယ် ၊ အိမ် က ပိုက်ဆံ တစ်လ တစ်ဆယ် လောက် ပဲ ပို့ရတယ် ”

“ စိုက်ပျိုးကျောင်း က ဘယ်နှတန်း အောင် လဲ ”

“ ၁၉၇၁ ခုနှစ် မှာ ဆယ်တန်း အောင်တယ် ၊ ပြောရဦးမယ် ၊ ကျွန်တော် တို့ တုန်း က စိုက်ပျိုးမွေးမြူရေးကျောင်း က ထုတ် ပေးတဲ့ ဆယ်တန်း အောင် လက်မှတ် နဲ့ အတူ အလုပ် ခန့်စာ ပါ တစ်ပါ တည်း ပါတယ် ၊ မှတ်မိသေးတယ် ၊ ကျွန်တော့် ခုံနံပါတ် က စဘ - ၁၅၃၀ ၊ စိုက်ပျိုးရေးကျောင်း ပေါင်း ငါးကျောင်း က ဆယ်တန်း ကို ကျောင်းသား ၂၅၅ ယောက် ဖြေတယ် ၊ ကျွန်တော့် အဆင့် က ၁၆၁ ၊ ဗိုစော က မြင်းစီးပြီး အောင် တာ ”

ဆရာစန်း ပြော ရင်း တဟားဟား နဲ့ ရယ်တယ် ။ ဗိုစော ဆိုတာ ဒီနေ့ အခါ နာမည်ကြီး တဲ့ ပန်းချီဆရာ တစ်ယောက် ဖြစ်ပါတယ် ။ စာမေးပွဲ အောင်စာရင်း မှာ သူ့ နောက် က ကျောင်းသား မကျန်တော့ ဘဲ မျဉ်းကြောင်း ပိတ် ထားတာ မို့ မြင်း စီးပြီး အောင်တာ လို့ ပြောတာ ဖြစ်တယ် ။

သူ က တဟားဟား ရယ်မော နေတယ် ။ ကျွန်တော် လည်း အတူ ရယ်မိတယ် ။

“ ကျွန်တော့် ကို ကျေး/ဂျာ ( ကျေးလက်စိုက်ပျိုးရေးမန်နေဂျာ ) အဖြစ် ကချင်ပြည်နယ် ထဲ မှာ ခန့်တယ် ၊ ကျွန်တော် မလုပ်ဘူး ”

“ ဆရာ ဘာလုပ်သလဲ ”

“ အဲဒီအချိန် မှာ ကျွန်တော့် ဖေဖေ က မတ္တရာ ရေနံ့သာ သစ်ထုတ်လုပ်ရေး မှာ တာဝန် ကျ နေတယ် ၊ ငါ့ သား မင်း ဆယ်တန်း လည်း အောင်ပြီ တိရစ္ဆာန် ဆရာဝန် လုပ်ပါလား တဲ့ ”

“ အဖေ က ဘာကြောင့် တိရစ္ဆာန်ဆရာဝန် ကို မျက်စိ ကျ ပါလိမ့် ”

“ သူတို့ သစ်ထုတ်လုပ်ရေး မှာ ဆင်တွေ ရှိတယ် ၊ ဆင်တွေ အတွက် တိရစ္ဆာန်ဆရာဝန်တွေ ရှိတယ် ၊ သူတို့ ဆီ က ဦးစိုင်းစံမြင့် ဆိုတာ ရှိတယ် ၊ သူ နဲ့ လိုက်ပြီး လေ့လာကွာ တဲ့ ”

ဆရာစန်း က ဆင်ဆရာဝန် နဲ့ လိုက်ပါ လေ့လာပုံ ကို ဆက် ပြောပြတယ် ။

“ မင်း ရောက်လာတာ အတော်ပဲ ကွာ ၊ ဒီနေ့ ဆင် ပြည် ညှစ်ကြမယ် တဲ့ ၊ ကျွန်တော် က စိတ်ဝင်စား သွားတယ် ၊ လူနာ ပြည် ညှစ်တာ တော့ ထားပါတော့ ၊ ဆင် က ဒီလောက် အရေပြား ထူတာကြီး ၊ ဘယ်လို ပြည်ညှစ် မှာ လဲပေါ့ ”

သူ ပြော နေတဲ့ လေသံ က ခပ်ရွှင်ရွှင် ဖြစ်လာတယ် ။

“ အနာ ဖြစ်နေတဲ့ ဆင် ကို သစ်တွေ နဲ့ အခိုင်အခံ့ ညှပ်ထားတယ် ၊ ခြေတွေ လက်တွေ ကို လည်း ထူး ခတ်ပြီး တုပ်နှောင် ထားတယ် ၊ ပြီးတော့ လူ က စစ်ဘွတ်ဖိနပ် သားရေ အမာစားကြီး ကို စီး ထားတယ် ၊ ဆင်အနာ ဖြစ် နေတဲ့ နေရာ ကို ခြေထောက် နဲ့ ပိတ် ကန်ရတယ် ၊ ဗုန်းခနဲ ကန်လိုက် ၊ ပြည်တွေ ထွက် လာလိုက် ၊ ဗုန်းခနဲ ကန်လိုက် ၊ ပြည်တွေ ထွက် လာလိုက် ”

ကုလုံး ကို မျက်စိ ထဲ မြင်ယောင် လာပြီး ရယ်မိတယ် ။

ဆင် က တော့ တော်တော် နာရှာ မှာပါပဲ ။

“ ဆင် က နာ တော့ ရုန်း တာပေါ့ ၊ ပြည် ကုန်လို့ သွေးနည်းနည်း လိုက် လာ တော့ ဝံအူမြစ် ကို ပြုတ် ထောင်းပြီး အဲဒါနဲ့ အနာ ကို ရိုက်တယ် ၊ ပြီးတော့ ဆေး ထည့် ပေးတယ် ၊ ဆေးထည့် ပြီးတော့ ဒီကောင် ဖျားလား ၊ မဖျားဘူးလား ပြဒါးတိုင် တိုင်းမယ် တဲ့ ”

ဆင် ရဲ့ ကိုယ် အပူချိန် ကို ဘယ်လို တိုင်းပါလိမ့် လို့ စဉ်းစား နေစဉ်မှာ သူ က ဆက် ပြောတယ် ။

“ ဗဟုသုတ တော့ တော်တော် ရပါတယ် ၊ ဆင်စအို ထဲ ကို သာမိုမီတာ ထိုး ထည့်ပြီး တိုင်းတယ် ၊ ပြီးတော့ အကြောဆေး သွင်းမယ် တဲ့ ၊ အကြောဆေး ကို နားရွက် နောက် က အကြော ထဲ အပ်ထိုး ပြီး သွင်းတာ ၊ ပြီးတော့ မြင်း ဆေးကုတာ လိုက်ရတယ် ”

စိတ်ဝင်စားစရာ နောက် တစ်မျိုး ကို ကျွန်တော် နားစွင့် နေတယ် ။

“ မြင်း က နှာခေါင်း ထဲ မှာ အနာ ဖြစ်တာ ၊ ဆရာဦးစိုင်းစံမြင့် က အကောင် တွေ တောင် ကျနေပြီပဲ တဲ့ ၊ ကျွန်တော်က တော့ ဘာမျှ မမြင်ပါဘူး ၊ မြင်း နှာခေါင်း ထဲ မှာ အနာ က မည်းမည်းအစက်တွေ နဲ့ ၊ သူ က ဇာဂနာ နဲ့ အဲဒီ မည်းမည်းတွေ ကို ဆွဲဆွဲ ထုတ်လိုက် တော့ လောက်တွေ တစ်ကောင် ပြီး တစ်ကောင် ၊ ကျွန်တော် စိတ် ကုန်သွားတယ် ၊ တိရစ္ဆာန်ဆရာဝန် လည်း မဖြစ်ချင်တော့ဘူး ”

“ စာမေးပွဲ ဝင် ဖြေတော့ ကော“

“ မန္တလေး မှာ စာမေးပွဲ ဖြေရတယ် ၊ လူ ၅ဝဝ ဖြေတယ် ၊ လူ အစိတ် ( ၂၅ ယောက် ) ရွေးတယ် ၊ ကျွန်တော့် အဆင့် က ၂၆ ၊ မပါဘူး ”

ဆရာစန်း က ရယ်တယ် ။

“ ဖြစ်ချင်တော့ ကျွန်တော် က ဆယ်တန်း အောင်ပြီးတာ နဲ့ ၁၉၇၂ - ၁၉၇၃ မှာ အဖေ ရှိရာ ရေနံ့သာ မှာ လိုက် နေတယ် ၊ အဖေတို့ သစ်ထုတ်ရေး ကို စာရေး လာ လုပ်တဲ့ ကိုဇော်မင်း နဲ့ တွဲမိတယ် ၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ကိုမြင့်ထွန်း နဲ့ ပေါင်းမိတယ် ၊ ကျွန်တော်တို့ ဆံပင်ရှည် ထားတယ် ၊ ဂီတာ တီး ကြတယ် ၊ အဲဒီ ခေတ် က လမ်းသရဲ လို့ အခေါ်  ခံရ တာပေါ့ ။ ကျွန်တော်တို့ က ရေနံ့သာရဲစခန်း ရှေ့ မှာ နေရတာ ၊ ရွာ ကောင်စီ ဥက္ကဋ္ဌ က ကျွန်တော်တို့ ကို ရဲစခန်း ခေါ်ပြီး ဆံပင် ဖြတ်ဖို့ ၊ ည မဆူဖို့ Bond ( ကတိစာချုပ် ) ထိုး ခိုင်းတယ် ”

နောင် တစ်ချိန် မှာ အနုပညာ ကျောင်းအုပ်ဆရာကြီး ရဲ့ ငယ်စဉ် ဘဝ ကို ကျွန်တော် သဘော ကျ တယ် ။ လူငယ် တစ်ယောက် ကို သူ ငယ်ရွယ်စဉ် အနေအထိုင် ရုပ်လက္ခဏာ ကို ကြည့်ပြီး အကဲဖြတ် ရင် မှားမယ် လို့ လည်း ကျွန်တော် သတိပြု မိတယ် ။

“ အဖေ က တော့ ကျွန်တော်တို့ ကို နားလည်တယ် ၊ ဒါပေမဲ့ ဒီလို အရပ် မှာ ကျွန်တော် ဆက် နေဖို့ မသင့်တော့ဘူး လို့ စဉ်းစားတယ် ၊ တစ်ခု ခု လုပ်ဖို့ လျှောက် သွားချင်တယ် ဆိုတော့ အဖေ က ပိုက်ဆံ ၅ဝဝ ပေးတယ် ၊ ဒါကြောင့် အရင် က နေခဲ့ဖူးတဲ့ ကောလင်း ဝန်းသို ကို သွားတယ် ၊ ငယ် သူငယ်ချင်း မျိုးမြင့် နဲ့ တွဲမိတယ် ၊ ကျွန်တော်တို့ တစ်နေကုန် လက်တောက်ခုံ တောက်တယ် ၊ မျိုးမြင့် က ကောင်စီ စာရေး ခေါ် နေတယ် ။ အလုပ် လုပ်ပါလား ပြောလို့ အလုပ် သွား လျှောက်တော့ မြို့နယ် ဥက္ကဋ္ဌ က အဖေ နာမည် မေးတယ် ၊ ဦးလှအောင် လို့ ပြောတော့ ခန့်မယ် ၊ ဒါပေမဲ့ ဆံပင် ဖြတ်ရမယ် တဲ့ ”

ဆရာစန်း က ရယ်တယ် ။ လာပြန်ပြီ သည် ဆံပင် လို့ ပြောပြီး ထပ် ရယ်တယ် ။

“ ဆံပင် ဖြတ် ပြီးတာနဲ့ ကောင်စီစာရေး ဖြစ် သွားတယ် ၊ ဝန်းသို ဟိုဘက် မှာ ဂျိုးထောင်ရွာ ရှိတယ် ၊ ဂျိုးထောင် က နေ ခြေကျင် အဝေးကြီး သွားရတဲ့ ညောင် ခြေထောက်ရွာ ကို သွား လုပ်ရတယ် ၊ ရွာ နှစ်ရွာ ကျေးရွာအုပ်စု တစ်စု လုံး မှ ၄၆ အိမ် ပဲ ရှိတယ် ၊ အဲဒီတုန်း က လူတွေ က သိပ် ဆင်းရဲကြတယ် ၊ ကျွန်တော် က လည်း ပါသမျှ ဘိလိယက် တောက် လို့ ကုန်ပြီ ၊ ဖောင်တိန် တစ်ချောင်း ပဲ ပါတယ် ”

“ နေတော့ ကော ”

“ မြို့ ကို အရောက်အပေါက် များ တဲ့ ကျေးရွာ အတွင်းရေးမှူး အိမ် မှာ နေရတယ် ၊ ဘာ အလုပ် မှ လည်း မရှိဘူး ၊ ကျွန်တော် က ရွာ အပြင် ထွက်ပြီး ငါးမျှား တာပဲ ၊ မြို့ က လူကြီးတွေ လာ တော့ ကျွန်တော် က ရွာ ထဲ မရှိဘူး ၊ စာရေး ဘယ် သွားလဲ မေး တော့ ငါးမျှား သွားတယ်တဲ့ ၊ ဒါကြောင့် ကျွန်တော့် ကို ငါးမျှား တဲ့ စာရေး လို့ ခေါ်ကြတယ် ”

သူ့ ငယ်ဘဝ ကို ဆရာစန်း က ရယ်မော ပစ် လိုက်တယ် ။

“ လ ကုန် လို့ မြို့ ကို လခထုတ် ရင် အစည်းအဝေး တက်ရင်း သွားရတယ် ၊ တစ်ခါတော့ ရွာ က ဘိန်းစားစာရင်း ကောက် ခိုင်းတယ် ၊ ကျွန်တော် က အခု တစ်ခါတည်း ပေးခဲ့လို့ ရ သလား မေးတော့ ငါတို့ က ယခု မှ ကောက်ခိုင်းတာ ၊ မင်း က ဘယ်လိုလုပ် တစ်ခါတည်း ပေးနိုင်ရတာလဲ ၊ ပြန် မေးတာပေါ့ ၊ ကျွန်တော် တို့ ဆီ က အိမ် အလိုက် လူ နာမည် တောင် တစ်ယောက် ချင်း ချရေး ပေးလို့ ရပါတယ် လို့ ပြန် ပြောတော့ အချီးကျူး ခံရတယ် ”

“ ပန်းချီ နဲ့ ဘယ်လို ပတ်သက် လာရတာလဲ ”

“ အဖေ က မေမြို့ ပြောင်း သွား လို့ မေမြို့ လိုက် လည်တယ် ၊ မေမြို့ မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲခင်း တော့ ပန်းချီပြခန်း လည်း ပါတယ် ၊ ကျွန်တော် ပန်းချီကားတွေ ရေးတတ်ချင်တယ် ဆိုတော့ ပန်းချီကျောင်း တက် လို့ ရတယ် ၊ လျှောက်လွှာ နဲ့ အတူ ကိုယ်တိုင် ဆွဲထားတဲ့ ပန်းချီကား နှစ်ကား နဲ့ ငွေ ၁ဝ ပေးရမယ် တဲ့ ..”

“ ဆရာ က ပန်းချီ ဝါသနာ ပါသလား ”

“ ကံကောင်း တာ က ရွှေဘို မှာ နေတုန်း စက်ချုပ် တဲ့ ကိုကျော်စိန် နဲ့ တွေ့ တယ် ၊ သူ့ ဆီ က ခဲပုံတူ ရေးနည်း ကို ရတယ် ၊ ဓာတ်ပုံ ကို ဇယားကွက် ချပြီး ပုံတူ ဆွဲတဲ့ ခဲပန်းချီ ရေးနည်း သင်ပေးတယ် ၊ အနုအရင့် tone ခြယ်တာ ကို စက္ကူစလေး ၊ ဂွမ်းစလေး နဲ့ ပွတ်ပြီး ညှိတာ ကို သင်ပေးတယ် ၊ ကျွန်တော် ကောင်စီစာရေး ဖြစ်တော့ သူတို့ ပုံတူလေးတွေ ကို ဆွဲခိုင်းတာ နှစ်ကျပ်ခွဲ ရတယ် ”

ဆရာစန်း က သူ ဝင်ငွေကြမ်းခဲ့ ပုံ ကို တဟားဟား ရယ်မောတယ် ။

“ ကျွန်တော် ကောင်စီစာရေး လုပ်ရင်း ကျောင်း လျှောက် လိုက်တယ် ”

“ ပန်းချီပန်းပုကျောင်း က အသက် ကန့်သတ်ချက် ရှိတယ် မဟုတ်လား ”

“ ရှိတယ် ၊ ရှစ်တန်း အောင်ရမယ် ၊ အသက် ၂ဝ ထက် မကြီးရ ၊ ကျွန်တော် က ၁၀ တန်းအောင် လို့ အသက် ကို ခြွင်းချက် နဲ့ လက်ခံတယ် ၊ ၁၉၇၅ ခုနှစ် မှာ ကျွန်တော် ကျောင်း စ တက်ရတယ် ၊ ကျောင်းအုပ်ဆရာကြီး က ဦးကံညွန့် ၊ Fine Art သင်ပေးတာ က ဆရာဦးကျော်လေး ၊ Commercial Art သင်ပေးတာ က ဆရာဦးတင်အေး ၊ Drawing က သစ်ထွင်းပန်းချီ ဦးဇော်ဝင်း ၊ ကျွန်တော်တို့ တုန်း က အဲဒီ ဆရာတွေ ပဲ ရှိတယ် ၊ အဖေ ၁၉၇၆ မှာ ပင်စင် ယူရမယ် ၊ ကျွန်တော့် ကို ငါ့ သား သိပ် မိုက်တာပဲ လို့ ပြောတယ် ”

“ မင်း ၁၀ တန်း လည်း အောင်တယ် ၊ အစိုးရ အလုပ် လည်း ရ နေပြီ ၊ ငါ က ပင်စင် ယူရ တော့မယ် ၊ မင်း က အခုလို လုပ် လိုက်တော့ ငါ့ အတွက် အားကိုး လျော့ သွားပြီ ၊ မင်း ကျောင်းစရိတ် လည်း မင်း ဟာ မင်း ပဲ ရှာတော့ တဲ့ ”

“ ဘယ်လို နည်း နဲ့ ရှာရတာလဲ ”

“ ရွှေဘို ဆိပ်ခွန် မှာ ရှိတဲ့ သူငယ်ချင်း ဦးညိုသန်း ရဲ့ ရက်ကန်းရုံ က ပုဆိုးတွေ ယူပြီး ကောင်စီစာရေး လုပ်ခဲ့တဲ့ ညောင်ခြေထောက် ကို သွား ရောင်းတယ် ၊ အမြတ် ၁၅ဝဝ ရတယ် ၊ အမေ့ ကို ပိုက်ဆံ ၁၀၀၀ ကန်တော့ပြီး ငွေ ၅၀၀ နဲ့ ပန်းချီပန်းပုကျောင်း တက်ဖို့ လာခဲ့တယ် ”

ပန်းချီဦးခင်မောင်စန်း ရဲ့ ဘဝ က အချိုးအကွေ့ တွေ အလွန် များခဲ့တယ် ။ စိုက်ပျိုးမွေးမြူရေး သင်တန်း တက် ၊ တိရစ္ဆာန်ဆရာဝန် ဖြစ်ဖို့ ဝင်ခွင့် ဖြေ ၊ ကျေးရွာ ကောင်စီစာရေး ဝင်လုပ် ၊ နောက်တော့ ပန်းချီသင်တန်းကျောင်း တက် ဖို့ စိတ်ကူး ပြန် တယ် ။ အစိုးရ အလုပ် က ထွက်ပြီး ပန်းချီကျောင်း တက်မယ် ဆိုတော့ သစ်ထုတ်လုပ်ရေး ဝန်ထမ်း အဖြစ် က အငြိမ်းစား ယူရတော့မယ့် ဖခင် က ကျောင်းစရိတ် မထောက် နိုင် တော့ဘူး ။ ကိုယ့် အတွက် စရိတ် ရ ဖို့ ငွေ ရှာပြီး ရတဲ့ ငွေ ကျပ် ၅ဝဝ နဲ့ မန္တလေး ကို ပန်းချီကျောင်း တက် ဖို့ သူ ထွက် လာခဲ့တယ် ။

ငွေ ၅ဝဝ တည်း နဲ့ ကျောင်း တက် ရတာ အခက်အခဲ ရှိမှာပေါ့ ”

“ ကျောင်း က တစ်လ စတိုင်ပင် ၅ဝ တော့ ပေးတယ် ၊ ဒါပေမဲ့ ဘယ် လောက် မှာလဲ ၊ ဖြစ် သလို စား ၊ ဖြစ် သလို နေပေါ့ ၊ ၁၉၇၆ မှာ အစာအိမ်ရောဂါ ဖြစ်ပြီး ဆေးရုံ တက် ရတယ် ၊ အဲဒီမှာ အမျိုးသမီး နဲ့ တွေ့တာပဲ ”

သူ့ အချစ်ဇာတ်လမ်း ကို ကျွန်တော် က ဘာ မေးခွန်း မျှ မထုတ်ဘဲ နားထောင် နေလိုက်တယ် ။

“ သူ က ကျွန်တော့် သူငယ်ချင်း ရဲ့ အစ်မ ၊ ကျွန်တော် ဆေးရုံ တက် ရတော့ လူမမာ မေးရင်း နဲ့ ရင်းနှီး သွားတာ ၊ ကျွန်တော့် မှာ ပြုစုမယ့် သူ လည်း မရှိ ၊ စောင့်ရှောက်မယ့် သူ လည်း မရှိတဲ့ အခြေအနေ ကို သူ က သိ သွားတယ် ၊ ဒီလိုနဲ့ ချစ်သူတွေ ဖြစ် သွားပြီး အဲဒီ နှစ် ထဲ ပဲ ယူဖြစ် သွားကြတယ် ”

“ သူ က ကျောင်း ဆက် ထား ပေးတာပေါ့ ”

“ ဟုတ်တယ် ။ အမျိုးသမီး က စက် ချုပ် တာ ဝင်ငွေ တအား ကောင်းတယ် ၊ သူ့ မှာ အလုပ်သမား ၁၂ ယောက် ၊ ၁၃ ယောက် ရှိတယ် ”

လို့ သူ က ပြောပြတယ် ။

ပန်းချီပန်းပုကျောင်း မှာ လက်တွေ့ သင်ယူရပုံ ကို မေးပါတယ် ။

“ တစ်ခါတော့ သုဓမ္မာဇရပ်တန်း ကို အောက်ဒိုး ထွက် ဆွဲ ခိုင်းတယ် ၊ ကိုတင်ရွှေ က သုဓမ္မာဇရပ်ကြီး ကို Foreground ( အနီးကပ် မြင်ကွင်း ) ထားပြီး ဆွဲ လာတယ် ၊ ထင်းထင်းကြီး ၊ ဆရာ က ဘယ်လို ဝေဖန်သလဲ ဆို တော့ မင်း ပြချင် တာ ကို ပြလွန်း အား ကြီးတော့ အနုပညာ မဖြစ်တော့ဘူး တဲ့ ၊ ဥပမာ ကောင်မလေး က ကိုတင်ရွှေ ရော့ ကြည့် ဆိုပြီး ( အင်္ကျီ ရင်ဘတ် ကို ဟင်းလင်း ဖွင့် ပစ်လိုက်ပုံ လုပ် ပြတယ် ) ပြရင် ဘယ်လို နေမလဲ ၊ ဒါပေမဲ့ သူ့ ဟာ သူ နေတာ မလုံ့တလုံ ဖြစ်နေတာ ကို ကြည့်ရတာ နဲ့ အရသာချင်း မတူဘူး လို့ ရှင်းပြတယ် ၊ ပန်းချီကား တစ်ချပ် ရဲ့ ဆွဲဆောင်မှု ကို ပါ သင်ပြ ပေးခဲ့တာ ”

“ ကျောင်း မှာ နယ်ပေါင်းစုံ က မိတ်ဆွေတွေ နဲ့ တွေ့ဆုံရ မှာပေါ့ ”

“ မန္တလေး ပန်းချီပန်းပုကျောင်း ကို ဘီလူးကျွန်း ရွာလွတ် က အထိ လာ တက်ကြတယ် ၊ ရန်ကုန် မှာ မတက်ဘဲ မန္တလေး မှာ ဘာကြောင့် တက်တာလဲ မေးတော့ မန္တလေး က အနုပညာမြို့တော် မို့ တဲ့ ၊ လာ တက်ကြတာ က တော့ ချင်း ၊ ကချင် နယ်စုံ က ပဲ ၊ ကျောင်းရဲ့ ရည်ရွယ်ချက် က လည်း တကယ့် အနုပညာရှင်တွေ မွေးထုတ် ဖို့ ၊ တိုင်းသိ ပြည်သိ ပန်းချီ အနုပညာရှင်တွေ ထွက် လာဖို့ ”

မန္တလေးကျောင်းထွက် နာမည်ကြီး ပန်းချီပညာရှင် တွေ အမည် ကို ကျွန်တော်တို့ အတူ ရေတွက် ကြည့် ကြတယ် ။

ကျောင်း အပြီး အလုပ် လက်မဲ့ အိမ်ထောင်သည် ဘဝ ကို မေးပါတယ် ။

“ တစ်ခါတလေ ညနေစာ ထမင်း မစားဘူး ၊ မိန်းမ က တော့ ကျွေးပါတယ် ၊ ကိုယ် က သူ့ ကပ်စား ရတာ အားနာတယ် ၊ စားချင် စိတ် လည်း မရှိဘူး ၊ ကိုယ့် ဝင်ငွေ က မရှိဘူး ၊ တစ်နေ့ မှာ တော့ ၁၆ လမ်း က ဦးခင် နဲ့ တွေ့ရတာ ကျွန်တော့် ဘဝ ရဲ့ အချိုးအကွေ့ တစ်ခု ပဲ ”

ဘယ်လို အချိုးအကွေ့ လဲ ကျွန်တော် နားစွင့် နေတယ် ။

“ ကျွန်တော် ကံ ငါးပါး လုံပါတယ် ၊ ဒါပေမဲ့ ဘာကြောင့် အဆင်မပြေ ဖြစ်ရတာလဲ လို့ မေးတယ် ၊ အတိတ် ဘဝ က အကုသိုလ် အကြောင်းတွေ သူ က ပြောပြတယ် ၊ ကိုယ့် မှာ မရှိဘဲ နဲ့ လှူလို့ ရတဲ့ နည်း ပေးလိုက်မယ် တဲ့ ၊ ထမင်း စား ပြီး ပလုတ်ရေ ကျင်း လိုက်ရင် အဲဒီ အထဲ ပါ သွားတဲ့ ထမင်းလုံးလေးတွေ ကို ပုရွက်ဆိတ် လေးတွေ စား နိုင်တယ် ၊ မင်း စွန့်ပစ် လိုက်တာ ကို မြေပေါ် မြေအောက် သတ္တဝါတွေ စားကြပါစေ ဆို တဲ့ စိတ် နဲ့ လုပ်ပါ တဲ့ ။

အဲဒီ အချိန် က စပြီး သူများ ကို လက်ဖက်ရည် တိုက်ရင် တောင် မှ သူ စားပါစေ ဆိုတဲ့ စိတ် နဲ့ လုပ်တော့တယ် ၊ လမ်း ပေါ် က ဆူးခက် ဖယ်တာ တောင် မှ သူများတွေ ခလုတ် မထိ ဆူး မငြိ သွားကြပါစေ လို့ စိတ် ထားရတယ် တဲ့ ၊ ကုသိုလ် ဆိုတာ စိတ် စေတနာ ပါ မှ တဲ့ ၊ အဲဒါတွေ ကျွန်တော် ရခဲ့တယ် ”

“ ကုသိုလ် ဖြစ်အောင် လုပ်တတ် လာတာပေါ့ ”

အလုပ် ရ ပုံ ကို ကျွန်တော် မေးတယ် ။

“ ကျွန်တော် ကံ ကောင်းတာ က ၁၉၇၈ ခုနှစ် မှာ ကျောင်း ပြီး လို့ သိပ် မကြာခင် မှာ ပဲ ဒေသကောလိပ်တွေ ဖွင့်တယ် ၊ အသက်မွေးမှုပညာ ဌာန မှာ ကျွန်တော် က စိုက်ပျိုးရေးကျောင်း ဆင်း မို့ ကွင်းဆင်း နည်းပြ ဆရာ အလုပ် ရတယ် ”

စိုက်ပျိုးရေး ဘက် တစ်ကျော့  လှည့် သွားပြန်ပြီ လို့ ကျွန်တော် က ပြောတော့ သူ က ရယ်တယ် ။

“ စမ်းသပ်ခံ ပညာရေး က မအောင်မြင်တော့ စိုက်ပျိုးရေးလုပ်ငန်း အတတ်ပညာ ဌာန ကို ဖျက် လိုက် ပြန်တယ် ၊ ကျွန်တော့် ကို ဘယ် ပို့ လဲ ဆိုတော့ ရူပဗေဒဌာန မှာ ဓာတ်ခွဲခန်း လက်ထောက် ဆိုပြီး ပို့တယ် ”

“ အဆင်ပြေလား ”

“ ကျောင်း ပိတ်ရက် မှာ ဘီလူးကျွန်း ရွာလွတ် သွားပြီး ပလတ်စတစ် ကြောင်ရုပ်လေးတွေ ၊ ခွေးရုပ်လေးတွေ မျက်လုံး တပ် ရ ၊ ဆေး ခြယ်ရတာ တစ်ရုပ် ၁ဝ ပြား ရတယ် ၊ ဆေးလိပ်ခွက်လေးတွေ ဆေးခြယ် ရှုခင်းလေးတွေ ရေး တာ လက် ဝင်တယ် ၊ တစ်ပတ် ( ၂၅ ပြား ) ရတယ် ၊ တစ်လ လောက် လုပ် ရတာ အဆင် မပြေဘူး ၊ ရူပဗေဒဌာန မှာ လုပ်ရင်း ကျူရှင်စာအုပ်တွေ စာလုံး ရေးတာ လုပ်တယ် ၊ သိပ် အဆင် မပြေဘူး ၊ အဲဒီ အချိန် မှာ ပန်းချီပန်းပုကျောင်း က ဆရာ အလုပ် ခေါ် တာ သတင်းစာ ထဲ တွေ့တယ် ၊ ရန်ကုန် သွား ဖြေ ရမယ် ”

ဆရာစန်း က လက်ဖျစ် တီး လိုက်ပြီး သည် အလုပ် ကို ရ ကို ရ မှ ဖြစ်မယ် ဆိုပြီး လျှောက်လိုက်တဲ့ အကြောင်း ၊ ကျောင်း တုန်း က ပန်းချီ သင်ပေး ခဲ့ တဲ့ ဆရာ တွေ ဆီ ပြန် သွားပြီး လေ့ကျင့် ရေးဆွဲတဲ့ အကြောင်း ကို ပြော ပြတယ် ။

“ မှတ်မှတ်ရရ ဆရာဦးကျော်လေး ဆီ သွား ပြီး ကျွန်တော် ဖြေ ချင်တယ် ၊ ဖြေ ပြီး မှ အရွေး မခံရရင် ဆရာတို့ နာမည်တွေ ထိခိုက် မှာ စိုးတယ် ၊ ကျွန်တော့် အရည်အချင်း ကို ဆရာ က စစ်ပေးပါ လို့ ပြောမိတယ် ”

တော်တော် ထက်သန်တာ ပဲ လို့ ကျွန်တော် တွေးမိတယ် ။

“ ဆရာဦးကျော်လေး က ကျွန်တော့် ကို ဘာမျှ ပြန် မပြောဘူး ၊ တော်တော် ကို တွေတွေဝေဝေ ဖြစ် သွားတယ် ၊ ကျွန်တော် က မေး လည်း မမေးရဲဘူး ၊ နောက် နေ့ ဆရာ့ ဆီ တစ်ခေါက် ထပ် သွားတော့ ဆရာ က မနေ့ည က သူ အိပ် မပျော်ဘူး တဲ့ ၊ ဆရာ က တပည့်တွေ ကို သင်ပေး လိုက်တာ တပည့်တွေ စိတ် မှာ ကိုယ့် ကိုယ် ကိုယ် ယုံကြည် စိတ်ချရ တဲ့ အဆင့် ကို ရောက်တယ်လို့ ဖြစ် သွားအောင် သင်ပြ မပေးနိုင် လို့ ဆရာ စိတ် မကောင်းဘူး ၊ ၄ဝ ပါ ဗလာစာအုပ်လေး ပေးတယ် ၊ မနေ့ည က ဆရာ ရေး ထားတဲ့ ဒီ မေးခွန်းတွေ ကို ဖြေ ကြည့်ကွာ ၊ တစ်ဝက် လောက် ဖြေဆို နိုင်ရင် မဆိုးဘူး တဲ့ ၊ ပန်းချီ နဲ့ ပတ်သက်ပြီး သိသင့် သိထိုက် တာ အကုန်လုံး မေးခွန်း လုပ် ထားတာ ၂၀၀ လောက် ပါတယ် ၊ ဆရာ့ ရှေ့ မှာ တင် ပဲ ဖြေပြီး ဆရာ့ ကို ပြ တော့ ၇၅ ရာခိုင်နှုန်း မှန်တယ် ၊ မင်း မဆိုးဘူး တဲ့ ၊ ဆရာ ကိုယ်တိုင် မန္တလေး ဘူတာကြီး လိုက် ပို့တယ် ”

“ မန္တလေး က ဘယ်နှယောက်  ဖြေတာလဲ ”

“ သုံးယောက် သွား ဖြေတယ် ၊ ရန်ကုန် ပန်းချီပန်းပုကျောင်း မှာ ဖြေ ရ တာ ၊ လူ အစိတ် ( ၂၅ ယောက် ) ဖြေ တဲ့ အထဲ က နှစ်ယောက် ပဲ ရွေး မှာ ၊ ငါးရက် ဖြေ ရတယ် ၊ ခက်တာ က မဲ နှိုက်ပြီး ကျတဲ့ ခေါင်းစဉ် ကို ၁၅ မိနစ် ပြောရတာ ”

“ ဆရာစန်း က ဘယ် ခေါင်းစဉ် ကျ လဲ ”

“ Composition ( ပေါင်းစပ် ဖွဲ့စည်းမှု ၊ အထားအသို ၊ အခင်းအကျင်း) ၏ အခြေခံအချက်များ ၊ Stage ( စာသင်စင်မြင့် ) ရှေ့ မှာ ကျောင်းသား ၊ ကျောင်းသူ ၁ဝ ယောက် ၊ သူတို့ နောက် မှာ အကဲဖြတ်မယ့် ပန်းချီဆရာကြီး ဦးဘကြည် ၊ ပန်းပု ဦးဟန်တင် ၊ ယဉ်ကျေးမှု ဦးမင်းနိုင် ၊ ဆရာကြီး ဦးသိန်းဟန် တို့ က နောက် က ထိုင် နေတယ် ၊ ကျွန်တော် ၁၅ မိနစ် ပြောတာ ပြီး တော့ ဆရာကြီး ဦးဘကြည် က မင်း ပြော တာ ကောင်းတယ် ကွာ ၊ ဆက်ပြော ဆိုလို့ နာရီဝက် ပြောရတယ် ”

“ သြဇာ ရှိတဲ့ ဆရာကြီး ဦးဘကြည် က ပြောတာ ဆိုတော့ အမှတ် ရ မှာပဲ ”

“ မဖြေနိုင်တာ ပါသေးလား ”

“ ဆရာဦးမင်းနိုင် မေးတာ တစ်ခု ပဲ မဖြေနိုင်တာ ၊ သူ က ဒေးကား က ဘာ ရေး သလဲ မေးတယ် ၊ ကျွန်တော် မသိပါဘူး ၊ ဆရာ ဆို တော့ အေး ကောင်း တယ် ၊ မသိတာ ကို မသိဘူး ရိုးရိုးသားသား ပြောတာ ကောင်းတယ် ၊ ဒေးကား က ဘဲလေး ကချေသည်တွေ ပဲ ရေးတာ တဲ့ ”

သဘောထား ကြီးမြင့်တဲ့ ဆရာမျိုး ကို ဆုံတွေ့ ရတာ သူ ကံကောင်းတယ် လို့ ကျွန်တော် တွေးမိ လိုက်ပါတယ် ။

“ ဆရာ ဦးဘကြည် က တော့ သီအိုရီ တွေ မေးတယ် ၊ ဘာ သီအိုရီ ပြောပါ မမေးဘူး ၊ သီတင်းကျွတ် မှာ ငါ့ အိမ် ဆီမီး ထွန်း ချင်တယ် ၊ လှ အောင် ဘာ အရောင်တွေ ထွန်းရမှာလဲ မေးတယ် ၊ ဆရာ ည အမှောင် မှာ ဘာ အရောင် ထွန်းထွန်း အမှောင် နဲ့ အလင်း Contrast ( ဆန့်ကျင်ဘက် ) ဖြစ် နေလို့ လှပတယ် လို့ ဖြေ လိုက်တယ် ၊ စနစ်တကျ ဖြစ်အောင် ဒီဘက် က အဝါ ထွန်းမယ် ၊ မင်း ဘာ ဆက် ထွန်းမှာလဲ တဲ့ ၊ အဝါ ပြီး ရင် လိမ္မော် ၊ အနီ ထွန်းမယ် လို့ ၊ ဘာ့ကြောင့်လဲ ဆို တော့ အရောင် အိမ်နီး နားချင်း အဆင်ပြေမှု ကြောင့် လို့ ဖြေ လိုက်တယ် ၊ ကောင်းပြီ ကွာ ၊ နောက်ခံ နံရံ အဖြူ ပေါ် မှာ ဟို တစ်လုံး ၊ ဒီ တစ်လုံး အလင်း ထဲ မှာ အလင်း ထွန်းရင် ဘာကြောင့် လှတာ လဲ တဲ့ ၊ Pattern ( အရောင်အသွေး ၊ အဆင် ) လှတာကြောင့် ပါ လို့ ဖြေ တော့ မင်း မဆိုးဘူး ၊ သဘောကျပါတယ် တဲ့ ”

“ ဆရာ ဦးဘကြည် မှတ်ချက် က အရေးကြီးတယ် ”

“ ဖြစ်ချင်တော့ ကျွန်တော် ပြောနေတဲ့ အချိန် ပန်းချီဆရာကြီး ဦးသုခ က အခန်း အပြင် က ဖြတ် လျှောက် သွားရင်း ရပ် နားထောင် တယ် ၊ ဒီကောင် ဘယ် ကလဲ ၊ အင်္ဂလိပ် အသံထွက် လည်း ကောင်းတယ် ၊ မဆိုးဘူး တဲ့ ၊ ကျွန်တော် အရွေး ခံ ရတယ် ၊ ၁၉၈၄ ခု ၊ သြဂုတ်လ ၁ ရက် နေ့ မှာ အလုပ် ဝင်တယ် ”

“ ဆရာ အလုပ် ထဲ က နေ နိုင်ငံခြား ကို ခရီး သွားရသေးတယ် မဟုတ်လား ”

“  တရုတ်နိုင်ငံ ကို Delegation ( ကိုယ်စားလှယ် အဖွဲ့ ) အနေ နဲ့ သွားရ တယ် ၊ တရုတ်ပြည်  မသွားခင် ရန်ကုန် တရုတ်သံရုံး က Film show and dinner လို့ ဖိတ်တယ် ၊ တရုတ် က film show လုပ်မယ် ဆိုတော့ အဲဒီ ခေတ် က ခေတ်စားတဲ့ တရုတ် ရုပ်ရှင်ကား က “ လက်တစ်ဖက်ပြတ် ဓားသမား ” ၊ အဲဒီလို ရုပ်ရှင် ကြည့် ရင်း ညစာ စားရမယ် ထင်တာ ၊ ဟို ရောက်တော့ တက်တက်စင် လွဲ တော့တာပဲ ”

ဆရာစန်း က ဆက် မပြောသေး ဘဲ တဟဲဟဲ ရယ်မောတယ် ။

“ သံရုံး ရောက် တော့ ပြတဲ့ ရုပ်ရှင် က ကမ္ဘာ က သိတဲ့ ကြာပန်းတွေ ရေးတဲ့ တရုတ် ပန်းချီဆရာ ချိပေရှိ အကြောင်း ရုပ်ရှင်ကား ၊ ပြီးတော့ မြင်းပန်းချီတွေ ဆွဲ တဲ့ ချိပေ့ဟုန် အကြောင်း ရုပ်ရှင်ကား ၊ ဒီ ဆရာတွေ မရှိတာ ကြာပြီ ၊ သူတို့ သက်ရှိ ထင်ရှား ရှိစဉ် က နေထိုင် လုပ်ကိုင်ပုံ ၊ သူတို့ လက်ရာ မှတ်တမ်း ရုပ်ရှင်ကား ”

“ တရုတ်ပြည် ရောက် တော့ ကော ... ”

“ စွယ်တော် ကို အနီးကပ် ဖူးရတယ် ၊ နဂါးဝါဥယျာဉ် ကို လေ့လာရတယ် ၊ မော်စီတုံး ရဲ့ ထမင်းချက် ကိုယ်တိုင် ချက်ကျွေးတာ လည်း စားခဲ့ရတယ် ၊ ဟင်းခွက် ၄၀ လောက် ရှိတယ် ၊ ကျွန်တော့် ဘဝ မှာ ပန်းချီပန်းပု ကျောင်းသား ဘဝ က မီးဖိုချောင် ထဲ မှာ ထင်းချောင်း ကို ငါးပိ ကပ်ပြီး ကင် စား ခဲ့ရတာ ကို ပြန် သတိရတယ် ၊ ဘဝ ရဲ့ အစွန်း နှစ်ဖက် ပေါ့ ”

သူ က အားရပါးရ ရယ်မောတယ် ။

“ မြန်မာပြည် ပြန် ရောက် တော့ ဒေါ်ဒေါ်  ( လူထုဒေါ်အမာ ) ကို သွား ကန်တော့တယ် ၊ ဒေါ်ဒေါ် က နိုင်ငံခြား အတွေ့အကြုံ ပြောစမ်းပါဦး ဆိုတော့ အတွေ့ အကြုံ က တော့ ရှက်တာပါပဲ လို့ ”

ဆရာစန်း နဲ့ ကျွန်တော် ပြိုင်တူ ရယ်ကြ ပြန်တယ် ။

“ ကျွန်တော်တို့ ဆီ မှာ ပန်းချီဆရာကြီး ဦးဘသက် ဆုံး တာ ၁၉၇၁ ခုနှစ် က ဆုံးတာ ၊ ဘာ မှတ်တမ်း မှ မကျန်ခဲ့ဘူး ၊ တရုတ် က လွန်ခဲ့တဲ့ နှစ် ၈ဝ က ပန်းချီ ဆရာကြီးတွေ ကို မှတ်တမ်း တင် ထားတာ ရှိတယ် ၊ အဲဒီတုန်း က ဆရာ ပေါ်ဦးသက် ရှိသေးတယ် ၊ ကျွန်တော်တို့ ဘာမျှ မှတ်တမ်း မတင်နိုင်ဘူး ၊ ခု ဆရာ ဦးလွန်းကြွယ် ရှိသေးတယ် ”

ကျွန်တော်တို့ နှစ်ယောက် လုံး ဒီ တစ်ခါ တော့ မရယ်ကြတော့ပါ ။

“ ဒေါ်ဒေါ် က တော့ ကိုယ် လုပ်နိုင်တာ အရင် စလုပ်ပါ တဲ့ ၊ ဒါကြောင့် ကျွန်တော် စာအုပ်တွေ ရေးတယ် ၊ ရေဆေး အကြည် ရေးဆွဲနည်း ၊ ပန်းချီ စကား ဝိုင်း ၊ Skatch From Nature စာအုပ် သုံးအုပ် ရေးထုတ် ပြီး သွားပြီ ၊ ခု လောလော ဆယ် ၁၉၅၃ ခု က ၂ဝဝဝ ပြည့်နှစ် အထိ မန္တလေး ပန်းချီပန်းပု ကျောင်းထွက် ရေဆေးပညာရှင်များ ဘဝ နဲ့ လက်ရာ စာအုပ် ပြုစု နေတယ် ”

“ ဆရာစန်း ရဲ့ ဘဝ မှာ မမေ့နိုင်တဲ့ တပည့်တွေ လည်း ရှိမှာပေါ့ ”

“ မြို့သစ် က အောင်အောင် ဆိုတဲ့ ကလေး တစ်ယောက် အကြောင်း ပြော ပြ ချင်တယ် ”

ဆရာစန်း က ထိုင် နေတာ ကို ခပ်မတ်မတ် ပြင် ထိုင်တယ် ။ ပြီးမှ ဆက် ပြောတယ် ။

“ တစ်ရက် တော့ ကျွန်တော် မဟာမုနိဘုရားကြီး ရွှေသွား ချ ပြီး အပြန် မှာ ကျွန်တော့် စက်ဘီး က ပေါက် နေတယ် ၊ ဘုရားကြီး အရှေ့မုခ် ဘုန်းကြီးကျောင်း တံတိုင်း ဘေး က စက်ဘီးပြင်ဆိုင် ကို ဘီး ဖာ ဖို့ စက်ဘီး ကို တွန်း သွားတယ် ၊ နေ့လယ် နေ က သိပ် ပူတယ် ၊ စက်ဘီး ပြင် တဲ့ သူ က ဦးထုပ်ကြီး ဆောင်း ပြီး ခေါင်း ငုံ့ အလုပ် လုပ် နေတယ် ၊ စက်ဘီးဆရာ ဆို တော့ သူ က မော့ ကြည့်တယ် ၊ ကျွန်တော့် တပည့် အောင်အောင် ၊ သူ ရော ကိုယ် ရော အံ့သြ သွားတယ် ”

ဆရာ ၊ တပည့် ပြန် တွေ့ခန်း က ရုပ်ရှင် ဆန်တယ် ။

“ ကျွန်တော့် ကို အရိပ် က ထိုင် စောင့် ခိုင်းတယ် ၊ စိတ် မကောင်းဘူး ၊ ပြီးပြီ ဆိုတော့ ပိုက်ဆံ ပေးတာ မယူဘူး ၊ အောင်အောင် လို့ မင်း ကို ငါ သင်ပေးတဲ့ ပညာ နဲ့ လုပ်ကိုင်စားတာ ၊ ပန်းချီဆွဲ ဆိုင်းဘုတ်ရေးတာ အတွက် ပိုက်ဆံ မယူတာ ဆိုရင် လက်ခံတယ် ၊ ဒါက ငါ သင်ပေးထား တဲ့ ပညာ နဲ့ မင်း လုပ်တာ မဟုတ်ဘူး လို့ ”

သူတို့ နှစ်ယောက် ရဲ့ အပြန်အလှန် စေတနာ က စိတ်ဝင်စား ဖို့ ကောင်းတယ် ။

“ ယူရ မှာ မယူ ဘူး ၊ တော်တော် ကြာတယ် ၊ နောက်ဆုံးတော့ မင်း ငါ နဲ့ လက်ဖက်ရည်ဆိုင် လိုက် ထိုင်ရမယ် ၊ ငါ လက်ဖက်ရည် တိုက်တာ သောက်ရမယ် ဆိုတော့ လိုက် လာတယ် ၊ ကျွန်တော် က ငါ ဒီ လမ်း ကို နောက် ဘယ်တော့ မှ မလာ တော့ဘူးကွာ ဆိုတော့ ဘာကြောင့်လဲ တဲ့ ၊ ကိုယ် သင်ပေး လိုက်တဲ့ ပန်းချီပညာရပ် က စက်ဘီး ဖာ တာ လောက် တောင် ဝင်ငွေ မရှိဘူး ဆိုတော့ ငါ စိတ် မကောင်းဘူး လို့ ၊ ငါ မကြည့်ရက်ဘူး လို့ ”

ပညာ သင်ပြ ပေးတဲ့ ဆရာ ရဲ့ တာဝန် ဆိုတာ ကို ကျွန်တော့် အတွေး က ရောက် သွားပါတယ် ။

“ စုတ်တံ ကိုင် လုပ်တဲ့ အလုပ်တွေ အများကြီး ရှိပါတယ် ၊ တိုက် ဆေး သုတ် တာ ဖြစ်ဖြစ် ပေါ့ ၊ စုတ်တံကိုင် တဲ့ အလုပ် တစ်ခု ခု လုပ်ဖြစ်တဲ့ တစ်နေ့ မင်း ငါ့ ဆီ လာခဲ့ပါလို့ ပြောခဲ့တယ် ၊ နောက် တစ်လ လောက် ကြာတော့ အောင်အောင် က ကိတ်မုန့် တစ်လုံး နဲ့ ရောက် လာတယ် ၊ ဆရာ့ လာ ကန်တော့တာ တဲ့ ၊ သူ့ ကို မင်း တိုက် ဆေးသုတ် ရာ မှာ အခြား အလုပ်သမားတွေ နဲ့ ကွာ ရမယ် ၊ သူများ က အလုပ် အဖြစ် ဆေး သုတ်တာ မင်း က ပန်းချီပညာ သင် လာတော့ ပညာ အဖြစ် နဲ့ သုတ်ရမယ် လို့ မင်း ရဲ့ဆရာ ကို မင်း က အကြံ ပေးနိုင်ရမယ် ၊ ဒီ တိုက် ကို တော့ ဒီ အရောင်လေး သုတ် မှ လိုက်မယ် လို့ ”

ပညာ သင်ယူခြင်း ရဲ့ သဘော သဘာဝ ဖျတ်ခနဲ တွေ့မြင် လိုက်ရပါတယ် ။

“ မင်း က အကြံဉာဏ် ပေး နိုင် ရင် ခု ရာထူး ထက် ပို မြင့်တဲ့ ရာထူး ကို ရမယ်လို့ ပြော လိုက်တယ် ၊ နောက် သုံးလ လောက် နေ တော့ အောင်အောင် ရောက် လာ ပြန်တယ် ၊ ကိတ်မုန့် တင် မကဘူး ၊ ပုဆိုး တစ်ကွင်း ပါလာတယ် ”

ဆရာစန်း ရဲ့ လေသံ က ရွှင် လာပါတယ် ။

“ အခြေအနေ ကောင်းလာပြီ ဆရာ တဲ့ ၊ မင်း အပြောအဆို ကောင်းအောင် သင် ၊ လုပ်ငန်း လက်ခံ နိုင်အောင် ကြိုးစား ၊ နောက် တစ်ဆင့် က လုပ်ငန်းရှင် ဖြစ်ဖို့ ပဲ လို့ ပြော လိုက်တယ် ၊ နောက်ဆုံး မှာ လုပ်ငန်းရှင်လေး ဖြစ်လာတယ် ”

ဆရာစန်း ရဲ့ ပန်းချီကားတွေ အကြောင်း ကို မေးတယ် ။

“ ကျွန်တော် ကျောင်း ဆင်း ပြီး နောက်နှစ် ၁၉၇၉ ခုနှစ် မှာ မြနန္ဒာ ရေဆေး ပန်းချီပြပွဲ လောကနတ် မှာ လုပ်တယ် ၊ ဆရာဦးဇော်ဝင်း ၊ ဆရာဦးကျော်လေး ၊ ဆရာ ဦးတင်အေး ၊ ဆရာဦးထွန်းညွန့် ၊ ဆရာဦးကံညွန့် ၊ ကိုညွန့်အောင် နဲ့ ကျွန်တော် တို့ ပြကြတယ် ၊ လူ ခုနစ်ယောက် ကို ကား ၂ဝဝ လောက် ပြတယ် ၊ ပန်းချီမောင်ဒီ က ပြပွဲ လာ ကြည့် ပြီး ပြ တာ က ခုနစ်ယောက် ၊ လက်ရာ က ငါးမျိုး လို့ ပြောတယ် သူ ပြောတာ မှန်တယ် ၊ ကျွန်တော် တို့ က ဆရာဦးကျော်လေး ဆွဲ သလို လိုက် ဆွဲ ထားတာ ”

“ ကိုယ်ပိုင် ဟန် မရှိသေးဘူး ပေါ့ ”

“ ပန်းချီ ရေး ရာ မှာ ကိုယ်ပိုင် ဟန် လိုအပ်တယ် ဆိုတာ ကျွန်တော် သိ သွားတယ် ၊ ကျွန်တော် ငါးကား ရောင်း ရတယ် ၊ ငွေ ၂ဝဝ ကျော် ရတယ် ၊ စုတ်တံ အကောင်းစား Sable Hair ( မြွေပါအမွေး ) တံဆိပ် ဝယ်တယ် ”

“ ကိုယ်ပိုင် ဟန် ရ ဖို့ သိပ် ခက်သလား ”

“ ပညာ အသိတရား ရှိဖို့ လိုတယ် ၊ သူများ ထက် ထူး ပြီး နဖူး ချို ပေါက် ဖို့ မဟုတ်ဘူး ၊ သူများ နဲ့ မတူ အောင် ကြိုးစားခြင်း ထက် ရှိ နေတဲ့ အရာတွေ ထဲ က အသိတရား ပါ အောင် ကြိုးစားခြင်း က ကိုယ်ပိုင် ဟန် ထွက် လာ နိုင်တယ် ”

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ စုစည်းမှု ( ၈ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment