Tuesday, February 27, 2024

ဘိုကြိုက်မ


 ❝ ဘိုကြိုက်မ ❞ 


ညဉ့်အိပ်ရာ ဝင်ခါနီး ကလေးများ အိပ်ပျော်စ ပြုသည့် အချိန် သည် လင်မယား ဖြစ်သူ တို့ ဆိတ်ငြိမ်စွာ တိုင်ပင် ပြောဆို အကြံအစည် ပြုလုပ်လေ့ ရှိသော အချိန် ဖြစ်လေ ရာ မယ်ဆော့ နှင့် မောင်အော မှာ ထိုကဲ့သို့သော အချိန်မျိုး ၌ ထိုကဲ့သို့ တိုင်ပင် ပြောဆို နေကြခြင်း ဖြစ်လေ၏ ။


ဆော့ ။  ။ “ မောင်အို ညနေ က တောင် လာသေးတယ် ၊ ကောင်ကလေး စ မိတာနဲ့ သနားစရာ ဖြစ်နေတာပဲ ” ဟု မီးတိုင် မှာ ဆေးပေါ့လိပ် ခေါင်းပွကြီး ကို ပြောင်းဖူး ဖုတ် သလို မီး ညှိရင်း ပြောလေ၏ ။


အော ။  ။ “ မင်း က ဒါချည်း ဧည့် ထောက်ခံပြီး ပြော နေတာကိုး ၊ လာမှာပေါ့ ” 


ဆော့ ။  ။ “ ကျုပ် က စ ပြောရတာ မဟုတ်ပါဘူး ။ ရှင် နဲ့ အတူ ပါလာတုန်း က စပြီး မြင်တာနဲ့ စွဲနေတာပါ ။ မိအေးကြီး က လည်း အဒေါ်တို့ အိမ် လာတဲ့ လူ ဟာ ဘယ်ကလဲ လို့ မေးတယ် ။ ကျုပ် က ညည်း ကို ကြိုက်လို့ လာတာ လို့ တောင် ကစား ပြောလိုက် သေးတယ် ။ အောင်မယ် ကောင်မကြီး က လေ သဘောကျပုံ တော့ ”


အော ။  ။ “ မထင်ပါနဲ့ ကွယ် ၊ သူတို့ က အင်မတန် ငွေ ကို မက်တာ ။ ငွေ တင် ဟုတ်ဘူး ဘိုကတော် စိတ် ပေါက်နေ တယ် ။ အရင် စောတင်ကလေး လမ်းဘို နဲ့ ညား သွား ကတည်း က အားကျ မခံ ဖြစ်နေတယ် ။ သူတို့ ဂုဏ်ပြိုင် မဟုတ်လား ”  


“ မောင်အို က တော့ ဘို မဟုတ်ဘူး ၊ ပိုက်ဆံ တော့ ရှိပါတယ် ။ လူမွဲ ထဲ က မဟုတ်ပါဘူး ” 


“ မင်း ဘယ့်နှယ် သိသလဲ ။ မင်းတို့ ငယ်ငယ် က ရပ်ဆွေ ရပ်မျိုး ဖြစ်ဖူးလို့ ။ သူ့ မိဘ ချမ်းသာ တာ မြင်ပြီး ပြောတာလား ။ ငါ တော့ မင်း နဲ့ ပတ်သက်လို့ သိရတာပဲ ။ မင်း ကို တွေ့ချင်တယ် ဆို လို့ ငါ ခေါ် လာခဲ့ရတာ ။ နောင်ခါကျ တော့ အကျိုး လို လို့ ညောင် ရေလောင်း ပတ်ထမ်း တွေ့ နေမယ် ။ မင်း မိအေးကြီး နဲ့ အောင်သွယ်လား ဘာလား မလုပ်နဲ့ နော် ။ ငါ ပြောလိုက်ပါပေရဲ့ ။ မောင်အို ဒီ လာတာ မိအေးကြီး မြင် သလား ”


“ သေသေချာချာ တော့ မမြင်ပါဘူး ။ ပြန် သွား မှ နောက် က နေပြီး မြင် လိုက်တာပါ ။ ရှင် ဘာပြုလို့ မေးတာလဲ ”  


“ ဘာမှ မဖြစ်ပါဘူး ။ မင်း အကောင် က ရုပ်ချော လို့ စွဲသွားမှာ စိုးလို့ မေးတာပါ ”


“ ရှင် က မငေါ့ပါနဲ့ ။ ကျုပ် တူ သည်လောက် အရုပ် မဆိုးပါဘူး ။ ကု,လားဆင် ပါ တော့ ။ ရှင့် ကောင်မ က ကော ရုပ် ဖြောင့် လွန်း လို့လား ။ ရှင့် ကောင်မ က မူစရာ မဟုတ်ပါဘူး ”  


“ မိအေးကြီး က ဘို ကို ရရင် ငွေ ပါ ရင် ရုပ် အရေးမကြီး ပါဘူး ။ မင်း အကောင် က ဘာမှ မပါတော့ အခက်သား ပဲ ။ မလုပ် ပါနဲ့ ကွယ် ၊ တော်တော် ကြာ ရင် အိမ်နီးပါးချင်း တစ်ယောက် မျက်နှာ တစ်ယောက် မကြည့်နိုင် အောင် ဖြစ်နေမှာ စိုးပါတယ် ”


“ မောင်အို လို ယောက်ျား ကို ရ ရင် ကျုပ်တို့ ဘာ မျက်နှာ ပျက် ဖို့ ရှိသလဲ ကိုအော ရဲ့ ။ အခု သူ ဒုတိယတန်း ရှေ့နေ စာမေးပွဲ ဝင် ချင်လို့ အလုပ် က တစ်နှစ် ခွင့်ယူ နေတာပါ ။ မြို့အုပ်စာရင်း ဝင် ပြီးသား ။ စက်ရှင်ရုံး စာရေးကြီး တစ်ယောက် လုံး မိအေး လို ကောင်မ က မူ နေစရာ မလိုပါဘူး ။ မိအေး မှာ အမွေ လေးငါးသိန်း ရ မှာ က နောက် ။ ကျုပ် တူ က မကြာမီ မြို့အုပ် ဖြစ်မှာ ။ မြို့အုပ် မလုပ် ရင် ဝတ်လုံ ဖြစ်မှာပဲ ။ အခု ဒုတိယတန်း ရှေ့နေစာမေးပွဲ ဝင် ပြီးရင် ဘိလပ် ကို ဝတ်လုံ အတတ် သင်ဖို့ သွားဖို့ စိတ်ကူး နေတယ် ။ ဒါ အတွက် စရိတ်ကလေးသောင်းကိုးထောင် လို နေတယ် ထင်ပါရဲ့ ”


“ ဟင် ... ဒါဖြင့် သိုက်တူး ဖို့ ကြံတာပေါ့ ”


“ ကြံကြံ မကြံကြံ တော် သူတို့ နေရာ ကျ ရင် ကျုပ်တို့ လည်း နေရာ ကျ မှာပဲ ။ ရှင့် လုပ်စာကလေး ချည်း အားကိုး နေလို့ လူ ဖြစ်မှာ မဟုတ်ဘူး ။ ကျုပ် က ငွေထောင့်လေးငါးရာ ရ မှာ မြင် လို့ ပြောတာ ”


“ အောင်မယ်လေး .... ဆောက်ဖြစ် မှ ကျောင်းဒကာ ။ ငါ့ အလုပ် က တစ်နေ့ တွက်ရင် နှစ်ကျပ် သုံးကျပ် တော့ အေးလို့ ။ ပြောရုံ ဆိုရုံ ရယ် ။ ကိုယ့် လက်အောက် ငယ်သားတွေ အပေါ် မှာ သြဇာ လည်း ရှိသေးတယ် ။ ဥစ္စာကံပေး မရသေး နှောင့်နှေးဗျာပါ မရှိရာ တဲ့ ။ လောဘ မကြီး နဲ့ မိန်းမ ။ တဖြည်းဖြည်း ဒီလို စုရတာ ပေါ့ ။ ဖြတ်လမ်း လိုက် တာ ဟာ ဒုက္ခ များတတ်တာမျိုး ”


“ ရှင့် မှာ ဒါကြောင့် မချမ်းသာနိုင်တာ ။ ရပေါက်ရလမ်း ကို မြင်တတ်တဲ့ မျက်စိ မှ မရှိဘဲ ။ အခု ကာလ မှာ စီးပွားဥစ္စာ ရှာ တဲ့ လူများ ဟာ ကျီးကန်း မျက်စိ လို အင်မတန် လျင် နိုင် မှ တော်ရုံ ကျတာ ။ အခု ကျုပ် ပြောတာ ကို ရှင် လိုက်ရင် တစ်လ မကြာဘူး ငွေ ထောင့်လေးငါးရာ ပက်ခနဲ ရစေရဲ့ ”


“ ဘယ်လို လုပ်မလဲ ”


“ မောင်အို ကို ဘောင်းဘီ ဝတ်ပြီး ဘို လုပ်ခိုင်းမယ် ။ ဒေါ် ရွှေမင်း အိမ်ကြီး အလကား တံခါး ပိတ် ထားရတယ် ။ ဒေါ်ရွှေ မင်း လည်း စစ်ကိုင်း ကို ဥပုသ်စောင့် သွားနေတယ် ။ ကျုပ် ကို သော့ အပ် ပစ်ခဲ့တယ် ။ သင့်တော်သူ ရှိရင် ငှားပါ တဲ့ ”


“ မောင်အို ကို မင်း က အိမ်လုံးငှား တဲ့ အနေနဲ့ တင်ထား ပြီး မိအေးကြီး ကို ဆွယ်ပေးမယ် လို့ ကြံ တာလား ။ ကောင်းပါပြီ ကိုင်း မင်း ငွေ ထောင့်ကိုးရာ က ဘယ်လို ရမှာလဲ ”


“ ညား ရင် မိအေး စုထားတဲ့ ငွေသုံးထောင် ၊ မောင်အို ရဲ့ လက် ကို ရောက် ရင် ရတာပေါ့ ။ မိအေး ရမယ့် အမွေ အပြင် သူ့ ဘာသာ စပါး ပေး ပေးတာ ၊ ငွေတိုး ချတာ ၊ နွား မွေးဘက် ပေးတာ နဲ့ ငွေသုံးထောင် ကျော် ပိုက်မိ နေပြီ ။ ရှင် ဘာ သိသလဲ ”


“ အောင်မယ် ထင် လိုက်တာ ။ မိအေး က ပေး မှာလား ။ မင်း လူ က ကော အိမ်လခ ပေးနိုင်မလား ”


“ မောင်အို လား မပေးနိုင်တာ ။ စက်ရှင်ရုံး စာရေးကြီး တစ်ယောက် လုံး ရှင့် ။ တစ်လ ငွေလေး တစ်ဆယ် မပေးနိုင်ဘဲ နေမှာလား ရှင့် ။ မောင်အို အခွင့်ခံ နေပေမယ့် လခ အပြည့်ရတာ ရှင့် ။ ဘဏ် မှာ လည်း တစ်သောင်း နီးနီး ရှိ သတဲ့ ။ တစ်နေ့ က သူ့ သားရေအိတ် ထဲ မှာ ငွေစက္ကူတွေ တစ်ထပ်ကြီး ကျုပ် မြင် ရတယ် ။ ဒီ အတောအတွင်း မှာ မိအေး ဆီ က မရတောင် မောင်အို က ရှင် ရှာလို့ ရတာ လောက် တော့ နှစ်ဆ သုံးဆ တတ်နိုင်ပါ တယ် ”


“ ဒီလိုဖြင့် မယ်ဆော့ ရယ် ။ ဘာပြုလို့ မိအေး ကို မှ မရမက ကြံရသတဲ့တုန်း ကွယ့် ” 


“ လာဘ ကိုး ရှင့် ။ လူ ဆိုတာ တင်းတိမ်တယ် လို့ ဘယ် ရှိမလဲ ။ ဧက နှစ်ထောင်ကျော် သုံးထောင် အမွေ ရ မှာ ။ သက်ရှိ ပစ္စည်းတွေ က ရှိသေးတယ် ။ မိအေး ရုပ် က ညံ့သလား ရှင့် ။ ဘို ကြိုက် တော့ ၊ လုံးကြီးပေါက်လှ ဖြူဖြူဖွေးဖွေး ၊ မင်းသမီးရုပ် ကလေးမျိုး တော့ မဟုတ်ဘူးပေါ့ ရှင် ။ နို့ပေမယ့် ကာလယောက်ျား ဆိုတာ မျက်နှာ ကို သိပ် ကြည့်တာ မဟုတ်ဘူး ။ ဝက် ဝယ် တဲ့ တရုတ် လို ပိဿာချိန် ကို ကြည့်တာ သိပလား ။ ရှင် ယောက်ျား မဟုတ်ဘူးလား ။ ရှင် တောင် မိအေး ကို ပိုးတိုးတိုး လုပ် သေးတာ ကျုပ် မသိဘူး မှတ်သလား ”


မောင်အော သည် ပြုံးရယ် လျက် စဉ်စား ၍ နေလေ၏ ။  


“ နက်ဖြန်ခါ ရှင့် အလုပ် ကို ချိတ်ထား ။ မောင်အို ဆီ ကို သွား ။ ဒီလို ဒီလို ပြော ။ ကျုပ် ဒေါ်ရွှေမင်းအိမ် ကို လှဲသို သုတ်သင် ထားမယ် ”


“ ဖြစ်ပါ့မလား မယ်ဆော့ ရဲ့ ။ အိမ်ထောင်ပစ္စည်းများ ကော မင်း လူ မှာ ရှိရဲ့လား ” 


“ ပစ္စည်း မခက်ပါဘူး တော် ။ ဘုန်းကြီး ဦးလာဘကျောင်း က ခုတင်တွေ ၊ ကု,လားထိုင်တွေ ၊ နာရီတွေ ကို ကျုပ် သွား ငှားမယ် ။ ဒကာမကြီး အသုံး လိုရင် ဘာမဆို ပြောတဲ့ ”  


“ ဘုန်းကြီး က မင်း ကို ငှားမှာလား ” 


“ ရှင် မသိပါဘူး ။ ဘုန်းကြီး က ကျုပ်ကို အင်မတန် ချစ်တယ် ။ ကျုပ် လိုချင်ရင် ဘာမဆို ရတယ် ။ ဘုန်းကြီး က သူဌေး တော့ ။ ကျုပ် လိုချင်ရင် ငွေတောင် ချေးလို့ ရမှာ ။ ဘာဘာညာညာ ပြောကြမှာ စိုးလို့ ကျုပ် က မယူဘဲ နေတာ ” 


“ သူ့ ဘာသာ သူ မနေနိုင်ရင် ထွက် မှာပေါ့ ။ ရှင့် အပူလား ။ ဒါတွေ ပြောနေစရာ မဟုတ်ပါဘူး ။ ရှင် နက်ဖြန် မောင်အို ဆီ ကို သာ သွားပါ ” 


“ ကောင်းပါပြီဗျာ ။ သွားရတာပေါ့ ။ နေရာ သာ ကျအောင် လုပ်ပါ ။ မကျရင်တော့ ... အဲဒါပဲ ”


နောက် ရက်များ မကြာမီ ဘိုကပြား တစ်ယောက် မယ်ဆော့ မောင်အော တို့ အိမ် ကို ရောက် ၍ လာရာ ရပ်သူရွာသားများ ဝိုင်းအုံ လာရောက် ကြည့်ရှု လေ၏ ။ အကြောင်းမူ ကား ထန်းပင်ကုန်း မီးရထားလမ်း မြို့ငယ်ကလေး သည် ဘောင်းဘီဝတ် အင်္ဂလိပ်လူမျိုး ကပြားများ အရောက်အပေါက် နည်းသော နေရာ ဖြစ်လေ၏ ။


ဆော့ ။  ။ “ သခင် ဘာ အလိုရှိပါသလဲ ။ ကျွန်မတို့ အိမ် မှာ ကု,လားထိုင် မရှိဘူး သခင် ၊ ကွပ်ပစ် ပဲ ရှိတယ် ။ ကိုအော မအေး တို့ အိမ် ပြေး ပြီး ကု,လားထိုင် တစ်လုံး ယူလိုက်စမ်းပါ ”


မောင်အော သည် မိအေး တို့ အိမ် မှ ကု,လားထိုင် တစ်လုံး ကို ယူ လာ၍ အိမ်ရှေ့ ၌ ဘိုကပြား မောင်အို ကို ဧည့်ခံကြ လေ၏ ။ 


မောင်အို သည် ကား ရခိုင်ရုပ်ဆန်ဆန် မို့ ရန်ကုန်မြို့ ၊ အပေါင်ဆိုင် တစ်ဆိုင် က အချောင် ရရှိသော ကွတ်အင်္ကျီအဖြူ ၊ ဘောင်းဘီ အနက် မှာ အနည်းငယ် ဖား သော်လည်း ခေါ်တော ဇာတ်ဝင် အရာ မီးခိုး‌ရောင် အညိုစား ဖြစ်လျက် ၊ မြန်မာ ဟု ပြောဖို့ရန် ခက်လေ၏ ။ အင်္ဂလိပ်စကား မတတ်သည် ကို မူ ထို မြို့ကလေး မှာ စုံစမ်း သိရှိနိုင် သူ နည်းပါး လေ၏ ။ ငယ်စဉ် က မိဘ ချမ်းသာဖူးသော ကြောင့် သီဟိုဠ် ၊ ဘင်္ဂလား စသည့် အရပ်များ သို့ ရောက်အောင် ပညာသင် သွားခဲ့ ရ သဖြင့် ထမင်းစား ရေသောက် သာသာကလေး တတ်ခဲ့သည် ကား မှန်၏ ။ စက်ရှင်ရုံး စာရေးကြီး ဆိုသည် မှာ ကား ပုံပြင် ဖြစ်ကြောင်း ကို မယ်ဆော့ ကိုယ်တိုင် မသိ ။ မယ်ဆော့ နှင့် မောင်အို မှာ ငယ်စဉ် က သိပြီး မတွေ့ဘဲ နေကြသည် မှာ ဆယ်နှစ် ကျော် ကြာခဲ့ သဖြင့် မောင်အို ပြောသမျှ ကို မယ်ဆော့ ယုံကြည် ရုံ မ က မောင်အို ကြွားသည် ထက် ပိုမို၍ ဟိတ် ထုတ်ချင် သူ ဖြစ်လေ၏ ။


မိအေး သည် ကား ဘို ကို မြင် လျှင် သွားရည် ယို လျက် ပြုံးချိုသော မျက်နှာ နှင့် မောင်အော ကို လှမ်း ၍ ခေါ်ပြီး ပန်းဖုံး နှင့် စားပွဲငယ် တစ်ခု ကို ပေးပြန်လေ၏ ။ မကြာမီ ဘို နှင့် မိအေး မှာ မျက်လုံးချင်း သံကြိုးရိုက် ကြလေ၏ ။ အကြောင်းမူ ကား မယ်ဆော့ တို့ အိမ် နှင့် ဝင်းထရံ သာ ခြား လေရာ မိအေး ပျာပျာသလဲ ဖြစ်၍ နေသည် ကို ဘိုအို သည် ကောင်းစွာမြင်နိုင်လေ၏ ။


အေး ။  ။ “ ကိုအော လာပါဦး ရှင့် ။ ဘယ် က ဘို လဲ ။ ဘို ကို လည်း ဧည့်ခံသေး ရဲ့ ။ ဘို ထုံးစံ လည်း မသိဘဲကို ရှင့် ။ လက်ဖက်ရည်ကလေး ဘာကလေးများ တယ်ပါလား ရှင့် ။ ဟော ဒီမှာ လက်ဖက်ရည်ပန်းကန် လာ ယူ ။ အခန့်သင့် ပဲ ကျွန်မ လည်း လက်ဖက်ရည် သောက်မလို့ ဖျော် နေတယ် ။ ရှင်တို့ သွားဝယ် ဖို့ တောင် မလိုဘူး ” ဟု ပြောလေ၏ ။ မယ်ဆော့ က မောင်အော အား မျက်စ ပစ် ကာ  “ ဘယ့်နှယ့် ရှိစ ၊ ကိုင်း မိရော မဟုတ်လား ။ သွား သွား နို့ဆီများများ နဲ့ သုံးခွက် ဖျော်ခဲ့ ။ မိအေး နှမြော လို့ တက် နေရင် မောင်အို ကို နှိပ် အချခိုင်းမယ် ” ဟု ပြောလေ၏ ။ မောင်အော လည်း အားတက် လျက် ငွေထောင့်လေးငါးရာ ကို အကောင်အထည် နှင့် တကွ မြင်စ ပြုလေ၏ ။ မကြာမီ ဘိုအို သည် လက်ဖက်ရည် သောက် ရင်း မယ်ဆော့ နှင့် စကား ပြောလေ၏ ။


“ ကျွန်ုပ် ရန်ကုန် က လာသီး ။ ရန်ကုန် မှာ အများကြီး ဆူညံသီး ။ ကျွန်ုပ် အလုပ် တစ်ခု အေးအေးဆေးဆေး လုပ်ဖို့ အိမ်ကောင်းကောင်း ငါးချင်သီး ။ ဒီ ရွာ မှာ အိမ်ကောင်းကောင်း ရှိ သီး ။ ကျွန်ုပ် ကြားရသီး ”


ဆော့  ။  ။  “ အော် သခင် က ဒီ ရွာ မှာ အေးအေးဆေးဆေး နေဖို့ အိမ် လိုချင်သလား ” 


“ ဟုတ်သီး ဟုတ်သီး ၊ အလုပ် အေးအေး လုပ်မှာပဲ ” 


မိန်းမကြီး တစ်ယောက် က “ ဒီလို မယ်ဆော့ ရဲ့ နားလည်ပြီ ၊ ရန်ကုန် မှာ က တော့ ဆူညံတယ် ။ သည့်အတွက် ဆိတ်ငြိမ် တဲ့ နေရာ မှာ အလုပ် တစ်ခု လုပ်ချင်တယ် ထင်ပါရဲ့ ။ ဘာ အလုပ် လဲ သခင် ဘယ်လောက် ကြာကြာ နေမလဲ ” 


“ အလုပ်ကြီးတယ် ။ ဒီ ရွာ ကို မီးရထားလမ်း အသစ် ဖောက်မယ် ။ ဟိုက တောင် ရှိတယ် ။ တောင် ပေါ် က ကျောက်မီးသွေး ယူမယ် ။ လမ်း လုပ်မယ် ။ သခင် က အင်ဂျင်နီယာ ဖြစ်သီး ။ ဒီ တောင် မှာ ကျောက်မီးသွေး များများ ရပြီး ဒီ ရွာ က မီးရထားလမ်း လုပ်မည် ။ ဒီ ရွာ မှာ လူ မိန်းမ ယောက်ျား အားလုံး တောင် ပေါ်က ကျောက်မီးသွေး အလုပ် ရမည် ။ အားလုံး အားလုံး ချမ်းသာ သွား ပြီး အမျိုးဘာသာသာသနာ မြန်မာလူမျိုး ဝံသာနု ချီးပါရာ ချီးပါကြောင်း အလုပ်များများ ရပြီး ”


နားထောင်သူများ ရယ်မော ကြ လေ၏ ။ ဆယ်အိမ်ခေါင်း မင်း က “ အေ ... အေး ဘို က ဘိုလည် ကွယ့် ။ ဝံသာနုတွေ ဘာတွေ နဲ့ ။ အမျိုး ဘာသာ သာသနာ ကြီးပွားရာ ကြီးပွားကြောင်း အလုပ်ကောင်းတွေ ရကြတော့မယ်တဲ့ ဟဲ့ ။ နေရာ ကျပြီ ၊ နေရာ ကျပြီ ၊ နေရာ ကျပြီ ။ ဟဲ့ မယ်ဆော့ မရွှေမင်း အိမ် ဟာ နင့် ကို အပ်ထားတယ် မဟုတ်လား ” 


“ ဟုတ်တော့ ဟုတ်ပါတယ် ။ လခ မှန်မှန် ရရင်တော့ ကျွန်မ ငှားဝံ့တာပေါ့ ” 


“ အို ... ကိစ္စ မရှိဘူး ။ လခ ဘယ်လောက်လဲ ။ ကျွန်ုပ် ငွေများများ ရှိတယ် ။ မကြောက်ပါနဲ့ အိမ်လခ ဘယ်လောက်လဲ ”  


“ တစ်ဆယ် သခင် ၊ သခင် ဘယ်လောက် ကြာကြာ နေမှာလဲ ” 


“ သခင် သေသေချာချာ မပြောနိုင်ဘူး ။ အလုပ် က ကြာလိမ့်မယ် ။ အလုပ် ကြီးတယ် ၊ အစိုးရ အလုပ် မဟုတ်ပါဘူး ။ ဂျာမန် သူဌေးကြီး ပဲ ။ ကျွန်ုပ် က ကိုယ်စားလှယ် ဖြစ်သီး ။ ကျွန်ုပ် က မြန်မာလူမျိုး ဖြစ်သီး ။ ဂျာမန်ပြည် မှာ ကြာကြာ နေသီး ။ မြန်မာစကား အကုန် ထွက်ပြေး သွားပြီး အခု နည်းနည်း ပြန်လာ သီး ။ ကျွန်ုပ် သီမှာ နေမည် ။ မြန်မာစကား ပြန်လာမှာပေါ့ ”


“ အော် ... အော် ငယ်ငယ်က ဂျာမန်ပြည် ရောက်ပြီး မြန်မာစကား မေ့ကုန်လို့တဲ့ ဟေ့ ။ စကား လဲ ပြန်ပြီး တတ်ချင်ရှာ လို့ ထင်ပါရဲ့ ။ အဲလေ ဒါကြောင့် မြန်မာ နဲ့ တူပါတယ်လို့ ငါ က တွေးနေတယ် ” ဟု ဆယ်အိမ်ခေါင်း က ပြောလေ၏ ။ 


“ ကောင်းပြီ .... တစ်လ တစ်ဆယ် ။ ကိစ္စ မရှိဘူး ။ ကျွန်ုပ် ပစ္စည်း အများကြီး ရှိသီ ။ မိုးချုပ်ရင် ပစ္စည်း သယ်ဖို့ လိုက် ခဲ့ပါလား ။ ကိစ္စ မရှိဘူး ။ ကျုပ် က ပိုက်ဆံ ပေးမှာပေါ့ ” ဟု ပြောပြီး သားရေအိတ် တစ်ခု ကို ထုတ် ၍ ဖွင့် လိုက်ပြီး ငွေစက္ကူ အထပ်ကြီး ထဲ မှ တစ်ဆယ်တန် နှစ်ချပ် ကို မယ်ဆော့ အား ပေးလေ၏ ။ ထိုအခိုက် မိအေး လည်း ရောက်၍ လာ သဖြင့် ငွေစက္ကူများ ကို မြင်ရ လေ၏ ။ အခြား မြင်ရသူ အားလုံး တို့ မှာ အံ့သြလျက် တီးတိုး စကား ပြောကြ လေ၏ ။ တစ်ယောက် က  “ ဟေ့ မယ်ဆော့ ၊ နင်တို့ တော့ ပွပြီ ။ ဒီ ဘို ကို မလွှတ်နဲ့ တွယ်သာ ထားပေတော့ ။ မောင်အေး အလုပ် ရအောင် ကပ် ။သိပ် ဟုတ်တဲ့ ဘို ပဲ ” ပြောလေ၏ ။  


“ ဘယ်က ဘို ရမလဲ ကွယ့် ၊ မြန်မာ ပါ ။ ဂျာမနီ မှာ နေခဲ့တယ် ဆိုတာပဲ ”


မိအေး ။  ။ “ ဘိလပ် မှာ ကြီး ရင် ဘို ပေါ့ ရှင့် ။ သူ့ ခမျာ မြန်မာစကား တောင် မှ မတတ်ရှာတော့ပဲ ”


မကြာမီ ဘို ပြန်၍ သွားသော အခါ မောင်အော တို့ လင် မယား နှစ်ယောက် ပစ္စည်း ကို သယ်ရန် လိုက်၍ သွား ကြလေ၏ ။ မိုးချုပ်သော အခါ ပစ္စည်းများ ရောက်၍ လာကြလေ၏ ။ နောက် တစ်နေ့ သားနားစွာ ဆင်ပြင်သော အိမ်ကြီး ကို ကြည့် ရအောင် မိအေး တို့ သားအမိသည် မယ်ဆော့ တို့ လင်မယား နှင့် အတူ လိုက် ၍ သွားကြလေရာ မိအေး တို့ သားအမိ နှင့် မောင်အို မှာ အကျွမ်းတဝင် ဖြစ်ကြ လေ၏ ။မောင်အို မှာ စုဆောင်း၍ ထားသော ငွေကလေး သုံးရာ ကျော် မကုန်မီ မိအေး ကို ရဖို့ရန် အရေးကြီး လေ၏ ။ အိမ်လခ မှာ တစ်လ တစ်ဆယ် ။ ပစ္စည်းများ ကို ငှါးရသည့် အတွက် ဘုန်းကြီး အား နှုတ်ပိတ်ခ တစ်လ ငါးကျပ် လှူရလေ၏ ။ မယ်ဆော့ မှာ ဘုန်းကြီး အား စပေါ်  ၅ိ ပေး ရာ မှ ပွဲခ ၁ိ ရ လေ၍ မိအေး တို့ သားအမိ နှင့် မောင်အို ထံ သွားသည့် အခါများ ၌ မောင်အို ငွေ ပေါ ကြောင်း မိအေး တို့ သားအမိ သိအောင် ပြလို သဖြင့်  “ သခင် ငွေ တစ်ကျပ် လောက် ပေးပါ ၊ နှစ်ကျပ် ပေး ပါ ” ဟု တောင်းလေ့ ရှိရာ မောင်အို မငြင်းမဆန် ပေး လေ၏ ။ ထို့အပြင် မောင်အော မှာ လည်း ဘို ၏ ဘဏ္ဍာစိုး အရာ ကို ရ လျက် ၊ ဘို ၏ အိမ် ၌ အလုပ် လုပ်ရ လေရာ အစမှာ ပင် ငွေ ရလမ်း ဖြောင့်၍ နေသော ကြောင့် အလုပ် ကို မသွားတော့ ဘဲ မယ်ဆော့ ၏ အကြံ ကို လုံးလုံး လိုက်ပါ ကာ နေ့စဉ် စည်းဝါး ကိုက် အောင် သုံးယောက်သား စည်းလား ရိုက် ကြ လေ၏ ။


တစ်နေ့သ၌ တကယ့် ဘို တစ်ယောက် ရွာ ထဲ သို့ ရောက် ၍ လာ ရာ ၄င်း ရွာ ၌ ဘို တစ်ကောင် ရှိကြောင်း ကြားရ သဖြင့် မောင်အို ၏ အိမ် ဘက် သို့ ရောက်၍ လာလေ၏ ။ ထိုအခိုက် တွင် မောင်အို သည် မယ်ဆော့ တို့ လင်မယား နှင့် စကား ပြော ၍ နေကြ လေ၏ ။ မောင်အို သည် ဘိုများ နှင့် ဤ အရပ် မှာ တွေ့နိုင်လိမ့်မည် ဟု မျှော်လင့်ခြင်း မပြုခဲ့ချေ ။ တကယ့် ဘို တစ်ယောက် နှင့် မတွေ့မီ မိအေး ကို ရအောင် ကြံ ဖို့ ကို သာ အကြံ ထုတ်၍ နေလေ ၏ ။ ဘို လာသည် ကို မြင်သော အခါ မောင်အို ထိတ်လန့်၍ သွားလေ၏ ။ မိမိ အင်္ဂလိပ်စကား မတတ်ကြောင်း အများ က သိကြ လျှင် ဧကန္တ တိုက်တော့မည် ဟု အောက်မေ့ကာ ပူပင်လေ၏ ။


ထိုအခိုက် တွင် မိအေးတို့ သားအမိ နောက်ဖေး ထရံပေါက် မှ ရောက်၍ လာကြလေ၏ ။ မောင်အို မှာ မျက်နှာပျက် လျက် နေလေ၏ ။ မျက်လုံး ဝိုင်း စ ပြုလေ၏ ။ လမ်းဘက် ၌ ရှိသော ဘို သည် မောင်အို ၏ အိမ်ဘက် ကို လှမ်း ၍ ကြည့်လျက် ဝင်သင့် မဝင်သင့် ကို ဆင်ခြင်၍ နေဟန် ရှိလေ၏ ။


မောင်အို မှာ မျက်နှာ ပျက်လျက် နှင့် ပင် မိအေး တို့ သား အမိ ကို နှုတ်ဆက် ဧည့်ခံ ရလေ၏ ။ မယ်ဆော့ နှင့် မောင်အော က “ အိမ်ရှေ့ က ဘို ကို ခေါ်ရမလား ” ဟု မေးလေ၏ ။


“ အို ... ကျုပ် က ဒီ အကောင်တွေ ကို သိပ် မုန်းတယ် ။ စကား မပြောချင်ဘူး ၊ အနှောင့်အယှက် ဖြစ်တယ် ” ဟု တီးတိုး ပြောပြီး မိအေးတို့ သားအမိ ဘက် သို့ လှည့်ကာ  “ ကျုပ် က ဂျာမန်း အင်္ဂလိပ် နဲ့ မဖြစ်ဘူး ။ အများကြီး မုန်းသည် ။ ဒီ ဘို လာပစေ ။ သူ့ ကို ရူး သွားအောင် ကျုပ် က လုပ် လိုက်မည် ။ မဆော် ဟို အကောင် ကို ခေါ်နိုင်သီ ” ဟု ပြောလေ၏ ။ မောင်အော သည် အိမ် ဘက် သို့ လှည့် ၍ ဝင် လာသော ဘို ကို ထွက်၍ ခေါ်လေ၏ ။ မကြာမီ ဘို နှင့် မောင်အို တို့ ရင်ဆိုင် တွေ့ကြလေရာ ဘို အင်္ဂလိပ် လို ပြောလေ၏ ။ မောင်အို သည် ၄င်း ၏ မျက်နှာ ကို စိမ်းစိမ်း ကြည့်ပြီး ပါးစပ် ကို ဟ ကာ လက် နှင့် ပုတ်၍ ဦးခေါင်း ကို ခါလေ၏ ။ ဘို က ထပ်၍ ပြော ပြန်၏ ။ မောင်အို က နား နှစ်ဘက် ကို ပြ ကာ “ အူး အူး အား အား ” ဟု ပါးစပ် က မြည်လျက် ပြုံးကာ ပြဲကာ ရှုံ့ရွဲ့ ကာ အ - သူ ပင်း - သူ တို့၏ ဘာသာစကား ကို ကရဝိက်သံ တစ်မျိုး ၊ မျောက်သံ တစ်ခါ ၊ မင်္ဂလာဆောင် သည့် ကြောင်သံ ပမာ မည်သူ မျှ မတွေး မခေါ် မမျှော်လင့် သော ဂီတသံများ ကို သံစုံဆရာ အာခေါင် မှ ထုတ် လေ၏ ။ ကောင်းကင် ကို လက်ညှိုး ထိုး ၍ ပြ၏ ။ ကြမ်းအခင်း ကို ပြူးသော မျက်လုံးများ နှင့် ပေါက်အောင် ဖောက် တော့ မလို ကြည့်လျက် အဝီစိ ကို ဆင်း ဟူသော အမိန့် ကို ပေး သလို လက်ညှိုး ကို စိုက်ကာ ထိုး လေ၏ ။ မိအေး တို့ သားအမိ နှင့် မယ်ဆော့ တို့ လင်မယား မှာ ပါးစပ် ဟ လျက် ကြည့်၍ သာ နေကြလေ၏ ။


ဘို သည် ပြုံး လျက် ရှက်ကိုး ရှက်ကန်း ဖြစ်ကာ ဆင်း ၍ သွားလေ၏ ။


မိအေး ၏ မိခင် က မောင်အို အား  “ သခင် ခု တင် က ပြောတဲ့ စကားဟာ ဂျာမန်စကား ထင်ပါရဲ့ နော် ။ တယ် ကြည့် ကောင်းပါကလား ။ က သလို ခုန် သလို လက်ဟန် ခြေဟန် နဲ့ ကြား ရတာ ကိုး ။ အသံ က သာလိကာ လို ပဲ ကိုး ” ဟု ပြောလေ၏ ။ 


အကြောင်း ကို ရိပ်မိသော မောင်အော က “ ဒါ အမေရိကန် စကား ကြီးဒေါ် ရဲ့ ။ အမေရိကန် ဆိုတာ လူအမျိုးမျိုး ရောနေ တော့ စကားအဆန်း တစ်မျိုးပေါ့ ” ဟု ပြောလေ၏ ။


မောင်အို လည်း တစ်ခါ တစ်ခါ ရွာ ထဲ ကို လျှောက် ကာ ခဲတံ နှင့် စက္ကူ ပေါ် ၌ ရေးမှတ်လေ၏ ။ မျဉ်းကြောင်းများ ကို ဆွဲရေး ၏ ။ တစ်ခါ တစ်ခါ မှန်ပြောင်း မရှိ သဖြင့် လက် နှစ်ဘက် ကို ကွင်း ကာ လက်မှန်ပြောင်း နှင့် ရွာလမ်းမကြီး ကို ချိန်ကာ ကြည့်ပြီး အရေးကြီး ဟန် ကို ပြ၏ ။ မိအေး တို့ သားအမိ လာသည့် အခါများ ၌ စားပွဲ မှာ ထိုင် ကာ များစွာ အလုပ် များ ဟန် ရှိလေ၏ ။


ထိုကဲ့သို့ နေရာ နှစ်လကျော် ခန့် ကြာသော အခါ ၊ လက်ရှိ ငွေကလေး မှာ အနည်းငယ် မျှ သာ ကျန် လေရာ မယ်ဆော့ နှင့် အပူတပြင်း တိုင်ပင်ကာ အပူ လောဆော် လေ၏ ။ သို့ ဖြစ်လေရာ မိအေး ၏ မိခင် က သဘောတူ သဖြင့် တောင်းရမ်း ဖို့ ရက်များ သေချာ လေ၏ ။ တင်၍ တောင်းရန် ပစ္စည်းများ မှာ များစွာ မခက် ။ မယ်ဆော့ နှင့် ဘုန်းကြီးဦးလာဘ မှာ မနိုင်ရင်ကန် ဖြစ်ကြ သဖြင့် လို သလောက် ရလေ၏ ။ နှုတ်ပိတ် ငွေ သာ လိုလေ၏ ။ သို့ ဖြစ်လေရာ မောင်အို ၏ အိမ် ပေါ် ၌ အိပ်ရာ ၊ ခုတင် ၊ နာရီကြီးငယ် ၊ စားပွဲ ကု,လားထိုင် စသည် တို့ မှာ ရှပ်ဆိုင်ကြီး လို ဖြစ်၍ နေလေ၏ ။


မိအေး မှာ ဘိုကတော် ဖြစ်ရမည့် အရေး ကို တွေးတော ထင်မြင် ကာ အတိုင်းမသိ ပျော်ရွှင်၍ နေလေ၏ ။ အိမ် မှာ ပင် ဘို အိမ် နှင့် တူအောင် ခမ်းနားစွာ ပြင်ဆင်လျက် မောင်အို ကို ဇွန်း နှင့် ခက်ရင်း နှင့် စားပွဲဝိုင်း ဖိတ်လေ့ ရှိ၏ ။ ည တစ်ည ၌ မောင်အို ၏ အိမ် တွင် မိအေး တို့ သားအမိ မောင်အော တို့ လင်မယား နှင့် အတူ မောင်အို မှာ စကား ပြော၍ နေလေ၏ ။ ရှေ့ အလားအလာ အလုပ်အကိုင် ကြီးပွားမည့် နည်းလမ်းများ အကြောင်း ကို မောင်အို က ပြော ၍ ပြလေ၏ ။ မိအေး ကား မောင်အို အား  “ သခင် ဂျာမနီပြည် မှာ ဘိလပ်သူ မိန်းမများ ရှိသလား ” ဟု မေးလေ၏ ။


မောင်အို က မိမိ လူပျို အစစ် ဖြစ်ကြောင်း ၊ ဘိလပ်သူ မိန်းမများ မြန်မာ လို မယဉ်ကျေးကြောင်း ၊ ရာသက်ပ န်အမြဲ ဘယ်တော့မှ မစွဲကြောင်း ၊ “ ပထဝီမြေကြီး ဖျာ လို လုံးသော အခါ မုန်းသွားပြီး ” ဟု ပြန် ၍ ပြောလေ၏ ။ အုံးခနဲ ရယ်ကြ ရာ တွင် လှေကားထိပ် ၌ ခြေသံများ ကို ကြားရ သဖြင့် လှည့်၍ ကြည့်ကြ ရာ လူ လေးငါးခြောက်ယောက် မျက်နှာဖုံးတွေ နှင့် ခြောက်လုံးပြူး များ ၊ ဓား များ ကို ကိုင်ကာ ရပ်လျက် နေကြသည် ကို မြင်ကြရ လျက် ကြက်သေ သေ၍ နေကြ၏ ။ “ မလှုပ်ကြနဲ့ ၊ မအော်ကြနဲ့ ၊ ဟောဒီမှာ မြင်ရဲ့လား ၊ ဟေ့ ... ဘိုစုတ် သော့ ကို ပေး ” ဟု တစ်ယောက် က ပြောလေ၏ ။ မောင်အို သည် ထိုင်ရာ မှ ထလေ ၏ ။


လျှပ်တစ်ပြက် အတွင်း အားလုံး ကြမ်း ပေါ် ၌ လက်ပြန်ကြိုး တုတ် ပြီး ၍ အတုံးအရုန်း ဖြစ် နေကြ လေ၏ ။ မောင်အို မှာ မူ လက်ပြန်ကြိုး တုတ်လျက် နောက် က နေပြီး ခြောက်လုံးပြူး နှုတ်သီး နှင့် အထိုး ခံရသော ကြောင့် သော့ ကို ရှာရန် အခန်း ထဲ သို့ ဝင်သွား ရ လေ၏ ။ မကြာမီ သော့ ကို ရ၍ အခန်း ထဲ မှ ထွက် လာ ရာ ခြောက်လုံးပြုးသမား နှစ်ယောက် ၄င်း ကို ညှပ်လျက် ပါလာ ကြ၏ ။ အိမ်ရှင် ဒေါ်ရွှေမင်း ၏ မီးခံသေတ္တာကြီး ကို ဖွင့် ရာ ဘာမျှ မရှိသည် ကို တွေ့ရလေ၏ ။


လူဆိုးများ သည် မောင်အို ကို ထောင်းထု ရိုက်နှက်၍ တောင်း ကြ၏ ။ မောင်အို သည် နာကျင်သော အခါ ဘိုစိတ် ပျက် လေ၏ ။ ဂျာမန်စိတ် သည် ဘာလင်မြို့ သို့ ပြန်၍ ပြေးကာ မြန်မာ အဖြစ် သို့ လုံးလုံးလျားလျား ရောက် သဖြင့် “ ကျွန်တော်မျိုး မှာ ဘာမျှ မရှိပါဘူး ခင်ဗျာ ၊ ချမ်းသာပေးပါ ခင်ဗျား ” စသည်ဖြင့် တောင်းပန် လေရာ မိအေး တို့ သားအမိ မှာ အံ့အားသင့် လျက် လဲ ၍ နေရာ မှ မောင်အို ကို လှမ်း ၍ ကြည့်ကြလေ၏ ။


ဓားပြများ သည် ကား မယုံကြည်ကြ ချေ ။ မောင်အို ၏ သားရေအိတ် ထဲ မှာ ပင် ငွေ မြောက်များစွာ ရှိသည် ကို သေချာစွာ ကြားသိရ လေရာ သားရေအိတ် ကို တောင်း ကြလေ၏ ။ တစ် ယောက် က “ ခွေးသား နင် ဘို ဆို ” ဟု ပြောကာ နားရင်း ကို အုပ်လေ၏ ။ 


“ ကျွန်တော် ဘို မဟုတ်ပါဘူး ၊ မြန်မာလူမျိုး ဝံသာနု အစစ်ပါ ခင်ဗျာ ၊ ချမ်းသာပေးတော်မူပါ ” 


“ နားမလည်ဘူး ။ သားရေအိတ် ပေး ။ ဘယ်မှာလဲ ” ဟု တောင်း လေ၏ ။ မောင်အို က နေရာ ကို ပြောပြလေ၏ ။ သားရေအိတ် ကို ရကြသော အခါ ငွေစက္ကူ အထပ်ကြီး ကို တွေ့ကြ သဖြင့် အားရဝမ်းသာ ဆွဲ ၍ ထုတ်ကြရာ ငွေစက္ကူ အထပ်ကြီး မှာ အစစ် မဟုတ် ။ အိန္ဒိယတိုင်း မှ ဟန်သမားများ ဆောင်ရန် လုပ်၍ ရောင်း သော ငွေစက္ကူ အတုများ ထပ်၍ ထားသည့် ဟန် သားရေအိတ် ဖြစ် မှန်း သိကြရ လေရာ သားရေအိတ် ကို ကြမ်းပြင် ပေါ် သို့ ပစ် ပေါက် ၍ ချပြီး ခြေ နှင့် နင်းချေကြ လေ၏ ။ တစ်ယောက် က “ မအေပေး ... ခွေးသား လူညာလူလိမ် ၊ အလကား စက္ကူတွေ ” ဟု ပြောပြီး နားရင်း ကို အုပ်ပြန် လေ၏ ။


ထို့နောက် တစ်ယောက် က မောင်အို ၏ ထိပ် ကို ခြောက်လုံးပြူး လက်ကိုင် ဖြင့် ဆောင့်ရာ ကြမ်းပြင် ပေါ် သို့ လဲကျ လေ၏ ။ ထို့နောက် တစ်အိမ်လုံး ကို ရှာဖွေလေရာ ဘာကို မျှ မတွေ့ကြ သောအခါ လူဆိုးများ သည် ဒေါသအမျက် ချောင်းချောင်း ထွက် ကြ လျက် ဆဲရေး သောင်းကျန်း ကြ ပြီး လျှင် ရှိသမျှ အိမ်ထောင် ပစ္စည်းတွေ ၊ မှန်တွေ ၊ နာရီတွေ ၊ ပန်းကန်တွေ ၊ ဖန်ခွက်တွေ ၊ မီးအိမ် မကျန် ရိုက်နှက် ဖျက်ဆီး ခွဲခြေ ချိုးဖဲ့ ကြ ပြီး လျှင် မိအေး တို့ သားအမိ အပါး သို့ ကပ် ကာ တစ်ယောက် က “ အဒေါ်ကြီး ခင်ဗျား သမီး လူလိမ် နဲ့ ညားတော့ မလို့ ၊ ကျုပ်တို့ လာလို့ ။ အခု အလိမ် ပေါ် တာ ။ ကျုပ်တို့ ကို ကျေးဇူး တင်ရမယ် ။ ဘာ ပါသလဲ ” ဟု ပြောရာ မိအေး က နားကပ် ၊ လက်ကောက် ၊ လက်စွပ် ၊ ခြေချင်း များ ကို အကုန်အစင် ဖြုတ်၍ ပေးလေ၏ ။ ထိုနောက် ၄င်းတို့ သားအမိ ကို ကြိုး ဖြည် ၍ လွှတ် ပြီး ဆင်း ၍ သွားကြလေ၏ ။


မကြာမီ လူများ လာ၍ မောင်အို တို့ လင်မယား အား ကြိုးများ ကို ဖြည် ၍ လွှတ်ကြလေ၏ ။ နောက် တစ်နေ့ ဘုန်းကြီးဦးလာဘ လာရောက် ကြည့်ရှုရာ မောင်အို မရှိတော့သည် ကို လည်းကောင်း ၊ အိမ်ကြီး ပေါ် ၌ အကျိုးအပဲ့များ ကို လည်းကောင်း တွေ့ မြင် ရ လေရာ ရင်ကွဲလုခမန်း ဖြစ်လျက် မယ်ဆော့ တို့ အိမ် ကို သွား လေရာ လင်မယား ရန်ဖြစ် ၍ နေကြသည် ကို တွေ့ရလေ၏ ။  


အော ။  ။ “ နင့် ကြောင့် ဖြစ်တာ ၊ ငါ အစ က မပြောဘူး လား ။ အခု နင့် လင် ကို လိုက် ရှာဦး ၊ ဒီ ပစ္စည်းတွေ ကို ဘယ့်နှယ် ပြန် လျော်မလဲ ”  


ဆော့ ။  ။ “ ရှင် ပြောစရာ မဟုတ်ဘူး ၊ ကျုပ် ဟာ ကျုပ် ကြည့်လုပ်မယ် ၊ ရှင် အေးအေးနေ ” 


“ ငါ အေးအေး မနေဘူး ၊ ကြည့်စမ်း အခု သူ့ လင် ကို ယုံ မိ လို့ အလုပ်တွေ ဘာတွေ ပျက်ကုန်ပြီ ” ဟု ပြောကာ ဆဲဆို ကြိမ်းမောင်း လေ၏ ။ ဘုန်းကြီး ကို မြင်သော အခါ “ ကန်တော့ ပါရဲ့ ဘုရာ့ ၊ သည်းခံပါ ဘုရား ။ သူ ကမြင်း ထ လို့ ဖြစ်ရတာပါ ဘုရာ့ ။ တယ်လေ ... ငါ လုပ်ပြန်တော့မယ် ” ဟု ပြောပြီး မယ်ဆော့ ၏ ဆံပင် ကို ဆွဲကာ ရိုက် လေ၏ ။ မယ်ဆော့ က လည်း မောင်အော ၏ လုံချည် ကို ဆွဲကာ ကုတ်ဖဲ့လျက် ဆဲဆို ဆူညံ လေ၏ ။ ဘုန်းကြီး က ကြက် နှစ်ကောင် ခွပ်သည် ကို မှတ်ကာ အားပေးသူ အလား သင်္ကန်းကြီး ဖားလျား နှင့် “ ဟဲ့ ဟဲ့ မလုပ်နဲ့ ထ ဟဲ့ ၊ ဟာ မိဆော့ နင် က လွှတ်လေ ၊ တော်လေ တော်လေ ။ ဟဲ့ ငအော လက်လွန်မယ်နော် ” စသည် ဖြင့် ပြောဆိုရင်း ချာချာလည် ၍ နေလေ ၏ ။ အိမ် ရှေ့ ၌ လူပရိသတ်တွေ ဝိုင်းစုကာ ကြည့်လျက် တစ်အုံးအုံး ရယ်မော၍ နေကြလေ၏ ။ ဘုန်းကြီး ဝင် ၍ ဖျဉ် လေရာ မယ်ဆော့ မှာ ဘုန်းကြီး နှင့် လင် မသဲကွဲ အောင် သွေးမွှန် ၍ နေ သဖြင့် ဘုန်းကြီး ၏ သင်္ကန်း ကို ဆွဲ ကာ “ မအေဟဲ့ နှမဟဲ့ ” စသည် ဖြင့် ဆဲဆို လေ၏ ။ မောင်အော လွတ် ထွက် ပြီး ဖေမောင် ဆဲ ကာ  “ နင့် ဘာသာ နင် နေရစ်တော့ ၊ ငါ သွားတော့မယ် ” ဟူ၍ ပြောပြီး ထွက်၍ သွားလေ၏ ။ သွေးမွှန်လျက် ရှိသေးသော မယ်ဆော့ မှာ မူ ဘာကို မျှ မကြား ။ မိမိ ၏ ဆဲဆိုသော အသံများ ကို သာ ကြား လျက် မျက်လုံးများ ကို မှိတ်ကာ ဆက်လက် ဆဲဆိုရင်း ဘုန်းကြီး ၏ သင်္ကန်း ကို ဆွဲပြီး ဘုန်းကြီး ခြေသလုံး ကို ခွေးရူး လို ကိုက် လေ ၏ ။ ဘုန်းကြီး က “ ဟဲ့ ဒကာမ ငါပလဟဲ့ ၊ ငါပ ။ လွှတ်လဟဲ့ လွှတ် ။ တယ်လေ ဒီ ဒကာမ ဟာ တယ် စိတ်ကြီးပါ ကလား ” ဟု ပြောလေ၏ ။ ထိုအခါ ကျ မှ မယ်ဆော့ သည် မျက်လုံးများ ကို ဖွင့် လေ၏ ။ ဘုန်းကြီး ကို မြင် သော အခါ ဆံပင် ဖိုးရိုးဖားရား ကို ရစ်ပတ်ပြီး ငိုကြီးချက်မ နှင့် ကမ္ဘာ ပေါ် ၌ အတု မရှိအောင် ဆိုးဝါး သော လင်ယောက်ျား ၏ အကြောင်း ကို ဘုန်းကြီး အား တိုင် လျှောက် ရင်း ဦးချလေ၏ ။


ဘုန်းကြီး က  “ နား မလည်ဘူး ၊ နင် ပဲ အာမခံ တာ ၊ ငါ့ ပစ္စည်းတွေ နင် ပဲ လျော်ရမယ် ” ဟုပြောပြီး အိမ် ပေါ် မှ ဆင်း၍ သွားလေရာ မယ်ဆော့ က ဆင်း၍ လိုက်ပြီး “ နေပါဦး ကိုယ်တော် ဘုရာ့ ၊ တပည့်တော် လျှောက်ပါရစေဦး ဘုရာ့ ” စသည်ဖြင့် ပြော ကာ တောင်းပန် လေ၏ ။ ဘုန်းကြီး က “ ဒီ ပစ္စည်းတွေ ဟာ သံဃိက မဟုတ် ။ ပုဂ္ဂလိက ငါပိုင် ပစ္စည်းတွေ ၊ နင် အာမခံ တာ နင် ပဲ လျော်ရမယ် ၊ မလျော် ရင် ငါ တရားလမ်းကြောင်း ရှိသလို လုပ်ရလိမ့်မယ် ။ မြို့အုပ် ငစိန် ဟာ ငါ့ တပည့် ။ နင် ငါ့ ကို ဘယ်လို ဘုန်းကြီး မှတ်သလဲ ။ မန္တလေး မှာ ဗိုလ်ဆွဲ ခဲ့ တဲ့ ဓားလာဘ ဆိုတာ ငါ ပဲ သိရဲ့လား ၊ လူလုပ်လို့ ” စသည်ဖြင့် ကြိမ်းမောင်း ကြွချီ၍ သွားတော်မူလေ သတည်း ။


မယ်ဆော့ သည် ပစ္စည်းများ အတွက် ရဟန်း ဆရာတော် စိတ် ပြေအောင် ကြိုးစားရသော အနေဖြင့် လည်းကောင်း ၊ ဆရာတော် ၏ ခြေသလုံးကြွက်သား တစ်အောင်စ သာသာ ပြတ် ၍ သွားသော နေရာ ကို ပျောက်အောင် ဆေးဝါး ထည့်ကာ ပြုစုရ သဖြင့် လည်းကောင်း ၊ ဘုန်းကြီးကျောင်း သို့ နေ့စဉ် ရောက် လေရာ မောင်အော လည်း မရှိတော့သည် ဖြစ်ရကား နဂိုက အာရုံပြုလက်စ ရှိခဲ့သော ဒကာမ မယ်ဆော့ အပေါ်၌ ကရုဏ ရောက်တော် မူ သဖြင့် ဝတ်ကြောင် ကို လဲ ကာ ကျောင်း ၌ ကျန်ရှိသော ပစ္စည်းများ ကို ခိုကိုးရာမဲ့ ဖြစ်၍ နေရှာသော ဒကာမ မယ်ဆော့ ၏ အိမ် သို့ လူ ပါ မကျန် ရောက်အောင် ပို့ရရှာ လေတော့ သတည်း ။ ထိုအခါ မှ စ၍ မောင်အော နှင့် မောင်အို တို့ ၏ အကြောင်း ကို မကြားရဘဲ တစ် ဘဝ ပြောင်းလဲခြင်း အဖြစ် သို့ ရောက်ကြ လေတော့ သတည်း ။


◾ ပီမိုးနင်း


📖 သူရိယရုပ်စုံသတင်း

      အတွဲ ၃ ၊ အမှတ် ၄၈ ၊ 

     ၂၆ ၊ ဖေဖော်ဝါရီ ၊ ၁၉၃၃


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment