❝ မီးပုံးပျံ စီးသူများ ❞
( ၁ )
“ ဘီကိုးဆယ့်ကိုး ... လက်ရှိ အမြင့်ပေ ငါးရာ ၊ တဖြည်းဖြည်း နိမ့်ဆင်း နေပါတယ် ကက်ပတိန် ”
ဧရာမ သင်္ဘောသီးကြီး ကို ထောင်ထားသည် နှင့် တူလှသော မီးပုံးပျံ ကြီး တစ်လုံး ။
မြစိမ်းရောင် ပိုးသား ပေါ် တွင် ရွှေဝါရောင် ဖြင့် ဘီကိုးဆယ့်ကိုး ဟူသော စာလုံးများ ဖော်ထားသည် ။ မီးပုံးပျံ အောက်တွင် ချိတ်ဆွဲ ထားသော ပုခက် ထဲ ၌ သင်းအောင် ၊ နှင်းရီ နှင့် မျောက်သုံးကောင် တို့ လိုက်ပါလာကြသည် ။ ငါးဦးလုံး အဖြူရောင် ယူနီဖောင်းများ ဝတ်ဆင် ထားကြ၏ ။
“ နံပါတ်တူး ... တည်နေရာ ပြောပါ ”
“ ဝိဓူရတောင် အနောက်ဘက် တစ်သုံးငါး ဒီဂရီ ... ကူရမ္မတီ နဂါးပွက်အိုင် ပေါ် မှာ ပါ ကက်ပတိန် ”
သင်းအောင် အောက် သို့ ငုံ့ ကြည့် လိုက်၏ ။ မျက်စိ တစ်ဆုံး အပြောကျယ် လှသော ရွှံ့နွံအိုင်ကြီး သည် အပေါ် သို့ ကုန်းထ မြင့် တက်လာ နေသည် ။ ဟက်ခနဲ ပွက်ထ လာသော ချော်ရည်မြှုပ်ကြီး တစ်ခု က မီးပုံးပျံ ကို စုပ်မျို လိုက်တော့ မယောင် ထင်ရ၏ ။
“ နံပါတ်တူး မျှော်စင် ကို ဆက်သွယ်ပါ ”
“ ဆက်လို့ မရဘူး ကက်ပတိန် ”
နှင်းရီ သည် နားကြပ် ကို ဖြုတ် လိုက်၏ ။
“ နံပါတ်သရီး ... ဓာတ်ငွေ့ပိုက် အမြန် ဖွင့်ပါ ”
မျောက်ကြီး က ဟီလီယမ် ဓာတ်ငွေ့ပိုက် ကို ဖွင့်သည် ။ မျောက်ကြီး သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်၏ ။
“ အရန်ဓာတ်ငွေ့ လုံးဝ မရှိတော့ပါဘူး ကက်ပတိန် ”
မီးပုံးပျံကြီး သည် နိမ့်သည် ထက် နိမ့်ဆင်း လာ နေတော့၏ ။ ထိုစဉ် နှင်းရီ သည် ဘီယာစည် တစ်လုံး ကို မနိုင်မနင်း ပွေ့ယူ ၍ အောက်သို့ ပစ်ချ လိုက်၏ ။ နိမ့်ဆင်း နေသော မီးပုံးပျံ ၏ အရှိန် အနည်းငယ် တန့် သွားသည် ။
နှင်းရီ သည် ပုခက် ထဲ မှ ပစ္စည်းများ ကို တစ်ခု ပြီး တစ်ခု အဆက် မပြတ် ပစ်ချ လျက် ရှိ၏ ။ နို့ဆီသေတ္တာ ၊ ဘီစကွတ်ပုံး ၊ သောက်ရေစည် ၊ ဝီစကီပုလင်းများ ၊ အသံဖမ်းစက် ...
ဘီကိုးဆယ့်ကိုး သည် အထက် သို့ ရုတ်ခြည်း မြင့်တက်
သွား ကာ လေဟုန် စီး လျက် ရှိနေပြန် လေသည် ။
( ၂ )
သင်းအောင် က စားပွဲထိပ် တွင် ထိုင်သည် ။
နှင်းရီ နှင့် မျောက်ကြီး က စားပွဲဘေး တစ်ဖက် တွင် ထိုင်ကြ၏ ။ မျောက်လတ် နှင့် မျောက်ငယ် က အခြား တစ်ဖက် တွင် ထိုင် ကြ၏ ။ ထို့နောက် ကျင်းပမြဲ စနေ ဆွေးနွေးပွဲ စတင် ဖွင့်လှစ်သည် ။
နှင်းရီ
...
“ ဒီ တစ်ပတ် တော့ ... ပညာရေးပိုင်း က စပြီး ဆွေးနွေးရအောင် ”
“ ကောင်းတယ် .. ငါ လည်း မျောက်သုံးကောင် စာကြည့် နည်း တယ်လို့ ထင်နေတာ နဲ့ .. အတော်ပဲ ”
သင်းအောင် က ထောက်ခံ၏ ။
“ မဟုတ်ဘူး ... ကလေးတွေ ရဲ့ ပညာရေး ကို ပြောတာ မဟုတ်ဘူး ၊ အဖေကြီး ရဲ့ ပညာရေးကိစ္စ ကို ဆွေးနွေးချင်တာ ”
“ ငါ့ ပညာရေး ”
သင်းအောင် ဖျားသွားသည် ။ မျောက်သုံးကောင် စပ်ဖြဲဖြဲ ဖြစ်
သွား၏ ။
“ ဟေ .. ”
“ ဟုတ်တယ် ... အဖေကြီး ရဲ့ ပညာရေး ... အာရ်အယ်လ် လည်း တက်ပြီးပြီ ။ ဒီအမ်အေ လည်း တက်ပြီးပြီ ။ ဒါထဲက အခုတစ်ခါ ဖရင့်ချ်ဒီပလိုမာ တက်ချင် ပြန်တယ် ဆိုတာ က မလွန် လွန်းဘူးလား ”
“ ဒါတော့ကွာ ... ဒါတော့ ”
“ ဒါတော့တွေ ဘာတွေ လုပ်မနေနဲ့ ၊ ပထမ အရွယ် မှာ ပညာ ၊ ဒုတိယ အရွယ် မှာ ဥစ္စာ ၊ တတိယ အရွယ် မှာ ဘာဝနာ တဲ့ ။ အဖေကြီး အခု ဒုတိယ အရွယ် ရောက် နေပြီ ၊ ပညာ ရှာရမယ့် အရွယ် မဟုတ်တော့ဘူး ”
“ ဒါမှ ... တို့ မေမေ ကွ ၊ ကဗျာတွေ နဲ့ ပြောချတာ ”
မျောက်လတ် က လက်ခုပ် တီးလျက် သူ့ အမေ ၏ အဆို ကို
ထောက်ခံသည် ။
“ မျောက်လတ် ငြိမ်ငြိမ် နေစမ်း ”
သင်းအောင် က နှင်းရီ ကို မနိုင် တိုင်း မျောက်လတ် ကို မဲပြီး ဟောက် လိုက်၏ ။ မျောက်လတ် လျှာ တစ်လစ် ဖြစ်သွားသည် ။
“ ဒီတော့ ... ဘယ်လိုလဲ အယင် အပတ် အစည်းအဝေး မှာ တင်ခဲ့တဲ့ အဆို ကို ကိုယ့် ဟာ ကိုယ် ပဲ သိက္ခာ ရှိရှိ ရုပ်သိမ်း မလား ၊ ဒါမှမဟုတ် မဲ ခွဲပြီး ဆုံးဖြတ်ရ မလား ”
“ ငါ့ဟာ ငါပဲ ရုပ်သိမ်းပါတယ်ကွာ မဲ ခွဲ လည်း မျောက် သုံးကောင် က အမေ ဘက် က ပါမှာ သေချာနေတော့ ငါ ရှုံးမှာပါပဲ ”
“ အရှုံး ပေးပြီတဲ့ .. မေမေ နိုင်တယ်ကွ ”
မျောက် သုံးကောင် ပျော်မြူး သွားကြ၏ ။
“ ကဲ ... စီးပွားရေးကဏ္ဍ ကို ဆက်ကြရအောင် ။
ဒီလ ဘတ်ဂျက် အခြေအနေ မဟန်ဘူး ၊ အချိန်မရွေး ၊ စိုးရိမ်ရေမှတ် ကို ရောက် လာနိုင်တယ် ။ ဒီတော့ ဒီနေ့ က စပြီး ... ဟင်းကြေး မများကြပါနဲ့ ”
“ ကြေးမများဘူး .. ကြေးမများဘူး ၊ မေမေ ချက် ချင် တာ ချက် သားတို့ စားနိုင်တယ် ”
“ ဟုတ်တယ် ... သားတို့ ကြေးမများဘူး ဆိုတာ မေမေ ယုံ တယ် ။ အဓိက က တော့ အဖေကြီး ဟင်းကြေး မများဖို့ လိုအပ် ကြောင်း သတိပေးချင်ပါတယ် ”
“ လိုက် လည်း လိုက်တဲ့ သားအမိတွေ ကွာ ... ငါ့ ပဲ ပစ် မှတ်ထား
ပြီး ဆော် နေကြတယ် ”
သင်းအောင်က ညည်း၏ ။
မျောက်သုံးကောင် တို့ ရယ်ကြသည် ။
“ မျောက်သုံးကောင် ကို လည်း သတိပေးရဦးမယ် ။ တစ် အချက် ... ဒီနေ့ က စ ပြီး ရုပ်ပြစာအုပ် ကို တစ်ပတ် မှာ တစ်ရက် ပဲ ငှားခွင့် ပြုမယ် ။ နှစ် အချက် ... တိတ်ခွေ လဲ အလားတူပဲ ။ သုံး အချက် ...
”
မျောက်သုံးကောင် ရှုံ့ မဲ့ သွားကြသည် ။
( ၃ )
“ ဖေဖေ ... အိမ်ရှေ့ ဆိုင်းဘုတ် ပေါ် မှာ ကွင်းစကွင်းပိတ် နဲ့
ရေး ထားတဲ့ အကြီးတန်း ဆိုတာ ဘာလဲ ”
“ မျောက်ငယ် ... ဖေဖေ ပုတီးစိပ် နေတယ် ၊ သွား မနှောင့်ယှက် နဲ့ ”
“ တို့ဖေဖေ ဆိုပြီး ၊ စာစီစာကုံး ရေးရမှာမို့ပါ မေမေ ရဲ့ ”
သင်းအောင် ဘုရားစင် ရှေ့ မှ ထ လာသည် ။
“ အကြီးတန်း ဆိုတာ စီနီယာ ပေါ့ ကွာ ”
သင်းအောင် က လွယ်လွယ် ပင် ဖြေ လိုက်သည် ။ မျောက်ငယ် က မကျေနပ်သေး ဟန်ဖြင့် မျက်လုံး လှန် ကြည့်သည် ကို မမြင်ယောင် ဆောင် နေလိုက်၏ ။ နှင်းရီ သည် ထမင်းဘူး နှင့် စာတွဲများ ကို လက်ဆွဲအိတ် ထဲ ထည့်၏ ။ နံရံ တွင် ချိတ် ထားသော တိုက်ပုံအင်္ကျီ အနက် ကို ဖြုတ် ၍ သင်းအောင် အား ပေးသည် ။
“ ဘတ်ဂျက် လက်ကျန် ကတော့ ဆယ့်ငါးကျပ် ပဲ ကျန်တော့
တယ် အဖေကြီး ရေ ”
“ ဒီနေ့ မှ လဆန်း ဆယ်ရက် ပဲ ရှိသေးတာကွာ ၊ မလွန် လွန်းဘူး
လား ၊ ပြီးတော့ လည်း ”
ဆက် ပြောမည့် စကား ကို မပြောဖြစ်တော့ ။
“ အောက်ထစ် အစိတ်တော့ စီပါတယ် ဆရာ ၊ တချို့ နေ့တွေ ကျတော့လည်း ငါးဆယ် လောက် ရပါတယ် ”
ဟူသော မိတ်ဆွေ ဆိုက္ကားဆရာ ၏ အသံ က နား ထဲ တွင် မြည်ဟိန်း လာသည် ။ သုံးဆယ့်တစ် လိုင်း မှ ယာဉ်မောင်း တစ်ဦး ၏ တစ်နေ့ ဝင်ငွေ သည် ကျပ်ခုနှစ်ဆယ် ဖြစ်ကြောင်း ကို လည်းကောင်း ၊ ကြက်တန်း မှ သံဖြတ် အလုပ်သမား တစ်ဦး ၏ နေ့တွက် သည် ကျပ် လေးဆယ် ဖြစ်ကြောင်း ကို လည်း ကောင်း သိနေသော အသိစိတ် က “ ငါ့ လခ တစ်ပြား မကျန်အပ်ခဲ့တာ ပဲ ” ဟူသော စကား ကို မောက်မာစွာ ဆက်လက် ပြောရန် အတွက် မလုံ မလဲဖြစ်စေသည် ။
“ အိမ်လခ တစ်ရာ့ငါးဆယ် ပေး လိုက်တယ် လေ ၊ ကလေးတွေ ကျူရှင်လခ က ခြောက်ဆယ် ၊ ဒီလ အပို ကုန်တာတွေက လည်း များပါ တယ် ။ လေးပေ မီးချောင်း ကျွမ်း လို့ အသစ် ဝယ်ရတာ ကိုးဆယ့်ရှစ် ကျပ် ၊ နှင်းရီ သွားစိုက်လို့ ကုန်တာ က တစ်ရာ့ တစ်ဆယ် ... ”
“ တော်ပါတော့ကွာ ... တော်ပါတော့ ”
ဆက်လက်၍ နားထောင် နိုင်စွမ်း မရှိတော့သည့် အလား သင်းအောင် က တားသည် ။
“ သိပ် လည်း စိတ်ပူ မနေပါနဲ့ အဖေကြီး ရယ် ၊ ဆန် နဲ့ ဆီ က တစ်လစာ ဖူလုံပြီးသားပါ ၊ လိုရင် ဟင်းဖိုးလောက် ပါပဲ ”
နှင်းရီ က သင်းအောင် ကို နှစ်သိမ့်၏ ။ ခုနေများ တစ်ယောက် လောက် နာမကျန်း ဖြစ် လျှင် ဘယ်လို လုပ်မလဲ ဟူသော အတွေး က သင်းအောင် ၏ ရင်တွင်း ဝယ် ကွန်းကော့ဒ် တစ်စင်း ပမာ မွှေ့ယမ်းပျံဝဲ လျက် ရှိသည် ။
နှင်းရီ ကို အပြစ် တင်ရန် လည်း မသင့်ပါ ။ လခ ကို သုံးပုံ ပုံပြီး
ဆယ်ရက် စီ လီ ၍ သုံးသောနည်း ၊ ပရိုတိန်း ကိုရှောင် ၍ ဗီတာမင် ကို ဆောင်သောနည်း ၊ ( မြစိမ်းရောင် ထမင်းပွဲ ပြင်နည်း ဟု လည်းခေါ် သည် ) လဆန်းရက်များ တွင် ဖိပြီး ချွေတာ လိုက်သော နည်း ၊ ( အိတ် ထဲ မှာ ပိုက်ဆံ အပြည့် ရှိ နေတုန်း ချွေတာရတာ က လိပ်ပြာ လုံတယ် အဖေကြီး ရဲ့ ဟု ပြောသည် ) စသော ချွေတာရေး နည်းမျိုးစုံ တို့ ဖြင့် သိမ်းထုပ် စီမံလျက် ရှိသူ ဖြစ်ကြောင်း သင်းအောင် အသိဆုံး ဖြစ်ပေသည် ။
သို့ဆိုလျှင် သင်းအောင် ကို အပြစ် တင်ရမည်လား ၊ သင်းအောင် ကို အပြစ် တင်ရန် လည်း မသင့်ပါ ။
အယ်လ်ကိုဟော ၊ နစ်ကိုတင်း ၊ ကဖိန်း ၊ ယင်း ဝတ္ထုပစ္စည်း အားလုံး တို့ ကို သင်းအောင် သည် မိမိ ၏ ခန္ဓာ ဝယ် ငြိတွယ် စွန်းထင်းခြင်း မရှိလေ အောင် ရှောင်ကြဉ်သူ ဖြစ်ပါ၏ ။ ထမင်းဘူး မပါသော နေ့ များ တွင် ပင် ငှက်ပျောသီး နှစ်လုံး ဖြင့် အာဟာရ ကိစ္စ ပြီးစေနိုင်စွမ်း သူ တစ်ဦး ဟု လည်း သူ့ ဌာနခွဲ တွင် ကျော်ဇောသည် ။ သို့သော် သင်းအောင် ၌ ဝေဖန်စရာ တစ်ခု တော့ ရှိသည် ။ မိုးခါးရေ ကို သင်းအောင် စက်ဆုပ်၏ ။ ထို့ကြောင့် သင်းအောင် သည် လခ သား ချည်း သာ နှင်းရီ အား ပေးအပ် နိုင်၏ ။ သည် အတွက် သိမ်ငယ် ခြင်း မဖြစ်မိပါ ။ မိမိ သည် ဝန်ထမ်း သိက္ခာ နှင့် ပြည်စုံသူ ဖြစ်ကြောင်း ၊ ဟီရိ သြတ္တပ တရား ရှိသူ ဖြစ်ကြောင်း အမြဲ ဂုဏ်ယူ ဝင့်ကြွား လျက် ပင်ရှိ၏ ။ ထိုသို့ ဝင့်ကြွားတိုင်း နှင်းရီ က တော့ ဝေဖန်တတ်သည် ။
“ တော်စမ်းပါ .. ကိုသင်းအောင် တစ်ယောက် က တော့ မီးသွေးတွင်း ထဲ က တက် လာ ရင် တောင် သူ့ အင်္ကျီ က ဆွတ်ဆွတ်ဖြူ နေ မှာ ပါပဲ ဆိုတဲ့ ကိုမြင့်ဆွေအေး ရဲ့ အဆိုအမိန့် တွေ ကို ကိုးကား ဦး မလို့ မဟုတ်လား ၊ အဲဒီ ကျမ်းကိုးတွေ က ကျူရှင်လခ ပေး လို့ ရ တာ မဟုတ်ဘူးရှင် ရဲ့ ”
တကယ်တော့ လည်း သင်းအောင် သည် မစန္ဒာ ၏ ငါးပုတ်သင် တစ်ကောင် ပါ ပဲလား ။
( ၄ )
စားပွဲမှန်ပြင် နှင့် နဖူး ထိလုမတတ် ငုံ့ညွှတ် နေ မိသည် ။ မှန် ပေါ် နဖူးတင် စဉ်းစားသည့် တိုင် အဖြေ က ထွက်ပေါ်လာဖွယ် မရှိပေ ။ မှန်ချပ် အောက် မှ တယ်လီဖုန်း နံပါတ်များ ကို ဝေဝေဝါးဝါး မြင်သည် ။ အညာ ကို ဖုန်းဆက် ပြီး ငွေ မှာ ရ လျှင် ကောင်းမလား ။ ဟုတ်သေးပါ ဘူးလေ ။ မိဘ ဆို တာ ကိုယ် က ထောက်ပံ့ မှ သာ မင်္ဂလာတရားတော် နဲ့ ညီတော့ မပေါ့ ။ ကိုယ့် အိမ်ထောင် နဲ့ ကိုယ် ဖြစ်နေ မှ မိဘ ဆီ မှာ လက်ဖြန့် ခံ နေလို တော်ရိုးလား ။
သူ့ နည်း သူ့ ဟန် နှင့် ပြေလည် နေသော ဝန်ထမ်းငယ် တစ်ဦး ကို လှမ်း ကြည့်မိသည် ။ သူ့ ဆီ က ငွေ ချေး ရ လျှင် ကောင်းမလား ။ ဟုတ်သေးပါဘူးလေ ။ တပည့် ဆီ မှာ ဆရာက ငွေ ချေးရမယ် လို့ ရယ်စရာကြီး ။
ပြဿနာ ခြေချင်း တို့ ကို ဝတ်ဆင် ထားသော ခြေထောက် တို့ ဖြင့် ကျောက်သားလှေကားထစ်များ ကို နင်းလျက် လေးတွဲ့စွာ ဆင်းသက် လာခဲ့၏ ။
အိမ် သို့ ရောက်သော် အံ့ဩဖွယ် မြင်ကွင်း ကို မြင်ရ၏ ။ စားပွဲ ပေါ် တွင် သုံးထပ်သား ဆီပြန်ဟင်း က တစ်ခွက် ။ ဝက်သားတုံးကြီး တွေ အက် နေသည် ။ သီးစုံချဉ်ရည်ပန်းကန်ကြီး ကလည်း ခံ့ညားပါ
ဘိသနှင့် ။ တို့စရာတွေ က လည်း စုံလိုက်သည့် ပုံနှုန်း ၊ ရွှေဘဆိုင် ရှုံးလောက်ပေ၏ ။ ပရိုတိန်း ပြတ် နေသည် မှာ ကြာပြီ ဖြစ်သော မျောက်သုံးကောင် ကား ခေါင်း မဖော်တမ်း လွေး နေကြတော့၏ ။ သင်းအောင် က “ ဘယ်လိုလဲ ” ဟူ သော အဓိပ္ပာယ် ဖြင့်
နှင်းရီ ကို ကြည့် လိုက်သည် ။
“ ဗိုလ်ရီ ဖန်ဆင်း ထားတာလေ အဖေကြီး ရဲ့ ”
နှင်းရီ က စန္ဒရားခင်နုနု လေသံ ဖြင့် ပြော၏ ။ နား မလည်နိုင် သေးသည့် အလျောက် သင်းအောင် မျက်ခုံး ပင့် လိုက်မိ ပြန်သည် ။
“ အဖေကြီး အိပ်မက် ထဲ က မီးပုံပျံ စီးတဲ့နည်း ကို ကျင့်သုံး လိုက်တာလေ ။ ပစ္စည်း တချို့ကို ပစ်ချပြီး ၊ အလေးချိန် လျှော့တဲ့ နည်း ပေါ့ ။ သတင်းစာ နဲ့ ပုလင်းခွံတွေ ရောင်း ပစ် လိုက်တယ် ။ သတင်းစာ ဟောင်းတွေ က တစ်ပိဿာ ဆယ့်ငါးကျပ်ဈေးနဲ့ နှစ်ပိဿာ ဆိုတော့ သုံးဆယ် ရတယ် ၊ ပုလင်းခွံ ဆယ်လုံး က တစ်လုံး တစ်ကျပ်နှုန်းနဲ့ ရောင်း လိုက်တာ ကိုးကျပ် ပြားနှစ်ဆယ် ရတယ် ”
“ တစ်ဆယ် မဟုတ်ဘူးလား ”
“ ဘီယာ ပုလင်းခွံ တစ်လုံး ပါတယ်လေ ၊ ပုလင်းအညို ကို ပုလင်း အဖြူတွေ လို ဈေးမရဘူး ၊ ပြားရှစ်ဆယ် ပဲ ရတယ် ၊ ကု,လား က သိပ် လည်တာပဲ ”
“ အို ဟိုး ... ဒါကြောင့်ကိုး ”
“ ဘားပလက် နဲ့ စီဗစ် ပုလင်းခွံလေးတွေ က လည်း တစ်လုံး ဆယ်ပြားနှုန်း နဲ့ ဆယ့်တစ်လုံး အတွက် တစ်ကျပ်ဆယ်ပြား ၊ ဒီတော့ ပေါင်းလိုက် ယင် ငွေလေးဆယ့်တစ်ကျပ် တိတိ နဲ့ ပြားကိုးဆယ်ကြီး များတောင် ရလိုက်တယ် လေ ၊ မီးပုံးပျံ တော့ ပြန်လည် မြင့်တက်သွား ပြန်ပြီ အဖေကြီး ရေ ”
နှင်းရီ သည် လှိုက်လှဲ ရွှင်မြူးလျက် ရှိ၏ ။ သင်းအောင် လည်း ပြုံးတုံ့တုံ့ ဖြစ်လာသည် ။ ပြဿနာ တစ်ရပ် ကား ပြေလည် သွား လေပြီ ။
သို့နှင့် နောက် သုံးရက်ခန့် အကြာ တွင် မီးပုံးပျံကြီး သည် တဖြည်းဖြည်း နိမ့်ဆင်း လာ ပြန်လေသည် ။ အညာမျှော်စင် သို့ ဆက်သွယ်ရန် သင်းအောင် စဉ်းစား နေ ဆဲ နှင်းရီ သည် ပစ္စည်း အတော် များများ ကို ပစ်ချလိုက် ပြန်သည် ။ နက်စပရေး နို့မှုန့်ဘူးခွံ သုံးလုံး ကို ပစ်ချ လိုက်ရာ ၊ တစ်လုံး လျှင် ခုနှစ်ကျပ်နှုန်း ရ သဖြင့် နှစ်ဆယ့်တစ်ပေ မြင့်တက် သွား၏ ။
“ ဂုန်နီအိတ်ခွံ လေးလုံး က ဆယ့်ခြောက်ကျပ် ၊ ဆန်ကွဲသုံးပြည် က လေးကျပ်ခွဲ ။ မဆိုးဘူး ၊ အဖေကြီး ရေ ၊ လေးဆယ့်တစ်ကျပ် ခွဲတောင် ရလိုက်တယ် ၊ ဒီ တစ်ခါ ပစ်ချလိုက်တဲ့ ပစ္စည်းတွေ က အချိန်စီးသား ”
ဘီးကိုးဆယ့်ကိုး သည် ရုတ်ချည်း မြင့်တက် သွားကာ လေဟုန် စီးလျက် ရှိနေပြန်လေသည် ။
( ၆ )
သင်းအောင် သင်တန်း တက် ရမည် ။
သင်တန်း သုံးရန် အတွက် မဝယ် လျှင် မဖြစ်သော ပစ္စည်း
အချို့ ကို ဝယ်ရလိမ့်မည် ။
“ ဒီ တစ်ခါ တော့ မလွယ်ဘူး ဟေ့ ၊ တော်တော်ကြီးတဲ့ ပစ္စည်း
ပစ်ချ မှ ဖြစ်မယ် ”
“ နှင်းရီ တော့ လက် အန်သေ နေပြီ အဖေကြီး ရေ့ ၊ တိုလီမိုလီ
ရှိသမျှ လည်း ချောပြီ ”
သင်းအောင် အကြံ ထုတ် သည် ။ အိမ်နံရံ စာအုပ်စင် ပေါ် မှ
ကျားကုတ်ကျားခဲ ဝယ်ယူစုဆောင်း ထားခဲ့သော စာအုပ်ထူကြီးများ ကို မျက်စိ ကျ သွား၏ ။
“ ရုံးလက်စွဲ က အသစ် ပြုစု နေပြီ ကြားတယ် ။ ဒီတော့ သူ့ ကို ရောင်းယင် ဖြစ်တယ် ။ ဓလေ့ထုံးတမ်း က လည်း နှစ်အုပ် ရှိနေတာ ဆို တော့ ပုံနှိပ်စော တဲ့ တစ်အုပ် ကို ရောင်းလိုက်လို့ ဘာမှ မထိခိုက်နိုင် ဘူး ။ မူလာ ရဲ့ စီပီစီ ၊ ဒါကတော့ တစ်အုပ် ပဲ ရှိတယ် ။ အို... ပင်စင် ယူ ပြီး မှ လက်တွေ့ လုပ်မှာပဲ ။ အချိန်တွေ အများကြီး လိုပါ သေးတယ် ။ ရောင်း သာ ရောင်း ၊ အဂ္ဂါ ရဲ့ သက်သေခံ ၊ ဒါလေးတော့ အနှမြောသား ၊ အို ... ပိုက်ဆံ ပေါလာတဲ့ တစ်နေ့ ကျ ရင် ပြန် ဝယ် လို့ ရမှာပါ ။ တွန်ဆုတ်တွန့်ဆုတ် လုပ် မနေပါနဲ့ ။ ဘီဘီမစ်ထရာ ရဲ့ စီအာပီစီ ၊ အို ... လက်တွေ က ဘာဖြစ်လို့ တုန်နေရတာလဲ ”
မိမိ ကိုယ် မိမိ အားပေးရင်း စာအုပ်များ ကို စင်ပေါ် မှ ဆွဲထုတ်
နေသည် ။
ဒန်ကလေ ၊ နန္ဒလာ ၊ ဆာကာ ၊ လာဟီရီ ... ။
စုစုပေါင်း စာအုပ် နှစ်ဆယ် တိတိ ထွက် လာ၏ ။ ယင်းတို့ ကို ထုခွဲ လိုက် လျှင် ငွေ ငါးရာခန့် ရပေလိမ့်မည် ။ သို့ ဆိုလျှင် ရင်ဆိုင် နေ ရသော ပြဿနာ သည် ပြေလည် သွားနိုင်၏ ။ စာအုပ်များ ကို တစ်အုပ် ချင်း စိစစ် ကြည့်သည် ။ စာအုပ်တိုင်း ၏ အဖုံး နှင့် ရေခံ တွင် မိမိ ၏ အမည် နှင့် ရာထူး တို့ ပါရှိနေကြောင်း တွေ့ရ၏ ။ အချို့ လက် ရေး ဖြင့် ၊ အချို့ တံဆိပ် ဖြင့် ၊ အဖုံး နှင့် ရေခံတို့ ကို စုတ်ပစ် လျှင် ကောင်းမည် လား ။ သို့မဟုတ် ယင်း အမှတ်အသားများ ကို ကတ် ကြေး ဖြင့် ညှပ်ထုတ် ပစ် လျှင် ကောင်းမည်လား ။
အကြင် စာအုပ် သည် အင်္ဂါချို့တဲ့ လျက် ရှိ၏ ။ ထို စာအုပ် ကား ဈေး အနှိမ် ခံရမည်သာတည်း ။ သင်းအောင် စဉ်းစား နေသည် ။
“ ကဲ ... မျောက်သုံးကောင် လာကြစမ်းဟေ့ ။ မင်းတို့ ကဏ္ဍ ရောက်ပြီ ။ ခဲဖျက် တစ်တုံးစီ ပါ ယူခဲ့ကြ ”
မျောက်သုံးကောင် ရောက် လာသည် ။
“ ကဲ ... ထိုင်ကြ ဖေဖေ ပြမယ် ၊ ဒီ စာအုပ်တွေ မှာ ရှိတဲ့ ဟော ဒီ စာလုံးတွေ ကို ဖျက်ကြစမ်း ”
မျောက်ကြီး အတွက် ကိုးအုပ် ၊ မျောက်လတ် အတွက် ခြောက်အုပ် ၊ မျောက်ငယ် အတွက် ငါးအုပ် ၊ ကိုယ်စီ တာဝန် ခွဲဝေ သတ်မှတ် ပေး လိုက်သည် ။ တက်ကြွစွာ လုပ်ငန်းခွင် ဝင် ကြ၏ ။ အလုပ် ခွဲတမ်း အနည်းဆုံး ရသူ ဖြစ်ပါလျက် မျောက်ငယ် ထံ မှ အသံ တစ်ချက် ထွက်လာသည် ။
“ ကိုကိုကြီး ရေ ... မလွယ်ဘူးကွ ”
“ တံဆိပ်မင် ဆိုတာ ဒီလိုပဲကွ ၊ ခဲဖျက် ကို တံတွေး ဆွတ်လိုက် ”
မျောက်ကြီး က ဩဝါဒ ပေး၏ ။ စာအုပ်ပုံများ အကြား တွင် ညီနောင်သုံးဦး သာ ဈာန်ဝင်လျက် ရှိနေကြ ပြန်သည် ။ အတန်ကြာ သွား၏ ။ မျောက်ငယ် ခေါင်းထောင် လာသည် ။ လက် ထဲ ရှိ စာအုပ် ကို ပိတ်လိုက်၏ ။ ခဲဖျက်တုံး ကို စာအုပ် ပေါ် တင်သည် ။ ခါး ဆန့် သည် ၊ ထို့နောက် ညာလက် ကို နှစ်ချက် မျှ ခါရမ်း လိုက် ရင်း သင်းအောင် ကို ပြော၏ ။
"ဖေဖေ ... ဖေဖေ့ ဘွဲ့တွေ ၊ ရာထူး တွေ သာ အခု ထက် တို ယင် သိပ် ကောင်းမှာပဲ နော် ၊ ဒါမှ သားတို့ တွေ လက်ညောင်း သက်သာ မှာ ”
◾မြတ်သင်း
📖 မိုးဝေ မဂ္ဂဇင်း
၁၉၈၆ ခု ၊ ဒီဇင်ဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment