Friday, February 9, 2024

ကျွန်တော့် ရည်မှန်းချက် တွေးလျက် နဲ့ ပျော်သည် ... ပျော်သည်


 

❝ ကျွန်တော့် ရည်မှန်းချက် တွေးလျက် နဲ့ ပျော်သည် ... ပျော်သည် ❞

အဓိပ္ပာယ် ရှိသော လူသား တစ်ယောက် ၏ အသက် ရှင်သန်မှု တွင် အလုပ် လုပ်ခြင်း သည် အရေးကြီးသော ကဏ္ဍ တစ်ခု ပင် ဖြစ်သည် ။ လူတိုင်း အလုပ် လုပ်ကြသည့် အတွက် လုပ်ငန်း အမျိုးအစား သည် လည်း မရေတွက် နိုင်အောင် များပြားပါသည် ။ ဝင်ငွေ ရသော အလုပ် နှင့် ဝင်ငွေ မရသော အလုပ် ကွာခြား သလို ဂုဏ်သိက္ခာ ရှိသော အလုပ် နှင့် ဂုဏ်သိက္ခာ ကင်းမဲ့သော အလုပ် ဟူ၍ လည်း ကွဲပြား ပြန်သည် ။

သူ လည်း လူ ထဲ က လူ တစ်ယောက် ဖြစ်နေ သောကြောင့် အလုပ် လုပ်ရသည် ။ သူ သည် ဆိုက်ကားဆရာ တစ်ယောက် ဖြစ်သည် ။ ကျောင်းပညာ ကို ဆယ်တန်း အထိ သင်ယူခဲ့ဖူး သော်လည်း သူ သည် ဆိုက်ကား ပဲ နင်း ပါသည် ။ ထို့ကြောင့် ဆိုက်ကား နင်း သည့် အလုပ် မှာ ပညာ နှင့် အသက်မွေးသည့် အလုပ် လား ၊ ခွန်အား နှင့် အသက်မွေးသည့် အလုပ် လား လို့ တောင် မျှ ဇဝေဇဝါ ဖြစ်မိ ပါ သေးသည် ။ သေချာတာ က ပရိယေသန အလုပ်မျိုးစုံ လုပ်ကိုင် နေကြသော လူဦးရေ သန်းပေါင်း များစွာ ထဲ က သူ သည် ဆိုက်ကား နင်း သည့် အလုပ် ကို လုပ် ပါသည် ။

ငယ်စဉ်တောင်ကျေး ကလေး ဘဝ တုန်း က လူကြီး အတော်များများ သည် ကလေး တစ်ယောက် ကို တွေ့ပြီး စကား ပြောပြီ ဆိုလျှင် “ ကြီးလာ ရင် ဘာ လုပ်မှာလဲ ” ဆိုသည့် မေးခွန်း ကို မေးတတ် ကြသည် ။ သူ လည်း ကလေး ဘဝ တုန်း က ထို မေးခွန်းမျိုး ကို အကြိမ် များစွာ ဖြေဆိုခဲ့ဖူးသည် ဖြစ်ရာ “ ကြီး လာ လျှင် ဆိုက်ကား နင်းမယ် ” လို့ တစ်ခါ မှ မဖြေဖူးတာ သေချာပါ သည် ။ သူ့ အထ င် တော့ လက်ရှိ အရေအတွက် များစွာသော ဆိုက်ကားဆရာ တို့ သည် လည်း ငယ်ငယ်တုန်း က ထို မေးခွန်းမျိုး ကို “ ဆိုက်ကား နင်းမယ် ” ဟု တစ်ဦး မှ ဖြေကြလိမ့်မည် မဟုတ်ပါ ။

ဘာမျှ မသိ နားမလည်သေး သည့် စကား ပြော တတ်စ အရွယ် မှာ ပင် ဆိုက်ကား နင်းသည့် အလုပ် ကို မလုပ်ချင်တာ လား ၊ သိတတ်သည့် ကျောင်းသား အရွယ် မှာ ရော လုပ်ချင်သေးလား ပြန် တွေးတော ကြည့် တော့ ကျွန်တော့် ရည်မှန်းချက် လို့ ခေါင်းစဉ် ပေးထား သည့် စာစီစာကုံးမျိုး ရေးရသည့် အခါတိုင်း တွင် လည်း ဆိုက်ကားနင်းမယ် ဟု ယောင် လို့ တောင် မရေးခဲ့ ဖူးတာ သေချာပါသည် ။

ဘာကြောင့်လဲ ဆိုတာ ခုနေ တွေး ကြည့် တော့ လည်း အဖြေ မပေါ်ပါ ။ ဆိုက်ကားဆရာ သည် ဝင်ငွေ မကောင်းသော ကြောင့် လား ။ မထင်ပါ နှင့် ဆိုက်ကား ဆရာ တစ်ယောက် ၏ တစ်လ ဝင်ငွေ သည် အရာရှိ တစ်ဦး ၏ ပုံမှန် လစာ ထက် ပို များပါသည် ။ ပင်ပန်းလို့ လား ... ၊ မထင်ပါ နှင့် အရိပ် အောက် မှာ နေပြီး ပင်ပန်း ဆင်းရဲသူများ ကို သူ တွေ့ဖူးပေါင်း များပြီ ။ မည်သည့် အလုပ်ရှင် ၏ သြဇာ လွှမ်းမိုးမှု ကို မခံရဘဲ လွတ်လပ် သည့် လုပ်ငန်း တစ်ခု ဖြစ်တာနှင့် ပင် ဆိုက်ကားဆရာ ၏ ဘဝ သည် ကျေနပ်စရာ ပဲ မဟုတ်လား .. ။

ဒါဖြင့် ဂုဏ်သိက္ခာ .. ၊ သူ့ အလုပ် သည် ဂုဏ် သိက္ခာ ကင်းမဲ့သည့် အလုပ် လို့ တစ်ခါ မှ မထင်မိပါ ။ သူ့ လုပ်ငန်း သည် သူ တစ်ပါး အပေါ် ကောက်ကျစ် စဉ်းလဲ သည့် အလုပ် ၊ ကံ ငါးပါး ချိုးဖောက်စရာ လို သည့် အလုပ်မျိုး မဟုတ်တာ လည်း သေချာပါသည် ။ သူ ကျောင်းသားဘဝ တုန်း က တချို့သော ဆရာ ၊ ဆရာမတွေ ဆီ မှ “ မင်းတို့ စာ မကြိုးစားရင် ဆိုက်ကားသမား ဖြစ် လိမ့်မယ် ” ဟူသော ဆုံးမစကား မျိုး ကြားရ တတ်သည် ။ ဒါဖြင့် စာ ကြိုးစားရင် ဆိုက်ကားသမား မဖြစ်ဘူး လို့ ပြောတာ နဲ့ အတူတူ ပေါ့ ။ အခု အချိန် မှာ ပညာတတ် ဆိုက်ကားသမားတွေ ကို ပြ ပြီး ‘ ဆရာမ မှားသွားပြီ ’ ဟု ပြောလိုက်ရမည် လား ။

ဒါနဲ့ နေပါဦး.. ၊ သူ ငယ်ငယ်တုန်း က ကြီး လာ ရင် ဘာ လုပ်မယ်လို့ ပြောခဲ့ဖူးသလား ။ “ ဆရာဝန် ” ဟုတ်ပါသည် ။ အကြိမ် အတော်တော်များ မှာ တော့ ဆရာဝန်ကြီး လုပ်မယ် လို့ သူ ပြောဖူးသည် ။ ဘာကြောင့် ဒီလို ဖြေရတာလဲ ဆိုတာတော့ သူ မသိတော့ပါ ။ လူကြီးတွေ သင် ထားလို့များ လား .. ။ ဒါမှမဟုတ် ဘာ ကောင်းကွက်တွေ ကြောင့် ဖြစ်ချင်ခဲ့တာလဲ ။ သိပ် မမှတ်မိ ပေမယ့် သူ မှတ်မိတဲ့ အဖြစ်အပျက်ကလေး တစ်ခု တော့ ရှိသည် ။

သူတို့ ဆယ်တန်း ဖြေသည့် နေ့ က ဖြစ်သည် ။ ပထမဆုံး ဖြေဆိုရမည့် နေ့ လည်း ဖြစ်သည် ။ သူငယ်ချင်း လေးငါးယောက် တက်ကြွ နေတဲ့ ပုံစံ ကို အခုချိန် မြင်ယောင် ကြည့်လို့ ရသေးသည် ။ သူတို့ အုပ်စု သည် စက်ဘီး ကို ကိုယ်တိုင် နင်း ပြီး စာစစ်ဌာန ရှိသည့် အထက ( ၆ ) ကျောင်းဝင်း ထဲ ကို ဝင် တော့ သီချင်း တစ်ပုဒ် ကို ပြိုင်တူ အော် ဆို လိုက်ကြတာ သူ မမေ့သေးပါ ။ အဲဒီ အချိန်တုန်း က အင်မတန် နာမည်ကြီးသည့် အဆိုတော် သန်းထွန်းလေး ၏ ‘ ကျွန်တော့် ရည်မှန်းချက် ’ သီချင်း ဖြစ်သည် ။ “ ဆရာဝန် ဖြစ်ဖို့ ကျွန်တော် ကြိုးစားမည် ” ဆိုတဲ့ အပိုဒ် ကို သံပြိုင် အော် ဆိုပြီး ကျောင်းဝင်း ထဲ ဝင် သွားကြ သည့် မြင်ကွင်း က အနှေး ပြကွက် တစ်ခု လို ... ။ စာမေးပွဲ လည်း ဖြေ ပြီး လို့ အတန်း ထဲ က ထွက် လာပြီး ကျောင်းတံခါးဝ ရောက် တော့ သူတို့ အားလုံး မတိုင်ပင်ဘဲ သီချင်း သံပြိုင် ဆို မိတာက ‘ ဆရာဝန် ဖြစ် ဖို့ ကျွန်တော် ဝေးသွားပြီ ’ တဲ့ ။

  •••••   •••••   •••••

ဆိုက်ကားဂိတ် တွင် ခရီးသည် စောင့်ရင်း အတိတ် ကို ပြန် တွေး နေသော သူ သည် အသံ တစ်သံ ကြောင့် အတွေးစ ပြတ် သွားသည် ။

“ ဦးလေး ဆိုက်ကား အား လား ”

ရုံးဝတ်စုံ ဝတ်ထားသော သူ့ သမီး အရွယ် ကလေးမလေး တစ်ယောက် ဆိုက်ကား လာ ခေါ် ခြင်း ဖြစ်သည် ။

“ ရုံး သွားချင်လို့ ဦးလေး ”

“ အေး ထက် သမီး တက် တက် ”

ဆိုက်ကား ဆိုဖာ နှစ်ခု ကို နေရာချ ပေးရင်း သူ ပြန် ဖြေ လိုက်သည် ။ ကလေးမလေး က ခေတ် ၏ သမီးပျို ပီသစွာ ပဲ ကိုယ် အလေးချိန် နည်းပါး ပါသည် ။ သူ ဖတ် နေကျ ဝတ္ထု ထဲ က  ကိုယ့် ဆရာ အကြိုက် ဆိုသည့် စကားလုံး ကို တောင် ဖျတ်ခနဲ ခေါင်း ထဲ ဝင် လာ လိုက်သေး သည် ။ ဒီမှာ တော့ ဆိုက်ကားဆရာ အကြိုက် ဟု ဆို လျှင် ပို မှန်သည် ။ တစ်ယောက် တ ည်း စီးသူ လည်း ဖြစ်တာ မို့ ပေါ့ပေါ့ပါးပါးပဲ နင်း ထွက် ခဲ့သည် ။

“ စိတ်ညစ်ပါတယ် ဦးလေး ရယ် ... ။ ရုံး လာ ခါနီး ကျ မှ ပဲ အိမ် က မောင်လေး ရယ် စက်ဘီး ယူ သွား တာ အချိန်မီ ပြန် မလာဘူးလေ ။ ရုံးသွားချိန် အမီ ရောက် အောင် ပြန်ခဲ့လို့ သေသေချာချာ မှာလိုက်ရဲ့သား နဲ့ ... ။ လမ်းလျှောက် သွား ရင်တော့ ဖြစ်တာပေါ့ ။ ဒါပေမဲ့ အချိန် က မရတော့ဘူးလေ သိတယ် မဟုတ် လား ။ ရုံး ရောက် လို့ နောက်ကျ နေရင် လက်မှတ် ထိုး ရ သေးတာ .. ။ အဲဒါကြောင့် ဆိုက်ကား စီး ရတာပေါ့ ။ ဒီလို ချည်း အမြဲတမ်း ဆို ဘယ် လွယ်မလဲ ဦးလေး ရဲ့ ။ မနက် သုံးရာ ညနေ သုံးရာ နဲ့ လ လည်း ကုန်ရော ဆိုက်ကားခ နဲ့ တင် သမီး လစာ ပြုတ် မှာပေါ့ ”

ကလေးမလေး စကား ကြောင့် သူ ရယ် လိုက် မိ သေးသည် ။ ဒါ အမှန်တရား တစ်ခု မဟုတ်လား .. ။ အတွက်အချက် ကောင်းသည့် မိန်းကလေး အဖြစ် သူ သဘောကျ မိပါသည် ။ လခစား ဝန်ထမ်း ဘဝတွေ ကို ဆက်စပ်ပြီး တွေး လိုက် ပြန်တော့ လည်း သူ စိတ် မသက်သာ ပြန် ။ ရုံး ရှေ့ မှာ ရပ် လိုက်တော့ ပိုက်ဆံအိတ်အပြားလေး ထဲ က နှစ်ရာတန် တစ်ရွက် နဲ့ ရာတန်လေး တစ်ရွက် ကို ထုတ်ပေးရင်း ‘ ကျေးဇူး တင်ပါတယ် ’ လို့ ပြော သွားသည် ။ ဒီနေရာ မှာ ဘာကြောင့် ကျေးဇူး တင်ရမှာ လဲ တို့ ၊ ဘာတို့ မစဉ်းစားပါ နှင့် ။ အခု ခေတ် မှာ ကျေးဇူးတင် စကား ဆိုတာ ကြားရဖို့ သိပ် ခက်ခဲတဲ့ စကား မဟုတ်တော့ပါ ။ သူ့ လို ဆိုက်ကားသမား တစ်ယောက် က တောင် တစ်နေ့ အနည်းဆုံး လေးငါးခါ တော့ အလိုလို ကျေးဇူးတင် ခံရသည် ။ ညနေ ဘက် တီဗီတွေ ဘာတွေ ဖွင့် ကြည့်ဦးမလား ကျေးဇူး အတင် ခံရလိမ့်ဦးမည် ။

အပြန် လမ်း မှာ တော့ ခရီးသည် ရလို ရငြား တွေးပြီး ဈေးဘက် ကို လှည့် နင်း လိုက်သည် ။ သူ တွေး တာ တကယ် မှန်သည် ။ ဈေး မှာ မိန်း မတစ်ယောက် ဆိုက်ကား လှမ်း ငှားသည် ။ အသွားအပြန် ဆိုတော့ သူ့ အတွက် ခိုင် သွားပြီ ။

“ ဒီမှာ ခဏစောင့်နော် ကျွန်မ ပစ္စည်းတွေ သွားသယ်မလို့ ”

ပြောပြီး ဈေး ထဲ ပြန် ဝင် သွားသည် ။ ခုန ကလေးမ ရဲ့ သုံးကိုယ်စာ လောက် ရှိတာမို့ သူ နည်းနည်း တော့ ညစ် သွားသည် ။ ကိစ္စ တော့ မရှိ ၊ တစ်ယောက် တည်း စီး မှာ ဆိုတော့ ဘယ်လောက်များ လေးမှာမို့ လဲ .. ။ သူ က လည်း သန်တုန်း မြန်တုန်း ။

“ နည်းနည်း ကူပေးပါဦး ”

ဟင်းသီးဟင်းရွက်တောင်း က နှစ်တောင်း ဆို တော့ ရှေ့ မှာ တစ်တောင်း ၊ နောက် မှာ တစ်တောင်း တင် လိုက်သည် ။ ခြေနင်းခုံ မှာ က အထုပ် တစ်ထုပ် တင်ပြီး သွားတော့ လူ ထိုင်စရာ မကျန်တော့ ။ ဒီ မိန်းမ ဘာ ဆက် လုပ်မလဲ ကြည့် နေတုန်း အလယ်ကျောမှီ နေရာ ကို စွေ့ခနဲ တက် ထိုင် လိုက်တာ တွေ့ ရသည် ။ သူ ထိုင်ပုံ က နင်းသူ ကို ကျော ခိုင်းပြီး စပယ်ယာဘီး ဘက် ကို ခြေတွဲ လောင်း ချ ပြီး ထိုင် နေခြင်း ဖြစ်သည် ။ စီး နေကျမို့ ဒီ ပုံစံ နဲ့ အသားကျ နေပုံ လည်း ရသည် ။ သူ တစ်ချက် ပြုံး လိုက်ပြီး ဆိုက်ကား ကို နင်း ထွက် လိုက်သည် ။ ဘုရား ဘုရား အမေ့သား တော့ လူပေါင်း မှားပြီ ထင်ပါရဲ့ ... ။

“ ဈေး ရောင်းရတာ လည်း မကိုက်ပါဘူး ရှင် ။ လုပ်လက်စ မို့သာ ဆက် လုပ်နေရတာ ။ ရောင်းတာ က ကုန်စိမ်း ဆိုတော့ တစ်ရက် လောက် ကျန် သွားရင် လွှင့် ပစ် ရရော .. ။ အဲဒီတော့ အရင်း ထဲ က ပါ သွား ပြန်ရော ။ အရင်း မရှိလို့ ဆိုပြီး ဆက် မရောင်း လို့ မှ မဖြစ်တာလေ ... ဘာ လုပ်ရမလဲ ၊ နေ့သွင်း ပေးတဲ့ မိန်းမ ဆီ အောက်ကျ ခံရပြန်တာပေါ့ ”

ဆိုက်ကား ပေါ် ထိုင် လိုက် လာ တာ ကို ဇိမ်ခံ ကား ပေါ် မှာ ထိုင် နေရတယ် လို့ ထင်လား မသိ ။ စကား တောင် အေးအေးဆေးဆေး ပြော နေ လိုက်သေးသည် ။

“ ကျွန်မ လည်း တစ်ခါ တစ်ခါ တော့ တွေးမိ တယ် သိလား ။ ငွေတိုးပေးစား တဲ့ သူတွေ ဟာ ဘာကြောင့် ဒီလောက် တောင် မောက်မာ ရတာလဲလို့ လေ ။ ကျွန်မတို့ ဆိုရင် ကိုယ့် ဆီ ဈေးလာ ဝယ်တဲ့ သူတွေ ဆို ချို နေအောင် ပြောရတာ ... ကိုယ့် ထမင်းရှင်တွေ မဟုတ်လား ... ။ သူတို့ လည်း ဒီလိုပဲ ပေါ့ .. ၊ ကျွန်မတို့ နဲ့ ဘာ ကွာလို့လဲ .. ၊ ကျွန်မတို့ က ပစ္စည်း ရောင်းတာ ၊ သူတို့ က ပိုက်ဆံ ရောင်းတာ ၊ အလကား ပေးနေတာ မှ မဟုတ်ဘဲ ... ။ ဘာ မောက်မာစရာရှိလဲ ။ ရောင်းတာ ချင်း အတူတူပါပဲ တော် .. ။ ကျွန်မတို့ လို လူမျိုးတွေ မရှိရင် သူတို့ ဘယ်လို အလုပ် ဖြစ်မလဲ ဒါတောင်မှ .. ။ အေးလေ ကိုယ် က လည်း မကင်းနိုင် ။ ဒီလိုပဲ အောက်ကျ ခံရမှာပေါ့ ... ။ အဲအဲ ရောက်ပြီ ပစ္စည်းတွေ အောက် ချ ပေးပါဦး ကျေးဇူးရှင်ရယ် ... ”

ပြော လည်း ပြော အောက် ကို လည်း ခုန်ချ လိုက်သည် ။

“ ဘယ်လောက် ကျသလဲ ”

“ ရှစ်ရာ ပါ အစ်မ ”

“ ကဲကဲ ရှစ်ရာ လုပ် မနေနဲ့ တစ်ထောင် သာ ယူသွား ၊ တခြားသူ နဲ့ ဆို နှစ်စီး ခွဲ တင်ရမှာ ၊ နင်း ရတာ လည်း သက်သာတာ မဟုတ်ဘူး ။ ကျွန်မ ကိုယ်ချင်း စာ တတ်ပါတယ် ရှင် ။ ရှင် လည်း ဆင်းရဲတယ် ၊ ကျွန်မ လည်း ဆင်းရဲတယ် ဘဝ သမားတွေ မဟုတ်လား ။ ဒီနေ့ ကျ မှ ကျွန် မစီးနေကျ အကောင် က လာ မကြိုဘူး လေ ... ”

ကြာကြာ ဆက် နေရင် စကား ပြတ် မှာ မဟုတ်တာ နဲ့ ထွက်လာ ခဲ့သည် ။ ဒါတောင် နောက် မှာ ပွစိ ပွစိ နဲ့ တစ်ယောက် တည်း ပြော နေသေးသည် ။ ဒီ မနက် တော့ တွက်ချေ ကိုက် ပြီမို့ ထမင်းစား ပြန်တော့မည် ။ နေ့ခင်းဘက် တွေ ဆို နေပူလွန်း လို့ အိမ် မှာ ပဲ နေတာ များသည် ။ ညနေစောင်းတော့ မှ ညဆိုင်း ပေါ့ ။ အဲ ... ညနေ ဆို လို့ ညနေ ကျ ရင် လမ်း ထဲ က အသိ အိမ် တစ်အိမ် က ဧည့်သည် ဆေးခန်း ပြဖို့ ချိန်း ထားတာ ရှိသည် ။ စိတ် ပူစရာ မလိုတော့ ညနေ ဘက် အတွက် က အော်ဒါ ရှိပြီးသား ။

•••••   •••••   •••••

ကလင် ကလင် .....

စက်ဘီးဘဲလ်သံ ကြား လိုက် လို့ သူငယ်ချင်း ရဲ့ သားလေး က အထဲ ကို အော် ပြော လိုက်သည် ။

“ အန်တီ ရေ ဆိုက်ကား ရောက်ပြီ ”

“ အေး အေး လာပြီဟေ့ ”

အသံ နဲ့ အတူ ပဲ ခပ်ပိန်ပိန် အမျိုးသား တစ်ဦး ကို ဇနီးသည် ဖြစ်ဟန် တူသော အမျိုးသမီး က တွဲကာ အိမ်ရှေ့ ကို ထွက် လာသည် ။ သူ လည်း အကျင့်ပါ နေသည့် အတိုင်း ကိုယ်တိုင် တွဲ ခေါ် လာကာ ခပ်မှန်မှန် လေး နင်းထွက် လာခဲ့ ပါသည် ။

ဧည့်သည်များ ပြသ ချင်သည့် အထူးကုဆေးခန်း မှာ အိမ် နှင့် သိပ် မဝေးလှပါ ။ အိမ် က အထွက် မှာ သူငယ်ချင်း ဖြစ်သူ က “ မင်း အစအဆုံး ကူညီလိုက်ပါ ကွာ ” လို့ မှာ လိုက် သေးသည် ။ ဒီလိုမျိုး မမှာ လည်း သူ က ကူညီမှာ ပဲ ဖြစ်ပါသည် ။

အမျိုးသမီး ဖြစ်သူ ၏ ဝတ်စားဆင်ယင်မှု က နယ် က တက်လာသည့် သူဌေးမှန်း အရမ်း ကို သိသာပါသည် ။ လက် နှစ်ဖက် က ရွှေလက်ကောက်တွေ က တချွင်ချွင် မြည် နေသည် ။ လည်ပင်း က ဆွဲကြိုးကြီး က လည်း နွား ချည်တဲ့ ကြိုး နဲ့ မှားပြီး ဆွဲ လာ သလားလို့ တောင် ထင်ရသည် ။ မျက်နှာ မှာ လည်း မိတ်ကပ် က အဖွေးသား ပေမယ့် လည်ပင်း နဲ့ လက် မှာ ကတော့ မူလ အသားအရောင် အတိုင်း ဆိုတော့ ငွေကြေး အတွက် မခက်ခဲပေမယ့် အခြား အခက်အခဲ များစွာ တွေ့ နိုင်ပါသည် ။

ဆေးခန်း ရှေ့ ကို ရောက်တော့ လူနာ ကို သူ ပဲ တွဲ ပါသည် ။ အဝင်အဝ မှာ လူနာမှတ်တမ်း စာအုပ် စ လုပ်ရသည် ။ ပိုက်ဆံ စ ပေး ရပြီး နောက်တော့ သမားတော်ကြီး နဲ့ ၁ဝ မိနစ် လောက် ဝင် တွေ့ပြီး စမ်းသပ် ခံရ ပါသည် ။ စစ်ဆေးစရာ ရှိတာ စစ်ဆေး ၊ ရိုက်စရာ ရှိ တာရိုက် တစ်နေရာတည်း မှာ ပဲ ဆိုတော့ အဆင်ပြေ ပါသည် ။ အချိန် က တော့ ည ၈ နာရီ လောက် ဖြစ်သွားသည် ။ အဲဒီ ဆေးခန်း ကို သူ လည်း ခုမှ ထဲထဲဝင်ဝင် ရောက် ဖူးသည် ။

သူ့ လူ မှာ အမျိုးသား ဖြစ်တာ မို့ ဆီးတို့ သွေးတို့ ယူသည့် အခါ သူပဲ တောက်လျှောက် လိုက် ရသည် ။ သူ့ အမျိုးသမီး က ပိုက်ဆံ လိုက် ရှင်းရုံ သာ ။ တစ်နေရာ ပြီး တစ်နေရာ ဝင်လိုက် ထွက်လိုက် ၊ အလုပ် က တော့ မနည်း ရှုပ် ပါသည် ။ ပေးရသည့် ပိုက်ဆံ က လည်း သူတို့ လို လူမျိုး သာ ဆို ခက်ရချည် ရဲ့လို့ လည်း ကပျာကယာ တွေးမိလိုက် သေးသည် ။ အကြွေ မရှိသည့် ပြဿနာ က လည်း ခဏခဏ ကြုံရ သေးသည် ။ ဒါပေမယ့် ဒီ ပြဿနာ က လည်း တစ်ဖက် ဖက် က လျှော့ ပေးလိုက် လျှင် ဖြစ်ပါသည် ။

ဘယ်သူ က လျှော့မည် ထင်ပါသလဲ ။ သူ့ ဧည့်သည် အမျိုးသမီး က ပဲ ပြုံးရွှင် ချိုသာသော အသံဖြင့် “ အကြွေ နှစ်ရာ မရှိရင် မအမ်းနဲ့ တော့ သမီး ” သူ က တော့ နှမြော ပါသည် ။ နှစ်ရာ ဆိုတာ လည်း ပိုက်ဆံ ပဲ မဟုတ် လား ။ ဒါပေမဲ့ သူ ဘာမှ ဝင် မပြောဖြစ်ခဲ့ပါ ။ သူ့ ဧည့် သည် တင် မဟုတ်ဘဲ တခြား လူနာရှင်တွေ အားလုံး ဟာ လည်း နေရာပေါင်းစုံ က တောင်း သည့် ပိုက်ဆံတွေ ကို ဆစ်ခြင်း ပြုခြင်း မရှိဘဲ ဟောခနဲ ဟောခနဲ ပေးလိုက် ကြတာချည်း သာ ဖြစ်သည် ။ ခု ဆိုလျှင် သူ့ ဧည့်သည် တစ်ညနေ ထဲ မှာ ပင် တစ်သိန်း ကျော် ခန့် ကုန်သွား လောက်ပြီ ဟု သူ ခန့်မှန်း မိသည် ။ ဒါပေမဲ့ သူ့ ဧည့်သည် လူနာရှင် အမျိုးသမီး မှာ နှမြောသည့် အမူအရာ မျိုး လုံးဝ မတွေ့ ရဘဲ သူ့ ယောက်ျား ၏ ဝေဒနာ ပျောက် ကင်းမည့် အတွက် အားရဝမ်းသာ ဖြစ်နေပုံ ပဲ ရပါသည် ။ အိတ် ထဲ က ပိုက်ဆံ တစ်ခါ ထုတ်ရတိုင်း လည်း အော်ရာမင်း F အားဆေး ကြော်ငြာ ထဲ က မင်းသမီး လို မျိုး အိတ် ထဲ ရှိသမျှ ပိုက်ဆံ အားလုံး ကို အရင် ထုတ် လိုက် ပြီးမှ လိုသလောက် ယူပြီး ပြန် ထည့် တာ တွေ့ ရသည် ။

ကိစ္စဝိစ္စ အားလုံး ပြီး သွားတော့ သူတို့ အိမ် ပြန် ကြသည် ။ ဆိုက်ကား ပေါ် ရောက် တော့ လူနာ အစ်ကိုကြီး က “ ခုလို အစအဆုံး ကူညီတာ ကျေးဇူးတင်ပါတယ် ကွာ ” လို့ မပွင့်တပွင့်လေး ပြောသည် ။ သူ့ ဇနီးသည် ကလည်း “ ဟုတ်ပါတယ် ကွယ် ၊ တို့တွေ သူတော် ကောင်းနဲ့ တွေ့တာ ” လို့ သကာ ဆင့် လိုက်ပါသည် ။ ဒီနေ့ အဖို့ သူ အတင် ခံရသည့် နောက်ဆုံး ကျေးဇူးတင် စကား ဖြစ်လိမ့်မည် ။ ဒါပြီးရင် သူ အိမ် ပြန်တော့မည်လေ ။

တည်း သည့် အိမ် ရောက်တော့ လည်း အိမ်ခန်း ထဲ သူ ပဲ တွဲ ပို့ပေးပါသည် ။ အချိန် မနည်း လင့် နေတာ သူ သိပါသည် ။ သူ့ ဘက် က ဒီလောက်လေး နဲ့ ပြောစရာ မဖြစ်ချင်တော့ ကူးတို့ အထိ ပို့လိုက်တာ ပဲ ဖြစ်သည် ။

“ ကျေးဇူးပဲ မောင်လေး ရေ ၊ ဆိုက်ကားခ ဘယ်လောက် ပေးရမလဲ .... ”

ခုန က ကျေးဇူး နောက်ဆုံး မဟုတ်သေးပါလား ။

“ အသွားအပြန် ရှစ်ရာ ပါ အစ်မ ”

“ ဘာ ... များလှချည်လား ကွယ် ၊ ဒီနား ဟိုနား ကို ”

သူ လည်း ပုထုဇဉ် လူသား ပီပီ ဖျင်းခနဲ ဖြစ်သွားသည် ။ အသက် ကို ဝအောင် ရှူသွင်း ပြီး မှ ..

“ မများပါဘူး အစ်မရယ် ဒါ ပုံမှန်ပါ ပဲ ”

“ ဘယ်မှာ ပုံမှန် ဟုတ်လို့လဲ ၊ ငါတို့ ကို တော က တက် လာတာ ဆိုပြီး အချဉ် ဖမ်းတာ တော့ မလုပ်နဲ့ နော် ။ မနက်တုန်း က အဲဒီ ဆေးခန်း ကို ပဲ တိုကင် ယူ ရအောင် သွားတာ အသွားအပြန် မှ ခြောက်ရာ ပဲ ယူတယ် ။ ဟေ့ အောင်ခင် ရေ နင် ငှား ပေးတဲ့ နင့် သူငယ်ချင်း ဆိုက်ကား က ဘယ်လိုလဲ အချင်းချင်း တွေ ဆို .. ”

ပြဿနာ တော့ စပြီ ထင်ပါရဲ့ ၊ အိပ်ပျော် နေတဲ့ အိမ်ရှင် က ဘုမသိ ဘမသိ ထပြီး ‘ ဘာဖြစ်တာလဲ ’ ဆိုပြီး ထွက် လာသည် ။

“ ကဲကဲ ပြော မနေနဲ့တော့ တစ်ထောင်တန် ပဲ ရှိတယ် ၊ နှစ်ရာ ပြန် အမ်း .... ”

သူ့ အိတ် ထဲ မှာ နှစ်ရာတန် က မရှိ ပြန် ။ သူ အားလုံး ထားခဲ့ပြီး ပြန် လာဖို့ စိတ်ကူး လိုက်ပေမယ့် ရှစ်ရာ ဆိုတာ က လည်း သူတို့ မိသားစု အတွက် က မနည်း သုံးရ တာ မို့ အကြွေ ဖျက် ဖို့ ကွမ်းယာဆိုင် လိုက် ရှာတော့ သည် ။ မနည်း မှောင် နေပြီ ဆိုတော့ အနား က ဆိုင်တွေ က အကုန် ပိတ် ကုန်ပြီ ။ ဟို ခပ်လှမ်းလှမ်း က မီးရောင် လက်လက် မြင် နေရသော ဆိုင်ကလေး တွေ့ တာ နဲ့ သူ သွားဖို့ ဆိုက်ကား နင်း ထွက် လာတော့ .....

“ ဆိုက်ကား ထားခဲ့လေ ၊ လမ်းလျှောက် ပြီး သွား ဖျက်ပါလား ။ နင်တို့ မြို့ က ဆိုက်ကားတွေ ရဲ့ အထာ ကို သိပြီး သား ၊ အကြွေ မရှိ သလို လုပ်ပြီး ပြန် တော့ မှာ မဟုတ်လား... ”

သူ ဘယ်လို မှ ဆက် သည်း မခံ နိုင်တော့တာ မို့ လက် ထဲ မှာ ကိုင် ထားတဲ့ တစ်ထောင်တန် နဲ့ အမျိုးသမီး ရဲ့ မျက်နှာ ကို ပစ်ပေါက် လိုက်ပြီး သူ ပြန်လာ ခဲ့ သည် ။ ဒေါသ ကြောင့် သူ့သွေး တို့ က ဆူပွက် နေသည် ။ နှလုံးခုန်သံ ကို အတိုင်းသား ကြား ရသည် ။ လူ တွေ ဘာ့ကြောင့် ဆရာဝန် ဖြစ်ချင် ပြီး ဆိုက်ကားသမား မဖြစ်ချင်တာလဲ ဆိုတာ သိခွင့် ရရုံလေး အတွက် ဒီ လောက် ထိ ခံစားရတာ တော့ မထိုက်တန်ဘူး လို့ ထင်ပါသည် ။

◾ငွေကြယ်စင်

📖 ရနံ့သစ် မဂ္ဂဇင်း
     ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment